အပိုင်း ၉၆
Viewers 16k

Chapter 96
ပခုံး


" ခေါင်းဆောင်ဖမ် လွန်ခဲ့တဲ့ရက်ပိုင်းက ကျွန်တော်တို့ကိုင်ရတဲ့အမှုက အလုပ်သမားခေါင်းဆောင် သူ့ဘာသာစခန်းကို ရောက်လာတယ်..."

" ဘာ..."

ဖမ်ဟန့်က သူ၏ ခေ‌တ်နောက်ကျနေသော လက်ဖက်ရည်ခွက်ကို ပြန်ချထားလိုက်ကာ နားကြားမှားသည်ဟု ‌ထင်သွားသည်။

" မနက်ပိုင်းကပဲ မျိုးရိုးနာမည်ဝမ့်ဆိုတဲ့ အလုပ်သမားခေါင်းဆောင်က သူ့မွေးရပ်မြေမှာ ပြန်နေနေတယ်လို့ ငါတို့ကို သတင်းပို့ထားတာ မဟုတ်ဘူးလား..."

သူက မနက်ပိုင်းတုန်းကတော့ မွေးရပ်မြေမှာ ရှိနေပြီး အခုတော့ ရဲစခန်းရှေ့တည့်တည့်မှာ ပေါ်လာတယ်ပေါ့လေ... သူကိုယ်တိုင်အဖမ်းခံဖို့ လေယာဉ်ပါစီးလာတာလား...

ချီးကျူးထိုက်ပါပေတယ်...

အလုပ်သမားခေါင်းဆောင်ကို မြင်သည့်အခါ သူ ဝါးလုံးကွဲထရယ်လုမတတ်ဖြစ်သွားသည်။ သူ့ခြေထောက်မှ ခြေညှပ်ဖိနပ်နှင့် ဘီယာများ ဝက်သားများကို ယူလာသည့်ပုံက ရဲစခန်းတွင် ဘီယာလာသောက်ပြီး သူတို့နှင့် စကားစမြည်ပြောမည့်ပုံဖြစ်နေသည်။ သူ ခေါင်းမော့ပြီး အလုပ်သမားခေါင်းဆောင်ဝမ့်ကို ပြောလိုက်သည်။

" အထဲဝင်လာပြီး မင်းလုပ်ခဲ့တဲ့ပြစ်မှုတွေကို လာဝန်ခံ..."

အလုပ်သမားခေါင်းဆောင်ဝမ့်က ဖမ်ဟန့်နှင့် ထွက်လာသည့်အခြားလူများကိုကြည့်ပြီး နောက်ကိုဆုတ်သွားမိသည်။

" အိုင်း ဘာလို့ထွက်ပြေးနေတာလဲ... မင်း ဒီကိုတောင် ရောက်နေပြီ ခဏတော့ ဝင်ထိုင်သွားဦးမှပေါ့..."

ဖမ်ဟန့်က အလုပ်သမားခေါင်းဆောင်ဝမ့်ကို လက်ထိပ်ခတ်လိုက်သည်။
" သွားကြမယ်... မင်း အထဲမှာ သေချာထိုင်လို့ရတယ်..."

အလုပ်သမားခေါင်းဆောင်ဝမ့်က ရေရွတ်လိုက်သည်။

" မဖြစ်နိုင်ဘူး ငါ အိမ်မက်ဆိုးမက်နေတာပဲဖြစ်ရမယ်..."

သူက အိမ်ပြန်ပြီး အရက်သောက်မလို့ဆိုတာ သေချာပါတယ် ဘာလို့ မြို့တော်ရဲစခန်းရဲ့ ဝင်ပေါက်ကို ရောက်လာရတာလဲ... ဒါလုံးဝကို တရားနည်းလမ်းမကျဘူးလေ...ဒါမှမဟြတ် သူ ဂြိုလ်သားတွေနဲ့ တွေ့နေတာများလား...

ဖမ်ဟန့်က အလုပ်သမားခေါင်းဆောင်ကို အထဲခေါ်လာပြီး မှတ်တမ်းစာအုပ်ကို ထုတ်လိုက်သည်။
" မင်းရဲ့နာမည်၊ မွေးရပ်မြေ၊ အသက်နဲ့ မင်းလုပ်ခဲ့တဲ့ပြစ်မှုတွေကို ဝန်ခံလိုက်ပါ..."

