Chapter 95
ဤကိစ္စက ကျွမ်းချင်နှင့်မဆိုင်ဟု ခွန်းဖမ်ပြောလိုသော်လည်း တည်ကြည်လေးနက်နေသည့်အကြည့်ကို ရင်ဆိုင်လိုက်ရသည့်အခါ သူ မပြောရဲတော့ပေ။ သို့ဖြစ်၍ သူ ကုန်းဖုဘက်ကို လှည့်ကြည့်လိုက်သည်။ အရှက်မဲ့လှသော ကုန်းဖုက ခေါင်းငုံ့ပြီး တိတ်ဆိတ်စွာဖြင့် ကြမ်းပြင်ပေါ်မှ ဖရုံစေ့များကို ကောက်နေသည်။
ဒီလူကောင်းယောင်ဆောင်ထားတဲ့ မင်္ဂလာသားရဲက ဘယ်လိုဟန်ဆောင်ရမယ်ဆိုတာ သိသားပဲ...
" နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."
ကျွမ်းချင်က တံခါးပြန်ပိတ်လိုက်ပြီးနောက် ဖူလီရပ်နေသည့် လှေကားနားကို ပြန်လျှောက်လာလိုက်သည်။
" သွားကြစို့..."
" ဘယ်သွားမလို့လဲ..."
ဖူလီက သူ့အခန်းတံခါးဘက်ကို ခေါင်းပြူကြည့်လိုက်သည်။
" ကုန်းဖုနဲ့ ဘာတွေပြောခဲ့တာလဲ..."
" ဘာမှသိပ်မပြောခဲ့ပါဘူး... ဘဝရဲ့ သဘောတရား အတွေးအမြင်တွေလောက်ပဲ ပြောပြခဲ့တာ..."
ကျွမ်းချင်၏ အမူအရာက ခက်ထန်နေသည်။
" ငါ မင်းကို ညစာလိုက်ကျွေးမယ်..."
" ဘယ်မှာလဲ..."
ကျွမ်းချင်က အချိန်မည်မျှရနိုင်သည်ကို တွက်ချက်လိုက်သည်။
" ဒီနေ့က အထူးတလည်နေ့ မဟုတ်ဘူးဆိုတော့ ပုံမှန်ညစာပဲ စားကြတာပေါ့..."
" ဒါဆိုရင် ညဇီးကွက်စားသောက်ဆိုင်ကိုပဲ သွားကြမယ်လေ... သူက ဈေးလည်းချိုတယ် အရသာလည်းရှိ မင်းလည်း အဲ့ကဟင်းတွေ သဘောကျတယ်မလား..."
" ငါ အဲ့ဆိုင်မှာစားရတာ သဘောကျတယ်လို့ မင်းကို ဘယ်သူပြောလဲ..."
ကျွမ်းချင်က ပြန်မေးလာသည်။
" ပြောစရာလိုသေးလို့လား မင်းကိုကြည့်တာနဲ့ သိတာကို..."
ကျွမ်းချင်က တစ်ခဏတာခန့် စိုက်ကြည့်နေပြီးမှ အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။
" မင်း စိတ်ထင်တာပါ..."
" ဘာလဲ..."
" ဘာမှမဟုတ်ဘူး..."
ညဇီးကွက်စားသောက်ဆိုင်က ညနေဘက်တွင်မှ ဖွင့်လေ့ရှိသည်။ သို့သော် သူတို့စားသောက်ဆိုင်ကိုရောက်ချိန်၌ ဆိုင်ရှင်၏ အမူအရာက တစ်ခုခုဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူတို့နှစ်ယောက်ကို မြင်သည့်အခါမှသာ သူ မနည်းအားတင်းပြီး ပြုံးပြလိုက်သည်။
" ဆိုင်ရှင် ဘာဖြစ်လို့လဲ..."
ဖူလီက စားပွဲနှင့် ခုံပုလေးကို တာဝါဖြင့်သုတ်လိုက်ပြီးမှ ကျွမ်းချင်ကို ခုံတွင်ထိုင်ခိုင်းလိုက်သည်။ သူက ဆိုင်ရှင်ကို ဆက်မေးနေသည်။
" ပြဿနာတစ်ခုခုရှိရင် ကျွန်တော်တို့ ကူညီပေးလို့ရပါတယ်..."
" အရေးတကြီးတော့ မဟုတ်ပါဘူး..."
