အပိုင်း ၉၄
Viewers 17k

Chapter 94
စိုးရိမ်ခြင်း



ကျွမ်းချင်က ကျူးယွီသစ်သီးကို ချလိုက်ပြီး သူ့၏ လက်များကို စားပွဲပေါ်တင်ထားလိုက်သည်။ သူက ဖူလီကို ကျေနပ်စွာ ကြည့်လိုက်သည်။

"ဆက်ပြောလေ...." 

သူက နောက်ဆုံးတွင် ဦးနှောက်ကို မည်သို့အလုပ်ပေးရမည်အား သင်ယူပြီး ဖြစ်သည်။ 

"သခင်ကြီးကုန်းဖုကယ်ခဲ့တဲ့ လူအများစုက ဗဟုသုတမများတဲ့ သာမန်လူတွေပဲလေ... သူတို့က ဘယ်လိုလုပ် ကျင့်ကြံသူတစ်ယောက်နဲ့ တွေ့ပြီး အဲ့ကျင့်ကြံသူကလည်း သူတို့ကို အထူးအကြံဉာဏ် ပေးသွားတာလဲ..."

ဖူလီက တည်ကြည်သော မျက်နှာဖြင့် ဆိုလိုက်သည်။

"ဒါက ကောင်းကင်ဘုံ စည်းမျဉ်းကို ဆန့်ကျင်တဲ့ ကိစ္စလေ... အဲ့အကြံကိုပေးတဲ့ လူက အဲ့ကိစ္စကို မသိတာ မဖြစ်နိုင်ဘူး..."

"အဲ့တော့ မင်းရဲ့ သုံးသပ်ချက်က..."
ကျွမ်းချင်က မေးလိုက်သည်။

"အဲ့လူက လူသားတွေရဲ့ ခေါင်းဆောင်ကို အဲ့လို လုပ်ဖို့ တမင်ပြောတဲ့ ကုန်းဖုရဲ့ သူငယ်ချင်းဖြစ်နိုင်တယ်လို့ မင်းထင်လား..."

ဖူလီက ထိုကိစ္စကို အချိန်အတန်ကြာအောင် တွေးတောကာ ဤသည်က တိုက်ဆိုင်မှု မဖြစ်နိုင်ပဲ ကြိုတင်ကြံစည်မှုတစ်ခုဟု ခံစားရပေသည်။ သခင်ကြီး ကုန်းဖုက သေရာမှ ပြန်ရှင်လာသော်လည်း တန်ကြေးမှာ လူသားနှစ်ရာထက် မနည်းသော အသက်များ ဖြစ်ပေသည်။ 

သူက ဤမှန်းဆချက်ကို နှလုံးသားထဲတွင်သာ သိမ်းထားပြီး ဂျူနီယာများက ပေါက်ကြားစေမည်ကို စိုးရိမ်သဖြင့် ထုတ်မပြောဝံ့ပါပေ။ ကုန်းဖုက ၄င်းကို ကြားပါက ပိုဝမ်းနည်းနေမည် ဖြစ်ပေသည်။ 

ကျွမ်းချင်က သက်ပြင်းချလိုက်သည်။ 

"အဲ့ဒါက သူငယ်ချင်းဆိုရင် ဘယ်လိုလုပ်ပြီး အဲ့လိုအကြံပေးမှာလဲ..."

ဖူလီ၏ ကြီးပျင်းလာပုံက သူ့ကို အလွန်အပြစ်ကင်းစေကာ လောကကြီးရှိ ရှုပ်ထွေးသော အခြေအနေများနှင့် အနေအထားများကို မသိပဲ ဖြစ်နေစေသည်။ 

"သူက တကယ်ပဲ ကုန်းဖုရဲ့ မိတ်ဆွေဆိုရင် ဒီလိုမျိုး မုန်းတီးခြင်းကြောင့်ဖြစ်တဲ့ အစီအစဉ်နဲ့ လာမှာ မဟုတ်ဘူး... မင်္ဂလာသားရဲတစ်ကောင်အနေနဲ့ ကုန်းဖုက လောကကြီးက လက်ခံနိုင်တာထက် သန်မာလွန်းနေတယ်... သူသေပြီး တာအိုလွင့်ပျောက်သွားပြီးရင် အကောင်းဆုံးနည်းလမ်းက သူ့ကို ရေထဲမှာ မြုပ်ဖို့ပဲ... မြစ်ထဲမှာ မဟုတ်ဘူး ပင်လယ်ထဲမှာဖြစ်ရမှာ... ပိုပြီးအရေးကြီးတာက သူ့ကို သံကြိုးတွေနဲ့ မချုပ်နှောင်ထားသင့်ဘူး..."

