Chapter 154
ထျန်ချန်းဈေးဝယ်စင်တာမှာ ချီအဖွဲ့၏အောက်တွင်ရှိသော ရုပ်လုံးဖော်နိုင်သည့် အကြီးဆုံးလုပ်ငန်းများထဲမှ တစ်ခုဖြစ်ပြီး နိုင်ငံတစ်ဝှမ်းရှိမြို့ကြီး၁၉မြို့တွင် ဆက်စပ်ရှောပင်းမောလ်၂၁ခုရှိသောလုပ်ငန်းကြီးဖြစ်သည်။ ၎င်းမှရရှိသည့်နှစ်စဉ်ဝင်ငွေမှာ ချီအဖွဲ့ရှိလုပ်ငန်းစုစုပေါင်း၏ နှစ်ဆယ်ရာခိုင်နှုန်းခန့်ပါဝင်နေခဲ့သည်။ ယခုတစ်ကြိမ် မီးလောင်ခဲ့သော Tမြို့ရှိဈေးဝယ်စင်တာမှာ ပထမဆုံးတည်ထောင်ထားသောအရာဖြစ်ပြီး ဆယ်နှစ်ကျော်ခန့် ကောင်းမွန်စွာလည်ပတ်နေခဲ့သောလုပ်ငန်းတစ်ခုဖြစ်သည်။
လွန်ခဲ့သောဆယ်နှစ်အတွင်း ထိုနေရာတွင် ခိုးမှုအနည်းငယ်မျှသာဖြစ်ပျက်ခဲ့ကာ စီးပွားရေးအပြိုင်အဆိုင်များကြောင့် ငွေကြေးပိုင်းချို့တဲ့မှုများရှိခဲ့သော်လည်း ထိုမျှအထိကြီးမားသောသေဆုံးမှုမျိုး မဖြစ်ခဲ့ဖူးပေ။
ခြောက်ဦးသေဆုံးပြီး သုံးဆယ့်နှစ်ဦးဒဏ်ရာရခဲ့သည်။
တင်ပြချက်အရ မီးကိုငြှိမ်းနိုင်ခဲ့ပြီဖြစ်သော်လည်း ကယ်ဆယ်ရေးမှာ မပြီးဆုံးသေးသောကြောင့် ဖြစ်နိုင်ခြေများမှာ တိုးတက်နေဆဲဖြစ်သည်။
အခင်းဖြစ်ရာနေရာမှ ပို့လာသည့်ပုံများကိုကြည့်ရုံနှင့်ပင် ချီရှင်းချန်၏မျက်လုံးများမှာ တားဆီးမရနိုင်ဘဲ မှောင်မိုက်သွားရသည်။
မိမိအိမ်တွင် ထိုမျှကြီးမားသောပြသနာဖြစ်နေချိန်၌ သူမည်သည့်စိတ်ဖြင့် ချစ်သူ၏အိမ်တွင် ပျော်ပါးနေချင်စိတ်ဖြစ်နေမည်နည်း။ အဖေပိုင်နှင့်အမေပိုင်တို့ကို သေသေချာချာရှင်းပြပြီးနောက်တွင် Hမြို့ရှိချီအဖွဲ့ရုံးချုပ်ထံသို့ ပိုင်ရဲ့ကိုယ်တိုင်ကားမောင်းလိုက်ပို့ပေးခဲ့သည်။
ကားထဲမှမထွက်ခင် ပိုင်ရဲ့မှ သူ၏နောက်ကျောကိုပုတ်ကာ နှစ်သိမ့်ပေးလာသည် " လိုတာရှိရင် ကိုယ့်စီဖုန်းခေါ်လိုက်နော်…"
" အင်းပါ… ဒီတစ်ခေါက် သေသေချာချာအဖော်မလုပ်ပေးနိုင်လို့ တောင်းပန်ပါတယ်နော်…"
" ရပါတယ်… မိသားစုပြသနာကပိုပြီးအရေးကြီးတာပေါ့..သွားတော့နော်…"
ချီရှင်းချန် ပိုင်ရဲ့ကိုတစ်ချက်ကြည့်ကာ အံတင်းတင်းကြိတ်၍ ကားထဲမှထွက်လာလိုက်သည်။
ဤသည်မှာ ကူးပြောင်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သူ၏ကိုယ်ပိုင်ကုမ္ပဏီစီသို့ လာရောက်ခြင်းဖြစ်ကာ မူလကိုယ်သည်လည်း ကုမ္ပဏီသို့လာဖူးမည့်ပုံမပေါ်ချေ။ ချီရှင်းချန် သူ၏မျက်နှာကို scanဖတ်၍ ဝင်လာချိန်၌ တံခါးဝမှလုံခြုံရေးနှင့် အရှေ့စားပွဲရှိဧည့်ကြိုတို့မှာ အချင်းချင်းကြည့်ကာ တုံ့ပြန်မလာနိုင်ဖြစ်နေရသည်။
သူ မည်သူဖြစ်ကြောင်းကို မှတ်မိသွားကြချိန်မှသာ ကြီးမားသောလူအုပ်ကြီးမှ သူ့ကိုခြံရံ၍ ဥက္ကဌချီ၏ရုံးခန်းစီသို့ လိုက်ပို့ပေးခဲ့ကြသည်။
အဖေချီမှာ ယခုမှဖုန်းချပြီးသည့်ပုံပင်။ ချီရှင်းချန်ကိုမြင်လိုက်ရချိန်တွင် အံ့ဩတကြီးမေးလာသည် " ရှင်းရှင်း ဘာလို့ပြန်ရောက်လာတာလဲ…"