ဆိုင်ရှင်က အစားအစာပြင်ဆင်သည့်ကောင်တာကို သန့်ရှင်းရေးလုပ်နေသည်။ မသစ်လွန်း မဟောင်းလွန်းသည့် မှန်ပြတင်းပေါက်မှတစ်ဆင့် သူချက်ပြုတ်နေသည်ကို ရှင်းလင်းစွာမြင်နိုင်သည်။
" ကျွန်တော် စားသောက်ဆိုင်ဖွင့်တည်းက နေ့တိုင်းမှန်မှန်လာစားနေတဲ့ ဖောက်သည်တစ်ယောက်ရှိတယ်... သူ လွန်ခဲ့တဲ့နှစ်ရက်ကစပြီး ရုတ်တရက်ကြီး ရောက်မလာတော့ဘူး... အဲဒါကြောင့်မို့ သူ တစ်ခုခုများဖြစ်လားလို့ စိတ်ပူနေဝာာပါ..."
ဤနေရာတွင် နေ့တိုင်းပုံမှန်လာစားသူက ပုံမှန်ဖောက်သည်မဟုတ်နိုင်ပေ။ ဖူလီက ကျွမ်းချင်ကို တစ်ချက်ကြည့်ပြီးနောက် မီနူးကို သူ့လက်ထဲ ထိုးထည့်ပေးလိုက်သည်။
" ကျွန်တော့်ကို အဲ့ဖောက်သည်က ဘယ်သူလဲ ပြောပြလို့ရမလား ကျွန်တော့်သူငယ်ချင်းတစ်ယောက်က အဆက်အသွယ်တွေများတော့ ကူညီပေးလို့ရရင်ရမှာ..."
အဆက်အသွယ်များစွာရှိသော ကျွမ်းချင် : ...
ဆိုင်ရှင်က ဝမ်းမြောက်ဝမ်းသာဖြင့် ထိုဖောက်သည်၏ ပုံပန်းသွင်ပြင်နှင့် ထင်ရှားသောလက္ခဏာရပ်များသာမက ထိုလူ၏ မွေးရာပါအမှတ်အသားပါသည့်နေရာများကိုပါ အတိအကျပြောပြလိုက်သည်။
" သူ ပြောနေတာ အဲဒီဇီးကွက်များလား..."
ဖူလီက ကျွမ်းချင်ကို အသံပို့လွှတ်လိုက်သည်။
ကျွမ်းချင်က ခေါင်းညိတ်ပြသည်။
ဖူလီ မျက်ခုံးပင့်လိုက်မိသည်။ ဇီးကွက်များမှာ နိုင်ငံတော်က ထိန်းသိမ်းထားသည့် သတ္တဝါများဖြစ်သည့်အပြင် ဤဇီးကွက်မှာ လူအသွင်ပြောင်းနိုင်ပေသည်။ သို့ဖြစ်၍ အန္တရာယ်ကြီးကြီးမားမားတွေ့နေခြင်းလည်း မဟုတ်နိုင်ပေ။
ဒါပေမဲ့ ဒီဇီးကွက်က ဘာလို့ရုတ်တရက်ကြီး ပျောက်သွားရတာလဲ... သူ့အကျင့်တိုင်းဆို ဒီစားသောက်ဆိုင်ကို မလာဖို့ဆုံးဖြတ်လိုက်တာတော့ မဖြစ်နိုင်ဘူး...
" သူ့ကိုရှာမတွေ့ရင်လည်း ရပါတယ်..."
ဆိုင်ရှင်က ရေပုတ်သင်ဝါငါးကြော်ပန်းကန်ကို စားပွဲပေါ်တင်လိုက်သည်။
" သူ အကြိုက်ပြောင်းသွားလို့ တခြားစားသောက်ဆိုင်ကို ရောက်သွားတာလည်း ဖြစ်ရင်ဖြစ်မှာ..."
သူက တစ်ဖက်လူ အန္တရာယ်တွေ့မည့်အစား အကြိုက်ပြောင်းသွားခြင်းသာ ဖြစ်စေလိုသည်။
ဆိုင်ရှင်က ယနေ့တွင် ဟင်းခတ်မှုန့်တစ်မျိုးသာထည့်ထားသောကြောင့် စားသောက်ဆိုင်မှ မာလာစွပ်ပြုတ်က အလွန်မကောင်းလှပေ။ သို့သော် ဖူလီဘာမှမပြောပေ။ ကျွမ်းချင်သည်လည်း ဘာမှမပြောပဲ တိတ်ဆိတ်စွာဖြင့်သာ ကုန်အောင်စားလိုက်သည်။
သူတို့စားပြီးသွား၍ တံခါးပေါက်နားလျှောက်သွားချိန်၌ ခြေထောက်တစ်ဖက်မသန်သော သက်လတ်ပိုင်းအရွယ်လူကြီးက တဖြည်းဖြည်းလျှောက်လာသည်ကို မြင်လိုက်ရသည်။ အပြင်ဘက်တွင် မှောင်မည်းနေပြီဖြစ်ကာ နောက်မှ လမ်းမီးရောင်များကြောင့် ထိုလူ၏မျက်နှာကို ရှင်းလင်းစွာ မမြင်ရပေ။ သူတို့အနားကို ကပ်လာမှသာ ထိုလူက ဤရက်အနည်းငယ်အတွင်း ပျောက်ဆုံးသွားခဲ့သည့်ဇီးကွက်ဖြစ်နေကြောင်း သိလိုက်သည်။
" ရောက်လာပြီလား ဒီနေ့ ဘာများသုံးဆောင်မလဲ..."
