အပိုင်း ၁၃၇
Viewers 29k

Chapter 137





လျန်ကျင်းနှင့်စကားပြောပြီးနောက် ချီရှင်းချန် မပြန်ခင် ထောင်ရွှမ်ထံသွားလည်ရန် ဆုံးဖြတ်လိုက်သည်။


စင်္ကြန်တွင် သွားလာနေကြသည့် လူနာများ၏မိသားစုဝင်များပိုပိုများလာသည်နှင့်အမျှ သူ့ကိုမှတ်မိသွားကြမည်ကိုစိုးသောကြောင့် ချီရှင်းချန် ဆွယ်တာကိုအပေါ်သို့ဆွဲတင်ကာ ကော်လာဖြင့်သူ၏မျက်နှာတစ်ဝက်ခန့်ကို ဖုံးအုပ်လိုက်သည်။ ခေါင်းပေါ်မှာသိုးမွှေးဦးထုပ်ကိုပါ ထပ်ပေါင်းထည့်လိုက်ချိန်တွင် သူ၏နက်ရှိုင်းသောမျက်လုံးတစ်စုံကိုသာ မြင်နိုင်ကြပေလိမ့်မည်။


အခန်းထဲသို့ရောက်ချိန်၌ ဆရာဝန်လှည့်သည့်အချိန်မဟုတ်သေး‌သောကြောင့် ထောင်ရွှမ်းမှာ သူနာပြု၏အကူအညီဖြင့် မနက်စာစားနေပြီး ချီရှင်းချန်ကို မြင်လိုက်ရချိန်တွင် ပျော်ရွှင်စွာ အော်ခေါ်လာခဲ့သည်


 " ရှင်းရှင်းကော…"


" ဟင်…" ချီရှင်းချန် အင်္ကျီကော်လာကိုဆွဲချကာ မေးလိုက်သည် " ငါဒီလိုဖုံးထားတာတောင် မင်းမှတ်မိနိုင်သေးတယ်လား…"


" အစ်ကို့ရဲ့မျက်လုံးတွေက တခြားသူတွေနဲ့မတူလို့လေ… သူတို့ကပိုနက်ပြီး ပိုတောက်ပတယ်…" ထောင်ရွှမ်းမှာ ပင်ပန်း‌လာသောကြောင့် ဖြစ်နိုင်ပေမည် စားပွဲပေါ်သို့ တံတောင်ဆစ်ကိုထောက်ကာ လက်ပေါ်တွင်မေးတင်ထားလိုက်ပြီး ပြောလာသည် " ပြီးတော့ အစ်ကိုနဲ့ကျားကျစ်ကလွဲရင် ကျွန်တော့်စီဘယ်သူလာလည်လို့လဲ…"


ထိုစကားကို ကြားရချိန်တိုင်း ချီရှင်းချန် အလွန်သက်တောင့်သက်သာမဖြစ်မှုကို ခံစားလိုက်ရသည်။ အရွယ်ငယ်ငယ်လေးမှာပင် ထောင်ရွှမ်မှာ မိဘနှစ်ပါးကိုဆုံးရှုံးရခြင်း၊ အပြင်းအထန်နာမကျန်းဖြစ်ခြင်း၊ ခွဲခြားဆက်ဆံခံရခြင်းနှင့် ကျောင်းနားရခြင်းတို့ကို ကြုံတွေ့ခဲ့ရကာ ထောင်ကျနေသကဲ့သို့ ဆေးရုံထဲတွင်သာ အချိန်ပြည့်နေရန်လိုပြီး သူ၏လက်များမှာ အပ်များဖြင့်မကြာခဏဆိုသလို ထိုးဖောက်ခံရသည်။


ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုလျှင် ထောင်ရွှမ်မှာ ယခုအချိန်ထိ အခြားသောကလေးများထက် ပို၍ပင်ရဲရင့်သူဖြစ်သည်။


ချီရှင်းချန် လက်ကိုဆန့်ကာ ထောင်ရွှမ်၏ခေါင်းကိုပွတ်ရင်း ပြောလိုက်သည် " ငါတို့နဲ့တင်လုံလောက်နေပါပြီလေ… ကျားကျစ်က ဒီလောက်နားညီးတာကို မင်းနောက်တစ်ယောက်ထပ်တိုးလာရင် ကိုင်တွယ်နိုင်ပါ့မလား…"


ထောင်ရွှမ်၏မျက်နှာပေါ်တွင် အမည်မဖော်ပြနိုင်သည့်အမူအယာတစ်ခု ချက်ချင်းပေါ်လာကာ သူ့ပုံစံမှာ အတော်အတန်နာကျင်သွားပုံပင်။ ထောင်ရွှမ် ပြန်ပြောတော့မည့်အချိန်တွင်….