မမျှော်လင့်ထားသည်မှာ အလုပ်သမားခေါင်းဆောင်ဝမ့်က ရုတ်တရက် ထအော်တော့သည်။

" ငါ ဂြိုလ်သားတွေနဲ့ တွေ့ခဲ့တာပဲ..."

" သေချာထိုင်စမ်း..."

ဖမ်ဟန့်က စားပွဲကို ဘောပင်ဖြင့် အကြိမ်ပေါင်းများစွာ ခေါက်လိုက်သည်။

" ကျေး‌ဇူးပြုပြီး အရမ်းစိတ်မလှုပ်ရှားပါနဲ့ တရားခံ... မင်းလုပ်ခဲ့တဲ့ ဥပဒေချိုးဖောက်တဲ့ ပြစ်မှုတွေကိုလည်း  လျစ်လျူရှု့ဖို့ မကြိုးစားပါနဲ့..."

" ရဲအရာရှိကြီး ကျွန်တော် မလိမ်ပါဘူး..."

အလုပ်သမားခေါင်းဆောင်က အလွန်အမင်းရူးနှမ်းနေသည့် အနေအထားတွင် ရောက်နေသည်။

" ကျွန်တော် ဘီယာနဲ့ အသားနှပ်တွေဝယ်လာပြီး ရွာဝင်ပေါက်ကို ရောက်ရုံ ရှိသေးတယ် အဲအချိန်‌ထိ အားလုံးအဆင်ပြေနေတုန်းပဲ ပြီးတော့ မြို့တော်အထိ ဘယ်လိုလုပ်ရောက်လာတာလဲ မသိဘူး... ဒါကို ဂြိုလ်သားတွေလုပ်လိုက်တယ်လို့ထင်လား..."

" မင်းက ဂြိုလ်သားတွေနဲ့ တွေ့ခဲ့တယ်လို့ ပြောချင်တာလား..."

ဖမ်ဟန့်က သဘောတကျဖြင့် မေးလိုက်သည်။  ကံကောင်းသည်မှာ သူက ဤအလုပ်၌ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး တရားခံ၏ရှေ့တွင် စိတ်ခံစားချက်များကို ထိန်းချုပ်တတ်သူဖြစ်သည်။

" အဲဒါ တကယ်ပါ... ကျွန်တော် ဒီမနက်ကထိ ရွာမှာပဲ ရှိသေးတယ်... တကယ်လို့ မယုံဘူးဆိုရင် စစ်ဆေးကြည့်လို့ ရပါတယ်..."

အလုပ်သမားခေါင်းဆောင်ဝမ့်က ရဲဖမ်းခံရသည့်ကိစ္စကိုပင် အရေးမစိုက်နိုင်တော့ပေ။ သူက နားလည်ရခက်သည့်ကိစ္စကြီးတစ်ခုကို တွေ့ကြုံလိုက်ရသည်ဟု ခံစားရပေသည်။ သတင်းထောက်များ၊ သိပ္ပံပညာရှင်များနှင့် ရုပ်သံလွှင့်ဌာနများက သူ့ကိုအင်တာဗျူးပြီး တီဗီတွင် ပါကောင်းပါလာနိုင်ရသည်ဟု တွေးနေလိုက်မိသည်။

ဖမ်ဟန့်က ဘေးနားမှ လုပ်ဖော်ကိုင်ဖက်ကို လက်ဝှေ့ယမ်းပြလိုက်သည်။

" ညီလေး ဒေသခံရဲစခန်းကို ဖုန်းခေါ်ပြီး တရားခံက ဒီနေ့မနက် သူ့မွေးရပ်မြေမှာ ရှိနေခဲ့လားဆိုတာ စုံစမ်းလိုက်..."

တစ်ဖက်လူ၏စကားများက ယုံကြည်နိုင်ဖွယ်ရာ မဟုတ်သော်လည်း ဖမ်ဟန့်မှာ စုံစမ်းကြည့်သင့်သည်ဟု တွေးလိုက်မိသည်။ သူ၏ အလုပ်အပေါ်ကျွမ်းကျင်မှုနှင့် တာဝန်ယူမှုများကို အတိအကျလိုက်နာရပေမည်။

ယခုမျက်မှောက်ခေတ်တွင် နည်းပညာများ အလွန်တိုးတက်လာပြီဖြစ်၍ တစ်ယောက်ယောက်က တစ်နေရာတွင် ပေါ်လာသည်ဟု ပြောလိုက်ရုံဖြင့် သူတို့က ဒေသခံ လုံခြုံရေးကင်မရာကို ကြည့်လိုက်ရုံသာ လိုအပ်သောကြောင့် သဲလွန်စရှာဖွေရန် မခက်ခဲလှပေ။

