Chapter 101
ကျောက်စိမ်းပန်းကန်လုံး ကျကွဲသွားပြီး အဆုံးမဲ့အမှောင်ထုထဲ ပျောက်ကွယ်သွားသည်။ အဆုံးမဲ့ဝိညာဉ်ချီဓာတ်များက ဖူလီ့ကိုယ်ထဲ တစ်ဟုန်ထိုး ဝင်ရောက်လာပေသည်။ ထူထပ်သိပ်သည်းလှသော တိမ်တိုက်များက ကောင်းကင်ယံတွင် လှည့်ပတ်နေသည်။ အတိဒုက္ခတိမ်တိုက်များ ကျဆင်းလုဆဲဆဲဖြစ်လာသည်။
လျှပ်စီးများလက်ပြီး မိုးခြိမ်းလာကာ မိုးများ ဒလဟောရွာချလာသည်။ မိုးရေများက ကျွမ်းချင်၏ဓားပေါ်မှ သွေးများကို ဆေးချလိုက်သည်။ သူ့မျက်နှာထက်မှ မိုးရေများကို သုတ်လိုက်ပြီး ကားဘေးနားကို လျှောက်လာလိုက်သည်။ ကောင်းကင်ယံမှ အတိဒုက္ခတိမ်တိုက်များကိုကြည့်ကာ ကားတံခါးဖွင့်ပြီး ဖူလီ့ကိုဖက်ထားလိုက်သည်။ ဝေးကွာလှသည့် အကွာအဝေးတစ်ခုကို အလွန်လျင်မြန်စွာကျော်ဖြတ်သွားပြီးနောက် မျက်စိတစ်ဆုံးမြင်ရသည့် ပင်လယ်ပြင်ကြီးဆီသို့ သွားလိုက်သည်။
ယောင်ကျင့်ကြံသူများ အဆင့်တက်သည့်အခါ အတိဒုက္ခမိုးကြိုးကို ရင်ဆိုင်ရပေသည်။ ၎င်းက ခန္ဓာနှင့် ဝိညာဉ်ကို တည်ငြိမ်အောင်ပြုလုပ်သည့်ပုံစံမျိုးဖြစ်ပြီး မည်သူမှ ကူညီ၍ မရပေ။
ကျွမ်းချင်က ဖူလီ့ကို ပင်လယ်ရေမျက်နှာပြင်ပေါ် ချထားလိုက်ပြီး ရွှေနဂါးအသွင်ပြောင်းကာ ဖူလီ့အတွက် အကာအကွယ်မှော်အစီအရင် ပြုလုပ်ပေးထားသည်။
ပထမမိုးကြိုး...
ဒုတိယမိုးကြိုး
တတိယမိုးကြိုး
နဝမမြောက်မိုးကြိုး...
ဂရား...
ပင်လယ်ကြမ်းပြင်မှ နားပင်းလုမတတ် သားရဲအော်သံကြီးထွက်ပေါ်လာသည်။
အဆုံးမဲ့ဝိညာဉ်ချီဓာတ်များက ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး ပင်လယ်နှင့် ကမ္ဘာမြေပြင်ကို လွှမ်းခြုံထားသည်။ ပင်လယ်ထဲတွင် ကူးခတ်နေကြသည့်ငါးများက ပျော်ရွှင်စွာဖြင့် ရေပေါ်ခုန်တက်လာပြီး ကောင်းကင်ဘုံက သူတို့ကိုချီးမြှင့်သည့် လက်ဆောင်များကို လက်ခံနေကြသည်။
ကျွမ်းချင်က လူသားအသွင်ပြန်ပြောင်းပြီး ဖူလီ့ထံသို့ လျှောက်သွားသည်။
ပင်လယ်ရေမျက်မှာပြင်ပေါ်တွင် လှဲလျောင်းနေသည့်ယုန်လေးမှာ အရှည်က သုံးဆယ်မှ လေးဆယ်စင်တီမီတာခန့်အထိ ရှိပြီး မျက်ခုံးနှစ်ခုအကြားတွင် အနီရောင်အမွေးဖွားလေးတစ်ခု ရှိနေသည်။ ၎င်း၏ လက်သည်းလေးချောင်းလုံးက ချွန်ထက်နေပြီး မျက်လုံးက ရွှေရောင်တလက်လက်တောက်ပနေသည်။ ရန်မူလိုသည့် ချီဓာတ်များက လျှံကျနေပေသည်။
သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားသည်။ တစ်ဖက်မှ ယုန်လေး၏ ရွှေရောင်မျက်ဝန်းထဲတွင် အနီရောင်ကြိုးမျှင်တန်းများစွာကို ကျွမ်းချင်မြင်လိုက်ရသည်။ သူ ခဏတာ ငြိမ်သက်နေပြီးသည့်နောက်တွင် ယုန်လေးကိုချီပြီး သူ့လက်မောင်းကြားထဲတွင် ထိုင်စေလိုက်သည်။
" ဒီလောက်အကြာကြီး ရုန်းကန်နေခဲ့ပြီးတာတောင်မှ မင်းရဲ့ကိုယ်လုံးက နည်းနည်းပဲ ကြီးလာတာလား..."
