အပိုင်း ၁၅၈
Viewers 29k

Chapter 158




သူတို့ အချိန်အကြာအကြာကြီး အတူရှိနေနိုင်သည်ကို ရှင်းရှင်းလင်းလင်း ခံစားခဲ့ရပေမဲ့ မျက်စိတစ်မှိတ်အတွင်းမှာပဲ အချိန်တွေကကုန်ဆုံးသွာခဲ့သည်။ ဧပြီလ 13 ရက်နေ့တွင် အန်းရန်က ကတိပြုထားသည့်အတိုင်း ချီရှင်းချန်ကို လာခေါ်သည်။ တစ်ချိန်တည်းမှာပင်၊ပိုင်ရဲ့ကလည်း ဆယ်ရက်ကြာအောင် ဆိုင်းငံ့ထားသည့်အလုပ်ကို ပြန်လည် စတင်ခဲ့သည်။


"နေဝန်းနီနီ" ဇာတ်ကားကို 15 ရက်နေ့တွင်စတင်ရိုက်ကူးခဲ့ပြီး ရာသီအကူးအပြောင်းကြောင့် 13ရက်နေ့တွင်ထွက်ခွာရန်ရွေးချယ်ခဲ့သည်။ ချီရှင်းချန် ရာသီအတွက် အဝတ်အစားများထုပ်ပိုးရန် အိမ်ပြန်ခဲ့ရပြီး သူ့မိသားစုနှင့် အချိန်ဖြုန်းခဲ့သည်။ရိုက်ကူးရေးထဲဝင်ပြီးနောက် သုံးလေးလကြာအောင် နေခဲ့လျှင် သူ့မိသားစုက သူ့ကို လွမ်းနေမှာကို စိုးသလို သူ အိမ်ကိုလွမ်းနေမှာလည်းစိုးသည်။


မီးလောင်မှုပြီးကတည်းက အဖေချီက ကောင်းကောင်းအိပ်မပျော်ပေ။ချီရှင်းချန်က သူ့အိပ်ရန် ခေါင်းအုံးတစ်စုံ မှာလိုက်သည်။ H City ကိုရောက်သည့်အခါ ခေါင်းအုံးတွေယူရန် စတိုးဆိုင်ကိုသွားပြီးနောက် ကုမ္ပဏီဆီကို တန်းတန်းမတ်မတ်သွားခဲ့သည်။


ဥက္ကဋ္ဌရုံးခန်းတံခါးကို တွန်းဖွင့်လိုက်သောအခါ ချီယွမ်ရှောင်နှင့် ချီရှောင်မင်က မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ သားအဖနှစ်ယောက် စာရွက်တစ်ရွက်ကိုကြည့်ကာ တစ်စုံတစ်ခုကို ဆွေးနွေးနေပုံရသည်။


"အဖေ...ကော"

ချီရှင်းချန် ဝမ်းသာအားရနှင့်ဆိုလိုက်သည်။ 

"ကျွန်တော် ပြန်လာပြီ"


သူ့သားငယ်၏ အသံကိုကြားသောအခါ ချီရှောင်မင်က ခေါင်းမော့လာပြီး ချက်ချင်းပြုံးလိုက်သည်။

"ဘာလို့ ကြိုမပြောတာလဲ...ငါတို့ မင်းကို လေဆိပ်မှာ လာကြိုလို့ရတယ်"


"သူ မပြောရဲတာဖြစ်နိုင်တယ်" 

ချီယွမ်ရှောင်က ခါးသီးစွာပြောသည်။ "ချန်နော်ရာက သူ့အလုပ်ပြီးတာကြာပြီလို့ကျွန်တော့်ကိုပြောတယ်... သူ အိမ်မပြန်ဘဲ G Cityကိုသွားပြီး လဝက်လောက် ပိုင်ရဲ့နဲ့ ကမြင်းကြောထနေတာလေ"


"..." 

ချန်နော်ရာက သူ့ကိုဘာအငြှိုးရှိလို့လဲ... 

ချီရှင်းချန် စိတ်ထဲမှာ ချန်နော်ရာ၏အခွက်ကိုဖြတ်ရိုက်လိုက်ပြီး သူ့အဖေနှင့် အစ်ကိုအတွက် လက်ဖက်ရည်လေး လောင်းငှဲ့ပေးလိုက်သည်။ 

"လဝက်မဟုတ်ပါဘူး...ဆယ်ရက်လောက်ပဲရှိတာပါ ဟီးဟီး"


အဖေချီ ရုတ်တရက် စိတ်ဓာတ်ကျသွားသည်။


ရည်းစားရသွားပြီး လအနည်းငယ်မျှနှင့် သားဖြစ်သူကို ပြန်ပေးဆွဲခံရမည်ဟု သူ မမျှော်လင့်ထားပေ။


ပိုင်ရဲ့က တကယ်ကြီး အဲသလောက် ဆွဲဆောင်မှုရှိတာလားဟ...