အကြမ်းဖျင်းအားဖြင့် အချိန်တစ်နာရီခန့် ကြာသောအခါ အလုပ်သမားခေါင်းဆောင်ဝမ့်၏ မွေးရပ်မြေမှ အကြောင်းပြန်လာခဲ့သည်။ လုံခြုံရေးကင်မရာက တိုတောင်းသည့် အချိန်ကာလလေးတစ်ခုကို မှတ်တမ်းမတင်ထားနိုင်ခဲ့ပေ။ ထိုမျှသာမက သူ၏အိမ်နီးနားချင်းများကလည်း သူ့ကို လုံးဝမမြင်ခဲ့ကြဟု ပြောလာသည်။

" မဖြစ်နိုင်ဘူး ငါဒီနေ့မနက် အိမ်နီးချင်းတွေ အများကြီးကို နှုတ်ဆက်ခဲ့တာပဲ..."

အလုပ်သမားခေါင်းဆောင်ဝမ့်က သွေးရူးသွေးတန်းဖြင့် ပြောလိုက်သည်။
" သူတို့က ငါဝယ်လာတဲ့ ရွှေချိန်းကြိုးကြီးကိုတောင် အားကျတယ်လို့ ပြောနေသေးတယ်..."

" ငါတို့ဘက်က ဒီကိစ္စကို ဆက်ပြီးစစ်ဆေးမှာပါ... အရင်ဆုံး မင်းရဲ့ပြစ်မှုတွေကိုတော့ ဝန်ခံဖို့လိုသေးတယ်..."

ဖမ်ဟန့်က ဘောပင်အဖုံးကိုဖြုတ်လိုက်ပြီး နာရီကြည့်လိုက်သည်။
" မင်း အချိန်ဆွဲထားတာ နှစ်နာရီနီးပါးလောက် ရှိနေပြီ မင်း မပင်ပန်းရင်တောင် ငါအိပ်ချင်နေပြီ..."

" ဂြိုလ်သားတွေက ဒီကိစ္စကို စစ်ဆေးတာထက် ပိုအရေးကြီးတယ်လေ..."

အလုပ်သမားခေါင်းဆောင်ဝမ့်က အလွန်အမင်းစိတ်လှုပ်ရှားနေသည်။

" မင်းတို့ သေချာစစ်ဆေးမယ်ဆို အသက်ရှင်နေတဲ့ ဂြိုလ်သားတွေအားလုံးကို ငါတို့နိုင်ငံက ပထမဆုံးတွေ့လာမှာ... ငါတို့ဘယ်လောက်တောင် နာမည်ကြီးသွားမယ်ဆိုတာ တွေးကြည့်ပါဦး..."

" မင်းက မျိုးချစ်ကြီးမှန်း ငါမသိခဲ့ဘူး... မင်း နိုင်ငံကို အရမ်းချစ်တယ်ဆိုရင် ဘာလို့ အလုပ်သမားတွေရဲ့ပိုက်ဆံကို လိမ်ပြေးတာလဲ... မင်း အဲ့လိုလုပ်လိုက်တော့ တခြားလူတွေ ဘယ်လို ရှင်သန်ရမလဲ... ဂြိုလ်သားတွေ ကမ္ဘာမြေပေါ် ကျူးကျော်လာတဲ့ကိစ္စကို နက္ခတ္တဗေဒပညာရှင်တွေ စိတ်ပူလိမ့်မယ်... မင်း ပြစ်မှုကျူးလွန်ထားတာတော့ ငါတို့ရဲတွေရဲ့ကိစ္စဖြစ်သွားပြီ... ငါတို့အားလုံးက ကိုယ့်အလုပ်တာဝန်ကိုယ်စီရှိပါတယ် မင်း စိတ်ပူစရာ မလိုဘူး..."

အလုပ်သမားခေါင်းဆောင်ဝမ့်က ဖမ်ဟန့်ကို စိတ်ပျက်လက်ပျက်ကြည့်လိုက်ပြီး ဦးနှောက်မရှိသော ရဲသားက အလွန်ကြီးမားသော အခွင့်အရေးကြီးတစ်ခုကို လွတ်သွားပြီဟု တွေးနေမိသည်။
သူက တိုင်းပြည်နာမည်ကြီးမှာကို ဟန့်တားနေတဲ့ အပြစ်ရှိတဲ့သူပဲ...