သူက ယုန်မွေးလေးကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ သူ့လက်ညှိုးမှ နဂါးသွေးတစ်စက်ထွက်လာပြီး ယုန်လေး၏ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်။ ရန်မူလိုသည့် ချီဓာတ်က အရိပ်အယောင်ပင် မမြင်ရတော့ဘဲ ပျောက်ကွယ်သွားသည်။
ခဏအကြာတွင် ပင်လယ်ကြမ်းပြင်မှ လေပွေတစ်ခု မြင့်တက်လာသည်မှာ ရေထဲမှ တစ်စုံတစ်ရာ ထွက်လာတော့မည့်ပုံစံဖြစ်နေသည်။
ကျွမ်းချင်၏ အမူအရာပြောင်းလဲသွားသည်။ ခွန်အားအပြည့်အဝ ပြန်မရသေးသည့်ဖူလီ့ကိုချီပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားလိုက်သည်။ အချိန်တိုအတွင်းမှာပင် ထူးဆန်းသော ဧရာမသတ္တဝါကြီးက ပင်လယ်ထဲမှ ထွက်လာသည်။ ထိုသတ္တဝါကြီး၏ လည်ဆံမွေးများက အပေါ်သို့ထောင်တက်နေ၍ ကြည့်ရသည်မှာ အလွန် အကျည်းတန်လှပေသည်။
သူက ကျယ်လောင်စွာအော်ဟစ်လိုက်၍ ပင်လယ်ရေမျက်နှာပြင်တစ်ခုလုံး လှုပ်ခါသွားသည်။ ခြောက်သွေ့နေသည့်မြေပေါ်ကို ပင်လယ်ရေများ တွန်းတင်လိုက်သကဲ့သို့ ပင်လယ်ရေလှိုင်းများထန်လာသည်။
" ထောင်ဝူလား... သူ့ကိုဘာလို့ ပင်လယ်ထဲ ချိတ်ပိတ်ထားတာလဲ..."
ကျွမ်းချင်၏ အမူအရာ သိသိသာသာပြောင်းလဲသွားသည်။
ဒဏ္ဍာရီထဲတွင် ထောင်ဝူက အခြားသောသားရဲမိစ္ဆာများစွာဖြင့် တိုက်ခိုက်နေလျက် စန်းဝေ့တောင်ပေါ်တွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
ဘာလို့ ဒီအချိန်မှ ပြန်ပေါ်လာတာလဲ...
