အပိုင်း ၇၈
Viewers 12k

လျူအန်း သူ့ရှေ့ကလူကို ကြည့်ပြီးအံ့အားသင့်စွာရေရွတ် လိုက်မိ၏။
"လင်းဒါ..."
လင်းဒါ က ဘာလို့ ဒီမှာရောက်နေတာလဲ။သူမက အယ်ဒီတာရဲ့အတွင်းရေးမှုးတစ်ယောက်မဟုတ်ဘူးလား။ဒီမိန်းမအတွက် ဖျော်ရည်တွေ ဘာလို့ဝယ်ပေးနေ တာလဲ။
လင်းဒါဟု အမည်ရသည့် အမျိုးသမီးက ခေါင်းကို လှည့်ကြည့်ကာ မူသေအပြုံးလေးနှင့် သူ့ကို ပြုံးပြလာပြီးနောက် ဝမ်ဝေ့ကိုကြည့်လိုက်ရင်း ပဟေဠိဖြစ်နေဟန်ဖြင့်
"ရှင် ဒီမှာ ဘာလုပ်နေတာလဲဟင်... တစ်ခုခုဖြစ်လို့လား"
ဝမ်ဝေ့က သူမ၏ သံပရာရည်ကို အေးအေးဆေးဆေး သောက်လိုက်ပြီး
"ဝမ်မင်ယီရဲ့ရူတင်ကို ကျွန်မတာဝန်ယူမယ်...ပြီးတော့ ဒါနဲ့ ကျွန်မကိုကူပြီး အန်နာကိုမေးပေးပါဦး.. .TOPရဲ့တာဝန်ခံက ဘယ်သူလဲဆိုတာကို...ကျွန်မကတော့ TOPကသူ့ရဲ့တာဝန်ခံမှုအောက်မှာရှိနေတဲ့ပုံမပေါ်ဘူးလို့ခံစားနေရတယ် "
လျူအန်း၏မျက်နှာက ချက်ချင်းပင် အကျည်းတန်သွားခဲ့သည်။
လင်းဒါက လျူအန်း ကို ကြည့်ပြီး မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်လိုက်၏။ထို့နောက် ဝမ်ဝေ့ကိုကြည့်ကာ
"လျူအန်းက ရှင်စိတ်ဆိုးအောင် တစ်ခုခုပြောခဲ့တာလား"
သူမထိုသို့ပြောပြီးသည့်နောက်တွင် ချက်ချင်းပင်
ဆက်ပြောလာသည်။
"လျူအန်း... ရှင် မစ္စဗီဗီယန်လိုလူမျိုးကိုတောင် မတောင်းပန်သေးဘူးလား"
ယခုအချိန်တွင် ဝမ်မင်ယီ နှင့် အခြားသူများသည် ထိုနေရာတွင် ရှိနေကြဆဲဖြစ်ပြီး လျူအန်း၏ လက်ထောက်လည်း ထိုနေရာတွင် ရှိနေ၏။ လျူအန်း က မည်သို့ဖြစ်၍ တောင်းပန်ရန် ဆန္ဒရှိပါမည်နည်း။ထို့ကြောင့်သူက ပြန်ခံပြောလိုက်၏။
"လင်းဒါ... ရှုတင်မှာ အငြင်းပွားမှုတွေ ရှိခဲ့ပေမဲ့ မင်းလည်း သိပါတယ်... ငါက ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာတစ်ယောက်... ဒီအမျိုးသမီးက ဓာတ်ပုံပညာအကြောင်း သိပ်မသိလောက်ဘူး...အဲဒါကြောင့် သူက ငါရဲ့ အဓိပ္ပါယ်ကို နားလည်မှုလွဲနေတာ...ဒါကဆက်ဆံရေးအမှားလေးတစ်ခုတင်ပါ... ပြဿနာကြီးကြီးမားမားတော့ မဟုတ်ပါဘူး..."
