Chapter 102
ထောင်ဝူ
သူက လင်းဟိုင်မြို့ကို အကြိမ်ရေများစွာ မရောက်ဖူးခဲ့၍ ယနေ့ည၏ အထူးအခြေအနေနှင့် လင်းဟိုင်မြို့မှ တိရစ္ဆာန်များ ဤသို့ဖြစ်နေရခြင်းကို မသိပေ။ သူ့ရင်ထဲတွင် တစ်စုံတစ်ရာက မှားယွင်းနေသည်ဟုသာ ဝိုးတဝါးခံစားနေရသည်။ သူ့ဖုန်းကိုထုတ်ပြီး ဗိီဒီယိုတစ်ခုရိုက်ကူးကာ ဟဘာဝဖြစ်စဉ်များအကြောင်း သုတေသနပြုနေသည့် သူငယ်ချင်းတစ်ယောက်ထံ ပို့လိုက်သည်။
သို့သော် သူ မည်မျှကြာအောင် စောင့်ဆိုင်းနေသည်ဖြစ်စေ ဗီဒီယိုက မရောက်သွားပေ။ ရာသီဥတုနှင့် အင်တာနက်လိုင်းတည်ငြိမ်မှု မရှိသောကြောင့် ဖြစ်နိုင်သည်။
ဖမ်ဟန့်က ဆဲရေးလျက် ဂျာကင်ကိုချွတ်ပြီး စိတ်မသက်မသာဖြစ်စွာဖြင့် တည်းခိုခန်းကို ပြန်သွားလိုက်သည်။ လင်းဟိုင်မြို့က ဖွံ့ဖြိုးတိုးတက်သည့်မြို့ဟု မသတ်မှတ်နိုင်သော်လည်း သဘာဝရှု့ခင်းများက မဆိုးလှသောကြောင့် ဆောင်းဦးလယ်ပွဲတော် မရောက်သေးသော်လည်း လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွားများက အလွန်များပြားလှသည်။
ဖမ်ဟန့် တည်းခိုခန်းဝင်ပေါက်သို့ရောက်ချိန်တွင် မိသားစုဝင်သုံးယောက်က ခရီးဆောင်အိတ်များဆွဲလျက် အမြန်ထွက်သွားသည်ကို တွေ့လိုက်ရသည်။ သူတို့သုံးယောက်က ကားပါကင်ဘေးနားတွင်ရပ်ထားသော ကားထဲဝင်ထိုင်လိုက်ကြသည်။ သူ့အမြင်မှားသည်လား မသိသော်လည်း ကားထဲတွင် တိရစ္ဆာန်ငယ်လေးပေါင်းများစွာ ပြည့်ကျပ်နေသည်ကို တွေ့လိုက်ရသည်။ သို့သော် သူ ဂရုတစိုက်မကြည့်နိုင်မီမှာပင် ကားက ထွက်ခွာသွားခဲ့သည်။
သူ အပြန်လမ်းတွင် ထွက်ပြေးသွားသည့် တိရစ္ဆာန်များစွာကို မြင်လိုက်ရသောကြောင့် ဤမိသားစုဝင်သုံးယောက်ကလည်း အသက်လုပြေးနေသည်ဟု ဖမ်ဟန့်ထင်လိုက်မိသည်။
သူ မကြာမီအချိန်က ထိုမိသားစုဝင်သုံးယောက်ကို တွေ့ခဲ့ဖူးသည်။ မိခင်ဖြစ်သူက သိမ်မွေ့နူးညံ့ပြီး ကလေးလေးကလည်း လိမ္မာယဉ်ကျေးကာ ဖခင်ဖြစ်သူကလည်း တည်ငြိမ်ရင့်ကျက်ပြီး အားကိုးအားထားရပေသည်။ သူတို့က နွေးထွေးသောမိသားစုလေးတစ်ခုဖြစ်သည်။
ဒီလိုမိသားစုမျိုးက ညလယ်ခေါင်ကြီး ကလေးအတွက်တောင် ဂရုမစိုက်နိုင်တော့ပဲ ဘာလို့ အသည်းအသန် ပြန်သွားကြတာလဲ...
ဖမ်ဟန့် ခေါင်းမော့လိုက်ပြီး လျှပ်စီးများလက်ကာ မိုးခြိမ်းနေသည့် ကောင်းကင်ယံကြီးကို ကြည့်လိုက်ပြီး မျက်ခုံးများတွန့်ချိုးသွားသည်။
.....
