Chapter 161
ပိုင်ရဲ့အတွက် ချီရှင်းချန်ကို မတွေ့ရသည်မှာကြာပြီဖြစ်၍ သူ့အပေါ်မှာ ရှိသမျှ အားအင်တွေကို သုံးဖြုန်းပစ်ချင်သလိုပါပင်။ နှစ်နာရီနီးပါးလောက် အချစ်စခန်းဖွင့်ပြီးမှ နောက်ဆုံးမှာ သူ့ကို လွှတ်ပေးလိုက်သည်။
နှစ်ယောက်သား ပြန်ရောက်ချိန်က ညနေ ခြောက်နာရီပင် မထိုးသေးပေ။ ယခုရှစ်နာရီထိုးခါနီးပြီဖြစ်၏။ချီရှင်းချန်တစ်ယောက် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး သူ့အသံက ပြာလွန်းနေ၍ သူနှင့်ပင်မတူတော့။
"ရဲ့ကော ဗိုက်ဆာနေပြီလား"
ပိုင်ရဲ့: "ကိုယ်က အဆင်ပြေပါတယ်"
"ဒါဆို ဒီနေ့တော့ မလုပ်တော့ဘဲနေကြရအောင်... အပြင်ထွက်စားရအောင်လေ...ကော ဒီကိုလာဖို့က မလွယ်ဘူး...ကျွန်တော် ကောကို ကောင်းကောင်းဧည့်ခံမယ်"
သူ့ချစ်သူလေး၏ ရှင်သန်လွတ်မြောက် လိုသောဆန္ဒကို ခံစားရပြီး ပိုင်ရဲ့ ရယ်မောကာ သူ့ကို လှမ်းကြည့်လိုက်သည်။
"မင်း အခု ဧည့်ခံနေတာပဲမဟုတ်ဘူးလား"
"...ဒါကဘာဟုတ်မှာလဲ"
ချီရှင်းချန်က တုန်ရီနေသော ခြေထောက်များဖြင့် ကုတင်ပေါ်မှ ဆင်းလိုက်သည်။
"ဒီမှာ အထူးထုတ်ကုန် အများကြီးရှိတယ်...ကောကို အဲဒါတွေအားလုံးကို မြည်းစမ်းကြည့်ဖို့ခေါ်သွားမယ်လေ... ဘယ်လိုလဲ"
ပိုင်ရဲ့က မကျေမနပ်နှင့် ခေါင်းညိတ်ပြသည်။
ချီရှင်းချန် သက်ပြင်းတစ်ချက်ချကာ ဖိနပ်ကောက်ဝတ်ပြီး ထွက်ပြေးလာခဲ့သည်။
သူ့ခြေထောက်နှင့် ခန္ဓာကိုယ်ပေါ်၌အနှံ့ရှိနေသော အညစ်အကြေးများကို သန့်ရှင်းရေးလုပ်ပြီးနောက်၊ ချီရှင်းချန် ဒါရိုက်တာကျန့်ထံမှ ကိုယ်ပိုင်ကားငှားကာ ပိုင်ရဲ့နှင့် အားလွင် တို့နှင့်အတူ ကာားထဲကို တိတ်တဆိတ် ဝင်ရောက်ခဲ့သည်။ ရုပ်ရှင်မြို့တော်တစ်ဝိုက်မှာ ပါပါရာဇီတွေ အများကြီးရှိသဖြင့် သူပိုင်ရဲ့ကို လျှောက်ပတ်လည်ရန်ခေါ်မသွားဝံ့ပေ။အားလွင်ကို မြို့ကနေ ဖြည်းဖြည်းချင်းပဲမောင်းခိုင်းခဲ့သည်။။ သူက ပိုင်ရဲ့ကိုပုခုံးချင်း တိုက်ပြီးမေးလိုက်သည်။
"ရဲ့ကော စားချင်တာတစ်ခုခုရှိလား"
ပိုင်ရဲ့မှာ အကြံတစ်ခုရှိသည်။ သူ ဘာမှမစားချင်ပေမဲ့ သာမာန်စုံတွဲတွေလို သူ့ဖန်လေးနှင့်လျှောက်သွားချင်သည်။ ခဏလောက်စဉ်းစားပြီး သူမေးလိုက်သည်။
"ညဈေးရှိလား"
"ရှိတယ်လေ... ညဈေးမှာ စားချင်တာလို့လား"
