Chapter 98
အထင်လွဲမှု
" မင်းတို့နှစ်ယောက် မပြေးသေးဘူးလား..."
အသီးအရွက်လာဝယ်သောအန်တီက လမ်းကြားအဝကို လက်ညှိုးထိုးပြလိုက်သည်။
" မြို့တော်စည်ပင်အဖွဲ့တွေ မဖမ်းမိအောင် ဂရုစိုက်ဦး..."
ထိုအခါမှသာ ဤနေရာတွင် ဈေးဆိုင်ခန်းများဖွင့်ခွင့်မပြုကြောင်း ဖူလီသိလိုက်သည်။ လူများစွာရှိနေသောကြောင့် ဤနေရာတွင် လွတ်လပ်စွာရောင်းဝယ်ခွင့်ရှိသည်ဟု သူ ထင်လိုက်ခြင်းဖြစ်သည်။
ကြည့်ရတာ ဒါက အဓိက မဟုတ်ဘူးထင်တယ်...
သူက ရေနှစ်ပုံးကို လက်တစ်ဖက်တည်းတွင် ကိုင်လိုက်ပြီး အခြားလက်တစ်ဖက်က ကျွမ်းချင်ကိုဆွဲကာ တစ်ဟုန်ထိုးပြေးတော့သည်။ အားလုံး၏အကြည့်အောက်တွင် ရှိနေသောကြောင့် သူတို့က ပုံရိပ်ယောင်စွမ်းရည်ကို အသုံးမပြုနိုင်ပေ။ ထိုသို့မဟုတ်ပါက သူတို့လည်း လူလိမ်များနှင့် ကွဲပြားလိမ့်မည် မဟုတ်ပေ။
" အိုင်းရိုး ဒီခေတ်လူငယ်လေးတွေကတော့ ခန္ဓာကိုယ် တော်တော်လေး ကြံ့ခိုင်ကြတာပဲ..."
အန်တီကြီးက အလျင်အမြန်ပြေးသွားသည့် ပုံရိပ်နှစ်ခုကိုကြည့်ကာ သူမနှင့်အတူ အသီးအရွက်ကူဝယ်ပေးနေသည့် သမီးဖြစ်သူကို လှည့်ပြောလိုက်သည်။
" တွေ့လား စာကောင်းကောင်းမသင်ရင် ဒီနေရာမှာ ဈေးဆိုင်အသေးလေးဖွင့်ပြီး အသီးအရွက်ရောင်းစားနေရမယ်... ပိုက်ဆံနည်းနည်းလေးရဖို့ ဈေးရောင်းနေရင်း စည်ပင်ကလူတွေ အဲ့လိုလိုက်ဖမ်းရင် ထွက်ပြေးရမှာ..."
" ဒါပေမဲ့ သူတို့က ဈေးကြီးတဲ့ အင်္ကျီတွေ ဝတ်ထားကြတာ..."
မိန်းကလေးက အစ်ကိုချောချောလေးနှစ်ယောက်ဘက်မှ ကာပြောပေးသင့်သည်ဟု တွေးလိုက်မိသည်။
" သူတို့က ဘဝအတွေ့အကြုံရဖို့ ဈေးဆိုင်လေးဖွင့်ထားတာဖြစ်မယ်..."
" ကဲ လာ လာ သူတို့ဝတ်ထားတာ အတုလား အစစ်လား ဘယ်သူသိမှာလဲ..."
ကောင်ချောလေးနှစ်ယောက်နောက်ကို စည်ပင်အရာရှိများ ပြေးလိုက်သွားသည်ကို အန်တီက စောင့်ကြည့်နေသည်။
" ပျင်းစရာကောင်းတဲ့ တီဗီဇာတ်လမ်းတွဲတွေ လျှော့ကြည့်ဦး... လူချမ်းသာတွေက အရမ်းပျင်းနေတာနဲ့ပဲ ဒီလောက်ညစ်ပတ်တဲ့ ငါးတွေကို လာရောင်းမယ်တဲ့လား..."
" ဟိုနှစ်ယောက် ရပ်လိုက်စမ်း..."
စည်ပင်အရာရှိက အားကုန်ပြေးလိုက်သော်လည်း ဖူလီနှင့် ကျွမ်းချင်ကို လိုက်မမှီပေ။ သူ မောဟိုက်နေလျက် နံရံကိုမှီကာ အသက်ရှုပြီး စောဒကတက်လိုက်သည်။
" ဒီလောက် သက်လုံကောင်းနေတာ ပြေးခုန်ပစ်အသင်းထဲမဝင်ဘဲ တရားမဝင်ဈေးဆိုင်ဖွင့်ပြီး ထွက်ပြေးနေတယ်... သူတို့ ခေါင်းမကောင်းတာများလား..."
