Chapter 97
ငါးရောင်းခြင်း
သူရဲကောင်းဆန်သော ခွေးတစ်ကောင်က မြို့တော်တက္ကသိုလ်၏ ကန်တင်းနံပါတ်နှစ်တွင် ပေါ်လာခဲ့သည်။ လွန်ခဲ့သောနှစ်ရက်ခန့်က ကျောင်းသူလေးနှစ်ယောက်ကို လူဆိုးတစ်ယောက်က နောက်ယောင်ခံလိုက်လာခဲ့သည်။ သူ ပြစ်မှုကျူးလွန်တော့မည့်အချိန်မှာပင် လယ်ခွေးတစ်ကောင်က ရုတ်ချည်းပေါ်လာပြီး ထိုလူဆိုးအပေါ် ခုန်တက်ကာ ကျောင်းသူလေးနှစ်ယောက်ကို အန္တရာယ်မပေးနိုင်အောင် တားမြစ်ခဲ့သည်။
ထိုဖြစ်ရပ် ပြီးဆုံးသွားပြီးနောက်တွင် လယ်ခွေးက တက္ကသိုလ်၏ အတွင်းပိုင်းဖိုရမ်တွင် အင်တာနက် နာမည်ကျော်တစ်ယောက် ဖြစ်လာခဲ့သည်။ ကျောင်းက သူ့ကို အိမ်ငယ်လေးတစ်ခုဖြင့် နေခွင့်ပြုခဲ့ရုံသာမက ကျောင်းသားများကလည်း အရသာရှိသည့် အစားအသောက်များဝယ်ပြီး သူရှိရာသို့ သွားကြသည်။
ကယ်တင်ခဲ့ရသော ကျောင်းသူနှစ်ယောက်အနက်မှ ဝမ်ရိဟူသော မိန်းကလေးမှာ ငယ်စဉ်က ခွေးကိုက်ခံခဲ့ရဖူးသောကြောင့် ခွေးများကို အလွန်ကြောက်သည်။ သို့ရာတွင် လယ်ခွေးက ထိုညတွင် လူဆိုးကို သတ္တိရှိရှိဖြင့် တိုက်ခိုက်ပြီး သူမကို ကယ်တင်ခဲ့ကြောင်း တွေးလိုက်မိသည့်အခါ ကြောက်နေဆဲဖြစ်သော်လည်း သူမ အလွန်ကျေးဇူးတင်ခဲ့သည်။ သို့ဖြစ်၍ အွန်လိုင်းမှ အဆင့်မြင့်ခွေးစာများကို သူမ အထူးမှာယူခဲ့သည်။ ထို့နောက် ခွေးအနားသို့ မကပ်ရဲသောကြောင့် အဝေးတွင်ချထားခဲ့သည်။
ထိုခွေးက သူမ ကြောက်လန့်နေသည်ကို အာရုံခံမိပုံပေါ်၍ ခွေးစာကို ပါးစပ်တွင်ကိုက်ပြီး အမြီးယမ်းလျက် ခွေးအိမ်ဘေးနားယူသွားကာ သူမနားကို လုံးဝမကပ်ပေ။ ဤသို့ဖြစ်နေခဲ့သည်မှာ နှစ်ရက်သုံးရက်ကြာပြီဖြစ်ကာ ဝမ်ရိက ကန်တင်းဘေးနားမှ ဖြတ်သွားတိုင်း ခွေးစာလာချထားရသည်ကို အကျင့်ဖြစ်လာသည်။ ထိုခွေးက သူမကို နူးညံ့ညင်သာသော မျက်ဝန်းတစ်စုံဖြင့် ကြည့်သည်မှလွဲ၍ ဘာမှမလုပ်ပေ။ ၎င်း၏ အမွေးထူထူများကလည်း အလွန်ချစ်စရာကောင်းလှပေသည်။
ဝမ်ရိက ညဘက်တွင် ခွေးစာယူလာပြီးနောက် အပြင်ဘက်တွင်ရပ်နေကာ ချက်ချင်းမထွက်သွားသေးပေ။ သူမ ဘေးနားတွင် ရပ်နေပြီး ခွေးက အစာစားပြီးမည့်အချိန်ကိုစောင့်ကာ မေးလိုက်သည်။
" နင့်မှာ နာမည်ရှိလား..."
