အပိုင်း ၁၀၀
Viewers 17k

Chapter 100
ရွေးချယ်မှု



"ဖူလီ မင်းဘာလုပ်နေတာလဲ..."

" ငါ..."

ဖူလီက လမ်းမီးရောင်များဖြင့် လွှမ်းခြုံထားသည့်လူကို မော့ကြည့်လိုက်မိသည်။ ထိုလူ၏ အရပ်ရှည်ရှည်၊ ခံ့ညားသောမျက်နှာနှင့် ပိုင်ဆိုင်ထားသည့် တည်ကြည်လေးနက်မှုတို့က ယောင်လောကမှ မိစ္ဆာများစွာကို ဦးညွတ်ရိုသေချင်စိတ် ဖြစ်လာစေနိုင်သည်။

ကျွမ်းချင်က သူ့ရှေ့တွင် ထိုင်ချလိုက်သည်။
" မင်း ညဘက်ကြီး ဒီမှာထိုင်ပြီးတော့ လမ်းပေါ်က ပုရွက်ဆိတ်တွေကို ရေနေတာလား..."

" ညဘက်ကြီးဘယ်က ပုရွက်ဆိတ်ရှိမှာလဲ..."
ဖူလီက သူ့ဒူးနှစ်ဖက်ကို တင်းကြပ်စွာဖက်ထားလိုက်သည်။

" မင်း ဒီမှာ ဘာလုပ်နေတာလဲ..."

" အဲ့မေးခွန်းကို ငါက မင်းကိုမေးသင့်တာ..."
ကျွမ်းချင်က မတ်တပ်ရပ်ပြီး ဖူလီ့ကို ဆွဲထူလိုက်သည်။
" မင်းက ငါ့အိမ်အပြင်ဘက်မှာ ရောက်နေတာလေ..."

ဗီလာထဲတွင် မီးရောင်များက တောက်ပလင်းလက်နေပြီး ၎င်း၏ရောင်ခြည်က ပြတင်းပေါက်များကို ထိုးဖောက်ကာ အိမ်အပြင်ဘက်ကို ထွန်းလင်းနေစေသည်။ ဖူလီက လက်နှစ်ဖက်လုံးကို ဘောင်းဘီအိတ်ကပ်ထဲ ထိုးထည့်လိုက်သည်။ ဆောင်းဦးလေပြည် တိုက်ခတ်လာချိန်တွင် သူ့ပခုံးများကို ကျုံ့ထားလိုက်မိပြီး ပြုံးပြလိုက်သည်။

" ငါ ဒီလိုပဲ လမ်းလျှောက်ထွက်တာပါ..."

" ဒီလိုပဲ လမ်းလျှောက်ထွက်တာ ငါ့အိမ်ရှေ့ကို ရောက်လာတယ်ပေါ့လေ... ဒီမှာ ခဏစောင့်နေဦး..."

ကျွမ်းချင်က အိမ်ထဲပြေးဝင်သွားပြီးနောက် အမြန်ပြန်ထွက်လာသည်ကို ဖူလီကြည့်နေမိသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူက ဖူလီ့ရှေ့ကို ပြန်ရောက်လာသည်။
" ဘာလုပ်မလို့လဲ..."

" ငါ မင်းကို ပြန်လိုက်ပို့ပေးမယ်လေ... လျှောက်သွားမနေနဲ့တော့..."

ထို့နောက် ကားဂိုထောင်ထဲဝင်သွားပြီး ကားစက်နှိုးလိုက်သည်။ ကျွမ်းချင် အသည်းအသန်ဖြစ်နေသည်ကို ဖူလီ နောက်မှ ကြည့်နေမိသည်။ ရုတ်တရက် သူ့ရှေ့မှ မြင်ကွင်းက အနည်းငယ်ရယ်ရသည်ဟု တွေးမိသွားသောကြောင့် မရယ်မိဘဲ မနေနိုင်တော့ပေ။

ကျွမ်းချင်က ဖူလီ့ရှေ့တွင် ကားလာရပ်ပြီး ပြတင်းပေါက်မှန်ချလိုက်သည်။
" တက်လေ..."

ဖူလီက နာခံစွာဖြင့် ကားပေါ်တက်ပြီး ခါးပတ်ပတ်လိုက်သည်။ သူ ကျွမ်းချင်ကို ရုတ်ချည်း‌ထပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ်..."