သူတို့ အလွန်လျင်မြန်စွာပြေးလာသောကြောင့် ရေပုံးထဲမှ ရေများက မြေကြီးပေါ် စင်ကုန်သည်။ ဖူလီ နောက်လှည့်ကြည့်လိုက်သောအခါ စည်ပင်အရာရှိက နောက်တွင် ကျန်ရစ်ခဲ့ပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူ ကျွမ်းချင်ကိုဆွဲခေါ်ကာ နံရံတစ်ခုနောက်တွင် ပုန်းနေပြီး ရေပုံးကို ငုံ့ကြည့်လိုက်သည်။ ပုံးထဲတွင် ငါးများအားလုံး ရှိသေးရုံသာမက အားလုံး အသက်ရှင်နေသေးသည်။ သူ စိတ်အေးစွာဖြင့် ချက်ချင်းသက်ပြင်းချလိုက်သည်။
" တော်ပါသေးရဲ့..."
ကျွမ်းချင်က ငြိမ်နေပြီး သူ့မျက်နှာထက်တွင် စိတ်မချမ်းမသာဖြစ်နေသည့် အမူအရာမျိုး ရှိနေသည်။ သူ ဘာမှမပြောနိုင်ဘဲ ဆွံ့အနေမိသည်။ ဤနှစ်ပေါင်းများစွာအတွင်း သူ ကောင်းကင်နှင့် သမုဒ္ဒရာများတွင် ခရီးသွားလာခဲ့သည်။ သူ မမြင်ဖူး မတွေ့ကြုံဖူးသော အန္တရာယ်များလည်း မရှိခဲ့ပေ။ သို့ရာတွင် မြို့တော်စည်ပင်အရာရှိများ၏ လိုက်ဖမ်းခံရပြီး သနားစရာကောင်းစွာဖြင့် ထွက်ပြေးရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
" ကြည့်ရတာ အဲ့နေရာမှာ ဈေးဆိုင်ဖွင့်ခွင့်မပြုဘူးထင်တယ် နေရာပြောင်းရအောင်..."
ဖူလီက သစ်ရွက်များစွာကို စုလိုက်ပြီး ငါးများရှိသည့် ရေပုံးထဲ ပစ်ထည့်လိုက်သည်။
" ဒီတစ်ခါတော့ သေချာပေါက် ဘာမှဖြစ်တော့မှာ မဟုတ်ပါဘူး..."
" လက်..."
" အမ်..."
ကျွမ်းချင်က သူ့လက်ကို ပြန်ရုတ်လိုက်ပြီး တောင့်တင်းနေသည့် မျက်နှာကြီးဖြင့် ပြောလိုက်သည်။
" ယောကျာ်းနှစ်ယောက်က ဘာလို့ လက်ကိုင်ထားရမှာလဲ..."
သူ့လက်ဖဝါးက မီးတောက်မတတ် ပူနေပြီး ဇောချွေးများပင် စိမ့်ထွက်နေသည်။ သူ၏ ယခုလက်ရှိပုံစံက အလွန်ရှက်စရာကောင်းနေသည်ဟု ထင်လိုက်၍ ခေါင်းကိုတစ်ဖက်လှည့်လိုက်မိသည်။ သို့ရာတွင် သူ ထိုသို့ ထူးဆန်းသည့်အတွေးမျိုး အဘယ့်ကြောင့် တွေးလိုက်မိသည်ကို နားမလည်နိုင်တော့ပေ။
" ငါမေ့သွားလို့ပါ..."
ဖူလီက ပြုံးပြလိုက်သည်။
" မင်း ခုနတုန်းက ကြောင်ကြည့်နေပြီး အချိန်မီ မတုံ့ပြန်တာနဲ့ ငါမင်းကို ဆွဲခေါ်လာလိုက်တာ..."
" သွားကြမယ်..."
" ဘယ်ကိုလဲ..."
" မင်း ဈေးဆိုင်ဖွင့်လို့ရမယ့်နေရာကို ခေါ်သွားပေးမယ်..."
.....