လင်းဒါ သူ့စကားများကြောင့် လုံးလုံးလျားလျား ရှော့ရသွားပြီး ".. ရှင်က ဓာတ်ပုံဆရာ... အထူးသဖြင့် TOPရဲ့ဓာတ်ပုံဆရာပါ...ဗီဗီယန်ရဲ့ နာမည်ကို ရှင်မကြားဖူးဘူးလား... ဗီဗီယန်ကလွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကတည်းက အင်တာနေရှင်နယ်ဓာတ်ပုံဆုကို ရပြီးနေပြီ...အဲ့ဒီနှစ်တုန်းက တရုတ်နိုင်ငံမှာထွက်ရှိခဲ့တဲ့ TOPရဲ့ပထမဆုံး မဂ္ဂဇင်းကာဗာကို Group CEOရဲ့ဖိတ်ကြားချက်အရ ဗီဗီယန်ပဲရိုက်ပေးခဲ့တာ...သူကဓာတ်ပုံပညာအကြောင်းနားမလည်ဘူးလို့ပြောရတာ ရှင်မရှက်ဘူးလား...ရှင့်စကားတွေက သင်တော်တယ်လို့များ ရှင်ထင်နေလား..."
(T/Nအင်တာနေရှင်နယ်=နိုင်ငံတကာ၊အပြည်ပြည်ဆိုင်ရာ)
လျူအန်း တုန်လှုပ်ခြောက်ခြားသွားခဲ့၏။ ထိုအချိန်တုန်းက နာမည်ကြီးခဲ့သည့် အင်တာနေရှင်နယ် ဓာတ်ပုံဆရာ ဗီဗီယန်ကို သူသိလေသည်။ ဓာတ်ပုံပညာကို လေ့လာလိုက်စားသူများအတွက် ဤနာမည်ကို ရှောင်လွှဲ၍မရပါချေ ။ ဤအမျိုးသမီးသည် ပြည်တွင်းနှင့် နိုင်ငံတကာဆုများ အားလုံးနီးပါးကို ရရှိခဲ့ပြီး၂၁ရာစု၏ အကောင်းဆုံး ဓာတ်ပုံဆရာအဖြစ် ချီးကျူးခံခဲ့ရသည်။သို့သော်လည်း ဒဏ္ဍာရီပုံနှိပ်စာအုပ်များထဲတွင်အမြဲနေထိုင်သည့် ဗီဗီယန်က သူ၏ရှေ့တွင် ပေါ်လာလိမ့်မည်ဟု သူမမျှော်လင့်ထားမိခဲ့ ။သူမက ဤကဲ့သို့ပုံစံရှိနေမည်ဟုကား သာ၍ပင်မမျှော်လင့်ထားခဲ့ပါချေ။
ဗီဗီယန်သည် သူမဘဝ၏အစောပိုင်းနှစ်များကတည်းက နာမည်ကြီးလာခဲ့သည်။ အသက်နှစ်ဆယ်ကျော်တွင် သူမသည် "Nature" ဟုခေါ်သော ဓာတ်ပုံတွဲတစ်ခုဖြင့် ပြည်တွင်းပြည်ပတွင် နာမည်ကြီးခဲ့သည်။ ထို့နောက်တွင်မူ သူမဟာ ပြည်တွင်း၊ ပြည်ပ ဆုပေါင်းများစွာကို ရရှိခဲ့ပြီး စာနယ်ဇင်းနှင့် ဓာတ်ပုံအသိုင်းအဝိုင်းတွင် အထွန်းတောက်ဆုံးလူသစ်ဖြစ်လာခဲ့သည်။သို့သော် သူမသည် နာမည်အကျော်ကြားဆုံးဖြစ်နေချိန်တွင် အချိန်အတော်ကြာအောင် ပျောက်ကွယ်သွားခဲ့ပြီး လွန်ခဲ့သော နှစ်အနည်းငယ်အထိ လှုပ်ရှားမှုမရှိခဲ့ပေ။
ဗီဗီယန်သည် အင်တာဗျူးများကို လက်ခံခဲပြီး ရှိနေသည့် ဆောင်းပါးအနည်းငယ်တွင်လည်း လူအစစ်မပါဘဲ စာသားပုံစံဖြင့်သာ ရှိနေသည်။ လျူအန်းက သူမသည် ဆံပင်တိုတိုနှင့် ထက်မြက်သည့်အသွင်အပြင် ရှိသော အသက်ကြီးကြီး အမျိုးသမီးဖြစ်လောက်မည်ဟု အမြဲထင်နေခဲ့၏။