ဖမ်ဟန့်က ထိုလူ၏ရင်ထဲမှ ခါးသီးမှုများကို ဂရုမစိုက်တော့ပဲ အမှု၏အသေးစိတ်အကြောင်းအရာများကို စတင်စုံစမ်းစစ်ဆေးတော့သည်။

.....

စီမံခန့်ခွဲရေးဗျူရိုမှ ကျွမ်းချင်က သူ့စွမ်းအားကို ပြန်သိမ်းထားလိုက်ပြီး ဖူလီ့ကိုပြောလိုက်သည်။
" မင်းကတော့ တော်တော်လေးကို စွမ်းအားကြီးတဲ့ ယုန်တစ်ကောင်ပဲ..."

သူက တစ်စုံတစ်ယောက်ကို မူလရှိနေရာမှ ဆွဲခေါ်လာရုံသာမက အနီးနားမှလူများ၏ မှတ်ဉာဏ်ကိုပါ ဖျောက်ပစ်လိုက်သည်။ ဝိညာဉ်စွမ်းအင် ပြုန်းတီးမှုက သူ့အတွက် လုံးဝ စိုးရိမ်စရာမဟုတ်ပေ။

" ငါက ရဲဝန်ထမ်းတွေရဲ့ ရင်းမြစ်တွေကို ထိန်းသိမ်းပေးတာပါ.. တကယ်လို့ နိုင်ငံရဲ့ငွေတွေ နည်းနည်းလောက်ပဲ စုနိုင်ဖို့ ကူညီနိုင်မယ်ဆိုရင်လည်း ငါ ဘာမဆိုလုပ်မှာပါ... လူတွေကို အလုပ်အကျွေးပြုဖို့ပဲလေ..."

ကျွမ်းချင် : ...

" ရေနေသတ္တဝါမျိုးနွယ်တွေရဲ့ စွမ်းအားကလည်း တော်တော်လေး စိတ်ဝင်စားစရာကောင်းပါတယ်... ငါ ဇီဝဗေဒစာအုပ်ထဲမှာ ဖတ်ဖူးတာတော့ လူသားတွေရဲ့ဆဲလ်အများစုကို ရေတွေနဲ့ ဖွဲ့စည်းထားတာတဲ့... ရေနဲ့ ပတ်သတ်တဲ့စွမ်းရည်တွေရှိတဲ့ ရေနေသတ္တဝါတွေအတွက်ဆိုရင်တော့ တိုက်ခိုက်ရတာ အရမ်းအဆင်ပြေနေမှာပဲ..."

ကျွမ်းချင်က ဖူလီ့စကားများ၏နောက်ကွယ်မှ အဓိပ္ပါယ်ကို ချက်ချင်း သဘောပေါက်သွားသည်။ သူ ဖူလီ့ခေါင်းကို လက်ဖြင့် အသာပုတ်လိုက်သည်။

" လူသားတွေက ပန်းချီဆွဲတဲ့နေရာမှာ အတော်ဆုံးပဲလေ ဒါပေမဲ့ လူသားတိုင်းက ပန်းချီဆွဲတတ်လို့လား..."

" ရိုင်းလိုက်တာ..."

ဖူလီက ကျွမ်းချင်၏လက်ကို ဖယ်လိုက်သည်။
" ရေနေသတ္တဝါမျိုးနွယ်တွေက အင်အားလည်းများတာကို... မင်း အဲ့လိုအထူးတလည်ကြီး ကရုဏာသက်ပြနေစရာ မလိုပါဘူး..."

ကျွမ်းချင်က ခပ်တိုးတိုးရယ်လိုက်ပြီး ခုံပေါ်တင်ထားသည့် ကုတ်အင်္ကျီကို ယူလိုက်သည်။
" သွားကြမယ်လေ..."

" ဘယ်သွားမလို့လဲ..."

" ငါ့အိမ်မှာနားဖို့လေ... ငါတို့ မနက်ကျရင် ပထမဆုံး လယ်ခွေးရဲ့ကိစ္စကို စုံစမ်းရမယ်..."

