အပိုင်း ၁၅၅
Viewers 29k

Chapter 155




မတ်လနှောင်းပိုင်းတွင် ရှယ်ယာပြသနာများကိုဖြေရှင်းပြီးနောက် မီးခိုးရောင်လမ်းမှ အဓိကဇာတ်လိုက်လျန်ရှောင်လုံ၏နောက်ဆုံးဇာတ်ကွက်သည်လည်း ပြီးဆုံးသွားပြီဖြစ်သည်။


သမုဒ္ဒရာ၏နှလုံးသားရိုက်ကူးစဉ်အခါက ချီရှင်းချန်မှာ တတိယဇာတ်လိုက်ဖြစ်သောကြောင့် သူ့အတွက်နှုတ်ဆက်ပွဲမလုပ်ပေးခဲ့ပေ။ ယခုတစ်ခေါက်တွင်မူ ချီရှင်းချန်မှာ အဓိကဇာတ်လိုက်မင်းသားဖြစ်လေရာ ဒါရိုက်တာကျိုးမှ စားသောက်ဆိုင်တစ်ထပ်လုံးကိုငှား၍ ရိုက်ကူးရေးပြီးဆုံးသွားပြီဖြစ်သော အရေးပါသည့်ဇာတ်ဆောင်များကိုပါ ဖိတ်ကြားထားခဲ့သောကြောင့် လူတိုင်းမှာ သက်ဝင်လှုပ်ရှားနေကာ စားရင်းသောက်ရင်း ဆော့ကစားရင်းဖြင့် တစ်ညတာလုံးအပျင်းတစ်နေကြသည်။


ယခင်တစ်ကြိမ်ပါတီတွင် ပိုင်ရဲ့ရှိနေသည့်အတွက် ချီရှင်းချန် ကိတ်မုန့်ဖြင့်အသုတ်ခံရမည့်ဘေးမှလွတ်ခဲ့ရသော်လည်း ယခုတစ်ကြိမ်တွင်မူ သူပြေးမလွတ်‌တော့ပေ။ သူ၏အင်္ကျီတစ်ထည်လုံးပေပွနေကာ မျက်နှာတွင် ကိတ်မုန့်များကပ်နေပြီး ဆံပင်များတွင်ပါ ခရင်များပေကျံနေခဲ့သည်။ ပန်းစည်းအနည်းငယ်ကိုကိုင်တာ ယန်းလောနန်နှင့်ဒါရိုက်တာကျိုးတို့ကြားတွင်ရပ်လျက် သူ၏သနားစဖွယ်အကူအညီကင်းမဲ့နေသောပုံဖြင့် ဓာတ်ပုံအနည်းငယ်တွဲရိုက်ပေးလိုက်ရလေသည်။


ဝေ့ပေါ်ပေါ်တွင်တင်ချိန်၌ ဒါရိုက်တာကျိုးမှာ ပိုင်ရဲ့ကိုရန်စရန် မမေ့လျော့ခဲ့ပေ။


ဗစ်ကီချောင် : [ ပိုင်ရဲ့ရေ ဘဝဆိုတာ အနိမ့်အမြင့်အတက်အကျတွေနဲ့ပြည့်နေတဲ့အရာပဲနော်…မင်းငါ့ကိုလုပ်ခဲ့တာတွေအတွက် ရှောင်ချီကိုပြန်ထည့်ပေးလိုက်ပါပြီ ]


[ ပုံ ] [ ပုံ ] [ ပုံ ]


ပိုင်ရဲ့ ထိုပုံများကိုမြင်လိုက်ရချိန်တွင် ရယ်ရမည်လား ငိုရမည်လားကိုပင် မသိတော့ပေ။ သူအလျင်အမြန် လိုင်းပေါ်မှဆင်းကာ ချီရှင်းချန်ထံဖုန်းခေါ်လိုက်ရသည် " မင်းအနိုင်ကျင့်ခံလာရတာလား…"


" ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ.."