သူ၏အကြည့်မှာ သွယ်လျသောပုံရိပ်တစ်ခုပေါ်သို့ ကျရောက်သွားရသည်။


ပါးစပ်မှထွက်လာခါနီးစကားလုံးများကို ဗိုက်ထဲသို့ ပြန်မျိုချလိုက်ကာ ထောင်ရွှမ်း လက်များကိုပြန်ချ၍ မတ်မတ်ထိုင်လိုက်သည် " ကျဲ…"


ကျဲ…


ထောင်ထောင် ဒီကိုရောက်နေတာလား…


ချီရှင်းချန်၏နောက်ကျောမှာ မသိစိတ်မှတောင့်တင်းသွားရသော်လည်း အချိန်တစ်ခုသာ ကြာလိုက်သည်။ ထို့နောက် သူ၏ပုံမှန်တည်ငြိမ်သောအခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။


အတိအကျပင် ထောင်ထောင်မှာ ရိုးရှင်းသောကုတ်အင်္ကျီနှင့်ဘောင်းဘီကို ဝတ်ဆင်ထားပြီး တံခါးဝတွင် မိတ်ကပ်မပါသည့်မျက်နှာနှင့် ရပ်နေခဲ့သည်။


" ထောင်ထောင်ကျဲ…" ချီရှင်းချန် အံ့ဩသွားဟန်ဆောင်ကာ ပြောလိုက်သည် " အစ်မရောက်နေတာပဲ မတွေ့တာကြာပြီနော်…"


ထောင်ထောင်၏မျက်လုံးများမှာလည်း အလွန်အံ့ဩသွားရသကဲ့သို့ အနည်းငယ်ပြူးကျယ်လာပြီး ပြောလာသည် 


" ရှင်းရှင်း မတွေ့တာကြာပြီနော်…အခုရက်ပိုင်း မင်းJမြို့မှာ ရိုက်ကူးရေးရှိတယ်လို့ ပရော်ဖက်ဆာလျန်စီက ကြားထားတာ… အချိန်ရရင် မင်းစီလာလည်ဖို့တောင် ပြင်ဆင်နေသေးတယ်…"


လျန်ကျင်းအကြောင်းပြောနေချိန်တွင် ထောင်ထောင်၏အသံမှာ သာမန်လူနာရှင်နှင့်ဆရာဝန်ဆက်ဆံရေး သို့မဟုတ် သူငယ်ချင်းများကဲ့သို့ အတော်လေးပုံမှန်ဖြစ်နေခဲ့သည်။ ချီရှင်းချန် သူမထိုမျှထက်မြက်မည်ကို မျှော်လင့်မထားမိသောကြောင့် သူ၏သတိထားမှုကိုမြှင့်တင်ကာ ပြုံးလျက် ပြန်ဖြေလိုက်သည်


 " Jမြို့ရဲ့ နှင်းတွေဖုံးနေတဲ့မြင်ကွင်းကအရမ်းလှတာလေ… အစ်မလာရင် ကျွန်တော်သေချာပေါက်လျောက်လည်ဖို့ ခေါ်သွားပေးမယ်…"


ထောင်ထောင် သူနာပြုကိုခေါ်ကာ ထောင်ရွှမ်၏အခြေအနေကိုမမေးခင်အထိ ‌သူနှင့်ပျော်ရွှင်ဖွယ်ကောင်းသည့်အရာအချို့ကို စကားဖလှယ်နေခဲ့သည်။ ထောင်ရွှမ်အကြောင်းမေးစဉ်တွင် သူမ၏အသံမှာ စိုးရိမ်မှုများအပြည့်ဖြစ်နေပြီး အကယ်၍သာ ချီရှင်းချန် အတွင်းထဲမှဇာတ်လမ်းကို မသိထားခဲ့ပါက သူမ၏ မရှိရှိသည့်အချိန်ထဲမှ မနည်းဖဲ့ကာ မောင်ငယ်ကိုလာတွေ့သည့်အချက်ကြောင့် ခံစားမိသွားပေလိမ့်မည်။