ပိုင်ရဲ့က ခေါင်းညိတ်ပြီးဆိုသည်။ "လမ်းလျှောက်ပြီးတစ်ချက်ကြည့်ရအောင်"
ချီရှင်းချန် အားလွင်ကို လိပ်စာပေးလိုက်သည်။ တက္ကသိုလ်မြို့လေးဖြစ်ပြီး လူဦးရေက မြို့လယ်ထက် နည်းပါးသည်။ အဆာပြေမုန့်မျိုးစုံနှင့် ညဈေးတန်းကြီးတစ်ခု ရှိသည်ဟု ဆိုကြ၏။
အများသိ ပုဂ္ဂိုလ်များအနေဖြင့် သူတို့သည် သဘာဝအတိုင်း လျှောက်ပတ် မသွားလာရဲကြပေ။နေရာကို ရောက်လာသည်နှင့် ဦးထုပ်၊ mask၊ နေကာမျက်မှန်တွေ ၀တ်လိုက်ပြီး ကိုယ်မှာက ရိုးရိုးတီရှပ်နှင့် ဂျင်းဘောင်းဘီတွဖဲဝတ်ထားသည်။တစ်ချက်ကြည့်လိုက်သည်နှင့် သူက သာမန်တက္ကသိုလ်ကျောင်းသားနှင့် မတူပေ။
"ကျွန်တော်တို့ကို မမှတ်မိလောက်ပါဘူးနော်"
ချီရှင်းချန် စိုးရိမ်နေသေးသည်။
"ဘာလို့ ပိုကောင်းတဲ့ စားသောက်ဆိုင်ကို မသွားတာလဲ"
"အဆင်ပြေပါတယ်"
ပိုင်ရဲ့က ခေါင်းယမ်းလိုက်သည်။
"မှတ်မိသွားလဲ မှတ်မိတယ်ပေါ့...အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေ မဖြစ်စေသရွေ့ ရပါတယ်"
ပိုင်ရဲ့ ဂရုမစိုက်သည်ကိုမြင်သောအခါ ချီရှင်းချန်၏စိတ်က ပိုတက်ကြွလာသည်။
သူဤလောကသို့ ကူးပြောင်းလာချိန်မှစ၍ သူနေ့စဉ်စားခဲ့သော အစားအစာများသည် အရသာရှိရုံသာမက ထိပ်တန်းပါဝင်ပစ္စည်းများလည်းဖြစ်သည်။ချန်နော်ရာ၏ ညွှန်ကြားချက်ဖြင့် သူ ရိုက်ကူးရေးအဖွဲ့က ချက်ထားသည့် ထမင်းဘူးများကိုပင် မစားခဲ့ရပေ။
ရိုးရိုးသားသားပြောရလျှင် သူ သရေစာဆိုင်ရှိ အလွန်ကြီးအထူးတလည်ကောင်းမွန်မနေသောအစားအစာများကို လွမ်းဆွတ်နေမိသည်။
အမြန်စာမျိုးစုံက သူ့စိတ်ထဲမှာ ပေါ်လာသည်။ သူ့တံတွေးကို တိတ်တဆိတ်မျိုချလိုက်ရုံမှတစ်ပါး မတတ်နိုင်ပေ။ပိုင်ရဲ့ သူ၏မျှော်လင့်ချက်မဲ့သောပုံစံ မြင်ပြီး ပြုံးကာ အပြောင်းအလဲတချို့ ပြင်ဆင်ရန် အားလွင်ကို ပြောလိုက်သည်။
အားလွင်က သူပြောသည့်အတိုင်း လုပ်ခဲ့၏။
၎င်းနောက် သူမြင်လိုက်ရသည်က ဘော့စ်နှင့် ဘော့စ်ဇနီးက ပန်ကိတ်တစ်ကို မျှစားသည်။ဘော့စ်နှင့် ဘော့စ်ဇနီးက မစ်တီးတစ်ခွက် မျှသောက်သည်။ဘော့စ်နှင့်ဘော့စ်ဇနီးက ခေါက်ဆွဲပူပူ တစ်ပန်းကန် မျှစားသည်။ဘော့စ်နှင့်ဘော့စ်ဇနီးက အကင်ဆယ်ချောင်းဝယ်ပြီး သူ့ကို သုံးချောင်း ပေး၍ ကျန်သော အကင်ခုနစ်ချောင်းကို တစ်ယောက်တစ်ဝက် စားသည်။
