အပိုင်း ၁၀၃
Viewers 17k

Chapter 103




" သူ ထောင်ဝူကို စားချင်နေတာ..."

ကုန်းဖုက ဖူလီ၏ အနီရောင်အစွယ်များကိုကြည့်ကာ သူနှင့်အတူသယ်လာသည့် မှော်လက်နက်ကို ထုတ်လိုက်သည်။

" တကယ်လို့ သူသာထောင်ဝူကို တကယ်စားလိုက်မယ်ဆိုရင် ခံစားချက်နဲ့ တွေးခေါ်မှုမရှိပဲ အမုန်းတရားနဲ့ ဖျက်ဆီးဖို့ပဲသိတဲ့ တကယ့်မကောင်းဆိုးဝါးအစစ် ဖြစ်သွားလိမ့်မယ်..."

ဖူလီက ယခုအချိန်တွင် သူသိထားခဲ့သောထောင်ဝူထက်ပင် ပိုအန္တရာယ်များနေသည်ကို ကုန်းဖုသိသည်။ အကယ်၍ သူ့ထံတွင် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းရှိပါက ဖူလီ၏ ကျင့်ကြံဆင့်မတည်ငြိမ်သေးသည်ကို အခွင့်ကောင်းယူပြီး ခေါင်းဖြတ်ပစ်ရမည်ဖြစ်သည်။

သို့ရာတွင် သွေးနီရောင်သားရဲကြီးက ပင်လယ်ရေမျက်နှာပြင်ထက်တွင် မျောနေသည့်ရွှေနဂါးကို အဆက်မပြတ် ကာကွယ်ပေးနေပြီး ထောင်ဝူကို အနည်းငယ်မျှပင် အနားကပ်ခွင့်မပေးသည်ကို တွေ့လိုက်ရသောအခါ ကုန်းဖုက မူလအသွင်ပြောင်းပြီး ဖူလီ့ရှေ့တွင် ရပ်လိုက်သည်။

အခြားသတ္တဝါတစ်ကောင် ချဉ်းကပ်လာသည်ကို အာရုံခံမိသောအခါ ဖူလီက နားကွဲလုမတတ် အသံကျယ်ကြီးဖြင့် ဟိန်းဟောက်လိုက်သော်လည်း မည်သည့်တိုက်ခိုက်မှုကိုမှ မပြုလုပ်လိုက်ပေ။

" စိတ်ဝင်စားစရာပဲ တကယ်ကို စိတ်ဝင်စားစရာကောင်းတာ..."

ထောင်ဝူက အားပါးတရ ရယ်မောလိုက်သည်။

" ကုန်းဖုက မကောင်းဆိုးဝါးတစ်ကောင်ကို ကာကွယ်ပေးနေတာပဲ... ဒီလိုအပြုအမူကို ရှေးဟောင်းမင်္ဂလာသားရဲတွေသာမြင်ရင် မင်းကို လှောင်မှာ သေချာတယ်..."

" ငါတို့ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်က ရှင်းလင်းတဲ့ အသိတရားတစ်ခုရဖို့ ကျင့်ကြံနေကြတာပဲ..."
ကုန်းဖုက ထောင်ဝူ၏ မှတ်ချက်ကြောင့် ဒေါသမထွက်သွားပေဲ ဆန့်ကျင်ဘက်အနေဖြင့် သူ့အမြီးကို ကျက်သရေရှိရှိ ခါလိုက်သည်။

" ထောင်ဝူ မင်း ပြဿနာမရှာဖို့ ငါအကြံပေးချင်တယ်... မင်းရဲ့ ပင်လယ်ကြမ်းပြင်ကိုပဲ ပြန်သွားလိုက်ပါ..."

" ဟာသပဲ... မင်းတို့အားလုံးက အမှိုက်တွေလား..."
ထောင်ဝူက သူ့ကို ‌အထင်သေးစွာဖြင့် ပြောလိုက်သည်။

ကုန်းဖုနှင့် ထောင်ဝူက မကြာမီအချိန်တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားတော့သည်။ မင်္ဂလာသားရဲနှင့် မကောင်းဆိုးဝါးသားရဲတို့ တိုက်ပွဲဖြစ်ပွားသည့်အခါ လောကကြီးတစ်ခုလုံး အရောင်ပြောင်းလဲသွားသည်ဟု ဆိုလျှင်လည်း အလွန်အကြူးဖြစ်မည်မဟုတ်ပေ။  ကောင်းကင်ယံမှ လျှပ်စီးကြောင်းများက ‌ထောင်ဝူအပေါ်  ရံဖန်ရံခါ ဆင်းသက်လာသည်။ သို့ရာတွင် လျှပ်စီးကြောင့် လောင်ကျွမ်းသွားသည့်နေရာမှ အသားတိုင်းက အလွန်လျင်မြန်သည့်အရှိန်ဖြင့် ပြန်လည်ကောင်းမွန်လာသည်။

မသေဆုံးနိုင်သည့် သတ္တဝါမျိုးကို ရင်ဆိုင်ရသောကြောင့် အသန်မာဆုံးစွမ်းအားသည်ပင် အားပျော့လာပုံရသည်။

.....

