အပိုင်း ၉၉
Viewers 17k

Chapter 99
ပုန်းကွယ်ခြင်း


ကျားအိုမိစ္ဆာကြီးနိုးလာသည့်အခါ အလွန်ကြီးမားသော လှောင်အိမ်တစ်ခုထဲ ရောက်ရှိနေသည်ကို သိလိုက်ရသည်။ သူ့အောက်တွင် ခင်းထားသော သက်တောင့်သက်သာရှိလှသည့်အခင်းမှာ အရည်အသွေး အကောင်းဆုံးတောဝက်အရေခွံဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။

လူသားတွေ သူ့ကိုဖမ်းမိသွားပြန်တာလား..

လွန်ခဲ့သော နှစ်သုံးရာခန့်ကလည်း သူ့ကို လူသားအချို့က ဝန်းရံဖမ်းဆီးပြီး ရိုက်နှက်ခဲ့ဖူးပေသည်။ သူတို့က သူ့အရေခွံကိုခွာပြီး ခြေသုတ်ခုံပြုလုပ်ရန်ပင် ပြောဆိုခဲ့ကြသည်။ သူ ခဲရာခက်ဆစ် ထွက်ပြေးလာပြီးသည့်နောက်တွင် တောင်ပေါ်သို့ ပြန်ရောက်လာခဲ့ပြီး သူ၏ကျင့်ကြံဆင့်အလွန်မြင့်လာသည်အထိ ဂူပိတ်ကျင့်ကြံနေရန် ဆုံးဖြတ်ခဲ့သည်။  သူ၏ နောက်ဆုံးပန်းတိုင်ကို မရောက်မီတွင် ကျရှုံးခဲ့မည်ဟု မထင်ထားခဲ့ပေ။ လူသားများက အမြဲတမ်း ခိုးကြောင်ခိုးဝှက်လုပ်ပြီး အညှာအတာကင်းမဲ့ကာ သူနှင့် အနီးကပ်တိုက်ခိုက်ရမည်ကို ရှောင်တိမ်းလေ့ရှိသည်။

" ငတုံးတွေ..."

" ဘယ်သူလဲ..."

ကျားအိုမိစ္ဆာကြီးက အားနည်းနေဆဲဖြစ်သည်။ သူ ခေါင်းမော့၍ ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်သည့်အခါ အလင်းဖောက်နိုင်သည့် အကြည်ရောင်ဘူးတစ်ဘူးကို တွေ့လိုက်ရသည်။ ထိုဘူးထဲတွင် ဧရာမမြွေနက်ကြီးတစ်ကောင်ရှိနေသည်။

နောက်ဆုံးတွင် သတိပြုခံလိုက်ရသော မြွေနက်ကြီးက အေးတိအေးစက်ဖြင့် ရယ်လိုက်သည်။

" မင်းကိုရော လူသားတွေ ဖမ်းထားတာလား..."

ကျားအိုမိစ္ဆာကြီးက မြွေနက်ကြီးကို စာနာစွာဖြင့် ကြည့်လိုက်သည်။

" လူသားတွေက မင်းကိုအဲ့လောက်လှတဲ့ဘူးထဲထည့်ထားတာ လူသားအကြီးအကဲတစ်ယောက်ကို ဆက်သဖို့များလား..."

လူအချို့က မြွေသားစားရခြင်းကို နှစ်သက်ကြောင်း သူကြားဖူးပေသည်။ မြွေသားနှင့် ကြက်သားကို အတူတကွနှပ်ပြီးနောက် လုံဖုန်းစွပ်ပြုတ်ဟူသည့် အမည်ကို ပေးထားကြသည်။

" လူသားတွေက ဖမ်းထားတာတဲ့လား..."

မြွေနက်ကြီးက ကျစ်ခနဲ အသံပြုလိုက်သည်။
" ငါက မင်းလိုမတုံးဘူး... စိတ်မပူပါနဲ့ ဒီလူသားတွေက မင်းကို သတ်မှာမဟုတ်ဘူး သူတို့က မင်းကို ရတနာလိုသဘောထားပြီး စားစရာတွေတောင် ဆက်သကြဦးမယ်..."

အကယ်၍ သူ့အထင်မမှားပါက ဤကျားမှာ မျိုးသုဉ်းလုဆဲဆဲဖြစ်နေသည့် တောင်တရုတ်ကျား အနွယ်ဝင်ဖြစ်သည်။ လူသားများက လေယာဉ်သုံးပြီး သူ့ကို မြို့တော်အထိ ခေါ်လာခဲ့ပုံကိုကြည့်ခြင်းဖြင့် ထိုနေရာတွင် သူ့အတွက် အစီအစဉ်များရှိပုံပေါ်သည်။

" သူတို့တွေက အပျိုစင် လူပျိုစင်တွေကို ဆက်သကြမှာလား..."