ပင်လယ်အထက်မှ လေစီးဆင်းမှုနှင့် ဘေးပတ်ပတ်လည်တွင် ပင်လယ်ရေများ အဆက်မပြတ်တက်လာမှုကြောင့် ကျွမ်းချင်၏ အမူအရာက ပိုမိုလေးလံလာသည်။ အကယ်၍ အားလုံးက ဤသို့ဆက်ဖြစ်နေမည်ဆိုပါက ပြင်းထန်သော ဆူနာမီရေလှိုင်းများက ကမ်းစပ်ကို လာရောက်ရိုက်ခတ်နိုင်သည်။ ယခုချိန်တွင် ကမ်းစပ်မှ လူအားလုံးကို အရေးပေါ်ထွက်ခွာခိုင်းမည်ဆိုပါကလည်း အားလုံးလွတ်မြောက်နိုင်မည်ဟု အာမ မခံနိုင်ပေ။
ရှေးဟောင်းမဟာမိစ္ဆာတစ်ကောင်၏ ခန္ဓာကိုယ်တစ်ခုတည်းနှင့်ပင် ကမ္ဘာပေါ်တွင် ထူးဆန်းသောဖြစ်စဉ်များ ဖြစ်လာစေနိုင်သည်။
ကမ်းစပ်မှ ကုန်းဖုက သူ့ခြေထောက်အောက်ကို ရိုက်ခတ်နေသည့် ရေလှိုင်းများကို ငုံ့ကြည့်လိုက်သည်။ သူ့မျက်နှာထက်တွင် ထူးဆန်းသော အမူအရာမျိုး ရှိနေသည်။
" အရှေ့ပင်လယ်မှာ ကမ္ဘာပေါ်က သက်ရှိအားလုံးရဲ့ ဝိညာဉ်ချီဓာတ်တွေ ပေါင်းစည်းပြီးတော့မှ ဖြစ်လာတဲ့ သားရဲတစ်ကောင်ရှိတယ်... သူ့ခန္ဓာကိုယ်ကို ငါးရောင်ခြယ် နတ်ဘုရားကျောက်တုံးနဲ့လုပ်ထားလို့ ကောင်းကင်ဘုံအခွင့်အရေးကို ရနိုင်တဲ့ မိစ္ဆာတစ်ကောင်ဖြစ်လာခဲ့တယ်... သူ့ခန္ဓာကိုယ်က သေးသေးလေးဆိုပေမယ့် ဝိညာဉ်သတ္တဝါတွေကို ဝါးမျိုလိုက်မယ်ဆို မင်္ဂလာသားရဲတစ်ကောင် ဖြစ်လာနိုင်တယ်... တကယ်လို့ နဂါးကို စားလိုက်ရင်တော့ မကောင်းဆိုးဝါးသားရဲကြီး ဖြစ်လာလိမ့်မယ်..."
ကုန်းဖုက ကောင်းကင်ယံမှ ကျဆင်းလာသည့် ဝိညာဉ်ချီဓာတ်ကို လက်ဆန့်ထုတ်ပြီး ခံစားကြည့်လိုက်သည်။ သူ၏ အသားအရောင်က ဖြူဖျော့လာသည် ။
" အဲဒါက 'ဟို့' ပဲ..."
" မင်း ဘာပြောလိုက်တာလဲ..."
သူ့နောက်မှလိုက်လာသော ခွန်းဖမ်က နှာမှုတ်လိုက်သည်။
" ဒီဝိညာဉ်ချီဓာတ်က တော်တော်လေးခံစားလို့ကောင်းပြီး ကြွယ်ဝနေတာပဲ... အတိဒုက္ခကို ကျော်ဖြတ်သွားနိုင်တာ ဘယ်သူလဲမသိဘူး... ကောင်းကင်နဲ့ ကမ္ဘာမြေကြီးက အဲ့လူကို တော်တော်ကောင်းချီးပေးထားတာပဲ..."
ကုန်းဖုက မေးလိုက်သည်။
" တကယ်လို့ အနာဂတ်မှာ လူကောင်းတစ်ယောက်ဖြစ်လာနိုင်ပြီး လူအများကြီးကို ကယ်နိုင်မဲ့ကလေးကို မင်းတွေ့ခဲ့မယ် ဒါပေမဲ့ အဲ့ကလေးက လောကကြီးကို ဖျက်ဆီးပစ်မယ့်လူလည်း ဖြစ်လာနိုင်တယ်ဆိုရင် မင်း သူ့အသက်ကို ချမ်းသာပေးမှာလား သတ်ပစ်မှာလား..."
" အဲ့လို သတ္တဝါမျိုးကို ကလေးနဲ့ မနှိုင်းစမ်းပါနဲ့..."