ဖမ်ဟန့်က တည်းခိုခန်းပြတင်းပေါက်ရှေ့တွင် ရပ်နေလိုက်သည်။ ကောင်းကင်ယံတွင် အဆက်မပြတ်ဖြစ်ပေါ်နေသည့် မိုးကြိုးနှင့် လျှပ်စီးများကိုကြည့်နေရသည်မှာ ကပ်ဘေးတစ်ခု အစပျိုးလာသည်ကို ကိုယ်တိုင်မြင်တွေ့လိုက်ရသည်ဟု ခံစားရသည်။ ပို၍ ကြောက်စရာကောင်းသည်မှာ သူမှလွဲ၍ အခြားလူများက ထိုကပ်ဘေးစတင်နေပြီဖြစ်ကြောင်း သိရှိနေခြင်းဖြစ်သည်။

ထိုညတွင် တည်းခိုခန်းမှ လူများက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသောကြောင့် အားလုံးတိတ်ဆိတ်နေသည်။

.....

" ငါမင်းကို အမှိုက်လို့ပြောရင် အမှိုက်ပေါ့..."

ထောင်ဝူက သွေးများအန်ထွက်သည်အထိ အခြေအနေဆိုးနေသည့် ကုန်းဖုကို ကြည့်လိုက်သည်။ သူ့ဦးခေါင်းထက်မှ ဦးချိုနှစ်ချောင်းက ပြန်ပေါက်လာပြီဖြစ်သည်။

" တကယ်လို့ လွန်ခဲ့တဲ့ နှစ် ၅၀၀၀ တုန်းကသာဆိုရင် မင်းက ငါနဲ့ ဆက်တိုက်နိုင်ဦးမှာပဲ... ကံဆိုးတာက နတ်ဘုရားသားရဲမိုးပြာနဂါးက သေသွားတာပဲ... ဘိုးဘေးနဂါးရဲ့ ကောင်းချီးပေးမှုက မင်းတို့ရဲ့မျိုးဆက်တွေအထိ မပါလာခဲ့တဲ့အပြင် လူသားတွေဆီက ယုံကြည်မှု ဆုံးရှုံးသွားပြီဆိုတော့ ငါ့ကို အနိုင်ယူဖို့ မင်းဘာကို အားကိုးတော့မှာလဲ..."

" မင်း ကောင်းကင်ဘုံအောက်က သက်ရှိသတ္တဝါတွေအားလုံးကို မရှင်းပစ်သရွေ့တော့ ကောင်းကင်ဘုံစည်းမျဉ်းက ငါ့ကိုသတ်နိုင်မှာမဟုတ်ဘူး..."
ထောင်ဝူက ‌ဒဏ်ရာအပြင်းအထန်ရနေသည့် ကုန်းဖုကိုပင် မကြည့်တော့ဘဲ ဖူလီ့ကို ငုံ့ကြည့်လိုက်သည်။
" နှစ်ထောင်ပေါင်းနည်းနည်းပဲ နေလာရသေးတဲ့ ကလေးသာသာကောင်က ငါနဲ့တိုက်ချင်သေးတာလား..."

သူ ထိုစကားများပြောနေစဉ်တွင် ကြောက်ခမန်းလိလိမိစ္ဆာသားရဲ၏ ကိုယ်ပေါ်မှ ဝိညာဉ်ချီဓာတ်က အလွန်အမင်း ထူးခြားလာသည်ကို သိလိုက်ရသည်။ သူနှင့် ထိမိလိုက်သော ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းက တိုက်စားခံလိုက်ရပေသည်။

ထောင်ဝူပြောနေသည့်အရာများကို ဖူလီက ဂရုမစိုက်ပေ။ သူ့ဦးနှောက်ထဲတွင် ဖရိုဖရဲ ကမောက်ကမဖြစ်နေသည်။ သူ့စိတ်ထဲရှိနေသည်မှာ ရှေ့တည့်တည့်တွင်ရှိနေသည့် သတ္တဝါကိုသတ်ပြီး တစ်စုံတစ်ရာကို ကာကွယ်ပေးရန်သာ ဖြစ်သည်။

ဒါပေမဲ့ ဘာကိုကာကွယ်ပေးရမှာလဲ...