ကျွမ်းချင်က သူ့ဘောင်းဘီပေါ်မှ ချုပ်ရိုးတွန့်ရာများကို အကြိမ်အနည်းငယ်ခန့် ပြန့်အောင်လုပ်လိုက်ပြီးမှ ခပ်တောင့်တောင့်ကြီးဖြင့် ဖူလီ့ပခုံးပေါ် လက်တင်လိုက်သည်။
" ငါ ညလယ်စာကို ဂဏန်းစားမလို့လေ ဒါပေမဲ့ တစ်ယောက်တည်းစားရင်လည်း မကောင်းဘူးလားလို့..."

" ဟုတ်ပြီ ဟုတ်ပြီ..."

ဖူလီက ပင်လယ်စာများစားရခြင်းကို နှစ်သက်သူဖြစ်သည်။ ယခုနောက်ပိုင်းတွင် သူက အစားကြီးသော မဟာမိစ္ဆာနှစ်ကောင်ဖြစ်သည့် ခွန်းဖမ်နှင့် ကုန်းဖုကို ထောက်ပံ့ပေးနေရခြင်းဖြစ်သည်။ သူ့လက်ထဲတွင်ရှိသော ငွေသန်းအနည်းငယ်က မလောက်မငဖြစ်သွားမည်စိုး၍ ဈေးကြီးသော စားစရာများကို မစားနိုင်တော့ပေ။ ယခုအခါ ကျွမ်းချင်ကိုယ်တိုင်က သူ့ကိုညလယ်စာကျွေးမည်ဟု ကမ်းလှမ်းလာသောကြောင့် သူက ကျွမ်းချင်နှင့်အတူ မည်သည့်စားသောက်ဆိုင်က စားကောင်းကြောင်းဆွေးနွေးနေလျက် ပျော်ရွှင်နေမိသည်။

ထိုအကြောင်းများကို စီမံခန့်ခွဲရေးဗျူရိုမှ သူ၏လုပ်ဖော်ကိုင်ဖက်များထံမှ သိရှိလာခဲ့ခြင်းဖြစ်သည်။

" မင်း အရမ်းသဘောကျနေတာကို ဘာလို့ အရင်ရက်တွေက သွားမစားတာလဲ..."

ကျွမ်းချင်က ဖူလီ၏ဘေးတိုက်မျက်နှာလေးကို ကြည့်လိုက်သည်။ ယုန်တစ်ကောင်၏အမြီးတိုတိုလေးဖြင့် အထိခံရသကဲ့သို့ သူ့နှလုံးသားထဲ ယားကျိကျိဖြစ်လာသည်။

ယောက်ျားအချင်းချင်း ဒီလိုပဲ ပြောဆိုဆက်ဆံကြတာ ဟုတ်တယ်မလား... ပခုံးပေါ်လက်တင်တာ ဘာများဖြစ်လို့လဲ...

" ငွေကို စုဆောင်းထားမှ သုံးနိုင်မှာပေါ့..."
သို့ရာတွင် ဖူလီက အခြားကိစ္စများကို တွေးနေခြင်းမဟုတ်ဘဲ ဆက်ပြောလိုက်သည်။

" နောက်ထပ် စီနီယာတွေထပ်ရောက်လာရင် ငါ့ပိုက်ဆံတွေ ကုန်သွားမှာစိုးလို့လေ..."

" မင်းက ငတုံးလေးဆိုတာ ဝန်မခံသေးဘူးလား... သူတို့သုံးတဲ့ပိုက်ဆံတွေကို ငါတို့ရဲ့ အများသုံးစရိတ်ထဲ ရောက်သွားမှာလေ... မင်းက သူတို့ကို ငြိမ်းငြိမ်းချမ်းချမ်းနေအောင် ထောက်ပံ့ပြီးတော့ အားလုံးကို ကူညီပေးထားတာလေ မင်းကိုအိတ်စိုက်ပြီးတော့ပါ ထောက်ပံ့ခိုင်းထားပါ့မလား... ဘယ်အလုပ်က မင်းကို ပိုက်ဆံမပေးပဲ မင်းပိုက်ဆံတွေ ယူသွားလို့လဲ..."

" ဒါပေမဲ့ ရှုယွမ်ပြောတာတော့ ကုန်ကျစရိတ်အားလုံးကို ပြန်မပေးဘူးတဲ့..."