ချီရှင်းချန်၏ အနိုင်လိုချင်သောဆန္ဒဖြင့် သူဘယ်သောအခါမှ ထိုကဲ့သို့စကားမျိုးကို လက်ခံမည်မဟုတ်ချေ။ ထို့ကြောင့် သူ၏သိက္ခာလေးကိုကယ်ဆယ်ရန် ကြိုးစားလိုက်မိသည် 


" ကျွန်တော်မတော်တဆလှည့်စားခံလိုက်ရတာပါ…"


" အင်းပါ မလိုက်လာမိတဲ့ကိုယ့်အပြစ်ပါ မဟုတ်ရင် မင်းအလှည့်စားခံရမှာမဟုတ်ဘူး…"


" ရပါတယ် သူတို့ကိုအရင်ပေးပျော်လိုက်ပါဦး.." ချီရှင်းချန် အံကြိတ်ကာပြောလိုက်သည် " နောက်ကြရင် သူတို့ကိုပြန်လုပ်ဖို့ အခွင့်အရေးရှာမှာပါ…"


သူ၏ဖန်ကလေးမှာ နိုင်ခြင်းရှုံးခြင်းအတွက် စိတ်ဆန္ဒပြင်းပြရုံသာမက လက်စားချေရန်အတွက်လည်း ဆန္ဒပြင်းပြနေသေးသည်။ ပိုင်ရဲ့ မနေနိုင်တော့ဘဲ ချီရှင်းချန်အပေါ် အနိုင်ယူမိသည်များရှိနေခဲ့လားဟူ၍ ပြန်လည်စဉ်းစားနေမိသည်။ ထိုမှသာ ‌အနာဂတ်တွင် သူ့အပေါ်ပြန်လည်လက်စားချေခြင်းမျိုးနှင့် မကြုံရမည်ဖြစ်သည်။


အဆုံး၌ ရလဒ်အနေဖြင့် သူလုပ်ခဲ့ဖူးသည် မဖူးသည်ကို မသိနေသော်လည်း ပြန်တွေးကြည့်လိုက်ပါလျှင် ၎င်းမှာအတော်လေးရှော့ရစရာကောင်းနေသည်ပင်။


သူအနေဖြင့် လူများအပေါ်အနိုင်ယူခြင်းကို မည်သည့်အချိန်ကမှ ရပ်တန့်ခဲ့မိပုံမရချေ။


ဖုန်းခေါ်ရန်မလွယ်ကူသည့်အတွက် ချီရှင်းချန် ဖုန်းကြာကြာပြောချင်သောကြောင့် စကားလမ်းကြောင်းလွှဲကာ အသံကိုနှိမ့်၍မေးလိုက်သည် " ဖန်မီတင်ကို ဘယ်မှာလုပ်မယ်ဆိုတာ ဆုံးဖြတ်ပြီးပြီလား…"


ပိုင်ရဲ့ ကြောင်အသွားရသည် " ကိုယ် ဖန်မီတင်လုပ်မယ်ဆိုတာ ဘယ်လိုသိတာလဲ…"


သူဘယ်လိုသိတာလဲ…


သေချာပေါက် ဖန်ကလပ်ထဲကိုနေ့တိုင်းဝင်ကြည့်နေလို့ ရှာတွေ့သွားတာပေါ့…


ဧပြီလ ၃ရက်နေ့မှာ ပိုင်ရဲ့ပွဲဦးထွက်ခြင်းရှစ်နှစ်ပြည့်အထိမ်းအမှတ်နေ့ဖြစ်သည်။ ယခုနှစ်တွင် သူတို့၏ဆက်ဆံရေးကိုကြေငြာခြင်းနှင့် စတူဒီယိုအတွက်ပြင်ဆင်နေခြင်းများကြောင့် နယ်လှည့်ဖျော်ဖြေပွဲမလုပ်လိုက်နိုင်ဘဲ ထိုအစား ဖန်မီတင်အသေးလေးအဖြစ် ပြောင်းလဲလိုက်ရသည်။ ၎င်းကို မည်သည့်နေရာတွင် ကျင်းပမည်ကိုမူ ယခုထိမကြေငြာသေးပေ။


ချီရှင်းချန် ထိုကိစ္စနှင့်ပတ်သက်၍ လိုင်းပေါ်တွင် နေ့စဉ်လိုလိုတက်ရှာနေမိသည်။ သူမည်မျှပင်ရှာကြည့်နေပါစေ မတွေ့လာရသောကြောင့် မနေနိုင်ဘဲ ယနေ့တွင် အရှင်သခင်ကြီးကို မေးလိုက်မိလေသည်။


ချီရှင်းချန် ပြန်မဖြေလာသည့်အတွက် ပိုင်ရဲ့ ခဏမျှစဉ်းစားလိုက်ပြီးနောက် မြို့အမည်တစ်ခုကို ပြုံးလျက်ပြောပြလိုက်ကာ သူ၏အသံမှာ လျှို့ဝှက်ဆန်းကြယ်ပုံပေါ်နေခဲ့သည် " ကိုယ်ဘာလို့ အဲဒီနေရာကို ရွေးလဲသိလား…"


ချီရှင်းချန် : " ဘာလို့လဲ…"


ပိုင်ရဲ့ : " မပြောပြဘူး…"


ချီရှင်းချန် : "...."