လယ်ခွေး၏နားရွက်များ တုန်ယင်သွားသည်။ သူက ဝမ်ရိကို ခေါင်းစောင်းပြပြီး အမြီးယမ်းပြလိုက်သည်။ သူ့ပုံစံက ငတုံးလေးနှင့် တူနေသည်။
ချစ်စဖွယ်ပုံစံလေးကို သဘောကျသွားသည့် ဝမ်ရိက ရှေ့တစ်လှမ်းတိုးလာသည်။
" ငါ နင့်ရဲ့ခေါင်းကို ထိကြည့်လို့ရလား..."
သူမက ခွေးတစ်ကောင်ကို စကားပြောနေရသည်မှာ အနည်းငယ်ရယ်ရသည်ဟု တွေးမိသော်လည်း အမှန်တွင် သူမ ကြောက်လန့်နေခြင်းဖြစ်သည်။ အဓိပ္ပါယ်မရှိသည့် အကြောင်းအရာများကို ပြောနေမှသာ သူမရင်ထဲမှ အကြောက်တရားကို ဖြေဖျောက်နိုင်မည်ဖြစ်သည်။
သူမလက်က လယ်ခွေး၏ခေါင်းနားကို တဖြည်းဖြည်းတိုးသွားသည်။ သူတို့အကြားတွင် တစ်ဆယ်စင်တီမီတာအကွာအဝေးခန့်သာ ဝေးတော့သည့်အချိန်၌ သူမ လက်ချောင်းများ အနည်းငယ်တုန်ယင်သွားပြီး ရှေ့ဆက်မတိုးရဲတော့ပေ။
မူလက အိမ်ထဲတွင် လှဲလျောင်းနေသည့် လယ်ခွေးမှာ သူ့ခန္ဓာကိုယ်ကို မတ်လိုက်ပြီး သူ့ခေါင်းကို ဝမ်ရိ၏လက်နားကို ကပ်လိုက်သည်။ ဝမ်ရိက ကြောက်လန့်တကြားဖြင့် နောက်ကိုဆုတ်သွားသည်။
" ဝု..."
လယ်ခွေးက စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းစောင်းလိုက်သည်မှာ သူမ အဘယ့်ကြောင့် သူ့ကိုမထိတော့ကြောင်း မေးနေသကဲ့သို့ပင်။
ဝမ်ရိက ရယ်လိုက်ပြီး သူမလက်ကို လယ်ခွေး၏ခေါင်းပေါ် တင်လိုက်သည်။ အမွေးထူထူနှင့် နွေးထွေးသော ခံစားချက်ကြောင့် ပွတ်သပ်ရသည်မှာ အလွန်ကောင်းပေသည်။ ယခုအချိန်တွင် ဤခွေးအပေါ် သူမ၏ ကြောက်ရွံ့မှုက သိသိသာသာ လျော့ကျသွားသည်။
" ကျေးဇူးတင်ပါတယ်..."
ဝမ်ရိက ထိုင်ချလိုက်ပြီး လယ်ခွေးနှင့် အကြည့်ချင်းဆုံလိုက်သည်။
" နင်မရှိရင် ငါတကယ် ဒုက္ခရောက်သွားမှာ..."
လယ်ခွေးက သူမကိုကြည့်နေပြီးနောက် ခေါင်းအနည်းငယ်စောင်းငဲ့လိုက်သည်။ သူ၏ နက်စွေးပြီး သက်ဝင်နေသောအကြည့်ထဲတွင် နွေးထွေးမှုတို့ စီးဆင်းနေသည်။
" နောက်ရက်ပိုင်းလောက်ဆို ဆောင်းဦးလယ်ပွဲတော်ရောက်ပြီ ငါနဲ့တူတူ အိမ်ပြန်မလား..."
ဝမ်ရိ၏အိမ်ကလည်း ဤမြို့ထဲတွင်သာ တည်ရှိခြင်းဖြစ်၍ ခွေးတစ်ကောင်ကို အိမ်ပြန်ခေါ်သွားရန်ကိစ္စကို စိတ်ပူရန် မလိုပေ။
" ငါ့အဖေနဲ့ အမေကလည်း ခွေးအရမ်းချစ်ကြတာ... သူတို့အရင်နှစ်တွေက ခွေးမမွေးဖြစ်တာ ငါ့ရဲ့ စိတ်အခြေအနေကြောင့်လေ... နင် ငါတို့အိမ်ကိုသာရောက်လာရင် မိသားစုဝင်အသစ်အဖြစ် ကျိန်းသေပေါက် ကြိုဆိုကြမှာ..."