" မင်း အရင်တုန်းက ဒီလောက်ယဉ်ကျေးတာ ငါ မမြင်ဖူးပါဘူး..."

ကျွမ်းချင်က ဗီလာထဲမှ ‌ကားမောင်းထွက်လာခဲ့သည်။ ဂိတ်မှထွက်လာသည်နှင့် ရှေ့တည့်တည့်မှလမ်း‌ပေါ်တွင် သက်ကြီးစုံတွဲနှစ်ယောက် လမ်းကူးလာသည်ကို မြင်လိုက်ရသည်။ ကားရပ်ပြီး ကားမီးကိုမှိန်ပေးလိုက်သည့်အခါမှသာ သက်ကြီးပိုင်းစုံတွဲနှစ်ယောက်က လမ်းကို သေချာကူးနိုင်သွားသည်။ ထိုအခါမှသာ သူ ကားမောင်းထွက်လာခဲ့သည်။

သစ်ရွက်များအကြားမှ ထိုးဖောက်လာသည့် လမ်းမီးရောင်များက ကျွမ်းချင်၏မျက်နှာထက်တွင် တောက်ပနေသည်။ သူ့ဘေးမှာ ထိုင်နေသူက အသက်မပြည့်သေးသည့် နဂါးတစ်ကောင်မဟုတ်ဘဲ ကျင့်ကြံရေးလောက ဆက်လက်ရှင်သန်ရေးအတွက် ပိုင်နယ်နက်မြေတစ်ခုကို ထောက်တိုင်အဖြစ် ပြုလုပ်ပေးထားသော တည်ကြည်လေးနက်သည့် အမျိုးသားတစ်ယောက်ဖြစ်ကြောင်း ဖူလီ ရုတ်ချည်းသဘောပေါက်သွားမိသည်။ ယခုလက်ရှိ ယောင်လောက၏ စံနှုန်းများက လွန်ခဲ့သည့် နှစ်တစ်ထောက်ခန့်ကနှင့် လုံးဝကွာခြားသွားသည်ကို သူ မြင်တွေ့နိုင်ပေသည်။

သူ အမှန်တရားဟု သတ်မှတ်ထားသည့် အရာအားလုံးက သူ့ကို အတိတ်တွင်သာ ပိတ်မိနေစေပြီး ရောင်ပြန်မြူတောင်မှ မထွက်ခွာလာနိုင်အောင် ပြုလုပ်နေပေသည်။

အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးသွားပြီး လောကကြီးကလည်း ပြောင်းလဲနေတယ် ဒါပါပဲလေ...

ဒြပ်ဝတ္ထုများက တစ်စက္ကန့်ဟူသော အချိန်အတွင်းတွင် ပြောင်းလဲသွားသည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးမှ ဝိညာဉ်ချီဓာတ်များ မြင့်တက်လာပြီး ဝိညာဉ်ချီဓာတ် ဝဲဂယက်ကြီးအဖြစ် ပြောင်းလဲသွားကာ ကျွမ်းချင်၏ကားရှိရာသို့ တစ်ဟုန်ထိုးလာနေသည်။

ကောင်းကင်ယံမှ မူမမှန်မှုများကို သတိပြုမိသောကျွမ်းချင်က သူ့ဘေးနားတွင် အဆင့်တက်လုဆဲဆဲ အခြေအနေသို့ ဝင်ရောက်နေသည့် ဖူလီကို တစ်ချက်ကြည့်လိုက်သည်။ ခါးပတ်ကိုဆွဲဖြုတ်ကာ ကားစတီယာရင်ကို တစ်ချက်ရိုက်ပြီးနောက် လူပြတ်သည့် လမ်းကြားတစ်ခုထဲ မောင်းဝင်သွားပြီး ကားရပ်လိုက်သည်။

လေပွေက မြေပြင်ပေါ် ကြွေကျနေသည့် သစ်ရွက်များကို တိုက်ခတ်သွားသည်။ ကျွမ်းချင်က အပေါ်ဝတ်ရုံကို ချွတ်လိုက်ပြီး ကားတံခါးဖွင့်ကာ အပြင်ထွက်လာသည်။  အမှောင်ထုထဲတွင် မရေမတွက်နိုင်သည့် မိစ္ဆာသားရဲပေါင်းများစွာပေါ်လာပြီး သူတို့မျက်စိရှေ့တွင် ထူးဆန်းသည့် အလင်းတစ်မျိုး ဖြာထွက်လာသည်။ ကျွမ်းချင်က လမ်းကြားထဲကို ဝန်းရံထားသည့် မြောက်များစွာသော တိရစ္ဆာန်များကို ကြည့်လိုက်သည်။ သူ၏ ဇာတာခွင်ဓားက လက်ထဲတွင် ပေါ်လာသည်။

" ငါဆိုတဲ့ ကျွမ်းချင်က ဒီနေ့ ဒီနေရာမှာ ရှိနေတယ် ဘယ်သူ ရှေ့တိုးလာရဲသလဲ..."