ခွန်းဖမ်က ခန္ဓာကိုယ်တစ်ခုလုံး ထုံကျဉ်နေသကဲ့သို့ လက်မောင်းကို နှိပ်နေသည်။
" လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၂၀၀တည်းက ကလေးဆိုတဲ့ ဟာလေးတွေကို ငါအကြောက်ဆုံးပဲ..."
" ဒါဆိုလည်း လူငယ်လေးတစ်ယောက်လို့ပဲ ပြောင်းပြောလိုက်တာပေါ့..."
ကုန်းဖုက ခါးထောက်လိုက်သည်။
" မင်း ဘယ်လိုရွေးချယ်မှာလဲ..."
......
ကောင်းကင်ပေါ်မှ ရွာသွန်းကျလာသည့် ဝိညာဉ်ချီဓာတ်များမှာ ကျင့်ကြံဆင့်မြင့်သည့်နေရာတစ်ခုသို့ ရောက်လာသော ယောင်ကျင့်ကြံသူများအတွက် ကောင်းကင်ဘုံကပေးသည့် ဆုလာဘ်မျိုးဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်နှင့် ကမ္ဘာမြေကို ပြန်လည်ပေးဆပ်ရမှုလည်း ဖြစ်နေသည်။ ဝိညာဉ်ချီဓာတ်များစွာကို ပေးဆပ်လိုက်ရလေ ယောင်ကျင့်ကြံသူတစ်ယောက်က ပိုမိုသန်မာလာလေဖြစ်သည်။
ခွန်းဖမ်က သူ့လက်သည်းများအချင်းချင်းကို တို့ထိနေလျက် အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
" ငါက သားရဲတစ်ကောင်အဖြစ် မွေးလာတာဆိုတော့ မင်းတို့မင်္ဂလာသားရဲတွေ တိုင်းပြည်နဲ့ ပြည်သူတွေအပေါ်ထားတဲ့ စိုးရိမ်ပူပန်မှုကို သဘောမပေါက်ဘူး... ဘာပဲဖြစ်ဖြစ် ငါ့အမြင်မှာတော့ မိစ္ဆာသားရဲတစ်ကောင်က အမှားမလုပ်ထားမိရင် ဘယ်သူကမှ သူ အသက်ရှင်ရမယ် သေရမယ်ဆိုတာကို ဆုံးဖြတ်လို့မရဘူး... မင်းတို့ မင်္ဂလာသားရဲတွေနဲ့ပတ်သက်ပြီး ငါ ဘာကို အမုန်းဆုံးလဲ သိလား..."
ကုန်းဖုက ခွန်းဖမ်၏ မျက်နှာပေါ်မှ လှောင်ပြောင်သရော်မှုနှင့် ကောင်းကင်ဘုံစည်းမျဉ်းကို ပမာမခန့်မှုတို့ကို မြင်နိုင်နေသည်။
" မင်းတို့က တိုင်းပြည်နဲ့ သက်ရှိသတ္တဝါတွေအားလုံးအတွက် စိုးရိမ်တယ်ဆိုတဲ့ အမည်ခံပြီး မင်းတို့လုပ်သမျှအရာအားလုံး မှန်တယ်လို့ ထင်နေတာကိုပဲ..."
ခွန်းဖမ်က အေးတိအေးစက်ဖြင့် ရယ်လိုက်သည်။
" သူက ဒီလောကမှာ မွေးဖွားလာပြီဆိုတည်းက သူတည်ရှိနေရတဲ့ အဓိပ္ပါယ်ဆိုတာ ရှိနေပြီပဲ... တကယ်လို့ သူက မင်္ဂလာသားရဲဆိုရင် အားလုံးရဲ့ကံကြမ္မာဆိုပေမယ့် တကယ်လို့ သူက မကောင်းဆိုးဝါးသားရဲဖြစ်လာခဲ့ရင်တော့ မင်းတို့ မင်္ဂလာသတ္တဝါတွေ စိုးရိမ်စရာဖြစ်သွားပြီ..."