" ကျွန်တော် သတင်းတွေတွေ့ခဲ့လို့ပါ…" ချီရှင်းချန် မေးလိုက်မိသည် " အဲဒါကပြင်းထန်လား…"
" အသက်တွေအများကြီးဆုံးရှုံးသွားရတာဆိုတော့ ဘယ်လိုလုပ်ပြီး မပြင်းထန်ပဲနေပါ့မလဲ… ဘာပဲဖြစ်ဖြစ် ယွမ်ရှောင်ကလည်း ဒါကိုဖြေရှင်းနေပြီပဲဟာ… သား စိတ်ပူနေဖို့မလိုပါဘူးကွယ်…"
စိတ်မပူကြောင်းပြောနေခဲ့သော်လည်း ချီရှောင်မင်၏မျက်နှာပေါ်ရှိ ပူပန်နေမှုမှာ အလွန်ပင်သိသာနေခဲ့သည်။ ချီရှင်းချန် သူ၏နှလုံးသားထဲမှ ပူပန်စိတ်ကိုဖိနှိပ်ကာ ဖခင်ဖြစ်သူအတွက် လက်ဖက်ရည်တစ်ခွက်ပြင်ပေးလိုက်သည်။
ချီရှောင်မင် အလုတ်အနည်းငယ်ခန့်သောက်နေသည်ကို ကြည့်ပြီးနောက် ချီရှင်းချန်ဆက်မေးလိုက်သည် " ဘယ်လိုဖြစ်တာလဲဆိုတာရှာတွေ့ပြီလား…"
" အစောပိုင်းစစ်ဆေးမှုတွေအရဆိုရင် ပတ်လမ်းကဟောင်းလာလို့ ဝါယာရှော့ဖြစ်တာမျိုးပဲ .." ချီရှောင်မင်မှပြောလာသည် " မီးကပထမထပ်ကအဝတ်ဆိုင်ရဲ့ကုန်လှောင်ရုံကနေစလောင်တာ…"
" ဝါယာရှော့လား…" ချီရှင်းချန် ရှုပ်ထွေးသွားရသည် " တကယ်လို့သာ အဝတ်ဆိုင်ရဲ့ကုန်လှောင်ရုံကနေဆိုရင် မီးခိုးတွေကကြီးမှာပဲလေ… ထျန်ချန်းမှာ မီးခိုးအသိပေးစက်တွေတပ်မထားဘူးလား…"
" တပ်ထားတယ်…ပြီးတော့ ထျန်ချန်းက လျှပ်စစ်ပတ်လမ်းနဲ့ မီးခိုးအသိပေးစက်တွေကို လတိုင်းစစ်နေတာပဲ…နှစ်တိုင်းလည်း လိုအပ်ချက်တွေအရ မီးရေးနဲ့ပတ်သက်တဲ့ပစ္စည်းတွေကို အမြဲလဲတယ်…တစ်နှစ်မှမပျက်ကွက်ဖူးဘူး… ဒီတစ်ခေါက်ထူးဆန်းနေတာက အဲဒီအသိပေးစက်တွေအားလုံးတစ်ချိန်တည်းမှာ ပျက်နေကြတာပဲ…လုံခြုံရေးဌာနက အသိပေးချက်ကိုရတာနဲ့ ချက်ချင်းလူတွေကို အခြားအထပ်တွေကိုပို့ပေးဖို့လုပ်တာပဲ… ကံမကောင်းတာက…"
ထိုနေရာအရောက်တွင် စိတ်မာသောအဖေချီသည်ပင် ရပ်တန့်သွားရသည်။ သူ့ကိုယ်သူတည်ငြိမ်စေရန် ရေနွေးအနည်းငယ်သောက်ပြီးမှသာ ဆက်ပြောလာသည် " ကံမကောင်းတာက မီးလောင်တဲ့ကုန်လှောင်ရုံနဲ့ အရေးပေါ်ထွက်ပေါက်တို့က အရမ်းနီးနေခဲ့တာပဲ…တံခါးလက်ကိုင်တွေအရေပျော်ကျသွားတဲ့အချိန်မှသာ မီးလောင်မှန်းသိကြတော့ ဖွင့်လို့်မရတော့ဘူးပေါ့…အဲဒီအချိန်တုန်းက အရေးပေါ်ထွက်ပေါက်မှာလည်း မီးခိုးတွေပြည့်နေတော့ လူတွေကကြောက်လန့်ပြီး ပြန်လှည့်ပြေးကြတာ…"
မီးလောင်သည့်အချိန်တွင် သေစေနိုင်ဆုံးသောအရာမှာ မီးမဟုတ်ဘဲ မီးခိုးငွေ့နှင့်ထိတ်လန့်မှုများသာဖြစ်သည်။ ချီရှောင်မင် ဆက်ပြောရန်ပင် မလိုတော့ပေ။ ကျန်ရှိသည့်အရာကို ချီရှင်းချန် ဆက်လက်ခန့်မှန်းနိုင်နေပြီဖြစ်သည်။
ပြန်လှည့်ပြေးလာချိန်တွင် စင်္ကြန်တွင်လည်း မီးခိုးများပြည့်နေပြီဖြစ်ရာ လွတ်မြောက်နိုင်ရန်အတွက် ထိုအချိန်တွင် လူတိုင်းမှာကိုယ်ကျင့်တရားဟူ၍ မရှိကြတော့ချေ။ အချင်းချင်းတွန်းကာတိုက်ကာဖြင့် တက်နင်း၍ထွက်လာခဲ့ကြသည်။