သူ့ မျက်လုံးများ မှေးကျဉ်းလိုက်သည့်အခါ ရေခဲတမျှအေးစက်ပြီး ခက်ထန်လှသောအကြည့်က သူ့ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။ တစ်ခဏတွင်းချင်းမှာပင် ‌မိစ္ဆာသားရဲတစ်ဝက်ခန့်က ထွက်ခွာသွားကြသည်။

ကျားသစ်မိစ္ဆာတစ်ကောင်က နံရံပေါ်တွင် ရပ်နေသည်။၎င်း၏ အမြီးသုံးချောင်းက အနည်းငယ်ကွေးနေပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကလည်း ရှေ့သို့ကိုင်းညွတ်ထားသည်နှင့်တူသည်။ သူက ထွက်ခွာသွားမည့်ပုံ မပေါ်ပေ။ ယောင်လောကတွင် ဝိညာဉ်ချီဓာတ်က လျော့ပါးလာပြီဖြစ်၍ အဆင့်တက်လုဆဲဆဲ ယောင်ကျင့်ကြံသူများက ဤလောကတွင် ဝိညာဉ်ချီဓာတ်များစွာ သိမ်းဆည်းထားသည့်အရာများဖြစ်သည်။ အကယ်၍ ထိုလူကို တစ်ယောက်ယောက်က စားလိုက်ပါက တိုင်းတာ၍ မရနိုင်သော ကျင့်ကြံဆင့်ကို ရရှိနိုင်ပေသည်။ တွေးတောဆင်ခြင်နိုင်စွမ်းရှိသော ယောင်ကျင့်ကြံသူများက ထိုသို့သောအတွေးမျိုးကို မတွေးကြသော်လည်း မကောင်းဆိုးဝါးမိစ္ဆာများကမူ ထိုဆွဲဆောင်မှုကို မထိန်းချုပ်နိုင်ကြပေ။

ဝှစ်...
ငွေရောင်အလင်းတန်းတစ်ခု ဖြာထွက်သွားပြီး ကျွမ်းချင်က မူလနေရာသို့ ပျံသန်းလာသည်။ ရှေ့တိုးလာတော့မည့် ကျားသစ်မိစ္ဆာမှာ အမြီးသုံးချောင်းတွင် နှစ်ချောင်းဆုံးရှုံးသွားကာ သွေးများအဆက်မပြတ်စီးကျနေသည်။

" နောက်ထပ် မိစ္ဆာတစ်ကောင် ရှေ့တိုးလာဦးမယ်ဆိုရင် အဲ့အခါကျ အမြီးတင်မကဘူး ခေါင်းပါပြတ်မယ်..."

ကျွမ်းချင် သူ့ဓားကို ခါလိုက်သည့်အခါ ဓားအဖျားမှ သွေးစက်က မြေပြင်ပေါ် ကျသွားသည်။

ပတ်ဝန်းကျင်မှ သားရဲအများစုက တိတ်တဆိတ်ထွက်ခွာသွားကြပြီး အမှောင်ထဲတွင် မိစ္ဆာသုံးကောင်သာ ကျန်ရစ်ခဲ့တော့သည်။

" မင်းတို့အားလုံး ထွက်လာကြ..."

ကျွမ်းချင်က အမှောင်ထဲကို စိုက်ကြည့်နေသည်။
" မင်းတို့သုံးယောက်က စီမံခန့်ခွဲရေးဗျူရိုရဲ့ စည်းမျဉ်းနဲ့ ဆန့်ကျင်တဲ့ကိစ္စကို လုပ်ဖို့ ဆုံးဖြတ်ပြီးပြီဆိုမှတော့ ဘာလို့ ပုန်းနေသေးတာလဲ..."