ဝိညာဉ်ချီဓာတ်များက သူ့လက်ဖဝါးပေါ် ဆင်းသက်လာပြီး အရေပြားထဲ တဖြည်းဖြည်းချင်းစိမ့်ဝင်သွားကာ အရေပြားအောက်မှ အသားကို အာဟာရဖြည့်တင်းပေးနေသည်။ ကုန်းဖုက လက်နောက်ပစ်ထားပြီး ပင်လယ်ပြင်ကို တိတ်ဆိတ်စွာကြည့်နေသည်။
" မင်း ဒီမေးခွန်းကို မေးတယ်ဆိုတည်းက စိတ်ထဲမှာ အဖြေတစ်ခုတော့ ရှိနေပြီးသားမလား..."
ခွန်းဖမ်က သူ့ခန္ဓာကိုယ်ပေါ်မှ ဖရုံစေ့များကို ခါလိုက်သည်။
" မင်း မေးခွန်းထုတ်တယ်ဆိုတာ ရင်ထဲမှာ တွန့်ဆုတ်နေလို့လေ တကယ်လို့ မင်းသာ တကယ်သတ်ချင်စိတ်ရှိနေရင် ငါ့လိုသားရဲမျိုးကို ဘာကိစ္စ အဲ့လိုမေးခွန်းမျိုးမေးမှာလဲ..."
သူ မလုပ်နိုင်ဘူးဆိုရင်လည်း ပွင့်ပွင့်လင်းလင်းဝန်ခံလိုက်တာ မဟုတ်ဘူး... ဘာလို့ မသိချင်ယောင်ဆောင်ပြီး သားရဲတစ်ကောင်ဆီကနေ နည်းလမ်းရှာနေရတာလဲ...
" မင်းပြောတာမှန်ပါတယ်... တကယ်လို့ သူက ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြီးကို ဖျက်ဆီးပစ်မယ်ဆိုရင် ငါ့ခန္ဓာကိုယ်ကြီး အပိုင်းပိုင်းအစစ ဖြစ်သွားရင်တောင် ဒီနယ်မြေကို ကာကွယ်သွားမှာပဲ..."
ကုန်းဖု ထွက်သွားတော့မည့်အချိန်တွင် သူ့ခြေထောက်အောက်မှ ဒီရေများက ရုတ်ချည်းမြင့်တက်လာသည်ကို မြင်လိုက်ရသည်။ သူ၏ မျက်နှာအသားအရောင်ကလည်း မကောင်းတော့ပေ။
" ဒီအနံ့က... ထောင်ဝူပဲ..."
ခွန်းဖမ်က ရေရွတ်လိုက်သည်။
ထောင်ဝူများက အလွန်ရက်စက်ကြမ်းကြုတ်တတ်သည့် သဘာဝမျိုးရှိသည်။ သူက လူသားနှင့် မိစ္ဆာများကို စားသုံးသည့်အပြင် အထိန်းအကွပ်မရှိလှပေ။ အကယ်၍ ရှေးဟောင်းသားရဲများ၏ ရက်စက်ကြမ်းတမ်းမှုကို အဆင့်သတ်မှတ်ထားမည်ဆိုလျှင် ထောင်ဝူက ကျိန်းသေပေါက် အဆင့်တစ်ဆယ်အတွင်း ဝင်ပေသည်။ ခွန်းဖမ်၊ ထောင်ဝူနှင့် အိုးကျန်းတို့က မိစ္ဆာအမျိုးအစားချင်း မတူညီကြပေ။ ခွန်းဖမ်က စည်းစနစ်ကျကျ ဆိုးသွမ်းသည်ဆိုလျှင် ထောင်ဝူက အကြောင်းအရင်းမရှိပဲ အလွန်ရက်စက်ကြမ်းကြုတ်တတ်သည့် သဘာဝမျိုးရှိပေသည်။
နက်စွေးစွေး ပင်လယ်ရေများက တဖြည်းဖြည်း မြင့်တက်လာသည်။ ကျွမ်းချင်က သူ့အောက်ရှိ ပင်လယ်ပြင်မှ တဖြည်းဖြည်းတက်လာသော ထူးဆန်းသည့်ဧရာမသတ္တဝါကြီးကို ကြည့်နေမိသည်။ ထို့နောက် ဖူလီ၏ နူးညံ့သောယုန်မွေးများကို ပွတ်သပ်လိုက်မိသည်။
" ဖူလီ မင်းက အခုမှကျင့်ကြံဆင့်တက်ထားတာဆိုတော့ အခြေခံက မတည်ငြိမ်သေးဘူး ဒီနေရာကနေ အရင်ဆုံးထွက်သွားတော့..."
