အပိုင်း ၁၄၉
Viewers 29k

Chapter 149



အရင်တုန်းက ထောင်ထောင်ကိုထည့်ပြောသည့်အခါတိုင်း၊ ထောင်ရွှမ် အမြဲတမ်း တိတ်ဆိတ်နေတတ်သည်။


ချီရှင်းချန် အံ့အားသင့်သွားသည်။ယနေ့ ထောင်ရွှမ်ဘက်ကနေ စ၍စကားပြောဖိုသူ မမျှော်လင့်ထားပေ။


"မီဒီယာတွေက ကျွန်တော်တို့ငယ်ငယ်ကတည်းက တစ်ယောက်ကိုတစ်ယောက် အမှီပြုနေကြပြီး ကျဲက ကျွန်တော့်ကိုပြုစုပျိုးထောင်ဖို့ ဖျော်ဖြေရေးနယ်ပယ်မှာ အစောကြီး စပြီးလုပ်ခဲ့တယ်လို့ပြောကြတယ်... ရိုးရိုးသားသားပြောရရင် သူက ကျွန်တော့်ကို ပြုစုပျိုးထောင်ပေးခဲ့ပေမဲ့ မီဒီယာတွေ ပြောသလောက်တော့ မကောင်းပါဘူး...သူ အိမ်ကထွက်ပြီးကတည်းက ကျွန်တော် သူ့ကိုတွေ့ရခဲတယ်...မဟုတ်ရင် ကျွန်တော် ဒီလောက်ကြာအောင် နေမကောင်းဖြစ်မှာမဟုတ်ဘူး...အစောပိုင်းအဆင့်တွေမှာ ထိရောက်တဲ့ ကုသမှုမရရှိခြင်းက နောက်ပိုင်းအဆင့်တွေမှာ လျင်မြန်စွာ ယိုယွင်းလာစေတယ်"


"သူက မက်ဆေ့ခ်ျပို့တာ မရှိသလောက်ပဲ၊ ကျွန်တော့်ရဲ့ အခြေအနေအကြောင်း မေးဖို့ ဖုန်းခေါ်တာလည်း ရှားပါတယ်... ဒီတစ်ခါတော့ ကျွန်တော့်ကို ဆေးရုံတက်ဖို့နဲ့ သူနာပြုတစ်ယောက် စီစဉ်ပေးခဲ့ပေမယ့် သူက ဆေးဖိုးအကြောင်းတောင် မမေးခဲ့ပါဘူး"


ထောင်ရွှမ် ဆက်ပြောလေလေ၊ချီရှင်းချန် ပို၍ ထိတ်လန့်လာလေလေဖြစ်သည်။ထောင်ထောင်က သူမမောင်ကို ထိုမျှလောက်မချစ်ဘူးဟု အမြဲထင်ပေမဲ့ ယခုချိန်မှာ သူမ သူ့ကို ထိုမျှလောက်မချစ်ခဲ့သည်မဟုတ်ဘဲ လုံးဝကို ဂရုမစိုက်ခြင်းမှန်း သူသိလိုက်ရသည်။


"သူက ကျွန်တော့်ကိုတွေ့တိုင်း မစ်ရှင်တစ်ခုလုပ်နေသလိုပဲ... ထားလိုက်ပါ" 


ထောင်ရွှမ် သူ့ပန်းကန်လုံးကို ချလိုက်ပြီး ပြုံးလိုက်သည်။ 

"အဲဒါကို မပြောပါရစေနဲ့...နှစ်သစ်မှာ ပျော်ရွင်စရာတွေပဲ ပြောသင့်တယ်... ဘာလို့ ဒါတွေအားလုံးကို ပြောပြနေရမှာလဲ"


"အဆင်ပြေပါတယ်" 


ချီရှင်းချန်က ပြောလိုက်သည်။ 

"မင်းရဲ့ဝန်ထုပ်ဝန်ပိုးကို ငါတို့ ကျေကျေနပ်နပ်ကြီး မျှယူချင်ပါတယ်"


ချီရှင်းချန်မှာ ယခင်က မိသားစုမရှိသောကြောင့် ညီရင်းအစ်ကိုမေတ္တာကို မခံစားနိုင်ခဲ့ပေ။ ယခု သူ့တွင် ချီကျားကျစ်ရှိနေသဖြင့် ထောင်ရွှမ် မည်ကဲ့သို့ ဆက်ဆံခံရသည်ကို တွေးမိသောအခါ မကျိန်ဆဲဘဲ မနေနနိုင်ပေ။