ဘုရားရေ သူ့ကောင်လေးရဲ့ ကလေးဆန်မှုတွေ ပြန်ပေါ်လာပြန်ပြီ…


ချီရှင်းချန်မှာ အနည်းငယ်မူးနေသည့်အတွက် ရဲရင့်စွာအထွန့်တက်လိုက်မိသည် " ကောကောက အသက်ဘယ်လောက်ရှိပြီမလို့လဲ… ဘာလို့အခုထိ ဒီလိုဂိမ်းမျိုးလာဆော့ရတာလဲလို့…"


" မင်းသဘောမကျဘူးလား…" ပိုင်ရဲ့မှ လေးနက်စွာမေးလာသည်။


သူသဘောမကျဘူးလား… ချီရှင်းချန်မှာ ထိုလူသားနှင့်ပတ်သက်လာလျှင် အရာအားလုံးကိုသဘောကျသူဖြစ်လေရာ သူ၏ကံတရားကိုသာလက်ခံလိုက်ရလေသည်


 " သဘောကျပါတယ်…"


ထိုစကားကိုကြားလိုက်ချိန်တွင် ပိုင်ရဲ့၏နှုတ်ခမ်းများတွန့်ချိုးသွားကာ ခေါင်းကိုငုံ့၍ ချောင်းအသာဟမ့်လိုက်မိသည်။ ဘေးအနားမှဖြတ်သွားမိသောရှောင်မန်မှာမူ အလွန်ထိတ်လန့်သွားရသည့်အတွက် သူမ၏မျက်နှာများပင် ဖြူဖျော့လာရသည်။


ဘုရားရေ ဘာလို့ဘော့စ်ကဒီလောက်တောင်ရယ်နေရတာလဲ အရမ်းကြောက်ဖို့ကောင်းတာပဲ….


ပိုင်ရဲ့ ရှောင်မန်ကိုတစ်ချက်ကြည့်ကာ ရယ်နေသည်ကို ရပ်တန့်လိုက်သည်။ ထို့နောက် ဖုန်းတစ်ဖက်မှလူကို လှမ်းရှင်းပြလိုက်လေသည် " အကြောင်းရင်းကို ကိုယ်နောက်ကျရင်ပြောပြပါမယ် ဒါပေမယ့် အခုတေ့ာမဟုတ်သေးဘူး…"


ချီရှင်းချန် အလွန်သိချင်နေမိသော်လည်း ပိုင်ရဲ့ထံမှ ထိုအကြောင်းနှင့်ပတ်သက်၍ မည်သည့်စကားမှပြန်မရမည်ကိုပါသိနေခဲ့သည်။ ပိုင်ရဲ့နှင့်ခဏမျှစကားစမြည်ပြောဆိုလိုက်ပြီးနောက် သူတွန့်ဆုတ်တွန့်ဆုတ်ဖြင့် ဖုန်းချလိုက်ရသည်။


မီးခိုး‌ရောင်လမ်း၏ရိုက်ကူးရေးပြီးနောက် ရက်အနည်းငယ်အကြာတွင် ချီရှင်းချန် အလွန်အလုပ်များနေရသည့်အတွက် သူ့ကိုယ်သူရှစ်ကိုယ်ပင် ခွဲချင်လိုက်မိသည်။ တစ်ကိုယ်ကို မဂ္ဂဇင်းကာဗာရိုက်ရန်အတွက်၊ တစ်ကိုယ်ကို ဇိမ်ခံပစ္စည်းကြော်ငြာအတွက် ၊ တစ်ကိုယ်ကို အသားအရည်ထိန်းသိမ်းရေးပစ္စည်းကြော်ငြာရန်အတွက်နှင့် တစ်ကိုယ်ကို ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့တို့နှင့် ညှိနှိုင်းရန်အတွက်တို့ဖြစ်သည်။