သို့ရာတွင် သူ့ရှေ့ရှိ အမျိုးသမီးသည် အလွန်ငယ်ရွယ်ပုံပေါ်နေကာ နောက်ဆုံးပေါ် အနက်ရောင် ဒီဇိုင်နာ ကုတ်အင်္ကျီကို ၀တ်ဆင်ထားပြီး ဆံပင်ကို ချထား၍ ခပ်ကြီးကြီးအိတ်တစ်ခုကို ကိုင်ဆောင်ထားလျက်ရှိသည်။ သူမသည် နာမည်ကြီး ဓာတ်ပုံဆရာတစ်ယောက်အစား လှပချောမောသည့် သာမန်လူတစ်ယောက်ကဲ့သို့ပင်။
ချန်လုလည်း သူနှင့်ထပ်တူ ထိတ်လန့်သွားခဲ့သည်။ ချန်လု သူမဘေးနားရှိ ဝမ်မင်ယီအားတည်ငြိမ်စွာကြည့်လိုက်၏။
အမလေး ဘုရားရေ! ဘယ်လိုအနုပညာရှင်မျိုးကို သူမနဲ့အတူခေါ်လာမိတာများလဲ! စစ်ကျွင်းတောက်ကဝမ်မင်ယီ ရဲ့ အကြီးမားဆုံး ဝှက်ဖဲလို့ သူမအမြဲထင်ခဲ့ပေမဲ့ အခုကျတော့ ရုတ်တရက်ပေါ်လာတဲ့ ဝမ်မင်ယီရဲ့အမေက သူမသိထားတဲ့ အတွင်းဝန်ချုပ်ထက်တောင် ပိုစွမ်းအားကြီး နေပုံရတယ်တော့ !အနည်းဆုံးတော့ ဒီအသိုင်းအဝိုင်းရဲ့အနေအထားနဲ့ဆိုရင်ပေါ့။
ဝမ်ဝေ့က ပြုံးလိုက်ပြီး လျူအန်းကိုကြည့်ကာ ပြောလိုက်သည်။
"ကောင်းပြီ ရှင်က ပရော်ဖက်ရှင်နယ် လို့ ပြောတဲ့အတွက်... ရှင်ရိုက်ထားတဲ့ ဝမ်မင်ယီရဲ့ဓါတ်ပုံတွေ ကျွန်မကိုကြည့်ခွင့်ပြု"
သူမ၏လက်ကို လျူအန်းဆီသို့ ဆန့်ကာတောင်းလိုက်သော်လည်း လျူအန်းသည် သူ၏ကင်မရာကို သူမလက်ထဲသို့ထည့်မပေးရဲဖြစ်နေ၏။
သူရိုက်ထားတာတွေကို သူသိတယ်။ ဝမ်မင်ယီ လို လူပြိန်းကို လှည့်စားဖို့ကအဆင်ပြေပေမဲ့ ဗီဗီယန်လို ကျွမ်းကျင်သူတစ်ယောက်ရဲ့ရှေ့မှာဆိုရင်တော့ အရှင်းကြီးကိုပဲ သူ့ကိုယ်သူအရှက်ခွဲသလိုဖြစ်နေမှာပေါ့!
ဝမ်ဝေ့က အထင်အမြင်သေးဟန်ဖြင့်ပြောလာသည်မှာ
"ဓာတ်ပုံဆရာတစ်ယောက်အနေနဲ့ ရှင်ရိုက်ထားတဲ့ ဓာတ်ပုံတွေကို တခြားသူတွေကို ပြဖို့တောင် သတ္တိမရှိဘူး.... ရှင်ကင်မရာကို ဘာအတွက်မှမဟုတ်ဘဲ ယူလာခဲ့တာပဲ"
သူမအနေဖြင့် လျူအန်းနှင့်ဆက်အချိန်ဖြန်းရန် စိတ်မ၀င်စားတော့ဘဲ ဝမ်မင်ယီဆီသို့ ခေါင်းလှည့်ပြီး နူးညံ့စွာပြောလိုက်သည်။
"မင်မင်... မိတ်ကပ်သွားဖျက်ချေ...ငါတစ်ယောက်ယောက်ကို မင်းကိုမိတ်ကပ်ပြန်လိမ်းခိုင်းလိုက်မယ်...ပြီးရင် မင်းအတွက်အဝတ်အစားသွားရွေးလိုက်ဦးမယ်"
ဝမ်မင်ယီ: ...