သူက အသက်ပြင်းပြင်းရှူပြီး ထောင်ရွှမ်၏ ပုခုံးကို ပုတ်ကာတိုးတိုးလေးပြောလိုက်သည်။

"မင်းနဲ့ ကျားကျစ်က အရမ်းရင်းနှီးတဲ့အတွက် မင်းစိတ်မရှိရင် အခုကနေစပြီး မင်းငါ့ကို အစ်ကိုတစ်ယောက်လို ဆက်ဆံနိုင်တယ်"


"ကောကို အစ်ကိုတစ်ယောက်လို ဆက်ဆံလို့ တကယ်ရတာလား"


ချီရှင်းချန် လေးလေးနက်နက်ပြောလိုက်သည်။

"ရတယ်"


ထောင်ရွှမ်က နှာရှုံ့လိုက်ပြီး သူ့မျက်လုံးများ နီရဲလာသည်။ 

"ကော"


"အင်း...ကျားကျစ်နဲ့ ငါ မင်းကို အနာဂတ်မှာ စောင့်ရှောက်ပေးမယ်"


.......


သူဆေးရုံက ထွက်လာချိန်အထိ ချီရှင်းချန် သူ့ရင်ဘတ်ထဲမှာ အဖုအကြိတ်ကြီးတစ်ခုရှိနေသလို ခံစားရပြီး အသက်ကောင်းကောင်း မရှူနိုင်ပေ။


ပိုပြီးရွံစရာကောင်းသည်က မကြာခင်မှာပဲ "ထောင်ထောင်က သူမမောင်ကို နှစ်သစ်ကူးအတွက် ဆေးရုံမှာ လိုက်အဖော်ပြုပေးပြီး အလုပ်ရှုပ်နေချိန်မှာတောင် သူမရဲ့ နူးညံ့ကြင်နာမှုကို ပြသလိုက်တယ်" ဆိုသည့် ဆောင်းပါးက အင်တာနက်မှာ ပျံ့နှံ့သွားခဲ့သည်။ တစ်ဖန် ထောင်ထောင်၏ မာကျောသောလရောင်ဖြူလေးပုံရိပ်အတွက် အလှည့်တစ်ဖန်အချိန်ကျရောက်လာသည်။


ချီကျားကျစ်က ထောင်ရွှမ်ကိုအဖော်ပြုရန် နေခဲ့သည်။သူနှင့် သူအစ်မက လျန်မိသားစုထံ သွားရောက်လည်ပတ်ရန် လိုအပ်သောကြောင့် ထောင်ရွှမ်ကို စာအိတ်နီတစ်လုံး ပေးပြီးနောက် ထွက်ခွာလာခဲ့သည်။ ကားထဲမှာ ခဏထိုင်ပြီးရင် နောက်ဆုံးမှာ ပိုအဆင်ပြေလာသည်။သူအိမ်ပြန်သွားပြီး ချီယွီကျီးနှင့်တွေ့ပြီး လျန်မိသားစုဆီ အတူတူသွားကြ၏။


ယနေ့က အဖေလျန်နှင့်အမေလျန်ကို ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်။အံ့သြစရာကောင်းသည်က အန်ကယ်လျန်နှင့် အန်တီလျန်တို့က စီးပွားရေးသမားတွေဖြစ်ပေမဲ့ သူတို့မှာ ပညာရှင်စရိုက်တွေရှိနေဆဲဖြစ်သည်။သူတို့သည် ဖြောင့်မှန်ပြီး သူတို့၏မူများကို လိုက်နာကြသည်။


ချီရှင်းချန် ဥာဏ်ရည်မြင့်သူ လျန်ကျင်းကို ထောင်ထောင်အဘယ်ကြောင့် အရူးလုပ်နိုင်သည်ကို နောက်ဆုံးတွင် နားလည်လာသည်။ တစ်ဖက်သားက သူ့စရိုက်ထဲက အားနည်းချက်ကို ဆုပ်ကိုင်ထားသည်မှန်း ထင်ရှား၏။


ဤခရီးစဉ်က အလွန်အကျိုးရှိသည်။လျန်ကျင်း၏ ပြောကြားချက်အရ၊ နိုင်ငံခြား သုတေသန ဓာတ်ခွဲခန်း နှစ်ခု၏ အခြေခံ ဆောက်လုပ်မှု ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ နှစ်သစ်ကူးပြီးလျှင် သူတို့ အချိန်မရွေး ပရောဂျက်တစ်ခုကို ထူထောင်ပြီး ရန်ပုံငွေစတင်မတည်နိုင်တော့မည်ဖြစ်၏။