ပင်လယ်ပြင်တွင်မူ ထောင်ဝူက လှည့်ပတ်နေသည့် တိမ်တိုက်များကိုကြည့်လျက် ပါးစပ်ဟကာ အသံကုန်ဟစ်ပြီး ရယ်မောလိုက်သည်။
" ကောင်းကင်ဘုံစည်းမျဉ်းက ငါ့ကို အဲ့လောက်လွယ်လွယ်နဲ့ မဖျက်ဆီးနိုင်ပါဘူး..."
သူ့ ပါးစပ်ကိုကျယ်ကျယ်ဟလိုက်ချိန်တွင် အရောင်လက်သွားသည့် သွားချွန်ချွန်များက ချွန်ထက်လှသည့် ဓားများသဖွယ် ဖြစ်ပေသည်။ သူ၏ ဖြူဖျော့နေသော အရေပြားက ထူးဆန်းသော အနီရောင် ရောစွက်နေပြီး ခန္ဓာကိုယ်ထက်တွင်လည်း အမာရွတ်ပေါင်းများစွာရှိနေသည်။ ၎င်းကို တစ်စုံတစ်ခုဖြင့် ခွဲထားသည်ဟုပင် ထင်ရသည်။
ပင်လယ်လှိုင်းများ မြင့်တက်လာသည်။ ထောင်ဝူ၏ အသွင်အစစ်က နောက်ဆုံးတွင် ရေထဲမှ လုံးလုံးလျားလျားထွက်ပေါ်လာသည်။
" ထောင်ဝူက လောကကြီးရဲ့ အမျက်ဒေါသမုန်းတီမှုတွေကနေ ဖြစ်လာတယ်လို့ ပြောကြတယ်... သူက ရန်လိုတတ်ပြီး ခေါင်းမာတဲ့ အကျင့်စရိုက်မျိုးရှိတယ်... ပြီးတော့ ကောင်းကင်နဲ့ ကမ္ဘာမြေက မုန်းတီးမှုတွေ မပျောက်ကွယ်သွားသရွေ့ သေရာက ပြန်ရှင်လာနိုင်တဲ့ အံ့ဩစရာစွမ်းရည်တစ်မျိုးလည်း ရှိတယ်..."
ဖူလီက ကောင်းကင်ယံတွင် တလက်လက်တောက်နေသည့် လျှပ်စီးများကိုကြည့်ကာ တံတွေးမျိုချလိုက်သည်။
" အဲဒါကြောင့်မို့ သူ့ကိုထောင်ဝူဆိုတဲ့နာမည်ပေးထားတာ..."
" ထောင်ဝူက ရက်စက်တတ်ရုံတင် မကဘူး... အကန့်အသတ်မဲ့ တိုက်ခိုက်နိုင်စွမ်းတွေလည်းရှိတယ်... ရှေးခေတ်ကဆိုရင် ' တိုက်ပွဲမှာဘယ်တော့မှ မရှုံးဘဲ အတောမသတ်နိုင်တဲ့ တိုက်ခိုက်မှု ' တွေ လုပ်နိုင်တဲ့မိစ္ဆာဆိုတဲ့ ဂုဏ်ပုဒ်နဲ့ သူ့ကိုသိကြတယ်..."
ကုန်းဖုက သူတို့နှစ်ယောက်၏နောက်တွင် ပေါ်လာသည်။ သူ့အကြည့်က ဖူလီ့အပေါ်ရောက်သွားပြီး ပြုံးပြလိုက်သည်။
" ကျင့်ကြံဆင့် အများကြီးမြင့်သွားတာ ဂုဏ်ပြုပါတယ်..."
" ကုန်းဖုလူကြီးမင်းက ဘာလို့ ဒီရောက်လာတာလဲ..."
ကုန်းဖု၏နောက်တွင် ခွန်းဖမ်ကိုမြင်လိုက်၍ ဖူလီ အံ့ဩသွားမိသည်။
" ခွမ်းဖမ်လူကြီးမင်းရောလား..."
" ဘာလဲ... ငါကရော ဒါကိုလာကြည့်လို့ မရဘူးလား..."
