အပိုင်း ၉၂
Viewers 17k

Chapter 92
ပေါင်းစည်းခဲ့သည်


နှစ်၁၅၀၀က အလွန်ကြာပေသည်။ ဤနေရာတွင် နေထိုင်ကြသော လူအများစုက ဤနေရာသို့ ပြောင်းရွှေ့လာကြပြီး ကံဆိုးမှုတစ်ခုမှ ရှင်သန်နိုင်ခဲ့သော သူများ၏ မျိုးဆက်သစ်များ ဖြစ်ကြသည်။ သူတို့သည်လည်း သူတို့၏ ဘိုးဘေးများ ပြုလုပ်ခဲ့သည်များကို တဖြည်းဖြည်းမေ့လာကာ ကျိန်ဆိုထားသည်များကိုလည်း မေ့သွားကြပေသည်။ 

ဖူလီက ညပုလဲကို ကိုင်ကာ နံရံဆေးရေး ပန်းချီကို အစမှ အဆုံးထိ လေ့လာကြည့်လိုက်သည်။ နောက်ဆုံး ပန်းချီမှာ နတ်ဘုရား နဂါးက ရေထဲမှ ထိုးထွက်လာကာ အမြင့်ဆုံး ကောင်းကင်ဆီသို့ ပျံသန်းသွားပြီး မြေပြင်တွင် လူသားများက ဒူးထောက် ခစားနေကြသည့် ပုံဖြစ်သည်။ ထိုခေတ်မှ လူများက ဤနတ်ဘုရားနဂါးကို အမှတ်ရနေဆဲ ဖြစ်ကာ နှစ်တစ်ထောင်အကြာတွင် သူတို့ကိုယ်သူတို့ သူ့ရှေ့တွင် ပုံဖော်ထားကြပုံရပေသည်။

သို့သော် လူသားများအတွက်မူ နှစ်၁၅၀၀ဆိုသည်က အလွန်ရှည်လျားလှသဖြင့် မေ့ပျောက်သွားနိုင်ပေသည်။

နံရံဆေးရေးပန်းချီက အလွန်ရုပ်ဆိုးလှပြီး ရယ်စရာကောင်းပေသည်။ အလှအပ ခံစားချက်လည်း မရှိသလို ခန္ဓာကိုယ် အချိုးအစားများကလည်း ဟန်ချက်ကင်းမဲ့နေပေသည်။ လက်များက ကြီးနေကာ ကိုယ်လုံးက သေးနေပေသည်။ သူတို့၏ သွင်ပြင်ကို လုံးဝပင် အာရုံမစိုက်ပါပေ။ သူတို့က ကလေးများ လက်ဆော့ထားသည်နှင့် တူပေသည်။ ဖူလီက နံရံဆေးရေးပန်းချီထဲရှိ လူသားများ ဒူးထောက်နေသည်ကို ထိလိုက်သည်။ လေကြောင့် တိုက်စားခံထားရသော အတုံးတစ်ခုက ကျောက်တုံးမှ ကျလာလေသည်။

"တောင်ပိုင်း လီအန်းမင်းဆက် ၁၅နှစ်မြောက်... ရွာငါးရွာက ရေကြီးကာ ပျက်စီးသွားသော်လည်း နတ်ဘုရား နဂါး၏ ကယ်တင်ခြင်းကို ခံရရန် ကံပါလာခဲ့တယ်... ရွာငါးရွာက ဘယ်သူမှ ဒဏ်ရာမရဘူး... နတ်ဘုရား နဂါးက မောပန်းပြီး သေဆုံးသွားလို့ ရွာသားတွေကို ဝမ်းနည်းစေတယ်... နတ်ဘုရား အကြံဉာဏ်ကို လိုက်ရှာတယ်ပြီး နတ်ဘုရား နဂါးကို ရေထဲမှာ မြုပ်နှံပြီး သူ့ရဲ့ နတ်ဘုရား အရိုးတွေကို ချိတ်ပိတ်တာက နတ်ဘုရားဝိညာဉ်ကို တစ်စစီ ပြိုကွဲသွားတာကနေ ကာကွယ်ပေးတယ်... ဒီစာနဲ့ နောက်မျိုးဆက်များကို သတိပေးပါမယ်... နတ်ဘုရား နဂါးကို ငါတို့ရဲ့ အလုပ်ကျွေးပြုခြင်းက မပြီးဆုံးပါဘူး... တောင်ပိုင်းလီအန်းမင်းဆက်ကို တည်ထောင်ခဲ့သည့် ၁၈နှစ်မြောက်..."