တစ်နည်းဆိုရသော် သူ၏ငွေများကို နိုင်ငံခြားသို့ လွှဲပေးနိုင်သည်။ချီရှင်းချန် သူ့အကောင့်ရှိ လက်ကျန်ငွေကို ပျော်ရွှင်စွာ ရေတွက်လိုက်သည်။ မနေ့က သူရရှိခဲ့သည့် ယွမ် ၁၀ သန်းကျော်၊ စိန်တွင်း၊ပိုင်ရှာဆိပ်ကမ်းနှင့်သူ့ကိုယ်ပိုင် ၀င်ငွေတွေကို ပေါင်းလိုက်သောအခါ ယခု ယွမ် သန်း ၈၀ ကျော် ရှိလာပြီဖြစ်သည်။


ချီရှင်းချန် ထပြီး ကြုံးဝါးလိုက်ချင်သည်။သူက "ည၏မက်မွန်" တွင်နှစ်သစ်ကူးဟုန်ပေါင်းဖြင့် နေ့ချင်းညချင်း ချမ်းသာလာခဲ့သော တစ်ဦးတည်းသောလူ ဖြစ်နိုင်သည်။


နှစ်သစ်ကူး ဒုတိယနေ့တွင် သူသွားရောက်လည်ပတ်လိုသော လူများအားလုံးကို သွားရောက်တွေ့ဆုံပြီးခဲ့သည်။ထို့နောက် သူသည် မိသားစုနှင့်အတူ အိမ်တွင် တစ်နေ့တာကုန်ဆုံးခဲ့သည်။


မနက်ခင်းတွင် သူ ချီယွမ်ရှောင် နှင့် စာသင်သည်။ နေ့ခင်းဘက်မှာ ချီယွီကျီးနှင့် ပန်းထိုးနည်းကို သင်ယူခဲ့သည်။ ညဘက်တွင် ဖခင်ဖြစ်သူ၏ ကျောကို နှိပ်နယ်ပေးပြီး လုပ်ငန်းစသည့် အတွေ့အကြုံများအကြောင်း ဖခင်၏ ပြောပြချက်ကို နားထောင်ခဲ့သည်။


မိသားစု၏ ပျော်ရွှင်မှု ဤထက်ပိုနိုင်သည်မျိုးမရှိတော့ပေ။


သူသတင်းကောင်းလည်းရထားသည်။ရှင်းချန်စီမံခန့်ခွဲမှုဌာန၏ အစစ်အမှန် ထိန်းချုပ်သူအား ပြောင်းလဲခဲ့ပြီး ယခုအခါ သူ၏အမည်အောက်တွင် တရားဝင်ဖြစ်လာခဲ့သည်။


နှစ်သစ်ကူး သုံးရက်မြောက်နေ့တွင် မိသားစုအား အကြောင်းအရင်းကို ရှင်းပြပြီးနောက် ညတစ်ဝက်လောက် ဂရုတစိုက်ရွေးချယ်ထားသော အဝတ်အစားများကို ၀တ်ဆင်ကာ နေ့စဥ်သုံးပစ္စည်းတချိုကို ယူ၍ တစ်ဖက်ပြည်နယ်သို့ သွားရောက်ရန် အဆင်သင့်ဖြစ်နေခဲ့သည်။


သူ အောက်ထပ်ကို ဆင်းသွားပြီးနောက် အိမ်က မထွက်ခင်မှာ အဖေချီက သူ့ကို ရုတ်တရက် တားလိုက်သည်။ 

"ရှင်းရှင်း.... သားက မင်းရဲ့ရည်းစားအိမ်ကို လက်ဗလာနဲ့သွားနေတာလား"


"မဟုတ်ဘူး"

ချီရှင်းချန်က သူ့ကျောပိုးအိတ်ကို ညွှန်ပြသည်။ 

"ပုလဲရင်ထိုးနဲ့ ကျန်းမာရေးအတွက် ဖြည့်စွက်စာဝယ်ခဲ့တယ်"


"ဒါလေးနဲ့ဖြစ်မလား" 

အဖေချီက လက်ဆောင်များပေးရာတွင် အလွန်တော်သော သမီးဖြစ်သူကို သူရှာခဲ့သည်။ 

"ယွီကျီး ဂိုဒေါင်ကိုသွားပြီး လက်ဆောင်နှစ်ခုရှာခဲ့"