ခွန်းဖမ်က မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။
အိုးကျန်းနှင့် တိုက်ခိုက်ခဲ့စဉ်က ခွန်းဖမ်မှာ တိုက်ပွဲပြီးဆုံးချိန်အထိ စောင့်ဆိုင်းနေခဲ့သော်လည်း ယခုအခါ ဦးစွာပေါ်လာခဲ့ပေသည်။ သို့ဖြစ်၍ ကြုံတောင့်ကြုံခဲအဖြစ်အပျက်ဟု ဆိုရပေမည်။
" ကျွန်တော်ထင်တာတော့ လူကြီးမင်းက စိတ်လှုပ်တရှားနဲ့ ပွဲကြည့်နေရုံမဟုတ်ဘဲ ပါဝင်သင့်တယ်ထင်တယ်..."
ဖူလီက ပင်လယ်ရေမျက်နှာပြင်ထက်မှ ထောင်ဝူကို လက်ညှိုးထိုးပြလိုက်သည်။
" ဥပမာ သူနဲ့ တိုက်တာမျိုးပေါ့..."
ခွန်းဖမ်က ဖူလီ့ကို တိတ်ဆိတ်စွာဖြင့် စိုက်ကြည့်နေသည်။
" ကုန်းဖုလား..."
ထောင်ဝူက ကုန်းဖု၏ တည်ရှိမှုကို ရှာဖွေတွေ့ရှိသွားသည်။ အတောင်ပံတဖျတ်ဖျတ်ခတ်ပြီး ပျံသန်းလာကာ ကုန်းဖုနှင့် အခြားလူများနှင့်ပါ အကြည့်ချင်းဆုံလိုက်သည်။ သူ ချက်ချင်းပင် လှောင်ပြောင်သရော်လိုက်ပေသည်။
" မကောင်းဆိုးဝါးသားရဲနဲ့ မင်္ဂလာသားရဲပါလား ဘယ်လိုဟာသကြီးလဲ..."
ရုတ်တရက် သူ့မျက်နှာထက်မှအပြုံးက ပျောက်ကွယ်သွားသည်။
" မင်းတို့လိုမျိုး အသုံးမကျတဲ့သားရဲမျိုးတွေက ငါစားတာကို ခံပြီးပဲ သေသင့်တယ် အစာဖြစ်သွားရင် အနည်းဆုံးတော့ အသုံးကျသွားသေးတာပေါ့..."
ကုန်းဖု၏ အမူအရာက ရုတ်ချည်းအကျည်းတန်လာသည်။ ထောင်ဝူ၏ အော်ရာက ဖရိုဖရဲဖြစ်နေသည်ကို သူ သိရှိသွားသည်။ လက်ရှိထောင်ဝူက အခြားမဟာမိစ္ဆာတစ်ကောင်၏ မိစ္ဆာဓာတ်ကို ဝါးမျိုပြီးမှ မွေးဖွားလာသည်နှင့် တူနေသည်။
" မင်း တခြားမဟာမိစ္ဆာနဲ့ ပေါင်းထားတာလား... ရူးနေတာလား..."
ကုန်းဖုက မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။
" သားရဲဖြစ်နေတာကလွဲရင် အဲ့အသုံးမကျတဲ့အမှိုက်တွေက လောကကြီးထဲက ရှောင်ဖယ်ပြီး သမုဒ္ဒရာကြမ်းပြင်မှာ ပုန်းနေကြတာပဲလေ သူတို့က အသုံးမဝင်မှတော့ ငါ့ခန္ဓာကိုယ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာသင့်တယ်လေ... အဲဒါဆို အလဟဿ မဖြစ်တော့ဘူးပေါ့..."
ထောင်ဝူက မှန်ကန်သည့်အရာတစ်ခုကို ပြုလုပ်ထားသည့်သဖွယ် ပြန်ဖြေလိုက်သည်။
" အဲဒါ ဘာများမှားနေလို့လဲ..."
အချိန်တိုအတွင်းတွင် မဟာမိစ္ဆာအရေအတွက်များစွာက ပျောက်ကွယ်သွားခဲ့၍ သူတို့က လူသားလောကနှင့်ဝေးရာတွင် ပုန်းအောင်းနေသည်ဟု ကုန်းဖု ယူဆခဲ့မိခြင်းဖြစ်သည်။ ခုအခါ ထောင်ဝူနှင့် တွေ့ချိန်တွင်မှ မည်သည့်မိစ္ဆာများက ပုန်းအောင်းနေပြီး မည်သည့်မိစ္ဆာများက ဝါးမျိုခံလိုက်ရသည်ကို မစဉ်းစားဘဲ မနေနိုင်တော့ပေ။
" ခွန်းဖမ် မင်းက မကောင်းဆိုးဝါးသားရဲဖြစ်နေတာတောင် ကုန်းဖုနဲ့ ပေါင်းနေတယ်ပေါ့လေ... ငါတို့သားရဲတွေ သိက္ခာကျစရာပဲ..."