အခွန်ကင်းမဲ့ဈေးတစ်ခု၏ ထောင့်တစ်နေရာတွင် လက်ခုပ်သံများကို အချိန်တိုင်းကြားနေရသည်။
တောက်ပသည့် အဖြူရောင်အလင်းတန်းအောက်တွင် အသားများပြီး နူးညံ့သော ငါးတစ်ကောင်ကို ကြေးခွံ၊ အတွင်းကလီစာများနှင့် အရိုးကိုဖယ်လိုက်ပြီး ပလစ်စတစ်အိတ်ထဲ ပစ်ထည့်လိုက်သည်။ ငါးကြေးခွံနှင့် အတွင်းကလီစာများက ထောင့်တစ်နေရာတွင် တောင်ပုံရာပုံဖြစ်နေသည်။ စီးပွားရေးကောင်းမွန်ကြောင်း သက်သေပြနေသကဲ့သို့ဖြစ်သည်။
" ငါး ရပါပြီ..."
ကျွမ်းချင်က ဓားကိုချထားလိုက်ပြီးနောက် လက်ကိုတာဝါဖြင့်သုတ်ကာ ငါးမှာထားသည့်လူထံ ကမ်းပေးလိုက်သည်။
" လူချောလေး မင်းဒီလိုမျိုး ဓားကိုင်ကျွမ်းပုံနဲ့ဆို စားဖိုမှူးကောင်းတစ်ယောက် ဖြစ်လာနိုင်တယ်... ဈေးမှာ ငါးရောင်းနေတာ မင်းအရည်အချင်းတွေကို အလဟဿဖြစ်အောင် လုပ်နေတာပဲ..."
ထိုလူက ပလတ်စတစ်အိတ်ကိုယူပြီးနောက် ဘေးနားတွင် ဖိုသီဖတ်သီဖြင့် ငါးချိန်နေသည့် ဖူလီ့ကိုလှည့်ကြည့်လိုက်သည်။
" ဒီလိုအလုပ်မျိုးကို မင်းဘာသာလုပ်ရင်ရတာပဲ အဖော်မလိုပါဘူး..."
" ကျေးဇူးတင်ပါတယ် စုစုပေါင်း ၈၉.၅ယွမ်ပါ..."
ကျွမ်းချင်က မျက်နှာသေကြီးဖြင့် ပြောလိုက်သည်။
" ၀.၅ ယွမ်လောက်တော့ လျှော့ပေးလိုက်လေ..."
ဖူလီ ခေါင်းညိတ်တော့မည့်အချိန်တွင် ကျွမ်းချင်က ဖြတ်ပြောလိုက်သည်။
" ကျွန်တော်တို့အလုပ်ကက စီးပွားရေးသေးသေးလေးပါ ငွေရှာရလွယ်တာမဟုတ်ဘူး..."
" အိုင်း ဘယ်သူက ဒီလိုမျိုးဈေးရောင်းလို့လဲ... ငါ နောက်ဆို မင်းဆီက မဝယ်တော့ဘူး..."
ဈေးဝယ်က တွန့်ဆုတ်စွာဖြင့် ယွမ် ၁၀၀ ထုတ်ပေးလိုက်သည့်အခါ ကျွမ်းချင်က ၁၀.၅ယွမ် ပြန်အမ်းလိုက်သည်။
ထိုလူ ထွက်သွားသည့်အခါ ဖူလီက သူချိန်နေသည့်ငါးကို ကျွမ်းချင်ထံ ပေးလိုက်သည်။
" ငါတို့ ၀.၅ ယွမ်လောက်ကို မယူတော့ဘူးလို့ သဘောတူထားတယ်လေ..."
" တခြားလူတွေကရတယ် အဲ့လူကတော့ မရဘူး..."
ကျွမ်းချင်က ငါးကို ဗိုက်ခွဲပြီး အကြေးခွံခွာလိုက်သည်။ ညစ်ပတ်သော သွေးနှင့် အကြေးခွံများက ခွဲကြောင်းထဲ ဝင်သွားလေသည်။
" သူ့ကို သဘောမကျလို့လား..."
ကျွမ်းချင်က တိတ်ဆိတ်စွာဖြင့် ငါးကို အရိုးဖယ်နေသည်။
" အဲဒါဆိုရင်တော့ မင်း အဲ့ဒီပိုက်ဆံကိုယူလိုက်တာ မှန်ပါတယ် ငါတို့ သူဖြစ်ချင်တဲ့အတိုင်း မလုပ်ပေးလိုက်ဘူးလေ..."