ထိုဇီးကွက်ရောက်လာသည်ကို မြင်သောအခါ ဆိုင်ရှင်၏အပြုံးက တောက်ပသွားသည်။ လွန်ခဲ့သောရက်များအတွင်း ဇီးကွက်က မည်သည့်နေရာကို ရောက်နေခဲ့ကြောင်း မမေးသကဲ့သို့ သက်လတ်ပိုင်းအရွယ်လူကြီးကလည်း မရှင်းပြပေ။
သူတို့နှစ်ယောက်လုံးက အရင်းနှီးဆုံးသူစိမ်းများ ဖြစ်ကြသည်။ တစ်ယောက်က နေ့စဉ်နေ့တိုင်းချက်ပြုတ်ပေးပြီး အခြားတစ်ယောက်က သူချက်ပေးသည်ကို နေ့တိုင်းစားသော်လည်း တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်မှု မရှိကြပေ။
ညစာစားပြီးသည့်အခါ သက်လတ်ပိုင်းအရွယ်လူကြီးက ငွေရှင်းနေလျက် ပြောလိုက်သည်။
" ငါ အခုနောက်ပိုင်း ခြေထောက်မှာ ဒဏ်ရာအသေးလေးတစ်ခု ရထားလို့ အပြင်ထွက်လာဖို့ခက်တယ်..."
" သေချာလေးအနားယူပါ... ခြေထောက်ကို သုံးမရတဲ့အထိဖြစ်သွားရင် မကောင်းဘူး..."
ဆိုင်ရှင်က သက်လတ်ပိုင်းအရွယ်လူကြီးကို နေ့လယ်စာထမင်းဘူးတစ်ဘူး ကမ်းပေးလိုက်သည်။
" ဒါကိုသောက်လေ... ထမင်းဘူးကို နောက်ကျမှ ပြန်ယူလာခဲ့ရင်ရတယ်..."
" ကျေးဇူးတင်ပါတယ်..."
သက်လတ်ပိုင်းအရွယ်လူကြီးက ထမင်းဘူးကို လက်ခံလိုက်ပြီးနောက် သူ့အိတ်ကပ်ကို စမ်းကြည့်လိုက်သည်။
" ဘယ်လောက်ကျလဲ..."
" မင်းက ဖောက်သည်ဟောင်း ဖြစ်နေပြီပဲ ဒါကို လက်ဆောင်လို့ သဘောထားလိုက်ပါ..."
ဆိုင်ရှင်က ပြုံးလိုက်သည်။
သက်လတ်ပိုင်းအရွယ်လူကြီးက သူ့အိတ်ကပ်ကို အချိန်အတန်ကြာသည်အထိ စမ်းနေသည်။ အဆုံးတွင်မူ သူက ဆိုင်ရှင်၏ ကြင်နာမှုကိုသာ လက်ခံလိုက်တော့သည်။ သူ ထမင်းဘူးကိုင်လျက် စားသောက်ဆိုင်ထဲမှ ထွက်လာသည်။ မီးရောင်များကြောင့် သူ့မျက်တောင်မွေးက ပိုရှည်လာသည်ဟု ထင်ရသည်။
သူ လမ်းထောင့်ကိုရောက်သည့်အခါ ရုတ်ချည်းရပ်တန့်လိုက်ပြီး လမ်းကြားထဲကို လှည့်ကြည့်လိုက်သည်။
" မင်းတို့နှစ်ယောက် ငါ့ကို အကြာကြီးစောင့်လိုက်ရပြီ ထွက်လာခဲ့ကြ..."
ကျွမ်းချင်နှင့်ဖူလီက လမ်းကြားထဲမှ ထွက်လာသည်။
" နှစ်ယောက်သား ဘာကိစ္စများရှိလို့လဲ..."