လယ်ခွေးက ခေါင်းကိုအသာလှုပ်လိုက်ပြီး ဝမ်ရိ၏လက်ဝါးကို သူ့လက်ဖဝါးများနှင့် အသာထိလိုက်သည်။
" မငြင်းဘူးဆိုတော့ လိုက်မယ်လို့ သဘောတူလိုက်တာမလား..."
ဝမ်ရိက တောက်ပစွာပြုံးပြလိုက်သည်။
" ဒါဆိုရင် အဲ့လိုပဲ ဆုံးဖြတ်လိုက်ပြီနော်..."
မကြာမီအချိန်တွင် အတန်းစတော့မည်ဖြစ်၍ ဝမ်ရိက လယ်ခွေးနှင့်ခွဲပြီး ကျောင်းအဆောက်အဦးဘက်ကို အမြန်ပြေးသွားတော့သည်။ လယ်ခွေးက ခွေးအိမ်၏ထောင့်တွင် မေးချကာ နားနေပြီး သနားစရာကောင်းသည့်ပုံစံလေးဖြင့် နေနေသည်။
" လယ်ခွေးလား..."
လူနှစ်ယောက်က လယ်ခွေး၏ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။ သူတို့နှစ်ယောက်တွင် တစ်ယောက်က ရေခဲတမျှအေးစက်လှပြီး အခြားတစ်ယောက်က ပြုံးနေသည်။ ထိုလူက ပြုံးရွှင်နေသော်လည်း အားနည်းပြီး အလွယ်တကူ အနိုင်ကျင့်၍ရနိုင်သည့်ပုံမျိုး မဟုတ်ပေ။
" လွန်ခဲ့တဲ့ရက်ပိုင်းက လယ်ခွေးတစ်ကောင်က အလုပ်သမားခေါင်းဆောင်ဆီက ငွေတွေအလိမ်ခံလိုက်ရလို့ တရားမျှတမှုရအောင် စီမံခန့်ခွဲရေးဗျူရိုကိုသွားမယ်လို့ ပြောပြီးထွက်သွားတယ် ဒါပေမဲ့ နောက်ဆုံးတော့ သူက လမ်းတစ်ဝက်မှာ ပျောက်သွားတယ်တဲ့ မင်းက အဲဒီလယ်ခွေးလား..."
ဖူလီက သတင်းအချက်အလက်များကိုထုတ်ပြီး အကြိမ်အနည်းငယ်ခန့် ကြည့်လိုက်သည်။ လူသားများက အနည်းနှင့်အများ တူညီသည့် ပုံပန်းသွင်ပြင်များ ရှိကြသော်လည်း သူတို့၏စကားပြောပုံ၊ အပြုအမူ၊ အကျင့်စရိုက်နှင့် ဝတ်စားဆင်ယင်ပုံကိုကြည့်ပြီး ခွဲခြားနိုင်ပေသည်။ သို့ရာတွင် ခွေးများကမူ အဝတ်အစား မဝတ်ကြသည့်အပြင် သူတို့၏အမွေးများက အရောင်အဆင်းတူညီနေကြပါက သူတို့ကို ခွဲခြားရန် မဖြစ်နိုင်တော့ပေ။
သူက လယ်ခွေးကို ဓာတ်ပုံနှင့် အချိန်အတန်ကြာသည်အထိ တိုက်ကြည့်နေပြီးမှ ဇီးကွက်ပြောပြသည့် ပျောက်ဆုံးသွားသည့် လယ်ခွေးဖြစ်နေကြောင်း အတည်ပြုလိုက်သည်။
" သူ့မိတ်ဆွေ ပျောက်နေတယ်ဆိုပြီး မိစ္ဆာတစ်ကောင်က ငါတို့ကို လာအကြောင်းကြားလို့ပါ... မင်း အဆင်ပြေနေတာကို သိပြီဆိုတော့ ငါတို့ စိတ်အေးသွားပါပြီ ငါတို့နဲ့အတူတူ ပြန်လိုက်ခဲ့ချင်သေးလား..."
လယ်ခွေးက မိန်းကလေးထွက်သွားသည့်နေရာဘက်ကို အချိန်အတန်ကြာသည်အထိ ကြည့်နေသည်။ သူ့ပါးစပ်မှ လူသားစကား ပြောထွက်လာပေသည်။
" မဖြစ်မနေ ပြန်ရမှာလား..."