" နဂါးသခင်ကျွမ်းက သတ္တိရှိတဲ့အပြင် ဉာဏ်အမျှော်အမြင်လည်းရှိတာပဲ ... ဓားရေးကလည်း ပြီးပြည့်စုံနေပြီ..."

အဖြူရောင်မုတ်ဆိတ်မွေးများနှင့် လူတစ်ယောက်က လမ်းကြားထဲမှ ထွက်လာသည်။ ကျွမ်းချင် ဤမိစ္ဆာကို ယခင်က မြင်ခဲ့ဖူးသည်။ ချင်းရှောင်ဂိုဏ်းချုပ်ကျောက်ရှို့၏ မွေးနေ့ပွဲတွင် ထိုလူက သူတို့နှင့်အတူ စားပွဲတစ်ဝိုင်းတည်း ထိုင်ခဲ့သည်။

ထို ယောင်ကျင့်ကြံသူ၏ မူရင်းပုံစံက တောခွေးဖြစ်ပြီး နှစ် ၃၅၀၀နီးပါး ကျင့်ကြံထားသူဖြစ်သည်။ ကျင့်ကြံရေးလောကတွင်မူ သူက အတွေ့အကြုံနှင့် အသိပညာရှိသော အကြီးအကဲတစ်ယောက်ဟု ဆိုနိုင်ပေသည်။ သူ၏ အကျင့်စရိုက်က ကောင်းသည်ဆိုးသည်ကို မခွဲခြားနိုင်သော်လည်း သူ ယခင်က မည်သူ့ကိုမှ အန္တရာယ်မပြုခဲ့ဖူးပေ။

သူက လူသားများကို အန္တရာယ်မပြုခြင်းက ဟုတ်မှန်ပုံမရဘဲ ဟန်ဆောင်ကောင်းခြင်းသာ ဖြစ်ပုံပေါ်သည်။  အကျိုးကျေးဇူးမရနိုင်သည့် အခြေအနေများတွင်မူ သူ၏သဘာဝကို ကောင်းမွန်စွာ ဖုံးကွယ်ထားနိုင်ခဲ့သည်။

တောခွေးနှင့်အတူ ပေါ်လာသည့် မိစ္ဆာနှစ်ကောင်ကလည်း မွေးနေ့ပွဲသို့ တက်ရောက်ခဲ့သော အထူး‌ဧည့်သည်များ ဖြစ်ကြသည်။ ကျင့်ကြံဆင့် နက်နဲသော ထိုမိစ္ဆာအိုကြီးများများကသာ ကျွမ်းချင်နှင့်အတူ တိုက်ခိုက်ရန် ကျန်နေခဲ့ခြင်းဖြစ်ပေမည်။

" နဂါးသခင်ကျွမ်းချင် မင်းနဲ့အတူ ဆက်နွယ်ထားတဲ့ တိုင်းပြည်ကံကြမ္မာနဲ့ မင်းရဲ့ အရည်အချင်းကို ငါ လေးစားပါတယ်... ဒါပေမဲ့ ငါတို့တွေ ဒီည အဲဒိီဝိညာဥ်အသားကို ရဖို့ ဆုံးဖြတ်ထားကြတယ်... မင်း ငါတို့ကို လမ်းဖယ်ပေးရင်တော့ ပိုကောင်းလိမ့်မယ် မဟုတ်ရင် မတော်တဆ ဒဏ်ရာရအောင်လုပ်မိမှာစိုးရတယ်..."

တောခွေး၏ လောဘကြီးသောအကြည့်က ကျွမ်းချင်၏အနောက်မှကားပေါ် ကျရောက်လာသည်။

" စီမံခန့်ခွဲရေးဗျုရိုရဲ့ စည်းမျဉ်းထဲမှာ ကိုယ့်ရဲ့ ကိုယ်ကျိုးအတွက် တခြားမိစ္ဆာကို အန္တရာယ်မပြုရဘူးဆိုတာ ရှင်းရှင်းလင်းလင်းပါတယ်... ကျင့်ကြံရေးလောကမှာ ဂုဏ်သိက္ခာရှိရှိနေနေတဲ့လူတွေဖြစ်ပြီးတော့ ဒီစည်းမျဉ်းတွေကို ချိုးဖောက်တော့မှာလား..."

ကျွမ်းချင်က တွန့်ဆုတ်ခြင်းမရှိပဲ ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးလာပြီး တောခွေး၏ လောဘတကြီးအကြည့်များကို ပိတ်ဆို့လိုက်သည်။

" ဘဝင်မြင့်နေတဲ့ကလေးပဲ..."