ထောင်ရွှမ်မှာမူ မျက်နှာသေနှင့် ဆက်ရှိနေဆဲပင်။ သူပျော်ရွှင်နေသည်လား ဝမ်းနည်းနေသည်လားကို ပြောနိုင်ရန်ခက်ခဲပြီး အခြားတစ်နည်းဖြင့်ဆိုပါက သူထုံနေခြင်းပင်။


ထောင်ရွှမ် ဤကဲ့သို့အခြေအနေမျိုးကို အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီးနောက် ထုံသွားခြင်းဖြစ်နိုင်ပေမည်။


ချီရှင်းချန် စားပွဲခုံအောက်မှ ထောင်ရွှမ်၏လက်ကို ညှစ်လိုက်ချိန်တွင် ထောင်ရွှမ်မှ သူ့ကိုအားတင်းကာပြုံးပြလာသည်။ သူထွက်သွားချင်မိသော်လည်း ထောင်ရွှမ်၏အပြုံးကိုမြင်လိုက်ရချိန်၌ ချီရှင်းချန် ထွက်သွားနိုင်သည်အထိ အသည်းမမာနိုင်တော့ပါ။


" ထောင်ထောင်ကျဲ…" ချီရှင်းချန် စိတ်ကိုပြောင်းကာ ပြောလိုက်သည် " ဒီရက်ပိုင်း ထောင်ရွှမ်က ကျွန်တော့်ညီလေးကိုစာပြပေးနေတာလေ…ကျွန်တော်လည်း အဲဒီအကြောင်းနဲ့ပတ်သက်ပြီးပိုသိချင်နေတော့ အစ်မစိတ်မရှိဘူးမလား…"


ထောင်ထောင် ခဏမျှကြောင်အသွားပြီးနောက် ပြန်ဖြေလာသည် " စိတ်မရှိပါဘူး… အစ်မလည်း ဘာမှအရေးကြီးကိစ္စမရှိပါဘူး … ဒီအတိုင်း ရှောင်ရွှမ်ကို လာတွေ့တာပဲလေ…"


ချီရှင်းချန် နေခဲ့မည့်စကားကိုကြားလိုက်ရချိန်တွင် ထောင်ရွှမ်၏အမူအယာမှာ ပို၍တိုးတက်လာခဲ့သည်။ ချီရှင်းချန်လည်း သူ၏ဦးနှောက်ကို အတင်းဖျစ်ညှစ်ကာ ဟိုဟိုဒီဒီပြောနေလိုက်ရသည်။ နာရီဝက်မျှကြာပြီးနောက် ထောင်ထောင် ဆက်မနေနိုင်တော့သဖြင့် သူမ၏အိတ်ကိုကောက်ကာ ပြောလာသည်


 " ခဏနေကြရင် ပွဲတက်ရမှာမလို့ အစ်မအရင်ပြန်နှင့်တော့မယ်နော်…"


" ကောင်းပါပြီ…" ချီရှင်းချန် ပြောလိုက်သည် " ဂရုစိုက်ပြန်ပါ…"


" အဆင်ပြေပါတယ်…" ထောင်ထောင် ထရပ်လိုက်ပြီး ပြောလာသည် " ဒါနဲ့ရှင်းရှင်း အစ်မမင်းကိုသတိပေးရဦးမယ်…ဒီရက်ပိုင်း ရဲ့ကောနဲ့ထွက်လည်နေတယ်လို့ ကြားထားတော့ ပါပါရာဇီတွေဖမ်းမမိသွားအောင် ဂရုစိုက်ဦးနော်…"


အမျိုးသားနှစ်ဦးရင်းနှီးကြသည်မှာ ပုံမှန်မဟုတ်သည့်အရာ မဟုတ်ချေ။ အနုပညာနယ်ပယ်တွင်လည်း အချင်းချင်းအလွန်ရင်းနှီးကြကာ နေ့စဉ်နေ့တိုင်းအတူထွက်လည်တတ်သော အနုပညာရှင်ညီအစ်ကိုများရှိကြသည်။ သို့သော်လည်း ထောင်ထောင်၏အသံမှာ မရှင်းမလင်းဖြစ်နေကာ ပါပါရာဇီမှဖမ်းမမိရန် ဟူသည့်စကားကိုပင် တမင်ထည့်ပေါင်းပြောဆိုလာခဲ့သည်။