သူဘာမှပြန်မပြောသည်ကိုမြင်ရာတွင် ဝမ်ဝေ့က ရှေ့ကိုငုံ့ပြီး "အဆင်ပြေလား" ဟုမေးလာသည်။
သူမ ဝမ်မင်ယီအပေါ်တွင် အလွန်ကြင်နာစွာဆက်ဆံသည် မြင်လိုက်ရသဖြင့် လင်းဒါ သူတို့ကြားက ဆက်ဆံရေးအကြောင်း အနည်းငယ် သိချင်သွား၏။
ဝမ်မင်ယီ သူမဆီမှ အကြည့်ခံနေရပြီး ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်ရသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားရိုက်ချင်သလိုပဲရိုက်လိုက်ပါ "
လျူအန်း: ! ! သူ့လေသံကဘာလဲ! ! ဒါက ဗီဗီယန်လေ။ သူမနဲ့ရိုက်ရဖို့ ပိုက်ဆံပုံပေးနေတဲ့လူတွေအားလုံးကို လျစ်လျူရှုထားတဲ့သူလေ။ ဝမ်မင်ယီက အရမ်းအကူအညီမဲ့နေတဲ့ပုံပေါ်နေတုန်းပဲပေါ့!
"မစ္စဗီဗီယန်...ကျွန်တော် ရိုက်လိုက်ပါ့မယ်... သူ့လိုစတားသေးသေးလေးက မထိုက်တန်....."
"ရှင့်ပါးစပ်ပိတ်ထား"
ဝမ်ဝေ့က ဗြုန်းစားကြီး ထပြောလာ၏။
"ရှင်က ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာဖြစ်ဖို့ မထိုက်တန်ဘူး"
လျူအန် ချက်ချင်းပင် အရှက်ရသွားပြီး သူ့ရှေ့ရှိ အမျိုးသမီးက သူပြောခဲ့သည့်စကားကို အမှန်တကယ် အာဃာတထားနေ ကြောင်း သိလိုက်ရသည်။
ဝမ်ဝေ့က သူမ၏ခေါင်းကို လှည့်၍ လင်းဒါကို ကြည့်ကာ
"ဒါဆို အဆင်ပြေသွားပြီ... ကျွန်မ ဝမ်မင်ယီ ကို ရိုက်ပေးလိုက်မယ်... ပြီးတော့ ရှင်ကျွန်မကို မိတ်ကပ်ပညာရှင် ကူရှာပေးနိုင်မလား"
"ဟုတ်ကဲ့"
လင်းဒါက အမြန်ပြန်ဖြေပြီး သူမကို လမ်းပြပေးရန် လက်ကိုဆန့်လိုက်ကာ
"အဝတ်လဲခန်းက ဒီမှာပါ...ဒီလမ်းပါရှင့်"
ဝမ်ဝေ့ ခေါင်းညိတ်ပြပြီး ဝမ်မင်ယီကိုမနေနိုင်စွာ ကြည့်လိုက်ရင်း ပြုံးလျက်ပင်
"သွားရအောင်"