တောခွေးက လူငယ်မျိုးဆက်ထံမှ ရိုသေလေးစားခံရသည်ကို အသားကျနေခဲ့ပြီးဖြစ်၍ အေးစက်သည့် မိစ္ဆာငယ်လေးဖြစ်သည့် ကျွမ်းချင်၏ ဆက်ဆံပုံကြောင့် မကျေမနပ်ဖြစ်သွားရသည်။ သို့သော်လည်း  တစ်ဖက်လူ၏ ရာထူးကြောင့် သူ့ခံစားချက်များကို သိသိသာသာမဖော်ပြရဲပေ။
အခု သူက ဖူလီ့အသားကို စားချင်နေတာကို ကျွမ်းချင်က ကြားဝင်ရှုပ်နေမှတော့ သူ ဘယ်လိုသည်းခံနိုင်မှာ‌တဲ့လဲ...

" ထွက်သွားစမ်း..."

ကျွမ်းချင်က အေးတိအေးစက်ဖြင့် ပြုံးလိုက်သည်။ သူက တောခွေးနှင့် စကားအချေအတင် ဖြစ်မနေတော့ပဲ ကောင်းကင်နှင့် ကမ္ဘာမြေ၏ ကောင်းချီးပေးမှုများကို ဆင့်ခေါ်ကာ သူ့‌ဓားပေါ်တွင် စုဝေးစေပြီး မိစ္ဆာသုံးကောင်ကို တိုက်ခိုက်တော့သည်။

တောခွေးနှင့် အခြားယောင်ကျင့်ကြံသူနှစ်ယောက်မှာ ကျင့်ကြံဆင့် မြင့်ကြသော်လည်း "ကံကြမ္မာ" နှင့် ရင်ဆိုင်ရသည့်အခါ ကြောက်လန့်မှုကို ခံစားနေရဆဲဖြစ်သည်။ သူတို့ ရှောင်တိမ်းနေရပြီး သနားစဖွယ် အနေထားဖြစ်နေသည်။ တောခွေးက ဆဲရေးလိုက်သည်။

" ကျွမ်းချင်ကောင်လေး မင်း အဲ့လောက်အစွမ်းထက်တယ်ဆို ကံကြမ္မာရဲ့စွမ်းအားက်ို မချေးငှားပဲ ငါနဲ့ မျှမျှတတတိုက်စမ်း..."

" ကျုပ်ဆီမှာ အရင်တည်းက ပိုင်ထားတဲ့ အစွမ်းနဲ့ သုံးယောက်တစ်ယောက် လာတိုက်တဲ့သူတွေကို ပြန်တိုက်တာလေ ဘာကြောင့် မမျှမတဖြစ်သွားရတာလဲ..."

သူ့ဓားကို တစ်ချက်လွှဲယမ်းလိုက်သည်နှင့် ဓားစွမ်းအင်ပေါင်းများစွာက တောခွေး၏မျက်နှာကို တိုက်ရိုက် တိုက်ခိုက်တော့သည်။ တောခွေးက အမြန်ရှောင်လိုက်သော်လည်း သူ့နားရွက်တစ်ဖက်က ပြတ်ထွက်သွားခဲ့သည်။ သွေးစိမ်းများကြောင့် သူ့မျက်နှာတစ်ခုလုံး နီရဲသွားပေသည်။

" ဆက်တိုက်ချင်ကြသေးလား..."

ကျွမ်းချင်က ဓားကိုဘယ်ဘက်လက်ဖြင့် ကိုင်ထားပြီး အမူအရာက အေးစက်ခက်ထန်နေသည်။

" ကျုပ် ခင်ဗျားတို့ကို ရွေးချယ်စရာနှစ်ခုပေးမယ်... ပထမတစ်ခုက ဒီည ကျုပ်ရဲ့ဓားချက်အောက်မှာပဲ သေလိုက်ကြ၊ ဒုတိယတစ်ခု အခုချက်ချင်း ဒီနေရာက ထွက်သွားပြီး စီမံခန့်ခွဲရေးဗျူရိုမှာ အပြစ်လာဝန်ခံပါ ဒီကိစ္စကို စည်းကမ်းအတိုင်းပဲ ဆောင်ရွက်ရမယ်..."