" မဖြစ်မနေတော့ မဟုတ်ပါဘူး ဒါပေမဲ့ ငါတို့က ကျင့်ကြံရေးလောကမှာရှိတဲ့ ပြည်သူတိုင်းအတွက် တာဝန်ရှိတယ်လေ..."
ဖူလီက ဖုန်းထုတ်လိုက်ပြီးနောက် လယ်ခွေး၏ပုံအနည်းငယ်ကို ရိုက်ယူလိုက်ကာ စနစ်ထဲသို့ uploadလိုက်သည်။
" ဒီနေရာမှာ လူတွေ ဝင်ထွက်သွားလာနေတာ နေလို့ကောင်းတဲ့ ပတ်ဝန်းကျင်မျိုးလည်း မဟုတ်ဘူး... မင်း ဘာလို့ ဒီမှာနေချင်ရတာလဲ..."
" ကာယလုပ်သား လုပ်ရတာထက်တော့ ပိုကောင်းတယ်လေ..."
လယ်ခွေးက ညည်းတွားလိုက်သည်။
" ငါတို့လို ခွေးအမျိုးအစားကို ငယ်ငယ်ရွယ်ရွယ်အချိန်လေးမှာပဲ လူသားတွေက သဘောကျကြတာ... အသက်ကြီးလာရင် လယ်သမားတွေက နေပူပူ မိုးရွာရွာ အိမ်အပြင်ဘက်မှာပဲ ချည်ထားတော့တာ..."
" အတိတ်တုန်းကတော့ အဆင်ပြေပါတယ် အနည်းဆုံး အိမ်စောင့်ပေးလို့ ရတယ်လေ... အခုခေတ်လူသားတွေကျတော့ ဟက်စကီးတို့၊ golden retrieversတို့၊ teacupခွေးတို့ပဲ သဘောကျကြတာလေ... အဲ့ခွေးတွေက သူတို့အိမ်ကို ရှုပ်ပွနေအောင် လုပ်ထားရင်တောင် စိတ်မဆိုးကြဘူး... သူတို့က ဘယ်လောက်ပဲ ခွေးချစ်တယ်ပြောပြော ခွေးမျိုးကောင်းမျိုးသန့်တွေကိုပဲ သဘောကျကြတာလေ... ငါတို့လို လယ်ခွေးအများစုကတော့ ကောင်းကောင်းမဆက်ဆံခံရဘူး... ငါတို့ငယ်ငယ်တုန်းကတော့ လူသားတွေက ချစ်စရာကောင်းတယ်ထင်ပြီး ခေါ်မွေးကြတယ် အသက်ကြီးလာပြီး ချစ်စရာမကောင်းတော့တဲ့အချိန်ကျတော့ ငါတို့လိုခွေးမျိုးမွေးထားရတာကို ရှက်စရာကောင်းတယ်လို့ထင်ပြီး စွန့်ပစ်ချင်ကြတယ်..."
အတိတ်တွင် ခွေးပေါက်စလေးတစ်ကောင်က သူမကြာမီ ပိုင်ရှင်တစ်ယောက် ရတော့မည့်အကြောင်း ပျော်ရွှင်စွာ လာပြောပြသည်ကို လယ်ခွေးက ရှင်းလင်းစွာမှတ်မိနေသေးသည်။ သို့ရာတွင် သုံးလခန့်ကြာသောအခါ ထိုခွေးလေးက သူ့ပိုင်ရှင်အသစ်၏ အိမ်နောက်ဖေးခြံဝင်းထဲတွင် ကြိုးဖြင့် ချည်ထားခံရသည်ကို တွေ့လိုက်ရသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကလည်း ပိန်လှီနေပြီး အမွေးများက အလွန်ညစ်ပတ်နေပေသည်။ ဘေးနားတွင်ထားသော အစာခွက်ထဲတွင် မှိုများတက်ကာ အစာလက်ကျန်များကလည်း အခြေအနေဆိုးနေပြီဖြစ်သည်။
သူက လည်ပတ်ကြိုးကိုကိုက်ဖြတ်ပြီး ထိုခွေးလေးကို ကယ်တင်ခဲ့သော်လည်း မကြာမီအချိန်မှာပင် ထိုခွေးလေးက သေဆုံးသွားခဲ့သည်။ ခွေးလေးက မသေဆုံးမီတွင် သူ့သခင်အသစ်က သူအိမ်သို့ ပထမဆုံးရောက်လာချိန်တွင် မည်မျှ ချစ်ခင်ပေးခဲ့ကြောင်း၊ သူ့သခင်က သူ့ကို အိပ်ရာပေါ်ခေါ်ကာ ပွေ့ဖက်အိပ်ခဲ့ကြောင်းနှင့် ကြက်ဥပြုတ်တစ်လုံးကိုပါ သူနှင့်အတူ ဝေခြမ်းစားခဲ့ကြောင်း သူ့ကိုပြောပြသွားခဲ့သည်။
ခွေးတစ်ကောင်က ဘဝတစ်လျှောက်လုံးတွင် ပိုင်ရှင်တစ်ယောက်တည်းသာ ရှိနိုင်သော်လည်း သူတို့၏ပိုင်ရှင်ကမူ အိမ်မွေးတိရစ္ဆာန်များစွာကို ရှိနိုင်ပေသည်။
" မျိုးရိုးကောင်းတဲ့ ခွေးတွေနဲ့ ကြောင်တွေက မုန်းစရာအကောင်းဆုံးပဲ... သူတို့တွေက ဇီဇာကြောင်တယ် အကျင့်မကောင်းကြဘူး အဲ့ဒါအပြင် သခင်ကိုပါ သူတို့အမိန့်ပေးလို့ရတဲ့ ကျွန်လိုမျိုး ဆက်ဆံကြတာ..."