ကျားအိုမိစ္ဆာကြီးမှာ သွားရည်ကျမတတ်ပင် ဖြစ်လာသည်။ လူပျိုအပျိုများ၏ အသားက လတ်ဆတ်နူးညံ့ပြီး ကျင့်ကြံဆင့်ကို တိုးပွားစေနိုင်သည်ဟု သူကြားဖူးပေသည်။

မြွေနက်ကြီးက ကျားမိစ္ဆာကို သနားစရာဟူသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။
ဒီလိုခေတ်ကြီးမှာ သူက လူပျိုအပျိုတွေရဲ့အသားကို စားကြည့်ချင်သေးတာလား...

သူကိုယ်တိုင်ကလည်း နဂါးအဖြစ် အသွင်ပြောင်းလုဆဲဆဲဖြစ်ခဲ့သော စပါးအုံးနက်ကြီးတစ်ကောင်ဖြစ်သည်။ သူ့ နာမည်ကို တောင်းခံစဉ်တွင် မျက်လုံးမကောင်းသော ယောင်ကျင့်ကြံသူတစ်ယောက်နှင့် မတွေ့ခဲ့ပါက ယခုအချိန်တွင် နဂါးစပါးအုံးတစ်ကောင်ဖြစ်ကောင်းဖြစ်နေနိုင်သည်။
( အရှေ့ပိုင်းတွေနားက ဇို့ကျောင်းကို ပြောတာပါ သူက ဖူလီ လက်ချက်ကြောင့် တိရစ္ဆာန်ရုံအပို့ခံလိုက်ရတဲ့ စပါးအုံးနက်ကြီးပါပဲ 😂 )

ထိုသို့ဖြစ်ခဲ့ပါက လူသားများ၏ အိမ်မွေးတိရစ္ဆာန်အဖြစ် သတ်မှတ်ခံရပြီး စူးစမ်းခံရကာ လက်ရှိအနေအထားဖြင့် အဆုံးသတ်သွားရမည် မဟုတ်ပေ။ တိရစ္ဆာန်ရုံက သူ့ကို နိုင်ငံ၏ ဒေသများစွာတွင် ကြည့်ရှု့နိုင်ရန် ခရီးများထွက်ခိုင်းလေ့ရှိသည်။ ခမ်းနားထည်ဝါလှသော စပါးအုံးနက်ကြီးမှာ ဤအဆင့်အထိ ကျသွားရပေသည်။ ဤတောင်တရုတ်ကျားကို အမှီပြု၍သာ သူ လေယာဉ်စီးလာနိုင်ခြင်းဖြစ်၍ ဘာမှမပြောနိုင်တော့ပေ။

" အစ်ကိုကြီးမြွေ လူသားတွေ ကျွန်တော့်ကို ဘယ်လိုဆက်ဆံမှာလဲ ပြောပြပါလား..."

" ဘယ်သူ့ကို အစ်ကိုကြီးလို့ လာခေါ်နေတာလဲ... ငါ အဖမ်းမခံရခင်ကအထိ ကျင့်ကြံထားတဲ့နှစ်က နှစ်တစ်ထောင်လောက်ရှိတာ စီနီယာလို့ခေါ်စမ်း..."
မြွေနက်ကြီးက မပျော်မရွှင်ဖြင့် အမြီးယမ်းလိုက်သည်။

" ခုခေတ်လူငယ်တွေများ အရင်လို အေးအေးဆေးဆေးကို မနေနိုင်ကြဘူး နှမ်းစေ့လောက်တောင် အရေးမပါတဲ့ မေးခွန်းလေးတွေ မေးနေကြတယ်... ဟိုကိုရောက်ရင် မင်း အကုန်သိသွားမှာပဲကို..."

ကျားမိစ္ဆာက စကားထပ်မပြောရဲတော့ပေ။ သူ့အမြီးကို ပျင်းရိပျင်းတွဲဖြင့် လွှဲယမ်းနေပြီး  စောင်ထဲကို ပြန်ဝင်ကာ လျင်မြန်စွာဖြင့် အိပ်မောကျသွားတော့သည်။

သူ အိပ်တစ်ဝက် နိုးတစ်ဝက်ဖြစ်နေစဉ်မှာပင် တစ်ယောက်ယောက်က သူ့ခန္ဓာကိုယ်ကို ထိကိုင်နေသကဲ့သို့ ခံစားရပြီး လက်ခုပ်တီးသံများလည်း ကြားရသည်။ သူ့အမြီးကို ယမ်းလိုက်မိသည်။
သူတို့ ဘယ်နေရာကို လာထိနေတာလဲ... ကျားဖင်ကို ထိလို့မရဘူးဆိုတာ မသိကြတာလား...