တောခွေးက လက်လျှော့လိုစိတ်မရှိသေးဘဲ မျက်နှာမှ သွေးများကို သုတ်လိုက်ပြီး ကောင်းကင်နှင့် ကမ္ဘာမြေမှ ဝိညာဉ်ချီဓာတ်များ စုပြုံလာသည်ကို ကြည့်လိုက်သည်။ ထိုသို့သော ဝိညာဉ်ချီဓာတ် ပမာဏများစွာကို အတက်အကျဖြစ်အောင် ပြုလုပ်နိုင်၍ ကားထဲတွင်ရှိသည့် စွမ်းအားကြီးမိစ္ဆာက စိတ်အခြေအနေရုတ်ချည်းပြောင်းလဲပြီး အဆင့်တက်တော့မည့် အနေအထားသို့ ဝင်ရောက်သွားမည့်ပုံပေါ်သည်။

တကယ်လို့ အဲဒီယောင်ကျင့်ကြံသူက ကျင့်ကြံဆင့်မြင့်သွားပြီး ဒီည သူတို့ရဲ့လုပ်ရပ်ကို သိသွားခဲ့ရင် အလွတ်ပေးပါ့မလား...

ဒါပေမဲ့ တကယ်လို့ သူတို့ကျွမ်းချင်ကို အခက်တွေ့အောင် ခေါင်းမာမာနဲ့ ဆက်လုပ်နေမယ်ဆိုရင် ကျွမ်းချင်ရဲ့လက်ထဲက ဝိညာဉ်ချီဓာတ်အသားကို လုယူနိုင်ပါ့မလား... လက်ရှိအခြေအနေက ဘယ်လိုမှ လွတ်လမ်းမရှိတဲ့ အနေအထားတစ်ခုမှ ပိတ်မိနေတာနဲ့ ဘာမှ သိပ်မကွာဘူး... တစ်ခုကို ရွေးရင်လည်း သေမှာ နောက်တစ်ခုဆိုရင်လည်း အသက်တိုမှာပဲ ဘာလို့ အစွမ်းကုန် မကြိုးစားကြည့်ရမှာလဲ...

" အပိုတွေ ပြော‌မနေနဲ့တော့ ဒါဆိုရင်လည်း ဒီည မင်းရဲ့စွမ်းအားအစစ်ကို ငါကိုယ်‌တိုင်မြင်အောင်ပြလေ..."

.....

ဖူလီက ထူထပ်သိပ်သည်းလှသော မြူများကြားထဲညး ခြေချလိုက်ပြီးနောက် အမွေးထူထူ လက်ဖဝါးလေးကို မြှောက်လိုက်သည်။ ဝေ့မြစ်က သွေးများကြောင့် အနီရောင်ပြောင်းသွားပြီး မြစ်ပေါ်တွင် အလောင်းများစွာ မျောပါလာသည်ကို မြင်လိုက်ရသည်။

ကျား၊ ဆိတ်၊ ဝက်၊ နွား၊ မျောက်ဝံ...

မိုးပြာနဂါးအချို့က အရိုင်းဆန်စွာဖြင့် သူတို့၏ခန္ဓာကိုယ်များကို ဝါးမျိုးစားသောက်ကာ ‌ပျော်ရွှင်စွာဖြင့် စားပွဲသောက်ပွဲကြီး ကျင်းပနေသည်။

သူ့နှလုံးသားထဲတွင် အမျက်ဒေါသ၊ သတ်ဖြတ်လိုစိတ်နှင့် အမုန်းတရားတို့ စုဝေးရောက်ရှိလာသည်။ ဖူလီက ထိုမိုးပြာနဂါးများကို အပိုင်းပိုင်းဆုတ်ဖြဲပစ်ချင်နေသည်။ သူတို့လည်မျိုများကို တစ်ချက်တည်းကိုက်ဖြတ်ပြီး အရိုးတခြားအသားတစ်ခြားဖြစ်အောင် ဆုတ်ဖြဲကာ သွေးများကို သောက်ပစ်ချင်နေသည်။

" ကမ္ဘာပေါ်က ဘယ်သက်ရှိမဆို ဒေါသ၊ အမုန်းတရား၊ လွမ်းဆွတ်မှု၊ လောဘ၊ အချစ်၊ နောင်တ ဆိုတဲ့အရာတွေနဲ့ မလွတ်ကင်းနိုင်ဘူး..."