ဖူလီ ခေါင်းညိတ်ပြလိုက်သည်။
ကောင်လေး နှစ်ယောက်က အလွန်ချောသည့်အပြင် အသားများပြီး နူးညံ့သော ငါးများကို ဈေးတန်တန်ဖြင့် ရောင်းနေခြင်းဖြစ်သည်။ ကျွမ်းချင်၏ ဓားကိုင်ကျွမ်းမှုကလည်း ဖြတ်သွားဖြတ်လာများ၏ အာရုံစိုက်မှုကို ရရှိထား၍ သူတို့ငါးများ အမြန်ရောင်းကုန်သွားသည်။ ဖူလီက ထောင့်တစ်နေရာတွင်ထိုင်ပြီး ပိုက်ဆံများကို အကြိမ်ပေါင်းများစွာ ရေတွက်နေပြီးသည့်နောက် ကျွမ်းချင်ကို ဝမ်းသာအားရဖြင့် အသိပေးလိုက်သည်။
" ငါတို့ ငွေတွေအများကြီးရပြီ..."
ကျွမ်းချင် လက်ဆေးပြီး ပြန်လာချိန်တွင် ဖူလီက သူ့မျက်လုံးများမှိတ်သွားသည်အထိ ပြုံးရယ်ပြပြီး နှုတ်ဆက်နေသည်ကို တွေးလိုက်ရသည်။
" အဲ့လောက်တောင် ပျော်နေတာလား..."
" ဒါပေါ့ သွားကြမယ် ငါတို့ ကျောက်ပုစွန်သွားစားလို့ရပြီ..."
ဖူလီက ငွေစက္ကူအချို့ကို ဖယ်ထုတ်ထားလိုက်သည်။
" ဒါတွေကိုတော့ သွားလှူရအောင်..."
" ဘယ်သူ့ကိုလှူမှာလဲ..."
" တောင်ပေါ်မှာနေတဲ့ ကလေးတွေကို အာဟာရရှိတဲ့စားစရာတွေ လှူတဲ့ ပရဟိတအဖွဲ့တစ်ခုရှိတယ်... သူတို့ကို သွားလှူကြမယ်လေ..."
ဖူလီက ပိုက်ဆံအထပ်လိုက်ကြီးကို အင်္ကျီအိတ်ထဲ ထည့်လိုက်သည်။
" မင်းရော ဘယ်လိုထင်လဲ..."
ကျွမ်းချင်က ခေါင်းညိတ်ပြလိုက်သည်။
လှူမည့်နေရာရောက်သောအခါ ကျွမ်းချင်က နံရံပေါ်မှ ကလေးများ၏ဓာတ်ပုံကိုကြည့်လိုက်သည်။ ကလေးအများစုမှာ မျက်လုံးကြီးကြီးနှင့် အားနည်းနေသည့် မျက်နှာမျိုး ရှိကြသော်လည်း တောက်ပစွာပြုံးနေကြသည်။
ဖူလီ သန့်စင်ခန်းသွားသည့်အခါ ကျွမ်းချင်က ဝန်ထမ်းတစ်ယောက်ကို ယွမ်နှစ်သန်းတန် ချက်လက်မှတ်တစ်စောင် ပေးလိုက်သည်။ ထိုအခါမှသာ ဝန်ထမ်းများက သူ့ကို ချန်လုံဇီဝနည်းပညာကုမ္ပဏီ၏ သူဌေးဖြစ်ကြောင်း မှတ်မိသွားကြသည်။ တစ်ဖက်လူထံမှ ငါးနံ့များရနေပြီး ရိုးရိုးသာမန် အဝတ်အစားမျိုးသာ ဝတ်ဆင်ထား၍ ဤပုံရိပ်ကို သေသပ်ကျနစွာ ဝတ်စားဆင်ယင်ပြီး ပညာတတ်လူကြီးလူကောင်းတစ်ယောက်၏ပုံစံနှင့် မတွဲမိသွားကြခြင်းဖြစ်သည်။
ဖူလီ သန့်စင်ခန်းထဲမှ ထွက်လာသည့်အခါ ကျွမ်းချင်ပျောက်သွားကြောင်း သိလိုက်ရသည်။ ခန်းမကို တစ်ပတ်ပတ်ပြီးသည့်အချိန်မှ လူအချို့က ပါးစပ် နားရွက်တတ်ချိတ်မတတ်ပြုံးနေပြီး ကျွမ်းချင်နှင့်အတူ အိမ်ငယ်လေးတစ်ခုထဲမှ ထွက်လာသည်ကို မြင်လိုက်ရသည်။
ကျွမ်းချင်က ဝန်ထမ်းများကို လိုက်မပို့တော့ရန် ပြောလိုက်ပြီး ဖူလီရှိရာသို့ ခပ်သုတ်သုတ် လျှောက်သွားသည်။
" မင်း ဘာလို့ အဲ့မှာ အရူးလိုရပ်နေတာလဲ ကျောက်ပုစွန်စားမယ်ဆို..."