ဗီဗီယန်၏အရှိန်အဝါဖြင့်သူမကသူ့ကို ပျူငှာရည်မွန်နေသည်ကိုမြင်လိုက်ရာတွင် ဝမ်မင်ယီ အနည်းငယ်ရှက်ရွံ့သွားသော်လည်း ၎င်းက အမှန်တကယ်ပင် အတုအယောင်ဖြစ်သည်ဟု ခံစားမိသည်။သူက စစ်ကျွင်းတောက်၏အခွင့်အာဏာကို ငှားယမ်းသုံးစွဲရသည်ကို ကျင့်သားရနေပြီဖြစ်ကာ အဆင်ပြေသော်လည်း ဤသည်မှာ ပထမဆုံးအကြိမ် ဝမ်ဝေ့၏အခွင့်အာဏာကို ငှားသုံးခြင်းဖြစ်လေရာ ဘာကြောင့်မှန်းမသိပါဘဲ ရှက်သွားခြင်း ဖြစ်လေ၏။
လျူအန်း သူတို့ထွက်သွားသည်ကို ကြည့်ပြီး သူ့ တစ်ခုခုဖြစ်သွားတော့မှာလားဟု ယောင်ဝါးဝါးတွေးလိုက်မိသည်။
သူကိုယ်တိုင်က "TOP" ၏ ထိပ်တန်းဓာတ်ပုံဆရာတစ်ယောက် မဟုတ်သလို ယခု သူဤသို့သောပုဂ္ဂိုလ်ကို စော်ကားမိလိုက်သဖြင့် မကြာခင်မှာ သူအမှန်ပင် အလုပ်ဆက်မလုပ်နိုင်လောက်တော့ပေ။
လင်းဒါက ဝမ်ဝေ့နှင့် ဝမ်မင်ယီကို အဝတ်လဲခန်းထဲမှာ ခဏထိုင်ခိုင်းလိုက်သည်။သူမ ဝမ်မင်ယီကို မိတ်ကပ်လိမ်းပေးသည့် မိတ်ကပ်ပညာရှင်ကိုလက်ယက်ခေါ်လိုက်ပြီး သူမကိုပြောလိုက်၏။
"ဝမ်မင်ယီ ရဲ့ မျက်နှာပေါ်က မိတ်ကပ်တွေကို ဖျက်လိုက်"
"အကုန်ဖျက်မှာလား...ကျွန်မမိတ်ကပ်ပဲချိန်းလိုက်ရမှာ မဟုတ်ဘူးလား"
မိတ်ကပ်ပညာရှင်က ပဟေဠိဖြစ်စွာဖြင့်
"လျူအန်းရဲ့နောက်ထပ်ရှုတင်အပြင်အဆင်က...ဒီပေါ်ကမိတ်ကပ်ကိုပြောင်းလိုက်ရုံပဲလေ "
"အကုန်လုံးဖျက်လိုက်"
လင်းဒါက သူမကို မကျေမချမ်းအကြည့်တစ်ချက် ပေးလိုက်၏။
"လျူအန်း က ဝမ်မင်ယီရဲ့ ရူတင်အတွက် တာဝန်ဆက်မယူတော့ဘူး... ဒါကြောင့် အကုန်လုံးကို ဖျက်ပစ်"
မိတ်ကပ်ပညာရှင် အထိတ်တလန့်ဖြစ်သွားပြီး မေးလိုက်သည်။
“ဒါဆို အခုရိုက်ဖို့ ဘယ်သူက တာဝန်ယူမှာလဲ”
"မင်းက မိတ်ကပ်ဖျက်ဖို့ပဲ တာဝန်ရှိတယ်"
သူမ၏ လေးနက်သောမျက်နှာကို မြင်လိုက်ရသည်တွင် မိတ်ကပ်ပညာရှင်က စကားမပြောရဲတော့ဘဲ မိတ်ကပ်ဖျက်ဆေးကိုယူပြီး မိတ်ကပ်ဖျက်လေတော့သည်။
လင်းဒါက အသားပေးပြီးပြောလိုက်သည်။
"အသာအယာလုပ်.... ရှောင်ဝမ် ကို မထိခိုက်စေနဲ့ "
မိတ်ကပ်ပညာရှင်: ...
ဝမ်မင်ယီ : "....". ဝမ်လေး....