လယ်ခွေးက ထိုအကြောင်းပြောနေလျက်ဖြင့် လေလျော့သွားသည့် ဘောလုံးသဖွယ် မြေပြင်ပေါ် လှဲချလိုက်သည်။
" သူတို့အကျင့်က အဲ့လိုဆိုရင်တောင် လူသားတွေကတော့ သူတို့ကို သဘောကျနေတုန်းပဲ..."
လယ်ခွေးက ခွေးအိမ်ထဲတွင် ခေါင်းမှီ၍ အသာလှဲချလိုက်ပြီး အခြားသူများကို မုန်းတီးနေမိခြင်းကြောင့် သူ့ကိုယ်သူ အကျည်းတန်သည်ဟု ခံစားလိုက်ရသည်။
" ငါတို့လယ်ခွေးတွေက ငါတို့ကို တစ်သက်လုံးမစွန့်ပစ်ပဲ စောင့်ရှောက်ပေးမယ့် ပိုင်ရှင်ကိုပဲ လိုချင်မိရုံပါ အဲ့လိုကိစ္စလေးကတောင် ဒီလောက်ခက်ခဲနေတာ မျိုးရိုးကောင်းတဲ့ ခွေးတွေကြောင်တွေလိုမျိုး ဇီဇာကြောင်ရဲမယ်တဲ့လား..."
လယ်ခွေးက စိတ်လှုပ်ရှားစွာဖြင့် အမြီးကို အလွန်အမင်း ခါယမ်းနေသည်။
" သခင်တစ်ယောက်ရဲ့ ချစ်ခင်ခံရတယ်ဆိုတဲ့အရာကို ငါ တစ်ခါမှ မခံစားရဖူးဘူး...ခုနက မိန်းကလေးက ငါ့ကို သူ့အိမ်ခေါ်သွားမယ်လို့ပြောတယ်... အဲဒါက ဘယ်လိုမျိုးလဲဆိုတာ ငါစမ်းကြည့်ချင်တယ်... ဘယ်လိုပဲဖြစ်ဖြစ် ငါက မိစ္ဆာတစ်ကောင်ပဲလေ အနာဂတ်မှာ သူတို့ ငါ့ကို မမွေးချင်တော့ဘူးဆိုရင် အလုပ်တစ်ခုရှာပြီး ကိုယ့်ကိုကိုယ်ထောက်ပံ့မှာပေါ့..."
ဤလယ်ခွေးက အမှန်ပင် ချစ်စရာကောင်းသည်ဟု သတ်မှတ်၍ မရနိုင်ပေ။ သို့ရာတွင် သူ့အမွေးများက အလွန်သန့်ရှင်းပြီး မျက်လုံးများက ကြည်လင်လှပေသည်။
ဖူလီက သူ့ခေါင်းကိုနှစ်ကြိမ်ခန့် ပွတ်လိုက်သည်။
" ကောင်းပါပြီ မင်းနောက်ဆို တစ်ခုခုလိုအပ်ရင် စီမံခန့်ခွဲရေးဗျူရိုမှာ ငါတို့ကို လာရှာလေ... လူသားတွေကတော့ အိမ်မွေးတိရစ္ဆာန်တွေကို ခွဲခြားဆက်ဆံကြပေမယ့် ကျင့်ကြံရေးလောကမှာတော့ ငါတို့ဗျူရိုအတွက် မိစ္ဆာတိုင်းက အတူတူပါပဲ..."