သက်လတ်ပိုင်းအရွယ်လူကြီးက သူ့လက်ထဲမှ ထမင်းဘူးကို တင်းကြပ်စွာဆုပ်ကိုင်ထားပြီး အလွန်အမင်း သတိထားနေသည့် အမူအရာမျိုး မျက်နှာထက်တွင် ပေါ်လာသည်။ သူက ကျွမ်းချင်ကို မသိသောကြောင့် ကျင့်ကြံဆင့်နိမ့်သော လူမသိ သူမသိမိစ္ဆာတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။
" သတင်းထဲကလူက ခင်ဗျားလား..."
ဖူလီက လွန်ခဲ့သည့်နှစ်ရက်က နေ့စဉ်သတင်းစာကိုကိုင်ထားပြီး သူ့အမူအရာက အမည်ဖော်မရနိုင်အောင် ဖြစ်နေသည်။
ထိုသတင်းစာထဲတွင် ပါသည်မှာ လယ်သမားတစ်ယောက်က ညသန်းခေါင်တွင် သူ့အိမ်ထဲမှ ခွေးဟောင်သံကြားလိုက်ရသည်။ အိမ်ထဲသို့ သူခိုးဝင်လာသည်ဟုထင်၍ လယ်သမားက အိပ်ရာမှထလာသည့်အခါ သူ့ခွေးက ငါးခြောက်ကိုဆွဲထားသည့် ဇီးကွက်ကို ကိုက်ထားကြောင်း သိလိုက်ရသည်။ ဇီးကွက်က အစာခိုးနေစဉ်တွင် ခွေးက ရှာတွေ့သွားပုံပေါ်သည်။
ကံကောင်းသည်မှာ လယ်သမားဦးလေးကြီးက ဗဟုသုတရှိသူဖြစ်၍ ထိုဇီးကွက်ကို မျိုးသုဉ်းလုဆဲဆဲတိရစ္ဆာန်ဖြစ်ကြောင်း သိလိုက်သည်။ သူက ဇီးကွက်အစာခိုးစားသောကြောင့် အပြစ်မတင်ရုံသာမက ဇီးကွက်၏ဒဏ်ရာကို ဆေးထည့်ပေးပြီး ငါးခြောက်နှစ်မြောင်း ကျွေးလိုက်သည်။
" ငါ ငါ အစကတော့ ခိုးဖို့ရည်ရွယ်ချက် မရှိပါဘူး..."
သက်လတ်ပိုင်းအရွယ်လူကြီးက လိပ်ပြာမလုံဖြစ်သွားသည်။
" ငါ့ရဲ့ အလုပ်သမားခေါင်းဆောင်က ငွေတွေယူပြီး ထွက်ပြေးသွားလို့ ငါ့မှာ တကယ်ကို ပိုက်ဆံမရှိတော့လို့ပါ..."
" ဇီးကွက်တွေက ကြွက်တို့ ဖားတို့ မြွေတို့ပဲ ဖမ်းတာ မဟုတ်ဘူးလား... ဘာလို့ သူများဆီက ငါးခြောက်ကို သွားခိုးတာလဲ..."
" ကြွက်တွေက ကျန်းမာရေးနဲ့ မညီညွတ်ဘူး ပိုးမွှားတွေရော ကပ်ပါးကောင်တွေရော အများကြီးပါတယ်... ဖားတွေက ပတ်ဝန်းကျင်ကို အကျိုးပြုတယ်လေ... ငါတို့ ပတ်ဝန်းကျင်ကိုရော သတ္တဝါတွေကိုပါ ကာကွယ်ရမယ် သူတို့ကိုစားတာ မကောင်းဘူး..."
အိုး... သူက တော်တော်လေး ဉာဏ်ကောင်းတဲ့ဇီးကွက်ပဲ...
ဇီးကွက်က ဖူလီနှင့်ကျွမ်းချင်ကို သင်္ကာမကင်းစွာဖြင့် ကြည့်လိုက်သည်။
" ငါ့ဆီက ဘာလိုချင်လို့လဲ... အဲဒီလူသားက သူ့ဆိုင်မှာလာစားတဲ့ ငါတို့ကို ဘာမှန်းမသိဘူး... သူ တစ်ခုခုထူးဆန်းတာ မသိသွားပါစေနဲ့လို့ ငါ မင်းတို့ကို တောင်းဆိုပါတယ်..."
" စိတ်မပူပါနဲ့ ကျွန်တော်တို့က လူသားနဲ့ မိစ္ဆာကြားကို စည်းခြားထားပါတယ်..."