အဖေတစ်ယောက်အနေဖြင့် ဝမ်းနည်းနေပေမဲ့ သတိပေးစရာရှိသည်ကိုတော့ သူ့ကို သတိပေးရမည်။ချီရှောင်မင်က အလေးအနက်ဆိုလိုက်၏။

"မင်းတို့နှစ်ယောက်အတူတူနေတဲ့အခါ ကန့်လန့်ကာတွေကိုပိတ်ပြီး မင်းရဲ့ကိုယ်ရေးကိုယ်တာကိုကာကွယ်ဖို့ မမေ့နဲ့"


ချီရှင်းချန်က ခေါင်းညိတ်လိုက်သည်။ "ကျွန်တော်သိပါတယ်"


"ဘယ်အချိန် ရပ်ရမယ်ဆိုတာလည်း သိထားသင့်တယ်... အလွန်အကျွံကြီးမဖြစ်စေနဲ့... အဲဒီကလေးက ပိန်ပိန်လေးမို့ သူ့ခန္ဓာကိုယ်က သေချာပေါက် အားနည်းနေမှာပဲ... မင်း သူ့ကို အမြဲတမ်း အနိုင်ကျင့်လို့ မရဘူး"


"… ကျွန်တော်သိပါပြီ"


ချီရှင်းချန် ငိုချင်သော်လည်း မျက်ရည်ကမကျ။အဲဒီပိန်ပိန်ပါးပါး ကောင်လေးကပဲ အမြဲတမ်း သူ့ကို အနိုင်ကျင့်နေတာပါနော်...အိုကေ...


သားဖြစ်သူက နာခံမှုရှိရှိ သဘောတူကြောင်းတွေ့သောအခါ အဖေချီက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ 

"လာ...အဖေကြည့်ပါရစေဦး... ဟမ် မင်းက အတော်လေးတောင့်လာတာပဲ... သူက မင်းကို ကောင်းကောင်း ဂရုစိုက်နေပုံပဲ"


ချီရှင်းချန် ဘာပြောရမှန်းမသိတော့ပေ။ သူ့အစ်ကိုကို ရှက်ရွံ့သောအမူအရာဖြင့် မျက်လုံးနှင့် အကူအညီတောင်းလိုက်သည်။ ထို့နောက် အစ်ကိုကြီး၏အကြည့်က စားပွဲပေါ်ရှိ စာရွက်စာတမ်းအမြောက်အများပေါ်၌ရှိနေသည် သတိပြုမိသည်။ အနည်းငယ် စိတ်တိုနေသကဲ့သို့ သူ့မျက်ခုံးများက အနည်းငယ်တွန့်ချိုးနေသည်။


"ကော"

သူ သိချင်သွားသည်။

"ကုမ္ပဏီက ပြဿနာတက်နေတာလား"


ချီယွမ်ရှောင် အာရုံတွေ ပြန်ရောက်လာသည်။

"ဖောက်သည်တစ်ယောက်က ဒီနှစ်အစမှာ အော်ဒါ အကြီးကြီးတစ်ခု တင်ထားတယ်...အခု ကုန်ပစ္စည်းပြီးသွားတော့ လက်ကျန်ငွေကို စစ်ဆေးပြီး ပေးချေဖို့ သူ့ကို ဆက်သွယ်လိုက်တယ်... ဒါပေမဲ့ ရက်အနည်းငယ်ကြာပြီးတာတောင် သူ့ကို ရှာမတွေ့ဘူး"


အော်ဒါတင်ထားတဲ့ ဖောက်သည်ကို ရှာမတွေ့ဘူး...


"ဒါဆို ကော သူ့ကုမ္ပဏီကို သွားကြည့်ပါလား... ဒါမှမဟုတ် စက်မှုနဲ့ ကူးသန်းရောင်းဝယ်ရေးဌာနကို ဝင်စွက်ဖက်ခိုင်းပါ့လား"


"ငါ ကုမ္ပဏီကို သွားတယ်" 


ချီယွမ်ရှောင် မျက်ခုံးမွှေးကြားရှိ နေရာလွတ်ကို လက်ညှိုးလက်မကြားညှပ်၍နှိပ်လိုက်သည်။

"ပြီးခဲ့တဲ့ ရက်အနည်းငယ်က ဥက္ကဌက ငွေအမြောက်အမြားကို ရုတ်တရက်ကြီး ရွှေ့ပြီး ဘယ်တော့မှ ပြန်မပေါ်လာဘူးလို့ သူတို့ကုမ္ပဏီရဲ့ ဘဏ္ဍာရေးဌာနက ပြောတယ်... ပြည်သူ့လုံခြုံရေးဌာနက စုံစမ်းစစ်ဆေးမှုအပြီးမှာ သူတို့ဥက္ကဋ္ဌရဲ့အထောက်အထားက အကောက်ခွန်မှာ မှတ်ပုံတင်ထားတယ် ..."