ကံမကောင်းစွာဖြင့် ထိုသို့လုပ်ချင်နေသည့်တိုင် နိုးလာသည်နှင့် စတူဒီယိုနှင့်ရိုက်ကွင်းများကို ပျံသန်းနေသကဲ့သို့ ကူးချည်သန်းချည်လုပ်နေရသည်။


သူကြယ်ပွင့်များအနောက်သို့လိုက်စဉ်အခါက ပိုင်ရဲ့ ပင်ပန်းနေကြောင်းသိခဲ့ရသော်လည်း ထိုမျှပင်ပန်းမည်ကိုမူ မသိခဲ့ပေ။ တစ်ပတ်ကျော်မျှရုန်းကန်ပြီးနောက်တွင် ချီရှင်းချန် အရာအားလုံးကိုသိရှိသွားပြီဖြစ်သည်။


ပထမဆုံးပရောဂျက်သုံးခုကို အပြီးသတ်ရိုက်ကူးပြီးနောက် ဂျပန်ခေတ်တော်လှန်ရေးပုံစံဇာတ်ကားဖြစ်သော နေဝန်းနီနီ၏ရိုက်ကူးရေးအဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းရန်အတွက် အနီးနားရှိမြို့သို့ လေယာဉ်ဖြင့်လာခဲ့ရသည်။


အန်းရန်ပြောထားသည့်အတိုင်း သူအနေဖြင့် လူထု၏အကောင်းမြင်သောပုံရိပ်ကိုပြောင်းလဲနိုင်ရန်အတွက် အပြုသဘောဆောင်သောဇာတ်ကောင်မျိုးကို ယူရမည်ဖြစ်ရာ နေဝန်းနီနီဇာတ်ကား၏ဂျပန်‌ခေတ်တော်လှန်ရေးပုံစံမှာ သူ၏လိုအပ်ချက်များနှင့်ကိုက်ညီနေခဲ့သည်။


အရေးကြီးဆုံးအချက်မှာ ယခင်မဆုံးနိုင်သည့်ဒရမ်မာများနှင့်မတူဘဲ ဂျပန်တော်လှန်ရေးခေတ်၏သွေးပူနေသောလူငယ်များအကြောင်း ၊ ကူကယ်ရာမဲ့ခြင်းများနှင့် နောင်တမရှိရှေ့သို့ချီတက်ကြခြင်းအကြောင်းများ၊ လွန်ခဲ့ပြီးသောမျိုးဆက်များ၏‌စိန်ထက်ပို၍စစ်မှန်သောအချစ်တို့ကို မီးမောင်းထိုးပြထားခြင်းဖြစ်သည်။


အဆုံး၌ ချီရှင်းချန် ဂျပန်ခေတ်တော်လှန်ရေးဇာတ်ကားကိုယူရန် ဆုံးဖြတ်လိုက်သည်။


သူ၏ရိုက်ကူးရေးမှာ ဧပြီလ၁၅ရက်နေ့တွင်စတင်မည်ဖြစ်ပြီး ယခုအချိန်မှစ၍ ဆယ်ရက်အလွန်တွင်ဖြစ်သည်။


တွဲဖက်လုပ်ကိုင်ရမည့်သူကိုရွေးချယ်ပြီးနောက် အပြိုင်အဆိုင်မရှိရဟူသော အခြေခံစည်းမျဉ်းအတွက် ချီရှင်းချန် နောင်တများစွာဖြင့် ကျန်သောဒရမ်မာများနှင့်ဇာတ်ကားများအားလုံးကို ငြင်းပယ်လိုက်ရသည်။ တကယ်ကိုပင် သူဆပ်ကပ်အကြောင်းရေးသားထားသည့်ဇာတ်ကားကို အလွန်သဘောကျနေမိခဲ့ရာ သူ၏စိတ်ရင်းကိုဖော်ပြနိုင်ရန်အတွက် ချီရှင်းချန် ဒါရိုက်တာထံ သူ့အပေါ်အခွင့်အရေးပေးခဲ့သည်အပေါ် အထူးတလည်ကျေးဇူးတင်မိကြောင်းနှင့် သူ၏အချိန်ဇယားများမှာပြည့်နေပြီဖြစ်သောကြောင့် လက်မခံဖြစ်လိုက်ကြောင်းကို စာပို့လိုက်သည်။ 