တောင်ပိုင်းမင်းဆက်၏ လီအန်းတိုင်းပြည်...

အချိန်အပိုင်းအခြားကို မီတည်ကာ တောင်ပိုင်း လီအန်းမင်းဆက်၏ ၁၅နှစ်မြောက်မှာ CE ၅၁၆ ဖြစ်နိုင်ပေသည်။ လှိုဏ်ဂူထဲမှ နံရံဆေးရေးပန်းချီကို ပြုလုပ်ရန် ၃နှစ်ကြာပြီး ထိုရွာသားများက ဤနံရံဆေးရေးပန်းချီ ပြီးဆုံးပြီးနောက် ၂နှစ်အကြာတွင် ဓားပြအဖွဲ့များ၏ လက်ထဲတွင် သေဆုံးသွားသည်ဟု ဆိုနိုင်ပေသည်။

ထိုလူနှစ်ရာ သို့မဟုတ် သုံးရာ၏ သေဆုံးမှုတွင် သူရသတ္တိရော ခံစားချက်ရော မရှိပါပေ။ သူတို့၏ သေဆုံးမှုက တိတ်ဆိတ်မှုတစ်ဖြစ်သည်။ သမိုင်းကြောင်း ရှည်ကြီးတစ်လျှောက်တွင် မှတ်တမ်းများ မရှိပါပေ။ 

ဖူလီက နံရံဆေးရေးပန်းချီများကို ညင်သာစွာ ထိလိုက်သည်။ သူက ကုန်းဖုဆီသို့ လှည့်လိုက်သည်။ သူ့နှလုံးသားထဲမှ မွန်းကြပ်မှုနှင့် ဝမ်းနည်းသော ခံစားချက်က စကားလုံးများဖြင့် ဖော်ပြ၍ မရပါပေ။ 

သူကတောင် ဒီလို အခြေအနေဖြစ်နေရင် ကုန်းဖုရဲ့ ခံစားချက်တွေက ဘယ်လောက်တောင် ရှုပ်ထွေးနေ လောက်မလဲ...

သူက ထိုလူသားများကို နှစ်၁၅၀၀ တိုင်တိုင်မုန်းနေခဲ့သော်လည်း အဆုံးတွင် သူက ရေထဲတွင် အဆုံးမဲ့ ချုပ်နှောင်ခြင်းကို ခံရပြီး သူတို့က သူ့အတွက် သေဆုံးသွားသည်ကို တွေ့လိုက်ရသည်။ 'သူ'က အမှန်တကယ်ပင် ပြန်လည် ရှင်သန်လာသော်လည်း နတ်ဘုရား နဂါးတစ်ကောင်အနေဖြင့် ကောင်းကင်သို့ မပျံသန်းခဲ့ပါပေ။ ထိုအစားက သူက သမုဒ္ဒရာအောက်ခြေမှ လက်စားချေလိုစိတ်ဖြင့် တွားသွားထွက်လာသော မကောင်းဆိုးဝါး ကျင့်ကြံသူတစ်ယောက် ဖြစ်နေပေသည်။ 

ကံတရားက လူတွေကို အရူးလုပ်သွားလေသည်။ 

ဖူလီက ထိုညင်သာသော စကားလုံးငါးလုံးတွင် ပါဝင်သော အဓိပ္ပာယ်ကို နားမလည်ခဲ့ပါပေ။ ယနေ့တွင်မှသာ သူက ၄င်း၏ အဓိပ္ပာယ်ကို ဖမ်းဆုပ်နိုင်ခဲ့ပေသည်။ ထိုစကားလုံးငါးလုံးက အလွန်မှိုင်းညို့နေသဖြင့် အသက်ရှုပင် ကြပ်လာစေသည်။

ကုန်းဖုက ခပ်ဖျော့ဖျော့ လက်တစ်ချောင်းကိုထုတ်ကာ နတ်ဘုရား နဂါးက မင်္ဂလာတိမ်တိုက်များကြားတွင် ပျံသန်းနေသည်ကို ထိလိုက်သည်။ ကျောက်နံရံက ရေခဲတမျှ အေးစက်နေပေသည်။ ကုန်းဖု၏ အထိအတွေ့အောက်တွင် နတ်ဘုရား နဂါးက တဖြည်းဖြည်းနှင့် အမှုန့်အဖြစ် ပြောင်းသွားကာ ချိုင့်နေသော နေရာလွတ်တစ်ခုအဖြစ် ပြောင်းသွားလေသည်။

"သခင်ကြီး ကုန်းဖု..."