ဖူလီက သူ့ရင်ခွင်ထဲမှခုန်ထွက်ပြီး လူသားအသွင် ပြန်ပြောင်းသွားသည်။ သူ၏မျက်နှာအသားအရည် အနည်းငယ် ဖြူဖျော့နေသည်မှလွဲ၍ ယခုပုံစံနှင့် ယခင်ပုံစံက များများပြားပြား မကွာခြားသွားပေ။ သူ ခေါင်းခါပြလိုက်သည်။
" ငါတို့နှစ်ယောက်လုံး သူနဲ့မယှဉ်နိုင်ဘူး...မင်းတစ်ယောက်တည်း ဒီမှာနေခဲ့ရင်လည်း ဘာမှမထူးဘူး..."
ပြင်းထန်စွာ လှိုင်းထနေသည့် ပင်လယ်ရေပြင်ကိုကြည့်ပြီး ကျွမ်းချင်က သူ့လက်ထဲမှဓားကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
" ထောင်ဝူက ထူးခြားဆန်းပြားတဲ့ နတ်ဘုရားစွမ်းအားမျိုးရှိပြီး ဟင်္သာပြဒါးငှက်ကိုပဲ ကြောက်တယ်ဆိုတဲ့ ကောလဟာလမျိုး ကြားဖူးတယ်..."
သူက ဖူလီ့ဘက်ကိုလှည့်လိုက်သည်။ လျှပ်စီးတလက်လက်ဖြစ်နေသည့် ကောင်းကင်အောက်တွင် သူ၏ ချောမောခံ့ညားသောမျက်နှာကို စောင်းငဲ့လိုက်သည်။
" မင်းဆီမှာ ဟင်္သာပြဒါးငှက်ရဲ့ ယပ်တောင်ရှိတယ်ဆိုတာ ငါ မှတ်မိတယ်... သူက တိုက်ကွက်တစ်ချက် နှစ်ချက်လောက်ကိုတော့ တားနိုင်မယ်ထင်တယ်..."
အဆုံးတွင် ဟင်္သာပြဒါးငှက်၏ ယင်တောင်က ယပ်တောင်တစ်ချောင်းသာဖြစ်ပြီး ဟင်္သာပြဒါးငှက်စစ်စစ် မဟုတ်ပေ။
ထို့အပြင် သူနှင့် ဖူလီ၏ လက်ရှိကျင့်ကြံဆင့်ဖြင့် ထောင်ဝူကို ချေမှူန်းရန် မဖြစ်နိုင်ပေ။ သူတို့အနေဖြင့် ဤအခြေအနေတွင် တတ်နိုင်သမျှ အချိန်ဆွဲထားရန်သာ တတ်နိုင်တော့သည်။ မိနစ်တိုင်း စက္ကန့်တိုင်းက ကုန်းမြေပေါ်မှလူများ ဘေးကင်းရန်အတွက် အရေးပါပေသည်။
အလွန်မအေးလှသည့် ဆောင်းဦးညတွင် လူသားလောက၏ လုံခြုံရေးဌာနက အရေးပေါ် သတိပေးချက်တစ်ခုကို ရရှိခဲ့ပြီး ကျင့်ကြံရေးလောက ယောင်အစည်းအရုံးနှင့် ဂိုဏ်းကြီးများကလည်း စီမံခန့်ခွဲရေးဗျူရို၏ အရေးပေါ် သတိပေးချက်များကို ရရှိခဲ့သည်။
ရှေးဟောင်း မကောင်းဆိုးဝါးသားရဲ ထောင်ဝူ ပေါ်လာတာကြောင့် ကျေးဇူးပြုပြီး ကမ်းခြေဒေသက လူတွေအားလုံးကို ရွှေ့ပြောင်းပေးကြပါ...
ထောင်ဝူလား...