ချီရှင်းချန် ဟိုတယ်အခန်းထဲတွင် စောင့်ကြည့်ကင်မရာရှိနေပြီး သူနှင့်ပိုင်ရဲ့တို့တစ်ခန်းတည်းနေခဲ့ကြသည်ကို ထုတ်ဖော်ခံရနိုင်မည်ကိုပင် သံသယဝင်နေမိပြီဖြစ်သည်။


ထောင်ထောင် အမှန်ကို မည်သည့်အတိုင်းအတာထိ သိထားသည်ကို မသေချာသေးသည့်အတွက် ချီရှင်းချန် ယောင်ဝါးဝါးသာပြန်ဖြေလိုက်သည် " သတိပေးလို့ ကျေးဇူးပါနော်…နောက်ကြရင် ကျွန်တော်ပိုပြီးသတိထားပါ့မယ်…မဟုတ်ရင် မီဒီယာတွေက ကျွန်တော့်ကိုအမြဲရဲ့ကောနဲ့နာမည်ကို ခိုကပ်ပြီးတက်တယ်လို့ ပြောဆိုနေကြတာလေ…ဟဟ "


" အင်းပါ…"


ထောင်ထောင် မရှင်းမလင်းသာ တုံ့ပြန်လာပြီး ချီရှင်းချန်ကိုကြည့်ကာ ကူကယ်ရာမဲ့နေဟန်ဖြင့် ပြောလာသည် " မတတ်နိုငထဘူး အခုခေတ်ပါပါရာဇီတွေက အရမ်းကြောက်ဖို့ကောင်းတာလေ… အခုရက်ပိုင်းဆို အစ်မနောက်ကို တစ်ယောက်ယောက်လိုက်လာတယ်ဆိုတဲ့ခံစားချက်ကြီး အမြဲရနေတာ.. အရမ်းစိတ်ရှုပ်ဖို့ကောင်းတာပဲ…"


ယခုတလော သူမနောက်ကို လူလိုက်နေသည့်ခံစားချက်မျိုးရနေတာလား… ချီရှင်းချန်၏နှလုံးမှာ တစ်ချက်ထခုန်မိသွားသည်။


ထောင်ထောင်က ငါသူ့ကိုအလွတ်စုံထောက်ငှားပြီး လိုက်ကြည့်ခိုင်းတာကို ရှာတွေ့သွားပြီလား…


Jမြို့သို့ပြန်သည့်လမ်းတစ်လျှောက်တွင် ချီရှင်းချန် ထိုအကြောင်းကို တွေးနေမိခဲ့သည်။


အလွတ်စုံထောက်၏ကျွမ်းကျင်မှုအရဆိုလျှင် ရှာတွေ့သွားရန် လွယ်ကူမည်မဟုတ်ပေ။ ထိုမျှသာမက ထောင်ထောင်မှာ လတ်တလော‌တွင်ကျော်ကြားလာသောမင်းသမီးတစ်လက်ဖြစ်လေရာ သူမအနားတွင် ပါပါရာဇီအချို့ရှိသည်မှာ ပုံမှန်ကိစ္စပင်ဖြစ်ပြီး သူ့ကိုသံသယဝင်ရန် မည်သည့်အကြောင်းမှရှိမည်မဟုတ်ချေ။


သေသေချာချာစဉ်းစားပြီးသည့်နောက် တစ်ခုတည်းသောဖြစ်နိုင်ခြေမှာ ထောင်ထောင်သူ့ကိုစမ်းသပ်နေခြင်းပင်။ ကံကောင်းစွာဖြင့် ဤတစ်ကြိမ်တွင် ချီရှင်းချန် သူမကိုအရူးလုပ်နိုင်ခဲ့သည်။ အကယ်၍သာ သူထိတ်လန့်သွားမိပါက ထောင်ထောင်မှအလွယ်တကူဖမ်းမိခြင်းကို ခံလိုက်ရနိုင်သည်။