ဖူလီက နံရံဆေးရေးပန်းချီက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်လိုက်သည်။ သူက ဆွဲဆောင်သည့် စကားလုံးတစ်ချို့ ပြောလိုသော်လည်း ကျွမ်းချင်က တားမြစ်လိုက်သည်။ 

ကျွမ်းချင်က သူ့ကို ခေါင်းခါပြလိုက်သည်။ ကျေးဇူးတရာနှင့် အာဃာတတို့ ရောယှက်နေရာတွင် မည်သူကမှ အမှား အမှန် မခွဲခြားနိုင်ပါပေ။ အပြင်လူများက ကြားဝင်ပိုင်ခွင့် မရှိပါပေ။

ပုံရိပ်တစ်ခုပြီး တစ်ခုက ကုန်းဖု၏လက်များအောက်တွင် ပျောက်ကွယ်သွားလေသည်။ ကုန်းဖူက အလွန်နှေးကွေးစွာ ရွေ့လျားလိုက်သည်။ သူက ပုံများကို မဖျက်ပစ်ခင်တွင် နှလုံးသားထဲ၌ ထွင်းထုနေဟန် ရပေသည်။ ထိုခေတ်၏ လူသားများက တခြားသူများ၏ ကယ်တင်ခြင်း ခံရသည့် လိုအပ်ချက်ကို ပျောက်ဆုံးနေသည်မှာ ကြာပြီ ဖြစ်သည်။ သူတို့က သူတို့ကိုယ်သူတို့ ကယ်တင်နိုင်ပေသည်။ 

အဲ့ဒါဆိုရင် ဘာလို့ ဘာမှမသိတဲ့ လူတွေကနေပြီး သူတို့ကို အဆန်းတကြယ်အဖြစ် ဖော်ပြလို့ရအောင် ဒီလိုအရာတွေကို ချန်ထားခွင့်ပြုရအုံးမှာလဲ...

အလယ်ရှိ ပုံရိပ်က နောက်ဆုံး ကျန်ရစ်နေသော တစ်ခုဖြစ်ပေသည်။ 

နတ်ဘုရား နဂါးက သေဆုံးသွားပေသည်။ ရွာသားများက နတ်ဘုရား နဂါးကို ဝန်းရံထားပြီး ဒူးထောက်ကာ ဝတ်ပြုနေကြသည်။ သူတို့က မျက်နှာများကို ဖုံးထားပြီး ခါးသက်စွာ ငိုကြွေးနေကြသည်။

ကုန်းဖုက ထိုပုံကို အတန်ကြာအောင် စိုက်ကြည့်လိုက်သည်။ သူက လက်ချောင်းများကို ကွေးကာ လက်နောက်ပစ်ထားလိုက်သည်။ နတ်ဘုရား နဂါးက သေဆုံးသွားပြီး ဖြစ်သည်။ ၄င်းက ကောင်းကင်သို့ ပျံသန်းနိုင်မည် မဟုတ်တော့ပါပေ။ ဤပုံကို ချန်ထားရသည်က အတန်ပင် သင့်တော်ပေသည်။ 

သူက သူနှင့် လှိုဏ်ဂူထဲသို့ အဖော်လိုက်လာသော ဂျူနီယာနှစ်ယောက်ကို လှည့်ကြည့်လိုက်ပြီး ရုတ်တရက် ရယ်မောလိုက်သည်။ သူ့၏ နက်စွေးစွေး ဆံပင်များတွင် မြူနှင်း အရောင်ရှိပေသည်။ သူက အငြိုးများ ပြည့်နှက်နေဟန် မရတော့ပါချေ။ 

"သွားစို့..."

သူက ခါးကိုင်းကာ မြေပြင်မှ ကျောက်စိမ်းရိုးထီးကို ကောက်လိုက်သည်။

"ငါ သွားသင့်တာ ကြာပြီ..."

သူက လှိုဏ်ဂူထဲမှ ထွက်လာပြီး ကြည်လင်နေပြီးဖြစ်သော ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ကောင်းကင်တွင် နေမင်းကြီးက တောက်ပနေလေသည်။ လောကကြီးတစ်ခုလုံးက အလှတရားဖြင့် ထွန်းလင်းနေပုံရပေသည်။ သူက တောင်အောက်နှင့် သူခြေထောက်အောက်မှ ရေကို ငုံ့ကြည့်လိုက်ပြီး ဖူလီကို ဆိုလိုက်သည်။

"အပြင်လောကကြီးက တကယ်ကို ရေထဲကထက် လှတာပဲ..."