ဒါရိုက်တာမှာမူ ငြင်းပယ်ခံရခြင်းအပေါ် အသားကျနေပြီဖြစ်ရာ တည်ငြိမ်စွာပင် စာပြန်လာခဲ့သည် : [ စာပို့လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…ရပါတယ် ‌ကျွန်တော်တို့နောက်ကြရင် ထပ်ပြီးအလုပ်အတူလုပ်ကြမယ်နော်…]


ချီရှင်းချန် ဒါရိုက်တာ၏ကျေးဇူးတင်ပါတယ် ဟူသောစကားကြောင့် အချိန်အတန်ကြာသည်အထိ စိတ်မကောင်းဖြစ်နေမိခဲ့သည်။


အခြားသောရင်းနှီးမြုပ်နှံသူများနှင့် သရုပ်ဆောင်များမှာ ထိုဒါရိုက်တာအပေါ်မည်သို့ဆက်ဆံကြမည်ကို သူသိနေခဲ့သည်။ ထိုသူများမှာ သေချာပေါက်ဂရုစိုက်ကြမည်မဟုတ်ဘဲ လက်ခံသင့်သည်ဟုမခံစားမိကြသည့်အတွက် မသိချင်ယောင်သာ ဆောင်သွားကြလိမ့်မည်ပင်။


ဤအတွက်ကြောင့် ဒါရိုက်တာအနေဖြင့် သူ့အပေါ်ငြင်းပယ်ခဲ့သူများကို နှိမ့်ချ၍ ကျေးဇူးတင်စကားသာ ပြောခဲ့ရသည်။


အရာအားလုံးအခြေကျပြီးနောက် ချီရှင်းချန် ပိုင်ရဲ့၏ပွဲဦးထွက်ခြင်းရှစ်နှစ်ပြည့်အထိမ်းအမှတ် ဖန်မီတင်ကျင်းပရာ Gမြို့သို့ ညခုနစ်နာရီအချိန်တွင် လေယာဉ်နှင့်လာခဲ့လိုက်သည်။


မြို့တော်Gမှာ သန့်ရှင်းသောပတ်ဝန်းကျင်နှင့် သာယာလှပသည့်ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်ပြီး လူဦးရေနည်းပါးသည့်အတွက် နေထိုင်ဖို့ရန်အလွန်သင့်တော်ပြီး သက်တောင့်သက်ရှိလှသည်။


ချီရှင်းချန်မှာ တောင်ပိုင်းသို့မရောက်ဖူးသောကြောင့် ဘေးဘီဝဲယာသို့ကြည့်ကာ အရာတိုင်းမှာသူ့အတွက်အသစ်အဆန်းဖြစ်နေခဲ့သည်။ သူ၏သိချင်စိတ်ပြင်းပြနေသောပုံစံကြောင့် လေဆိပ်သို့လာကြိုပေးရသည့်အားလွင်မှ တိုးဂိုက်နေရာသို့ဝင်လိုက်ရကာ မရပ်မနားရှင်းပြပေးခဲ့လေသည်။


ချီရှင်းချန် ရှင်းပြသမျှကိုနားထောင်ရင်းဖြင့် သွယ်ဝိုက်၍မေးလိုက်သည် " ဘာလို့ရဲ့ကောက ဖန်မီတင်ကို မြို့တော်Gမှာလုပ်တာလဲ… အရင်အခါတွေတုန်းက မြို့ကြီးပြကြီးတွေမှာပဲ လုပ်ခဲ့တာပါ…"


အားလွင်မှပြန်ဖြေလာသည် " ကျွန်တော်တော့ မြို့တော်Gလည်းအတော်လေးကြီးတယ်လို့ ထင်တာပဲ…"


" ဒါကပြည်နယ်အဆင့်မြို့တော်ကြီးမဟုတ်ဘူးလေ… အနည်းဆုံးတော့ ပြည်နယ်အဆင့်မြို့ကြီးကိုရှာရမှာပေါ့…ဒါမှ နိုင်ငံခြားဖန်တွေလည်း လာဖို့လွယ်မယ် နောက်ပြီး ဒေသခံဖန်တွေအရမ်းနည်းလို့ ခုံတွေဖြည့်ရတဲ့အခါကြရင်လည်း ကိုးရိုးကားယားမနိုင်တော့ဘူးပေါ့…"


