Chapter 141
ပိုင်ရဲ့၏ ခိုင်မာသည့် သဘောထားကို မြင်ပြီး ချီရှင်းချန် နင့်နင့်နဲနဲကိုရင်ထဲထိသွားရသည်။ သူ့ခန္ဓာကိုယ်က မနာတော့သလို ခြေထောက်တွေလည်း မနာတော့ပေ။ အကြိမ်တစ်ရာ အပွတ်ခံရလျှင်ပင် သူ ကျော်သွားပေးနိုင်သည်။
တစ်ချိန်တည်းမှာပင် သူ မနေနိုင်ဘဲ ကြောက်ရွံ့ရလာသည်။ပိုင်ရဲ့၏မိသားစုက ယောကျာ်းနှစ်ယောက် ပေါင်းဖက်သည်ကိုလက်ခံနိုင်ပါ့မလား...
လောကအမြင်တွင်၊ ဤအရာက ပုံမှန်မဟုတ်၊ ပုန်ကန်ထကြွပြီး ဖောက်ပြန်ခြင်းပင်။ပိုင်ရဲ့ရဲ့မိဘတွေက သူ့ကို ပိုင်ရဲ့ကို လမ်းလွဲသွားအောင်လုပ်လို့မုန်းမှာလား...
ပိုင်ရဲ့ရဲ့ မိသားစုက လိင်တူချစ်သူတွေကို လက်ခံနိုင်ရင်တောင်မှ သူ့ကို လက်ခံပါ့မလား...
ခြုံပြောရလျှင် သူ့မှာ ရုပ်ရည်ချောမောပြီး အလုပ်ကြိုးစားသည်ကလွဲ၍ တခြားအားသာချက်တွေ မရှိပါချေ။ပိုင်ရဲ့က အင်မတန်ကို တောက်ပလင်းလက်လွန်းသည်။
သူတို့ကြားက ကွာဟချက်က အလွန်ကြီး၏။ပိုင်ရဲ့၏ မိသားစုကို အောင်နိုင်ရန် သူ့မှာ ယုံကြည်ချက်မရှိပေ။
သူ့မျက်နှာလေးကို ကြည့်ပြီး ပိုင်ရဲ့ မရယ်ဘဲမနေနိုင်။
"မကြောက်ပါနဲ့...ကိုယ့်မိဘတွေက အေးဆေး"
ချီရှင်းချန်က အိပ်ယာခင်းပေါ်တွင် ခြေချောင်းများကို ပွတ်သပ်လိုက်သည်။
"ကျွန်တော်သိပါတယ်...ခင်ဗျားအရင်က အင်တာဗျူးတစ်ခုမှာ ပြောဖူးတယ်"
"ဒါဆို မင်းဘာကိုကြောက်တာလဲ"
ချီရှင်းချန်: "…"
ခင်ဗျားခြေထောက်တွေအချိုးခံရမှာကို ကြောက်တာ...
"ဒီလိုဆိုရင်ရော..."