"ငါ စွေ့မင်းဆက်က လျှို့ဝှက်အင်ပါယာ မော်ကွန်းကို တစ်ခါသွားလည်ပြီး ချင်နဲ့ ဟန်မင်းဆက်တွေမှာ မှတ်တမ်းတင်ထားတဲ့ ထူးဆန်းပြီး သဘာဝလွန်ဆန်တဲ့ အရာတွေအကုန်လုံးကို ဖတ်ဖူးတယ်... တရားမဝင် ဖြစ်စဉ်တစ်ခုက မကောင်းဆိုးဝါး ဝိညာဉ်တစ်ခုကို နိုးထလာအောင် လောကကြီးထဲမှာရှိတဲ့ အငြိုးတွေအကုန်လုံးကို စုတဲ့ မကောင်းဆိုးဝါးအလေ့အကျင့်တစ်ခုကို ပြောပြထားတယ်... ကျောက်တုံးခန္ဓာကိုယ်နဲ့ မဟာမိစ္ဆာရဲ့ အရိုးတွေကို အသုံးပြုပြီး ကောင်းကင်အောက်က မကောင်းတဲ့အရာတွေ အကုန်လုံးကို ဆင့်ခေါ်လို့ရတယ်..."

ကျွမ်းချင်၏ အသံက ဖူလီမျက်နှာထက်က ဝမ်းနည်းသောအကြည့်ကို သတိပြုမိရာ နူးညံ့သွားပေသည်။ သူက ဖူလီ၏ အမြင်များကို ကျယ်ပြန့်အောင် ပြုလုပ်ပေးလိုသော်လည်း သူ့ကို မကြောက်လန့်စေချင်ပါပေ။ သူက ပိုကြောက်လန့်သွားပါက သူ့၏ IQက အဖက်ဆယ်မရတော့သည်မှာ ဖြစ်နိုင်ပေသည်။

"အဲ့ဒါက တရားမဝင် ဖြစ်စဉ်တစ်ခုပဲ ရှိသေးတာ... အဲ့တာကို လူသားတစ်ယောက်ရေးတာလား မိစ္ဆာတစ်ယောက်ရေးတာလား မရှင်းလို့ မှန်ကန်မှုအများကြီး မရှိလောက်ဘူး... ကုန်းဖုကြုံခဲ့တဲ့ အဖြစ်အပျက်က ဒီကိစ္စနဲ့ တူညီမှုနည်းနည်း ရှိနေတာပဲ ရှိတာပါ..."

"မဟုတ်ဘူး... မတူတဲ့ နေရာလည်း ရှိသေးတယ်..."

ဖူလီက ခေါင်းခါလိုက်သည်။ 

"သာမန်လူသုံးယောက်က ကုန်းဖုကို စိတ်ရင်းနဲ့ ထပ်ပြီး ရှင်သန်စေချင်ပြီးတော့ ကုန်းဖုရဲ့ မူလခန္ဓာကိုယ်ထဲမှာ ယဉ်ကျေးမှု လမ်းကြောင်းတစ်ခု ရှိနေသေးတယ်... အဲ့ဒါကြောင့် အဆုံးမှာ ထပ်ပြီး ရှင်သန်လာတဲ့လူက မကောင်းဆိုးဝါး ဝိညာဉ် မဟုတ်ပဲ ကုန်းဖုဖြစ်နေတာပဲ..."

သူ့၏ အမူအရာက ဖြူဖျော့နေပေသည်။
"ဒါပေမဲ့ နိုးထလာတဲ့ တစ်စုံတစ်ယောက်က မကောင်းဆိုးဝါး ဝိညာဉ် ဖြစ်နေရင်ရော..."

လောကကြီးထဲရှိ ဝမ်းနည်းမှုများအားလုံး ပေါင်းစည်းကာ မွေးဖွားလာသူက ကောင်းကင်ဘုံ စည်းမျဉ်းကို ဦးစွာ ညင်းပယ်ခြင်း သို့မဟုတ် သာမန်လူများကို ဦးစွာ အန္တရာယ်ပြုစေခြင်းတို့ ဖြစ်နိုင်ပေသည်။

"အများကြီး မတွေးနဲ့... လက်ရှိအခြေအနေက အဆင်ပြေတယ်မလား..."