" မင်း သူတို့နဲ့ သိတာလား..."
ဖူလီက ကျွမ်းချင်နှင့် ဘေးချင်းယှဉ်လျှောက်လိုက်သည်။
" ငါတို့ဗျူရိုရဲ့ စီးပွားရေးက ဒီလောက်တောင် အမြတ်အစွန်းရတာလား..."
" တကယ်လို့ အဲ့လိုမဟုတ်ဘူးဆိုရင်... ကျင့်ကြံရေးလောကအတွက် အထောက်အပံ့တွေနဲ့ မူဝါဒတွေက ဘယ်နေရာက ရလာတာလဲ..."
ကျွမ်းချင်က လက်နှစ်ဖက်လုံးကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်လိုက်သည်။
" ကျင့်ကြံရေးလောကနဲ့ လူသားလောကရဲ့ ဟန်ချက်ညီမှု တစ်စိတ်တစ်ပိုင်းအောင်မြင်မှုရနေတာက အားလုံးက ငြိမ်းချမ်းမှုကို လိုလားလို့ပဲ.. ဒါပေမဲ့ ငါတို့ ကျင့်ကြံရေးလောကဘက်က တချို့လူသားတွေ မလုပ်နိုင်တဲ့ကိစ္စတွေကို လုပ်နိုင်လို့ဆိုလည်းဟုတ်တယ်..."
လစန္ဒာပေါင်းကူးဟိုတယ်တွင် အလုပ်လုပ်စဉ်က မိန်းကလေးအများစုက ချန်လုံမှ ထုတ်လုပ်သည့် မိတ်ကပ်နှင့် အသားရည်ထိန်းသိမ်းပစ္စည်းများကို အလွန်သဘောကျကြောင်း ဖူလီ အမှတ်ရသွားသည်။ သို့ရာတွင် ထိုထုတ်ကုန်များက အလွန်ဈေးကြီးသောကြောင့် သူတို့၏တောင့်တစိတ်များကို ဖြေဖျောက်ရန် မကြာခဏ မိတ်ကပ်အကြောင်း ဆွေးနွေးကြပြီး ရံဖန်ရံခါတွင်မှ ထုတ်ကုန်တစ်ခုမဟုတ်တစ်ခုကို ဝယ်ကြပေသည်။
ချန်လုံက ဤမျှ အဆင့်မြင့်သည်မှာ အံ့ဩစရာမဟုတ်ပေ။ ထိုအသားအရည်ထိန်သိမ်းပစ္စည်းများကို မြောက်များစွာသော မိစ္ဆာများနှင့် တစ္ဆေကျင့်ကြံသူများက နှစ်ပေါင်းများစွာ လေ့လာပြီး ထုတ်လုပ်ခဲ့ကြသောကြောင့်ဖြစ်သည်။ သို့ဖြစ်၍ ထိုထုတ်ကုန်များ၏ သက်ရောက်မှုများက လူအများကို စိတ်ကျေနပ်အားရစေမည်မှာ သဘာဝဖြစ်သည်။
သူတို့နှစ်ယောက်လုံး ကျောက်ပုစွန်စားနေချိန်တွင် ( ငါးခုတ်နေတဲ့ ကမ္ဘာပေါ်က အချောဆုံးအစ်ကိုကြီး ) ဟူသော ခေါင်းစဉ်နှင့် ဗီဒီယိုတစ်ခုက အင်တာနက်ပေါ်တွင် တက်လာသည်။
ဗီဒီယိုထဲတွင် ငါးခုတ်နေသည့်ကောင်လေးက အရှိန်အဝါတစ်ခုရှိနေပြီး အလွန်ချောမောသည့် ရုပ်ရည်သွင်ပြင်ကိုလည်း ပိုင်ဆိုင်ထားသည်။ ငါးများကို ကလီစာထုတ် အရိုးဖယ်ထားသည်က အလွန်တိကျသန့်စင်ပြီး ငါးအလွှာတစ်ချပ်ချင်းစီပလည်း ပေတံဖြင့် တိုင်းထားသကဲသို့ အထူအပါးတူညီနေသည်။ သို့ဖြစ်၍ ထိုဗီဒီယိုမှာ အင်တာနက်ပေါ်တွင် forwardလုပ်သူ အလွန်များပြားနေသည်။