ဖူလီ ခဏတာငြိမ်သက်သွားသည်။
" ဒါပေမဲ့ ကျွန်တော် သိပ်နားမလည်တာတစ်ခု ရှိသေးတယ်... အလုပ်သမားခေါင်းဆောင်က ငွေတွေယူပြီး ထွက်ပြေးသွားတယ်ဆိုရင် ရဲတိုင်တာဖြစ်ဖြစ် စီမံခန့်ခွဲရေးဗျူရိုကိုတိုင်တာဖြစ်ဖြစ် လုပ်လို့ရတာပဲ..."
" ငါနဲ့ အလုပ်တူတူလုပ်တဲ့သူ ပြောတာတော့ အဲ့လိုထွက်ပြေးသွားတဲ့ အလုပ်သမားခေါင်းဆောင်တွေက တော်တော်များတဲ့အပြင် ငွေတွေပြန်ရဖို့ကလည်း တော်တော်ခက်ခဲတယ်တဲ့... လူသားတွေက စိတ်ကောင်းမရှိကြတာပဲ... သူတို့ အကြွေးရှင်ကို ရှောင်ချင်ရင် အရိပ်တောင် ရှာမတွေ့ကြတော့ဘူး... စီမံခန့်ခွဲရေးဗျူရိုကတော့..."
ဇီးကွက်က ထိပ်ထိပ်ပျာပျာဖြင့် ခေါင်းခါလိုက်သည်။
" ငါ သူတို့ဆီ မသွားရဲပါဘူး..."
" ဘာလို့လဲ..."
ဖူလီ နားမလည်ပေ။
" ငါကြားထားတာတော့ အဲ့မှာ ကျင့်ကြံဆင့်နက်နဲတဲ့ မဟာမိစ္ဆာတွေ ရှိတယ်တဲ့ အရမ်းကြောက်စရာကောင်းတယ်..."
ဇီးကွက်က တံတွေးမျိုချလိုက်သည်။
" ဘာကြောက်စရာလိုလို့လဲ သူတို့က ဇီးကွက်သားစားတာမှ မဟုတ်တာ..."
ထိုဇီးကွက်က သတ္တိနည်းသည်ဟု ဖူလီထင်နေမိသည်။
" စားရင် ဘယ်လိုလုပ်မလဲ..."
ဇီးကွက်က ဘေးပတ်ပတ်လည်ကိုကြည့်ပြီး သူ့လက်ထဲမှ ထမင်းဘူးကို တင်းကြပ်စွာကိုင်ထားသည်။
" ငါနဲ့ အလုပ်တူတူလုပ်တဲ့ လယ်ခွေးက တိုင်စရာရှိလို့ လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်က စီမံခန့်ခွဲရေးဗျူရိုကိုသွားတာ ခုထိ ပြန်မလာသေးဘူး... ဗျူရိုက တစ်ယောက်ယောက်ကိုများ သူ စော်ကားမိလား မသိဘူး..."
" ခဏလေး အဲ့လယ်ခွေးက ခုထိ ပြန်မလာသေးဘူးလား..."
ဖူလီက ဖြတ်ပြောလိုက်သည်။
" အဲ့လယ်ခွေးက ရိုးသားတယ် လျှပ်စစ်ဓာတ်အား ခြွေတာဖို့ဆိုပြီး သူ့မူရင်းပုံစံနဲ့ပဲ ပြေးသွားတယ်တဲ့..."
ဇီးကွက်၏မျက်နှာတွင် စိုးရိမ်ပူပန်မှုဖြင့် ပြည့်လာသည်။
" ငါ လွန်ခဲ့တဲ့နှစ်ရက်တည်းက ငါ သူ့ကိုဆက်တိုက်ရှာနေတာ... သူ့ကို ဗျူရိုက ဖမ်းခေါ်ထားမှာ ငါစိတ်ပူတယ်... ဒါပေမဲ့ ငါတကယ်လို့ ဗျူရိုကိုသွားရင်လည်း ကိုယ့်သေတွင်းကိုယ်တူးနေသလို ဖြစ်နေမှာ..."
" ခဏနေပါဦး ခင်ဗျားရဲ့ မိတ်တွေကို ဖမ်းထားတာက စီမံခန့်ခွဲရေးဗျူရိုလို့ ဘာလို့ထင်နေရတာလဲ..."
ဤကိစ္စကို ပစ်ထား၍မရဟု ဖူလီခံစားလိုက်ရသည်။
" သူတို့မဟုတ်ရင် ဘယ်သူရှိလို့လဲ..."
" သူတို့မဟုတ်ပဲ တခြားသူ ဖြစ်နိုင်တာပဲ..."
" မင်းက ဘာလို့ သေချာနေရတာလဲ..."
" ဘာလို့လဲဆိုတော့ ကျွန်တော်တို့က စီမံခန့်ခွဲရေးဗျူရိုကလေ..."