ကျွမ်းချင်က ဖူလီကို ကျူးယွီသစ်သီး ပြန်ကမ်းပေးလိုက်သည်။

"ယူလိုက်..."

"ဘာလဲ... မင်းမစားဘူးလား..."
ဖူလီက သစ်သီးကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ 

"ဆေးပေး..."

ကျွမ်းချင်က ဆိုလိုက်သည်။

"ငါ့မှာ အသန့်ကြိုက်တဲ့ရောဂါရှိတယ်... မဆေးထားရင် စားလို့မရဘူး..."

"ငါတို့ဒီမှာ ဖုန်မှုန့် တားဆီးတဲ့ အရံအတားတစ်ခု ရှိတယ်မလား..."

ဖူလီက ကျွမ်းချင်ကို ကူကယ်ရာမဲ့ ကြည့်လိုက်ပြီး ဤသည်က အသက်မပြည့်သေးသော မိစ္ဆာတစ်ကောင်နှင့် သူ့၏ ကယ်တင်ရှင်ဖြစ်သည်ကို သူ့ကိုယ်သူ သတိပေးလိုက်သည်။ သူက ညည်းတွား၍ မရပါပေ။ သို့ဖြစ်၍ စိတ်ထဲတွင်သာ မျက်လုံးလှန်ပြီး ရေချိုးခန်းထဲတွင် သစ်သီးကို ဆေးပေးရန် ထလိုက်သည်။

"နေဦး... ငါကော်ဖီတစ်ခွက်လည်း သောက်ချင်တယ်... ကျေးဇူးပဲ..."

အသီးနဲ့ ကော်ဖီသောက်မယ်... ဒါက ဘယ်လို ရူးကြောင်ကြောင်အကျင့်လဲ... ဖူလီ စိတ်ထဲတွင် လှန်နေသော မျက်လုံးက ကောင်းကင်သို့ ရောက်လုပြီ ဖြစ်သည်။ 

ကျွမ်းချင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ 
ကောင်းတယ်... သူ့ကို လုပ်စရာ အလုပ်ပေးထားတာက လျှောက်မတွေးအောင် ကာကွယ်ပြီးသားဖြစ်သွားတာပေါ့...

ဖူလီက လက်ဘက်ရည်ခန်း၏ ဝင်ပေါက်သို့ ရောက်သောအခါ အထဲတွင် ချောင်းယွင်နှင့် ရှုယွမ် ရယ်မောနေသည်ကိုကြားပေသည်။ သူတို့က ကုန်းဖုအကြောင်းပြောနေလျှင် ချိုးနှိမ်ထား၍ မရသော စိတ်လှုပ်ရှားမှုက သူတို့၏ ရယ်သံများထဲတွင် ပါဝင်နေပေသည်။ 

ဖူလီက ထို့နောက်တွင် နားလည်သွားသည်။ လက်ရှိခေတ်၏ ယောက်ျားဆန်မှု ကုန်ဆုံးလာခြင်းက အမျိုးသမီးများအတွက် အမျိုးသားများကို အသိအမှတ်ပြုရန် အတန်ပင် ကောင်းမွန်ပေသည်။ သူက တံခါးခေါက်ကာ သူရောက်ရှိနေသည်ကို ပြသလိုက်ပြီး ဘေးရှိ အံဆွဲထဲမှ အသင့်ဖျော်ကော်ဖီတစ်ထုတ်ကို ထုတ်လိုက်သည်။ သူက ကော်ဖီကို ခွက်ထဲသို့ လောင်းထည့်ကာ သကြားခဲအနည်းငယ် ပစ်ထည့်ပြီး ရေနွေးထည့်ရန် ပြင်ဆင်လိုက်သည်။

ရှုယွမ်က သူ့၏ ရိုးရှင်းလှသော ကော်ဖီဖျော်နည်းကိုကြည့်ကာ သူ့အား တားလိုက်သည်။

"ဖူကော... အစ်ကိုက ကော်ဖီမကြိုက်ဘူးမလား..."

"အမ်... ငါက ကျွမ်းချင်ကို ကူဖျော်ပေးနေတာ..."