သူ့မျက်လုံးထဲတွင် ကောင်းကင်ကြီးက နီရဲနေပြီး သူဝါးမျိုချင်နေသည့် မကောင်းဆိုးဝါးကလည်း အနီရောင်ဖြစ်နေသည်။ ဤမကောင်းဆိုးဝါးကြီးထံတွင် ဟာကွက်တစ်ခုခု ပေါ်လာသည်နှင့် သူ တွန့်ဆုတ်ခြင်းမရှိပဲ တိုက်ခိုက်တော့မည်ဖြစ်သည်။

လက်သည်းနှင့် ကုတ်ခြစ်ခြင်း၊ ရန်လိုသောချီဓာတ်များ၏ တိုက်စားမှုနှင့် ဆွေ့မြေ့ယိုယွင်းသွားနိုင်သောစွမ်းရည်...

ဖူလီ၏စိတ်ကို သူ့ခန္ဓာကိုယ်၏ ပင်ကိုယ်စရိုက်များက ယူဆောင်သွားခဲ့သည်။ ၎င်းက ‌မိစ္ဆာသားရဲများ၏ ရှေးဦးတိုက်ပွဲဝင်ပုံစံဖြစ်သည်။ သူတို့က လူသားပုံစံမှ ဆင်ခြင်တုံတရားနှင့် တွေးတောဆင်ခြင်နိုင်မှုကို စွန့်ပယ်လိုက်ပြီး အရိုင်းဆန်သော သဘာဝကိုသာ ချန်ထားရစ်ခဲ့ခြင်းဖြစ်သည်။

အရွယ်အစားတိုးလာသော်လည်း ဖူလီက ထောင်ဝူနှင့်ယှဉ်ပါက သေးငယ်နေဆဲဖြစ်သည်။ သားရဲနှစ်ကောင် လိမ်ယှက်ပြီး တိုက်ခိုက်နေသော်လည်း ရုတ်တရက် ကြည့်လိုက်မည်ဆိုပါက ထောင်ဝူတစ်ကောင်တည်းသာ ခုန်ပေါက်နေသည်ဟု ထင်ရပေသည်။

ခွန်းဖမ်က ဒဏ်ရာအပြင်းအထန်ရရှိထားသော ကျွမ်းချင်နှင့် ကုန်းဖုကို ကာကွယ်ထားစဉ်တွင် ဖူလီနှင့်ထောင်ဝူအကြားမှတိုက်ပွဲကိုလည်း မျက်ခြည်မပြတ်စောင့်ကြည့်နေသည်။ ရွှေနဂါးကြီးနှင့် ကုန်းဖုကို သူ၏ ငါးကျောပေါ် တင်ထားလျက် ကောင်းကင်ယံမှ မိုးကြိုးနှင့် လျှပ်စီးများကို ကြည့်နေသည်။ ဤအဖြစ်အပျက်က လွန်ခဲ့သော နှစ်၅၀၀၀ခန့်က ဖြစ်ပွားခဲ့ပါက အရှိန်အဝါကြီးမားပြီး တည်ကြည်ခံ့ညားသော အရှင်ခွန်းဖမ်က သူ့ကျောပေါ်တွင် မင်္ဂလာသားရဲနှစ်ကောင်ကို တင်ထားသည်ကို မည်သူမှ ယုံနိုင်မည်မဟုတ်ပေ။ အတိတ်တွင်ဖြစ်နေခဲ့ပါက သူကိုယ်တိုင်လည်း ယုံကြည်နိုင်မည် မဟုတ်ပေ။

" အဟွတ် အဟွတ်..."

ကျွမ်းချင်က နောက်ဆုံးတွင် အလွန်အမင်းနာကျင်မှုကြောင့်နိုးလာခဲ့ပြီး သူ၏နဂါးအမြီးကလည်း နာကျင်မှုကြောင့် တုန်ယင်နေသည်။သူကောင်းကင်ယံပေါ်မှ ဖူလီ့ကိုမော့ကြည့် သူ၏ခေါင်းမှခြေဖျားအထိ စိုရွှဲနေသည့်ချွေးများကို ကြည့်လိုက်သည်။ လူသားအသွင်ပြောင်းလိုက်ပြီးနောက်တွင် ခွန်းဖမ်၏ကျောကို လက်တစ်ဖက်ဖြင့်ထောက်ပြီး တဖြည်းဖြည်းချင်း ထလာသည်။

" မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ..."

ခွန်းဖမ်က ကျွမ်းချင်၏ လှုပ်ရှားမှုများကို သတိပြုမိသွားသည်။

" သွေးနှောနဂါး မင်းက ကိုယ့်အသက်ကိုယ် အလဟဿဖြစ်အောင် လုပ်နေတာပဲ..."

" ဖူလီ ဒီလိုဆက်ဖြစ်နေလို့မှ မရတာ..."