ဇီးကွက်က သူ့ကိုကြောင်အစွာဖြင့် စိုက်ကြည့်နေသည်။ သူ့မျက်လုံးများက ပြူးကျယ်လွန်းလှ၍ မျက်လုံးအိမ်ထဲမှ ပေါက်ထွက်လာတော့မည်ဟု ထင်ရသည်။ ခဏအကြာတွင် သူ တစ်ဖက်သို့လှည့်ပြီး ထွက်ပြေးတော့မည့်အချိန်၌ ဖူလီက သူ့ကိုလှမ်းဆွဲထားသည်။
" ကျုပ်ကိုမစားပါနဲ့ ဇီးကွက်တွေမှာ ကပ်ပါးကောင်တွေ အများကြီးပဲ..."
ဇီးကွက်က အလွန်ကြောက်လန့်လွန်း၍ မူရင်းပုံစံသို့ပင် ပြန်ပြောင်းသွားသည်။ ထိုသို့ဖြစ်သော်လည်း သူ့လက်သည်းများက ထမင်းဘူးကို တင်းကြပ်စွာဆုပ်ကိုင်ထားဆဲဖြစ်သည်။
" ခင်ဗျားက ငှက်မွေးတွေနဲ့ ပြည့်နေတာလေ ဘယ်နားကို စားရမှာလဲ..."
သူတို့နှစ်ယောက်က မျိုးသုဉ်းလုဆဲဆဲတိရစ္ဆာန်ကို နှိပ်စက်နေသည်ဟု သူတို့ဘေးနားမှ ဖြတ်သွားသူများ မထင်ရအောင် အရံအတားချထားလိုက်သည်။
" သူ့ကို ခေါ်လာခဲ့လိုက်..."
ဇီးကွက်က သူ့မိတ်ဆွေဟောင်း၏ မျိုးဆက်ကို တွေ့ရသည်မှာ နောက်ဆုံးအကြိမ်ဖြစ်ပြီး သူ့ဆိုင်တွင်လည်း နောက်တစ်ကြိမ် လာမစားနိုင်တော့ဟု ထင်လိုက်မိသည်။
သူ သေသွားပြီးရင် အဲ့ကောင်လေးကို တခြားလူသားဖြစ်ဖြစ် မိစ္ဆာဖြစ်ဖြစ် လာအနိုင်ကျင့်ရင် ဘယ်လိုလုပ်မလဲ...
ဇီးကွက်ကို စီမံခန့်ခွဲရေးဗျူရိုသို့ ခေါ်လာပြီးသည့်နောက်တွင် ဖူလီက လက်ဖက်ရည်တစ်ခွက်ငှဲ့ပြီး ချပေးလိုက်သည်။ ဇီးကွက်က တိတ်ဆိတ်စွာဖြင့် ခေါင်းငိုက်စိုက်ကျနေသည်။
" ခင်ဗျားရဲ့မိတ်ဆွေကို မကယ်ချင်တော့ဘူးလား..."
ကျွမ်းချင်က မှတ်တမ်းစာအုပ်ကိုလှန်နေသည်။
" ဒါမှမဟုတ် လယ်ခွေးပျောက်သွားတာက ခင်ဗျားနဲ့ တစ်ခုခုဆိုင်နေလို့ စီမံခန့်ခွဲရေးဗျူရိုကို မလာရဲတော့တာလား..."
" ငါတို့ မိတ်ဆွေကောင်းဖြစ်ခဲ့တာ နှစ်တစ်ရာကျော်ပြီ... ဘာလို့ သူ့ကို ဒုက္ခပေးရမှာလဲ... သူ့ကို မင်းတို့ဖမ်းထားတာ တကယ် မဟုတ်ဘူးလား..."
ဇီးကွက်က စိတ်လှုပ်ရှားနေသည်။
" သူက ခင်ဗျားရဲ့မိတ်ဆွေဖြစ်တဲ့အပြင် စီမံခန့်ခွဲရေးဗျူရိုက ဖမ်းထားတယ်လို့ ထင်မှတော့ သူ့ကိုဘာလို့ ဒီနေရာကပဲ ကယ်ဖို့ မကြိုးစားတာလဲ... ညီအစ်ကိုသံယောဇဉ်က ပလတ်စတစ်နဲ့ လုပ်ထားလို့များလား..."