ဖူလီက ရေပိုက်ခေါင်းကို ဖွင့်ပြီး ခွက်ကို ရေ အလျင်အမြန် ဖြည့်လိုက်သည်။

ဒါပေမဲ့ ဘော့စ်လည်း ကော်ဖီမကြိုက်ပါဘူး...

ရှုယွမ်က ပါးစပ်ဖွင့်ခါနီးတွင် ချောင်းယွင်က သူမကို လှမ်းဆွဲလိုက်သည်။ သူမ၏ စကားလုံးများက ပြန်လည် မျိုချခံလိုက်ရသည်။ 

ချောင်းယွင်က ဖူလီ ကော်ဖီကို ပြန်သယ်သွားသည်ကို စောင့်နေပြီးမှ အသံတိုးတိုးဖြင့် ဆိုလိုက်သည်။

"တစ်ခါတစ်လေကျရင် ယောက်ျားတွေကြားက ခင်မင်မှုက အရမ်းတွေဝေစရာကောင်းတယ်..."

"ခင်မင်မှု..."

ရှုယွမ်က ထိုအသုံးအနှုန်းကို အလွန် သံသယဝင်နေပေသည်။ 

"အဲ့လိုမဟုတ်ရင် နင်က ဘယ်လိုထင်လို့လဲ..."
ချောင်းယွင်က သူမ ဘာမှမပြောဝံ့ဟု ခန့်မှန်းကာ သူမကို မျက်လုံး စွေကြည့်လိုက်သည်။

"ဟုတ်တာပေါ့... အဲ့ဒါက ကမ္ဘာပေါ်မှာ အသန့်စင်ဆုံးနဲ့ အမြင့်မြတ်ဆုံး ခင်မင်မှုလေ..."

အမှန်တကယ်ပင် ရှုယွမ်လည်း မပြောဝံ့ပါပေ။ 

ကျွမ်းချင်က ဖူလီဖျော်ပေးသော ကော်ဖီကို အနည်းငယ်သာသောက်ပြီး သူ့နှုတ်ခမ်းများကို စိုစွတ်စေကာ ဘေးတွင်တင်ထားလိုက်ပြီး ကျူးယွီသစ်သီးကို စားသုံးလိုက်သည်။ ဖူလီက သူသစ်သီးကို စားပြီးသည်အား မြင်သောအခါမှသာလျှင် သူ့စိတ်က ကော်ဖီဖျော်ရာတွင် အလွန်အာရုံစိုက်နေ၍ ကျူးယွီသစ်သီးဆေးရန် မေ့လာသည်ကို သတိရသွားပေသည်။ 

အဲ့ဒါက ကျွမ်းချင် ဗိုက်ထဲကို ရောက်သွားပြီ... အဲ့တော့ သူလည်း... ပြောမနေပါတော့ဘူး...

"မင်း ငါ့ရုံးခန်းထဲမှာ တစ်ညနေလုံး ထိုင်နေဖို့ ရည်ရွယ်ထားတာလား..."

ကျွမ်းချင်က လက်များကို သန့်စင်လိုက်ချိန်တွင် ဖူလီက ထွက်မသွားပဲ သူ့ရုံးခန်းကို ပျင်းရိစွာ လျှောက်ကြည့်နေသည်။

"မင်း ခွန်းဖမ်နဲ့ ထွက်မဆော့ဘူးလား..."

လွန်ခဲ့တဲ့ ပိတ်ရက်တွေမှာ ဖူလီက ခွန်းဖမ်ကို စားဖို့ ခေါ်မထုတ်ကာ ဘယ်အချိန်ရှိလို့လဲ... ကျို့ချန်လို့ခေါ်တဲ့ လူချမ်းသာ ဒုတိယမျိုးဆက်က သူ့ကို ကျေးဇူးတင်ငွေ သန်းနည်းနည်းလောက် ပေးပြီးကတည်းက ဖူလီအပြင်ထွက်စားတဲ့ အကြိမ်ရေက တိုးလာတာပဲ...

လောဘကြီးသည့် ခွန်းဖမ်က အဖော်အနေနှင့် ပါသွားလျှင် ဖူလီက မကြာခဏ စားသောက်နေ၍ မွဲသွားမည်ကို ကျွမ်းချင် အမှန်တကယ်စိုးရိမ်နေသည်။

"ခွန်းဖမ်နဲ့ ကုန်းဖုက လောလောဆယ် အချင်းချင်း စကားများနေကြတယ်..."