ဒီလို ခဏလေးအတွင်းမှာပဲ သူက ရှောင်ဝမ် ဖြစ်လာပြီးတော့ သူ့ကိုညင်ညင်သာသာဆက်ဆံဖို့လိုလာတယ်။ သူ့မားက တကယ်ကို အံ့သြစရာကောင်းတာပဲ။
လင်းဒါ မိတ်ကပ်ပညာရှင်ကိုပြောပြီးသည်နှင့် ဝမ်ဝေ့ကို ထိုင်နေစေပြီး အပြင်ထွက်၍ သူမ၏ရုံးခန်းကိုသွားကာ သူဌေးကို အံ့ဩတကြီးဖုန်းခေါ်လိုက်သည်။
"သတင်းကောင်းပါ အယ်ဒီတာချုပ် ...သိပ်မကြာခင် ရှင်လာတော့မှာလား... မစ္စဗီဗီယန်က မဂ္ဂဇင်းရဲ့ပုံတွေကို ရိုက်ပေးဖို့ ကျွန်မတို့ကို တကယ်ကြီးပြောလာတယ်"
"TOP" မဂ္ဂဇင်း၏တရုတ်နိုင်ငံဆိုင်ရာအယ်ဒီတာချုပ် အန်နာသည် သူမ၏လမ်းတွင်ပဲ ရှိနေဆဲဖြစ်သည်။ ဤသတင်းကိုကြားရာတွင် သူမ၏ရင်ဘက်ကို ဖိလိုက်ပြီး
"တကယ်လား! ဗီဗီယန်က ဒါကို ပုဂ္ဂိုလ်ရေးအရပြောတာလား"
"ဟုတ်ပါတယ်... သူကအခုရိုက်တော့မှာ... ကျွန်မ ဆူဇန်ကို ဒီလာပြီးဝမ်မင်ယီရဲ့ မိတ်ကပ်နဲ့ ဆံပင်ပြင်ခိုင်းမလို့.... အဆင်ပြေတယ်လို့ရှင်ထင်လား"
"ဝမ်မင်ယီ... ဒါက ဘယ်စတားလဲ"
“ငလျင်ကယ်ဆယ်ရေးမတိုင်ခင် ရေပန်းစားလာတဲ့ တစ်ယောက်ပါ”
အန်နာ မှတ်မိသွား၏။
"ဗီဗီယန်က သူ့ကို ရိုက်ပေး မှာလား...."
"ဟုတ်ပါတယ်...ဗီဗီယန်က သူ့ကို သိပုံရတယ်... သူကဒီနေ့ဝမ်မင်ယီ အတွင်းစာမျက်နှာအတွက် ရိုက်တာနဲ့ဝင်တိုးသွားတာ...ရလဒ်တွေကို သူသိပ်စိတ်အလိုမကျတဲ့အတွက် ဝမ်မင်ယီရဲ့ရူတင်ကို သူတာဝန်ယူမယ်လို့ အဆိုပြုခဲ့တာ"
"ဒါကဒီလိုကိုး"
အန်နာ ခေါင်းညိတ်လိုက်ပြီး
"သူငါ့ကို ရုတ်တရတ် ဖုန်းခေါ်ပြီး သူမဂ္ဂဇင်းတိုက်ကို သွားနေတယ်လို့ပြောတာ မဆန်းတော့ဘူး။ ဒါဆို... မင်း ဆူဇန်ကို ပြန်လာခိုင်းပြီး အမ်မာကို အင်တာဗျူး နှစ်ခုကို ချက်ချင်းရေးဖို့ အကြောင်းကြားပါ... တစ်ခုက ဝမ်မင်ယီအကြောင်း...တစ်ခုက ဗီဗီယန်အကြောင်း...ထားလိုက်ပါတော့... ဗီဗီယန်အကြောင်း ပြောမနေနဲ့...သူက အင်တာဗျူးမခံလောက်ဘူး... ဝမ်မင်ယီအကြောင်းပဲရေး... နောက်ပြီး ဒီissueရဲ့ကာဗာ
မှာ ဝမ်မင်ယီကို အစားထိုးမဲ့အကြောင်း အမ်မလီ ကို ပြောလိုက်ပါ"
(T/N-issueက မဂ္ဂဇင်း၊စာစောင်၊စာစဉ်စတာတွေရဲ့ တစ်နှစ်အတွင်းထုတ်ဝေတဲ့ အကြိမ်ရေကိုရည်ညွှန်းပါတယ် )
"အိုခေ... ကျွန်မနားလည်ပြီ"