မိနစ်အနည်းငယ်ကြာပြီးနောက် ချီယွီကျီးက သေတ္တာနှစ်လုံးနှင့်အတူ ထွက်လာခဲ့သည်။ တစ်ခုက သူတို့မိသားစု စိန်တွင်းကထုတ်သည့်စိန်တွေနှင့်ပြုလုပ်ထားသော လည်ဆွဲ၊ နောက်တစ်ခုက နှစ်ရာနှင့်ချီ သက်တမ်းရှိသော ဂျင်ဆင်းတွေပါပင်။


“သူတို့ဆီ သွားလည်တာ ဒါပထမဆုံးအကြိမ်မို့ လက်ဆောင်တွေက အရမ်းဈေးမကြီးသင့်ဘူး... သူတို့ကို မျက်နှာလုပ်နေသလိုဖြစ်လိမ့်မယ်... ဒါပေမဲ့ အရမ်းကြီးလည်း ပေါ့ပေါ့ပါးပါးဖြစ်လို့မရဘူး...ချီမိသားစုရဲ့ ငွေကြေးအရင်းအမြစ်တွေကို သူတို့ကို ပြသရမယ်...ငါချီရှောင်မင်ရဲ့သားက သွားလေရာရာမှာ ခါးမတ်မတ်ထားနိုင်ရမယ်"


အဖေချီက ခေတ္တရပ်လိုက်သည်။ 

"မင်းရည်းစားနဲ့နေရင်တောင် မင်း...အောက်မှာနေလို့မရဘူး နားလည်လား"


ချီရှင်းချန် သူ၏ ခါးသီးသော မျက်ရည်များကို တိတ်တဆိတ် သုတ်လိုက်သည်။


စိတ်မကောင်းပါဘူး အဖေ...အဖေ့ရဲ့သားထွေးလေးက လုပ်ပြီးသွားပြီ QAQ


"ဒါ့အပြင်"

အဖေချီက ဆက်မေးသည်။

"မင်းဘယ်လိုသွားမှာလဲ" 


"လေယာဉ်နဲ့... ပိုင်ရဲ့ကလာကြိုမှာ"


"လေယာဉ်...လေယာဉ်လို့ပြောလိုက်တာလား"


ကမ္ဘာ့အကြီးဆုံးဟာသကို သူကြားလိုက်ရသလိုမျိုး အဖေချီက အံ့အားသင့်သွားလေသည်။


"လေယာဉ်စီးရတာ အရမ်းဒုက္ခများတယ်... မင်းနဲ့ မင်းရဲ့ရည်းစားက အများပြည်သူသိ ပုဂ္ဂိုလ်တွေလေ... လေယာဉ်ပေါ်ကဆင်းရင် လေဆိပ်က ထွက်နိုင်ပါ့မလားဆိုတာက ပြဿနာကြီးပဲ...ယွမ်ရှောင် လေယာဉ်ခရီးစဉ်အတွက် လျှောက်ထားဖို တစ်ယောက်ယောက်ကို ချက်ချင်းဆက်သွယ်"


တစ်နာရီကြာပြီးနောက် လေယာဉ်စီးခြင်းမှ ကိုယ်ပိုင်ဂျက်လေယာဉ်အဖြစ် ပြောင်းလဲခဲ့သည်။ ၎င်းသည်သူ၏နေအိမ်ရှိ လေယာဥ်ပြေးလမ်းမှ ထွက်ခွာပြီး တစ်ဖက်ပြည်နယ်သို့ ဦးတည်သွားခဲ့သည်။


.


ကိုယ်ပိုင်ဂျက်လေယာဉ်က မလိုအပ်သော စောင့်ဆိုင်းချိန်ကို များစွာလျှော့ချပေးသည်။ချီရှင်းချန် စိတ်ရှုပ်စရာအချိန်မရှိခင်မှာ လေယာဉ်က သူတို့ကြိုတင်စီစဉ်ထားသည့်နေရာကို ဆင်းသက်ခဲ့သည်။ လေယာဉ်အမှုထမ်းက ထပြီး သူ့အတွက် အခန်းတံခါးကို ဖွင့်ပေးသည်။


ဆယ်ရက်ကျော်ကြာပြီးနောက်တွင် သူပိုင်ရဲ့ကို ပြန်တွေ့ရတော့မည်။ သူ အပျော်လွန်ပြီး အောက်ကို ခုန်ဆင်းလိုက်သည်။