" သူ အာဏာရှိတာလား ငါကပိုအာဏာရှိတာလား..."
ကျွမ်းချင်၏မျက်ခုံးများ အနည်းငယ်တွန့်ချိုးသွားသည်။

" မင်းပေါ့..."
ဖူလီက စဉ်းစားတွေးတောမနေပဲ ဆုံးဖြတ်ချက်ချလိုက်သည်။

" အထက်လူကြီးတွေကလည်း အထူးရန်ပုံငွေပေးဖို့ သဘောတူထားပြီးပြီ... အချိန်တန်ရင် ငါမင်းကို လစာထုတ်ပေးဖို့ ဘဏ္ဍာရေးဌာနကို ပြောလိုက်မယ်... မင်း စားချင်တာစားပါ စိတ်ညစ်မခံနဲ့တော့..."

" သွားကြမယ်လေ..."

ကျွမ်းချင်က ရုံးခန်းထဲမှ ထွက်လာစဉ်တွင် သူ့လက်တစ်ဖက်က ဖူလီ့ပခုံးပေါ် ခပ်တောင့်တောင့်ကြီး ရှိနေဆဲဖြစ်သည်။

" ဘော့စ် ကျွန်တော်..."

ချူးယွီက တံခါးနားလျှောက်လာပြီး ကျွမ်းချင်ရှိရာသို့ ပြေးလာသည်။ ဖူလီ့ပခုံးပေါ်မှလက်ကိုမြင်သည့်အခါ ချူးယွီ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူ နှစ်စက္ကန့် သုံးစက္ကန့်ခန့် ငြိမ်သက်နေပြီးမှ ပြောလိုက်သည်။

" ကျွန်တော် လမ်းမှားလာတာ..."

ဖိုင်များကို ဂျိုင်းကြားညှပ်လိုက်ပြီးနောက် ချူးယွီက အများသုံးအလုပ်ဧရိယာဘက်ကို ပြေးသွားလိုက်သည်။

" အသက်ကဖြင့် နှစ်တစ်ထောင်လောက်ရှိနေပြီ မရင့်ကျက်သေးဘူး... သူ့ကိုလွှတ်ထားလိုက်..."
ကျွမ်းချင်၏လေသံက တည်ငြိမ်နေသည်။

.....

ဆောင်းဦးရာသီတွင် ဂဏန်းများက အသားပေါပြီး နူးညံ့လှသည်။ ဖူလီက ဂဏန်းသားများကို ပျော်ရွှင်စွာစားနေပြီး သူ့ဘေးတွင်လည်း ဂဏန်းခွံအပုံလိုက်ကြီး ရှိနေသည်။ ကျွမ်းချင်က တောင်ပုံရာပုံဖြစ်နေသည့် ဂဏန်းခွံများကိုကြည့်ပြီးနောက် စားပွဲထိုးကို နောက်ထပ် ဆယ်ပွဲထပ်ယူလာခိုင်းလိုက်သည်။

သူ့စိတ်ထဲတွင် တစ်ခုခုမှားယွင်းနေသည်ဟု ခံစားမိနေသည်။ သူက ငွေသုံးစွဲရသည်ကို မနှစ်သက်လှသော်လည်း ဖူလီ ပျော်ရွှင်စွာ စားသောက်နေသည်ကို မြင်ရချိန်တွင်မူ ငွေသုံးစွဲရခြင်းက အဓိပ္ပါယ်အချို့ရှိသည်ဟု ခံစားလာမိသည်။

ဖူလီရဲ့ လွှမ်းမိုးခံရပြီးတော့ သူ့လိုငွေဖြုန်းတဲ့ အကျင့်ဆိုးတွေ ကူးလာတာများလား...

ဂဏန်းစားပြီးသောအခါ ဖူလီက သူ့ကိုမေးလာသည်။
" ငါတို့တွေ အမျိုးသားနေ့နဲ့ ဆောင်းဦးလယ်ပွဲတော်ရက်တွေမှာ ပိတ်ရက်ရမှာလား..."

" ဒါတွေက တရားဝင်ရုံးပိတ်ရက်တွေပဲလေ ငါတို့ သေချာပေါက်ကို နားရက်ရမှာပေါ့ ဘာလို့လဲ..."

" ငါ ငွေရဖို့ နည်းလမ်းကောင်းတစ်ခု ရှာတွေ့ထားလို့... ငါတို့ဖမ်းလာတဲ့ငါးတွေကိုရောငါးပြီး ငွေရှာလို့ရတယ်လေ..."

ကျွမ်းချင် တစ်ခုခု ပြောလိုသော်လည်း သူ့မိစ္ဆာလေးကို မရှက်သွားစေလိုပေ။

" ငါ နှစ်ပေါင်းများစွာ နေထိုင်လာတာ တစ်ခါမှ ဈေးဆိုင်ဖွင့်ပြီး တစ်ခုခုရောင်းဖို့ မတွေးဖူးဘူး... တော်တော်တော့ စိတ်ဝင်စားစရာကောင်းမှာပဲ..."