ကုန်းဖုက သူ့ခေါင်းပေါ်မှ ထီးကို အဝေးသို့ ရွေ့လိုက်ပြီး သူ့၏ ကျောက်စိမ်းသဖွယ်လက်ကို နေရောင်အောက်သို့ လှစ်ဟလိုက်သည်။

"မင်း ထီးကို ပြန်ယူလို့ရပြီ..."

ကုန်းဖုက ပြုံးလိုက်သည်။ 

"ငါမလိုတော့ဘူး..."
နတ်ဘုရား နဂါးတစ်ကောင်က ကယ်တင်ပေးရန် မလိုအပ်တော့သော လူသားများကဲ့သို့ပင်။ 

ကုန်းဖု၏ ခန္ဓာကိုယ်က တဖြည်းဖြည်း အလင်းပေါက်သွားရာ ဖူလီက အလောတကြီးဆိုလိုက်သည်။

"သခင်ကြီး ကုန်းဖု..."

"ငါက ကုန်းဖုမဟုတ်ဘူး... သူချန်ထားခဲ့တဲ့ အငြိုးပါပဲ... အခုတော့ ဒီအငြိုးရဲ့ အကြောင်းပြချက်က မရှိတော့ဘူး... အဲ့တော့ ငါ ဒီလောကကြီးထဲမှာ ဆက်ရှိနေဖို့ မလိုတော့ဘူး..."

ကုန်းဖုက ယခုပြုံးနေသကဲ့သို့ ညင်သာစွာ မပြုံးတတ်တော့ပါပေ။ သူက ကုန်းဖုအသက်ရှင်စဉ်ကကဲ့သို့ပင် စိတ်ရင်းကောင်းကာ ချောမောပေသည်။

"မဟုတ်ဘူး... ဟိုကလေးက ခင်ဗျားကို လိုတယ်..."

ဖူလီက ကျောက်စိမ်းရိုးထီးကို ဖွင့်ကာ ကုန်းဖု၏ ခေါင်းကို ဆောင်းပေးလိုက်သည်။

"နောက်ကျရင် သူက ခင်ဗျားကို နှစ်တိုင်း လာဘ်ပစ္စည်းတွေပေးမှာ... ခင်ဗျာ ပျောက်သွားရင် သူ့ကို သေချာပေါက် ဝမ်းနည်းသွားစေလိမ့်မယ်..."

"ကလေးတွေက အမြဲတမ်း ငယ်ရွယ်မနေပါဘူး... သဘာဝအတိုင်းဆိုရင် သူတို့က တစ်နေ့ကျရင် ငယ်ဘဝရဲ့ အပြစ်ကင်းမှုကိုလည်းမေ့သွားမှာ..."
ကုန်းဖုက ဆိုသည်။

"ငါ အဲ့ကလေးကို ကျေးဇူးတင်သင့်တယ်...သူ့ကြောင့်သာမဟုတ်ရင် ငါ့ကို ချုပ်ထားတဲ့ သံကြိုးတွေကို ဖျက်နိုင်မှာမဟုတ်သလို အပြင်ဘက်က နေ၊ တောင်တွေနဲ့ ရေကို ထပ်ပြီး မြင်နိုင်မှာ မဟုတ်ဘူး... ဒီလောက်က အဆင်ပြေပါတယ်..."

"ဒါပေမဲ့ ငါတို့မင်းကို လိုတယ်..."

ဖူလီက အလောတကြီး ဆိုလိုက်သည်။
"ငါတို့ မင်းကို လိုတယ်... ကျွမ်းချင် ဟုတ်တယ်မလား..."

သူက ကျွမ်းချင်ဘက်သို့ အလောတကြီး လှည့်ကာ တစ်ခုခုပြောစေလို နေပေသည်။

"ဖူလီပြောတာ မှန်တယ်..."

ကျွမ်းချင်က တုံ့ပြန်လိုကသည်။

"ငါတို့ စီမံခန့်ခွဲရေး ဗျူရိုမှာ မိစ္ဆာငယ်လေးတွေ အများကြီးနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ လူတွေ အများကြီး ရှိတယ်... ကျင့်ကြံခြင်း လောက ဝါစဉ်ကို ထိန်းသိမ်းဖို့ ယောင်ကျင့်ကြံသူတွေ လိုတယ်... ကုန်းဖုက ကျွန်တော်တို့ကို ကူပေးမယ်လို့ မျှော်လင့်ပါတယ်"

"နောက်ကျသွားပြီ..."