သို့သော် သူနှင့် မျက်နှာချင်းဆိုင်ရှိ မြင်လိုက်သည့်အခိုက်တွင် သူ့အပြုံးသည် သူ့နှုတ်ခမ်းပေါ်တွင် အေးခဲသွားသည်။


အဘယ့်ကြောင့်ဆိုသော် သူ့ကို လာကြိုသည့်သူက သူ နေ့ရော ညပါ လွမ်းဆွတ်နေသည့် ချစ်ရသူတစ်ယောက်တည်းမဟုတ်ဘဲ စုံတွဲတစ်တွဲပါပါနေသည်။


ရုပ်ရည်အရ ဤစုံတွဲက ပိုင်ရဲ့နှင့် အနည်းနှင့်အများတူ၏။


မေးစရာမလိုပါဘဲ သူတို့က ပိုင်ရဲ့၏မိဘများဖြစ်ကြောင်း သူသိသည်။


... အားး ဘာကြီးလဲ...


သူများရဲ့မိဘတွေနဲ့သွားတွေ့တဲ့အခါ ဘယ်မိဘက လာကြိုလို့လဲ... နောက်ပြီး ခုနက သူ့ပုံစံက မိုက်မဲပြီး မရင့်ကျက်ဘူး...သူ့ပုံရိပ်လေးတော့သွားပါပြီ...


သူကျော်လွန်သွားသည့်ရလဒ်ကို သူကြိုမြင်ထားပြီးဖြစ်သည့်အတိုင်း ချီရှင်းချန်၏မျက်လုံးများက မှုန်မှိုင်းနေပြီး နှလုံးသားက ငိုကြွေးနေလေသည်။


သို့သော်လည်း ပိုင်ရဲ့က သူအရှက်ကွဲသည်က လုံလောက်ပြီဟုမထင်ပုံရသည်။ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာကာ သူ့ကျောပိုးအိတ်ကို ဘယ်လက်နှင့်ကိုင်ပြီး ညာဖက်လက်မောင်းဖြင့် သူ့ကိုရင်ခွင်ထဲဆွဲသွင်းလိုက်သည်။ထို့နောက် ရှေ့ငုံ့ကာ သူ့နဖူးကို နမ်းလိုက်ပြီး "ကိုယ် မင်းကို အရမ်းလွမ်းနေတာ" ဟု တိုးတိုးလေးဆိုသည်။


ချီရှင်းချန်: "…"


မိဘတွေက ကြည့်နေတယ်လေ... မရှက်ဘူးလား ကောကော...ခင်ဗျား မရှက်ပေမဲ့ ကျွန်တော် ရှက်တယ်ဗျ...


သို့သော် သူမသိသည်မှာ သူမျှော်လင့်ချက်မဲ့နေချိန်တွင် ပိုင်ရဲ့၏မိဘများသည် ရူးသွပ်လုနီးပါးဖြစ်နေပြီဖြစ်သည်။


ပိုင်ရဲ့၏အမေက ပွေ့ဖက်ထားသည့် လူနှစ်ယောက်ကို ကြည့်ကာ ပိုင်ရဲ့၏အဖေ ၏လက်မောင်းကို အရူးအမူးလှုပ်ယမ်းလိုက်သည်။

"သူက သေးသေးလေး၊ နူးညံ့တယ်၊ ချစ်စရာကောင်းတယ်...ဘုရားရေ ကမ္ဘာပေါ်မှာ ဒီလောက်လှတဲ့ ကောင်လေး ဘယ်လိုလုပ် ရှိနိုင်မှာလဲ"


ပိုင်ရဲ့၏ အဖေ : "စိတ်အေးအေးထားပါ"


ပိုင်ရဲ့၏အမေ:"ရှင် သူ့ကို သဘောမကျဘူးလား"


ပိုင်ရဲ့၏အဖေ: "သဘောကျပါတယ်...ငါ ချစ်ဖို့ကောင်းတဲ့ ကလေးလေးတစ်ယောက် အမြဲလိုချင်ခဲ့တာ မင်းသိလား"


ပိုင်ရဲ့၏အမေက သက်ပြင်းချလိုက်သည်။

"ဟင်း... သူ့ကိုမြင်လိုက်တာနဲ့ ကျွန်မတို့သားလေးက ချစ်ချင်စရာမကောင်ဘူးလို့ ရုတ်တရက်ခံစားရတယ်"