စီမံခန့်ခွဲရေးဗျူရို၏ ပြည့်သူ့ဆက်ဆံရေးဌာနက ထိုဗီဒီယိုကို မြင်သည့်အခါ သူတို့၏ ပထမဆုံးသော တုံ့ပြန်ချက်မှာ ဤလောကကြီးတွင် သူတို့ဘော့စ်နှင့်အလွန်တူသည့် တစ်စုံတစ်ယောက်ရှိနေခြင်းကြောင့် အလွန်အမင်း အံ့သြမိသွားခြင်းသာဖြစ်သည်။ သို့ရာတွင် ထိုလူ၏ဘေးနားမှလူကပါ ဖူလီနှင့် တစ်ထပ်တည်းတူနေသည်ကို မြင်လိုက်ရသောအခါ ၎င်းက တိုက်ဆိုင်မှုမဟုတ်ကြောင်း သူတို့သိလိုက်ကြသည်။
အဲဒါတကယ်ကြီး သူတို့ဘော့စ်ပဲ...
သူတို့ဘော့စ်က အလွန်ကပ်စေးနဲလွန်း၍ အားလပ်ရက်များတွင်ပါ ငါးရောင်းပြီး ငွေရှာနေမည်ဟု မထင်ထားခဲ့ပေ။
ဒါပေမဲ့ သူတကယ်လို့ ငါးရောင်းပြီး ငွေရှာချင်တယ်ဆိုရင်တောင်မှ ဖူကောကိုဘာလို့ဆွဲခေါ်သွားပြီး ဒီလိုခါးသီးတဲ့ကိစ္စတွေ လုပ်ခိုင်းနေရတာလဲ... ဖူကောက စကားပြောရလွယ်တာနဲ့ပဲ သူ့ကို ငွေမပေးပဲ အလကားခိုင်းနေတာမလား...
သူတို့ ဤဗီဒီယိုကို မည်သို့ကိုင်တွယ်ရမည်ကို မသိသောကြောင့် အထက်လူကြီးများကိုသာ သတင်းပို့လိုက်ရသည်။ သို့ဖြစ်၍ သတင်းပို့ချက်က ကျန်းခယ့်၏လက်ထဲတွင် ရောက်လာသည်။ ကျွမ်းချင်က ဤမျှကပ်စေးနဲလွန်းသည်ကို စိတ်ထဲတွင် မကျေမနပ်ပြောလိုက်ပြီးနောက် ထိုသတင်းပို့ချက်ကို ချူးယွီထံသို့ တွန်းပို့လိုက်သည်။
ချူးယွီ ဗီဒီယိုတစ်ခုလုံးကို ကြည့်ပြီးချိန်တွင် သူ၏ ငါးအမြင်အာရုံသုံးခုလုံး တဖြည်းဖြည်း လွင့်ပြယ်သွားသည်။
ဘော့စ်က ငွေရဖို့အတွက်ဆိုရင် ဘာမဆိုလုပ်နေပြီလား သူက နားရက်မှာတောင် ငါးရောင်းနေပြီပေါ့လေ... ဒါ ဘယ်လိုလုပ်ကောင်းတော့မှာလဲ မိစ္ဆာမျိုးနွယ်စုတစ်ခုလုံး မျက်နှာပျက်ရပြီလေ... တခြားယောင်ကျင့်ကြံသူတွေပါ မြင်သွားရင် ဘယ်လိုလုပ်မလဲ...
ခဏတာ အလေးအနက်တွေးပြီးသည့်နောက်တွင် ဘော့စ်နှင့် ဖူကောက သူခိုးအုပ်စုကိုရှာရန် ငါးရောင်းသူများအဖြစ်ရုပ်ဖျက်ထားခဲ့ကြသည်ဟု အများသိစေရန် ကြေညာခဲ့သည်။ ဤအကြောင်းပြချက်ကို ဗျူရိုတွင်းမှ လူများက မယုံကြည်ကြသော်လည်း အပြင်လောကတွင်မူ လိုလိုလားလား လက်ခံသွားကြသည်။
စီမံခန့်ခွဲရေးဗျူရိုရဲ့ ဂုဏ်သိက္ခာရှိလှတဲ့ဘော့စ်က အပိုဝင်ငွေလိုချင်လို့ ငါးရောင်းနေတယ်လို့ ဘယ်သူထင်မှာလဲ...