" အာ… ဘယ်လိုလုပ်ပြီး ကိုးရိုးကားယားနိုင်ရမှာလဲ…" အားလွင် သူ၏ခေါင်းကိုဂုဏ်ယူစွာယမ်းကာ ရှင်းပြလိုက်သည် " ဒီနှစ်ဖန်မီတင်က ခုံ၅၀၀ပဲရှိတာ…နိုင်ငံခြားဖန်တွေကိုမပြောနဲ့ ဒေသခံတွေတောင် မရလိုက်တဲ့သူတွေအများကြီး… သူတို့လာချင်ရင်တောင်လာလို့မရဘူးလေ…"


ချီရှင်းချန် : "..."


ကောင်းပါပြီ… သူ့အိုင်ဒေါရဲ့ ကျော်ကြားမှုကို လျော့တွက်မိသွားတာပဲလေ…


လေဆိပ်မှာ ဖန်မီတင်ကျင်းပရာနေရာနှင့် များစွာမကွာဝေးသည့်အတွက် ညခုနစ်နာရီလေးဆယ်အချိန်တွင် အားလွင်၏ဦးဆောင်မှုဖြင့် ချီရှင်းချန်စင်အနောက်သို့ တိတ်တဆိတ်ဝင်ရောက်ကာ ရှောင်မန်မှ ရိုးရှင်းသောမိတ်ကပ်အနည်းငယ်လိမ်းပေးလိုက်သည်။


ညရှစ်နာရီနှစ်ဆယ်အချိန်တွင် ချီရှင်းချန် သူ၏များစွာအားထုတ်ထားရသောဝတ်စုံနှင့် စင်နောက်တွင်ရပ်လျက် သူ၏နှလုံးမှာ ခုန်ပေါက်နေခဲ့သည်။


ထိုစဉ် စင်ရှေ့ရှိတင်ဆက်သူမှ ကျယ်လောင်စွာပြောလာခဲ့သည် " ဒီလိုအမှတ်တရနေ့လေးကို လူတိုင်းနဲ့အတူဆင်နွှဲနိုင်တဲ့အတွက် ကျွန်တော်အလွန်ပဲဝမ်းမြောက်မိပါတယ်…တစ်ချိန်တည်းမှာပဲ အထူးပရိသတ်တစ်ယောက်လည်း ရောက်နေတာဆိုတော့ အားလုံးပဲတွေ့ချင်ကြရဲ့လား…"


" အထူးပရိသတ်လား…" ပိုင်ရဲ့ မျက်ခုံးတစ်ချက်ပင့်ကာ ပြောလိုက်သည် " တွေ့ချင်ပါတယ်…"


" ကဲ ဒါဆိုရင် အထူးပရိသတ်လေးကို ထွက်လာဖို့ ကြိုဆိုလိုက်ကြရအောင်…"


တင်ဆက်သူ၏စကားဆုံးသည်နှင့် မီးရောင်များမှာ မှိန်ကြသွားကာ ရုတ်တရက်ဆိုသလို အဝါရောင်အလင်းဖျော့လေးသာ လင်းလာခဲ့ပြီး လုံးလုံးဝိုင်းဝိုင်းနှင့်ပီကာချူးလေးမှာ လိုက်ကာနောက်မှထွက်လာခဲ့သည်။


၎င်းမှာ အရှေ့သို့ပြေးထွက်လာကာ ဟိုဟိုဒီဒီလှည့်ပတ်ပြသလိုက်ပြီးနောက် သူ၏အမြီးလေးကိုလှုပ်ယမ်းကာ ကာတွန်းသံနှင့်အတူ ရောင်စုံမီးရောင်အောက်တွင် ကပြနေခဲ့သည်။


" အား အား အားးး အရမ်းချစ်ဖို့ကောင်းတာပဲ ဟင့်ဟင့်…"


" ဘုရားရေ သူ့ခြေထောက်တိုလေးတွေက အရမ်းသွက်တာပဲ.. ချစ်စရာလေးတွေ…"


" ပွဲပြီးတဲ့အခါကြရင် သူ့ကိုငါ့စီကမလုကြနဲ့နော်… ငါအိမ်ပြန်ယူသွားမှာ…"