ကျွမ်းချင်က လှောင်ပြောင်ရယ်မောလိုက်သည်။ ဖုန်းကိုယူ၍ ဇီးကွက်၏ပုံကို ဓာတ်ပုံအနည်းငယ်ရိုက်ယူထားပြီးနောက် ယောင်လောက၏ လူဦးရေ ဒေတာဘေ့စ်ထဲ ထည့်လိုက်သည်။ ဇီးကွက်ပေါင်းများကို သန်းခေါင်စာရင်းကောက်ယူထားသော အချက်အလက်များစွာ ပေါ်လာပေသည်။
" ခင်ဗျား စာရင်းသွင်းထားတဲ့ မွေးရပ်မြေက ဘယ်နေရာလဲ..."
" ဝူယွဲ့စီရင်စုပါ..."
" ဝူယွဲ့စီရင်စုလား..."
ကျွမ်းချင် ခေါင်းမော့ပြီး ဇီးကွက်ကို လှမ်းကြည့်လိုက်သည်။
" ခင်ဗျားက လင်းယုန်နက်ဇီးကွက်မျိုးပဲ..."
" မင်း ဘယ်လိုလုပ် သိတာလဲ..."
ဖူလီ သိချင်သွားသည်။
" ငါတို့နိုင်ငံရဲ့ လင်းယုန်နက်ဇီးကွက်အများစုက ဝူယွဲ့စီရင်စုကလေ... ပထမဆုံးတစ်ကြိမ်ကြိုးစားရုံနဲ့ တက္ကသိုလ်တက်ချင််တယ်ဆို အိမ်ပြန်ရောက်တာနဲ့ စာပြန်ဖတ်ဦး..."
ဖူလီ : ...
" ဆက်ပြောပါဦး..."
ကျွမ်းချင်က ဖူလီ့ကို သူ့ဘေးဆွဲခေါ်ထားလိုက်ပြီး ထိုင်ခိုင်းထားသည်။ သူ ဖူလီ့ဘက်ကိုလှည့်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" သေချာထိုင် ဟိုဟိုဒီဒီ လျှောက်မသွားနေနဲ့..."
ဇီးကွက်က တစ်ဖက်လူ၏လက်ထဲ ကျရောက်သွားပြီဖြစ်ရာ တစ်လုံးမကျန်ရှင်းပြရုံသာ တတ်နိုင်တော့သည်။
" လယ်ခွေးနဲ့ငါက မိတ်ဆွေကောင်းတွေ မဟုတ်ပါဘူး... ဒါပေမဲ့ ငါတို့ကြားမှာ ရန်ငြှိုးလည်းမရှိဘူး... သူက စီမံခန့်ခွဲရေးဗျူရိုမှာ တိုင်စရာရှိလို့ သွားဦးမယ်ဆိုပြီး မူရင်းပုံစံပြောင်းပြီးတော့ ပြေးထွက်သွားတာပဲ အဲ့နောက်ပိုင်း ဘာဖြစ်လဲတော့ မသိတော့ဘူး... မင်းတို့ တကယ် သူ့ကို မဖမ်းထားဘူးလား..."
" ကျွန်တော်တို့က သူ့ကို ဘာကိစ္စဖမ်းထားရမှာလဲ..."
ကျွမ်းချက်က မှတ်စုစာရွက်တွင် ချရေးလိုက်ပြီးနောက် သူတို့၏ work chatထဲတွင် လယ်ခွေးကို တိုက်ရိုက်ရှာဖွေလိုက်သည်။ ထို့နောက် ဇီးကွက်ကို ပြောလိုက်သည်။
" ကျွန်တော်တို့တွေ ငွေယူပြီး ထွက်ပြေးသွားတဲ့ အလုပ်သမားခေါင်းဆောင်ကိစ္စကို တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းပေးပါ့မယ် စိတ်အေးလက်အေးနဲ့ ပြန်လို့ရပါပြီ..."
" မင်းတို့ ငါ့ကို တကယ်ပဲ ဒီတိုင်းပြန်လွှတ်ပေးတာလား..."
" ညလယ်စာပါ ကျွေးစေချင်တာလား..."
" မ မလိုတော့ပါဘူး..."
ဇီးကွက်က ခြေသည်းနှစ်ချောင်းကို နေ့လယ်စာဘူးပေါ် ကုတ်တွယ်ထားလိုက်ပြီးနောက် တစ်ချက်မှ ပြန်မလှည့်ကြည့်ပဲ ပျံသန်းထွက်ပြေးသွားသည်။
" ကြည့်ရတာတော့ ငါတို့ရဲ့ စီမံခန့်ခွဲရေးဗျူရိုက အလုပ်လုပ်တဲ့ရှု့ထောင့်ကို ပြောင်းဖို့လိုနေတဲ့ပုံပဲ..."