ပိုင်ရဲ့၏အဖေ: "ငါလည်း အဲဒီလိုပဲ ခံစားရတယ်...သူက ငါတို့သားထက် ပိုကောင်းတယ်လို့ ငါထင်တယ်"


ပိုင်ရဲ့၏ အမေ: "ဒါဆို ဘာလို့ ကျွန်မတို့သားကို စွန့်ပစ်ပြီး သူ့ကို မမွေးရမှာလဲ"


ပိုင်ရဲ့၏အဖေ: "ဟန်နီ... မင်းက အရမ်းဉာဏ်ကောင်းတာပဲ...ဒါ အလုပ်ဖြစ်မယ်ထင်တယ်"


ပိုင်ရဲ့နှင့် တွဲပြီးနောက် ချီရှင်းချန်၏ ရှက်တတ်သော ပြဿနာက အများကြီး ပြောင်းလဲသွားခဲ့သည်။ သူသည် အားလွင်နှင့် အခြားသူများရှေ့တွင် ပိုင်ရဲ့နှင့်သူတွဲနေကြောင်း ဝန်ခံဝံ့သော်လည်း ပိုင်ရဲ့၏မိဘများရှေ့တွင် အနည်းငယ် အပြစ်ရှိသလို ခံစားရဆဲဖြစ်သည်။ 


"အန်ကယ်နဲ့အန်တီက ကြည့်နေတယ်" သူက ပိုင်ရဲ့၏ ရင်ဘတ်ကို ကိုက်လိုက်သည်။ 

"ကျွန်တော့်ကို အရင်လွှတ်ပေး"


"မလွှတ်ဘူးကွာ..ကိုယ့်ကိုလွမ်းတယ်လို့ မင်းပဲပြောတာမဟုတ်ဘူးလား"


ချီရှင်းချန်: "..."


အေးစက်ပြီး ခပ်တန်းတန်းနေတတ်မှုတွေ ဘာဖြစ်သွားတာလဲ...ချစ်သူဖြစ်တဲ့အခါကျမှ သူဘာကြောင့် ရုတ်တရက်ကြီး တွယ်ကပ်တတ်လာတာလဲ...


"ခင်ဗျားကိုလွမ်းပါတယ်" 

ချီရှင်းချန် စိုးရိမ်နေမိသည်။ 

"ကျွန်တော် ခင်ဗျားကို လွမ်းလို့မရဘူးလား"


ပိုင်ရဲ့ကဆိုသည်။

"လေသံက စိတ်မပါတဲ့ပုံနဲ့... ကြည့်ရတာ အပြောပဲရှိပုံရတယ်"


တစ်ဖက်လူက လွှတ်ပေးရန်ဆန္ဒရှိမနေပေ။ချီရှင်းချန် အဖြေကောင်းတစ်ခုကို မစဉ်းစားနိုင်ခဲ့ပေ။သူ အံကြိတ်က ပိုင်ရဲ့၏ပါးပြင်ကို အသာအယာ နမ်းလိုက်သည်။


အနမ်းကလည်း ဝန်လေးနေသလိုဖြစ်နေဆဲဖြစ်သော်လည်း ပိုင်ရဲ့ဤသည်က သူ့အမာခံဖန်လေး၏ အောက်ဆုံးစည်း ဖြစ်ကြောင်းသိသည်။ နောက်ဆုံးမှာ သူက သူ့ကိုလွှတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။


"ကိုယ့်မိဘတွေက ပေါင်းရ အရမ်းလွယ်တယ် ...ကြောက်စရာမလိုဘူး" 


ဟုတ်တယ်၊ ကြောက်စရာ မလိုဘူး...

ချီရှင်းချန် သူ့ကိုယ်သူ တွေးနေမိသည်။ ခုနကကိစ္စ ဖြစ်ပျက်သွားပြီးနောက်မှာ သူ့ပုံရိပ်က သေချာပေါက် ကုန်းကောက်စရာပင် မကျန်တော့ပေ။အိုးနင်းနင်း ခွက်နင်းနင်းကိစ္စမရှိ။


အချိန်အတော်ကြာ တိုက်ပွဲအတွက် ပြင်ဆင်ပြီးနောက် သူ့ကို ပိုင်ရဲ့က ဇနီးမောင်နှံနှစ်ယောက်ဆီ ခေါ်သွားခဲ့သည်။ပိုင်ရဲ့က မိတ်ဆက်ပေးသည်။