" ကျစ် ပီကာချူးအကဆိုတာ ရဲ့ကောရဲ့စတိုင်တော့မဟုတ်ဘူး… မဟုတ်သေးဘူး… အဲဒီပီကာချူးက ရဲ့ကောသိတဲ့သူတစ်ယောက်ယောက်လို့တော့ ငါတေ့ာထင်မိတာပဲ…"


ညဉ့်ကောင်းကင်များမှာ ၎င်း၏ချစ်စဖွယ်အမူအယာကြောင့် အော်ဟစ်နေကြကာ မဆုံးနိုင်အောင် ခန့်မှန်းချက်များစွာနှင့်ဆွေးနွေးနေကြသည်။ ခဏအကြာတွင် သီချင်းသံပြီးဆုံးသွားသည်နှင့် ကနေသည်မှာလည်း ရပ်တန့်သွားခဲ့သည်။ ထို့နောက် ပီကာချူးလေးမှ သူ၏အမြီးကို အလွန်ယဉ်ကျေးသောအမူအယာဖြင့်ကိုင်ကာ လူတိုင်းကိုဦးညွှတ်နှုတ်ဆက်လိုက်သည်။


" အရမ်းကိုချစ်ဖို့ကောင်းတာပဲနော်…မင်းရဲ့ဖျော်ဖြေမှုအတွက် ကျေးဇူးတင်ပါတယ် ပီကာချူးရေ…" တင်ဆက်သူမှ ပီကာချူးထံသို့ လက်ယမ်းကာ ပြောလာသည် " လာပါ ဒီနားကိုလာပါဦး…"


ပီကာချူးမှ သူ၏ခြေတိုလေးများဖြင့် လျှောက်လာကာ တင်ဆက်သူ၏ဘေးတွင်ရပ်လိုက်သည်။


တင်ဆက်သူမှ " ပီကာချူးရေ မင်းကဒီနေ့ရဲ့ကောရဲ့မွေးနေ့ပွဲဆင်နွဲဖို့အတွက် ရောက်နေတာလား…"


ပီကာချုးမှ ခေါင်းတဆတ်ဆတ်ငြိမ့်ပြလာသည်။


" ဒါဆိုရင် ရဲ့ကောအတွက် ဘာများပြောပေးချင်လဲ…"


ပီကာချူးမှ မိုက်ကိုသူ၏ခေါင်းနားသို့နှိမ့်ကာ ခပ်အုပ်အုပ်မသဲမကွဲအသံဖြင့် ပြောလာသည် " ပျော်ရွှင်ဖွယ်ရှစ်နှစ်ပြည့်ပွဲဦးထွက်ပွဲဖြစ်ပါစေနော် ရဲ့ကော… နောက်နှစ်ကြရင်လည်း အတူကျင်းပသွားနိုင်ဖို့ကို မျှော်လင့်မိပါတယ်…"


လေးလံသောခေါင်းဆောင်းကြီးဖြင့် ဖုံးအုပ်ထားသည့်အတွက် အသံမှာ အနည်းငယ်မပီမသဖြစ်နေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ပိုင်ရဲ့မှာ အထဲတွင်ရှိသူကို ချက်ချင်းမှတ်မိသွားပြီး အရှေ့သို့အမြန်လျှောက်လာကာ ခေါင်းဆောင်းကိုဆွဲချွတ်လိုက်သည်။


လူငယ်ကလေး၏ကြည်လင်သောမျက်နှာတစ်ခုမှာ ပေါ်ထွက်လာခဲ့သည်။


ခေါင်းဆောင်းမှာ အလွန်ထူထဲသောကြောင့် မိနစ်အနည်းငယ်မျှ ကခုန်ပြီးနောက်တွင် လူငယ်ကလေး၏အရှေ့ဆံပင်များမှာ ချွေးဖြင့်ရွှဲနစ်နေခဲ့ပြီး သူ၏နဖူးတွင်ကပ်နေခဲ့လေသည်။


မောဟိုက်နေသောကြောင့် သူ၏အနီရောင်နှုတ်ခမ်းပါးလေးမှာ အနည်းငယ်ပွင့်ဟနေပြီး သွယ်လျလျလည်ပင်းပေါ်မှချွေးများမှာ မီးရောင်အောက်တွင် ညှပ်ရိုးအထိပင် စီးကျနေသည်။


