Chapter 138
ဤသို့ဖြင့် နေ့လည်နှစ်နာရီအချိန်တွင် ချီရှင်းချန် မုန့်အနည်းငယ်စားကာ ကောင်းကင်ပေါ်မှကျဆင်းနေသောနှင်းများနှင့်အတူ အဝေးပြေးလမ်းမပေါ်သို့ တက်လာလိုက်သည်။ အဝေးပြေးလမ်းမမှာ နှင်းကျနေချိန်တွင် သွားလာရန်နှေးကွေးပြီး တစ်ခါတစ်ရံတွင် မတော်တဆမှုများနှင့် ပျက်ဆီးမှုများရှိတတ်သောကြောင့် ယာဉ်ကြောပိတ်ဆို့မှုအရှည်ကြီးရှိနေမည်ဖြစ်သည်။
ထို့ကြောင့် သူ၏ပန်းတိုင်သို့ရောက်ရှိချိန်တွင် ကောင်းကင်တစ်ခုလုံးမှာ အပြည့်အဝမှောင်မဲနေပြီဖြစ်သည်။
နှစ်သစ်ကူးပွဲတော်မှာ ထိုမြို့၏ဇာတ်ရုံတွင်ကျင်းပမည်ဖြစ်ခြင်းကြောင့် ချီရှင်းချန် ဇာတ်ရုံအနောက်တွင် ကားပါကင်ထိုးလိုက်ပြီး အားလွင်ထံဖုန်းခေါ်လိုက်သည်
" မင်းမှာဝန်ထမ်းကဒ်ရှိလား…"
ရုတ်တရက်မည်သည့်နေရာမှထွက်ပေါ်လာမှန်းမသိသောမေးခွန်းကြောင့် အားလွင်ကြောင်အသွားရသည်
" ဝန်ထမ်းကဒ်ကဘာလုပ်ဖို့လဲ…"
ချီရှင်းချန် ပွဲတော်၏အမည်ကိုထုတ်ပြောလာချိန်တွင် အားလွင်စက္ကန့်အနည်းငယ်မျှ တောင့်ခဲသွားရသည် " ဖာ့ခ် ဖာ့ခ် ဖာ့ခ် သောက်ကျိုးနည်းဟေ့…ရှင်းရှင်း မင်းလာမလို့လုပ်နေတာတော့ မဟုတ်ဘူးမလား…"
" လာမလို့လုပ်နေတာပါ…အခုဇာတ်ရုံရဲ့အပြင်မှာတောင် ရပ်နေပြီးပြီ…" ချီရှင်းချန် အသံတိုးကာပြောလိုက်သည် " မင်းတို့ရဲ့ဘော့စ်ကိုမပြောနဲ့ဦးနော်…သူ့ကိုအံ့ဩသွားအောင်လုပ်မလို့…"
အကယ်၍သာ ယခင်အချိန်တွင်ဖြစ်မည်ဆိုလျှင် အားလွင် ချက်ချင်း ချီရှင်းချန်ကိုရောင်းစားလိုက်မည်ဖြစ်သည်။ သို့သော်လည်း သူ၏ဘော့စ်နှင့်ချီရှင်းချန်တို့၏ဆက်ဆံရေးကို သိပြီးသွားချိန်တွင် အားလွင်မှာအလွန်အလိုက်သိနေပြီး ရှောင်မန်၏ဝန်ထမ်းကဒ်ကိုတောင်းကာ ချီရှင်းချန်ပို့လာသည့်နေရာသို့ သွားကြိုလိုက်သည်။
ပွဲတော်၏တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကြယ်ပွင့်အများအပြားပါဝင်နေပေရာ လူမသိသွားစေရေးအတွက် သူတို့နှစ်ဦးတုန်တုန်ယင်ယင်နှင့်အထူးဂရုစိုက်ကာ အထဲသို့လျှောက်သွားလိုက်ရသည်။