" ကျေးဇူးတင်ပါတယ်..."
လယ်ခွေးက အမြီးယမ်းလိုက်သည်။ သူက ခွေးအိမ်အပြင်ဘက်ကို ခေါင်းဆန့်ထုတ်လိုက်ပြီး ဝမ်ရိထွက်သွားသည့်ဘက်ကို ဆက်ကြည့်နေသည်။
သူ့အပြုအမူကို ကြည့်နေပြီးနောက် ဖူလီနှင့်ကျွမ်းချင်က ကျောင်းမှ ထွက်လာကြသည်။
.....
ဆောင်းဦးလယ်ပွဲတော်နေ့တွင် ဖူလီက ကျောင်းကို တစ်ကြိမ်သွားကြည့်သည်။ မလှမ်းမကမ်းတွင် ပိုနီတေးဆံပင်ပုံနှင့် ကလေးမလေးတစ်ယောက်က လယ်ခွေးကို ကားထဲ ခေါ်သွားသည်ကို တွေ့လိုက်ရသည်။ လယ်ခွေးက သူ့ပါးစပ်တွင် အထုပ်တစ်ထုပ်ကိုကိုက်ထားပြီး အမြီးကို အဆက်မပြတ်လှုပ်ယမ်းနေသည်။
" တယွမ် ခဏနေလို့ ကားရွေ့သွားရင် မကြောက်နဲ့နော် ကားက အဲ့လိုပဲ မောင်းသွားရမှာပဲ..."
ဝမ်ရိက လယ်ခွေးကို သူမရင်ခွင်ထဲ ဖက်ထားလိုက်ပြီး နှစ်သိမ့်ပေးနေသည်။
" ဖေဖေ နောက်ကျမှ တယွမ်အတွက် လိုအပ်တာလေးတွေနဲ့ အရုပ်လေးတွေ သွားဝယ်ရအောင်..."
" ဟုတ်ပါပြီ..."
ယာဉ်မောင်းနေရာမှ သက်လတ်ပိုင်းအရွယ်လူကြီးက လယ်ခွေး၏ခေါင်းကို တစ်ချက်ပွတ်လိုက်ပြီးမှ ကားစက်နှိုးလိုက်သည်။
သူတို့အိမ်မှာ နောက်ဆုံးတော့ ခွေးတစ်ကောင် မွေးရပြီပေါ့...
" အာဝူး..."
လယ်ခွေးက ခပ်တိုးတိုး အသံပြုလိုက်ပြီး သခင်ဖြစ်သူ၏ ဂရုစိုက်မှုများကို ရယူချင်နေသည်။
" တယွမ် မကြောက်နဲ့ မကြောက်နဲ့ နောက်ကျရင် အရုပ်ဝယ်ပေးမယ်နော်..."
ဖူလီက လမ်းဘေးနားတွင်ရပ်နေပြီး မိသားစုသုံးယောက်ကို တင်ဆောင်ထားသောကားလေးက အဝေးသို့ တဖြည်းဖြည်းရွေ့သွားသည်ကို ကြည့်နေလိုက်သည်။ သူ လက်နောက်ပစ်ထားပြီး ပျော်ရွှင်စွာဖြင့် သီချင်းညည်းနေလိုက်သည်။ လက်မအနည်းငယ်ခန့် သွားလိုက်ပြီးသည့်နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ကျွမ်းချင်၏အိမ်သို့ ရောက်သွားသည်။
" နဂါးလေးကျွမ်း အိပ်ရာထတော့..."
ဖူလီက ကျွမ်းချင်၏ အခန်းအပြင်ဘက်ပြတင်းပေါက်တွင် မျက်နှာကပ်ထားလိုက်သည်။
" ငါတို့တွေ ငါးသွားဖမ်းကြမယ်လေ..."
" ဆယ်နာရီမှသွားမယ်လို့ ပြောထားတာမလား..."
ကျွမ်းလျင်က ပြတင်းပေါက်ကို ဖွင့်လိုက်ချိန်တွင် ဖူလီက ယုန်တစ်ကောင်အဖြစ်အသွင်ပြောင်းပြီး ခုန်ဝင်လာသည်။
" အခု ဆယ်နာရီထိုးခါနီးပြီမလား..."