ချီယွမ်ရှောင်က သူ့လက်ကို ချလိုက်သည်။ မျက်ခုံးနှစ်ခုကြားက နေရာလွတ်က နီရဲနေသည်။ 

"ပဏာမ ထင်ကြေးပေးတာကတော့ တစ်ဖက်လူက ကုမ္ပဏီနဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ပိုက်ဆံတွေကို ခိုးယူပြီး ထွက်ပြေးသွားခဲ့တာ"


ချီးရှင်းချန်က စီးပွားရေးကို နားမလည်သော်လည်း ချီယွမ်ရှောင် ၏အသုံးအနှုန်းအရ ဤကိစ္စသည် ကုမ္ပဏီအပေါ် ကြီးမားသောအကျိုးသက်ရောက်မှုရှိသည်ဟု သူခံစားနိုင်သည်။အဘယ့်ကြောင့်ဆိုသော် သာမာန်အော်ဒါလေးတွေက သူ့အစ်ကိုကို မျက်မှောင်ကြုတ်စေရန် မလုံလောက်သောကြောင့်ဖြစ်၏။


"ကော...ကျွန်တော်တို့လက်ကျန်ငွေကို ပြန်မရနိုင်ရင် ဘယ်လောက်ဆုံးရှုံးမှာလဲ"


ချီယွမ်ရှောင်: "ကုမ္ပဏီခွဲက နှစ်နှစ်ကြာအောင် ပြန်ထနိုင်မှာမဟုတ်ဘူး"


"တစ်ဖက်အဖွဲ့အစည်းက လက်ကျန်ငွေကို မပေးဘူးဆိုရင်၊ စာချုပ်ကို ဖောက်ဖျက်တာဖြစ်သွားပြီလေ... ကျွန်တော်တို့က စာချုပ်ကို ရပ်စဲပြီး တခြားကုမ္ပဏီတွေကို ထုတ်ကုန်ကို ရောင်းပေးရင်ရော"


"အဲဒါက ခက်တာပဲ" 


ချီယွမ်ရှောင်၏ အသံကတိုးဝင်သွားသည်။ 

"ဒီထုတ်ကုန်အတွက် နည်းပညာကို တစ်ဖက်က ပံ့ပိုးပေးထားပြီး လျှို့ဝှက်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တယ်...ဒုတိယအချက်က တစ်ဖက်လူက အမှန်တကယ် ဒေဝါလီခံသွားလို့ လျှို့ဝှက်ရေး သဘောတူညီချက်က အကျုံးမဝင်ရင်တောင် ဒီအဆင့်မှာ နိုင်ငံတွင်းကဘယ်ကုမ္ပဏီမှဒီလောက် ကြီးမားတဲ့တောင်းဆိုမှုမျိုး မရှိဘူး... နိုင်ငံခြားကကျထုတ်လုပ်မှု စွမ်းရည်က ဖူလုံပြီး ငါတို့ကို မလိုအပ်ဘူး...ဒီအသုတ်က အမှိုက်ဖြစ်သွားပြီလို့ယူဆလို့ရတယ်"


၎င်းကိုကြားသောအခါ ချီရှင်းချန် ဒေါသထွက်သွားသည်။ သူ့မိသားစု၏ပိုက်ဆံအတွက် စိတ်မကောင်းဖြစ်မိပေမဲ့ ဤကိစ္စက တိုက်ဆိုင်လွန်းသည်ဟုလည်း သူခံစားရသည်။


ယေဘူယျအားဖြင့်ပြောရလျှင် ကုမ္ပဏီတစ်ခုနှင့်ပူးပေါင်းရန်မရွေးချယ်မီ ကုမ္ပဏီ၏အရည်အချင်း၊ ယုံကြည်စိတ်ချရမှုနှင့် စျေးကွက်တွင်း နာမည်ဂုဏ်သတင်းတို့ကို ထည့်သွင်းစဉ်းစားရန် လိုအပ်လေသည်။ချီယွမ်ရှောင်က စီးပွားရေးနောက်ခံရှိပြီး ချီမိသားစု၏ကုမ္ပဏီကို သိမ်းပိုက်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူ့အတွက် အခြေခံအကျဆုံးအရာတွေကို မေ့ထားရန်က မဖြစ်နိုင်ပါချေ။