ပိုင်ရဲ့၏နားနေခန်းထဲသို့ ခိုးဝင်သွားရန်မှာမလွယ်ကူလှသည့်အတွက် အားလွင်စိတ်သက်သာရာရသွားကာ ချီရှင်းချန်ကို အထဲသို့တွန်းပို့လိုက်သည်။
" ဟေးး မင်းဘာလုပ်…"
အားလွင်ကိုမပြောနိုင်လိုက်ခင်မှာပင် မိတ်ကပ်ပြင်နေသည့်ပိုင်ရဲ့အပါအဝင် အခန်းထဲရှိအံ့အားသင့်နေသောအကြည့်များဖြင့် လူအားလုံးကို ချီရှင်းချန်တွေ့လိုက်ရသည်။
ပိုင်ရဲ့မှာ ယနေ့တွင် သူ၏အယ်ဘမ်အသစ်မှသီချင်းကို သီဆိုမည်ဖြစ်သည်။ သီချင်းစတိုင်မှာ Trapဖြစ်သောကြောင့် သူ၏မိတ်ကပ်မှာအလွန်ရှင်းသန့်နေကာ သူ၏ရုပ်ရည်ကိုအဓိကထားပြရန်အတွက် အဝတ်အစားနှင့် အလှဆင်ပစ္စည်းများကိုသာ အဓိကမှီခိုထားသည်။
သို့တိုင်အောင် ဤပုဂ္ဂိုလ်တွင် မှော်ဆန်မှုတစ်ခုရှိနေပုံပင်။ ပွဲတက်မိတ်ကပ်ကိုလိမ်းလိုက်သည်နှင့် ပိုင်ရဲ့မှာ ပုံမှန်အသွင်အပြင်မှ မတူညီသောလူတစ်ယောက်အဖြစ်သို့ လုံးလုံးပြောင်းလဲသွားကာ ခေါင်းမှခြေဖြားအထိ ထိန်းချုပ်နိုင်စွမ်းပြင်းသောအငွေ့အသက်ကို ထုတ်လွှတ်နေသည်။
လူများမှာ မနေနိုင်ဘဲ သူ့ကိုကိုးကွယ်မိချင်လာကြသည်။
ချီရှင်းချန် ကျန်ရှိနေသည့်စကားများကို မြိုချလိုက်ကာ သူ၏မျက်လုံးမှာပိုင်ရဲ့အပေါ်တွင်သည ရှိနေခဲ့သည်။
ပိုင်ရဲ့မှာလည်း ဝန်ထမ်းများအောက် အံ့ဩမှုမလျော့ပေ။ သူလက်ဆန့်ကာ ရှောင်မန်ကိုရပ်တန့်ရန်အချက်ပြလိုက်ပြီး ချီရှင်းချန်စီသို့လျောက်လာကာ ပြောလိုက်မိသည်
" ဒါရိုက်ကျိုးက နားရက်ပေးခဲ့တာလား…"
" ဟုတ်တယ်…"
" ဒီကို ဘယ်လိုလာခဲ့တာလဲ… ဘာလို့မလာခင် ကိုယ့်ကိုကြိုမပြောခဲ့ရတာလဲ…"
" ကိုယ့်ဘာသာကားမောင်းလာတာပါ… ဒါရိုက်တာကျိုးက ရုတ်တရက်ကြီးအနားပေးမယ်လို့ပြောလာတော့ လှမ်းပြောဖို့အချိန်မရှိလိုက်လို့လေ…"
ပြောပြီးသည်နောက် ချီရှင်းချန် ခေါင်းကိုငုံ့ကာ ပိုင်ရဲ့ဆူလာမည်ကို စောင့်ဆိုင်းနေမိသည်။ သို့သော်လည်း ဆယ်စက္ကန့်ကျော်မျှစောင့်ဆိုင်းပြီးနောက်တွင် သူမည်သည့်အသံကိုမှ မကြားလာခဲ့ပါ။
ချီရှင်းချန် မော့ကြည့်လိုက်ချိန်တွင် ပိုင်ရဲ့၏အမူအယာများမှာ လေးနက်နေသော်လည်း သူ၏မျက်လုံးထဲတွင် နူးညံ့မှုများရှိနေသည်ကို မြင်လိုက်ရသည်။