"ဘော့စ်က သုံးချောင်းယူ...ရှင်းရှင်းကို လေးချောင်းပေး... အဲလိုက မကောင်းဘူးလား"
အားလွင်က မျက်ရည်များဝဲကာ မေးလိုက်သည်။
ပိုင်ရဲ့က လက်ညှိုးတစ်ချောင်းထောင်ကာ ဘယ်ညာ ယမ်းလိုက်သည်။
"မဟုတ်ဘူး...အဲဒါက မတရားဘူး"
"အဲဒါဆိုလည်း နောက်ထပ်နည်းနည်းလောက်ထပ်ဝယ်လိုက်လေ...ပိုက်ဆံမရှိတာလည်းမဟုတ်ဘဲနဲ့"
ပိုင်ရဲ့က မျက်မှောင်ကြုတ်လိုက်သည်။ "မင်း အကင်မစားချင်ဘူးလား"
ထို့ကြောင့် အားလွင် ပါးစပ်ပိတ်ရန် ရွေးချယ်လိုက်သည်။
ညဈေး၏ အနှစ်သာရမှာ ဖြည်းညှင်းစွာ လမ်းလျှောက်ပြီး ဖြည်းညှင်းစွာ စားသောက်ခြင်း ဖြစ်သည်။ချီရှင်းချန် တစ်ခုကိုစားနေချိန်မှာ မျက်လုံးကလည်း အခြားမုန့်များကို လောဘကြီးစွာဖြင့် မခွဲနိုင်မခွာရက်ကြည့်နေသည်။ လမ်းလျှောက်ရင်း ရုတ်တရက် တစ်စုံတစ်ယောက်က သူ့နောက်ကျောကို လာထိသလို ခံစားလိုက်ရသည်။
သူ မတုံ့ပြန်ခင်မှာ ပိုင်ရဲ့က သူ့ဘယ်လက်ကို သူ့လက်ချောင်းကြားထဲ ထိုးထည့်ပြီး သူတို့၏ လက်ချောင်းတွေကို ယှက်ထားလိုက်သည်။
ချီရှင်းချန် လက်ကို သူ့ခန္ဓာကိုယ်နှင့် အမြန်ကာလိုက်သည်။ သူ့လက်ကို ခါယမ်းသော်လည်း ခါချ၍မရပေ။သူ ကြောက်လန့်တကြားပြောလိုက်သည်။ "မြန်မြန်လွှတ်လိုက်ပါ...သူများတွေ တွေ့သွားလိမ့်မယ်"
"ကိုယ်မကြောက်ဘူး...ကြည့်ချင်လည်းကြည့်ပါစေ"
ပိုင်ရဲ့က ဂရုမစိုက်ဟန်ဖြင့်သူ့မျက်ခုံးတွေကိုပင့်လိုက်သည်။
"ယောကျာ်းနှစ်ယောက် လမ်းပေါ်မှာ လက်ချင်းတွဲထားရင် သေချာပေါက်လူပြောခံရမှာ"
ပိုင်ရဲ့ကို လူတွေဝိုင်းလက်ညှိုးထိုးကြမည်ကို သူသည်းမခံနိုင်ပေ။
"ကိုယ်တို့ကက လိင်တူချင်းဖြစ်တာနဲ့ပဲ သာမာန်စုံတွဲတွေလို တူညီတဲ့အခွင့်အရေးမရအောင် ဘယ်သူကမှ ပိတ်ပင်ထားလို့မရဘူး"
ပိုင်ရဲ့က သူ့ကို ရှေ့သို့ ဆွဲခေါ် လိုက်သည်။
"သွားရအောင်...ကိုယ်မင်းနဲ့ ကောင်းကောင်းလေးဒိတ်ချင်တယ်"
ချီရှင်းချန် ပိုင်ရဲ့က "ဒိတ်" ဟူသော စကားလုံးကို ပြောသောအခါ အနည်းငယ် ထိတ်လန့်သွားသည်။ အတူရှိခဲ့ကြသည့် အချိန်အပိုင်းအစတွေကို သူပြန်အမှတ်ရမိခဲ့သည်။ပိုင်ရဲ့က သူ့ကိုဝန်ခံခဲ့သည်၊သူ့ကို နမ်းပြီးကြင်နာစွာထွေးပိုက်ခဲ့သည်၊သူတို့၏ ဆက်ဆံရေးကို လူသန်းပေါင်းများစွာရှေ့မှာ ကြေညာခဲ့သည်၊ သူနှင့် အရင်းနှီးဆုံးအရာတွေ လုပ်ခဲ့သည်...