" ကောင်းပြီလေ..."
ကျွမ်းချင်က သူ့စိတ်ထဲတွေးနေသည်နှင့် ဆန့်ကျင်နေသော စကားလုံးများသာ ထွက်လာသည်။ သူ့ပါးစပ်က သူ့ကိုသစ္စာဖောက်သွားသည်ဟုသာ ခံစားနေရသည်။

" အခု ပင်လယ်ရဲ့ ဘယ်နေရာမှာ ငါးအပေါဆုံးလဲ..."
ဖူလီက သူတို့ မည်သို့ငါးဖမ်းမည်၊ ပင်လယ်နှင့် မြစ်များတွင် ငါးဖမ်းမည့်အကြောင်းနှင့် ငါးတစ်ကောင်ကို ဈေးမည်မျှဖြင့် ရောင်းမည့်အကြောင်း လန်းဆန်းတက်ကြွစွာဖြင့် ပြောနေသည်။

တစ်လမ်းလုံး စကားပြောလာပြီးနောက် ကျွမ်းချင်၏ ဗီလာသို့ ရောက်ရှိချိန်တွင်မူ ဖူလီက သူတို့ ရရှိလာမည့် ငွေများကိုပါ မည်သို့သုံးစွဲရန် အစီအစဉ်ဆွဲနေပြီဖြစ်သည်။ ဆောင်းဦးလယ်ပွဲတော် ရောက်ရှိရန် ရက်အနည်းငယ်သာ ကျန်တော့သော်လည်း သူ့စိတ်ထဲမှ ငါးများကို မဖမ်းမိသေးပေ။

ကျွမ်းချင်က သူ့အတွေးကို ထုတ်ဖော်မပြောလိုက်ပေ။ ရေခဲသေတ္တာထဲမှ စပျစ်သီးများကို ထုတ်လိုက်ပြီးနောက် ရေစင်အောင်ဆေးကာ ဖူလီ စကားပြောနေစဥ် စားရန် သူ့ရှေ့တွင် ချပေးထားလိုက်သည်။

" မင်း အတိတ်တုန်းကရော ဈေးဆိုင်ဖွင့်ဖူးလား..."
ဖူလီက ကျွမ်းချင်ကို မေးလိုက်သည်။

ကျွမ်းချင်က ခဏတာကြောင်အစွာကြည့်နေပြီးမှ ခေါင်းကိုတဖြည်းဖြည်းခါလိုက်သည်။
" မဖွင့်ဖူးဘူး..."

" ပြဿနာမရှိပါဘူး ငါအဖော်လုပ်ပေးရင် မင်းအတွေ့အကြုံရသွားမှာပါ..."

ဖူလီက အလွန်အမင်း စိတ်လှုပ်ရှားနေပြီး ယခုချက်ချင်းပင် ငါးရောင်း၍ မရသည်ကို စိတ်မရှည်ဖြစ်လာသည်။

" ဟုတ်ပါပြီ..."

ဖူလီက သူ့စိတ်ထဲ လုပ်ချင်ရာလုပ်နိုင်သည်ကို ကြည့်ခြင်းအားဖြင့် အတိတ်တွင် မည်သည့်ခံပြင်းမှုကိုမှ မခံစားခဲ့ရကြောင်း ကျိန်းသေပေါက် သိနိုင်သည်။ သူက ငြင်းပယ်ခံရခြင်းကို မခံစားခဲ့ရဖူးသောကြောင့် သူစိတ်ထဲရှိသည့် ကိစ္စတိုင်းကို ပြုလုပ်ပြီး အရာအားလုံးကို လှပသည်ဟု တွေးတောနိုင်ခြင်းဖြစ်သည်။

ဤယုန်ပေါက်စလေးက သူအသက်ရှင်လာသည်မှာ နှစ်လေးထောင်ရှိပြီဟု ပြောသော်လည်း ကျွမ်းချင်အတွက်မူ ဖူလီက အခြားသောမိစ္ဆာများ၏ အလွန်အကျူး အလိုလိုက်ခံရသော စိတ်ထားဖြူစင်သန့်ရှင်းသည့် မိစ္ဆာငယ်လေးတစ်ကောင်နှင့် တူနေသည်။

နောက်နေ့မနက် ဖူလီ အိမ်ပျော်နေစဉ်တွင် ကျွမ်းချင်က မနက်စာပြုလုပ်ပြီးပြီဖြစ်သည်။ ဖူလီ နိုးလာပြီး စားပွဲ‌တွင် လာထိုင်ချိန်၌ ကျွမ်းချင်က သူ့ရှေ့တွင် မနက်စာကို ချပေးလိုက်သည်။

" မင်းက ရိုးရိုးယုန်တစ်ကောင် မဟုတ်ဘူးလို့ ငါထင်တယ်..."