ရိုက်ကွင်းသို့ပြန်ရောက်ချိန်တွင် ပျက်ကွက်ထားသည်များကို ပြန်ဖြည့်ပေးရန်အတွက် ဒါရိုက်တာကျိုးမှ သူ့ကိုညဘက်ရိုက်ကွက်အချို့ရိုက်ရန် စီစဉ်ပေးခဲ့သည်။ ရိုက်ကူးရေးအပြီးဟိုတယ်သို့ပြန်ရောက်ချိန်တွင် ညဆယ်နာရီကျော်နေပြီဖြစ်သည်။ ချီရှင်းချန် အခန်းထဲတွင် နေရာမှန်သမျှကို ဂရုတစိုက်လိုက်လံစစ်ဆေးလိုက်ရာ ကင်မရာကဲ့သို့သောပစ္စည်းမျိုးကို မတွေ့ခဲ့ရချေ။ ထိုအချိန်မှသာ သူစိတ်သက်သာရာရသွားပြီး ချီယွမ်ရှောင်ထံဖုန်းခေါ်လိုက်သည်။


ဖုန်းခေါ်လာသူမှာ သူ၏ညီငယ်လေးဖြစ်နေသောကြောင့် အိပ်ရာဝင်တော့မည့်ချီယွမ်ရှောင်မှ စားပွဲတင်မီးအိမ်ကိုဖွင့်ကာ ဖုန်းကိုင်လိုက်သည် " ရှင်းရှင်း ဒီလောက်နောက်ကျမှခေါ်လာတာ ဘာပြသနာဖြစ်လို့လဲ…"


" မဖြစ်ပါဘူး ကောကလည်း…" ချီရှင်းချန် ပြောလိုက်သည် " ဒီရက်ပိုင်းအိမ်မက်တွေမကောင်းလို့လေ… အိမ်မက်တွေကလည်း ကျွန်တော်တို့မိသားစုစီးပွားရေးထဲမှာ ပြသနာရှိနေတာတွေကိုပဲ ညွှန်ပြနေတော့ စိတ်ထဲမသိုးမသန့်ခံစားလာရတာနဲ့ ကောကိုပြောပြချင်လို့ပါ…"


" အိမ်မက်ဆိုးတွေက အလုပ်ဖိအားပိလာတဲ့အချိန်ကြရင် ဖြစ်တတ်တာပဲ… ‌ငါမနက်ကြရင် ဒါရိုက်တာကိုပြောလိုက်မယ်…မင်းပြန်သွားပြီးမရိုက်ခင်အထိ ဒီမှာနည်းနည်းပြန်နားလိုက်ပေါ့…"


" မဟုတ်တာ… တကယ်မလိုပါဘူး…" ချီရှင်းချန် အလောတကြီးပြောလိုက်ရသည် " ဒီအတိုင်းခံစားချက်မကောင်းနေရုံလေးပါ…ကောဘာလို့ကုမ္ပဏီကိုစစ်မကြည့်ရမှာလဲ… မဟုတ်ရင် ကျွန်တော်စိတ်မဖြောင့်ပဲနေလိမ့်မယ်…"


ချီရှင်းချန် ထိုကိစ္စ၏အရေးပါပုံကိုသိနေသည့်အတွက် သူ၏အသံတွင်မတတ်နိုင်ဘဲ တောင်းဆိုနေသည့်ဟန်များပါဝင်မိသွားသည်။ ချီယွမ်ရှောင် ထိုစကားများကိုကြားလိုက်ရချိန်တွင် အသည်းကွဲသွားသကဲ့သို့ ခံစားလိုက်ရပြီး ချက်ချင်းပြန်ဖြေမိသည် " အင်းပါ ငါမနက်ဖြန်ကြရင် ရုံးချုပ်ကနေစပြီးစစ်ကြည့်လိုက်ပါ့မယ်…"


" ကုမ္ပဏီကိုဒုက္ခပေးချင်နေတဲ့လူဆိုးတွေကိုလည်း သတိထားဦးနော်…" ချီရှင်းချန် ဆက်၍သတိပေးလိုက်သည်။


" အင်းပါ…" ချီယွမ်ရှောင်၏အသံတွင် ကူကယ်ရာမဲ့နေဟန်နှင့်အလိုလိုက်လိုခြင်းများ ပါဝင်နေခဲ့သည် " ငါသတိထားမှာပါ စိတ်မပူပါနဲ့…"