ထွက်ပြေးလာနိုင်သူများမှာ အသက်ရှင်သန်ခွင့်ရမည်ဖြစ်သော်လည်း ကျန်ရစ်ခဲ့ရသူများမှာမူ ထိုနေရာတွင် ထာဝရနေခဲ့ရမည်ဖြစ်သည်။
ချီရှင်းချန် ထိုအရာများမှာ အနည်းငယ်ထူးဆန်းနေသည်ဟု ခံစားနေမိသည်။ အထူးသဖြင့် မီးခိုးအချက်ပေးခေါင်းလောင်းများသည်ပင်။
ကံမကောင်းစွာဖြင့် ဈေးဝယ်စင်တာ၏တစ်ဝက်ကျော်မှ မီးထဲပါသွားလေပြီဖြစ်ရာ တစ်ခုချင်းလိုက်လံစစ်ဆေးနေ၍ မရနိုင်တော့ပေ။ အပြည့်အဝပြန်လည်ပြင်ဆင်မည့်အချိန်ကိုသာ စောင့်ဆိုင်းပြီး နောက်ဆုံးရရှိထားသောဗီဒီယိုများမှတစ်ဆင့် ဤအရေးမှာ အမှန်တကယ်ပစ္စည်းများဟောင်းနွမ်းပျက်ဆီးနေသောကြောင့်ဖြစ်သည်လား သို့မဟုတ် လူလုပ်ခြင်းကြောင့်ဖြစ်သည်လား ဆိုသည်ကို ကြည့်ရှုရပေမည်။
ချီရှင်းချန်၏ရင်ဘတ်မှာတင်းကြပ်နေပြီး သူ၏လက်များမှာ မြင်နိုင်လောက်အောင် တုန်ယင်နေခဲ့သည်။ စကားပြောရန်ပါးစပ်ဟလိုက်ချိန်တွင် သူ၏အသံမှာ အက်ရှနေသည် " ပါးးး ပါးတို့ဘယ်လိုလုပ်ကြမှာလဲ…လျော်ကြေးပေးကြမှာလား…"
" သေချာပေါက်ပဲပေါ့.. ဒါပေမယ့် ဒီပြသနာက ငွေကြေးနဲ့ဖြေရှင်းလိုက်နိုင်တဲ့ပြသနာမဟုတ်ဘူးလေ…လူ့အသက်တွေပါနေတာ… ရှင်းရှင်း အခုဆိုအဖေမျက်လုံးတောင်မမှိတ်ရဲဘူး…မှိတ်လိုက်တာနဲ့ သေဆုံးသွားရသူတွေရဲ့မိသားစုတွေက အဖေ့ရှေ့မှာ လာငိုနေကြတယ်လို့ ခံစားနေရတယ်ကွယ်…"
ချီရှောင်မင် သက်ပြင်းရှည်တစ်ချက်ချကာ ဆက်ပြောလိုက်သည် " နစ်နာခဲ့ရတဲ့မိသားစုတွေရဲ့တောင်းဆိုမှုကိုဖြည့်ဆည်းပေးနိုင်ဖို့ အဖေအတတ်ဆုံးလုပ်သွားမှာပါ…တကယ်လို့သာ ဒီဘဝနဲ့အကြွေးကြေအောင်မဆပ်နိုင်ဘူးဆိုရင် နောက်ဘဝအထိကို လူပြန်ဝင်စားပြီးဆပ်မယ်ကွယ်…သူတို့သာ အဖေ့ကိုခွင့်လွှတ်ပေးနိုင်မယ်ဆိုရင်…. ခွင့်လွှတ်ပေးနိုင်မယ်ဆိုရင်…"
အဆုံး၌ လူအိုကြီး၏အသံမှာနစ်ဝင်သွားရပြီး ချီရှင်းချန်သည်လည်း ထို့ထက်ပို၍အခြေအနေကောင်းမနေချေ။ အဖေနှင့်သားမှာ အချိန်ခဏမျှတစ်ဦးကိုတစ်ဦး စိုက်ကြည့်နေမိပြီးနောက် ဆုံးရှုံးမှုများကိုလျော့ချနိုင်ရေးအတွက် ဒေသတွင်းရှိအကောင်းဆုံး မီးလောင်မှုနှင့်ပတ်သက်သောဌာနများကို လိုက်လံဆက်သွယ်လိုက်ကြသည်။
ချီယွမ်ရှောင်မှာမူ မပြီးသေးသောအလုပ်များကိုပစ်ချကာ Tမြို့သို့လိုက်သွားခဲ့ရသည်။ ဖုန်းခေါ်အပြီးတွင် ချီရှင်းချန် ကုမ္ပဏီတွင်ဆက်နေကာ သူကူနိုင်သမျှကို ကူညီလုပ်ကိုင်ပေးနေခဲ့သည်။ ၎င်းမှာ များစွာအကူအညီမဖြစ်သော်လည်း အနည်းဆုံးတော့ သူ၏ကူညီမှုဖြင့် သေဆုံးသွားရသူတွေကြောင့် ဝမ်းနည်းပူဆွေးနေသည့်ချီရှောင်မင်အတွက် အစားမပျက်အောင်လုပ်နိုင်ခဲ့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် လူနာပြက္ခဒိန်ပထမဆုံးလ၏ဆယ်ရက်မှာကုန်ဆုံးသွားပြီး ချီယွမ်ရှောင်ပြန်ရောက်လာချိန်တွင် သတင်းဆိုးအချို့ကိုပါ သယ်ဆောင်လာသည်။