ပိုင်ရဲ့က အကြံပြုသည်။
"တရုတ်နှစ်သစ်မကူးခင် နှစ်လလောက်ရှိသေးတယ်... မင်း သေချာစဉ်းစားကြည့်လို့ရတယ်...မသွားချင်ရင် နောက်နှစ်မှာ ဆက်ပြောကြတာပေါ့"
"ကောင်းပြီ"
ချီရှင်းချန် အိပ်ယာခင်းပေါ်တွင် ခြေချောင်းများကို ပွတ်သပ်ရပ်လိုက်ပြီး ဝန်လေးစွာ သဘောတူလိုက်သည်။
"ဒါဆိုသဘောတူပြီးပြီနော်... မင်းစဉ်းစားပြီးရင် ကိုယ့်ကိုပြော"
"အင်း...ပြောမယ်"
သဘောတူညီချက်တစ်ခုရပြီးနောက် ပိုင်ရဲ့ နောက်ဆုံးတွင် ချီရှင်းချန်ကို လွှတ်ပေးလိုက်ပြီး ရေချိုးရန် ရေချိုးခန်းသို့ ခေါ်သွားခဲ့သည်။ ရေချိုးပြီးနောက် အားလွင်က ရောင်ရမ်းမှုကို သက်သာစေသည့် အကိုက်အခဲပျောက်လိမ်းဆေးဆီကို လာပို့သည်။ချီရှင်းချန် ၏အကူအညီကို ငြင်းပယ်ခဲ့သည်။ဘိုထိုင်ပေါ်တွင်ကာ သူ့ကိုယ်ပေါ်ရှိ အနီကွက်များကိုကြည့်ရင်း ဆေးကို သူကိုယ်တိုင် လိမ်းလိုက်သည်။
ပိုင်ရဲ့က အိမ်မှုကိစ္စဘယ်လိုလုပ်ရမည်ကို မသိဘဲ မနက်ခင်းမှာ အိပ်ရာထဲတွင် တွယ်ကပ်နေတတ်မှန်း သိပြီးနောက်မှာ ပိုင်ရဲ့၏ လက္ခဏာအသစ်က လော့ပွင့်လာသည်။
သူသည် သာမန်အားဖြင့် လူကြီးလူကောင်းတစ်ယောက်နှင့်တူသော်လည်း ထိုအချိန်က သူသည် သားရဲထက်ပင် ပို၍ပင် အရိုင်းဆန်ခဲ့သည်။
... အနာဂတ်မှာ သူတို့ ကောင်းကောင်း ပေါင်းသင်းနိုင်ဦးပါ့မလား...
.....္
နေ့ခင်းဘက်မှာ ချီရှင်းချန် ပိုင်ရဲ့နှင့် တစ်စက္ကန့်ပင် အချိန် မဖြုန်းချင်ပေ။ သန့်ရှင်းရေးလုပ်ပြီးနောက် မီးဖိုချောင်ထဲသို့ ခက်ခက်ခဲခဲ လျှောက်သွားခဲ့သည်။
ပိုင်ရဲ့က လိုက်ဖ်စကေး သုညဖြစ်ပေမဲ့ မုန့်ဖုတ်နည်းကို သူသိနေပါသေးသည်။ သူက ပေါင်မုန့်ကို ပေါင်မုန်ု့ကင်စက် ထဲသို့ထည့်ကာ တစ်ခုကင်သည်။ချီရှင်းချန်က သူ့ဘေးကနေ တိတ်တဆိတ် တစ်ခု စားလိုက်သည်။ မုန့်တစ်ခုထွက်လာသောအခါတိုင် သူက တိတ်တိတ်လေး တစ်ခု စားသည်။
နောက်ဆုံးမှာ ပိုင်ရဲ့ ထမင်းစားခန်းထဲမှာ မစားရန် ဆုံးဖြတ်လိုက်သည်။ မစ္စတာချီ သည်မှာ ရှိနေသရွေ့ မုန့်တစ်ခုမှ ထမင်းစား စားပွဲဆီကို ရောက်မှာမဟုတ်ချေ။သည်မှာစားသည်က ပိုကောင်း၏။