ချီယွမ်ရှောင်မှာ အမြဲလိုစကားတည်သူဖြစ်သောကြောင့် သူကတိပေးပြီးသည်နှင့် မဖြစ်မနေလုပ်မည်ဖြစ်သည်။ ထိုအခါမှသာ ချီရှင်းချန်၏တင်းကြပ်နေသောပုခုံးများ ပြေလျော့သွားရသည်။


ထို့နောက် ချီရှင်းချန် ဆက်လက်တောင်းဆိုလိုက်သည် " အိုးး ဟုတ်သား… နော်ရာရောပဲနော်….နော်ရာကိုဝယ်ဖို့ ကော ရန်ပုံငွေထုတ်ထားတာကိုမှတ်မိသေးလား… အဲဒါတွေကျွန်တော့်ကိုပေးလို့ရမလား… ကျွန်တော်လည်း ရင်းနှီးမြုပ်နှံတာနဲ့ပတ်သက်ပြီး လေ့လာချင်လို့လေ… နောက်ကြသရုပ်ဆောင်မလုပ်နိုင်တော့ရင် မြို့တော်စီးပွားရေးဘက်ကို ပြောင်းလို့ရတာပေါ့…"


" မင်း…" ချီယွမ်ရှောင် မည်သို့ပြောရမည်ကို မသိနေခြင်းကြောင့် သက်ပြင်းသာချလိုက်ရသည် " မင်းဘဝအဆုံးထိအလုပ်မလုပ်ချင်ရင်တောင် ကော မင်းကိုတင်ကျွေးထားလို့ရပါတယ်ကွာ… ကိုယ့်ကိုကိုယ်အပင်ပန်းမခံနဲ့… ဟုတ်ပြီလား…"


" ကော ကျွန်တော့်ကိုယုံပါ… ကျွန်တော် အလုပ်နဲ့ဘဝကိုကောင်းကောင်းချိန်ညှိနိုင်ပါတယ်…" ချီရှင်းချန် အခိုင်အမာပြောလိုက်သည်။


" အင်းပါ…"


ချီယွမ်ရှောင်မှာ ညီငယ်ဖြစ်သူကို လိုက်လျောရုံသာတတ်နိုင်သည် " ငါကြယ်ပိုင်ဆိုင်မှုစီမံခန့်ခွဲဌာနရဲ့ရှယ်ယာ ၆၀ရာခိုင်နှုန်းနဲ့ ချီအဖွဲ့ရဲ့ရှယ်ယာ၄၀ရာခိုင်နှုန်းပိုင်ထားတယ်…ပေါင်းစည်းမှုတွေအားလုံးပြီးရင် ကော မင်းနာမည်နဲ့လက်ဆောင်အဖြစ်လွှဲပေးလိုက်မယ်…ဒါဆို လွှဲပြီးတဲ့အချိန်ကြမှပဲ မင်းကိုအသိပေးလိုက်တော့မယ်…"


" သိပါပြီ…"


" ရန်ပုံငွေကအခုချိန်မှာ နော်ရာရဲ့၄၅ရာခိုင်နှုန်းကိုပဲ ပိုင်ထားသေးတယ်…အသားတင်ငွေက သိပ်မများတော့ သုံးတဲ့အခါကြရင် ဂရုစိုက်ပါ…"


" ဟုတ်ကဲ့ ဟုတ်ကဲ့… ကျွန်တော်ကြည့်လုပ်လိုက်ပါ့မယ်… ကျေးဇူးပါ ကော…"


ချီယွမ်ရှောင် သူ့ကိုညနက်သည်အထိမနေရန်နှင့် သရုပ်ဆောင်အလုပ်ကိုမလုပ်နိုင်တော့ပါက မိသားစုသို့ပြန်လာပြီး စီးပွားရေးအမွေဆက်ဆံစသည်ဖြင့် အကြောင်းအရာအချို့ကို ဆက်လက်သတိပေးနေသဖြင့် ချီရှင်းချန် အထပ်ထပ်အခါခါသဘောတူလိုက်ရသည်။ ညီငယ်ဖြစ်သူ၏မရိုးသားသောအပြုအမူကြောင့် ချီယွမ်ရှောင် ကူကယ်ရာမဲ့စွာဖြင့်သာ ဖုန်းချလိုက်ရသည်။ ချီရှင်းချန်မှာမူ သူ၏ရည်ရွယ်ချက်အောင်မြင်သွားပြီဖြစ်သောကြောင့် အတော်အတန်ပျော်ရွှင်နေပြီး ရေချိုးဇလုံထဲသို့ခုန်ဝင်သွားကာ ရေချိုးလိုက်သည်။