ကျွမ်းချင်က သူ့ကိုယ်အောက်ပိုင်းမှ ဒဏ်ရာကို လက်ဖြင့်ဖိထားပြီး ပျံသန်းနေသည့် မှော်လက်နက်ကိုထုတ်လိုက်သည့်အခါ သူ၏ဖြူဖျော့နေသော နှုတ်ခမ်းထက်တွင် အစိမ်းရောင်ဖျော့ဖျော့ပေါ်လာသည်။ အသိစိတ်ကြာကြာလွတ်သွားသော မိစ္ဆာသားရဲများမှာ တဖြည်းဖြည်းသားရဲအဖြစ်ပြောင်းလဲလာပြီး မူရင်းအသိစိတ်လည်း ပျောက်ဆုံးသွားနိုင်သည်။

" ဖူလီက မင်းရဲ့ လက်အောက်ငယ်သားတစ်ယောက်ပဲလေ အဲ့လောက်ထိလုပ်ဖို့ လိုလို့လား..."

ခွန်းဖမ် နားမလည်နိုင်တော့ပေ။ သူက ဖူလီ့ကို သဘောကျသူဖြစ်သော်လည်း ဤကဲ့သို့သော အခြေအနေမျိုးတွင် ကျွမ်းချင်က အရာအားလုံးကိုရင်းပြီး တိုက်ခိုက်ချင်စိတ်ဖြစ်နေရသည့်အကြောင်းအရင်းကို နားမလည်နိုင်ပေ။ သူလည်း အတိတ်တွင် တပည့်တစ်ယောက် ထားခဲ့ဖူး၍ သူတို့အတွက် ရန်သူအနည်းငယ်ကို ကူညီရိုက်နှက်ပေးရသည်ကို စိတ်ထဲမရှိသော်လည်း သူ့အသက်ဆုံးရှုံးမည်ဆိုပါက ငြင်းဆန်မိမည်ဖြစ်သည်။

သူတို့က မိစ္ဆာများဖြစ်၍ လုပ်နိုင်သည့်ကိစ္စနှင့် မလုပ်နိုင်သည့်ကိစ္စများစွာလည်းရှိသည်။

ထောင်ဝူက ဖူလီ့ကို ဦးချိုဖြင့် အဝေးသို့လွင့်ထွက်အောင် လုပ်လိုက်သည်ကို ကျွမ်းချင်က ခဏတာခန့် ကြောင်အစွာ စိုက်ကြည့်နေမိသည်။ သူ များများစားစားတွေးတောနေချိန် မရှိတော့ပေ။ သူ၏မှော်လက်နက်ကို အသက်သွင်းလိုက်ပြီးနောက် ရှေ့သို့ပျံသွားပြီး ဖူလီ့ကို ဖမ်းလိုက်သည်။ ဖူလီ့ကိုယ်ပေါ်မှ ရန်လိုမှုချီဓာတ်ကို ချိတ်ပိတ်ရန် ကြိုးစားလိုက်၍ သူ့လက်ညှိုးတွင် ပြတ်ရှရာတစ်ခု ဖြစ်ပေါ်သွားသော်လည်း အသိစိတ်လွတ်နေသောဖူလီက ကျွမ်းချင်၏လက်ကို သူ့နားကပ်ခွင့် မပြုပေ။ ကျွမ်းချင်ကို ဘေးနားသို့ တွန်းထုတ်လိုက်ပြီး ထောင်ဝူနှင့် နောက်တစ်ကြိမ် တိုက်ပွဲဖြစ်ပြန်သည်။

သူတို့ ပထမဆုံး တွေ့ဆုံခဲ့စဉ်က ဖူလီကို ကျင့်ကြံဆင့်အလွန်မမြင့်သည့် မိစ္ဆာငယ်လေးတစ်ကောင်ဟု ထင်ခဲ့၍ သူ့ကိုယ်ထဲတွင် နဂါးကြေးခွံသုံးခုကို မြှုပ်ထားခဲ့ခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ပေးခဲ့ခြင်းမှာ ဖူလီငှားပေးသော မိစ္ဆာရိုက်ကြာပွတ်အတွက် ကျေးဇူးတင်လိုသောကြောင့်ဖြစ်သည်။ ထိုအချိန်က အမှတ်တမဲ့ပြုလုပ်ခဲ့မိသော အပြုအမူက ဖူလီ၏ ရန်လိုမှုချီဓာတ်ကို အမှန်တကယ် ဖုံးလွှမ်းနိုင်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ကျွမ်းချင်က သူ့ကိုယ်သူ အရူးတစ်ယောက်သဖွယ် ခံစားလိုက်ရသည်။ ဤအခြေအနေတွင်သူက ဖူလီ့ကိုကိုင်တွယ်ရန် တွေးတောနေခြင်းမဟုတ်ဘဲ ကောင်းကင်ဘုံစည်းမျဉ်းကို သွေဖယ်ရမည်ဆိုလျှင်ပင် ဖူလီ့ကို ပုံမှန်ပြန်ဖြစ်ရန်နည်းလမ်း ရှာဖွေနေခြင်းဖြစ်သည်။