ပူးပေါင်းဆောင်ရွက်မှုကို စုံစမ်းစစ်ဆေးပြီး အတည်ပြုပြီးနောက်၊ ဥက္ကဋ္ဌက ၎င်းသည် တရားမဝင်မှန်း သိလျက်နှင့် ကုမ္ပဏီနှင့် ဂုဏ်သိက္ခာကိုစွန့်လွှတ်လိုက်ကာ ဖမ်းဆီးထောင်ချခံရနိုင်သည့် အန္တရာယ်ကိုပင် လျစ်လျူရှုပြီး ရုတ်တရက် ထွက်ပြေးသွားခဲ့သည်။ ဒီအတွက် တကယ်ကို အညှီနံ့(မသင်္ကါစရာ) မရှိဘူးလား...


အကြောင်းတစ်ခုခုကြောင့် ချီရှင်းချန် ထိုယုတ်မာသော ဇာတ်ကြောင်းကို တွေးလိုက်မိသည်။


ယခုအချိန်တွင် ပြည်သူ့လုံခြုံရေးဗျူရို၏ စုံစမ်းစစ်ဆေးမှုရလဒ်ကို စောင့်ရုံမှတပါး အခြားနည်းလမ်းမရှိပေ။ထို့အပြင် စီးပွားရေးလောကက စစ်မြေပြင်လိုပါပင်။ စစ်မြေပြင်မှာ ဆုံးရှုံးမှုတွေ ကြုံတွေ့ရသည်က ပုံမှန်ပါပင်။ အလွန်အကျွံတွေးခြင်းက လူကိုပို၍စိုးရိမ်စေသည်။ချီရှင်းချန် သူ့အဖေနှင့် အစ်ကို စိတ်ပူနေမှာစိုး၍ ဆက်မမေးတော့ပေ။တစ်နေကုန် ကုမ္ပဏီမှာ ဇာတ်ညွှန်းဖတ်ပြီး အလုပ်ပြီးသည်နှင့် အိမ်ပြန်ခဲ့သည်။


ညဘက်တွင် အော်ဒါအကြောင်း တွေးလေလေ၊ စိတ်မသက်မသာ ခံစားရလေလေဖြစ်သည်။ သူက ဇာတ်ညွှန်းကိုချပြီး ချီယွမ်ရှောင်၏အခန်းတံခါးကိုခေါက်လိုက်သည်။


"ကော...ကောကိုမေးစရာတစ်ခုရှိတယ်... ကုမ္ပဏီတစ်ခုက ဘယ်လိုလုပ်ရင် အများပိုင်ဖြစ်မှာလဲ"


ချီယွမ်ရှောင်က စာအုပ်တစ်အုပ်ဖတ်နေပြီး မော့မကြည့်ဘဲဆိုသည်။ "ဘယ်လိုလုပ်ငန်းမျိုးလဲ...ဘဏ္ဍာရေးအစီရင်ခံစာ ဘယ်လိုလဲ...ငွေကြေးလိုအပ်ချက်က ဘယ်လောက်လဲ...ဒီနှစ်တွေမှာ စီးပွားရေးက ဘယ်လိုလဲ... လက်ရှိ အစုရှယ်ယာဖွဲ့စည်းပုံက အများပိုင်လုပ်ပြီးတဲ့နောက် အဝယ်အရောင်းတွေကို မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်သလား... လည်ပတ်နိုင်သလား…"


မေးခွန်းတစ်တသီတစ်တန်းကြီးကို ရင်ဆိုင်လိုက်ရသဖြင့် ချီရှင်းချန် အံ့အားသင့်သွားသည်။ 

"အာ…"


"ဘယ်သူက အများပိုင်လုပ်ချင်တာလဲ" 

ချီယွမ်ရှောင်က တစ်ခုခုကို မြင်လိုက်ရသည်။ 

"မင်းတော့မဟုတ်ပါဘူးနော်...အသက်မွေးဝမ်းကြောင်းကို ပြောင်းချင်ရင် ချီကော်ပိုရေးရှင်းကိုပြန်လာ... အပြင်ထွက်ပြီး ကိုယ်ပိုင်လုပ်ငန်းကို မစတင်လိုက်နဲ့...အရမ်းပင်ပန်းတယ်"


"အသက်မွေးဝမ်းကြောင်း ပြောင်းမလို့ မဟုတ်ပါဘူး"