ကျွမ်းချင် နာရီကို လှမ်းကြည့်လိုက်သည်။
ကိုးနာရီထိုးပြီး ငါးမိနစ်ပဲ ရှိသေးတာကို ဆယ်နာရီထိုးတော့မယ်လို့ သတ်မှတ်လိုက်တာပဲလား...
သူ ခေါင်းငုံ့လိုက်ပြီးနောက် စားပွဲပေါ်တွင် ဘေးဘယ်ညာခုန်ပေါက်နေသည့် ယုန်ပေါက်စလေးကို ကြည့်လိုက်သည်။ ထို့နောက် သူ့ဗီရိုထဲမှ အဝတ်အစားများ ဆွဲထုတ်လိုက်သည်။
" ငါ အဝတ်လဲပြီးရင် သွားကြမယ်လေ..."
" မြန်မြန်လုပ် မြန်မြန်လုပ်..."
ယုန်ဖြူလေးက ထိုနေရာတွင် အကြိမ်အနည်းငယ်ခန့် ခုန်လိုက်သည်။ သူ့ပုံစံက လေ့လာရေးခရီးသွားရမည့် ကျောင်းသားလေးက အလွန်စိတ်လှုပ်ရှားနေသောကြောင့် ငြိမ်ငြိမ်ထိုင်မနေနိုင်သည်နှင့် တူနေသည်။
ကျွမ်းချင်က ဖူလီ့တင်ပါးလုံးလုံးလေးကို လက်ဖြင့် တစ်ကြိမ်နှစ်ကြိမ်ခန့် မထိကြည့်ပဲ မနေနိုင်ပေ။ ထို့နောက် ဖူလီ့ကို ဂုတ်မှ ဆွဲမ'ပြီး အိပ်ရာပေါ် တင်ထားလိုက်သည်။
" မခုန်နဲ့တော့ မင်းက ငါ့ကို ခေါင်းမူးအောင် လုပ်နေတာပဲ..."
သူ့နှလုံးသားကပင် ဖူလီနှင့်အတူ ခုန်ပေါက်နေသည်ဟု ခံစားလိုက်ရသောကြောင့် သူ့စိတ်ထဲ ဂနာမငြိမ်ဖြစ်လာသည်။
ကျွမ်းချင် အဝတ်အစားလဲပြီး အပြင်ထွက်လာချိန်တွင် ဖူလီက သူ့ပခုံးပေါ် ခုန်တက်လိုက်ကာ နောက်ခြေထောက်နှစ်ချောင်းကိုဆန့်ထားပြီး ရှေ့လက်ချောင်းနှစ်ချောင်းကို ဝှေ့ယမ်းလိုက်သည်။
" သွားကြမယ် နဂါးစစ်သည်တော်ကြီး..."
" မင်း ဒီတစ်ခါ ကုန်းဖုနဲ့ ဘာရုပ်ရှင် သွားကြည့်ထားပြန်တာလဲ..."
ကျွမ်းချင်က သူ့မျက်ရိုးကို ဖိနေပြီး အနည်းငယ် ခေါင်းကိုက်လာသည်ဟုပင် ခံစားနေရသည်။ ကုန်းဖု ဗျူရိုသို့ရောက်သည်မှာ ရက်အနည်းငယ်ခန့်သာ ရှိသေးသော်လည်း သူက ဖူလီ့ကို အကျင့်ဆိုးများစွာ သင်ပေးထားလေသည်။
" တောင်းပန်ပါတယ် တောင်းပန်ပါတယ်..."
ဖူလီက ကျွမ်းချင်၏မျက်နှာကို သူ့လက်သည်းလေးများဖြင့် ထိလိုက်သည်။
" ငါက မင်းကို နောက်တာပါ..."
" မင်း ကုန်းဖုနဲ့ရော ဒီလိုပဲကစားနေတာလား..."
" ဘယ်လိုလုပ်ကစားမှာလဲ သူက အကြီးအကဲလေ..."
ဖူလီက သူ့အမြီးကိုခါလိုက်သည်။
" မင်းနဲ့ကစားရတာ ပိုပျော်စရာကောင်းတယ်..."
ကျွမ်းချင်က နှာမှုတ်လိုက်သည်။ သူ ဖူလီ့ကို ပခုံးပေါ်မှ ဆွဲခေါ်လိုက်ပြီး သူ့လက်ဖဝါးပေါ်တွင် တင်ထားကာ ပုခက်လွှဲသကဲ့သို့ လှုပ်ရမ်းနေလိုက်သည်။
" အသင့်ပြင်ထားတော့ ငါတို့သွားကြမယ်..."