" အမ်..."
ဖူလီက ကြက်ဥကြော်ကို ကိုက်ထားလျက် ကျွမ်းချင်ကို မော့ကြည့်လိုက်မိသည်။

" မင်းရဲ့သွေးထဲမှာ ‌ဆလော့တစ်ကောင်ရဲ့ သွေးတွေပါမယ်ထင်တယ်..."

( စလော့က Zootopiaကာတွန်းကြည့်ဖူးတဲ့သူဆို သိမှာပါ အဲ့ထဲက အရမ်းနှေးတဲ့အကောင်ကြီးပါ၊ သူတို့က ဘာလုပ်လုပ်နှေးကြတာ စကားပြောရင်လည်း တစ်လုံးချင်းပြောတာ 😂၊ မြန်မာလို တိုက်ရိုက်ပြန်ရင်ကျ တောင်အမေရိက နို့တိုက်သတ္တဝါတစ်မျိုးဖြစ်နေလို့ ရှုပ်မသွားအောင် ဆလော့လို့ပဲ တိုကရိုက်ရေးလိုက်တာပါ )

ကျွမ်းချင်က နွားနို့ကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
" စားပြီးရင် ပန်းကန်တွေဆေးဖို့ မမေ့နဲ့ဦး..."

ဖူလီ : ...

ဒီလူ သူ့ကို အရင်တုန်းကတော့ ယုန်လို့ခေါ်သင့်တယ်လို့ပြောပြီး အခုကျတော့ ယုန်မဟုတ်တော့ပြန်ဘူးတဲ့ အပြောင်းအလဲ မြန်လိုက်ပုံများ...

ဖူလီက သူ့ကိုယ်သူ အကြီးအကဲတစ်ယောက်၏ ဂုဏ်သိက္ခာများ တဖြည်းဖြည်း လျော့နည်းလာသည်ဟု ခံစားလိုက်ရသည်။

ပန်းကန်ဆေးပြီးသည့်အခါ ဖူလီနှင့်ကျွမ်းချင်က လယ်ခွေးနေသည့် အလုပ်နေရာကို သွားကြသည်။ ကံကောင်းသည်မှာ ဆောင်းတွင်းတွင် တိရစ္ဆာန်များက အလွယ်တကူ အမွေးကျွတ်ကြသောကြောင့် ‌လယ်ခွေး၏အမွေးကို မြေပြင်တွင် ရှာတွေ့ခဲ့ကြသည်။

ဇီးကွက်က ကျွမ်းချင်၏လက်ထဲမှ ခွေးမွေးကိုစိုက်ကြည့်နေသည်။
ဒီအမွေးကို ယူလာတော့ရော ဘာအသုံးဝင်လို့လဲ...

" ကောင်းကင်နဲ့ ကမ္ဘာမြေ၊ ယင်နဲ့ ယန် ငါ့ရဲ့အမိန့်ကို နာခံကြစမ်း..."
ကျွမ်းချင်က ခွေးအမွေးကို လေထဲမြှောက်တင်လိုက်သည်။ ခွေးမွေးက လေမတိုက်ပဲ အလိုလိုလွင့်သွားပြီး ရုတ်တရက် ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ ပျံသန်းသွားသည်။

ကျွမ်းချင်နှင့်ဖူလီက အကြည့်ချင်းဖလှယ်လိုက်ကြပြီး ထိုအလင်းတန်းနောက်ကို လိုက်သွားသည်။

ဇီးကွက်က လူမရှိတော့သည့် နေရာလွတ်ကြီးကိုကြည့်ကာ သူ့အတောင်ပံများက ဟန်ပြသက်သက်ဟုသာ ထင်လိုက်မိသည်။ သူ တစ်ယောက်ကိုမှ အမှီမလိုက်နိုင်ပေ။

သူက ငှက်လောကရဲ့ အရှိန်စံနှုန်းကို သိက္ခာချမိပြီထင်တယ်...