လင်းဒါ ဖုန်းချသွားပြီးနောက် အန်နာက Mနိုင်ငံ မှာရှိသည့် သူမ၏Group CEO ကို အမြန်ဖုန်းခေါ်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ "သတင်းကောင်းပဲ မစ္စတာဘိုလန်...နှစ်တွေအများကြီးကြာပြီးတဲ့နောက်မှာ ဗီဗီယန်က ကျွန်မတို့ မဂ္ဂဇင်းအတွက် ဒုတိယအကြိမ် ဓာတ်ပုံရိုက်ပေးဖို့ဆန္ဒရှိလာပြီ"
ဝမ်ဝေ့က ဝမ်မင်ယီကို မိတ်ကပ်ကူဖျက်ပေးရင်း သူလိုချင်သည့် ရိုက်ကူးမှုပုံစံကို မေးမြန်းနေခဲ့သည်။ ရုတ်တရက် ဖုန်းမြည်လာ၏။
သူမ တစ်ချက်ကြည့်လိုက်ပြီးနောက် ကောက်ကိုင်လိုက်ကာ တစ်ဖက်လူနှင့်ယဉ်ယဉ်ကျေးကျေး အာလာပသလ္လာပ အနည်းငယ်ဖလှယ်ပြီးနောက် ပြောလိုက်၏။
"မဟုတ်ဘူး...မဟုတ်ဘူး...ကျွန်မက ခုချိန်မှာ လူတွေကို ဓာတ်ပုံရိုက်ဖို့ သိပ်စိတ်မဝင်စားဘူး...ဒီတစ်ခါရိုက်တာက ကျွန်မ ဝမ်မင်ယီကို ရိုက်ချင်တာကြောင့်တင်ပဲ...ဟုတ်တယ်... အိုခေ...အိုခေ... ကျေးဇူးတင်ပါတယ်...Good bye"
"မစ္စတာဘိုလန်"
ဝမ်ဝေ့က ဝမ်မင်ယီကို နွေးထွေးသည့်အသံဖြင့် ပြောလာသည်။
မိတ်ကပ်ပညာရှင်၏လက်က တုန်ခါသွား၏။ဒါ သူမသိတဲ့ ဘိုလန်များလား။
ချန်လုလည်းပဲ ပဟေဠိဖြစ်လို့နေသည်။
" TOP မဂ္ဂဇင်းရဲ့ တည်ထောင်သူ... ဘရွန်း မိသားစုရဲ့ဘိုလန် ပဲလား"
ဝမ်ဝေ့က ခေါင်းညိတ်ပြီး
"ငါ သူ့ကို ဓာတ်ပုံရိုက်ဖို့ နှစ်အတော်ကြာတုန်းက တစ်ခါလောက် ကူညီခဲ့ဖူးတယ်... အဲဒါက တရုတ်ပြည်မှာ ထုတ်ဝေတဲ့ TOPမဂ္ဂဇင်းရဲ့ ပထမဆုံးကာဗာပဲ"
မိတ်ကပ်ပညာရှင်က တိတ်တဆိတ် သူမ၏ခေါင်းကိုမော့ပြီး သူမရှေ့ကလူကို ထိတ်လန့်တကြား ကြည့်လိုက်မိ၏။
ချန်လု လင်းဒါ ထံမှ ဤသမိုင်းကြောင်းကို
အခုလေးတင် ကြားသိခဲ့ပြီးသားဖြစ်သော် လည်း ယခုထပ်ကြားလိုက်သောအခါတွင် သူမသည် ထင်ယောင်ထင်မှားဖြစ်နေသလို ခံစားနေရဆဲဖြစ်သည်။
"ရှင်ကတကယ် အံဩစရာကောင်းတာပဲ"
"အဆင်ပြေပါတယ်"
ဝမ်ဝေ့က ပြုံးလိုက်ပြီး
"ငါတို့ရဲ့ မင်မင်လေးလောက်တော့ မထူးချွန်ပါဘူး"
(T/N-ရှောင်မင်မင်လို့ အတည်ခေါ်တာပါ)
ဝမ်မင်ယီ စိတ်ကြီးဝင်စွာဖြင့် မျက်နှာလွှဲကာ သူ့ကို လျစ်လျူရှုထားလိုက်သည်။
မိတ်ကပ်ပညာရှင်:...ဒီတစ်ယောက်ကလည်းပဲအရမ်းကိုထူးချွန်ပါတယ်လို့!