လိုရမည်ရ သူ့မိသားစုအတွက် လွတ်လမ်းတစ်ခု ချန်ထားခဲ့ရန်ဖြစ်လေသည်။ချီရှင်းချန် ပလေးဘွိုင်းတစ်ယောက် ဟန်ဆောင်ကာဆိုလိုက်သည်။ "ကျွန်တော် ကစားချင်တယ်"


အပျော်သဘောသက်သက်ဆိုလျှင် အများကြီးအလေးအနက်ယူစရာမလိုသလို အများကြီးလည်း ရင်းနှီးးရာ မလိုပါချေ။ချီယွမ်ရှောင် ခဏလောက်စဉ်းစားလိုက်သည်။ 


"အခု IPO လျှောက်ထားဖို့က အရမ်းခက်ခဲတယ်...စျေးကွက်အသစ်ကိုသွားပြီး စီမံခန့်ခွဲမှု အဆင်မပြေလို့ delistingဖြစ်ခါနီးနေတဲ့ ကုမ္ပဏီကို ဝယ်ပြီး အနောက်တံခါးကနေ listingလုပ်ပြီးအများပိုင်လုပ်လိုက်...ဒီနည်းနဲ့ဆို မင်း ငွေကုန်သက်သာပြီး listingတန်းစီတဲ့နေရာမှာ အချိန်ကုန်သက်သာစေမယ်... ကုမ္ပဏီက မလုပ်နိုင်ရင် ဒါမှမဟုတ် မလုပ်ချင်ရင် ပိုက်ဆံနည်းနည်းပြန်ရဖို့အတွက် အခွံကို ရောင်းလို့ရတယ်"

(T/N–

IPO=အများပြည်သူထံ ကနဦးအစုရှယ်ယာရောင်းချခြင်း

listing=စာရင်းဝင်/စာရင်းဝင်ခွင့်

delisting=စာရင်းဝင်အဖြစ်မှပယ်ထုတ်ခံရ)


ချီရှင်းချန် ၎င်းကို နှလုံးသားထဲတွင် မှတ်ထားလိုက်သည်။


"အခု မင်းမှာ ပိုက်ဆံအလုံအလောက်ရှိလား" 

ချီယွမ်ရှောင်က ခဏရပ်လိုက်သည်။ "မရှင်းရင် ငါ ငွေချေးဌာနကို ကုမ္ပဏီကို ရွေးချယ်ခိုင်းလိုက်မယ်... ဝယ်ယူပြီးရင် မင်းကို တိုက်ရိုက်ပေးမယ်"


ချီရှင်းချန် လျန်ကျင်းဆီသို့ ငွေအားလုံးကို မလွှဲပေးခဲ့သောကြောင့် သူ့တွင် ပိုက်ဆံအနည်းငယ်ရှိသေးသည်။ သူက အမြန်ငြင်းလိုက်သည်။ 


"မလိုဘူး ရတယ်...သင့်တော်တဲ့ ကုမ္ပဏီကို ရွေးပေးပါဦး...ကောရွေးပြီးတဲ့အခါ ကျွန်တော့်ကိုပြော...ကျွန်တော် ကောဆီငွေလွှဲပေးမယ်"


မည်သို့ပင်ဖြစ်စေ ထိုပိုက်ဆံတွေအားလုံးကလည်း သူ့မိသားစု၏ ပိုက်ဆံဖြစ်သည်။ချီယွမ်ရှောင် ဘာမှပြန်မပြောဘဲ ခေါင်းညိတ်လိုက်သည်။ချီရှင်းချန်က သူ့အား ငွေကြေးဆိုင်ရာ ဗဟုသုတအချို့ကို မေးမြန်းပြီးနောက် သူ့အခန်းထဲပြန်ဝင်ကာ အိပ်ရာပေါ်တွင် သိုးများကို ရေတွက်လိုက်သည်။


၎င်းနောက် ဝမ်းနည်းစရာတစ်ခုတွေ့သည်။ပိုင်ရဲ့နှင့် အချိန်ခဏအိပ်ပြီးနောက် သူ့ဘာသာ တစ်ယောက်တည်း ပြန်အိပ်ရသောအခါ သူ အိပ်မပျော်တော့ပါချေ။


… သူ လွန်ခဲ့တဲ့ အနှစ် 20 လုံး ဒီလိုပုံနဲ့ပဲ နေထိုင်ခဲ့တာ မဟုတ်ဘူးလား...


ပိုင်ရဲ့က သူ့ကို ပွေ့ဖက်မထားသည်နှင့် သူ့နှလုံးသားက ဟာတာတာကြီးဖြစ်နေပြီး တစ်စုံတစ်ခုပျောက်ဆုံးနေသလို ခံစားရသည်။


ပိုင်ရဲ့က တကယ့်ကို နတ်ဆိုးလေးတစ်ကောင်ပဲ...