ညနက်ပိုင်းတွင် ကျားမိစ္ဆာက ခွန်အားအပြည့်အဝ ပြန်လည်ရရှိသွားခဲ့၍ တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးစင်တာမှ စိတ်မရှည်လက်မရှည်ဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

နှစ်ပေါင်းသုံးရာကျော် ကြာမြင့်ပြီးသည့်နောက်တွင် လူသားလောကကြီးက သိသိသာသာပြောင်းလဲသွားခဲ့သည်။ သူက လူသားများ၏ ကြောက်ခမန်းလိလိ ရောင်စုံကမ္ဘာထဲ ခြေချလာခဲ့၍ သူ့ရှေ့မှ အရာအားလုံးက အံ့အားသင့်စရာကောင်းသည်ဟု ထင်နေမိသည်။
ဒီလို ခမ်းနားတဲ့နေရာမျိုးက ကောင်းကင်ဘုံမှာပဲ ရှိသင့်တာမလား...

ကျားမိစ္ဆာ၏ကိုယ်ပေါ်မှ အဝတ်အစားများက အနည်းငယ် ကိုးရို့ကားယားဖြစ်နေသည်။ သူ့ကိုယ်သူ ထောင့်တစ်နေရာတွင် ပုန်းအောင်းနေပြီး အဝတ်အစားပုံစံကို ပြောင်းလဲပြီးမှ လမ်းကြားလေးထဲက ထွက်လာလိုက်သည်။

အလင်းဖောက်နိုင်တဲ့ တံခါးအကြည်ရောင်တွေ၊ အရောင်တလက်လက်တောက်နေတဲ့ ပုလဲတွေ၊ မိုးပေါ်မှာ တွဲလောင်းဆွဲထားတဲ့ အရောင်တောက်တောက် ပုလဲလုံးတွေ ဒါတွေအကုန်လုံးကို အပြင်ထုတ်ထားတာဆိုတော့ အခိုးခံရမှာ မကြောက်ဘူးလား...

ကျားမိစ္ဆာက ဘေးပတ်ပတ်လည်ကိုကြည့်နေစဉ် လူတစ်ယောက်ကို ဝင်တိုက်မိသည်။ သူ မျက်ခုံးများ တွန့်ချိုးလိုက်မိသည်။

" လမ်းကြည့်လျှောက်စမ်း..."
သူ ပြောပြီးသည်နှင့် လှည့်ထွက်သွားရန် ပြင်လိုက်ချိန်၌ တစ်ဖက်လူက သူ့ကိုလှမ်းဆွဲထားသည်။

" မင်း ဘာဖြစ်ချင်လို့လဲ..."

ကျားမိစ္ဆာ၏မျက်လုံးများက အလွန်ရက်စက်ကြမ်းတမ်းသည့်ပုံစံ ပေါ်လာသည်။ ဤပိန်လှီလှသောလူသား၏ အသားရနံ့က အလွန်မွှေးလှသည်။ အကယ်၍ ဤနေရာတွင် လူပေါင်းများစွာ ရှိမနေပဲ လူသားစားခြင်းက အခြားလူများ၏ အာရုံစိုက်မှုကို မရရှိနိုင်ပါက ထိုလူကို အနည်းဆုံးတစ်ကိုက်ခန့်ကိုက်ပြီးပြီဖြစ်သည်။

" တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးစင်တာက ထွက်ပြေးလာတဲ့ကျားလား..."

ထိုလူငယ်လေး၏ လက်ကောက်ဝတ်တွင် အင်အားများစွာ စုပြုံထည့်ထားပုံရ၍ ကျားမိစ္ဆာက မလွတ်နိုင်ဖြစ်နေသည်။ သူ့နှလုံးသားထဲတွင် ထိတ်လန့်မှုများ ပဲ့တင်ထပ်သွားသည်။
ဒီလူသားက မိစ္ဆာတွေကိုဖမ်းတဲ့နေရာမှာ တော်တော်ကျွမ်းတဲ့ပုံပဲ... မဟုတ်ရင် ဒီလူက သူ့ကိုလက်ကောက်ဝတ်ကနေ တစ်ချက်ကိုင်လိုက်ရုံနဲ့ မူရင်းပုံစံကို ပြောနိုင်မယ်တဲ့လား...