"ဒါက ချီရှင်းချန် ...ကျွန်တော့် ချစ်သူ"


ထို့နောက် သူကချီရှင်းချန်ဘက်သို့ လှည့်လိုက်သည်။ 

"ဒါက ကိုယ့်မိဘတွေပဲ... မင်း သူတို့ကို ဦးလေးနဲ့ဒေါ်လေးလို့ ခေါ်လို့ရတယ်"


ချီရှင်းချန်က သူတို့ကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ ဦးလေးပိုင်နဲ့ဒေါ်လေးပိုင်"


"မင်္ဂလာပါ" 

ပိုင်ရဲ့၏အမေက ပြန်ဖြေသည်။ "ဦးလေး နဲ့ ဒေါ်လေးလို့ ခေါ်တာ ကျင့်သားမရရင် အမေနဲ့ အဖေလို့ ခေါ်လို့ရတယ်နော်"


ပိုင်ရဲ့: "..."


ချီရှင်းချန်: "အာ"


ပိုင်ရဲ့ သူ့မိဘတွေက ပေါင်းရလွယ်သည်ဟု ပြောချိန်က ချီရှင်းချန် ပထမတုန်းက မယုံခဲ့ပေ။နာရီဝက်လောက်ကြာသောအခါ သူ လုံးဝယုံကြည်သွားသည်။


ပိုင်မိသားစုအိမ်သို့ သွားရာလမ်းတွင် အမေပိုင်၏ ပါးစပ်က မရပ်တန့်သွားပေ။ သူကြိုက်သည့်အရောင်ကနေ ကံကောင်းသည့်အရောင်အထိ၊ ကံကောင်းသည့်အရောင်ကနေ သူ့ဇာတာအထိ၊ ဇာတာကနေ ယခုနှစ် ဘရန်းအမျိုးမျိုးက နွေဦးဝတ်စုံတွေအပေါ် သူ့အမြင်အထိ။အဆုံးမှာသူမ သည်းမခံနိုင်တော့ဘဲ ချက်ချင်းလက်ငင်း ကောင်တာက ဝန်ထမ်းကို ဖုန်းခေါ်ပြီး အဝတ်အစားများနှင့်ကုန်ပစ္စည်းများဝယ်တော့လေသည်။


အိမ်ထဲကိုပင် မဝင်ရသေးပေမဲ့ ချီရှင်းချန် လက်ဆောင်တစ်ခု ရထားပြီးနေပြီဖြစ်၏။ချီရှင်းချန် ရင်ထဲထိသွားသော်လည်း တစ်ခုခုတော့ မမှန်ကြောင်း သူခံစားရဆဲဖြစ်၏။


သူလှည့်စားခံနေရပုံရသည်။


ပိုင်ရဲ့က ဆင်ခြေဖုံးရပ်ကွက်ရှိ အိမ်ရာတစ်ခုတွင် နေထိုင်သည်။ အများပြည်သူသိ ပုဂ္ဂိုလ်တစ်ဦးအဖြစ် သူ၏အထောက်အထားကြောင့် အတော်အတန်ဝေးသောနေရာကို ရွေးချယ်ခဲ့သည်။ ကြီးလွန်းသည်မဟုတ် သေးလွန်းသည်မဟုတ်သော ခြံဝင်းပါသည့် နှစ်ထပ်အိမ်ဖြစ်သည်။ အလှဆင်မှုများက ချီမိသားစု လောက် ကြီးကြီးမားမားမဟုတ်ပဲ၊ ၎င်းသည် ပို၍ အဆင်ပြေသည်။ သာမာန် လူချမ်းသာမိသားစုကဲ့သို့ပင်။


ချီရှင်းချန်က နောက်ကျမှရောက်လာခဲ့သည်။ အိမ်ထဲကို ဝင်သောအခါ ညနေငါးနာရီကျော်နေပြီဖြစ်၏။အမေပိုင်က အစေခံများကို ယနေ့ ထမင်းဟင်းမချက်ရန် ညွှန်ကြားထားသည်။သူမ သူမ၏အင်္ကျီလက်ကို လှန်တင်ပြီး သူမသားအသစ်အတွက် ဟင်းအနည်းငယ် ချက်ကျွေးချင်ခဲ့သည်။အဖေပိုင်က သူမကို ကူညီခဲ့သည်။