ပထမဆုံးအနေဖြင့် မီးလောင်မှုကြောင့် အသေးအမွှားဒဏ်ရာရသူ ၂၉ဦး၊ ပြင်းပြင်းထန်ထန်ဒဏ်ရာရသူ ၇ဦးနှင့် သေဆုံးသူ၁၂ဦးအထိရှိခဲ့လေရာ အကြီးစားမီးလောင်မှုဟူ၍ သတ်မှတ်နိုင်မည်ဖြစ်သည်။
ဒုတိယအနေဖြင့် မီးလောင်မှုကြောင့် အတွင်းပိုင်းရှိစောင့်ကြည့်ကင်မရာများမှ ဗီဒီယိုများပြန်မရခဲ့လေရာ အပြင်ဘက်မှဗီဒီယိုများကိုသာ စစ်ဆေးခဲ့ရသည်။ လွန်ခဲ့သောသုံးလအတွင်း မည်သည့်မသင်္ကာသူကိုမှ မတွေ့ခဲ့ရခြင်းကြောင့် အစောပိုင်းစစ်ဆေးမှုတွင် မီးဘေးကာကွယ်သည့်ပစ္စည်းများအရည်အသွေးမပြည့်မီမှုနှင့် လုံခြုံရေးချို့တဲ့မှုဟုသာ မှတ်ယူလိုက်ကြရပြီး ထျန်ချန်းဈေးဝယ်စင်တာဘက်မှသာ အပြည့်အဝတာဝန်ယူရမည်ဖြစ်သည်။
တတိယအနေဖြင့် မီးလောင်မှုကြောင့် Tမြို့ရှိထျန်ချန်းဈေးဝယ်စင်ဝာာ၏အထွေထွေမန်နေဂျာမှာ ဖမ်းဆီးခံလိုက်ရသည်။ မီးသတ်ဌာန၏အမိန့်ဖြင့် ကျန်ရှိသည့်ဈေးဝယ်စင်တာ၂၁ခုလုံးကို ၁၅ရက်ခန့် ပိတ်ထားရမည်ဖြစ်ကာ ဒေသတွင်းလုံခြုံရေးဌာန၏စစ်ဆေးမှုပြီးဆုံးချိန်မှသာ ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်သည်။ ထို့အပြင် ချီအဖွဲ့မှလည်း ဒဏ်ကြေးယွမ်၂သန်းကို ပေးဆောင်ရမည်ဖြစ်သည်။
စတုတ္ထအနေဖြင့် ဈေးဝယ်စင်တာမီးလောင်မှုကြောင့် ကုန်ပစ္စည်းဆုံးရှုံးမှုမှာ ယွမ်ဆယ်သန်းခန့်ကုန်ဆုံးသွားရကာ ဈေးဝယ်စင်တာ၏စီမံခန့်ခွဲမှုနှင့် အပြင်ဘက်ပိုင်ဆိုင်မှုများကိုလည်း တာဝန်ယူသွားရမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် မီးလောင်မှုကြောင့် လူထုအမြင်မှာအလွန်ဆိုးရွားနေသည့်အတွက် လူထု၏အပြစ်တင်မှုနှင့်ပြိုင်ဘက်များ၏လှုံ့ဆော်မှုအောက်တွင် ချီအဖွဲ့၏ရှယ်ယာများမှာ နှစ်ရက်ဆက်တိုက်ကျဆင်းလာရပြီး သုံးရက်သို့ဆက်သွားနေကာ ဈေးကွက်တန်ဖိုး၏၂၆ရာခိုင်နှုန်းခန့် ကျသွားခဲ့ရသည်။
အမြဲလိုအင်အားတောင့်တင်းနေခဲ့သော ချီမိသားစု၏စီးပွားရေးအင်ပါယာကြီးမှာ ပထမဦးဆုံးအကြိမ်အဖြစ် ရိုက်ခတ်ခံလိုက်ရလေသည်။
ချီရှင်းချန်နှင့်မူလကိုယ်တို့တွင် စီးပွားရေးနောက်ခံမရှိသည့်အတွက် ကုမ္ပဏီတွင်ဆက်နေလျှင်လည်း များစွာအကျိုးမရှိခဲ့ချေ။ လူနာပြက္ခဒိန်၏၁၅ရက်မြောက်နေ့တွင် သူ့မိသားစု၏တိုက်တွန်းမှုကြောင့် မီးခိုးရောင်လမ်းကို ဆက်လက်ရိုက်ကူးရန် လေးလံသောစိတ်များဖြင့် ရိုက်ကွင်းသို့ ပြန်လာခဲ့ရသည်။
နာမည်ကျော်တစ်ဦးအနေဖြင့် သူ၏တည်ရှိမှုမှာလည်း အကျိုးအမြတ်ရှိနေသေးသည်။ အဖြစ်အပျက်အပြီးတွင် အင်တာတိန်းမန့်မှ ကြယ်ပွင့်များနှင့် ဝန်ထမ်းများကိုစုစည်းကာ စေတနာ့ဝန်ထမ်းအဖွဲ့များဖွဲ့စည်းပြီး သေဆုံးသွားသူများအတွက် ဝမ်းနည်းပူဆွေးခြင်းနှင့် ဒဏ်ရာရသူများစီသို့ သွားလည်သည့်လုပ်ဆောင်မှုများ လုပ်ခဲ့ကြသည်။ ချီအဖွဲ့အစည်း၏စိတ်ရင်းနှင့်တောင်းပန်မှုနှင့်အတူ အဖြစ်အပျက်အပေါ် အမြန်ဆုံးထိရောက်စွာကိုင်တွယ်မှုကြောင့် မီးလောင်မှုအကြောင်းမှာ လူထု၏အမြင်ရှေ့မှ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။