သို့ပေမဲ့ သူနှင့် ဘယ်တုန်းမှ ချိန်းမတွေ့ခဲ့ဖူးပေ။
သူ့အထောက်အထားကြောင့် သူက အများပိုင်နေရာသို့ သွားတိုင်း အလျင်လိုတတ်သည်။
ချီရှင်းချန် သူ့စကားကြောင့် စိတ်လှုပ်ရှားသွားသည်။လူတွေ ကဲ့ရဲ့မည်ကို သူဂရုမစိုက်ဘဲ ချစ်ရသူလက်ကို ဆုပ်ကိုင်ထားပြီး ပွင့်ပွင့်လင်းလင်း လျှောက်သွားခဲ့သည်။အားလွင်က နောက်ကလိုက်လာသည်။ သူ မနာလိုလည်းဖြစ်သလို ကြောက်လည်းကြောက်သည်။
ညကိုးနာရီမှာ ညဈေးက လူသိပ်မရှိပေ။စာကြည့်ပြီး၍ ဘတ်စကက်ဘောကစားနေကြသည့် ယောက်ျားလေးများနှင့် မိန်းကလေး အုပ်စုများ သုံးလေး ငါးခုခန့် ရှိသည်။ပိုင်ရဲ့က အရပ်ရှည်ပြီး ကျောင်းသားများ၏ အာရုံကို အလွယ်တကူ ဆွဲဆောင်နိုင်ခဲ့သည်။ သူတို့က သူ့ကိုစွေကြည့်လိုက်ကြသည်။
သဘာဝအတိုင်း နှစ်ယောက်သား လက်ချင်းတွဲထားသည်ကို တွေ့သွားကြသည်။
"ယောကျာ်းလေး နှစ်ယောက်...ငါမြင်နေတာအမှန်ဟုတ်ပါတယ်နော်...ဖာ့ခ် သူတို့က ဂေးလား"
"ဝိုး...အပေါ်ထပ်မှာ ပြင်းထန်တဲ့အရှိန်အဝါရှိတာပဲ... အောက်ထပ်က အရမ်းချစ်စရာကောင်းတယ်... ချစ်စရာကောင်းလို့ သေတော့မယ်"
"ကိုလူချောတွေက ဘာလို့ ကိုလူချောတွေနဲ့တွဲကုန်တာလဲ... စင်ဂယ်ခွေးလေးတွေကို ခွဲပေးလို့မရဘူးလား"
"သူတို့က ဒီလောက်ကြီးခေါင်းအစခြေအဆုံးကာထားတာလေ... သူတို့ ချောတယ်လို့ ဘယ်လိုလုပ် ပြောနိုင်တာလဲ"
"သူတို့ရဲ့အဝတ်အစားနဲ့ အရှိန်အဝါကိုကြည့်... လူချောတစ်ယောက်ရဲ့ ချောမောမှုက သူ့ချွေးပေါက်တွေနဲ့ ဆံပင်တွေကနေ စိမ့်ထွက်လာတာ... အမ်... သူတို့ကို ရင်းနှီးတယ်လို့ ဘာလိုခံစားရပါလိမ့်"
ကောင်မလေး သုံးယောက်က ခေါင်းမှ ခြေဖျားအထိ ကြိမ်ဖန်များစွာ ကြည့်ပြီး ခဏလောက် ရေရွတ်နေကြသည်။ထို့နောက် ရုတ်တရက် ထအော်ပြီး သူတို့ရှေ့ကို ပြေးလာသည်။
"အားးး...ရှင်က ပိုင်ရဲ့ဟုတ်တယ်မလား...ကျွန်မ ရှင့်ကိုအရမ်းကြိုက်တာ"
"ကော...ဒီကိုလာလည်တာလား...အိုးမိုင်ဂေါ့ ကောတို့ မျက်နှာတွေက သေးသေးလေး...ကောတို့ရဲ့ ချောမောမှုကြောင့် ငါ မေ့လဲသွားတော့မှာပဲ"
"နင်တို့ကို ဓါတ်ပုံတွေထဲမှာ ငါမြင်ဖူးတယ်...နင်တို့တွေ လက်တွေ့ဘဝမှာ ပိုပြီး လိုက်ဖက်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး...နင်တို့ ဆက်ချစ်နေရမယ်နော်... ကျေးဇူးပြုပြီး"
"ဟုတ်တယ် ဟုတ်တယ်...အချစ်နဲ့ပတ်သက်တဲ့ လှပတဲ့ စိတ်ကူးယဉ်မှုတွေအားလုံးက ကောတို့နဲ့ စတင်ခဲ့တာ... အားး မသေမျိုးစုံတွဲ ကျေးဇူးပြုပြီး ဆက်ချစ်ကြပါ"
.