လူငယ်ကလေးမည်သူဖြစ်ကြောင်းကို ညဉ့်ကောင်းကင်များမှာ စက္ကန့်အနည်းငယ်အတွင်းသိရှိသွားကြပြီးနောက် စတင်၍အော်ဟစ်လာကြပြန်သည်။


စူးရှရှအော်သံများကြားတွင် ပိုင်ရဲ့ ပီကာချူး၏လက်ကို အသာအယာဆွဲယူကာ မေးလိုက်သည် " မထူလွန်းဘူးလား…"


ချီရှင်းချန် ပြုံးကာပြန်ဖြေလာသည် " မထူပါဘူး…"


အကယ်၍သာ ဝတ်စုံမှာမထူပါက ချီရှင်းချန် အဘယ့်ကြောင့်ချွေးများရွှဲနစ်နေမည်နည်း။ ပိုင်ရဲ့ ချီရှင်းချန်၏နှုတ်ခမ်းပါးလေးကို မြတ်နိုးစွာ အနမ်းဖွဖွပေးကာ ပြောလိုက်သည် " စင်နောက်သွားပြီး အရုပ်ထဲကထွက်ချည်တော့… ကိုယ်လည်း ဒီမှာပြီးတော့မှာမလို့ ခဏလောက်စောင့်ပေးနော်…"


ထိုအနမ်းကိုမြင်လိုက်ကြရသည့်ညဉ့်ကောင်းကင်များမှာ ဆွံ့အသွားကြရသည်။


သောက်ကျိူးနည်းဟေးးး ငါဒီဖန်မီတင်ကိုလာဖို့သုံးရက်တောင်စောင့်ခဲ့ရတာ အခုတော့ ခွေးစာကျွေးခံလိုက်ရပြီ….


ဒါကငါတို့အတွက်လွယ်ကူမယ်လို့ ထင်နေကြတာလား ဝူးးး ဝူးး…


ချီရှင်းချန်မှာ အမြဲလိုပိုင်ရဲ့စကားကိုနားထောင်သူဖြစ်လေရာ အဝတ်လဲပြီးသည်နှင့် နားနေခန်းတွင်နာနာခံခံဖြင့် ထိုင်စောင့်နေခဲ့သည်။


ဖန်မီတင်မှာ ညကိုးနာရီခန့်တွင် ပြီးဆုံးသွားခဲ့သည်။ ပိုင်ရဲ့မှ စင်နောက်သို့ပြန်လာကာ သူ့ကိုအနမ်းတိုတိုတစ်ချက်ပေးလိုက်ပြီးနောက် မည်သည့်စကားမှမပြောဘဲ အပေါ်ဝတ်တစ်ထည်ပေးကာ ကားထဲသို့ဝင်ရန်အချက်ပြလိုက်သည်။


သူတို့၏ထူးဆန်းသောအလိုလိုနားလည်မှုကြောင့် ပိုင်ရဲ့မပြောလာပါက ချီရှင်းချန်လည်း မမေးခဲ့ပေ။ ပိုင်ရဲ့ သူ့ကိုသေချာပေါက်အကာအကွယ်ပေးကာ အန္တရာယ်မများသောနေရာသို့ခေါ်သွားမည်ဖြစ်ကြောင်းကို သူသိရှိနေပြီးဖြစ်သည်။


တစ်ဖက်လူမှ သူ့ကိုပင်လယ်အနားရှိ ဗီလာတစ်ခုသို့ ခေါ်သွားသည်အထိပင်။


ချီရှင်းချန် ပိုင်ရဲ့၏အင်္ကျီလက်ကိုဆွဲကာ သိချင်စိတ်အပြည့်ဖြင့် မေးလိုက်မိသည် " ဒါကဘယ်နေရာလဲဟ

င်…"


" မင်းပဲကိုယ်နဲ့အတူ‌တူနေသွားမယ်လို့ သဘောတူခဲ့တယ်မဟုတ်ဘူးလား…ဒါကိုယ်တို့ရဲ့အနာဂတ်အိမ်ပဲ… " ပိုင်ရဲ့မှ တံခါးကိုဖွင့်ကာ ပြောလာသည်


 " အထဲဝင်ပြီး သဘောကျရဲ့လားလို့ ကြည့်လိုက်ပါဦး…"