ဖူလီနှင့် အချိန်အတန်ကြာသည်အထိ တိုက်ခိုက်ပြီးသောအခါ ထောင်ဝူက မောပန်းနွမ်းနယ်သွားပြီး အမာရွတ်များဖြင့် ပြည့်လာပေသည်။  သူတောင့်ခံထားသော်လည်း ဖူလီ သူ့အမြီးကို ကိုက်လိုက်ချိန်တွင် ဒေါသထွက်လာပြီး သူ၏ ရန်လိုမှုချီဓာတ်ကို ဖုံးကွယ်မထားတော့ပေ။ သူက ဖူလီကို မသတ်နိုင်မည့်အစား ကောင်းကင်ဘုံမိုးကြိုးဖြင့်သာ ကြိမ်ဖန်များစွာ အပစ်ခံတော့မည်ဖြစ်သည်။

" ထွက်သွားစမ်း..."

ထောင်ဝူက သူ့ဦးချိုများကို အသုံးပြုပြီး ကောင်းကင်ဘုံလျှပ်စီးကို ဟန့်တားလိုက်ပြီး ဖူလီ့ကို သူ့ခြေထောက်ဖြင့် နင်းချေလိုက်သည်။ ဖူလီ့ထံမှ ထုတ်လွှတ်နေသည့် ရန်လိုမှုချီဓာတ်က သူ့ခြေထောက်ကို အဆက်မပြတ်တိုက်စားနေသော်လည်း အသားများက အသစ်ပြန်ဖြစ်ပေါ်လာသည်။ ဖူလီ၏ ခန္ဓာကိုယ်တစ်ခုလုံးလည်း သွေးများဖြင့် ရွှဲနစ်နေသည်။

ဂရား...

သူ့ခန္ဓာကိုယ်၏ ပျော့ကွက်အားလုံးက ထောင်ဝူ၏ရှေ့တွင် သိသာထင်ရှားစွာ ‌ဖော်ထုတ်ခံလိုက်ရသော်လည်း ဖူလီ၏ သွေးနီရောင်မျက်လုံးသူငယ်အိမ်ထဲတွင် ကြောက်ရွံ့မှုများ မရှိပေ။

ထောင်ဝူက သူ့ကိုကြောက်လန့်ခြင်းမရှိသည့် သတ္တဝါငယ်များကို အလွန်မုန်းတီးသည်။ သူ့ပါးစပ်ဟပြီး ဖူလီ့ကို ဝါးမျိုပစ်ရန် ပြင်လိုက်လေသည်။ ခွန်းဖမ်က နောက်ဆုံးတွင် ရပ်ကြည့်မနေနိုင်တော့ပေ။ သူ့ငါးအမြီးကိုယမ်းကာ ထောင်ဝူ၏ ပါးစပ်ကိုရိုက်လိုက်၍ ထောင်ဝူက ဖူလီ့လည်ပင်းကိုမဟုတ်ဘဲ အရှေ့လက်သည်းများကိုသာ ဝါးမိသွားသည်။

" ခွန်းဖမ် မင်းဝင်မပါနဲ့..."

ထောင်ဝူက ခွန်းဖမ်ကို ရေခဲတမျှ အေးစက်သည့်အကြည့်ဖြင့် ကြည့်လိုက်ပြီးမှ သူ၏နှုတ်ခမ်းနှင့်လျှာကိုလည်း တိုက်စားခံလိုက်ရကြောင်း သိလိုက်ရသည်။ ထို့နောက် သူ၏ရှေ့လက်သည်းများကို မြှောက်ကာ ဖူလီ့ကို လည်ပင်းမှဆွဲလိုက်သည်။

သူက စိတ်ဝင်စားစရာကောင်းသည့်အရာတစ်ခုကို ရှာတွေ့ခဲ့သော်လည်း ၎င်းက စား၍မရနိုင်သော အရာတစ်ခု ဖြစ်နေသည်။ ဤအရာက စားမရသည့်အပြင် သတ်ပစ်စေချင်သည်အထိ မျက်စိစပါးမွေးစူးစရာဖြစ်နေသည်။

ဓားတစ်ချောင်းက သူ့ရှေ့လက်သည်းများကို လာရောက်ထိုးစိုက်သည်။ ထိုဓားတွင် အဆုံးမဲ့ သူတော်ကောင်းတရားများပါဝင်၍ ထောင်ဝူ၏ လက်သည်းများက တစ်စက္ကန့်အတွင်း ပြာမှုန်ဘဝရောက်သွားသည်။ ထောင်ဝူက ဆုံးရှူံးသွားသည့်လက်သည်းများ ပြန်လည်ကောင်းမွန်လာသည်ကို စောင့်ဆိုင်းနေချိန်ကို အခွင့်ကောင်းယူကာ ကျွမ်းချင်က ဖူလီ့ကိုချီပြီး ဘေးနားသို့ ရှောင်လိုက်သည်။

" သေလိုက်စမ်း..."