ချီရှင်းချန် မှတ်မိခံရပြီးနောက် လှောင်ပြောင်ခံရမည်ဟု ထင်ခဲ့သည်။ ဖန်တွေအပြင် ဖြတ်သွားဖြတ်လာတွေကပါ အားပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။သူအလွန်အံ့သြသွား၏။
နှစ်သစ်ကူး တိုက်ရိုက်ထုတ်လွှင့်မှုမှလွဲ၍ သူတို့တွဲနေသည်ကိစ္စအပေါ် သူ၏သဘောထားက တတ်နိုင်သမျှ ရှောင်လွှဲရန် အမြဲရှိခဲ့သည်။Weibo မှာ အချိန်အများစုတွင် သူ့အရန်အကောင့်မှာ ရှိနေခဲ့သည်။သူ၏ ပင်မအကောင့်သည် ဘရန်း၏တရားဝင်ကြေငြာချက်ကို ပြန်လည်တင်ရန် သို့မဟုတ် ရိုက်ကူးရေးအဖွဲ့၏တရားဝင်ကြေညာချက်ကို ပြန်လည်တင်ရန် လိုအပ်သည့်အခါမှသာ ပေါ်လာမည်ဖြစ်သည်။ သူ့အနေဖြင့် သူတို့ဆက်ဆံရေးအကြောင်းပြောရန် သို့မဟုတ် ပိုင်ရဲ့အကြောင်းကို အခြားသူများနှင့် ပြောဆိုရန် အစပြုခြင်းမရှိပေ။
အားလုံး၏ နှလုံးသားထဲမှာ ပိုင်ရဲ့က သန့်ရှင်းသပ်ရပ်သော လူငယ်တစ်ယောက်အဖြစ်ဆက်ရှိနေပြီး "ဂေး" "လိင်တူချစ်သူ" "ယောက်ျားချင်းကြိုက်တဲ့ ဖောက်လွဲဖောက်ပြန်သမား" ဟု ခေါင်းစဉ်တပ်မခံရရေးအတွက် သူ မသိစိတ်က မျှော်လင့်ထားခဲ့သည်။
ပိုင်ရဲ့က သူ့ကိုးကွယ်ရာနတ်ဘုရားဖြစ်၏။သူ့နတ်ဘုရားကို ဖုန်မှုန့်အမှုန်အမွှားလေးပင် အတင်မခံနိုင်ပေ။
မိန်းကလေးသုံးယောက်အတွက် လက်မှတ်ထိုးပေးပြီး နှုတ်ဆက်ပြီးနောက်၊ချီရှင်းချန် သူ့လည်ချောင်းထဲတွင် ဆို့နင့်လာရသည်။ပိုင်ရဲ့၏ဦးဆောင်မှုအောက်တွင် သူတို့ ဦးတည်ချက်မဲ့ ရှေ့သို့ ဆက်လျှောက်လာခဲ့ကြသည်။အခြားသာမန်လူများကဲ့သို့ပင် အကင်တစ်ချောင်းချင်းစီ၏ အရသာကောင်းမကောင်း နှင့် အကင်တစ်ချောင်းလျှင် ယွမ်နှစ်ယွမ် စျေးကြီးလွန်း၏မကြီးလွန်း၏ မှတ်ချက်ပေးကြသည်။ ဘောလုံးကွင်းအစွန်က ဖြတ်သွားသည့်အခါ ဘယ်ကြယ်ပွင့်ကစားသမားက အကောင်းဆုံးပစ်ခတ်မှုစွမ်းရည်ရှိလဲဟု ငြင်းခုံကြသည်။လူပြတ်သည့် ထောင့်တစ်နေရာသို့ လျှောက်သွားရင်း လမ်းမီးတိုင်တွေ၏ အလင်းရောင်အောက်မှာ သူတို့ အချစ်ရဆုံးသူကို နမ်းခဲ့ကြသည်။