ဖူလီက ဆိုဖာပေါ်တွင် ပျင်းရိစွာ ခွေလှဲလိုက်ပြီး သက်ပြင်းချလိုက်သည်။ 

"ပိုကြီးတဲ့ ယောင်ကျင့်ကြံသူတွေ ရန်ဖြစ်ရင် သူတို့က လုံးဝကို ကျိုးကြောင်းမဆီလျော်ကြတော့ဘူး... သူတို့က ငါ့ရဲ့ ဖရုံစေ့တွေကိုတောင် လုသွားကြသေးတယ်..."

"သူတို့နှစ်ယောက်က မင်းကို အနိုင်ကျင့်လို့လား..."
ကျွမ်းချင်က မျက်မှောင်ကြုတ်လိုက်သည်။ 

အဲ့မိစ္ဆာနှစ်ကောင်က ဖူလီ့မျက်နှာနဲ့ စားသောက်နေရတာတောင် သူ့ကို အနိုင်ကျင့်နေကြတယ်... သူတို့က အရှက်ကို မရှိကြတော့ဘူးလား...

ကျွမ်းချင် အရှက်မရှိဟု ပြောလိုက်သော မိစ္ဆာနှစ်ကောင်မှာ ယခုလက်ရှိအချိန်တွင် ဖူလီ့အခန်းထဲရောက်နေပြီး ‌ယောင်မျိုးဆက်သစ်များကို သင်ကြားပြသပေးရန် ဆွေးနွေးနေကြသည်။ ခွန်းဖမ်က လက်ရှိမျိုးဆက်များ၏ ရန်လိုမှုလျော့နည်းလာခြင်းနှင့် ခြိမ်းခြောက်နိုင်သောပတ်ဝန်းကျင်တွင် အသက်ရှင်သန်ရန် ခက်ခဲလာသည်ကို အထင်သေးနေမိသည်။  အတိတ်တွင် တောင်ပေါ်၌ လှည့်လည်သွားလာနေသည့် မိစ္ဆာငယ်လေးများကပင် အခြားသူများ သနားစဖွယ်ဖြစ်အောင် အော်ဟစ်ရသည်အထိ အစွမ်းရှိကြပေသည်။

ကုန်းဖုကမူ ယခုခေတ်မိစ္ဆာများက ယဉ်ကျေးမှုမရှိသည်ကို စိတ်တိုင်းမကျဖြစ်နေသည်။ အတိတ်တွင်မူ မိစ္ဆာတစ်ကောင်ချင်းစီက ဂုဏ်ပုဒ်တစ်မျိုးစီ ရှိကြပြီး အဆင့်နိမ့်သောမိစ္ဆာလေးများမှာ စွမ်းအားကြီးမိစ္ဆာများရှေ့မှပင် ဖြတ်မလျှောက်ရဲကြပေ။

" ဘာ ယဉ်ကျေးမှုလဲ မိစ္ဆာဆိုတာမျိုးက စွမ်းအားကြီးရင် ရပြီပေါ့ ကျန်တာတွေက သူ့အလိုလို အဆင်ပြေသွားလိမ့်မယ်..."

" အခြေခံလောကဝတ်တွေ မရှိရင် မိစ္ဆာနဲ့ အသိဉာဏ်မရှိတဲ့ တိရစ္ဆာန်တွေက ဘာကွာဦးမှာလဲ..."
ကုန်းဖုက ခွန်းတုံ့ပြန်သည်။

" ငါတို့က လူသားအသွင်ယူထားတာပဲရှိတာ တကယ့်လူသားအစစ်မှ မဟုတ်တာ... ဘာလို့ ‌ဒီလိုမျိုးရှု့ထောင့်ကနေ လေ့လာသင်ယူရမှာလဲ..."
ခွန်းဖမ်က လူသားများ၏ စာအုပ်ကြီးဆန်သောအပြုအမူများကို သည်းမခံနိုင်၍ ကုန်းဖု၏ စကားများ ကြားသည့်အခါ စိတ်မရှည်တော့ပေ။
" မင်း တခြားတစ်ခုကို မတွေးနိုင်တော့ဘူးလား..."