ပိုင်ရဲ့သည် Jမြို့မှဤနေရာအထိ မည်မျှကွာဝေးကြောင်းမသိသောကြောင့် မဟုတ်ပေ။ ထိုမျှသာမက သူ့ဖန်ကလေးမှာ ဤနေရာသို့လာရန်အတွင် ထူထဲသောနှင်းများကြားတွင် အချိန်မည်မျှကြာမြင့်စွာ ကားမောင်းလာရသည်ကိုပင် သူသိနေသေးသည်။
သူနှင့်အတူနှစ်သစ်ကူးနိုင်ရန်တွက် ချီရှင်းချန်ဘက်မှ ထိုမျှအားထုတ်ကြိုးစားထားခဲ့ပေရာ ပိုင်ရဲ့ ဘယ်လိုအခြေအနေမျိုးနှင့်မှ မဆူရက်နိုင်တော့ပေ။
" အားလွင် အပြင်ထွက်ပြီး သောက်စရာပူပူနွေးနွေးတစ်ခုခုဝယ်ခဲ့…" ပိုင်ရဲ့ အားလွင်ကိုမှာကြားလိုက်ပြီးနောက် ချီရှင်းချန်ဘက်သို့လှည့်ကာ ပြောလိုက်သည်
" ခဏစောင့်ပေးနော့် ကိုယ့်မိတ်ကပ်ကပြီးခါနီးပါပြီ…"
" ရပါတယ် အစ်ကို့မိတ်ကပ်ကိုပဲအရင်ပြင်ပါ ကျွန်တော်ဘေးမှာစောင့်နေပေးမယ်လေ…" ချီရှင်းချန် သူ၏ဘေးတွင် နာနာခံခံဖြင့် ထိုင်လာခဲ့သည်။
ရှောင်မန် သူမ၏အလုပ်ကိုဆက်လုပ်လိုက်သည်။ ချီရှင်းချန်မှာမူ ပိုင်ရဲ့နှင့်ပတ်သက်လာလျှင် အရာအားလုံးကိုစိတ်ဝင်စားသည်ဖြစ်ရာ ရှောင်မန်မိတ်ကပ်ပြင်ပေးနေစဉ်အတွင်း ဘေးမှထိုင်ကာစူးစမ်းနေမိသည်။
ရုတ်တရက်ဆိုသလို အမှိုက်ပုံးထဲတွင် အအေးမိပျောက်ဆေးတစ်ဘူးကို မြင်လိုက်ရသဖြင့် ချီရှင်းချန် မေးလိုက်မိသည် " ဘယ်သူအအေးမိနေတာလဲ .."
" ဘော့စ်လေ.." ရှောင်မန်မှ ချက်ချင်းဖြေလာသည်။
ပိုင်ရဲ့ အော်ပြောလိုက်သည် " ရှောင်မန်…"
" အာ ပြောလို့်မရဘူးလား…" ရှောင်မန်ချက်ချင်းဆိုသလို တောင်းပန်လာသည်
" အခုပြောခဲ့တဲ့နေရာလေးကိုဖျက်ပေးပါနော်… ကျေးဇူးပါ…"
ကံမကောင်းစွာဖြင့် သူတို့ရှိုးရိုက်နေခြင်းမဟုတ်သည့်အတွက် ချီရှင်းချန် အားလုံးကိုကြားမိခဲ့ပြီး သူ၏မျက်ခုံးများမှာ တခဏအတွင်း အတူတကွတွန့်ချိုးလာသည် " ဘယ်တုန်းကအအေးမိသွားတာလဲ…"
ပိုင်ရဲ့ ပြန်ဖြေမလာပေ။
" ရာသီဥတုကပူတစ်လှည့်အေးတစ်လှည့်ဖြစ်နေတာကို အအေးမိခဲ့တာလား…" ချီရှင်းချန် ထပ်မေးလိုက်သည်။