ထောင်ဝူက ပါးစပ်ဟပြီး ကျွမ်းချင်နှင့် ဖူလီ၏နောက်သို့ မရေမတွက်နိုင်သည့် ရေခဲဓားသွားများ ပစ်လွှတ်လိုက်သည်။ ကျွမ်းချင်က တစ်ခဏတွင်းချင်းမှာပင် နဂါးအသွင် ပြန်ပြောင်းလိုက်ပြီး ခန္ဓာကိုယ်ကို ကွေးညွှတ်၍ ဖူလီ့ကိုယ်ကို ရစ်ပတ်ထားလိုက်သည်။

သူ မျှော်လင့်ထားသည့်နာကျင်မှုက ရောက်မလာခဲ့ပေ။ အနီရောင်ငှက်လေးတစ်ကောင်က တိမ်တိုက်များထဲမှ ပျံထွက်လာပြီး ထောင်ဝူ၏မျက်လုံးရှေ့တည့်တည့်ကို တိုးဝင်လာသည်ကို ကျွမ်းချင်မြင်လိုက်ရသည်။ ထောင်ဝူက မချိတင်ကဲ နာကျင်စွာ အော်ဟစ် လိုက်သည်။ မမျှော်လင့်ဘဲ ဆုံးရှုံးသွားခဲ့သော သူ့မျက်လုံးများက လျှပ်စီးအရှိန်ဖြင့် ပြန်လည်မကောင်းမွန်လာခဲ့ပေ။

ငှက်နီလေးက အနီရောင်ဝတ်ရုံနှင့် လှပသော အမျိုးသမီးတစ်ယောက်အဖြစ် အသွင်ပြောင်းသွားသည်။ သူမက အနီရောင်ကြာပွတ်ကို ကိုင်ဆောင်ထားပြီး မျက်ဝန်းထဲတွက်လည်း ဒေါသမီးတောက်များ လောင်ကျွမ်းနေသည်။

" ငါတို့မိသားစုရဲ့ကလေးလေးကို နင်က အနိုင်ကျင့်ရဲတယ်ပေါ့လေ... လောင်နျန် ဒီနေ့ နင့်ကို အပိုင်းပိုင်းဖြတ်ပစ်မယ်..."

သူမလက်ထဲမှ ကြာပွတ်က ဓားတစ်ချောင်းအသွင် ပြောင်းလဲသွားပြီးနောက် ထောင်ဝူကို ထိုဓားဖြင့် ထိုးလိုက်သည်။

‌နာကျင်စွာအော်ဟစ်နေသည့်ထောင်ဝူက ရှောင်ချိန်မရလိုက်ဘဲ နားရွက်နှင့် နှာခေါင်း အဖြတ်ခံလိုက်ရသည်။ ထိုအမျိုးသမီး အသုံးပြုနေသည့်စွမ်းအားအကြောင်းကို မသိသော်လည်း သူမကြောင့်ဒဏ်ရာရသွားသော ထောင်ဝူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများက ပြန်လည်မကောင်းမွန်တော့ပေ။

ထိုသို့တိုက်ခိုက်ခြင်းကပင် ဝတ်ရုံနီဝတ်အမျိုးသမီး၏ ဒေါသများကို ဖြေဖျောက်ရန် မလုံလောက်သေးပေ။ သူမ၏ နတ်ဘုရားဓားကို လှုပ်ရှားလိုက်ပြီး ထောင်ဝူ၏ အသားများကို ‌ဓားသွားဖြင့် တစ်လွှာချင်းလှီးဖြတ်တော့သည်။ ပိုမိုကြောက်မက်ဖွယ်ကောင်းသည်မှာ ထိုအသားလွှာတိုင်းက ပုစဉ်းရင်ကွဲ၏အတောင်ပံသဖွယ်ပါးလွှာပြီး အရွယ်အစားချင်း ထပ်တူကျနေခြင်းဖြစ်သည်။

ဘေးနားတွင်ရှိသော ခွန်းဖမ်သည်ပင် ကြောက်လန့်မှုကြောင့် တုန်ယင်နေရသည်။ သူ့ခန္ဓာကိုယ်တစ်ဝက်ထဲမှ သွေးများက ငှက်မျိုးစိတ်များ၏သွေးဖြစ်၍ ပင်ကိုဗီဇကိုပင် မသိရသောဤငှက်ကို အလိုလိုကြောက်ရွံ့နေမိသည်။ သူ ကုန်းဖုကိုသယ်ဆောင်သွားလျက် ဘေးနားကိုဆုတ်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။

" ကုန်းဖု မင်းက ဗဟုသုတများတဲ့ကောင်ပဲ ဒီငှက်ရဲ့ မူလဇစ်မြစ်ကို ပြောပြစမ်းပါ..."