လူအနည်းစုသည်သာ ထိုအကြောင်းကို မှတ်မိနေတော့သည်။
သို့သော်လည်း ဆုံးရှုံးသွားရသည့်မိသားစုများနှင့် ချီမိသားစုအတွက်မှာမူ ဤဖြစ်ရပ်မှာ ထာဝရကျန်ရစ်နေသေးသည့်ဒဏ်ရာတစ်ခု ဖြစ်သွားခဲ့လေသည်။
မတ်လအတွင်း မီးခိုးရောင်လမ်းရိုက်ကူရေးပြီးခါနီးအချိန်တွင် အန်းရန်မှ ဇာတ်ညွှန်းတစ်ထပ်ဖြင့် ချီရှင်းချန်၏အခန်းသို့ ရောက်ချလာသည်။
" ရှင်းရှင်း ရိုက်ကူးရေးပြီးရင် ဘာလုပ်ချင်လဲ… အလုပ်တွေဆက်လုပ်မလား ဒါမှမဟုတ် ခဏလောက်အနားယူချင်လား…" အန်းရန်မှ မေးလာသည်။
" အလုပ်ဆက်လုပ်မယ်…ကျဲလက်ထဲမှာ ဇာတ်ညွှန်းတွေနဲ့အလုပ်အပ်ထားတာတွေမလား… ကျွန်တော့်ကိုတစ်ချက်ပေးကြည့်ဦး…" ချီရှင်းချန် ပြောလိုက်သည်။
အန်းရန်မှ ဇာတ်ညွှန်းများအားလုံးကို သူ့ရှေ့သို့တွန်းပို့ကာ လက်ချောင်းဖြင့် ထောက်ပြလျက်ပြောလာသည် " ဒီနှစ်ခုကတော့ ကြော်ငြာတွေပဲ.. ဒါကမဂ္ဂဇင်းရိုက်ဖို့တစ်ခု… ရသစုံရှိုးနှစ်ခုနဲ့ဇာတ်ညွန်းသုံးခု…ကြော်ငြာနှစ်ခုကတော့ ပေါ့ပေါ့ပါးပါးဇိမ်ခံပစ္စည်းဘရန်းတစ်ခုရဲ့ နွေဦးစုစည်းမှုအတွက်ရယ် နိုင်ငံတကာသိအလှကုန်ပစ္စည်းကုမ္ပဏီတစ်ခုအတွက်ရယ်…ငါလက်ခံထားပေးပြီးပြီ… မဂ္ဂဇင်းကတော့ ထိပ်တန်းငါးခုထဲကတစ်ခုပဲ…သူတို့ရဲ့အကြီးတန်းအယ်ဒီတာက မင်းနဲ့သိတဲ့လူထဲက…ရသစုံရှိုးကလည်း တီဗီမှာလွှင့်နေထဲရှိုးတွေထဲမှာ အတော်လေးနာမည်ကြီးတယ်…တစ်ခုကတော့ မင်းရဲ့သူငယ်ချင်းဟောင်းကြီး ဘတ်ဂျက်ခရီးသွားကြမယ်ရဲ့ ငါးခုမြောက်ရာသီပဲ… ဇာတ်ညွှန်းတွေကတော့ ဂျပန်ခေတ်ပုံစံနဲ့ကြယ်ပွင့်ဒရမ်မာတစ်ခုပါတယ်…တစ်ခုကတော့ ဇာတ်လိုက်မင်းသားက အမှုလိုက်စစ်တဲ့အတွဲလိုက်စီးရီးမျိုး… နောက် ရုပ်ရှင်တစ်ကားရဲ့အဓိကဇာတ်လိုက်နေရာလည်းရှိတယ်…"
" ရုပ်ရှင်ကားရဲ့ဇာတ်လိုက်မင်းသားလား…" ချီရှင်းချန် အံ့ဩသွားရသည် " ဘယ်ဒါရိုက်တာက ကျွန်တော့်ကိုဒီလောက်ယုံကြည်ရတာလဲ…"
" သူကအရမ်းနာမည်မကြီးသေးတော့ မင်းသိမှာမဟုတ်ဘူး…စာပေအရေးအသားနဲ့ပတ်သက်တဲ့ဇာတ်ကားတစ်ချို့ရိုက်ဖူးပေမယ့် အရမ်းကြီးတော့ ရိုက်ခတ်မှုဖြစ်အောင်မလုပ်နိုင်ခဲ့ဘူးလေ… ဘယ်လိုပဲဖြစ်ဖြစ် ဇာတ်ညွှန်းကိုတစ်ချက်တော့ကြည့်ကြည့်ပေါ့ အတော်လေးတော့အဓိပ္ပါယ်မရှိတဲ့ကားမျိုးပဲ…အဖွဲ့သားတွေနဲ့ငါဆွေးနွေးပြီးတော့ ဒီကားကိုတိုက်ရိုက်ပယ်ချလိုက်ချင်ပေမယ့် မင်းစိတ်ဝင်စားလောက်မယ်လို့တွေးမိလို့ တစ်ချက်ကြည့်ရအောင် ယူလာပေးတာ…"
သူစိတ်ဝင်စားလောက်မည့်အရာ….