ပေါင်မုန့်အားလုံးကို ကင်ပြီး ထောပတ်နှင့်ယိုသုတ် ၊မစ္စတာချီ၏ လမ်းညွှန်မှုအောက်တွင် နို့နှစ်ခွက်ကို အပူပေးပြီး မျိုးမအောင်သောကြက်ဥနှစ်လုံးကို ကြော်သည်။
ထို့နောက် မျိုးရိုးနာမည်ချီရှိသောလူနှင့် ဘေးချင်းကပ်ရပ်ကာ အသီးသီး တစ်ကိုက်ချင်း စားလိုက်ကြသည်။
ကြက်ဥကြော်ကို စားသောအခါ၊ချီရှင်းချန်က မျက်မှောင်ကြုတ်လိုက်သည်။ ကြက်ဥအနှစ်ကို သူမစားချင်ပေ။ကယ်လိုရီနှင့် ကိုလက်စထရော များသည်။
"တစ်ခုလောက်က စားလို့ရပါတယ်"
"တကယ်မရဘူး...ဝိတ်ချနေတဲ့အချိန်မှာ ကြက်ဥအနှစ် စားလို့မရဘူး"
ချီရှင်းချန်က အခိုင်အမာပြောသည်။
"ဒီလိုစကားရှိတာလား"
ပိုင်ရဲ့က သံသယဖြစ်သွားသည်။ ကြက်ဥအနှစ်၏ ကယ်လိုရီပမာဏကို စစ်ဆေးရန် သူ့ဖုန်းကို ဖွင့်လိုက်၏။
သူ့ဖုန်းက WeChat မျက်နှာပြင်ပေါ်တွင် ရှိနေသေးသည်။ချီရှင်းချန် သူ၏ ပရိုဖိုင်ပုံကို မြင်ပြီး ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။ "စကားမစပ်၊ မေးဖို့ မေ့တော့မလို့"
"ဘာဖြစ်တာလဲ"
"ကောပေးခဲ့တဲ့ အယ်လ်ဘမ်ကို ကျွန်တော်ဖွင့်ခဲ့တယ်"
ချီရှင်းချန်က ဆိုလိုက်သည်။
"ကျွန်တော့်အတွက် သီးသန့်သီချင်းတစ်ပုဒ်ပါတာလား"
"ဟုတ်တယ်"
"ဒီသီချင်းက ဘယ်တုန်းကရေးတာလဲ"
ပိုင်ရဲ့ ခဏလောက် ပြန်သတိရရန် ကြိုးစားပေမဲ့ ဘာမှ မမှတ်မိပေ။ "လှုံ့ဆော်မှုရဲ့ အရင်းအမြစ်ကို မမှတ်မိတော့ဘူး...စိတ်ထဲ နစ်မျောနေပြီး တစ်နေ့မှာ ဘယ်ကမှန်းမသိ ထွက်လာတာထင်တယ်... အယ်လ်ဘမ်ထပ်မလာခင် သီချင်းစာသားနဲ့ သီချင်းက ပြီးသွားတာ"
သူ မမှတ်မိဘူး…
ပိုင်ရဲ့ မှတ်ဉာဏ်အရ သူ ၎င်းကို မမှတ်မိရင် တကယ်မမှတ်မိခြင်းဖြစ်၏။ချီရှင်းချန် နောက်မေးခွန်းတစ်ခုကို ဆက်မေးသည်။
"ပရိုဖိုင်ပုံကကော...ပရိုဖိုင်ပုံအဖြစ် နားမော်နီတာကို ဘာကြောင့် သုံးတာလဲ"
ပိုင်ရဲ့က သူ့နှုတ်ခမ်းတွေကို စုဝိုင်းလိုက်သည်။ သူဘယ်လိုရှင်းပြရမှန်းမသိပေ။
သူ့ဖန်လေးကို နောက်ကွယ်က အဓိပ္ပါယ်ကို သူ မပြောနိုင်ပေ။
ဂီတဖျော်ဖြေပွဲ မတော်တဆဖြစ်မှုက သူ့ကို စာအုပ်ထဲကို ပို့လိုက်သည်။ သူပထမဆုံးဝင်လာတုန်းက ဘယ်ရောက်နေမှန်း မသိခဲ့ပေ။ သူ့စိတ်ရှုပ်ထွေးမှုမှာ သူ့ပင်ကိုယ်စိတ်က သူ့ကို တစ်ခုခုရှာရန် ပြောခဲ့သည်။ ဤအရာက နေရာလွတ်နှင့် ပတ်သက်မှု ရှိနိုင်သည်။