" မိစ္ဆာတွေက လူတွေဆီက လေ့လာသင်ယူရမယ်လို့ မင်းကိုဘယ်သူပြောလဲ... ငါတို့လိုမိစ္ဆာတွေက လူမှုရေးဆိုင်ရာကျင့်ဝတ်တွေကို ထည့်စဉ်းစားနေတုန်းမှာတောင် လူသားတွေက ငါတို့အမွေးတွေကို အင်္ကျီချုပ်ဝတ်ပြီး အမဲလိုက်နေကြတုန်းပဲလေ...မင်းက ဒီနှစ်ထဲမှာ လူသားတွေအများကြီးကိုတွေ့ပြီး ရူးသွားတာထင်တယ်..."
ကုန်းဖုက သရော်လိုက်သည်။


" ကျွတ်..."
ခွန်းဖမ်က ကုန်းဖုလက်ထဲမှ ဖရုံစေ့များကို လုယူလိုက်သည်။ သူ စကားအချေအတင်များရန် ပျင်းရိလွန်းနေ၍ စားစရာကို လုယူပြီးသာ ဒေါသဖြေလိုက်ရတော့သည်။

သူ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်နေသည်မှာ ကုန်းဖုက သူ့အပြုအမူကိုမြင်သည်နှင့် ဒေါသပြေသွားသည်။ သူ ဆိုဖာပေါ်တွင် ပျင်းရိပျင်းတွဲဖြင့် မှီထိုင်လိုက်သည်။
" ဒါပေမဲ့ လူသားတွေက စိတ်ဝင်စားစရာကောင်းတာတွေ အများကြီးကို တကယ်တီထွင်ထားကြတာပဲ..."

" မင်းက လောကဝတ်ကိုပိုပြီး အာရုံစိုက်တာမလား ‌‌ဒါကဘာသဘောလဲ..."
ခွန်းဖမ်က သရော်ဟန်ဖြင့် ခွန်းတုံ့ပြန်လိုက်သည်။

" ဒီနေရာမှာ ငါ့ရဲ့ကျက်သရေရှိမှုတွေကို ပြလို့ရမယ့်သူမရှိဘူး..."
ကုန်းဖု ခေါင်းခါလိုက်သည်။
" စည်းမျဉ်းတွေက သေဆုံးသွားပေမယ့် အပြောင်းအလဲမရှိတဲ့ အယူသည်းမှုတွေကို ထိန်းသိမ်းထားရဦးမယ်..."

" လောင်ဇီ မင်းနဲ့ စကားမများချင်ဘူး..."
သူ့ကဲ့သို့သော ယောင်ကျင့်ကြံသူမျိုးက ကုန်းဖုကဲ့သို့ စက်ဆုပ်စရာကောင်းသူမျိုးနှင့် စကားအခြေအတင်မဖြစ်သင့်ဟု တွေးလိုက်မိသည်။ သူတို့ စကားအနည်းငယ် ထပ်ပြောမိပါက သေအောင်ဒေါသထွက်ရလိမ့်မည်။

‌ခွန်းဖမ်က ဒေါသကြောင့် ပြောစရာစကားမဲ့သွားသည်ကို မြင်သောအခါ ကုန်းဖုက မတ်မတ်ထိုင်လိုက်သည်။
" မင်း ဒီလောက်အသက်ကြီးနေပြီကို ဘာလို့စိတ်ဆတ်လွယ်နေရတာလဲ..."

ခွန်းဖမ်က တစ်ဖက်လှည့်သွားပြီး သူ့ကိုလျစ်လျူရှု့နေသည်။

" အတိတ်ကယောင်ကျင့်ကြံသူတွေထဲမှာ ဘယ်နှစ်ယောက်ကများ အခုချိန်ထိ အသက်ရှင်နေသေးလို့လဲ..."

ကုန်းဖု သက်ပြင်းချပြီး ပြတင်းပေါက်နားကို လျှောက်သွားလိုက်သည်။

" အခုထိ အသက်ရှင်နေတဲ့သူတွေက သတိလက်လွတ်မနေတတ်တဲ့ လျစ်လျူရှု့မရတဲ့ တည်ရှိမှုတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်... စီမံခန့်ခွဲရေးဗျူရိုက တော်တော်လေး ကောင်းပါတယ်... အနည်းဆုံးတော့ ယောင်ကျင့်ကြံသူတွေဘက်က ရပ်တည်ပေးနိုင်မယ့် နေရာတစ်ခု  ရှိလာပြီလေ... လက်ရှိ လူငယ်မျိုးဆက်မိစ္ဆာလေးတွေက ခွန်အားအရာမှာတော့ ငါတို့ကို မယှဉ်နိုင်ပေမယ့် အသိဉာဏ်ပညာနဲ့ယှဉ်ရင်တော့ ငါတို့ထက် မနိမ့်နေပါဘူး..."