နှင်းများသိပ်သည်းစွာကျဆင်းမှုအတူ ရာသီဥတုမှာအေးသည်ထက်အေးလာပြီဖြစ်ကာ မကြာမီမှာပင် ဒီဇင်ဘာလ၃၁ရက်သို့ရောက်ရှိလာသည်။


လမ်းမများပေါ်တွင် လူငယ်စုံတွဲများမှာ ကောင်းမွန်စွာဝတ်စားထားကြပြီး လမ်းလျှောက်သွားရင်းမှ နှစ်သစ်ကူးအတွက် မည်သည့်နေရာသို့သွားကြမည့်အကြောင်းများကို ဆွေးနွေးနေကြသည်။ အပြင်ဘက်ကမ္ဘာနှင့်မသက်ဆိုင်သော မြို့ထဲမှရွာကလေးတွင်မူ အဒေါ်ကြီးများမှ အသားများသယ်သွားကာ ဟင်းလျာများချက်ပြုတ်နေကြသည်ကို ထပ်ခါထပ်ခါမြင်နေကြရပြီး နှစ်သစ်ကိုကြိုဆိုရန်အတွက် ချက်ပြုတ်ရန်ပြင်ဆင်နေကြခြင်း ဖြစ်နိုင်ပေမည်။


တရုတ်လူမျိုးများမှာ ဤနေ့ရက်ကို နွေဦးပွဲတော်မျှလောက် အရေးတယူလုပ်ကြခြင်းမရှိသော်လည်း မည်သို့ပင်ဆိုစေကာမူ ၎င်းမှာနှစ်သစ်ကူးနေ့ဖြစ်နေသေးသည်။ မနက်ခင်းရိုက်ကူးရမည့်ဇာတ်ကွက်အချို့ပြီးသွားပြီးနောက် ဒါရိုက်တာကျိုးမှ ဝေါ်ကီတော်ကီကို မြှောက်ကာပြောလာသည် 


" လူတိုင်းပဲ ခဏလောက်နားကြတာပေါ့… သာ့ကျွမ်း စားသောက်စရာတွေနဲ့ပြန်လာတဲ့အချိန်ကြရင် ကျွန်တော်တို့ဟော့ပေါ့လုပ်စားကြမယ်…"


" ကောင်းတာပေါ့…" ရဲဝန်ထမ်းဝတ်စုံဖြင့်ယန်းလောနန်မှ စောင်ခြုံလျက်ဖြင့် ပြောလာသည် " ဟော့ပေါ့က တို့တွေအတွက် နေ့လည်ခင်းရိုက်ကူးရေးကြရင် နွေးနေစေလိမ့်မယ်…မဟုတ်ရင် အေးလွန်းလို့ ကျွန်မမျက်နှာတောင့်ခဲသွားပြီး ဘယ်လိုအမူအယာကိုမှ မလုပ်နိုင်မှာကို စိုးနေရတာ…"


" ကျွန်တော်တို့နေ့ခင်းကြရင် ရိုက်ကူးရေးမရှိပါဘူး…" ဒါရိုက်တာကျိုးမှပြောလာသည် 


" ဒီနေ့က နှစ်သစ်ကူးနေ့ဖြစ်ပြီးတော့ နိုင်ငံရဲ့တရားဝင်အားလပ်ရက်ပဲလေ…အားလုံးကိုတစ်ရက်အနားပေးလိုက်မှာပါ…အသေအချာပေါ့ အဓိကအချက်တော့ ကျွန်တော့်ရဲ့ချစ်သူကောင်မလေးနဲ့ နှစ်သစ်ကူးရက်မှာလျောက်လည်ချင်လို့လေ ဟီးဟီး.."


" ကျွတ် ကျွတ်…."