ထိုသို့ဖြင့် နောက်နေ့မှာ ကုမ္ပဏီ၏ ဂိုဒေါင်ကို ဇောက်ထိုးလှန်ခဲ့သည်။ နောက်ဆုံးတွင် နားကြပ်ကို မြင်လိုက်သည့်အခိုက်တွင် ၎င်းက သူရှာဖွေနေသည့်အရာဖြစ်ကြောင်း သေချာသွားခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် တကယ့်လက်တွေ့ဘဝမှာ သူ့၏ ပွဲဦးထွက် (၅) နှစ်မြောက် ဖန်တွေ့ဆုံပွဲမှာ ဖန်တစ်ယောက်က ဖန်ကလပ်ကနေတစ်ဆင့် သူ့ကို တူညီသောလက်ဆောင်ပေးခဲ့သည့်အတွက်ပင်။
အတွင်းဘက်တွင် ရေးထွင်းထားသော စကားလုံးများကလည်း တူညီသည်။
"ငါ မင်းကို အသူရာချောက်နက်ထဲကနေ မျှော်ကြည့်နေတယ်"
သူ့ကို လက်ဆောင်ပေးခဲ့တဲ့ ဖန်က ဘာတွေ ကြုံခဲ့လဲ ဆိုသည်ကို သူသိချင်သည်။ သူ့အေးဂျင့်ကို ဖန်ကို မေးရန် တောင်းဆိုခဲ့ပေမဲ့ သူ့ကို လက်ဆောင်ပေးသည့် ဖန်က အမည်မသိဖြစ်ပြီး ဖန်ကလပ်က သူ့ကို ဆက်သွယ်၍ မရခဲ့ပေ။
သဲလွန်စလည်း သည်အတိုင်းပဲ ပြတ်တောက်သွားခဲ့သည်။ပိုင်ရဲ့ ထိုနားကြပ်တပ်ထားသည့်သူ့ကို ထိုဖန် မြင်လိုက်သည်နှင့် အသူရာချောက်၏အပြင်ဘက်က အလင်းရောင်ကို ခံစားနိုင်မည်ဟု မျှော်လင့်ပြီး ပိုင်ရဲ့က ၎င်းကို သိမ်းထားခဲ့သည်။
ယင်းက စာအုပ်ထဲသို့ သူကူးပြောင်းလာသည့်အချိန်အထိပင်။အသူရာချောက်နက်ကြီးထဲမှာ နေထိုင်နေသူကို အမြန်ဆုံးရှာတွေ့နိုင်ရန် သူ့ပရိုဖိုင်ပုံကို နားကြပ်ပုံအဖြစ် ပြောင်းလဲခဲ့သည်။ ယခု…
သူ မလိုအပ်တော့ပေ။
အဘယ့်ကြောင့်ဆိုသော် သူ သူ့ဖန်လေးနှင့်သည်မှာနေရန်ဆုံးဖြတ်ထား၍ပါပင်။
ဖန်လေးက တကယ့်လူအစစ်မဟုတ်ဘဲ စာအုပ်ထဲက ဇာတ်ကောင်တစ်ယောက်ဖြစ်သော စက္ကူလူသားတစ်ယောက်သာဖြစ်၏။
သူ ကူးပြောင်းလာသူဟူသော သူ၏အထောက်အထားကို ဖုံးကွယ်ပြီး ကျန်ဘဝတစ်လျှောက်လုံး ဖန်လေးနှင့်အတူ ဖြတ်သန်းချင်သေးသည်။
"ရဲ့ကော"
သူ တုံ့ဆိုင်းနေသည်ကိုမြင်သောအခါ ချီရှင်းချန်က ထပ်မေးလာ၏။
"အဲဒါကို ခင်ဗျားရဲ့ ပရိုဖိုင်ပုံအဖြစ် ဘာကြောင့်သုံးခဲ့တာလဲ"
ပိုင်ရဲ အသိပြန်ဝင်လာသည်။ မလိမ်ချင်ပေမဲ့ သူလိမ်ရမည်။
"အရမ်းကြိုက်လို့"
.........