" မင်း ဘယ်သူလဲ..."

ကျားမိစ္ဆာက ကြောက်လန့်စပြုလာသည်။

" မင်းက လူသားလောကကို တရားမဝင် ဝင်လာပြီးတော့ အကြောင်းအရင်းမရှိပဲ တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးစင်တာကနေ ထွက်ပြေးလာတာဆိုတော့ လူ့အဖွဲ့အစည်းကို မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်... စီမံခန့်ခွဲရေးဗျူရိုရဲ့ အပြစ်ပေးရမယ့် စည်းမျဉ်းအတိုင်းဆို မင်းကို ဒဏ်ငွေဆောင်ခိုင်းပြီး အချုပ်ထဲထည့်ထားရမှာ... ‌ဒါပေမဲ့ မင်းက လူသားပုံစံရတာ မကြာသေးတဲ့ ယောင်ကျင့်ကြံသူဖြစ်တယ်ဆိုတဲ့ အချက်ကြောင့် ငါတို့ မင်းကိုဒဏ်ငွေ မဆောင်ခိုင်းတော့ဘူး... မင်းကို ယောင်အစည်းအရုံးကို ခေါ်သွားပြီး လူသားလောကရဲ့ အထွေထွေဗဟုသုတ သင်ခန်းစာတွေ သင်ခိုင်းရမယ်..."

လူငယ်လေးက စာအုပ်တစ်အုပ်ကို ကျားမိစ္ဆာထံ ပေးလိုက်သည်။
" ငါက ကျင့်ကြံရေးလောကရဲ့ ကိစ္စတွေကို တာဝန်ယူရတဲ့ စီမံခန့်ခွဲရေးဗျူရိုက ဝန်ထမ်းတစ်ယောက်ပါ..."

" ဘာစီမံခန့်ခွဲရေးဗျူရိုလဲ... မင်း ရေးထားတဲ့စာတွေက ခြေထောက်တစ်ဖက်နဲ့ လက်တစ်ဖက် မပါတဲ့သူလိုပဲ... ဒီနည်းလမ်းသုံးပြီး လူတွေကိုလိမ်တာမျိုးက လွန်ခဲ့တဲ့ နှစ်သုံးရာတည်းက ခေတ်နောက်ကျနေပြီ..."

ကျားမိစ္ဆာက ထိုလူငယ်လေးကို တွန်းလွှတ်ရန် ပြင်လိုက်သော်လည်း တစ်ဖက်က အင်အားကြီးလှသောကြောင့် ကျရှုံးသွားရသည်။

" ကျားမိစ္ဆာတိုင်းက အသက်နှစ်ရာပြည့်ရင် အရွယ်ရောက်ကြပြီ မင်း ဆက်ရုန်းနေမယ်ဆို ငါမင်းကို ရိုက်မှာနော်..."

ဖူလီက စွမ်းရည်တစ်မျိုးကိုသုံးကာ ကျားမိစ္ဆာကို ထိန်းချုပ်လိုက်ပြီး ယောင်အစည်းအရုံးကို နာခံစွာဖြင့် လိုက်လာအောင် ပြုလုပ်ခဲ့သည်။

သူတို့ ယောင်အစည်းအရုံးကို ရောက်ချိန်တွင်  မပြန်သေးသည့် မာကျောက်ကစားသူအချို့ ရှိနေသည်။ သူတို့က မာကျောက်စားပွဲနားတွင် စုထိုင်နေပြီး မာကျောက်တုံးများကို ရိုက်နေ၍ တဘန်းလန်းအသံများထွက်နေသည်။

‌ဝံပုလွေမိစ္ဆာက ဘယ်ဘက်တွင်ထိုင်ပြီး လူသားတစ်ယောက်က ညာဘက်တွင် ထိုင်နေသည်။
ခုခေတ်‌ဝံပုလွေတွေက လူသားတွေနဲ့ အဲ့လောက်တောင် လက်ပွန်းတတီးနေကြတာပဲလား...

" နေရခက်နေစရာမလိုပါဘူး ငါက ကျားတွေနဲ့တော့ အဆင်ပြေတယ်..."