သူက ဒေါသတကြီးတွေးလိုက်သည်။ "ဒါက လွန်လွန်းတယ်"


တစ်ညလုံး မှောက်လိုက်လှန်လိုက်ဖြင့် မိုးလင်းခါနီးတွင် အိပ်ပျော်သွားခဲ့သည်။ သူ သူ့မိသားစုနှင့် စကားစမြည်ပြောပြီး သူယူသွားမည့် ပစ္စည်းများ ထုပ်ပိုးထားခဲ့သည်။ 


ပြည့်စုံပြီး သာယာသောနေ့ဖြစ်ခဲ့သည်။ 15 ရက်နေ့ မနက်ပိုင်းမှာ သူ့မိသားစုကို နှုတ်ဆက်ပြီး "နေဝန်းနီနီ" ကို စတင်ရိုက်ကူးရန်အတွက် တရုတ်နိုင်ငံ၏ အကြီးဆုံး ရုပ်ရှင်စတူဒီယိုဆီကို လေယာဥ်စီးကာသွားခဲ့သည်။


"နေဝန်းနီနီ"က ကျောင်းမှ စစ်မြေပြင်သို့ရောက်သည့် ဗိုလ်လောင်းများ၏ ဇာတ်လမ်းကို ပြောပြထားသည်။ ကျောင်းဆိုသည့် အသံနေအသံထားက ပေါ့ပေါ့ပါးပါးနှင့် ရယ်မောစရာပါပင်။မနူးမနပ်မရွယ် ယောက်ျားလေး နှင့် မိန်းကလေး အုပ်စုကြီး တစ်စုသည် အတူတူ လေ့လာ ဆော့ကစားကြသည်။ သူတို့စိတ်ထဲမှာ အမိမြေကို အလုပ်အကျွေးပြုရန်ဟူသော မရေရာသည့် အတွေးတစ်ခုကယောင်ဝါးဝါးသာရှိ၏။များမကြာမီယောက်ျားနှင့်မိန်းမကြားတွင် ချစ်ခြင်းမေတ္တာက အညှောက်ပေါက်လာ၏။


ဂျပန်ဆန့်ကျင်ရေးစစ်ပွဲ၏ ပထမဆုံး ပစ်ခတ်မှုနှင့်အတူ စစ်ပွဲက အရေးပေါ်အခြေအနေမှာရှိနေပြီး နီးကပ်လာနေပြီဖြစ်သည်။စိတ်ကူးကနေ လက်တွေ့ကို ပထမဆုံးအကြိမ်အဖြစ်ကူးပြောင်းလာသည်။တချို့က စစ်ပွဲ၏ ရက်စက်ကြမ်းကြုတ်မှုတွေကို မြင်ပြီး အိမ်ပြန်ပြေးကြသည်။ တချို့က စစ်ဘုရင်တွေ၏ လက်ပါးစေတွေ ဖြစ်လာသည်။ အချို့က ငွေ၏သွေးဆောင်မှုအောက်တွင် ရန်သူထံ ဘက်ပြောင်းသွားကြသည်။ စစ်မြေပြင်၏ ရှေ့တန်းစစ်မျက်နှာတွင် မိမိကိုယ်ကို တန်ဖိုးတက်စေပြီး သာမာန်အရှိဆုံးသာမက အကြီးမြတ်ဆုံးစစ်သည်တော်များ ဖြစ်လာရန် ရွေးချယ်ခဲ့ကြသည့်အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်ကဲ့သို့သော လူများလည်း ရှိခဲ့သည်။


သွေး၊ ခြေပြတ်လက်ပြတ်တွေ၊အသက်ရှင်နေဆဲဖြစ်သော ရဲဘော်တွေ၏ မျက်လုံးတွေ။ စစ်မြေပြင်အပိုင်းသည် ကြေကွဲဖွယ်ကောင်းသော်လည်း တစ်ချိန်တည်းမှာပင် စိတ်အားတက်ကြွဖွယ်နှင့် ထိတ်လန့်စရာဖြစ်သည်။ ဤအဆင့်တွင် ဇာတ်ကောင်များသည် လျင်မြန်စွာ ကြီးထွားဖွံ့ဖြိုးလာပြီး လူ့သဘောသဘာဝကို ဤအဆင့်တွင် ပြတ်ပြတ်သားသားနှင့် ကွက်ကွက်ကွင်းကွင်း ပြသခဲ့သည်။