ချီရှင်းချန် မျှော်လင့်ထားသည့်အတိုင်း နှစ်သစ်ကူးအကြိုတွေ့ဆုံမှုအပြီးတွင် မီးခိုးရောင်လမ်း၏အဖွဲ့သားများသည် လျန်ရှောင်လုံ၏ဆယ်ကျော်သက်အခန်းနှင့် စုံထောက်ဇာတ်ဝင်ခန်းများကို ရိုက်ကူးရန် တောင်ပေါ်သို့ ပြောင်းရွှေ့ခဲ့ကြသည်။ ရိုက်ကူးချိန်က တစ်လလောက်ရှိမည်ဟု ခန့်မှန်းရသည်။ တောင်ပေါ်ရှိ ရာသီဥတုကြောင့် ဆယ်ရက်မှ နှစ်ဆယ်အထိ ရွှေ့ဆိုင်းရနိုင်သည်။
ဇာတ်ကွက်ကို တတ်နိုင်သမျှ ပြန်လည်ထိန်းသိမ်းရန်အတွက် ဒါရိုက်တာကျိုးက တည်နေရာကို ရွေးချယ်ရာတွင် သက်သောင့်သက်သာဖြစ်စေရန် မစဉ်းစားခဲ့ပေ။ ရိုက်ကူးရေးနေရာက အလွန်ရှေးကျပြီး ကားများပင် မမောင်းနိုင်ပေ။ရိုက်ကူးရေးအသုံးအဆောင်ပစ္စည်းများ၏ ပထမခရီးတစ်ဝက်ကို တောင်ခြေရင်းသို့ စက်ဖြင့် ဆွဲယူခဲ့ပြီး ဒုတိယပိုင်းကို လုံးလုံးလျားလျား လူအင်အားဖြင့်သယ်ခဲ့သည်။
တောင်တက်လမ်းက ထင်ထားသည်ထက် ပိုခက်၏။ တောင်ပေါ်အတက်အဆင်းခရီးသယက ရိုက်ကူးရေးနှောင့်နှေးမည်ကို စိုးရိမ်သဖြင့် အဖွဲ့သားများသည် တောင်ပေါ်အတက်လမ်းတစ်ဝက်က ရွာလေးတစ်ရွာတွင် စခန်းချရန် ဆုံးဖြတ်ခဲ့ကြသည်။ ငှားထားသည့် ခြံဝင်းထဲက အိပ်ယာကရ့ဖန်ရံခါ စိုစွတ်နေပြီး မှိုနံ့တွေ ထွက်နေတတ်သည်။ ကြွက်များ၊ မြွေများ၊ ကင်းခြေများ နှင့် အခြားတိရစ္ဆာန်ငယ်လေးများက တစ်နေ့တာလုံး လာရောက်လည်ပတ်ကြသည်။အစားအစာမှာလည်း သဘာဝအတိုင်း အဆင့်များစွာ နိမ့်ကျနေသည်။ ပိန်ပြီးသားချီရှင်းချန်က ပိုပိန်လာသည်။
သေချာသည်ပင်၊ ကြမ်းတမ်းသည့်အခြေအနေတွေက ချီရှင်းချန်အတွက် ပြဿနာမဟုတ်ပါချေ။ အခက်ခဲဆုံးအချက်မှာ ဖုန်းလိုင်းနှင့် အင်တာနက်ဖြစ်သည်။ တောင်များတွင် ကြိုးမဲ့ကွန်ရက်မရှိသဖြင့် အနီးဆုံးတာဝါတိုင်က တောင်ခြေရင်းတွင်ရှိသည်။ အချိန်အများစုတွင်၊ သူ၏ဖုန်းက "ဝန်ဆောင်မှုမရှိသောအခြေအနေ" တွင်ရှိနေပြီး တစ်နေ့လုံး မက်ဆေ့ချ်မပို့နိုင်ပေ။
ပိုင်ရဲ့နှင့် ယခင်ကလို ဗီဒီယိုကောလ်ပြောရန်က ဝေးစွပင်။
WeChat တွင် သူနှင့်စကားပြောဆိုနိုင်ခြင်းသည် ဤခက်ခဲသောနေ့ရက်များတွင် တစ်ခုတည်းသောတောက်ပရာဖြစ်သည်။
ယနေ့ မိုးရွာသည့်ညမှာ တောင်တန်းတွေပေါ်မှာ ပြေးလွှားလိုက်ဖမ်းရသည့် အရေးပါသော ဇာတ်ဝင်ခန်းတစ်ခုကို သူတို့ ရိုက်ကူးခဲ့ရသည်။ ဆယ်နာရီတွင် ရိုက်ကူးရေးဝန်ထမ်းများသည် မိုးကာအင်္ကျီနှင့် ဘွတ်ဖိနပ်များ ဝတ်ဆင်ထားကြပြီး ကင်မရာမီးများက မှောင်မည်းနေသော တောအုပ်ထဲတွင် တဖျတ်ဖျတ် လင်းလက်၍နေသည်။