ဖူလီက ကျားမိစ္ဆာကို ယောင်အစည်းအရုံးတွင် မှတ်ပုံတင်ခိုင်းလိုက်သည်။ ကျားက သူ့နောက်မှ စိတ်မပါလက်မပါဖြင့် လိုက်လာသည်ကို မြင်သောအခါ သူ ကျားမိစ္ဆာကို ခြောက်လှန့်မိကြောင်း သိလိုက်သည်။

" ငါ့တို့မှာလည်း ကျားဖြူကနေ လူအသွင်ပြောင်းထားတဲ့ အကြီးအကဲတစ်ယောက်ရှိတယ်... ဒါပေမဲ့ သူ့ပုံစံကတော့ မင်းထက်ပိုပြီး သူရဲကောင်းဆန်တယ် အမွေးတွေကလည်း အဝါရောင်မဟုတ်ဘဲ အဖြူရောင်..."

" မဟုတ်တာတွေ ပြောမနေနဲ့ ငါတို့လောကမှာ အဖြူရောင်အမွေးနဲ့ ကျားမရှိဘူး... ငါနဲ့ ရင်းနှီးအောင် အဓိပ္ပါယ်မရှိတာတွေ လာမပြောနဲ့ ငါ မင်းကို ရိုက်လို့ရတာလည်း မဟုတ်ဘူး..."

ကျားက ခွန်းတုံ့ပြန်သည်။

" အဖြူရောင်ကျား မရှိဘူးတဲ့လား... မင်း သူတို့ကို မသိတာဖြစ်မယ်..."

ဖူလီက သွားနေရာမှ ရုတ်ချည်းရပ်တန့်လိုက်သည်။

" အဲ့လိုမဖြစ်နိုင်ဘူး..."
ကျားမိစ္ဆာက သေချာသည့်ဟန်ဖြင့် ပြောလိုက်သည်။

" တခြားကမ္ဘာက ကျား ဒါမှမဟုတ် တခြားမျိုးစိတ်တွေဆိုရင်တော့ မသေချာပေမယ့် ငါ ကျင့်ကြံရေးလမ်းကြောင်းပေါ် ခြေချလိုက်တည်းက ငါတို့ကျားမျိုးနွယ်ရဲ့ မှတ်ဉာဏ်တွေကို ပိုင်ဆိုင်ထားပြီးပြီ... ငါတို့လောကမှာ တကယ်လို့ ကျားဖြူပေါ်လာမယ်ဆိုရင်တောင် သူတို့က ပင်ကိုစွမ်းရည်အားနည်းကြမှာပဲ... အသိဉာဏ်ရပြီး ကျင့်ကြံရေးလမ်းစဉ်ကို လျှောက်လှမ်းဖို့ မဖြစ်နိုင်ဘူး... ချွင်းချက်ကတော့ ဒဏ္ဍာရီလာ နတ်ဘုရားသားရဲ ကျားဖြူပဲ... သူက ငါတို့ကမ္ဘာမြေကြီးက ဒေသတစ်ခုကို စောင့်ရှောက်တယ်လို့ ကောလဟာလတွေတော့ရှိတာပဲ... သူက ငါတို့သားရဲအားလုံးရဲ့ ဘုရင်ပဲ..."

ဖူလီက အနည်းငယ် သတိမေ့သွားမိသည်။ သူ့မှတ်ဉာဏ်ထဲတွင်မူ အကြီးအကဲကျားဖြူကြီးက ဂုဏ်ကျက်သရေရှိကာ ခမ်းနားထည်ဝါလှသော သားရဲတစ်ကောင်ဖြစ်သည်။ သူနှင့် မျက်နှာချင်းဆိုင်ရသည်ကပင် တောင်တန်းကြီးတစ်ခုကို ရင်ဆိုင်ရသည်နှင့်တူသည်။ ယခုအခါ သူ့ရှေ့မှကျားက အကြီးအကဲကျားဖြူကြီးကို ပင်ကိုစွမ်းရည်အားနည်းသူဟု ပြောလာသည့်အခါ သူ့စိတ်ထဲ မပျော်မရွှင်ဖြစ်သွားမိသည်။

သို့ရာတွင် မိစ္ဆာမျိုးဆက်၏ အမွေအနှစ်က လိမ်ညာ၍မရပေ။
အကြီးအကဲကျားဖြူကြီးကလည်း အတိတ်တုန်းက တောင်ပေါ်က ထွက်သွားရတာကို သဘောမကျတာ ကာယစွမ်းအားမပြည့်စုံလို့ သိမ်ငယ်ပြီး တောင်ပေါ်မှာ ပုန်းကွယ်နေတာများလား...

ဒါမှမဟုတ် ကျားဖြူကြီးက ဒဏ္ဍာရီလာ နတ်ဘုရားသားရဲများလား... မဟုတ်သေးဘူးထင်တယ် မျောက်ဝံဖြူကြီးပြောဖူးတာတော့ နတ်ဘုရားသားရဲတွေ မရှိတော့တာ တော်တော်လေး ကြာခဲ့ပြီတဲ့... တကယ်လို့ ကျားဖြူကြီးကသာ နတ်ဘုရားသားရဲဆိုရင် သူက မရှိတော့တာ ကြာခဲ့ပြီလို့ ပြောပါ့မလား...