ညဈေးနှင့် ကျောင်းဝင်းကို လည်ပတ်ပြီးနောက် မထွက်ခွာမီ ချီရှင်းချန် မြေပြင်ပေါ်ရှိ အရိပ်ကို ကြည့်ကာ ပိုင်ရဲ့ကို တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ဆွဲလိုက်သည်။
"ရဲ့ကော...ကျွန်တော်တို့ ဒိတ်အမှတ်တရအနေနဲ့ အတူတူ ဓါတ်ပုံရိုက်ကြရအောင်"
ပိုင်ရဲ့ သဘာဝအတိုင်း သဘောတူလိုက်သည်။
"ကောင်းပြီ"
ချီရှင်းချန် ဆယ်လ်ဖီမဆွဲခဲ့သလို အားလွင်ကိုလည်း မရိုက်ခိုင်းခဲ့ပေ။သူက နှစ်ဦးသား၏တွဲထားသောလက်မြှောက်ကာ ကင်မရာကို လက်တွေပေါ်နှင့် မြေပြင်ပေါ်ရှိ အရိပ်ကို ချိန်ကာ ဓာတ်ပုံခုနှစ်ပုံရိုက်ခဲ့သည်။
သူတို့နှစ်ယောက်၏ ပထမဆုံးဒိတ်၏ အကောင်းဆုံးအမှတ်တရက ဤဓာတ်ပုံထဲမှာပဲ ကျန်ခဲ့လေသည်။
မနက်ဖြန်မနက် ရုပ်ရှင်ရိုက်ရဦးမှာဖြစ်၍ ညက အလွန်ကြီး နောက်ကျမှ အိပ်၍မဖြစ်ပေ။နှစ်ယောက်သား ဟိုတယ်ကို အမြန်ပြန်သွားခဲ့ကြသည်။ကျောက်တုံး၊ စက္ကူ၊ ကတ်ကြေးဂိမ်းကို အနိုင်ရခဲ့သည့် ချီရှင်းချန်က ဘယ်သူအရင်ရေချိုးမလဲဆိုသည်ကို ဆုံးဖြတ်ခဲ့သည်။အနိုင်ရပြီးနောက် ချီရှင်းချန် ဖုန်းကို ကုတင်ပေါ်ပစ်ချလိုက်ပြီး ညအိပ်ဝတ်စုံကို ဂုဏ်ယူစွာဖြင့် ခါလိုက်ကာ ရေချိုးခန်းထဲသို့ ပျော်ရွှင်စွာ လျှောက်သွားခဲ့သည်။
သူ့အဝတ်အစားတွေကို အမြန်ချွတ်ပြီးနောက် တစ်ခုခုကို ရုတ်တရက် သတိရသွားသည်။
ဖြတ်သွားဖြတ်လာတွေက သူတို့အပေါ် မလိုမုန်းထား မရှိသောကြောင့် သူလည်း ပိုင်ရဲ့နှင့်ပတ်သက်သည့် အကြောင်းအရာတစ်ခုခုကို တင်ရန် ကြိုးစားနိုင်သည်။ပိုင်ရဲ့က သူ့နှင့်ပတ်သတ်သည့်အရာတွေကို အမြဲပြန်တင်လေ့ရှိသည်။သူက ဘာမှ မတင်လျှင် အေးစက်ရာကျလိမ့်မည်။
ထို့အပြင် ကြယ်အလင်းတန်းများက သူ၏ အချစ်ရေးအပေါ် အလွန်အမင်း စိတ်ပူနေကြသည်။ပိုင်ရဲ့ သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံရဲ့လား ၊ သူတို့ နှစ်ယောက် အဆင်ပြေရဲ့လား စသဖြင့် သူတို့က မေးလေ့ ရှိသည်။ သူ ဤသည်ကို သုံး၍ ကြယ်အလင်းတန်းများ စိတ်ချမ်းသာအောင်လုပ်၍ရသည်။