တောင်ပိုင်းရှိ တောင်တန်းများက ဆောင်းရာသီတွင် အလွန်အေးပြီး မိုးရွာသောအခါ ပို၍ပင် အေးသည်။ ကြီးမားသော မိုးရေစက်များက ကောင်းကင်ယံမှ ကျဆင်းလာကာ လေတိုက်ခတ်မှုကြောင့် မိုးရေကန့်လန့်ကာများအဖြစ်သို့ လွင့်သွားခဲ့သည်။ချီရှင်းချန်မှာ သူ့ကိုယ်အနှံ့ပက်ဖြန်းလာသော မိုးစက်မိုးပေါက်များကြောင့် ချက်ချင်းဆိုသလို သူ အရိုးထဲ စိမ့်ဝင်သွားသည်အထိ အေးခဲသွားခဲ့သည်။
သို့သော်လည်း ပထမဇာတ်ဝင်ခန်းအနည်းငယ်တွင် အမျိုးသမီးဇာတ်ဆောင် ဖုန်းနျို့က လျန်ရှောင်လု ၏သူငယ်ချင်းအဖြစ်နှင့် စုံစမ်းစစ်ဆေးရန် လျန်ကျားရွာသို့ ခိုးဝင်ခဲ့ပြီး စန်းစန်းတင့်သော ရွာသားများက သူမကို သတိပြုမိခဲ့သည်။ ရွာသူကြီးက ဖုန်းနျို့ ကို ဖမ်းရန် ရွာရှိ သန်သန်မြန်မြန် လူငယ် အားလုံးကို စုရုံးလိုက်သည်။ အခြားသွားစရာနေရာမရှိသဖြင့် လျန်ရှောင်လုံက သူမအား တောင်ပေါ်သို့ ထွက်ပြေးရန် ခေါ်ဆောင်သွားခဲ့သည်။ တောင်ပေါ် ပြေးတက်ကြ တွားတက်ကြရင်း သူတို့၏အဝတ်အစားများ သစ်ကိုင်းများဖြင့်ငြိကာ စုတ်ပြဲသွားကြသည်။
ထို့ကြောင့်၊ ယခုအချိန်တွင် ချီရှင်းချန် နှင့် ယန်းလောနန်၏ ၀တ်စုံများကို စတိုင်လစ်များကများက စုတ်ဖြဲထားခဲ့သည်။ ဝတ်သည်ဖြစ်စေ မဝတ်သည်ဖြစ်စေ ဘာမှမထူးခြားဘဲ နွေးထွေးမှုတစ်စုံတစ်ရာကို ပေးစွမ်းနိုင်ခြင်း မရှိခဲ့ပေ။
အပိုပစ္စည်းများကို နေရာချထားပြီး ရိုက်ကူးရေးစတင်ခဲ့သည်။ ဒါရိုက်တာကျိုး၏ အမိန့်ဖြင့် ချီရှင်းချန်နှင့် ယန်းလောနန်တို့သည် ၎င်းတို့၏ထီးများကို လွှင့်ပစ်ကာ လျန်ရှောင်လုံ နှင့် ဖုန်းနျို့ တို့၏ အခန်းကဏ္ဍသို့ လျင်မြန်စွာ ဝင်ရောက်လာခဲ့သည်။
နက်ရှိုင်းသောတောင်တန်းများ၊ကြမ်းတမ်းသော လေပြင်းများ၊သည်းထန်သော မိုး၊ မှောင်မိုက်သောည... သစ်ပင်ကြီးအောက်တွင် ဖုန်းနျို့ သူမ၏လက်များကို ဒူးပေါ်တင်ကာ ပင့်သက်ရှိူက်လိုက်သည်။
တစ်လမ်းလုံး ပြေးထားသည့် လျန်ရှောင်လုံလည်း အနည်းငယ် ပင်ပန်းနေသည်။ သူ့မျက်နှာကို သုတ်လိုက်ပြီး ယူနီဖောင်းဝတ်ထားသည့် အမျိုးသမီးကိုမေးလိုက်၏။
"အဆင်ပြေရဲ့လား"
"ဘာပြောလိုက်တာ..."