 အားလပ်ရက်အကြောင်းကြားလိုက်ရချိန်တွင် လူတိုင်းမှာ သူ့ကိုချီးမွမ်းချင်ကြသော်လည်း အကြောင်းပြချက်ကို သိလိုက်ရချိန်တွင် လူတိုင်းဒါရိုက်တာကျိုးကို ဘူးးး ဟုထအော်လိုက်ကြသည်။


ချီရှင်းချန်တစ်ဦးတည်းသည်သာ သူတို့လိုလိုက်မလုပ်ခဲ့ခြင်းဖြစ်သည်။


အဘယ့်ကြောင့်ဆိုသော် ဒါရိုက်တာကျိုး၏စကားများမှ သူ့ကိုသတိပေးနေခြင်းကြောင့်ပင်။


ချီရှင်းချန် လက်အနွေးပေးစက်ကိုယူကာ ဒါရိုက်တာကျိုး၏အနားသို့တိုးသွားပြီး ပြောလိုက်သည် " ဒါရိုက်တာကြီး ကျွန်တော် ဟော့ပေါ့အတူမစားပေးလို့ရမလား…"


ဒါရိုက်တာကျိုးမှာ ဉာဏ်ကောင်းသူတစ်ဦးဖြစ်သောကြောင့် ချီရှင်းချန် ဆိုလိုချင်သည့်အရာကို ချက်ချင်းသဘောပေါက်သွားခဲ့သည် " ဘာလို့လဲ အပြင်သွားမလို့လား…"


" ဟုတ်ကဲ့ ကျွန်တော် နှစ်သစ်ကူးကိုသူငယ်ချင်းနဲ့အတူကုန်ဆုံးချင်လို့ပါ…"


" သူငယ်ချင်းလား ချစ်သူလားနော်…" ဒါရိုက်တာကျိုးမှ အဓိပ္ပါယ်များစွာပါသည့်အပြုံးပြုံးကာ ပြောလာသည် " သွားပါ မနက်ဖြန်ကြရင်တော့ စောစောပြန်လာခဲ့နော်…"


ချီရှင်းချန်၏မျက်နှာမှာ ပူနွေးသွားရပြီး အချိန်မီပြန်လာပါ့မည်ဟု ကတိပေးကာ အမြန်ပြေးထွက်သွားလိုက်ရသည်။


ဒါရိုက်တာကျိုးပြောသည်မှာအမှန်ပင်။ ချီရှင်းချန် သူ၏ချစ်သူကိုသွားတွေ့မည်ဖြစ်သည်။


ပိုင်ရဲ့မှာ ရုပ်သံဌာနတစ်ခု၏နှစ်သစ်ကူးပွဲကို ဖိတ်ကြားခံထားရပြီး သူ့ထံတွင်လည်းရိုက်ကူးရေးရှိနေသည့်အတွက် ချီရှင်းချန် နှစ်သစ်ကူးနေ့အကြောင်းကို မစဉ်းစားထားမိခဲ့ပေ။ ယခုအချိန်တွင်မူ သူ့တွင်အားလပ်ရက်ရလာပြီဖြစ်ရာ သူသာအသုံးမချပါက နှမြောစရာကောင်းသွားလိမ့်မည်။


ထိုမျှသာမက သူ အထိမ်းအမှတ်နေ့တိုင်းကို အထူးတလည်ပိုင်ရဲ့နှင့်အချိန်ဖြုန်းချင်မိသည်။


ပိတ်ရက်များအတွင်း လေယာဉ်လက်မှတ်ဝယ်ယူရန်မှာခက်ခဲလှသည်။ ကံကောင်းစွာဖြင့် ပိုင်ရဲ့ရှိနေသည့်နေရာမှာ Jမြို့နှင့် များစွာမကွာဝေးသောကြောင့် အဆုံး၌ ချီရှင်းချန်သည် အန်းရန်ကို ကားအငှားဌာနတွင် လေးဘီးSUVတစ်စီးငှားပေးရန်မှာကြားလိုက်ကာ သူ့ဘာသာမောင်းလာလိုက်သည်။


အန်းရန်မှာမူ အလွန်စိုးရိမ်နေခဲ့

သည်။ သို့သော်လည်း အကြိမ်ပေါင်းများစွာ ပြောဆိုပြီးနောက် ချီရှင်းချန်ကို နားမချနိုင်ခဲ့သည့်အတွက် သူမ၏လက်များကိုဖြန့်ကာ သူ့ကိုလွှတ်လိုက်ရန်ကိုသာ ရွေးချယ်လိုက်ရသည်။