ကုန်းဖုက ခေါင်းခါလိုက်သည်။
"ငါက အငြိုးတရားရဲ့ ပြန်လည်မွေးဖွားလာခြင်းတစ်ခုသာသာပဲ ငါ့မှာ ခန္ဓာကိုယ် မရှိဘူး..."

သူက ကျောက်စိမ်းရိုးထီးကို ဖယ်လိုက်သည့် အခိုက်အတန့်တွင် ပျောက်ဆုံးသွားမည်ဖြစ်သည်။ 
တိမ်များဆီမှ နဂါးနှာမှုတ်သံတစ်ခု ကြားလိုက်ရသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် မင်္ဂလာချီဖြင့် ပြည့်နှက်နေသော ရွှေရောင်အလင်းက တိုးဝေ့လာသည်။ 

ဖူလီနှင့် ကုန်းဖုက ချက်ချင်း မော့ကြည့်လိုက်သည်။ နဂါးနှင့် ဆင်တူလှသော နတ်ဘုရား သားရဲတစ်ကောင်က တိမ်အထပ်ထပ်ကို ဖြတ်သန်းကာ သူတို့အထက်တွင် စက်ဝိုင်းပုံ ပျံသန်းနေသည်။ 

"ဒါက..."

ကုန်းဖုက သူ့မျက်လုံးကို မယုံနိုင်သည့် ပုံဖြင့် ကြောင်ကြည့်နေသည်။

"ဒါက သုတေသန စက်ရုံကနေ ပျောက်သွားတဲ့ ကျောက်ရုပ်ထုဖြစ်နေတဲ့ ကုန်းဖုရဲ့ ခန္ဓာကိုယ်အစစ်ပဲ..."

ကျွမ်းချင်က တိမ်ပေါ်သို့ ခုန်တက်ကာ ရွှေနဂါးတစ်ကောင်အသွင်ပြောင်းပြီး ကုန်းဖုနှင့် အလျင်အမြန် ရောယှက်လိုက်သည်။ ထို့နောက်တွင် ကုန်ဖု၏ ခန္ဓာကိုယ်အစစ်က တန်းတန်းပျံဆင်းလာပြီး ပျောက်ကွယ်လုနီးနီးဖြစ်နေသော အငြိုးတရား ခန္ဓာဖြင့် ပေါင်းစည်းသွားလေသည်။ 

ဖူလီက ကုန်းဖုအစစ်တစ်ကောင်အဖြစ် တဖြည်းဖြည်း သိပ်သည်းသွားသည့် အငြိုးတရားနှင့် ပေါင်းစည်းသွားသည့် ရွှေရောင်အလင်းကို ကြောင်ကြည့်နေသည်။ သူက ဆန်းကြယ်မှုတစ်ခုကို ကြည့်လိုက်ရသည်ဟု ခံစားလိုက်ရသည်။ လွန်ခဲ့သည့် နှစ်၁၅၀၀က လူများက လုပ်နိုင်ခဲ့သည်။ သူတို့က ကုန်းဖူကို အမှန်တကယ်ပင် သေခြင်းမှ နိုးထစေနိုင်ပြီး ကောင်းကင်၏ အမြင့်သို့ တက်ရောက်စေနိုင်ခဲ့သည်။ 

လေထဲတွင် ရွှေနဂါး ကျွမ်းချင်က စူးစူးရှရှ နှာမှုတ်လိုက်ပြီး မြေပြင်သို့ ဆင်းသက်ကာ သူ့၏ လူသားပုံစံသို့ ပြောင်းလိုက်သည်။ သူက ဖူလီဆီသို့ လျှောက်သွားပြီး ခေါင်းကို ပွတ်ပေးလိုက်သည်။

"ပါးစပ်လေး ပိတ်ပါဦး..."

"ငါမင်းကို ဘယ်မှာတွေ့တာလဲ မှတ်မိပြီ..."

ကုန်းဖုက လူသားပုံစံသို့ ပြောင်းလိုက်သည်။ သွယ်လျလျခန္ဓာကိုယ် ကျက်သရေရှိလှသော ကိုယ်ဟန်တို့ဖြင့် သူက ယခုထက် ပိုမလှနိုင်တော့ပါပေ။ သူက ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်သည်။ ကျွမ်းချင်ကို ကြည့်ကာ သူကဆိုလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်၁၈၀၀တုန်းက အဲ့ နဂါးလေးမလား..."

"စီနီယာ..."