အန်နာက ဝမ်ဝေ့ မျှော်လင့်ထားသည်ထက်ပင် ပို၍မြန်မြန်ရောက်လာသည်။ သူမရောက်လာသည့်အခါ ဝမ်ဝေ့ကိုတွေ့ရန် အဝတ်လဲခန်းဆီသို့ တန်းတန်းမတ်မတ်သွားခဲ့သည်။
ဝမ်ဝေ့ နှင့်သူမဟာ ဟိုးယခင်တုန်းက Fashion week တစ်ခုမှာ ဆုံခဲ့ပြီး သူတို့ဆုံမိချိန်မှာ ယဉ်ကျေးစွာဖြင့် ဟဲလိုဟုသာ နှုတ်ဆက်ဖြစ်ခဲ့ကြသည်။
(T/N-Fashion weekဆိုတာ ဖက်ရှင်လောကရဲ့အရေးပါတဲ့ပွဲတစ်ခုပါ။ အချိန်အားဖြင့်တစ်ပတ်ဝန်းကျင်လောက်ကြာပြီးတော့ ဖက်ရှင်ဒီဇိုင်နာတွေ၊ဘရန်းတွေ စတာတွေက သူတို့ရဲ့နောက်ဆုံးပေါ်ဒီဇိုင်းတွေကို မော်ဒယ်တွေကိုဝတ်ပေးပြီး runwayလျှောက်ခိုင်းကြတာပါ)
မိတ်ကပ်ခုံပေါ်တွင်ထိုင်နေကာ မျက်ခုံးမိတ်ကပ်ဖယ်ပြီးပြီဖြစ်သော ဝမ်မင်ယီကို အန်နာ ကြည့်လိုက်ပြီးနောက် သူမကစိတ်ဝင်တစားမေးလာ၏။
"ရှင်နဲ့ဝမ်မင်ယီက...."
ဝမ်ဝေ့က ဝမ်မင်ယီရဲ့ ခေါင်းကို ကိုင်လိုက်ပြီး ရှက်ရွံနေ ခြင်းမရှိဘဲဖြေလိုက်သည်။
"ကျွန်မကသူ့ရဲ့ ပရို....."
"မားမားဖန်"
ဝမ်မင်ယီ သူမကို ဖြတ်ပြီးပြောလိုက်သည်။
ဝမ်ဝေ့:
အန်နာ:" ပရိုမားမားဖန်?"
(T/N–ဝမ်ဝေ့က professional mother၊အတိုကောက်pro-mother လို့ပြောချင်ပုံရတယ်။
Professional mother = အိမ်မှာတင်မနေပဲအပြင်ထွက်အလုပ်လုပ်တဲ့မိခင်)
ဝမ်ဝေ့အနေဖြင့် သူမ၏ခေါင်းကိုညိတ်ပြလိုက်ရုံသာရှိပြီး စိတ်ထဲတွင် ရေရွတ်နေမိသည်။ ဘာလို့သူမက ပန်းရောင်ဆိုတဲ့စကားလုံးကိုထည့်ဖို့လိုတာလဲ။ သူမက အသိသာကြီးကို သူ့အမေဖြစ်နေရဲ့သားနဲ့!
အန်နာက ရယ်လိုက်ကာ
" ရှင်လို လူမျိုးက မထင်မရဘူးနော်...ဗီဗီယန်
...ကြယ်ပွင့်တွေနောက်လိုက်တယ်တဲ့လား"
ဝမ်ဝေ့က ခါးသီးစွာ ပြုံးလိုက်ရ၏။ ဘယ်စတားနောက်ကို သူမလိုက်ရမှာလဲ။ သူမက natureထဲမှာရိုက်ကူးတာတို့၊ ကမ္ဘာအနှံ့အပြားက ပစ္စည်းတွေကို စုဆောင်းတာတို့၊ စီးပွားဖြစ်ရိုက်ကူးနေတာတို့ မဟုတ်ရင် ဓာတ်ပုံပြပွဲတွေကျင်းပနေတာတို့နဲ့ တစ်နှစ်မှာ၃၆၅ရက်လောက်အချိန်ကုန်နေတာလေ။ အင်တာနက်သုံးဖို့တောင် အချိန်အများကြီးမရှိဘူး။ စတားတွေကို လိုက်ပိုးပန်းဖို့အချိန်ရှိသေးတယ်ပေါ့...
တရုတ် ဖျော်ဖြေရေးလောကမှာ ဘယ်သူတွေ ရေပန်းစားနေတယ်ဆိုတာတောင် မသိဘူး အိုခေ...မဟုတ်ရင် သူမသားက စတားတစ်ယောက် ဖြစ်သွားတာကို ဒီနေ့မှ သိမနေဘူး။