နဂါးတွေ လှုပ်ရှားတာ အရမ်းမြန်တယ်... တော်တော်လေးကို မြန်တာပဲ..
ငါးဖမ်းသည့်နေရာတွင်မူ ဖူလီက ကျွမ်းချင်ကို လိုက်မမီနိုင်ပေ။ တစ်နာရီခန့်အကြာတွင် ဖူလီက အစားအသောက်များ ရောင်းချသည့် လမ်းကြားသို့ရောက်လာပြီး သူ့လက်ထဲတွင်လည်း မြစ်ငါးများထည့်ထားသည့် ခြင်းတောင်းကြီးကို ကိုင်ထားပေသည်။ သူက ငါးများကို ခင်းကျင်းပြသထားလိုက်သည်။
ရုပ်ရည်ချောမောပြေပြစ်သူများကို မည်သည့်နေရာတွင်မဆို မျက်နှာသာပေးကြသကဲ့သို့ အစားအစာများရောင်းချရာတွင်လည်း အတူတူသာဖြစ်သည်။
ဈေးရောင်းခြင်းတွင် အတွေ့အကြုံမရှိသော မိစ္ဆာကောင်လေးနှစ်ယောက်မှာ မကြာမီအချိန်တွင် သူတို့၏ ပထမဆုံးဖောက်သည်ကို လျင်မြန်စွာ ရရှိလာတော့သည်။
" လူငယ်လေး ငါ ဒီငါးနဲ့ အသီးအရွက်ချဉ်ငါး ချက်မလို့ အရိုးတွေ သေချာဖယ်ပေးနော်..."
ဖူလီ ကြောင်အသွားရသည်။
အဲ့တော့ ငါးရောင်းတယ်ဆိုတာက ငါးကိုသတ်ရမယ်ဆိုတဲ့ သဘောလား...
ငါးက လှုပ်ယမ်းနေသောကြောင့် မျက်နှာပေါ်စင်သွားသည့် ရေစက်များကိုသုတ်ကာ ဘေးနားတွင် တိတ်ဆိတ်ငြိမ်သက်နေသည့် ကျွမ်းချင်ဘက်ကို လှည့်လိုက်သည်။
ကျွမ်းချင်က ဖူလီ့လက်ထဲမှငါးကို လှမ်းယူလိုက်သည်။ ဓားကို အကြိမ်အနည်းငယ် ယမ်းလိုက်ရုံဖြင့် အကြေးခွံများကို ခွာပြီးသားဖြစ်သွားသည်။ ထို့နောက် ငါးခေါင်းကို ခုတ်ချလိုက်ကာ အတွင်းကလီစာနှင့် အရိုးများကို ဖယ်ထုတ်ပြီး ပလတ်စတစ်အိတ်ထဲ ထည့်ပေးကာ ဈေးဝယ်အန်တီ၏လက်ထဲ ထည့်ပေးလိုက်သည်။
" ဓားကိုင်ကျွမ်းလိုက်တာ... မင်းကိုကြည့်ရတာ စားဖိုမှူးကောင်းတစ်ယောက်လိုပဲ..."
စိတ်ကျေနပ်သွားသည့်ဈေးဝယ်က ပိုက်ဆံရှင်းပြီး ထွက်သွားသည်။
နဂါးမျိုးနွယ်တစ်ခုလုံးတွင် ဓားရေးအကျွမ်းကျင်ဆုံးဖြစ်သည့် နဂါးလေးကျွမ်းက ဓားပေါ်မှ သွေးနှင့် ကြေးခွံများကို စင်ကြယ်အောင်ဆေးလိုက်ပြီးနောက် တိတ်ဆိတ်စွာနေနေသည်။
" မြို့ထဲက စည်ပင်အရာရှိတွေ ရောက်လာကြပြီဟေ့..."
နဂါးမျိုးနွယ်၏ စွမ်းအားကြီး နဂါးလေး ခေါင်းမော့ကြည့်လိုက်ချိန်တွင် သူ့ဘေးနားမှာ အသီးအရွက်ရောင်းသည့် လယ်သမားများနှင့် ဈေးဆိုင်ကယ်များက ခြေရာလက်ရာပင် မတွေ့ရအောင် ပျောက်သွားပြီဖြစ်သည်။ သူနှင့် ဖူလီသာ ဤနေရာတွင် ကျန်ရစ်ခဲ့တော့သည်။