ကျွမ်းချင်က ကုန်းဖုကို ရိုရိုသေသေ အလေးပြုလိုက်သည်။

"ဒီတစ်ခါ မင်းတွေ့ထားတဲ့ တွဲဖက်က တော်တော် ချစ်စရာကောင်းတာပဲ..."

ကုန်းဖုက ဖူလီကို ဂရုတစိုက်ကြည့်လိုက်သည်။
"သွားစို့..."

"ဘယ်ကို သွားမှာလဲ..."
ဖူလီက ကြောင်အစွာ မေးလိုက်သည်။ 

"မင်းပြောတဲ့ စီမံခန့်ခွဲရေးဗျူရိုကိုပေါ့... ငါက ချစ်စရာ မိစ္ဆာလေးတွေနဲ့ စိတ်ဝင်စားစရာ လူသား ကျင့်ကြံသူတွေကို ကြိုက်တယ်..."

ကုန်းဖုက ကျောက်စိမ်း ပလွေတစ်ခုကို ဖန်ဆင်းလိုက်ပြီး မှုတ်လိုက်သည်။

"လူသားကျင့်ကြံသူတွေက အခုဆို မိစ္ဆာ မဖမ်းကြတော့ဘူးလား..."

"သူတို့က စိတ်တိုင်းကျ လုပ်လို့မရတော့ဘူး... မဟုတ်ရင် အပြစ်ပေးခံရမှာလေ..."

ဖူလီက သူ့၏ ကျောက်စိမ်းရိုးထီးကို ချမ့်ခွန်းအိတ်ထဲသို့ ပြန်ထည့်လိုက်သည်။ 

"လက်ရှိ လူ့အသိုင်းအဝိုင်းက သဟဇာတဖြစ်ပြီး လူသားတွေနဲ့ မိစ္ဆာတွေကြားမှာ ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲနေထိုင်တာကို တိုးချဲ့ထားလို့ သဟဇာတဖြစ်ပြီး လှပတဲ့ အိမ်တစ်ခုကို အတူတူ တည်ဆောက်လို့ရတယ်..."

"အဲ့ဒါက ပိုပြီး စိတ်ဝင်စားစရာကောင်းသွားပြီ..."

ကုန်းဖုက ခပ်ဖွဖွ ရယ်လိုက်သည်။ သူက နောက်လှည့်ကာ လှိုဏ်ဂူကို ကြည့်လိုက်သည်။ သူ့မျက်လုံးများက ၄င်းကို အချိန်ကြာကြာ စိုက်ကြည့်နေပြီး အပြုံးတစ်ခု ပြန်ဆင်မြန်းလိုက်သည်။

"သွားစို့..."

လှိုဏ်ဂူ၏ ကျောက်နံရံများပေါ်တွင် နံရံဆေးရေးပန်းချီတစ်ခုက ရုတ်တရက် ပေါ်လာလေသည်။ ဆေးရေးပန်းချီထဲတွင် နတ်ဘုရား နဂါးတစ်ကောင်က တောင်တစ်ခု၏ ထိပ်တွင် ရစ်ပတ်နေပြီး လူသားများက တောင်ခြေတွင် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ကာ အလုပ်လုပ်နေကြပေသည်။ တောင်က လှပပြီး ရေများက ကြည်လင်နေသော်လည်း အလှပဆုံးမှာ လူသားများ ဖြစ်ပေသည်။ 

ချင်ရှုနှင့် ချောင်းယွင်တို့က မြစ်ရေပေါ်ရှိ အငြိုးတရားများဖြင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။ မမျှော်လင့်ထားစွာပင် နေထွက်လာပြီးနောက် အငြိုးတရားများသည် အမူအရာမဲ့ အမျိုးသားတစ်ဦးက မြစ်ကမ်းဘေးတွင် အိပ်နေရာမှ တဖြည်းဖြည်းနိုးလာသလိုပင် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကာ ကြွေခွက်ကိုင်ထားသည့် အရူးသဖွယ် ရယ်နေသော ကလေးငယ်ကလည်း နိုးလာပေသည်။ 

ဒါက ဘာလဲ...

"ကောင်းကင်မှာ နဂါးချီတွေ ရှိနေသလိုပဲ..."

ချောင်းယွင်က ကောင်းကင်ကို ကြည့်လိုက်သည်။ ယနေ့တိမ်များက ထူးဆန်းနေပုံရသည်။ ၄င်းတို့ဆီမှ ရွှေရောင် အလင်းကို အမှန်တကယ် ထုတ်လွှတ်နေပေသည်။

"ဖူကောနဲ့ ဘော့စ်ကို အခုချက်ချင်း သွားရှာရအောင်..."