အားလုံးကို ခြုံပြောရလျှင် ဤရုပ်ရှင်က အဆင့်တွေကရှင်းလင်းပြီး ဇာတ်ကောင်တွေ၏ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေက ရိုးရှင်း၏။ "မီးခိုးရောင်လမ်း" တွင် လျန်ရှောင်လုံ ဇာတ်ရုပ်ကို လေ့ကျင့်ပြီးနောက် ချီရှင်းချန် မည်သည့်ဖိအားမှမရှိဘဲ သရုပ်ဆောင်ခဲ့သည်။ သူ့လိုင်းတွေ၏ စည်းချက်နှင့် အမြန်နှုန်းကို သူသိသည်။ ဒါရိုက်တာနှင့် သရုပ်ဆောင်တွေကလည်း ချီးကျူးမှုတွေအပြည့်ဖြစ်၏။ 


"ဝိုး...ငါတို့ ရှောင်ချီက တကယ်ကို အကောင်းဆုံး လူသစ်ဆုနဲထိုက်တန်ပါပေတယ်"


ချီရှင်းချန်က ရှက်ရွံ့စွာ ပြုံးပြီး ပိုင်ရဲ့ကိုလှည့်ကာကြွားလိုက်သည်။

[လူတိုင်းက ကျွန်တော့်ကို သရုပ်ဆောင်ကောင်းလို့ ချီးကျူးနေကြတယ်]


ပိုင်ရဲ့က "နေဝန်းနီနီ"၏ တရားဝင် Weibo အကောင့်ကနေ ရိုက်ကူးရေးနောက်ကွယ်က ဗီဒီယိုဖိုင်ကို ပြန်မျှဝေပြီး ချီရှင်းချန်၏သရုပ်ဆောင်မှုကို စောင့်မျှော်နေသည်ဟု ကပ်ပရှင်တပ်လိုက်သည်။


ညဥ့်ကောင်းကင်နှင့် ကြယ်အလင်းတန်းများ၏ ထုံကျဉ်နေသော မျက်နှာများ: [အဆင်ပြေပါတယ်...သဘောရှိသလိုလုပ်ကြပါ... ငါတို့ အဲဒါကို ကျင့်သားရနေပါပြီ]


[ကမ္ဘာပေါ်မှာ မောပြီးခြေကုန်လက်ပန်းကျသွားတဲ့ခွေးရယ်လို့မရှိဘူး... ခွေးစာမလောက်တာပဲရှိတယ်]

........


အလုပ်သစ်တစ်ခုနှင့် စိန်ခေါ်မှုအသစ်တစ်ခုနှင့်အတူ ချီရှင်းချန် ပိုင်ရဲ့အကြောင်း သိပ်ကြာကြာ မစဉ်းစားဖြစ်ခဲ့ပေ။


သို့ပေမဲ့ သူ တဖြည်းဖြည်းနှင့် ရိုက်ကူးရေး၏ ပြင်းထန်မှုကိုကျင့်သားရလာပြီး သက်တောင့်သက်သာ ရှိလာပြီးနောက် ညတိုင်း အိပ်ရာမဝင်ခင်မှာ သူ့အရန်အကောင့်ကို ဝင်ကြည့်ပြီး ပိုင်ရဲ့၏ဓာတ်ပုံတွေ၊ ဇာတ်ဝင်ခန်းတွေနှင့် ရသစုံရှိုးတွေကို အရူးအမူး လိုက်ကြည့်ခဲ့သည်။ သူ့ကို လူကိုယ်တိုင် မမြင်ရလျှင်ပင် ကင်မရာကနေတစ်ဆင့်ကြည့်ရသည်ကလည်း ကောင်းပါ၏။


ဓာတ်ပုံတွေကို မကျေနပ်သေးလျှင် သူ့ဖန်တွေကို ဝတ္ထုတွေရှာခိုင်းလိုက်မည်။ သူတို့နှစ်ယောက်၏ ဆက်ဆံရေးကို အတည်ပြုလိုက်ပြီဖြစ်သည့်အတွက် နာမည်ကြီးစာရေးဆရာတွေ ပိုများလာသလို ဝတ္ထုတွေ၏ အရည်အသွေးကလည်း ပိုကောင်းလာသည်။ယင်းက သူ့ကို အင်မတန်စိတ်အားပြင်းပြစေသည်။ထိထိမိမိ အပိုင်းများ ရောက်သွားသောအခါ သူနှင့် ပိုင်ရဲ့တို့၏ မသေဆုံးနိုင်သော ချစ်ခြင်းမေတ္တာကို မကြာခဏ ချီးမွမ်းလေ့ရှိသည်။