ကျင့်ကြံရေးလောက၌ ဤကိစ္စကိုဖြေရှင်းရန် နည်းလမ်းရှာတွေ့သွားသော်လည်း လူသားလောကတွင်မူ အုတ်အော်သောင်းနင်းဖြစ်နေခဲ့သည်။ ဓားကိုင်ကျွမ်းသော ငါးရောင်းသူက တစ်ကမ္ဘာလုံးတွင် လူသိများသော ချန်လုံဇီဝနည်းပညာကုမ္ပဏီမှ သူဌေးဖြစ်ကြောင်း အင်တာနက်အသုံးပြုသူတစ်ယောက်က ရှာဖွေတွေ့ရှိသွားခဲ့သည်။
မူလတွင် ၎င်းက အဓိပ္ပါယ်မရှိဟု အင်တာနက် အသုံးပြုသူအချို့က ခံစားလိုက်ရသည်။ သို့ရာတွင် ကျွမ်းကျင်သူတစ်ယောက်က သူတို့မျက်နှာပုံပန်းသွင်ပြင်များကို နှိုင်းယှဉ်ကြည့်လိုက်သည့်အခါ ငါးခုတ်နေသူက ချန်လုံဇီဝနည်းပညာကုမ္ပဏီသူဌေး အစစ်ဖြစ်ကြောင်း သိလိုက်ရသည်။ သူနှင့်အတူ ငါးရောင်းနေသူက သူ့ကုမ္ပဏီမှ ဝန်ထမ်းတစ်ယောက် ဖြစ်နိုင်ပေသည်။
အင်တာနက်အသုံးပြုသူ A: ဘော့စ်က သူ့ဝန်ထမ်းထက်တောင်ပိုပြီး ငါးခုတ်ကျွမ်းနေတာပဲ... ငါးတောင်မခုတ်တတ်တဲ့သူက ဝန်ထမ်းမဖြစ်သင့်ဘူး...
အင်တာနက်အသုံးပြုသူ B: ငါးမျှားတယ်ဆိုတာ လုချမ်းသာတွေရဲ့ ဝါသနာတစ်မျိုးလို့ပဲ ထင်ထားတာ ကြည့်ရတာ ငါက လောကကြီးကို အမြင်ကျဉ်းကျဉ်းနဲ့ ကြည့်မိပုံပဲ... တကယ်ချမ်းသာတွေလူတွေက ငါးပါရောင်းတဲ့ ဝါသနာရှိတာကိုး...
အင်တာနက်အသုံးပြုသူ C: အဲ့နေရာကိုရောက်ခဲ့တဲ့ လူတစ်ယောက်ပြောတာတော့ ဈေးဝယ်တစ်ယောက်က ဘော့စ်ကျွမ်းချင်ကို ကျန်တဲ့အစွန်းထွက်လေး ဈေးလျှော့ခိုင်းတာကို သူက စီးပွားရေးသေးသေးလေးမို့ ငွေရှာရမလွယ်လို့ မလျှော့ပေးဘူးပြောတယ်တဲ့... ချန်လုံကုမ္ပဏီသူဌေးက သာမန်လူတန်းစားတွေနဲ့ တကယ်ကို ထိတွေ့ဆက်ဆံမှုရှိတာပဲ... သူက ချန်လုံကသူဌေးမဟုတ်ရင်တောင် ငါးရောင်းပြီး ငွေများများရှာနိုင်လောက်တယ်လို့ ငါထင်တယ်...
အင်တာနက်အသုံးပြုသူ D: ဘေးနားမှာ ငါးချိန်ပေးတာကလွဲပြီး ကိုးရို့ကားယားတွေလုပ်နေတဲ့ အစ်ကိုကြီးကတောင် သူဌေးနဲ့ ပိုတူသေးတယ်... ငါးခုတ်ရတာ ညစ်ပတ်ပြီး ပင်ပန်းတဲ့အလုပ်လေ ဒါပေမဲ့ အဲဒါကို သူဌေးက လုပ်နေရတယ်...