ချီရှင်းချန် သိချင်စိတ်ကြောင့် ချက်ချင်းဆိုသလို စာအုပ်ကိုလှန်ကြည့်လိုက်သည်။
ချက်ချင်းဆိုသလိုပင် စာအုပ်၏ပထမဆုံးစာကြောင်းနှင့်ပင် သူဖမ်းစားခံလိုက်ရလေသည်။
" ဤရုပ်ရှင်ကားက ဆပ်ကပ်သမားတစ်ယောက်ရဲ့ ပုံမှန်နဲ့ပုံမှန်မဟုတ်တဲ့ဘဝအကြောင်းကို ပြောပြပါလိမ့်မယ်…"
" ကျဲက ကျွန်တော့်ကိုတကယ်နားလည်တာပဲ.." ချီရှင်းချန် ပို၍ပင်သိချင်လာရသည် " ဘာလို့ပယ်ချချင်တာလဲ… ဒီကားမှာဘယ်လိုပြသနာတွေပါနေလို့လဲ…"
အန်းရန် ချီရှင်းချန် မေးလာမည်ကိုကြိုသိနေသောကြောင့် သက်ပြင်းတစ်ချက်ချကာ ပြောလိုက်ရသည် " ဘာမှားနေလဲ မင်းဘာသာပဲကြည့်လိုက်ပါတော့…"
ချီရှင်းချန် ဆွံ့အသွားရသည် " ဒီမှာဘာလို့ဒီလောက်တောင်အလွဲတွေများနေရတာလဲ…"
" ပထမဆုံးအနေနဲ့ ဒီဇာတ်ညွှန်းကိုရေးထားတာ နှစ်နှစ်ကျော်နေပြီ… ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ဒါရိုက်တာနဲ့ဇာတ်ညွှန်းရေးဆရာတို့က မရေတွက်နိုင်တဲ့ရုပ်ရှင်ကုမ္ပဏီတွေကို ကမ်းလှမ်းခဲ့ပေမယ့် ဇာတ်ကားပုံစံကအရမ်းကြီးပုံမှန်ဘဝဆန်နေတော့ အားလုံးကပယ်ချခဲ့ကြတယ်လေ…ဒီတစ်ခေါက်တော့ မင်းကိုရှာကြတာက အလကားသရုပ်ဆောင်ပေးဖို့နဲ့ ဒီထဲမှာငွေနည်းနည်းလောက်ရင်းနှီးမြုပ်နှံဖို့ကို မျှော်လင့်ထားကြလို့ပေါ့… ဒီဟာကပဲ သူတို့အနေနဲ့ တစ်ပြားတစ်ချပ်မှမစိုက်ရပဲ အမြတ်ထွက်နိုင်မှာလေ…"
" ဒုတိယအနေနဲ့ကတော့ ဒါရိုက်တာနဲ့ဇာတ်ညွန်းဆရာတို့က ကျွမ်းကျင်အဆင့်တွေဖြစ်ပြီး အတော်ကောင်းတဲ့အရည်အချင်းတွေရှိပေမယ့် သူတို့အဖွဲ့က ကင်မရာဘာသာစကားနဲ့ ရိုက်ချက်တွေနဲ့ပတ်သက်လာရင် အရမ်းတင်းကြပ်လွန်းတယ်… တစ်ခါတောင်ပြက်လုံးတစ်ခုထွက်လာသေးတယ် သူတို့အဖွဲ့နဲ့ရိုက်တုန်းက ၆၆ခါလောက်ပြန်ရိုက်ပြီးတော့ ဇာတ်ညွှန်းပါဖြဲပစ်ခဲ့တဲ့မင်းသားရှိဖူးတယ်တဲ့…ငါတို့မှာ ဒီလောက်ဖြုန်းဖို့အချိန်ရှိမနေဘူးလေ …"
" တတိယအနေနဲ့က မင်းရဲ့လက်ရှိအခြေအနေကပြသနာဖြစ်နေတာပဲ…" အန်းရန် ချီရှင်းချန်ဘက်သို့လှည့်ကာ လေးနက်စွာပြောလိုက်သည် " မင်းနဲ့ပိုင်ရဲ့တို့ရဲ့ဆက်ဆံရေးကိုချပြလိုက်ပြီးနောက် မင်းရဲ့ကျော်ကြားမှုကတိုးလာတယ်ဆိုပေမယ့် ဝေဖန်မှုတွေလည်း တိုးလာတယ်လေ…ဘယ်လိုကိစ္စမျိုးမှာဖြစ်ဖြစ် လိင်တူစိတ်ဝင်စားမှုက နာမည်ကောင်းတစ်ခုမဟုတ်နေဘူး… ပြီးတော့ မင်းမိသားစုရဲ့ပုံရိပ်ကလည်း အချိန်အနည်းလောက်ထိခိုက်ခံထားရတော့