နှစ်တစ်ရာကျော် ငြိမ်းချမ်းစွာနေထိုင်လာကြသည့် ကျင့်ကြံသူများမှာ စီမံခန့်ခွဲရေးဗျူရိုမှ အရေးပေါ် သတိပေးချက်ထုတ်ပြန်ရသည်အထိဖြစ်သော မဟာမိစ္ဆာက မည်မျှကြောက်စရာကောင်းမည်ကို စိတ်မကူးရဲကြတော့ပေ။ သတိပေးချက်ကို မြင်ပြီးသည့်အခါ သတ္တိနည်းသော ယောင်ကျင့်ကြံသူအချို့က မူရင်းပုံစံသို့ပြောင်းလဲလိုက်ပြီး နှစ်ကြိမ်မစဉ်းစားတော့ဘဲ ထွက်ပြေးကုန်ကြသည်။
လူသားခန္ဓာကိုယ်နှင့်ယှဉ်ပါက သူတို့၏မူရင်းပုံစံများက ထွက်ပြေးရာတွင် အားသာချက်ပိုများပေသည်။
လင်းဟိုင်မြို့ကို ရာဇဝတ်မှုတစ်ခုနောက်လိုက်ရန် ရောက်နေသော ဖမ်ဟန့်က ညနက်သန်းခေါင်အထိ အလုပ်လုပ်နေရပေသည်။ ခက်ခက်ခဲခဲ အလုပ်လုပ်ပြီးသည့်နောက်တွင် တည်းခိုရာသို့ပြန်၍ ရေချိုးပြီး အဝတ်အစားလဲရန် ပြင်လိုက်သည်။ သူငှားလာသည့် Altoကားကို မောင်းလာပြီး မကြာမီအချိန်တွင် ပင်မလမ်းမကြီး၏ ဘေးတစ်လျှောက်မှ ခွေးများကြောင်များ ပြေးလာသည်ကို မြင်လိုက်ရသည်။ ငှက်များကလည်း အရပ်မျက်နှာ အနှံ့အပြားကို ဖရိုဖရဲထွက်ပြေးနေသည်။
ဘုတ်...
ဧရာမကျီးကန်းတစ်ကောင်က သူ့ကားကို ဘန်းခနဲလာတိုက်သည်။ လေကာမှန်ပေါ်တွင် အက်ရာကြီးတစ်ခု ချက်ချင်းပေါ်လာသည်။ ဖမ်ဟန့်က လေကာမှန်ကို အံ့ဩတကြီးဖြင့် စိုက်ကြည့်နေမိသည်။
သူ့ကားကိုလာမှန်တာ ငှက်လား ကျည်ဆန်ကြီးလား...
ပြီးတော့ ပိုအံ့ဩစရာကောင်းတာက သူ့ကားကိုလာမှန်တဲ့ ငှက်က ဘာမှကို မဖြစ်တာပဲ... ပြန်ထလာပြီးတော့ အတောင်တဖျတ်ဖျတ်ခတ်ပြီး ပျံသွားသေးတယ်...
ကားကို လမ်းဘေးချရပ်ထားလိုက်ပြီးချိန်တွင် ခွေးတစ်ကောင်က မြွေတစ်ကောင်ကိုတင်ပြီး အလျင်အမြန်ပြေးသွားကာ မြေခွေးတစ်ကောင်နှင့် ဝံပုလွေတစ်ကောင်လည်း အတူတကွပြေးသွားသည်ကို မြင်လိုက်ရသည်။ ကမ်းရိုးတန်းဧရိယာတွင် များပြားလှသည့် မျိုသုဉ်းလုဆဲဆဲသတ္တဝါပေါင်းစုံကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။
" အိုင်း လူငယ်လေး..."
ခရီးသည်ထိုင်ခုံ၏ဘေးနားမှ ကားမှန်ကို လာခေါက်သည်။ ဖမ်ဟန့်အပြင်ကို ကြည့်လိုက်သည့်အခါ ဆံပင်ဖြူများဖြင့်ပြည့်နေသည့် သက်ကြီးပိုင်းအရွယ် လူကြီးတစ်ယောက်က အပြင်တွင် ရပ်နေသည်ကို မြင်လိုက်ရသည်။
ညနက်သန်းခေါင်ကြီးမှာ ဒီလိုသက်ကြီးပိုင်းအရွယ်လူကြီးက ဘယ်နေရာကမှန်းမသိ ဘယ်လိုထွက်လာတာလဲ...