ထိုညတွင် သူသည် အလွန်ကောင်းမွန်သော ဇာတ်လမ်းတိုတစ်ပုဒ်ကို တွေ့ရှိခဲ့သည်။ သူဖတ်ပြီးခါနီးမှာ ပိုင်ရဲ့က ဖုန်းဆက်လာသည်။


"ရိုက်ကူးရေးပြီးပြီလား"


"ဟုတ်" 

ချီရှင်းချန်က ပြန်ဖြေလိုက်သည်။ 

"ဖုန်းဆော့နေတာ"


"မင်းဖုန်းမှာ ဘာဆော့စရာရှိလို့လဲ...ကိုယ့်ဓာတ်ပုံတွေကို ကြည့်နေတာလား"


"…မဟုတ်ဘူး" 

ချီရှင်းချန် တစ်ဖက်လူက သူ့အခန်းထဲတွင် စောင့်ကြည့်ကင်မရာတပ်ဆင်ထားသည်ဟု သံသယဖြစ်မိသည်။ "ကျွန်တော် ဝတ္ထုတစ်ပုဒ်ဖတ်နေတာ...ခင်ဗျားကိုလွမ်းနေတာမဟုတ်ဘူး"


ပိုင်ရဲ့ "ခင်ဗျားကိုမလွမ်းဘူး" ဟုပြောလိုက်လိုက်သည့်အခါ ဖန်လေး၏လေသံရုတ်တရတ် တိုးဝင်သွားသည်ကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။သူ မနေနိုင်ဘဲ ရယ်မောလိုက်သည်။ 

"အင်း ကိုယ်သိပါပြိ... ဖုန်းချလိုက်တော့မယ်"


"...ဖုန်းမချနဲ့" 

ချီရှင်းချန်မှာ ရွေးချယ်စရာမရှိပေ။ "နည်းနည်းတော့ လွမ်းတယ်"


"နည်းနည်းလေးလား"


"ကောင်းပြီ" 

ချီရှင်းချန် လိမ်ညာခြင်းကို စွန့်လွှတ်လိုက်သည်။ 

"ခင်ဗျားကိုအများကြီးလွမ်းနေတာ"


ဖန်လေး၏ မကျေမနပ်လေသံကိုကြားသောအခါ ပိုင်ရဲ့ကျေနပ်သွားသည်။ တရားဝင်ဝဘ်ဆိုဒ်ကို သွားပြီး ဆုအဖြစ် ဖန်လေးအတွက် အဝတ်အစားနှစ်စုံဝယ်လိုက်သည်။


လိပ်စာတောင်းပြီး အဝတ်အစားတွေအဆင်သင့်ဖြစ်ပြီးနောက် ပိုင်ရဲ့ကမေးလိုက်သည်။

"မင်း အခု ဘယ်ဝတ္ထုကို ဖတ်နေတာလဲ" 


ချီရှင်းချန် စိတ်လှုပ်ရှားလာသည်။ "ဒါက ကျွန်တော်တို့အကြောင်း ဝတ္ထုတစ်ပုဒ်ပါ... ရှေးခေတ်က စစ်သူကြီးနဲ့ ဧကရာဇ်တစ်ပါးအကြောင်း ရေးထားတာ အရမ်းကောင်းတယ်"


"စစ်သူကြီးနဲ့ ဧကရာဇ်... စစ်သူကြီးက ဘယ်သူလဲ၊ ဧကရာဇ်က ဘယ်သူလဲ"


"ကျွန်တော်က ဧကရာဇ်" 

ချီရှင်းချန်က ပြန်ဖြေသည်။

"ခင်ဗျားက မာနကြီးပြီး မျက်နှာနှစ်ဖက်ရှိတဲ့လူ"


ပိုင်ရဲ့ ဝတ္ထု၏ ဂေဟစနစ်ကို လုံးဝနားမလည်သည့်အပြင် အမျိုးအစားခွဲရန်လည်း မသိပေ။

"ပို့လိုက်...ကိုယ်လည်း ဖတ်မယ်" 

ဟု စပ်စပ်စုစုခိုင်းလိုက်သည်။


ထို့ကြောင့် ချီရှင်းချန် စာ

ဖိုင်ကိုရှာဖွေပြီး send ကိုနှိပ်လိုက်သည်။


အောင်မြင်စွာ ပေးပို့ထားကြောင်း သူ့ဖုန်းက အကြောင်းကြားခဲ့သည်။ ထိုမှသာလျှင် သူ ခေါင်းစဉ်တူသော အခြားရှေးခေတ်ဟောင်းပုံစံဝတ္ထုကို မတော်တဆ ပို့လိုက်ကြောင်း သိလိုက်ရသည်။