ထိုစကားများကိုကြားသည့်အခါ ခွန်းဖမ်လည်း အနည်းငယ်ဝမ်းနည်းသွားမိသည်။ ထိုနှစ်များမှ မိစ္ဆာမျိုးနွယ်၏ ကျက်သရေရှိမှုနှင့် ခမ်းနားမှုတို့ မရှိတော့သည်မှာ ကြာလှပြီဖြစ်သည်။ လိုက်လျောညီထွေစွာဖြင့် မနေနိုင်ပါက သူတို့အသက်များ ဆုံးရှုံးသွားနိုင်သည်။ ထိုနှစ်များတွင် အိုးကျန်းက ကိုးကွယ်သူသောင်းချီရှိသော ပထမတန်းစားမိစ္ဆာတစ်ကောင်အဖြစ် သတ်မှတ်၍ ရနိုင်ခဲ့သည်။ နှစ်ပေါင်းများစွာကြာပြီးသည့်နောက်တွင် ကောင်းကင်ဘုံဥပဒေက သူ ယခင်ကကဲ့သို့ တစ်ပုံစံတည်းပြုမူနေသည်ကို သည်းမခံနိုင်တော့ပေ။

" အနာဂတ်အတွက် မင်းမှာ ဘာအစီအစဉ်တွေ ရှိလို့လဲ..."

ခွန်းဖမ် သက်ပြင်းချလိုက်သည်။ သူ ကုန်းဖုနှင့် ထပ်ပြီး စကားမများချင်တော့ပေ။

" ငါ ဖူလီလေးနဲ့တူတူ အလုပ်လုပ်မလို့ ပြင်နေတာ...ငါ တခြားမိစ္ဆာတစ်ကောင်ဆီက ကြားခဲ့တာတော့ အခုလက်ရှိ မိစ္ဆာလောကမှာ စီမံခန့်ခွဲရေးဗျူရိုနဲ့အတူတူ အလုပ်လုပ်တာက နာမည်အကြီးဆုံး အလုပ်ပဲတဲ့..."

" မင်း တကယ်ပြောတာလား..."
ခွန်းဖမ်က နားကြားလွဲသည်ဟု တွေးလိုက်မိသည်။

" ဒါပေါ့ ဖူလီလေးက ငါတို့နှစ်ယောက်ကို ထောက်ပံ့ပေးနေလို့ပဲ ဘယ်ဖြစ်မလဲ... ငါ သူ့ကို အရှက်မရစေချင်ဘူး..."

ကုန်းဖုက ကျစ်ခနဲ အသံပြုလိုက်သည်။

" ဘယ်သူကရော သူထောက်ပံ့တာ လိုချင်လို့လဲ... ငါ လွှတ်ပစ်လိုက်တဲ့ ပစ္စည်းတစ်ခုက လူသားလောကတးမှာဆိုရင် ဆယ်စုနှစ်တစ်ခုစာ‌ စားစရာတွေ ဝယ်စားလို့ရတယ်... ဘာပဲဖြစ်ဖြစ် ငါလည်း သူ့ကိုအရှက်မရစေချင်ပါဘူး..."
ခွန်းဖမ် ခေါင်းခါလိုက်သည်။

" မင်း... ဖူလီနဲ့ပတ်သက်ပြီး တစ်ခုခုတော့ ထူခြားနေတယ်လို့ တကယ်မတွေးမိဘူးလား..."
ကုန်းဖု တွန့်ဆုတ်နေသည်။

" မထားမိပါဘူး..."
ခွန်းဖမ်က အလျင်အမြန်ပင် ခွန်းတုံ့ပြန်လိုက်သည်။ ထိုသို့ ပြောလိုက်ခြင်းကြောင့် သင်္ကာမကင်းမှုကို ပိုမိုမြင့်တက်သွားစေသည်။

ကုန်းဖုက မျက်လုံးများ မှေးကျဉ်းပြီး ကြည့်လိုက်သည်။
" မထားမိဘူးဆိုတော့လည်း မထားမိဘူးပေါ့လေ... ရေးကြီးခွင်ကျယ်ကိစ္စလည်း မဟုတ်ဘူးဆိုတော့..."