လေက အလွန်ကြမ်းသည့်တွက် ဖုန်းနျို့ သူ့အသံကို မကြားရပေ။
"ကျွန်တော် ပြောတာ..."
လျန်ရှောင်လုံက အော်လိုက်သည်။
"ဖုန်းနျို့ ခင်ဗျားအဆင်ပြေရဲ့လား"
ဖုန်းနျို့က သူ့ကို မျက်စောင်းထိုးလိုက်သည်။
"ငါ့ကို နာမည်အပြည့်အစုံနဲ့ မခေါ်ဖို့ မင်းကို ဘယ်နှစ်ခါပြောထားလဲ...အစ်မကြီးလို့ ခေါ်"
သို့သော်လည်း လျန်ရှောင်လုံက သူမစကားကို နားမထောင်ဘဲ သူမကို နာမည်အပြည့်အစုံဖြင့် ခေါ်ရန် ခေါင်းမာနေဆဲဖြစ်သည်။
ဖုန်းနျို့ ဒေါသတကြီး ရယ်လိုက်သည်။ သူမ၏ နှုတ်ခမ်းနီနီနှင့် သွားဖြူဖြူများက စစ်ယူနီဖောင်းထက် ပိုနူးညံ့ပုံပေါ်၍နေသည်။လျန်ရှောင်လုံ သူမကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်ပြီးနောက် သူ့အင်္ကျီနှင့် ဂျာကင်ကို ချွတ်ကာ သူမကိုခြုံပေးလိုက်သည်။
"ကောင်စုတ်လေး"
ဖုန်းနျို့က ဂျာကင်အင်္ကျီကို ပြန်ပစ်လိုက်သည်။
"ဒီအစ်မကြီးက စစ်သင်တန်းကျောင်းဆင်း... ငါ့ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက မင်းထက် ပိုကောင်းတယ်... ဝတ်ထား"
"မဟုတ်ဘူး"
လျန်ရှောင်လုံ ၏ လေသံ တင်းမာသွားသည်။
"ကျွန်တော်က ယောက်ျား(လေး)... ခင်ဗျားကို ဂရုစိုက်ရမယ်"
သူက 19 နှစ်ပြည့်ပြီးခါစဖြစ်ပြီး သူ့အရွယ်က ဆယ်ကျော်သက်နှင့် လူငယ်တစ်ဦးကြားမှာ ရှိနေခဲ့သည်။ "ယောကျာ်း" ဟူသော စကားကို ပြောခြင်းသည် ရယ်စရာကောင်းလှသည်။ဖုန်းနျို့က ပို၍ပင် ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
လျန်ရှောင်လုံ သူမဘာကြောင့်ရယ်သည်ကို မသိသော်လည်း သူမရယ်သည်ကိုမြင်သောအခါ သူလည်း မရယ်ဘဲမနေနိုင်ပေ။ နှစ်ယောက်သား အတူတူ ရယ်မောနေကြချိန်မှာပဲ...
"ဟိုမှာ... ဟိုမှာ တစ်ယောက်ယောက်ရှိတယ်"
"ဘယ်မှာလဲ"
"အရှေ့က အတုတ်ဆုံးသစ်ပင်အောက်မှာ"
"ငါမြင်တယ်... အားလုံး ငါ့နောက်ကို လိုက်ခဲ့"
ဝံပုလွေခွေးကြီးနှစ်ကောင်၏ အူသံနှင့်အတူ အော်ဟစ်သံက ညမှောင်မှောင်မှာ ထွက်ပေါ်သည်။ဖုန်းနျို့က မျက်မှောင်ကြုတ်လိုက်သည်။
"ရှောင်လုံ.. မင်းအရင်သွားနှင့်...ငါသူတို့ကို မျှားခေါ်သွားလိုက်မယ်"
"မရဘူး...ခင်ဗျား အဖမ်းခံရလိမ့်မယ်"
"ငါ အဖမ်းခံရရင်ကော ဘာဖြစ်လဲ... ဒါက ဥပဒေအရ အုပ်ချုပ်တဲ့လူ့အဖွဲ့အစည်းပဲ...သူတို့ ငါ့ကို သတ်နိုင်မှာလား"