ထောင်ဝူက ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။
" ငါ မင်းရဲ့ မဆီလျော်တဲ့ မတွေးတွေကို ဖောက်ထွင်းပြီးမြင်နိုင်နေတာ တော်တော်ကြာပြီ ငါထင်တဲ့အတိုင်း မင်းက သစ္စာဖောက်မလား..."
" ယီးကိုသစ္စာဖောက်လား... ငါက ဘယ်တုန်းက မင်းနဲ့ တစ်အုပ်စုတည်းဖြစ်သွားရတာတုန်း..."
ခွန်းဖမ်က ခါးထောက်ထားလျက် ဆဲရေးလိုက်သည်။
" ဒီလောင်ဇီက ပေါင်းချင်တဲ့သူနဲ့ ပေါင်းမှာပေါ့... ငါဆိုတဲ့ လူကြီးမင်းခွန်းဖမ်ကို မင်းက လာအမိန့်ပေးနေရအောင် ဘာကောင်မို့လဲ... အရိုးပေါ်အရေတင်နေတဲ့ မိစ္ဆာနည်းနည်းလောက်ကို ဝါးမျိုထားတာနဲ့ မင်းကိုယ်မင်း ပြိုင်ဘက်ကင်းလှပြီ ထင်နေတာလား... မင်းက အဲ့လောက်တောင် အထင်ကြီးစရာကောင်းတယ်ဆို ဘာလို့ သမုဒ္ဒရာကြမ်းပြင်မှာ နှစ်ပေါင်းများစွာ ပုန်းနေခဲ့တာလဲ... အရင်တုန်းက စန်းဝေ့တောင်ပေါ်မှာနေတုန်းက မင်းဒီလိုမဟုတ်ဘဲ ခမ်းနားထည်ဝါပြီး မာနကြီးတာပါ... အခုဘာလို့ ပင်လယ်ထဲကို ထွက်ပြေးလာတာလဲ အရှက်မရှိဘူးလား..."
" ပါးစပ်ပိတ်ထားစမ်း..."
လွန်ခဲ့သော နှစ်၅၀၀၀ခန့်က ဖုန်းဟွမ်နှင့် ဟင်္သာပြဒါးငှက်တို့၏ ဖိအားပေးမှုကြောင့် ထွက်ပြေးခဲ့ရပြီး လူလုံးထွက်မပြနိုင်ဘဲ ပုန်းအောင်းနေခဲ့ရသည်များကို တွေးမိသည့်အခါ ထောင်ဝူက သူ၏မိစ္ဆာဘဝတွင် အကြီးမားဆုံးသော အရှက်ကွဲမှုကြီးကို ပြန်လည်ခံစားလိုက်ရသည်။
" ခွန်းဖမ် ငါတို့မတွေ့တာ နှစ်ထောင်ပေါင်းနည်းနည်းပဲ ရှိသေးတာကို မင်းပါးစပ်ပေါက်ကတော့ အရင်လို ရွံစရာကောင်းနေတုန်းပဲပေါ့လေ..."
" တိုက်ဆိုင်လိုက်တာ ငါလည်း မင်းရဲ့ပုံစံကြီးက တဖြည်းဖြည်း ပိုရွံစရာကောင်းလာတယ်လို့ ထင်နေမိတာ..."
ခွန်းဖမ်က ပင်လယ်ရေပြင်မှ လှုပ်ရှားမှုများကို လှည့်ကြည့်လိုက်သည်။
" ဒီနေ့အဖြစ်အပျက်က မဟာမိစ္ဆာတွေကြားက ပြဿနာပဲ မင်းတို့လို အဆင့်မမီတဲ့ မိစ္ဆာလေးတွေက ထွက်သွားကြစမ်း..."
ခွန်းဖမ်က ဖူလီနှင့် ကျွမ်းချင်ကို ဦးစွာ ထွက်ပြေးစေလိုခြင်းဖြစ်သည်။
" ဒီနေ့ ဘယ်သူမှ ဒီနေရာကနေ ထွက်သွားနိုင်မယ် မထင်နဲ့..."