" အသက်ရှင်နေသမျှ ကာလပတ်လုံးတော့ အဲ့အရာတွေနဲ့ မကင်းနိုင်တာ သဘာဝပဲ..."

" ရှောင်လီပြောတာမှန်တယ်... ဒါပေမဲ့ တစ်ခုတော့ မှတ်ထားရမယ်... ထူးခြားဆန်းကြယ်တဲ့ မဟာမိစ္ဆာတစ်ကောင် ဖြစ်လာချင်တယ်ဆိုရင် ခံစားချက်ခုနစ်မျိုးနဲ့ တောင့်တမှုခြောက်ပါးရဲ့ လွှမ်းမိုးတာကို မခံရဘူး... စိတ်နှလုံးကို တည်ငြိမ်အောင်ထားပြီး ကိုယ့်ကိုကိုယ် ပြန်သုံးသပ်မှ မြူတွေကို ကင်းဝေးအောင်လုပ်ပြီး အမှန်တရားကို ရှာတွေ့နိုင်လိမ့်မယ်..."

ဖူလီ ရုတ်ချည်းရပ်တန့်သွားသည်။ သွေးလွှမ်းနေသည့် ဝေ့မြစ်နားမှ သူ တစ်လှမ်းချင်း ပြန်ဆုတ်လာခဲ့သည်။

မြစ်ရေပေါ်တွင် မျောပါနေသည့် အလောင်းများက သူ့ကို မျက်လုံးအပြူးသားဖြင့် ကြည့်နေကြသည်။  မျက်ဝန်းတစ်စုံစီက 'ဘာလို့ သူတို့အတွက် လက်စားမချေပေးတာလဲ၊ ဘာလို့ မိုးပြာနဂါးတွေကို မသတ်တာလဲ၊ ဘာလို့ သူတို့ ခန္ဓာကိုယ် အကြွင်းကျန်တွေကို မိုးပြာ‌နဂါးတွေကို စားခွင့်ပြုထားရတာလဲ' ဟု မေးနေသယောင် ထင်ရသည်။

မြစ်ရေပြင်ပေါ်မှ သွေးနံ့က သူ့နှာဖျားအထိ ရောက်ရှိလာသည်။ သူ မျက်လုံးမှိတ်ထားပြီး အသက်ပြင်းပြင်းရှုလိုက်သည်။ နောက်တစ်ကြိမ် မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် သူ့ရှေ့မှ ဝေ့မြစ်က ပျောက်ကွယ်သွားသည်။ သူ့ရှေ့တည့်တည့်တွင် ပေါ်လာသည်မှာ အဖျက်ဆီးမခံရသေးသည့် ‌ရောင်ပြန်မြူတောင်ဖြစ်သည်။

" ရှောင်လီ..."

စာကလေးက သူ့ပခုံးပေါ် လာနားသည်။
" ငှက်မျိုးတစ်ရာ ဖုန်းဟွမ်ကိုရှိခိုးခြင်းအကကို မကြည့်ချင်ဘူးလား... ငါ တောင်ပေါ်ကငှက်တွေရော သစ်တောထဲကငှက်တွေပါ ခေါ်ထားတယ်..."

ထိုအခါမှသာ ဘေးနားမှ အပင်များပေါ်တွင် ငှက်ပေါင်းစုံဖြင့် ပြည့်နေကြောင်း ဖူလီသတိပြုမိလိုက်သည်။ ထိုငှက်များ၏ အမွေးအတောင်များက အရောင်အသွေးစုံလင်ပြီး ကြည်လင်နေကာ မျက်လုံးများကလည်း အရောင်တောက်နေသည်။ သူတို့၏အကြည့်များက စာကလေးနှင့် ဖူလီ့ထံတွင်သာ ရှိနေသည်။

ကျလိ ကျလိ...

စာကလေးက အတောင်ပံ တဖျတ်ဖျတ်ခတ်လိုက်ပြီး ဖူလီ့ကိုပြောလျက် ကောင်းကင်ပေါ် ပျံတက်သွားသည်။
" သေချာကြည့ထားနော်..."