အခန်းတစ်ခုလုံးတွင် တိတ်ဆိတ်မှုတို့ ကြီးစိုးသွားသည်။

ခဏအကြာတွင် ခွန်းဖမ်က မတက်မကြွဖြင့် ပြောလိုက်သည်။

" ငါ တကယ်မသိတာပါ... ဒါပေမဲ့ သူနဲ့ ပတ်သက်ပြီး တစ်ခုခုထူးဆန်းနေတာတော့ မသိမသာခံစားမိတယ်... အဲ့ထက်မပိုဘူး..."

ဖူလီ၏ ကျင့်ကြံဆင့်ကို မမှန်းဆနိုင်သည်ထက်ပိုသော ပြဿနာမှာ ဖူလီ၏နောက်ကွယ်မှ မိစ္ဆာကို ရန်မစနိုင်ခြင်းဟု ဆိုလိုသည်။

" မင်း ဘာကိုမှ သတိမပြုမိတာက ပုံမှန်ပါပဲ... မင်းရဲ့သဘာဝကိုက သားရဲဆိုတော့ မင်းရဲ့ကျင့်ကြံရေးလမ်းကြောင်းက ငါတို့နဲ့ ကွဲတာကိုး... အဲ့ကလေးက ကိုယ့်ကိုကိုယ် သတိမပြုမိတဲ့ ပြဿနာဖြစ်နေသလိုပဲ တော်တော်ပြင်းထန်တယ်..."

ကုန်းဖုက ဆိုဖာကို အသာထိလိုက်သည်။

ခွန်းဖမ် တစ်ခုခုကိုပြောတော့မည့်အချိန်တွင် သူ့အသံက ရုတ်ချည်းပြောင်းလဲသွားပြီး တဖြည်းဖြည်းကျယ်လာသည်။

" တော်ပြီလို့ ငါပြောနေတယ်နော်... ဒီလောက်ဖရုံစေ့တွေ အများကြီးရှိတာ ယုန်လေးအတွက် နည်းနည်းတော့ ချန်ထားသင့်တယ်..."

" အများဆုံးစားတာ မင်းမဟုတ်ဘူးလား..."

ကုန်းဖုက သူ့ရှေ့မှ ဖရုံစေ့ခွံအပုံလိုက်ကြီးကို ခွန်းဖမ်ရှေ့သို့ တွန်းပို့လိုက်သည်။
" မင်းရဲ့ ဖရုံစေ့ခွံတွေကို ကြည့်လိုက်ပါဦး..."

ကျွမ်းချင် တံခါးကို တွန်းဖွင့်လိုက်ချိန်၌ နှစ်တစ်သောင်းကျော်နေထိုင်ခဲ့သည့် မဟာမိစ္ဆာနှစ်ကောင်က ဖရုံစေ့အခွံများကို အရှေ့အနောက်တွန်းပို့နေသည့်မြင်ကွင်းနှင့် မိတ်ဆက်လိုက်ရသည်။ ဖရုံစေ့များက မြေပြင်ပေါ် ပြန့်ကျဲနေပြီး ဖူလီ့ဆိုဖာနှင့် ဘေးနားမှ စားပွဲတွင်လည်း ရှုပ်ပွနေသည်။

" စီနီယာတို့..."

သူ မကျေမချမ်းဖြစ်နေသည့် အမူအရာဖြင့် တံခါးခေါက်လိုက်သည်။
" ဘာလုပ်နေကြတာလဲ..."

ခွန်းဖမ်နှင့်ကုန်းဖုက အမှိုက်ဖွနေသည်ကို အလိုလိုရပ်လိုက်ပြီး စကားမပြောကြပေ။

" စီနီယာတို့က လူသားတွေတောင်သိကြတဲ့ မဟာမိစ္ဆာတွေပဲ... ကျွန်တော့်လိုမျိုး အဆင့်နိမ့်တဲ့ ဂျူနီယာက  တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ လူငယ်မျိုးဆက်တွေ‌အကြောင်း သတိပေးစရာတောင် မလိုပါဘူး ဟုတ်တယ်မလား..."

ကျွမ်းချင်၏အကြည့်က ကြမ်းပေါ်မှ ဖရုံစေ့များအပေါ် ရောက်သွားသည်။