မျောက်ဝံကြီးကလည်း တစ်ခါမှ မလိမ်ဖူးဘူးဆိုတော့ သူပြောတာတွေက မဖြစ်နိုင်ပါဘူး...

ယခုမှ ဂရုတစိုက်တွေးတောကြည့်မိသည့်အခါ တောင်ပေါ်မှ ယောင်ကျင့်ကြံသူများက တောင်ပေါ်မှ ထွက်သွားရသည်ကို နှစ်သက်ပုံမရပေ။ သူတို့ တောင်ပေါ်မှ ရံဖန်ရံခါထွက်သွားသည်မှာ အစားအစာရှာဖွေရန် သို့မဟုတ် ကစားစရာအချို့ရှာဖွေရန် စသည့်အကြောင်းပြချက်များကြောင့်သာဖြစ်သည်။ ရံဖန်ရံခါတွင် ဖူလီ ဆော့ကစားနိုင်ရန်အတွက် ဘုရင်ကန်းလဲ့နှင့် မျောက်ဝံဖြူကြီးတို့က သူ့ကို ကမ်းခြေသို့ခေါ်သွားလေ့ရှိသည်။ သို့ရာတွင် ထိုသို့အပြင်ထွက်သွားတိုင်း သူတို့ဘေးပတ်ပတ်လည်တွင် အရံအတားများ ချထားလေ့ရှိသည်။

ထိုအချိန်က သူတို့ ဖူလီကို ကာကွယ်လိုသောကြောင့် ထိုသို့ပြုလုပ်ရခြင်းဟုသာ ထင်ခဲ့သည်။ သို့ရာတွင် ယခုမှ ဂရုတစိုက် တွေးကြည့်မိသောအခါ တောင်ပေါ်မှ ယောင်ကျင့်ကြံသူများက ပုံပန်းသွင်ပြင်အရဆိုလျှင် သာမန်ယောင်ကျင့်ကြံသူများနှင့် အနည်းငယ် ကွဲပြားနေပေသည်။

ဘုရင်ကန်းလဲ့၏အစွယ်က အခြားသော တောဝက်များထက် ပိုချွန်သည်။ အကြီးအကဲမျောက်ဝံဖြူကြီးက အခြားသော မျောက်ဝံဖြူများထက် အရပ်ပိုရှည်ပြီး ပိုပိန်သည်။ အကြီးအကဲဆိတ်ဖြူကြီး၏ ဦးချိုများက ကွေးကောက်လွန်းနေ၍ စက်ဝိုင်းပုံစံပင်ဖြစ်နေသည်။ ကျားဖြူကြီး၏ အမွေးများကလည်း အလွန်ဖြူဖွေးလှသည်။ ရစ်ငှက်အစ်မကြီး၏ အတောင်ပံများကလည်း အလွန်ပြန့်ကားနိုင်ပေသည်။ စာကလေးကလည်း လူသားအသွင်သို့ မပြောင်းနိုင်ပေ။ ဦးလေးလိပ်၏ လည်ပင်းကလည်း ရှည်လွန်းသည်။

ဖူလီက ယခုအခါမှ သူတို့နှင့် အခြားတိရစ္ဆာန်များ မည်မျှကွာခြားနေကြောင်း သတိပြုမိသည်။ ဦးလေးများနှင့် အစ်မများက သူတို့ကလေးဘဝတွင် မျိုးနွယ်တူများထံမှ မခံမရပ်နိုင်မှုများစွာကို ခံစားရပြီး နောက်ဆုံးတွင်မှ တစ်နေရာတည်းတွင် စုဝေးကာ သူ့ကို ပြုစုစောင့်ရှောက်ပေးကြခြင်းဖြစ်သည်။ ဖူလီ၏ နှလုံးသားထဲတွင် ခါးသက်သက်နာကျင်မှုတစ်ခု ဖြစ်တည်လာသည်။