ထောင်ဝူက တစ်ချက်ကြည့်ရုံဖြင့် ခွန်းဖမ်၏ ရည်ရွယ်ချက်ကို သဘောပေါက်လိုက်သည်။
" မင်းက ဒီမိစ္ဆာလေးတွေကို ကာကွယ်နေတယ်ဆိုတော့ သူတို့နဲ့ပတ်သက်ပြီး တစ်ခုခုတော့ ကျိန်းသေပေါက် ထူးခြားနေတာပဲဖြစ်မယ်..."
သူ့အကြည့်က ဖူလီ့လက်ပေါ်ရောက်သွားချိန်တွင် ရုတ်တရက် ဒေါသထွက်လာသည်။
" ဟင်္သာပြဒါးငှက်ရဲ့ယပ်တောင်ပါလား..."
ဖူလီက သူ့လက်ထဲမှ မီးလျှံနီရောင်ယပ်တောင်ပေါ်ကို အကြည့်ရောက်သွားပြီး သူ့မျက်နှာထက်တွင် လေးနက်သည့်အကြည့်တစ်မျိုး ပေါ်လာသည်။
ထိုယပ်တောင်ကို သူ၏အစ်မကြီးရစ်ငှက်က ပေးထားခဲ့ခြင်းဖြစ်သည်။ ၎င်းကို ဟင်္သာပြဒါးယပ်တောင်ဟု အမည်ပေးထားခြင်းမှာ မီးလျှံနီရောင်ရှိသောကြောင့် ဖြစ်သည်။ ထိုယပ်တောင်တွင် မီးဒြင်စင်၏ မီးဝိညာဉ်ငါးမျိုး ပါဝင်ပြီး မကောင်းဆိုးဝါးဝိညာဉ်များကို အနိုင်ယူနိုင်စွမ်းရှိသည်ဟု ပြောကြသည်။ အတိတ်တွင် ထိုယပ်တောင်ကို အသုံးပြုရန် အခွင့်အရေးမရခဲ့ခြင်းမှာ ထိုယပ်တောင်ကို တွေ့သမျှလူတိုင်းက ဟင်္သာပြဒါးယပ်တောင်ဖြစ်ကြောင်း သိကြသောကြောင့်ဖြစ်သည်။
ဟင်္သာပြဒါးငှက်က နတ်ဘုရားသားရဲလေးကောင်အနက်မှ တစ်ကောင်ဖြစ်သည်။ ၎င်းက တောင်အရပ်နှင့် နက္ခတ်ခုနစ်ပါးကို ထိန်းချုပ်ပြီး မီးဒြပ်စင်ကိုပါ ထိန်းကွပ်နိုင်ပေသည်။ ကမ္ဘာကြီး၏ တောင်ဘက်ခြမ်းကို အုပ်စိုးပြီး ၎င်းနှင့်ပတ်သက်သည့် မှတ်တမ်းမှတ်ရာအများစုက သမိုင်းထဲတွင် ရှိပေသည်။ ဟင်္သာပြဒါးပုံစံ အဆောင်ရုပ်လေးများက ရှေးခေတ် မင်းမျိုးနွယ်အများစုလက်ထက်တည်းက တည်ရှိခဲ့ကြသည်။
ဖူလီက မျောက်ဝံဖြူကြီးထံမှ ဟင်္သာပြဒါးငှက်အကြောင်းများစွာကြားဖူးပေသည်။ ထိုအချိန်က ဟင်္သာပြဒါးငှက် မည်သည့်နေရာသို့ ရောက်ရှိသွားကြောင်း ဖူလီ မေးခွန်းထုတ်ခဲ့ဖူးသည်။ မျောက်ဝံဖြူကြီးက သူ့ကိုပြန်မဖြေဘဲ အစ်မကြီးရစ်ငှက်ထံသို့သာသွားပြီး မှော်ပညာများ သွားသင်ခိုင်းခဲ့သည်။
ထိုအချိန်က သူ သဘောမပေါက်ခဲ့ပေ။ အိုးကျန်းက ဟင်္သာပြဒါးငှက်အကြောင်း ပြောခဲ့စဉ်က စပါးအုံးမြွေစိမ်းများကို ဖိအားပေးလျက်နှင့် အလုပ်များနေသောကြောင့် များများစားစားမတွေးမိခဲ့ပေ။
ယခုအခါ သူ့စိတ်ထဲတွင် သင်္ကာမကင်းဖြစ်လာမိသည်။
သူ့ကို အစ်မကြီးရစ်ငှက် ပေးထားခဲ့တဲ့ ဟင်္သာပြဒါးယပ်တောင်က ဘယ်နားက ရောက်လာတာလဲ...