မရေမတွက်နိုင်သော ငှက်ပေါင်းများစွာက စာကလေးနောက်မှလိုက်ပြီး ကောင်းကင်ပေါ်တက်သွားသည်။ သူတို့က နားဝင်ပီယံရှိလှသည့် သီချင်းများ သီဆိုနေကြပြီး ‌လှပသော ငှက်မွေးများက နေရောင်အောက်တွင် တလက်လက်တောက်ပနေသည်။ ဖုန်းဟွမ်ကခုန်ချိန်တွင် ကမ္ဘာကြီးက သူ့အရောင်အသွေးများပင် ပျောက်ဆုံးသွားနိုင်သည်။

ဖူလီက ခြုံပုတ်နားတွင် လှဲလျောင်းနေပြီး စာကလေးက အားပါးတရ ကခုန်နေသည်ကို တိတ်ဆိတ်စွာ ကြည့်နေမိသည်။ သူ့မျက်ဝန်းထဲတွင် အတိတ်ကို လွမ်းဆွတ်တမ်းတမှုတို့ဖြင့် ပြည့်နေသည်။

" ရှောင်လီ..."
ဘုရင်ကန်းလေ့က အနံ့ပြင်းပြင်းထွက်နေသော ဝိညာဉ်ဆန်ပြုတ်ထည့်ထားသည့် ကျောက်စိမ်းပန်းကန်လုံးကိုကိုင်၍ ရောက်လာသည်။

" ဆော့ပဲ ဆော့မနေနဲ့ အစာစားရမယ်လေ..."

သူ့ရှေ့မှ အငွေ့တထောင်းထောင်းနှင့် ဝိညာဉ်ဆန်ပြုတ်ပန်းကန်ကိုမြင်သည့်အခါ ဖူလီက လူသားအသွင်ပြောင်းပြီး ပန်းကန်လုံးကို ယူလိုက်သည်။

" ဘုရင်..."

ဖူလီက ကျောက်စိမ်းပန်းကန်လုံးကိုကိုင်ထားပြီး သူ့မျက်လုံးထောင့်များ နီရဲလာသည်။
" ကျွန်တော် စာကလေးရဲ့အက က အရမ်းလှတယ်လို့ ချီးကျူးခဲ့မိလား..."

ဘုရင်ကန်းလေ့က သူ့ကိုကြောင်အစွာကြည့်နေသည်။

" ကျွန်တော် အားလုံးကို အရမ်းသတိရတယ်..."
သူ မျက်တောင်ခတ်လိုက်ချိန်တွင် မျက်လုံးထောင့်များက ပိုမိုရဲတွတ်လာသည်။

" ကျေးဇူးတင်ပါတယ်..."

သူ့ဘေးနားမှ ရောင်ပြန်မြူတောင်၊ ငှက်မျိုးတစ်ရာ ဖုန်းဟွမ်ကိုရှိခိုးခြင်းအကနှင့် ရိုးသားဖြောင့်မတ်သော ဘုရင်ကန်းလေ့၏ပုံရိပ်က တဖြည်းဖြည်းဝေဝါးလာသည်။ ဖူလီက ကျောက်စိမ်းပန်းကန်လုံးကို မြေကြီးပေါ် ချထားလိုက်သည်။ သူက အဖြူရောင်ယုန်လေးအဖြစ် ပြန်လည်အသွင်ပြောင်းပြီး မူလနေရာတွင် ပြန်လှဲလျောင်းနေကာ ဘေးနားမှ အရာအားလုံးက အမှောင်ထုအဖြစ် ပြန်လည်ပြောင်းလဲသွားသည်ကို ကြည့်နေလိုက်သည်။

ဘန်း...

ကျောက်စိမ်းပန်းကန်လုံးထဲမှ ဝိညာဉ်ဆန်ပြုတ်က အနည်းငယ် လှုပ်ခါသွားသည်မှာ ဘေးပတ်ဝန်းကျင်မှ ပုံရိပ်ယောင်အားလုံးကို အစွမ်းကုန်ထိန်းသိမ်းထားသည့်ပုံမျိုးဖြစ်နေသည်။

" ဘုရင်ကန်းလေ့က ဒီလောက်အရသာရှိတဲ့စွပ်ပြုတ် မလုပ်နိုင်ဘူး..."

ဖူလီ၏ မျက်လုံးများ ရုတ်ချည်းပြူးကျယ်သွားသည်။ သူ့မျက်ခုံးနှစ်ခုအကြားတွင် အနီရောင်မျဉ်းတစ်ကြောင်း ပေါ်လာသည်။ ကောင်းကင်ယံကိုကြည့်ပြီး သူ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

ဂရား...

ခွက်...