ဖမ်ဟန့်က ရဲယူနီဖောင်းဂျာကင်ကို ဝတ်လိုက်ပြီးမှ ကားပြတင်းပေါက်ကို ဖွင့်လိုက်သည်။
" ဦးလေး ဒီလောက် နောက်ကျနေတာတောင် ဘာလို့အပြင်မှာ နေနေဝာာလဲ... နိုင်ငံထဲက အများပြည်သူလုံခြုံရေးက ကောင်းတယ်ဆိုပေမယ့် ညသန်းခေါင်ကြီး အပြင်ထွက်နေတာတော့ အန္တရာယ်များတယ်နော်..."
" လူငယ်လေး မင်းက ဖြောင့်မတ်ပြီး သိက္ခာရှိရှိနေတဲ့အပြင် ထူးခြားဆန်းကြယ်တဲ့ တည်ရှိမှုတစ်မျိုး ရှိနေတာပဲ... မင်း ဘဝတစ်လျှောက်လုံး သူတော်ကောင်းတရားတွေ အများကြီးကို စုဆောင်းလာခဲ့တဲ့ပုံပဲ... ဦးလေး မင်းကို အကြံတစ်ခုပေးမယ်... ဒီည ဒီနေရာကနေ ချက်ချင်းထွက်သွားပါ... ဒီည ကိစ္စကြီးတစ်ခု ဖြစ်လိမ့်မယ်..."
လူအိုကြီးက ရယ်ပြလိုက်သည်။
" ဦးလေး ပြဿနာတစ်ခုခု တက်နေလို့လား..."
ဖမ်ဟန့်က ဂျာကင်ကို ပြင်ဝတ်လိုက်သည်။
" ပြဿနာတစ်ခုခုရှိရင် ရဲစခန်းကို ချက်ချင်းသွားပါ..."
လူအိုကြီးက ခေါင်းခါလိုက်သည်။
" တုံးလိုက်တာ..."
ဖမ်ဟန့် တအံ့တဩဖြစ်သွားရသည်။
သူက မရေမတွက်နိုင်တဲ့အမှုတွေကို ဖြေရှင်းခဲ့တဲ့ လက်ရွေးစင်ရဲသားတစ်ယောက်လေ ဘာကိစ္စ တုံးတယ်လို့ ဖြစ်သွားရတာလဲ...
လူအိုကြီး စကားထပ်ပြောတော့မည့်အချိန်တွင် ကောင်းကင်ယံတွင် မိုးခြိမ်းသံကြီး ကျယ်လောင်စွာထွက်ပေါ်လာသောကြောင့် လူအိုကြီးက ကြောက်လန့်ပြီး အမူအရာက သိသိသာသာပြောင်းလဲသွားသည်။ သူ တစ်ဖက်သို့လှည့်ပြီး လမ်းကြားငယ်လေး တစ်ခုထဲ လှစ်ခနဲပြေးဝင်သွားသောကြောင့် ဖမ်ဟန့်က သူ့မျက်လုံးကိုပင် သံသယဝင်သွားမိသည်။
အဲ့လူအိုကြီး ပြေးသွားတာ သူ့ထက်တောင် ပိုမြန်နေတာလား...
ကောင်းကင်ယံတွင် လျှပ်စီးများလက်နေသည်။ ယနေ့ညတွင် တစ်စုံတစ်ရာထူးဆန်းနေသည်ဟု ဖမ်ဟန့် ခံစားလိုက်ရသည်။ သူ စီးကရက်မီးညှိပြီး ဖွာနေလိုက်သည်။ ရေဆိုးမြောင်းထဲမှ ကြွက်ပေါင်းများစွာ ထွက်လာသည်ကို မြင်လိုက်ရသည့်အခါ နောက်ပြန်လှည့်မကြည့်တော့ဘဲ အဝေးပြေးလမ်းမကြီးပေါ် မောင်းထွက်လာလိုက်သည်။