"မဟုတ်ဘူး"
လျန်ရှောင်လုံက ခေါင်းခါလိုက်သည်။ "သူတို့က ခင်ဗျားကို သော့ခတ်ပိတ်ထားပြီး ကလေးမွေးအောင်လုပ်လိမ့်မယ်"
လျန်ရှောင်လုံ၏ IQ က သူ့ရွယ်တူများထက် အနည်းငယ်နိမ့်သည်။ မကြာသေးမီက သူသည် ကျွမ်းကျင်သူများ၏ ကုသမှုအောက်တွင် များစွာတိုးတက်ကောင်းမွန်လာခဲ့သော်လည်း သူသည် အလွန်ရိုးရှင်းနေဆဲဖြစ်သည်။ဖုန်းနျို့ ထိုစကားကို ကြားလိုက်ရသောအခါ သူမနှလုံးသား တုန်လှုပ်သွားသည်။
မျိုးရိုးကို ဆက်လက်ထိန်းသိမ်းပြီး မိသားစုပြန့်ပွားစေရန်အတွက် လူအနည်းငယ်သာရှိသော ဆင်းရဲသောတောင်တန်းဒေသများတွင် ရွာသားများသည် ကလေးများကိုသာမက အမျိုးသမီးများကိုပါ ၀ယ်ကြသည်။ဤပြန်ပေးဆွဲခံရသည့် အမျိုးသမီးတွေဟာ နာခံမှုရှိလျှင် အဆင်ပြေသည်။နာခံမှုမရှိပါက ဦးစွာ နာခံမှုမခံရှိမချင်း ရိုက်နှက်ခံရမည်ဖြစ်သည်။ထို့သည့်တိုင် မနာခံသေးလျှင် အိမ်ထဲမှာ အကျဥ်းချခံရလိမ့်မည်။အိမ်သာသွားရုံကလွဲ၍ အပြင်မထွက်ရပေ။အစာစားချိန်ကလွဲ၍ နေ့တိုင်း လိင်ဆက်ဆံခိုင်းပေလိမ့်မည်။
ထိုထဲတွင် ချမ်းသာသောမိန်းကလေးများ၊ ပညာတတ်မိန်းကလေးများနှင့် သာမန်မိန်းကလေးများပါ၀င်သည်။ သို့သော် နောက်ဆုံးတွင် ၎င်းတို့အားလုံးကို သက်ရှိလူသားအဖြစ်မှ ကလေးမီးဖွားရန် ကိရိယာအဖြစ် လျှော့ချလိုက်ကြသည်။
ဖုန်းနျို့ ရဲအရာရှိဖြစ်ရန် ရွေးချယ်ရသည့် အကြောင်းရင်းမှာ ထိုနေရာကနေ ကယ်ဆယ်ခံထားရသည့် မိန်းကလေးတွေကို သူမကိုယ်တိုင် မျက်စိနှင့် မြင်ခဲ့ရသည့်အတွက်ပင်။သူတို့၏ မျက်လုံးများသည် မှိန်ဖျော့သွားပြီး ဘဝအတွက် စိတ်အားထက်သန်မှု အားလုံးကို ဆုံးရှုံးခဲ့ကြသည်။
"ဖုန်းနျို့"
လျန်ရှောင်လုံက သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။
"သွားကြရအောင်"
"… ကောင်းပြီ"
ဖုန်းနျို့ မတ်မတ်နေကာ ပြောလိုက်သည်။
သူတို့ အသက်ရှုချိန်ပင်မရဘဲ နှစ်ယောက်သား ရှေ့ကို ဆက်ပြေးကြသည်။ ရွှံ့တွေနှင့် စိုစွတ်
နေသည့် တောင်ပေါ်လမ်းကို သစ်ရွက်ခြောက်တွေနှင့်ကျောက်တုံးတွေက ဖုံးအုပ်ထားသည်။ မိုးရွာသွန်းမှုကြောင့် သူတို့၏အမြင်အာရုံကို ပိတ်ဆို့သွားသည်နှင့်အမျှ သူတို့သည် လဲလိုက်ပြန်ထလိုက် လဲလိုက် ပြန်ထလိုက်ဖြင့် ဆက်ပြေးနေခဲ့သည်။