ထိုကိစ္စကိုအဆုံးစွန်ထိသွားရန် ချီရှင်းချန်ဆုံးဖြတ်ထားပြီးသည်ကို မြင်လိုက်ရသဖြင့် ပိုင်ရဲ့ အသံကိုနှိမ့်ကာပြောလိုက်ရသည် " လွန်ခဲ့တဲ့သုံးရက်က မင်းစီကနေကူးလာတာလေ…"
လတ်တလော ထောင်ထောင်၏ကိစ္စများဖြင်ရှုပ်နေရသောကြောင့် ချီရှင်းချန် ထိုအကြောင်းကို အချိန်အတော်ကြာသည်အထိ မေ့လျော့နေမိခဲ့သည်။ ယခုပြန်လည်သတိပေးခံလိုက်ရချိန်မှသာ သူရှက်ရွံ့သွားပြီး နားရွက်များပင် နီရဲလာခဲ့သည်။
ရှောင်မန်မှာ သူတို့၏ဘေးတွင်ရှိနေသည့်အတွက် ချီရှင်းချန်တို့၏စကားဝိုင်းကို ကြားလိုက်ရချိန်တွင် သူမကြောင်အသွားရသည်
" ရှင်းရှင်းက ဘော့စ်ကိုကူးပေးလိုက်တာလား…ဒါJမြို့ကိုသွားတုန်းကမဟုတ်ဘူးလား… ဘော့စ် မဟုတ်သေးပါဘူး ရှင်တို့နှစ်ယောက်က ဘယ်လိုလုပ်ပြီး အဖျားကူးသွားကြတာလဲ…"
ချီရှင်းချန် သူ၏စိတ်ထဲတွင်သာတွေးနေမိသည်… ဒီလောက် အခေါက်ခေါက်အခါခါနမ်းခဲ့ကြမှတော့ မကူးမှသာထူးဆန်းနေမှာ…
မည်သို့ပင်ဆိုစေကာမူ သူအမှန်အတိုင်းထုတ်မပြောရဲသည့်အတွက် ရှောင်မန်ကို လှည့်စားရန်ကြိုးပမ်းလိုက်သည် " ခွက်မှားသုံးမိခဲ့လို့နေမှာပေါ့…"
" အင်း…" ပိုင်ရဲ့ သူ့ကိုကြည့်ကာ ပြောလာသည် " အတိအကျပြောရရင် သွားပွတ်တံအဖုံးတွေမှားသုံးခဲ့ကြတာလေ…"
အဖြေရပြီးနောက် ရှောင်မန်မှာပို၍ပင် ကြောင်အသွားရသည်။ အဘယ့်ကြောင့် အနှီတစ်ဦးထက်တစ်ဦးပိုချမ်းသာသောသူဌေးနှစ်ဦးမှာ တူညီသောသွားပွတ်တံအဖုံးကို သုံးခဲ့ကြသည့်အချက်ကို သူမနားမလည်နိုင်ခဲ့ပေ။
ချီရှင်းချန် ထိုအချိန်မှမြင်ကွင်းကို ပြန်တွေးမိသွားသည့်အတွက် အလွန်ရှက်နေမိသောကြောင့် ပေါင်ပေါ်သို့ လက်ဖြင့်ပွတ်နေမိသည်။
ပိုင်ရဲ့မှာမူ အလွန်စိတ်အခြေအနေကောင်းမွန်နေကာ ချီရှင်းချန်၏အရှက်သည်းနေပုံကို အချိန်ခဏမျှ တမြတ်တနိုးကြည့်နေခဲ့သည်။ ထို့နောက် သူ၏အကြည့်ကိုအောက်သို့ဆက်ဆင်းလာချိန်တွင် လွန်ခဲ့သောနှစ်ရက်အတွင်း ချီရှင်းချန် ကိုယ်အလေးချိန်အနည်းငယ်ကျဆင်းသွားသည်ကို မြင်လိုက်ရသည်။
ပိုင်ရဲ့ သူ့ဖန်ကလေး၏ခြေထောက်များတုန်ယင်နေသည်ကိုလည်း မတော်တဆမြင်လိုက်ရလေသည်။