သူက သူပြောသည့်အတိုင်းလုပ်တတ်သည်။ တိုက်ဆိုင်စွာပင်၊ သူ့ဖုန်းထဲတွင် ဓာတ်ပုံအသစ်တစ်ပုံရှိသည်။ တံခါးဖွင့်ပြီး ရေချိုးခန်းထဲက ပြေးထွက်လာခဲ့သည်။
ကုတင်ပေါ်မှ ဖုန်းကို ကောက်ကိုင်လိုက်ပြီးနောက် မျက်လုံးထောင့်မှတစ်ဆင့် ပိုင်ရဲ့၏အမူအရာ ပြောင်းသွားသည်ကို တွေ့လိုက်ရသည်။
ထိုမှပင် သူ ကိုယ်လုံးတီးနှင့် ပြေးထွက်လာမိသည်ကို သူသတိထားမိသွားသည်။
ဤအခြေအနေမှာ ပိုင်ရဲ့ကိုရင်ဆိုင်ရသည်က ကြိုးတန်းပေါ်မှာ လမ်းလျှောက်ရသည်နှင့် ဘာမှမခြားပေ။အလွန်ကို အန္တရာယ်များသည်။ချီရှင်းချန်၏ ခြေထောက်များ တုန်ရီသွားသည်။ သူက အဆင့်တစ်သတိပေးချက်အခြေအနေသို့ လျင်မြန်စွာ ချိန်ညှိခဲ့သည်။ပိုင်ရဲ့၏ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေရင်း Weibo အက်ပ်ကိုဖွင့်ပြီး အီမိုဂျီတစ်ခုကို ရွေးချယ်ကာ ဓာတ်ပုံတစ်ပုံထည့်ပြီး Sendကို တစ်ခါတည်း နှိပ်ခဲ့သည်။
ထို့နောက် ဖုန်းကိုချလိုက်ပြီး ရေချိုးခန်းထဲသို့ ကိုယ်လုံးတီးဖြင့် ပြန်ပြေးသွားခဲ့သည်။
မိနစ်နှစ်ဆယ်ကြာသောအခါ သူလန်းဆန်းစွာ ထွက်လာသည်။ သူက ပိုင်ရဲ့ကို လက်ဝှေ့ယမ်းပြပြီးပြောလိုက်၏။
"ရဲ့ကော မြန်မြန်သွား...အထဲမှာရေကနွေးနေတုန်းပဲ"
ပိုင်ရဲ့က သူ့မူလနေရာမှာထိုင်လျက်သား အသိပေးသည့်လေသံဖြင့်ဆိုလာသည်။
"မင်းရဲ့ Weibo ပေါက်ကွဲနေပြီ"
"ရှာဖွေမှုစာရင်းထဲမှာပါသွားတာလား" ချီရှင်းချန် ဖုန်းကို လှမ်းယူလိုက်သည်။ "ကျွန်တော်က ကျွန်တော့်ရဲ့အချစ်ကို တိတ်တိတ်လေးပဲ ပြချင်တာလေ... ဒီလောက်ကြီး ပွထသွားစရာ မလိုပါဘူး"
"အဲဒါက ရှာဖွေမှုစာရင်းထဲမှာ
ပါတာမှန်တယ်...ဒါပေမဲ့ မင်းရဲ့အချစ်ကို ပြနေတာကြောင့် မဟုတ်ဘူး...မင်းရဲ့အချစ်ကို ပြဖို့ အရန်အကောင့်ကို သုံးနေတာကြောင့်လေ"
ချီရှင်းချန်: "…"
ချီရှင်းချန်: "ဟင်..."