ချောင်းယွင်က သူမ၏ ဆံထိုးကို သိမ်းလိုက်သည်။ ချင်ရှု၏ ပျံသန်းနှုန်းက အလွန်နှေးသည်ကို တွေ့ကာ သူမက သူ့ကိုမ'ကာ ပျံလာလေသည်။ 

"အားးးးးး..."

ချင်ရှုက အော်ဟစ်လိုက်သည်။

"ကျင့်ကြံသူချောင်းယွင်... မင်းက အမျိုးသမီး မိစ္ဆာတစ်ယောက်နော်... နည်းနည်းလေး ပိုပြီး ညင်သာလို့ရမလား..."

"အမျိုးသမီးမိစ္ဆာဖြစ်တာနဲ့ပဲ ငါက ညင်သာရမှာလား... မင်းက လိင်ခွဲခြားနေတယ်လို့ ငါထင်တယ်..."

ချောင်းယွင်က လှောင်ရယ်လိုက်သည်။
"ကျင့်ကြံသူ... အဲ့ဒါက မကောင်းဘူးနော်..."

ထို့နောက်တွင် သူမက ပို၍ပင် မြန်မြန် ပျံလိုက်သည်။

ချင်ရှု၏ 'အားးးးးး...'သည်လည်း 'အား...'အဖြစ် အလျင်အမြန် ပြောင်းသွားလေသည်။

"ငါတို့ဆီကို သူငယ်ချင်း၂ယောက် လာနေတဲ့ ပုံပဲ..."

ကုန်းဖုက တိမ်ပေါ်တွင် ရပ်နေသည်။ သူမက အမျိုးသားတစ်ယောက်ကို သယ်လာသော မိန်းကလေးကို တွေ့လိုက်ပေသည်။ သူမ၏ လက်တစ်ဖက်ကို လွှဲလိုက်ရာ အမျိုးသားက သူတို့ခြေရင်းသို့ ကျသွားသည်။ 

"သူငယ်ချင်းလေး... မင်းက ယဉ်ကျေးလွန်းနေပါပြီ... ငါ့ကို တွေ့တာနဲ့ အရမ်းကြီး ယဉ်ကျေးနေစရာ မလိုပါဘူး..."

ကုန်းဖုက ချင်ရှုကို ကြည့်ရန်အတွက် ခါးကိုင်းကာ ပြုံးပြလိုက်သည်။

"အဲ့လောက် စိတ်အားထက်သန်တဲ့လူနဲ့ တွေ့
တာကို ငါက ဘယ်လိုလုပ်ပြီး မရှက်ပဲ နေရမှာလဲ..."

ချင်ရှု ဒေါသထွက်သွားသည်။ သူက ပြန်ပြောလုဆဲဆဲတွင် သူ့ရှေ့၌ အလွန်အမင်းချောမောသည့် အမျိုးသားတစ်ယောက် ရပ်နေသည်ကို သဘောပေါက်သွားလေသည်။ သူ့၏ ဒေါသများက ချက်ချင်းပင် နှောင့်နှေးသွားလေသည်။

"ကျွန်တော်က ဒီက ကျင့်ကြံသူကို ကျွန်တော်ရဲ့ ကြည့်မကောင်းတဲ့ အပိုင်းကို မြင်ခွင့်ပြုလိုက်တာ... ဒါက မတော်တဆပါ..."

"ဘော့စ်... အငြိုးတရားရဲ့ ရင်းမြစ်ကို ရှာပြီးပြီလား..."

ချောင်းယွင်က ဖူလီနှင့် ကျွမ်းချင်ရှေ့တွင် ဆင်းသက်လိုက်သည်။ သူတို့ဘက်တွင် တိုင်းတာမရအောင် နက်နဲသည့် ကျင့်ကြံခြင်းနှင့် ယောင်ကျင့်ကြံသူတစ်ယောက် ရှိနေသည်ကို မြင်ကာ သူမက လက်နှစ်ဖက်ယှက်ပြီး အရိုအသေပေးလိုက်သည်။

"စီနီယာကို နှုတ်ဆက်ပါတယ်..."

"အဲ့လို ယဉ်ကျေးနေစရာ မလိုပါဘူး..."

ကုန်းဖုက အမြဲလိုလိုပင် အလှလေးများအပေါ်တွင် ယဉ်ကျေးကာ စဥ်းစားပေးတတ်ပေသည်။ 

"ပြဿနာက ဖြေရှင်းပြီးပြီ..."