ပိုင်ရဲ့ ဤအခြေအနေမျိုးကို ယခင်ကမြင်ဖူးခဲ့ပြီး ၎င်းမှာ ကားမောင်းတတ်ခါစလူများ အချိန်အတော်ကြာကားမောင်းရချိန်တွင် လီဗာနှင့်ဘရိတ်များကို အကြိမ်ပေါင်းများစွာ နင်းထားရသည့်အတွက် သူ၏ခြေဖဝါးမှာတောင့်တင်းနေခြင်းဖြစ်ကာ ပြေလျော့သွားသည့်အချိန်၌ သူတို့စတင်၍တုန်ယင်လာနိုင်ပေမည်။
သူ၏ခြေဖဝါးသည်လည်း ယောင်ယမ်းနေပေလိမ့်မည်။ ပိုင်ရဲ့ သက်ပြင်းတစ်ချက်ချကာ ငုံ့၍ချီရှင်းချန်၏ခြေကျင်းဝတ်ကို ထိကိုင်လိုက်သည်။
အမှန်တကယ်ကိုပင် ယောင်ယမ်းနေပြီဖြစ်သည်။
သူ့အပြုအမူမှာ အလွန်ရုတ်တရက်ဆန်လှပြီး ချီရှင်းချန် မတုံ့ပြန်လာနိုင်ခင်မှာပင် ပိုင်ရဲ့ ထရပ်လိုက်ပြီးဖြစ်သည်။ ချီရှင်းချန်မှာမူ သူ၏ညာဘက်ခြေဖဝါးကိုဆောင့်ကာ ပိုင်ရဲ့ကို သတိပေးလိုက်မိသည်
" လူတွေရှေ့မှာကျွန်တော့်ခြေထောက်ကို မထိနဲ့လေ…"
ပိုင်ရဲ့ : "...."
ပိုင်ရဲ့ သူ့ကိုလျစ်လျူသာရှုထားလိုက်သည်။
ထိုအချိန်၌ ရှောင်မန်မှာမိတ်ကပ်ပြင်ပြီးသွားပြီဖြစ်ကာ စုတ်တံများကိုချ၍ ခါးထောက်လျက်ပြောလာသည်
" ရဲ့ကော ဝတ်စုံသွားလဲလို့ရပါပြီ…"
ပိုင်ရဲ့ ခေါင်းငြိမ့်ကာ ချီရှင်းချန်ဘက်သို့ ညွှန်ပြလိုက်သည် " ကိုယ့်ကိုကူပေးဖို့လူလိုတယ်… အတူလိုက်လာခဲ့ချည်…"
သူ၏အပြင်အဆင်ကိုမပျက်ဆီးစေရန်အတွက် အမြဲလိုပင် ပိုင်ရဲ့အဝတ်လဲပြီးနောက်မှသာ ဆံပင်ပြင်လေ့ရှိသည်။ ချီရှင်းချန်လည်း အဝတ်လဲခန်းသို့ အလျင်အမြန်ပြေးလိုက်သွားရသည်။
ပိုင်ရဲ့ အကူအညီမလိုကြောင်းကို သူကောင်းကောင်းသိနေခဲ့ပြီး ပိုင်ရဲ့လုပ်ချင်နေသည့်အရာမှာ…. သူနှင့်အတူရှိဖို့အခွင့်အရေးယူချင်ရုံသာ ဖြစ်ပေလိမ့်မည်။
ချီရှင်းချန် သူ၏လည်ပင်းကို ပွတ်လိုက်မိကာ ယားယံလာသလို ခံစားလိုက်ရသည်။
ထင်သည့်အတိုင်းပင် အဝတ်လဲခန်းတွင်းသို့ ဝင်သွားပြီးနောက် ပိုင်ရဲ့မှတံခါးကိုလော့ချကာ အမိန့်ပေးလာသည်။
" ထိုင်…"
ချီရှင်းချန် နာနာခံခံဖြင့် ထိုင်ချလိုက်သည်။
ထို့နောက် ပိုင်ရဲ့မှ ဆက်၍အမိန့်ပေးလာသည် " ဖိနပ်တွေချွတ်လိုက်…"
"...." ချီရှင်းချန် ရှော့ရသွားပြီး ကမန်းကတန်းပြောလိုက်မိသည် " ဟင့်အင်း ဟင့်အင်း ဒီမှာကလူတွေအများကြီးရှိတယ်လေ…"