ထို့ကြောင့် ပိုင်ရဲ့၊ချီရှင်းချန် နှင့် အစေခံများသာ အိမ်ထဲတွင် ကျန်ခဲ့သည်။


သူတို့အနားမှာ အမြဲတမ်း တစ်ယောက်ယောက်ရှိနေသည်။ ကားပေါ်ရောက်ကတည်းက ချီရှင်းချန် ပိုင်ရဲ့ကို စကားမပြောရဲတော့ပေ။ဤသည်က အခွင့်အရေးကောင်းတစ်ခုဟု မြင်ပြီး ဆိုဖာနားကို ကပ်သွားပြီး ပါးစပ်ကိုဖွင့်လိုက်သည်။


သူဘာမှမပြောခင် သူ့ပါးပြင်တွေနီရဲလာသည်။


သူဘာမှမပြောပေမဲ့ ပိုင်ရဲ့က သူ့အတွေးတွေကို နားလည်ပုံရသည်။ ခေါင်းလှည့်ကာ သူ့ကို ခဏလောက် နမ်းလိုက်သည်။ပိုင်ရဲဲ့က ပြုံးပြီးပြော၏။

"ကိုယ့်မိဘတွေက ပေါင်းရ လွယ်တယ်ဆိုတာကို မင်းကို ယုံပြီလား"


ချီရှင်းချန်က သူ့အနမ်းကြောင့် ကျေနပ်သွားသည်။ သူက ခေါင်းညိတ်လိုက်၏။ 

"ဟုတ်တယ် ဦးလေး နဲ့ ဒေါ်လေးက အရမ်းကြင်နာတာပဲ"


"ရှက်နေစရာ မလိုပါဘူး...မင်းလုပ်ချင်တာကို လုပ်ပါ...သူတို့က အရမ်းပွင့်လင်းတယ်...မင်းကိုယ့်နားကပ်ချင်ရင် ကိုယ့်ကို အချိန်မရွေး အရိပ်အမြွက်ပြလို့ရတယ်"


ချီရှင်းချန်:"..."


ချီရှင်းချန်: "ဘယ်သူက ခင်ဗျားနားကပ်ချင်နေလို့လဲ"


ပိုင်ရဲ့က သူ့မျက်လုံးတွေကိုမှိတ်ပြီး နမ်းချင်ပေမဲ့ ချီရှင်းချန်ကခေါင်းလှည့်ကာရှောင်လိုက်ပြီး လက်ခံရန် ငြင်းဆန်ခဲ့သည်။ပိုင်ရဲ့က ဒေါသထွက်ထွက်ဖြင့် သူ့မျက်နှာလေးကို ညစ်ထားသည်။ 

"မင်းမလိုချင်ဘူးဆိုရင် ကိုယ်မင်းကို နောက်တစ်ခါ မနမ်းတော့ဘူး"


"...မဟုတ်ဘူး" 

ချီရှင်းချန် အလွန်နောင်တရသွားသည်။ "ခုနကပြောခဲ့တာတွေကို ပြန်ရုတ်သိမ်းတယ်"


"မရဘူး...ပြန်ရုတ်သိမ်းတာက တရားမဝင်ဘူး"


ချီရှင်းချန် ကိုယ့်ခြေထောက်ကိုယ် သေနတ်ဖြင့်ပစ်မိသည့် ခံစားချက်ကို အမှန်တကယ် နားလည်သွားသည်။


တခြားဘာကိုမဆို လက်ခံနိုင်ပေမဲ့ ပိုင်ရဲ့ဆီက အပွေ့ဖက်မခံရမှာ၊ အနမ်းမရမှာ သူ လက်မခံနိုင်ပေ။


"ကျွန်တော်က လျှောက်ပြောနေတာ... မယုံနဲ့...ကျွန်တော်...ကျွန်တော်က တကယ် ကောနားကပ်ချင်တာ"

သူက တိုးတိုးလေးပြောလိုက်သည်။


"ဒီတစ်ခါ မင်းလျှောက်ပြောနေတာဟုတ်မဟုတ် ကိုယ်ဘယ်လိုလုပ်သိမှာလဲ" 

ပိုင်ရဲ့က သူ့ကို တမင်တကာ ရစ်လိုက်သည်။


"ကျွန်တော်လျှောက်မပြောပါဘူး"


"မင်းကိုယ့်ကိုသက်သေမပြရင် ကိုယ်မယုံဘူး"


သူ၏အနာဂတ်ပျော်ရွှင်မှုအတွက် ချီရှင်းချန်တစ်ယောက် အသက်ကိုစွန့်စားရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။