အခုချိန်မှာ လူထုအမြင်ထဲကမင်းရဲ့ကောင်းတဲ့ပုံရိပ်ဖြစ်အောင် ပြောင်းလဲပစ်ဖို့လိုတယ်…နားလည်တယ်မလား…"
" ဟုတ်ကဲ့…" ချီရှင်းချန် ခေါင်းငြိမ့်ပြလိုက်သည်။
" ငါတို့ကတော့ မင်းကို ဂျပန်ခေတ်တော်လှန်ရေးကားဖြစ်ဖြစ် စုံထောက်ကားဖြစ်ဖြစ် နှစ်ခုထဲကတစ်ခုကိုရိုက်စေချင်တယ်…ဘယ်လိုပဲဖြစ်ဖြစ် နှစ်ခုလုံးကအပြုသဘောဆောင်တဲ့ပုံရိပ်တွေဆိုတော့ လွှင့်တာနဲ့မင်းချီးကျူးခံရလိမ့်မယ်…"
" ဟုတ်ကဲ့ ကျွန်တော်သိပါပြီ…." ချီရှင်းချန် ရသစံရှိုးနှစ်ခုကို တုန့်ဆိုင်းခြင်းမရှိ ပယ်ချလိုက်ပြီးနောက် ပြန်ဖြေလိုက်သည် " ဒီညစဉ်းစားပြီးတော့ မနက်ဖြန်ကြရင်အဖြေပြန်ပေးပါ့မယ်…"
ခဏမျှရပ်တန့်ပြီးနောက် ချီရှင်းချန် ဆက်ပြောလိုက်သည် " ဒါနဲ့ အစ်မလာတာအတော်ပဲ… ကျွန်တော့်မှာဆွေးနွေးစရာနည်းနည်းရှိနေတယ်…"
ချီရှင်းချန်မှာ ဆွေးနွေးမည်ဟူသောစကားကိုပြောခဲသူဖြစ်လေရာ အန်းရန် ထွက်သွားချင်သော်လည်း ပြန်ထိုင်နေလိုက်ပြီး ဆက်ပြောရန်အချက်ပြလိုက်သည်။
ချီရှင်းချန်မှ ပြောလာသည် " အချိန်တွေကိုပြန်ကြည့်ရရင် ကျဲ ကျွန်တော်နဲ့အတူရှိနေတာ အတော်လေးကြာနေပြီပဲ… ဒီကြားထဲမှာ လက်ထောက်အနေနဲ့ အမြဲလိုဂရုစိုက်ပေးခဲ့တာအတွက် တကယ်ပဲကျေးဇူးတင်မိပါတယ်…"
အန်းရန် မျက်မှောင်ကြုတ်ကာ ပြောလိုက်မိသည် " ဘာကိုပြောချင်နေတာလဲ… မင်း အစ်မနဲ့ဆိုရင် ယဉ်ကျေးနေဖို့မလိုပါဘူး ပြောသာပြောပါ…"
" ကျွန်တော်ယဉ်ကျေးပြနေတာမဟုတ်ပါဘူး အမှန်ကိုပြောတာပါ ကျွန်တော်ဆုံးဖြတ်ပြီးသွားပြီ…"
ချီရှင်းချန် အံဆွဲထဲမှ ရှယ်ယာလွဲပြောင်းခြင်းစာချုပ်နှစ်စောင်ကိုထုတ်ကာ ပြောလိုက်သည် " ဒါကြောင့် ကျွန်တော်ကို သီးသန့်ဂရုစိုက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ ကြယ်ပိုင်ဆိုင်မှုစီမံခန့်ခွဲဌာနရဲ့ရှယ်ယာဆယ်ရာခိုင်နှုန်းကို ခွဲပေးဖို့ဆုံးဖြတ်ထားတယ်…မငြင်းရဘူးနော်… ကျွန်တော်ကလုပ်မယ်ဆိုရင် ကျဲဘယ်လိုပဲနားချနားချမရနိုင်တာ သိတယ်မလား…"
ငြင်းပယ်တော့မည့်အန်းရန်မှာ ပြောစရာစကားများပျောက်ရှသွားရသည်။
သူမ အမှန်တကယ်ပင် ချီရှင်းချန်ကို တစ်ခါမှမဖြောင်းဖြနိုင်ခဲ့ဖူးချေ။
" ယူသာယူထားလိုက်ပါကျဲရယ် ဘာလို့ဆိုရင် ကျွန်တော်အစ်မကို အကူအညီတောင်းစရာလည်းရှိသေးလို့လေ…"