ဒဏ်ရာအပြင်းအထန်ရထားသည့် ကုန်းဖုက ခါးသီးစွာဖြင့် ပြုံးပြလိုက်သည်။

" အဲဒီစီနီယာရဲ့ ကျင့်ကြံဆင့်က နက်နဲလွန်းတော့ သူ့ရဲ့အသွင်အစစ်ကို တမင်တကာ ဖုံးကွယ်ထားတာမို့ ငါလည်း မသိဘူး.. ဒါပေမဲ့ ထောင်ဝူကို ဒီအခြေအနေထိ ဒဏ်ရာရသွားအောင် လုပ်နိုင်တယ်ဆိုတော့ သူက..."

" မင်းတို့ အဆင်ပြေရဲ့လား..."
ဝတ်ရုံနီဝတ်အမျိုးသမီးက သူတို့နှစ်ယောက်ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။ သူမ အပြုံးက ရေပြင်သဖွယ် သိမ်မွေ့လှပြီး အနက်ရောင်ဆံနွယ်များကလည်း ကျောပြင်တွင် ဖြာကျနေသည်။ သူမအလှက ကောင်းကင်ဘုံအင်မော်တယ်တစ်ယောက်နှင့် တူပေသည်။

" ကျွန် ကျွန်တော်တို့ အဆင်ပြေပါတယ်..."

ခွန်းဖမ်က အလျင်အမြန်ခေါင်းခါလိုက်သည်။ ငါးအသွင်ပြောင်းထားချိန်တွင် ထိုသို့လှုပ်ရှားလိုက်ခြင်းက စိန်ခေါ်မှုတစ်ခုနှင့်တူ၍ သူ့ကျောပေါ်မှ ကုန်းဖုကိုပင် ခါချမိမတတ်ဖြစ်သွားသည်။

" ကောင်းပြီလေ..."

ဝတ်ရုံနီဝတ်အမျိုးသမီးက ကုန်းဖုဘက်ကို လှည့်လိုက်သည့်အခါ သူမ၏ အပြုံးက ပိုမို သိမ်မွေ့သွားသည်။

ကုန်းဖုကလည်း တိတ်ဆိတ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ဝတ်ရုံနီဝတ်အမျိုးသမီးက စိတ်ကျေနပ်စွာဖြင့် ဓားကိုသိမ်းထားလိုက်ပြီး သူ့ထံသို့ ဆေးတစ်ပုလင်းပစ်ပေးလိုက်သည်။ သူမ တစ်ဖက်သို့လှည့်ပြီး ရေမျက်နှာပြင်အထက်တွင်လျှောက်လှမ်းကာ ကျွမ်းချင်၏ရှေ့တည့်တည့်ကို ရောက်လာသည်။

ကျွမ်းချင်၏ ကွေးညွတ်ထားသော နဂါးခန္ဓာကိုယ်က မလှုပ်ရှားသေးပေ။ သူက ဝတ်ရုံနီဝတ်အမျိုးသမီးကို သတိကြီးကြီးထား၍ ကြည့်နေပြီး အနားကပ်လာသည်ကို ငြင်းဆန်နေပုံရသည်။

ဝတ်ရုံနီဝတ်အမျိုးသမီးက သူ၏ သတိထားနေသော အမူအရာကို တစ်ချက်ကြည့်ပြီးနောက် သူ့ခန္ဓာကိုယ်မှ သွေးများက ပင်လယ်ထဲ စီးကျနေသည်ကို ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်ဖြင့် ရစ်ပတ်ကာကွယ်ထားသည့် ဖူလီ့ကိုလှမ်းကြည့်လိုက်ချိန်တွင် ကျွမ်းချင်က သူ့ခန္ဓာကိုယ်ကို ပိုမိုတင်းကြပ်စွာကွေးညွတ်လိုက်သည်။

" ငါက..."