ကျွမ်းချင်က ချောင်းယွင်ကို ပြောလိုက်သည်။

"ရေကြီးတဲ့ ကပ်ဘေးကို ဖြေရှင်းပြီးပြီလို့ ရုံးချုပ်ကို အကြောင်းပြန်လိုက်..."

"ဟုတ် သိပါပြီ..."

ချောင်းယွင်က သူမ၏ ဖုန်းကိုထုတ်ကာ အီးမေးပို့လိုက်သည်။ လုံခြုံရေး ရုံးချုပ်က အလျင်အမြန်ပင် အကြောင်းပြန်ကာ ကျောက်ရုပ်ထုကို မေးမြန်းလာသည်။ 

"ကျောက်ရုပ်ထုက မိစ္ဆာတစ်ကောင် အနေနဲ့ ပြောင်းပြီး ပျံသန်းသွားပြီလို့သာပြောလိုက်..."

ကျွမ်းချင်က ကုန်းဖုကို ကြည့်လိုက်သည်။

"အဲ့ဒါက ငါတို့ ထိန်းချုပ်မှုေအာက်မှာ ရှိတယ်..."

"မင်းတို့ အကုန်လုံးမှာ ရှိတဲ့ အဲ့ဟာက ဘာလဲ... ယင်းချိုင်တောင် ရှိတယ်... အဲ့ဒါက ကျင့်ကြံခြင်းလောကမှာ အခုတစ်လော ခေတ်စားနေတဲ့ဟာလား..."

ကုန်းဖု ချောင်းယွင်ကိုင်ထားသော ဖုန်းကို အလွန် စိတ်ဝင်စားနေပေသည်။

"အဲ့ဒါက တော်တော်ကို စိတ်ဝင်စားစရာကောင်းတဲ့ ပုံပဲ..."

ရလာဒ်အနေဖြင့် ဖူလီက ဖုန်းဆိုသည်မှာ ဘာဆိုသည်နှင့် မည်သို့ အသုံးပြုရမည်ကို ရှင်းပြကာ သူ့ဖုန်းကို ကုန်းဖုအား ကိုင်ရန် ပေးလိုက်သည်။ မကြာမီတွင် ကမ္ဘာကြီး၏ အများအပြားကို မမြင်ရသေးသော မိစ္ဆာနှစ်ဦးက tetrisကို အကြိမ်ကြိမ်ကစားကာ အံ့ဩတကြီးနှင့် ပါးစပ်အဟောင်းသားဖြစ်နေသည်မှာ ၄င်းက နှိုင်းယှဉ်မရနိုင်သည့် စိတ်လှုပ်ရှားဖွယ် ဂိမ်းတစ်ခုကဲ့သို့ပင်။
(tetris ဆိုတာက ငယ်ငယ်ကစားကြတဲ့ အတုံးလေးတွေဆက်တဲ့ ဂိမ်းပါ)

ကျွမ်းချင် : ...

ချောင်းယွင်နဲ့ ချင်ရှု : ဘယ်ကနေ ပေါ်လာမှန်း မသိရတဲ့ အဲ့မိစ္ဆာတွေက ဘာလို့ ဖူကောနဲ့ အရမ်းအဆင်ပြေတာလဲ... အဲ့ဒါက တူရာတူရာ စုတယ်ဆိုတာကြောင့်လား...

"အား... ဂျူနီယာလေး... ဒီတစ်ခေါက်က ငါ့အလှည့် ဖြစ်ရမှာ..."

"မင်းက ခုဏကပဲ ကစားပြီးပြီမဟုတ်လား... ဂျူနီယာတွေက သူတို့ရဲ့ စီနီယာတွေကို ဘယ်လိုလုပ်ပြီး လေးလေးစားစား မရှိရတာလဲ..."

"အသက်ကို မှီခိုတာက အလုပ်မဖြစ်ဘူး... ခုဏတုန်းက လူတိုင်း တစ်ပွဲစီဆော့မယ်လို့ သဘောတူထားတယ်လေ..."

ကျွမ်းချင်က သူ့အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်လိုက်ပြီး ဖူလီကို ပေးလိုက်သည်။

"ငါ့ဟာယူလိုက်..."

စီမံခန့်ခွဲရေး ဗျူရို၏ အဆင့်မြင့် ဝန်ထမ်းက ဖုန်းတစ်လုံးကြောင့် ရန်ဖြစ်နေတာက မိစ္ဆာတွေ အကုန်လုံးကို မျက်နှာပျက်စေတာ မဟုတ်ဘူးလား...