ချီရှင်းချန် သဘောတူညီမှုများထဲမှ တစ်ခုကိုဖွင့်ပြလိုက်သည် " ဒါကရှေ့နေလွှဲစာပဲ… ကျွန်တော် ကျန်တဲ့ရှယ်ယာကိုးဆယ်ရာခိုင်နှုန်းကို ကျဲစီလွဲပြီးတရားဝင်ပိုင်ဆိုင်သူအနေနဲ့နာမည်ပြောင်းထားချင်တယ်… တစ်နည်းပြောရရင်တော့ သဘောတူညီမှုအတည်ဖြစ်သွားရင် ကျဲကကုမ္ပဏီရှယ်ယာကိုးဆယ်ရာခိုင်နှုန်းရဲ့ပိုင်ရှင်ဖြစ်လာမှာပေါ့… ကုမ္ပဏီရဲ့တရားဝင်သူဌေးက ကျဲဖြစ်ပြီးတော့ ကျွန်တော်ကနောက်ကွယ်ကထိန်းချုပ်တဲ့သူဖြစ်လာလိမ့်မယ်… အန်းရန်ကျဲ ကျွန်တော့်ကိုကူညီပေးဖို့ ဆန္ဒရှိရဲ့လား…"
စာချုပ်ပါအချက်အလက်များမှာ ရိုးရှင်းလှပြီး စာသားအနည်းငယ်သာရေးသားထားသည်။ ၎င်းမှာ တရားဝင်တရားရုံးမှအသိအမှတ်ပြုခြင်းမခံရသေးသည့်အတွက် လျှို့ဝှက်သဘောတူညီချက်ဟူ၍သာ မှတ်ယူနိုင်မည်ဖြစ်သည်။
အကယ်၍သာ သူမထံတွင် ငွေများကိုယူ၍ထွက်ပြေးရန်ရည်ရွယ်ချက်ရှိသည်ဆိုပါက ၎င်းမှာအသုံးမဝင်ကြောင်းငြင်း၍ သူမသည်သာ ကြယ်ပိုင်ဆိုင်မှုစီမံခန့်ခွဲဌာန၏တရားဝင်ပိုင်ရှင်ဖြစ်ကြောင်း ပြောနိုင်ပေမည်။
အကယ်၍သာ ချီရှင်းချန် သူမအပေါ်အပြည့်အဝမယုံကြည်ခဲ့ပါက ဤသို့သောအန္တရာယ်များသည့်စွန့်စားမှုကြီးကို လုပ်မည်မဟုတ်ချေ။
ချီရှင်းချန်မှာ သူမကိုအလွန်ယုံကြည်သည်ဖြစ်ရာ အန်းရန်အနေဖြင့် မည်ကဲ့သို့ငြင်းပယ်နိုင်လိမ့်မည်နည်း။ သူမအလေးအနက်ပြန်ဖြေလိုက်သည် " အစ်မဆန္ဒရှိပါတယ်…"
" ကျေးဇူးပါ အန်းရန်ကျဲ…"
သူမသဘောတူလိုက်သည်ကို မြင်ရမှသာ ချီရှင်းချန်၏အုံ့မှိုင်းနေသောစိတ်အခြေအနေမှာ ပြန်လည်သက်သာသွားရသည်။
ဤအချိန်အတောအတွင်း ချီရှင်းချန် သူ၏လက်ထဲရှိငွေများအားလုံးကို လျန်ကျင်း၏သုတေသနလုပ်ငန်းထဲသို့ အပြည့်အဝလွှဲပြောင်းခဲ့ပြီးဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ကိုယ်ပိုင်ငွေကြေးကို သီးသန့်အကောင့်ထံသို့ ပိုက်ဆံလွှဲရသည်မှာ လွယ်ကူသော်လည်း ကုမ္ပဏီ၏ငွေကို သီးသန့်အကောင့်ထဲသို့လွှဲရာတွင်မူ ကန့်သတ်ချက်များရှိနေသည့်အတွက်ကြောင့် အရေးပေါ်လိုအပ်လာလျှင်အသုံးပြုရန် အပေါ်ယံပိုင်းတွင် သူနှင့်မည်သို့မှမပတ်သက်သောကုမ္ပဏီတစ်ခုကို ပြင်ဆင်ထားရန်လိုသည်။
အကယ်၍သာ ထိုကုမ္ပဏီကိုစာရင်းသွင်းပြီးလျှင် ကိစ္စများမှာ ပို၍လွယ်ကူသွားပေလိမ့်မည်။ အန်းရန်ပြန်သွားပြီးနောက် ချီရှင်းချန် ဇာတ်ညွှန်းဖတ်ရင်းဖြင့် စတော့ရှယ်ယာဆော့ဖ်ဝဲကိုဖွင့်ကြည့်လိုက်သည်။