ဝတ်ရုံနီဝတ်အမျိုးသမီးက ရှက်ရွံ့သွားသည့်ပုံဖြစ်သွားသည်။ သူမ ပါးစပ်ဟပြီး အချိန်အတန်ကြာအောင် ရပ်တန့်သွားကာ သင့်လျော်သည့် စကားတစ်လုံးမှ မပြောနိုင်အောင် ဖြစ်နေသည်။အသက်မပြည့်သေးသည့် ရွှေနဂါးလေးက ဖူလီ့ကို အသက်နှင့်ရင်းပြီး ကာကွယ်နေသည်ကို မြင်သောအခါ သူမ စကားပြောရန် ပိုမိုခက်ခဲသွားသည်။

သူမ တစ်ဖက်လှည့်ပြီး ဒဏ်ရာရကာ ပုံပျက်ပန်းပျက်ဖြစ်နေသည့် ထောင်ဝူဘက်ကိုလှည့်လိုက်သည်။အိတ်တစ်လုံးထုတ်ပြီးနောက် ထောင်ဝူကို ထိုအိတ်ထဲ စုပ်ယူကာ အိတ်ကို တင်းကြပ်စွာချည်လိုက်သည်။ သူမ အင်္ကျီထဲမှ ဆေးလုံးတစ်လုံးကိုထုတ်ယူကာ ကျွမ်းချင်ကို ပေးလိုက်သည်။

" ငါတို့မိသားစုရဲ့ ကလေးလေးကို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ငါက ဖူလီရဲ့ အကြီးအကဲပါ မင်းငါ့ကို ကျူးယွဲ့လို့ ခေါ်နိုင်တယ်..."

ကျွမ်းချင်က ကျူးယွဲ့ဟူသောအမျိုးသမီးပေးသည့် ဆေးလုံးကို လှမ်းမယူလိုက်ပဲ အသက်ဓာတ်ကိုထိန်းထားပြီး အေးစက်စွာဖြင့် ပြောလိုက်သည်။

" ဖူလီ ကျွန်တော့်ကိုပြောတာတော့ သူ့မိတ်ဆွေတွေနဲ့ ဆွေမျိုးတွေက ဝေ့ရွှေမှာ သေသွားကြပြီတဲ့..."

ဝတ်ရုံနီဝတ်အမျိုးသမီးက ကြောင်အစွာ ငေးငိုင်နေပြီး သူမ မျက်နှာထက်မှ ရှက်ရွံ့မှုက ပိုမိုနက်ရှိုင်းသွားသည်။

သူမ ငေးငိုင်နေသည်ကို အခွင့်ကောင်းယူကာ အပြင်းအထန်ဒဏ်ရာရထားပုံပေါ်သည့် ကျွမ်းချင်က မမျှော်လင့်ပဲ သူ့ခန္ဓာကိုယ်မှ အမြီးကို ပိုမိုကွေးညွတ်ကာ ဖူလီ့ကိုရစ်ပတ်လိုက်ပြီး ပင်လယ်ထဲ ငုပ်သွားတော့သည်။

အနီရောင်သွေးများစွာ စွန်းထင်းနေသည့် ပင်လယ်ရေမျက်နှာပြင်ကို အချိန်တန်ကြာသည်အထိ စိုက်ကြည့်နေပြီးနောက် ဝတ်ရုံနီဝတ်အမျိုးသမီးက သူမမျက်နှာကို ထိကြည့်လိုက်သည်။

" သူ့ရဲ့ နဂါးမျက်လုံးတွေက ကန်းနေတာများလား ငါ့ပုံစံက လူဆိုးနဲ့ တူနေလို့လား..."

သူမ ပင်လယ်ပြင်ကို စက္ကန့်အနည်းငယ်ခန့် ကြည့်နေလိုက်ပြီးနောက် ကောင်းကင်ပေါ်မှ ပျောက်ကွယ်လုဆဲဆဲမိုးကြိုးများကို ကြည့်လိုက်သည်။ သူမ အံတင်းတင်းကြိတ်ကာ ပင်လယ်ထဲခုန်ချပြီး သူတို့နောက် လိုက်သွားတော့သည်။

ခွန်းဖမ်က သွေးများစွန်းထင်းနေသည့် ပင်လယ်ရေပြင်ကို ကြောင်အစွာကြည့်နေသည်။

" အဲ့မိန်းမက ဖူလီကိုသိတာလား..."

ကုန်းဖုက ဆေးကို ပါးစပ်ထဲထည့်လိုက်ပြီး သူ့မျက်နှာအမူအရာက မပြောင်းလဲသွားပေ။
" ငါလည်း မသိဘူးလေ..."

သူ တစ်ခုခုသိတယ်ဆိုရင်တောင် ဘယ်ပြောရဲမှာလဲ...

မည်သို့ပင်ဖြစ်စေ ထိုအမျိုးသမီး ပင်လယ်ထဲ ခုန်ချသွားပြီးသည့်နောက် ကောင်းကင်ယံမှ မိုးကြိုးနှင့်လျှပ်စီးများ ပျောက်ကွယ်သွားခဲ့သည်။