တကယ်ဆိုရင် သူက သာမန်ယုန်တစ်ကောင် မဟုတ်ဘူးဆိုတာ သူတို့ပြောနိုင်ကြမှာပဲမလား... အဲဒါကြောင့်မို့ သူ့ကို ပြုစုစောင့်ရှောက်ပေး၊ ချစ်ခင်ပေးပြီး အကောင်းဆုံးအရာတွေပဲ ပေးခဲ့တာပေါ့လေ... ဘုရင်ကန်းလဲ့က ဟင်းချက်တာညံ့တယ်၊ အကြီးအကဲဆိတ်ဖြူကြီးက အမြဲ အိပ်ရာပေါ် ခွေနေတယ်၊ မျောက်ဝံဖြူကြီးနဲ့ ဦးလေးလိပ်က အမြဲတမ်းစကားများကြတယ်၊ အစ်မကြီးရစ်ငှက်က စိတ်ဆိုးလွယ်တယ်၊ ကျားဖြူကြီးက အမြဲငြိမ်‌ငြိမ်နေတတ်ပြီး စာကလေးက သူ့လှိုဏ်ဂူဝမှာ နားမချမ်းသာစရာ သီချင်းတွေ လာဆိုပြနေတတ်တယ်... ဒါတွေကလွဲရင် သူတို့အားလုံးက လောကကြီးမှာ အကောင်းဆုံးမိစ္ဆာတွေပဲ...

ဖူလီက တစ်ကြိမ်တစ်ခါမှ ဤမျှအထိ နောင်တ မရခဲ့ဖူးပေ။ အကယ်၍ သူ ယခင်ကပိုပြီး အကင်းပါးခဲ့ပါက သူ့ကိုစောင့်ရှောက်ပေးသော အကြီးအကဲများ၏ ကွဲပြားမှုများကို သတိပြုမိခဲ့လိမ့်မည်ဖြစ်သည်။ သူ ဘုရင်ကန်းလဲ့ ချက်ပြုတ်ထားသည်များကို သေသေချာချာစားပြီး အစ်မကြီးရစ်ငှက်ထံမှ တိုက်ခိုက်နည်းများကို သင်ယူခဲ့မည်ဖြစ်သည်။ မျောက်ဝံဖြူကြီးနှင့် ဦးလေးလိပ်တို့ အလွန်စကားများသည်ကိုလည်း အထင်မသေးခဲ့မည့်အပြင် ကျားဖြူကြီးက တိတ်ဆိတ်လွန်းသောကြောင့် သူနှင့် နှစ်ယောက်တည်း မနေချင်ဟု တွေးခဲ့မိမည် မဟုတ်ပေ။ သူ စာကလေးထံသို့သွားပြီး ပြဿနာရှာခဲ့မည်လည်း မဟုတ်ပေ။ အနည်းဆုံး သူတို့အားလုံး သူ့ကိုစိတ်မပူရအောင် ကောင်းကောင်းဆက်ဆံခဲ့မိမည်ဖြစ်သည်။

ဤကမ္ဘာပေါ်မှ သက်ရှိအရာအားလုံးက ဖြစ်ပျက်ခြင်း စက်ဝန်းအတိုင်းလှည့်ပတ်နေပြီး 'အကယ်၍' ဟူသောအရာမျိုး မရှိနိုင်ကြောင်း မျောက်ဝံဖြူကြီးက ပြောပြခဲ့ဖူးသည်။

သူ ငယ်ရွယ်စဉ်က နားမလည်ခဲ့ပေ။ ယခုချိန်တွင် အားလုံးကို သေချာသိပြီး နားလည်လာသောအခါတွင်လည်း နည်းမလည်သည်က ပိုကောင်းမည်ဟုတွေးနေမိသည်။

" မင်း မင်း ဘာဖြစ်တာလဲ..."

ကျားမိစ္ဆာက သူ့ဘေးနားမှလူ၏ လှုပ်ရှားမှုက ရုတ်ချည်းရပ်တန့်သွားသည်ကို သတိထားမိလိုက်သည်။ တစ်ဖက်သို့လှည့်ကြည့်လိုက်သည့်အခါ ဖူလီ၏ အသားအရည်က သေလုမျောပါးဖြူဖျော့နေပြီး မျက်လုံးများကလည်း ယုန်တစ်ကောင်သဖွယ် နီရဲနေသည်ကို တွေ့လိုက်ရသည်။

" ဟေး ငါ့ကို လာမနောက်နဲ့နော်... ငါက ကျားဖြူတွေ မိစ္ဆာဖြစ်တဲ့အထိ ကျင့်ကြံဖို့ မဖြစ်နိုင်ဘူးလို့ပဲ ပြောလိုက်တာ အဲ့လောက်ဝမ်းနည်းစရာ လိုလို့လား..."

" မင်းနဲ့ ဘာမှမဆိုင်ပါဘူး..."

ဖူလီက ကျားမိစ္ဆာကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။

" အဲ့ဘက်ကို‌ဆက်လျှောက်သွားလိုက် ဝန်ထမ်းတစ်ယောက်က မင်းကိုစောင့်နေလိမ့်မယ်..."