လူတွေ… အများကြီးလား…
ပိုင်ရဲ့ ဘေးပတ်ပတ်လည်ကိုကြည့်လိုက်ပြီး ပြောလိုက်ရသည်
" ဒီမှာလူတွေအများကြီးရှိနေတယ်ဆိုပေမယ့် အခန်းထဲမှာတော့ ကိုယ်တို့နှစ်ယောက်တည်းပဲရှိတာလေ…"
" ကျွန်တော်တို့တကယ်လုပ်လို့မရဘူးလို့…" ချီရှင်းချန်မှာ အလောတကြီးဖြစ်နေသည် " တစ်ယောက်ယောက်သာကြားသွားရင် ပွဲပြတ်ပြီပဲ…"
သူ့ဖန်ကလေးဆိုလိုချင်သည်ကို နားလည်ရန် ပိုင်ရဲ့ စက္ကန့်အနည်းငယ်မျှအချိန်ယူလိုက်ရသည်။
အဝတ်လဲခန်းအတွင်း သူ ထိုအရာလုပ်မည်ကို ချီရှင်းချန်တွေးနေမိခြင်းပင်။
ပိုင်ရဲ့ ဒေါသထွက်ရလွန်းသောကြောင့် ရယ်သာချမိလိုက်ပြီး သူအမှန်တကယ်ပင် သူ့ကောင်လေး၏ခေါင်းကိုဖွင့်၍ ဦးနှောက်ထဲတွင်မည်သည့်အရာများရှိနေသည်ကို သိချင်မိသည်။ အဝတ်လဲခန်းမှာ အများသုံးဧရိယာဖြစ်ပြီး သူချီရှင်းချန်ကို ဤကဲ့သို့အများပိုင်နေရာမျိုးတွင် ထိုအမှုကိုမလုပ်နိုင်ပေ။
သူ သည်းပင်မခံနိုင်ပေ။
ထိုမျှသာမက အဝတ်လဲလှယ်ရန်မှာလည်း အချိန်တိုတိုသာယူလေရာ ဤမျှအချိန်မှာ မလုံလောက်နေပါ။
ရှင်းပြနေရမည့်အချိန်မရှိသောကြောင့် ပိုင်ရဲ့ ထိုင်ချကာ ချီရှင်းချန်၏ဖိနပ်ကိုဆွဲချွတ်လိုက်သည်။
ရိုက်ကူးရေးအတွင်း နွေးထွေးစေရန်အတွက် ချီရှင်းချန် စစ်ဖိနပ်အတိုများကိုသာ ဝတ်ထားခဲ့ပြီး ၎င်းတို့မှာအလွန်ချောင်ချိနေသည့်အတွက် ပိုင်ရဲ့အလွယ်တကူဆွဲချွတ်နိုင်ခဲ့သည်။
ချီရှင်းချန်မှာမူ ပို၍ပင်စိုးရိမ်လာသည် " တကယ်လုပ်လို့မရဘူးလို့… ဒါမှမဟုတ် ကျွန်တော့်လက်နဲ့ပဲလုပ်ပေးရင်ကော…"
" ကိုယ့်ကိုဘယ်သူလို့ထင်နေတာလဲ…" ပိုင်ရဲ့ ခြေအိတ်များကိုဆွဲချွတ်နေရင်းမှ အမူအယာကင်းမဲ့စွာပြောလာသည် " ကိုယ်ကမင်းရဲ့ခြေဖဝါးကိုကြည့်ချင်ရုံလေးပဲ.."
သူ့ ခြေထောက်ကို ကြည့်မှာ….
ကြည့်ရတာ ပိုင်ရဲ့မှာဒီလိုစွဲလမ်းမှုမျိုးရှိနေတယ်လား…
ချီရှင်းချန် ခဏမျှရှော့ရသွားပြီးနောက် ရှက်ရွံ့စွာပြောလိုက်သည် " အင်းပါ အင်းပါ ဒါဆိုလည်း ကျွန်တော် ကောကောကို အပြည့်အဝပေးအပ်ပါမယ်.."