အင်တာနက်အသုံးပြုသူ B: ဘော့စ်ကျွမ်းက ငါးခုတ်ပြီး ရောင်းရတာကို သဘောကျတဲ့ပုံပဲ... သူ့ဓားကိုင်ပုံကို တစ်ချက်ကြည့်လိုက်ရုံနဲ့ အရင်တည်းက လေ့ကျင့်ထားတဲ့သူမှန်း သိသာတယ်...
" သူက အရင်တည်းက ဓားကိုင်ပြီး တိုက်ခိုက်လာတဲ့သူလေ... သေချာပေါက် လေ့ကျင့်ဖူးတာပေါ့..."
ကျန်းခယ့်က သူ့ဖုန်းကို စားပွဲပေါ်ပစ်တင်လိုက်ပြီး ခြံဝင်းထဲတွင် လက်ဝှေ့ထိုးလေ့ကျင့်နေသည့် ဂျူနီယာညီလေးကို ကြည့်လိုက်သည်။ သူက ပြတင်းပေါက်ကိုမှီကာ မေးလိုက်သည်။
" ဂျူနီယာလေး ကျားမိစ္ဆာတိုင်းက < တောင်တန်းနဲ့ မြစ်ချောင်းမှ ကျားဟိန်းသံ > ကို သိကြလား..."
" ဒါပေါ့..."
ဝေ့စန်းက လက်ဝှေ့ထိုးနေသည့် ကိုယ်နေဟန်ထားကိုပြင်ပြီး နှဖူးပေါ်မှ ချွေးများကို သုတ်လိုက်သည်။
" မြေခွေးမျိုးနွယ်ရဲ့ဆွဲဆောင်မှု၊ ကျားမျိုးနွယ်ရဲ့ဟိန်းသံ၊ နဂါးမျိုးနွယ်ရဲ့ အရှိန်ဝါ ဒါတွေအားလုံးက မွေးရာပါစွမ်းရည်တွေပဲကို..."
" ဟိန်းသံကို အသုံးတတ်တဲ့ တခြားမိစ္ဆာရှိလား..."
" မဖြစ်နိုင်ဘူး... သူက ကျားမျိုးနွယ်စုက မဟုတ်ရင်ပေါ့လေ..."
ဝေ့စန်းက တုံ့ဆိုင်းမနေပဲ ဖြေလိုက်သည်။
.....
မြောက်ပိုင်းရှိ တောနက်တစ်ခုထဲတွင် ဧရာမကျားကြီးတစ်ကောင်က လှိုဏ်ဂူထဲမှ ထွက်လာသည်။ သူ့ အမွေးများကို ခါလိုက်ပြီးသည့်နောက်တွင် ရှည်လျားပြီး ခမ်းနားထည်ဝါသည့် ဟိန်းသံဖြင့် ဟိန်းဟောက်လိုက်သည်။ နှစ်ပေါင်းသုံးရာနီးပါး ကျင့်ကြံပြီးသည့်နောက်တွင် နောက်ဆုံး၌ တာအိုလမ်းစဉ်ကို ရရှိခဲ့ပြီဖြစ်သည်။
သူ လူသားလောကသို့ရောက်သည့်အခါ သူစားသောက်ရန်အတွက် စားစရာများ အဆုံးမဲ့ ရှိနေပေလိမ့်မည်ဖြစ်သည်။
သို့ရာတွင် တောထဲမှ ခက်ခက်ခဲခဲပြေးထွက်ခဲ့ပြီးသည့်နောက်တွင် လမ်းမကြီးပေါ်တွင် ပြေးလွှားနေသည့် သတ္တုဘူးများကို မြင်လိုက်ရသည့်အခါ သူ ထိတ်လန့်သွားသည်။
အဲဒါဘာတွေလဲဟ...
ကားမောင်းသူအချို့က သူ့ကိုမြင်လိုက်သည်။ အချို့က ရဲစခန်းကို အမြန်ဖုန်းဆက်ကြပြီး ကျားတစ်ကောင်ကိုရှာတွေ့ကြောင်း သတင်းပို့ကြတော့သည်။
သုံးနာရီကြာပြီးနောက်တွင် မိမိကိုယ်ကို အလွန်ကျင့်ကြံဆင့်မြင့်သည်ဟု အသိအမှန်ပြုထားပြီး နွားများ၊ ဆိတ်များနှင့် လူသားလောကမှ အပျိုစင် လူပျိုစင်များကိုသာစားသည့်ကျားမှာ မေ့ဆေးသေနတ်ဖြင့် အပစ်ခံရပြီး ခေါ်ဆောင်သွားခံရတော့သည်။