အစ်မကြီးရစ်ငှက်က ထိုယပ်တောင်ကို ပြုလုပ်ခဲ့လားဟု မေးခဲ့သည့်အခါတွင်လည်း သူမက မငြင်းဆန်သော်လည်း ဝန်မခံခဲ့ပေ။
အခု ဂရုတစိုက်တွေးကြည့်လိုက်တော့ အစ်မကြီးရစ်ငှက်ရဲ့ အမွေးတွေကလည်း ဒီလောက်နီရဲနေတာပဲ ဟုတ်တယ်မလား...
" မင်းရဲ့ကိုယ်ပေါ်ကအနံ့ကို ငါအမုန်းဆုံးပဲ ငါမင်းကို အရင်စားပစ်မယ်..."
ထောင်ဝူက ရုတ်တရက်ကြီး အတောင်တဖျတ်ဖျတ်ခတ်လိုက်သည်။ ပင်လယ်ရေလှိုင်းများက ရေခဲဓားသွားများအဖြစ် ပြောင်းလဲသွားပြီး ခွန်းဖမ်နှင့် ကုန်းဖုကို တွန်းထုတ်လိုက်သည်။ သူက ဖူလီရှိရာသို့ တစ်ဟုန်ထိုး ဝင်လာသည်။ ယခုမှ ကျင့်ကြံဆင့်တက်ထားသောဖူလီက ထောင်ဝူ၏ တိုက်ခိုက်မှုကို မရှောင်နိုင်တော့ပေ။
" ဖူလီ..."
ကျွမ်းချင်က ရွှေနဂါးအသွင်ပြောင်းလိုက်ပြီး ရေခဲဓားသွားများ၏ တိုက်ခိုက်မှုကို ကြားဝင်ခံလိုက်၍ သူ့ကျောပြင်တွင် ပြတ်ရာကြီးဖြစ်ကာ သွေးများထွက်လာသည်။
သူက အလွန့်အလွန်လျင်မြန်လှ၍ အလင်းတန်းတစ်ခု ဖြတ်သွားသည်နှင့် တူပေသည်။ ခွန်းဖမ်နှင့် ကုန်းဖုတို့ မတုံ့ပြန်နိုင်မီမှာပင် တွန့်ဆုတ်ခြင်းမရှိပဲ ထောင်ဝူ၏ ပွင့်ဟလာသောပါးစပ်ကြီးကို အမြီးဖြင့် လွှဲယမ်းလိုက်သည်။
ဖူလီ့မျက်နှာထက်ကို နဂါးသွေးများစင်လာသည်။ သူ့ကို ကာကွယ်ပေးလိုက်သည့် ရွှေနဂါးကြီးကို မျက်လုံးအပြူးသားဖြင့် ကြည့်လိုက်သည်။ သူ၏ အနက်ရောင်မျက်လုံးသူငယ်အိမ်ထဲတွင် ရွှေရောင်များ ရောယှက်လာပေသည်။
နဂါးများ၏ နာကျင်စွာအော်ဟစ်သံကို ဖူလီ အကြိမ်ပေါင်းများစွာ ကြားဖူးသော်လည်း အမြီးကိုကိုက်ဖြတ်ခံလိုက်ရပြီးနောက် သွေးများထွက်လာကာ အရပ်မျက်နှာအနှံ့စင်ထွက်သွားသော်လည်း အသံတစ်သံမှမထွက်သည့်နဂါးကို ဖူလီတစ်ကြိမ်တစ်ခါမှ မမြင်ဖူးခဲ့ပေ။
တုန်ယင်နေသည့်လက်ကိုဆန့်ထုတ်ပြီး သူ့မျက်နှာထက်မှသွေးများကို ညင်သာစွာသုတ်လိုက်သည်။ နဂါးသွေးက ချိုမြမွှေးပျံ့ပြီး ဝိညာဉ်ချီဓာတ်များဖြင့် ပြည့်နေပေသည်။ ဖူလီက သူ့လက်ဖဝါးထက်မှ သွေးများကို ကြည့်လိုက်သည်။ သူ့မျက်လုံးသူငယ်အိမ်ထဲမှ သွေးကြောများ၏ အရေအတွက်က များပြားလာကာ နောက်ဆုံးတွင် မျက်စိတစ်ခုလုံး နီရဲသွားသည်အထိ စွန်းထင်းသွားသည်။
" ဖူ လီ..."