"...." ပိုင်ရဲ့ လုံးလုံးကို ဆွံ့အသွားရပြီး ချီရှင်းချန်၏ခြေအိတ်များကိုသာ အမြန်ဆွဲချွတ်လိုက်သည်။
လေထုနှင့်ထိတွေ့မှုကြောင့် သူ၏ခြေဖဝါးများအေးစက်လာချိန်တွင် ချီရှင်းချန် ခေါင်းကိုငုံ့ကာ ချစ်တင်းနှောခြင်းအဆင့်ဆင့်ကို ပြန်လည်တွေးတောနေမိသည်။
သူဆက်ကပ်အဖွဲ့တွင်ရှိစဉ်အခါက သွေးပူလွယ်သောလူငယ်လေးများမှာ မကြာခဏဆိုသလိုလူစု၍ ထိုဆရာကြီးများမှ ကိုယ်ကျိုးမငဲ့ဘဲစုစည်းပေးထားသည့် ဗီဒီယိုများကိုကြည့်လေ့ရှိကြသည်။ ချီရှင်းချန်မှာ အမြဲလိုအလုပ်ရှုပ်နေတတ်ကာ ၎င်းတို့ကိုကြည့်ခဲလှသော်လည်း တစ်ခါတစ်ရံတွင် သူတစ်ချက်ဝင်ကြည့်လေ့ရှိသည်။
သူအမှန်တကယ်ပင် ထိုကဲ့သို့အရာမျိုးကို ယခင်ကမြင်တွေ့ခဲ့ဖူးသည်။
၎င်းတို့ကိုပြန်တွေးကြည့်ရုံနှင့်ပင် ချီရှင်းချန်၏မျက်နှာမှာ ပူလောင်လာရသည်။
ထိုအချိန်၌ သူ၏ခြေအိတ်များမှာကျွတ်သွားပြီဖြစ်သည်။ ချီရှင်းချန် ပိုင်ရဲ့ သူ၏ဘောင်းဘီများကိုချွတ်လာမည့်အချိန်ကိုစောင့်ဆိုင်းနေရင်းဖြင့် သူ၏စိတ်ထဲတွင် ကိုယ့်ကိုကိုယ်ပြောနေမိသည် " စိတ်လျော့ထား စိတ်လျော့ စိတ်လျော့…"
ခဏအကြာတွင် သူ၏ခြေဖဝါးများကို ထိတွေ့လာသည့်အရာမှာ သူထင်ထားသည့်အရာမဟုတ်မနေခဲ့ဘဲ နွေးထွေးသောလက်တစ်စုံသာဖြစ်နေခဲ့သည်။
ချီရှင်းချန် အောက်သို့ငုံ့ကြည့်လိုက်ချိန်၌ ပိုင်ရဲ့ သူ၏ခြေထောက်များကိုကိုင်ထားသည်အား မြင်လိုက်ရသောကြောင့် အလျင်အမြန်လန့်သွားပြီး ခြေထောက်များကို ပြန်ရုတ်လိုက်မိသည်
" ကျွန်တော် ခြေထောက်မဆေးလာခဲ့ရဘူး…အရမ်းညစ်ပတ်နေတာကို လွှတ်ပါ…"
ကံမကောင်းစွာဖြင့် သူ၏ခွန်အားမှာတစ်ဖက်လူ၏ပြိုင်ဘက်ဖြစ်မနေခဲ့ပေ။ ပိုင်ရဲ့ သူ၏နှင်းကဲ့သို့ဖြူဖွေးနေသောခြေ
ကျင်းဝတ်ကို လက်တစ်ဖက်မှကိုင်ထားပြီး ကျန်လက်တစ်ဖက်မှ သူ၏ခုံးနေသည့်ခြေဖမိုးကို ဖြည်းဖြည်းချင်းပွတ်ကာ ပြောလာသည်
" မလှုပ်နဲ့… မင်းခြေထောက်တွေကယောင်နေပြီ… ကိုယ်မင်းအတွက်ပွတ်ပေးမယ်နော်…"