ကျွမ်းချင်က မှတ်တမ်းစာအုပ်ကိုပိတ်ပြီး ဖူလီ့ကိုပြောလိုက်သည်။
" အောက်ခြေလူတန်းစားတွေရဲ့ ငါတို့အပေါ်အမြင်ကိုလည်း တိုးတက်အောင်လုပ်ဖို့လိုသေးတယ် မနက်ဖြန်မနက် အစည်းအဝေးကျမှ အဲ့လို အလုပ်လုပ်မယ့်ရှု့ထောင့်ကို ဆွေးနွေးကြတာပေါ့..."
ဖူလီ ခေါင်းညိတ်ပြလိုက်သည်။ သူ့ဖုန်းထုတ်ကာ လုပ်ဖော်ကိုင်ဖက်အားလုံးကို ထိုကိစ္စအကြောင်းကြားလိုက်ပေသည်။
ကျွမ်းချင်က စိတ်ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
တော်ပါသေးတယ် အလုပ်နဲ့ ပတ်သက်လာရင်တော့ မတုံးလို့...
" ဒါဆိုရင် အခုပဲ အလုပ်သမားခေါင်းဆောင်ကိုဖမ်းတာနဲ့ စလိုက်မယ်လေ..."
ဖူလီက မတ်တပ်ရပ်ပြီး အပြင်ထွက်ရန် အသင့်ပြင်လိုက်သည်။
" မင်းကိုယ်တိုင်သွားစရာ မလိုပါဘူး..."
ကျွမ်းချင်က ရေတစ်ခွက်ခပ်ပြီး ထိုရေမျက်နှာပြင်ကို စူးစိုက်ကြည့်နေသည်။ သူက ရေနေသတ္တဝါမျိုးနွယ်များ၏ ခေါင်းဆောင်ဖြစ်သောကြောင့် ရေရှိနေသရွေ့ သူ၏ အမြင်အာရုံကို နေရာအနှံ့ ဖြန့်ကျက်နိုင်ပေသည်။
အလုပ်သမားခေါင်းဆောင်က ဤရက်ပိုင်းအတွင်း ငွေရေးကြေးရေး အဆင်ပြေနေခဲ့သည်။ သူ့အင်္ကျီအိတ်ကပ်ဖောင်းလျက် အိမ်ပြန်လာပြီး သူ့သူငယ်ချင်းများ၏ မနာလိုဖြစ်နေသည့် အကြည့်များအောက်တွင် ရွှေရောင်ချိန်းကြိုးတစ်ကြိုး ဝယ်ခဲ့သည်။ သူ၏ပုံစံက သိုသိုသိပ်သိပ်နေထိုင်မည့်ပုံ မဟုတ်ပေ။ သူ့ဘေးနားမှ ဖြတ်သွားသမျှလူတိုင်းက လည်ပင်းမှ ရွှေရောင်ချိန်းကြိုးကို ဆွဲဖြုတ်ပစ်ချင်နေသည်။
" ဝမ့်ကော ကံကောင်းလာတာလား..."
" မဟုတ်ပါဘူး သိန်းဂဏန်းလောက်ပါပဲ သိပ်မများဘူး..."
ကန်ထရိုက်တာဝမ့်က ခေါင်းမော့လိုက်သည်။
" သိန်းဂဏန်းလောာက်ကို သိပ်မများဘူးဆိုတော့ ကြည့်ရတာ ဝမ့်ကောက တော်တော်လေး ကံကောင်းလာတဲ့ပုံပဲ..."
ကြည့်ရှု့နေသူများ၏ အထိတ်လန့်အကြည့်ကို မြင်ရသည့်အခါ အလုပ်သမားခေါင်းဆောင်ဝမ့်၏ရင်ထဲတွင် စိတ်ကျေနပ်မှုများဖြင့် ပြည့်လာသည်။ သူ ဘီယာနှင့် အသားအနည်းငယ်ခန့် ဝယ်ယူပြီးမှ သီချင်းတညည်းညည်းဖြင့် အိမ်သို့ ဒယိမ်းဒယိုင် ပြန်လာသည်။ သူ ခြေလှမ်း အနည်းငယ်သာ လှမ်းပြီးချိန်တွင် မတော်တဆ ခြေကျင်းဝတ်လည်သွားသည်။ သူ မော့ကြည့်လိုက်သည့်အခါ မြို့တော်၏ ရဲစခန်းအပြင်ဘက်တွင် ရပ်နေကြောင်း မြင်လိုက်ရသည်။
ထိတ်လန့်ကြောက်ရွံ့မှုကြောင့် ဇောချွေးများ စိမ့်ထွက်လာသည်။
ဘီယာတောင် မသောက်ရသေးတာကို ဘာလို့ အရက်မူးပြီး ထင်ယောင်ထင်မှားတွေ မြင်နေရတာလဲ...