ကျွမ်းချင်က ပါးစပ်ဟလိုက်သော်လည်း ထွက်လာသည့်အသံက အလွန်အားနည်းဖျော့တော့လှပေသည်။ နဂါးများအတွက်မူ အမြီးက အရေးကြီးဆုံးသောနေရာဖြစ်သည်။ အမြီးကို ဆုံးရှုံးသွားသည့်နဂါးများမှာ သူတို့နဂါးအသွင်ပြောင်းချိန်တွင် ကောင်းကင်ဘုံ၏ အမြင့်ဆုံးနေရာသို့ မပျံသန်းနိုင်တော့ပေ။
ဖူလီက ဟင်္သာပြဒါးယပ်တောင်ကို တစ်ချက်ခတ်လိုက်သည်။ ယပ်တောင်က သင်တုန်းဓားပုံစံဓားသွားအဖြစ် အသွင်ပြောင်းပြီး ထောင်ဝူ၏မျက်နှာကို ပိုင်းဖြတ်သွားသည်။ ထောင်ဝူက နာကျင်စွာဖြင့် ပါးစပ်ဟလိုက်သည့်အခါ သူ့ပါးစပ်ထဲမှ ရွှေနဂါးက ပင်လယ်ထဲ ပြုတ်ကျသွားသည်။ တစ်ခဏတွင်းချင်း ကတ္တီပါနီရောင်သွေးများက ပင်လယ်ပြင်ကို နီတွတ်သွားစေသည်။ သွေးနံ့များကလည်း လေထဲကို စိမ့်ဝင်လာသည်။ ဖူလီ လက်တစ်ဖက် ဆန့်ထုတ်လိုက်ပြီး သူ့ထံ ပြန်လည်ပျံသန်းလာသည့် ဟင်္သာပြဒါးယပ်တောင်ကို ဖမ်းလိုက်သည်။ သူ့နှဖူးအလယ်တွင် အနီရောင် ဒေါင်လိုက်မျဉ်းတစ်ကြောင်း ပေါ်လာသည်။
" ရန်လိုတဲ့ချီဓာတ်တွေ သိပ်သည်းလာတာပဲ..."
ထောင်ဝူက လျှာထုတ်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်မှ သွေးများကို လျက်လိုက်သည်။
" တော်တော်လေး အရသာရှိတယ်..."
ကောင်းကင်ထက်တွင် မိုးခြိမ်းသံကျယ်ကြီးကို ကြားလိုက်ရပြီးနောက် ထောင်ဝူ၏ကိုယ်ပေါ်က်ု မိုးကြိုးတစ်စင်း ဆင်းသက်လာသည်။ ထောင်ဝူ၏ ခန္ဓာကိုယ် လှုပ်ခါသွားခြင်းနှင့်အတူ မိုးကြိုးကြောင့် အပိုင်းပိုင်းအစစဖြစ်သွားသည့် ဦးချိုက ပြန်လည်ကောင်းမွန်လာသည်။
" ဒီလောကမှာ အသက်၊ အမျက်ဒေါသနဲ့ မုန်းတီးမှုတွေ ရှိနေသရွေ့ ကောင်းကင်ဘုံလျှပ်စီးက ငါ့ကို ဘာလုပ်နိုင်မယ်တဲ့လဲ..."
ထောင်ဝူ ခေါင်းမော့ပြီး ကောင်းကင်ကိုမော့ကြည့်ကာ ရူးနှမ်းစွာဖြင့် ရယ်မောလိုက်သည်။ သူ၏ အဖြူရောင်အသားအရေက နောက်ဆုံးတွင် သွေးနီရောင်သန်းလာကာ အော်ဟစ်ဟိန်းဟောက်လိုက်သည်။
" ဒီနေ့က သူတော်ကောင်းတရားတွေ စီးဆင်းနေတဲ့ ဒီနဂါးကို ငါစားပစ်မယ့်နေ့ပဲ..."
ကောင်းကင်ဘုံစည်းမျဉ်းရှိတော့ရော ဘာဖြစ်လဲ... သူဆိုတဲ့ ထောင်ဝူကို ဘယ်တည်ရှိမှုကမှ ထိန်းချုပ်လို့မရဘူး...