ကျားမိစ္ဆာက စကား အနည်းငယ်ဆက်ပြောလိုသော်လည်း ဖူလီ၏ အမူအရာက အခြေအနေမကောင်းသည်ကိုမြင်၍ သူ့စကားလုံးများကို မျိုချလိုက်သည်။

ဘယ်လိုတောင် စိတ်သဘောထားသေးသိမ်တဲ့ မိစ္ဆာလဲ သူဒီတိုင်းပြောလိုက်တဲ့ စကားလေးတွေကိုတောင် သည်းမခံနိုင်ဘူး... နောက်ဆို စကားလျှော့ပြောမှပဲ...

ဖူလီက တောင်ပေါ်မှ ယောင်ကျင့်ကြံသူများအကြောင်းကို တွေးနေစဉ်တွင် သူတို့အားလုံးက မျိုးနွယ်တူများနှင့် အနည်းငယ်ကွဲပြားနေသည်ကို သတိပြုမိသွားသည်။ သူတို့တောင်ကိုလည်း ရောင်ပြန်မြူတောင် မဟုတ်ပဲ မြူလွှမ်းနယ်မြေဟု ခေါ်ခြင်းဖြစ်နိုင်သည်။ ထိုနေရာက အပြစ်အနာအဆာရှိသည့် ယောင်ကျင့်ကြံသူများ သီးသန့်နေထိုင်ရာဖြစ်သည်။ ၎င်းက လောကကြီးနှင့် တသီးတခြားဖြစ်နေသည့် နေရာဖြစ်၍ မြူလွှမ်းနယ်မြေဟု သူ အမည်ပေးလိုက်သည်။

‌စိတ်ထဲတွင် အကြောင်းအရာမျိုးစုံရောပြွန်းနောက်ကျိနေလျက် အချိန်မည်မျှကြာအောင် လမ်းလျှောက်မိသည်ကို မသိသော်လည်း အသိစိတ်ပြန်ကပ်လာချိန်တွင် ကျွမ်းချင်၏ဗီလာတည်ရှိသည့်နားသို့ ရောက်လာသည်ကို သိလိုက်ရသည်။ သူ ဤနေရာသို့ အကြိမ်ပေါင်းများစွာ လာခဲ့ဖူး၍ သူ့ခန္ဓာကိုယ်က အကျင့်ဖြစ်နေခြင်းလည်း ဖြစ်နိုင်သည်။

ဂိတ်မှ လုံခြုံရေးအစောင့်များက ဖူလီ့ကို မှတ်မိနေကြပြီဖြစ်သည်။ သူ့ကိုမြင်သည့်အခါ လက်မှတ်ထိုးရုံသာထိုးခိုင်းပြီး အထဲဝင်ခွင့်ပြုလိုက်သည်။

ဖူလီက မီးတိုင်များ၏အောက်တွင်မတ်တပ်ရပ်နေကာ မြေပြင်ပေါ်မှ သူ့အရိပ်ကို ငုံ့ကြည့်နေသည်။ ရုတ်တရက် သူ ကျွမ်းချင်ကို သွားမရှာချင်တော့ပေ။

သူ့ရဲ့ အကြီးအကဲတွေ တသီးတခြားစီနေတယ်ဆိုတာ တခြားမိစ္ဆာတွေကို သူတို့အကြောင်း မသိစေချင်လို့လေ သူကဘာလို့ တခြားလူတစ်ယောက်ကို ဒီအကြောင်းတွေ ပြောပြရမှာလဲ...

သူ စိတ်ဓာတ်ကျစွာဖြင့် ထိုင်ချလိုက်ပြီး ဒူးနှစ်ဖက်ကို ပိုက်ထားကာ ငေးငိုင်နေသည်။

လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ထောင်ခန့်ကမူ သူ စိတ်ဆိုးပြီး မည်သည့်နေရာတွင် ပုန်းနေစေကာမူ အကြီးအကဲများက သူ့ကို အမြဲရှာတွေ့ပြီး ကစားစရာလေးများဖြင့် ချော့မြူကာ ပြန်ခေါ်သွားတတ်သည်။

အခု အဲ့လိုမဖြစ်နိုင်တော့ဘူးပေါ့လေ...

" ဖူလီ မင်း ဒီနားမှာ ဘာထိုင်လုပ်နေတာလဲ..."

ကျွမ်းချင်က သူ့ဘေးနားလျှောက်လာပြီး ခါးကိုင်းကာငုံ့ကြည့်လိုက်သည်။