ကောင်းကင်ဘုံစည်းမျဉ်းက ရွှေနဂါးကို မျက်နှာသာပေးသည်ကို အာရုံခံမိသည့်အခါ ထောင်ဝူက ဖူလီ့ကို လွှတ်ပေးလိုက်ပြီး ပင်လယ်ထဲခုန်ချသွားပြီး အမြီးတွင်ဒဏ်ရာရသွားသည့် ရွှေနဂါးကို ဝါးမျိုရန် ပြင်လိုက်သည်။ သို့ရာတွင် သူ ရေပြင်နားသို့ ချဉ်းကပ်လာသည်နှင့် အနောက်ဘက်မှ သားရဲဟိန်းဟောက်သံကြီးကို ကြားလိုက်ရပြီး ဆယ်မီတာ အကွာအဝေးခန့်အထိ လွင့်ထွက်သွားသည်။
ဂရား...
လှည့်ပတ်နေသည့်ပင်လယ်ရေများက ပိုမိုပြင်းထန်လာပြီး ပင်လယ်လေပြည်လေညင်းများက တိုက်ခတ်နေသည်။ မိုးကြိုးနှင့် လျှပ်စီးများ၏အကြားတွင် ကောင်းကင်ပေါ် မော့ကြည့်နေသည့် ယုန်ဖြူတစ်ကောင်က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ သူ၏ နှဖူးအလယ်မှ အနီရောင်အမွေးလေးက မျက်စိကျိန်းလုမတတ် အနီရောင်အလင်းတန်းတစ်မျိုး ရုတ်ချည်းဖြာထွက်လာသည်။ ရေလှိုင်းလုံးကြီးကိုးခုက ကောင်းကင်ပေါ် တက်လာသည်။ ယုန်၏ အရွယ်အစားကလည်း တဖြည်းဖြည်းကြီးမားလာသည်။ သူ၏အဖြူရောင်အမွေးကလည်း သွေးများဖြင့် စိမ်ထားလိုက်သကဲ့သို့ တောက်ပပြီး လှပလာသည်။
" အဲဒါဘာကြီးလဲ..."
ယုန်တစ်ကောင်၏ ကန်ထုတ်ခံရ၍ လွင့်ထွက်သွားလိမ့်မည်ဟု ထောင်ဝူ မထင်ထားခဲ့ပေ။ သို့ရာတွင် ယုန်ပိစိလေးက ထူးဆန်းသည့် သွေးနီရောင်သားရဲကောင်ကြီးအဖြစ်သို့ ပြောင်းလဲသွားချိန်တွင် ထောင်ဝူ၏မျက်ဝန်းထဲတွင် သတိကြီးကြီးထားနေသည့် အမူအရာတို့ ဖြစ်ပေါ်လာသည်။
သို့ရာတွင် ခွန်းဖမ်နှင့် ကုန်းဖုတို့၏ အမူအရာကလည်း ထောင်ဝူထက် ပိုမကောင်းနေပေ။ ဖူလီ့ထံမှ ရန်လိုနေသည့်ချီဓာတ်များက အရပ်မျက်နှာအနှံ့ကို ပျံ့နှံ့လာသည်ကို မြင်လိုက်ရသောအခါ ဤထက်ပို၍ ပျံ့နှံ့မှုကို တားဆီးရန် အရံအတားတစ်ခုကို လျင်မြန်စွာတည်ဆောက်လိုက်ရတော့သည်။
ဤသို့သော ရန်လိုသည့်ချီဓာတ်များက သက်ရှိသတ္တဝါများ၏ နှလုံးသား အနက်ရှိုင်းဆုံးနေရာထဲမှ မကောင်းဆိုးဝါးဆန်သည့်အတွေးများကို နှိုးဆွပေးနိုင်ပြီး ရက်စက်ကြမ်းကြုတ်ကာ သွေးဆာပြီး ကယောင်ချောက်ချားဖြစ်လာစေနိုင်သည်။ ၎င်းက မကောင်းဆိုးဝါးသားရဲများ၏ မွေးရာပါစွမ်းရည်မျိုးဖြစ်ပြီး မင်္ဂလာသားရဲများ၏ မွေးရာပါကံကောင်းမှု၊ ကံကြမ္မာကောင်းများ ဖန်တီးပေးမှုနှင့် ဆင်တူပေသည်။
လုံးလုံးလျားလျား စိတ်မတည်မငြိမ်ဖြစ်နေသည့်ဖူလီက ပင်လယ်ရေမျက်နှာပြင်ထက်တွင် ရပ်နေသည်။ သူ၏ သွေးနီရောင်မျက်လုံးများဖြင့် ထောင်ဝူကို မမှိတ်မသုန်ကြည့်နေပြီး ပါးစပ်ဟကာ မာန်ဖီနေပေသည်။