Chapter 104
ပြန်လည်ပေါင်းစည်းခြင်း
ပင်လယ်ကြမ်းပြင်က စိတ်ကူးယဉ်အဆန်ဆုံးနေရာဟု အချို့ကဆိုကြသည်။
တစ်ကြိမ်တစ်ခါမှ မမြင်ခဲ့ဖူးသောငါးမျိုးစုံ၊ ပင်လယ်ရေနက်ပိုင်းမှ ဆန်းကြယ်သောအပင်များနှင့် လှပသည့် ရေအောက်ရှု့ခင်းများလည်းရှိသည်။
ဖူလီ စိတ်ကြည်လင်စွာဖြင့် နိုးထလာချိန်တွင် သူ့အမြင်အာရုံထဲ၌ ရွှေရောင်များဖြင့် ပြည့်နေသည်။ နဂါးအနံ့နှင့် သွေးနံ့တို့ကလည်း ဘေးပတ်ဝန်းကျင်တွင် ပျံ့နှံ့စိမ့်ဝင်နေပေသည်။ သူ့ခန္ဓာကိုယ်ကို လှည့်လိုက်သည့်အခါ သူမြင်တွေ့နေရသည့်ရွှေရောင်က ကျွမ်းချင်၏ အကြေးခွံများဖြစ်ကြောင်း သိလိုက်ရသည်။ ကျွမ်းချင်က သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားပေသည်။
သူ၏ မှတ်ဉာဏ်များက ဖရိုဖရဲ ကမောက်ကမဖြစ်နေသည်။ သူ ခေါင်းခါလျက် အသံတိုးတိုးဖြင့် မေးလိုက်သည်။
" နဂါးလေးကျွမ်း နဂါးလေးကျွမ်းလား..."
ကျွမ်းချင်ထံမှ မည်သည့်တုံ့ပြန်မှုမှ ပြန်လည်မရရှိပေ။ သူ၏ နောက်ခြေထောက်နှစ်ဖက်ဖြင့် အားပြု၍ ခုန်ထွက်လိုက်သည်။ မြေပေါ်ပြန်ဆင်းလာပြီး လူသားအသွင် ပြောင်းလိုက်ပြီးသည့်နောက်တွင် ကျွမ်းချင်၏ ခန္ဓာကိုယ်မှ ဒဏ်ရာများက ပင်လယ်ရေနှင့် ထိတွေ့သည်မှာ ကြာမြင့်နေခြင်းကြောင့် အဖြူရောင်ပြောင်းလာသည်ကိုပင် တွေ့လိုက်ရသည်။ ကြောက်စရာအကောင်းဆုံးမှာ အမြီးမှဒဏ်ရာဖြစ်သည်။ ထိုဒဏ်ရာက နက်လွန်း၍ အရိုးပင်မြင်နေရသည်။ ကြမ်းပြင်တွင်လည်း သွေးများဖြင့်ဖုံးနေကာ သူ့အမြီးကလည်း အနည်းငယ်ပုံစံမကျစွာဖြင့် ကွေးညွတ်ထားရသည်။
သူ အခု မှတ်မိသွားပြီ... ထောင်ဝူက သူ့ကိုသတ်ပစ်တော့မယ့်အချိန်မှာ ကျွမ်းချင်က နဂါးအသွင်ပြောင်းပြီး သူ့ကို ကာကွယ်ပေးလိုက်တာပဲ...
သူ၏ လက်ရှိအခြေအနေနှင့် ထိုအဖြစ်အပျက်နောက်ပိုင်း မည်သည့်အရာများဖြစ်သွားသည်ကို တွေးတောမနေတော့ဘဲ ဖူလီက ဆေးလုံးများစွာကိုထုတ်ကာ နဂါးပါးစပ်ထဲ ထည့်ပေးလိုက်သည်။ ထိုသို့လှုပ်ရှားမှုများ ပြုလုပ်နေသော်လည်း ကျွမ်းချင်က နိုးမလာခဲ့၍ ဒဏ်ရာအလွန်ပြင်းထန်ကြောင်း ထင်ရှားသွားလေသည်။ ဖူလီက အပြင်ပိုင်းဒဏ်ရာများအတွက် ဆေးရှာတွေ့ထား၍ သူ၏ ဝိညာဉ်စွမ်းအားဖြင့် ဘေးပတ်ပတ်လည်မှ သွေးစက်များကိုဖယ်ကာ ဆေးလိမ်းထားပေးလိုက်သည်။
ကျွမ်းချင်က ပုံမှန်အချိန်တွင် မည်မျှတည်ကြည်ခံ့ညားသူ ဖြစ်စေကာမူ လက်ရှိအချိန်တွင် သူ့ရှေ့၌ သတိလစ်မေ့မျောနေသည့်နဂါးက အရွယ်ရောက်ပြီးသူနှင့် လုံးဝ မတူနေပေ။ နဂါးခန္ဓာကိုယ်မှ ဆွေးမြေ့နေသည့် ကြေးခွံများနှင့် ကုသ၍မရနိုင်သော ဒဏ်ရာဟောင်းများက အချိန်နှင့်အမျှ ကျန်ရစ်ခဲ့သော အမာရွတ်များကို မှတ်တမ်းတင်ထားခဲ့သည်။
ဖူလီက ငယ်စဉ်တည်းက ပြုစုယုယခံပြီး ကြီးပြင်းလာရသူဖြစ်၍ အကြီးအကဲများ၏ ကာကွယ်ပေးမှု မခံခဲ့ရသော နဂါးငယ်လေး၏ဘဝကို စိတ်မကူးမိနိုင်အောင် ဖြစ်နေသည်။ ဒဏ်ရာအားလုံးကို ဆေးထည့်ပေးပြီးသည့်အခါ ဖူလီက နဂါးခေါင်းနားသွားပြီး တင်ပျဉ်ခွေထိုင်နေလိုက်သည်။ လှုပ်ရှားမှုကင်းမဲ့နေသည့် ကျွမ်းချင်ကိုကြည့်ကာ လက်ဆန့်ထုတ်ပြီး ဦးချိုများကို ထိကြည့်နေလိုက်သည်။
ကျွမ်းချင်က သူ့ကို နှစ်ကြိမ်တိုင်အောင် ကယ်တင်ပေးခဲ့ပြီး အကြိမ်တိုင်းတွင်လည်း ဒဏ်ရာအကြီးအကျယ် ရခဲ့သည်။ ဤနဂါးလေးက ရံဖန်ရံခါတွင် သူ့ကို တုံးအ၍ ဘဝအတွေ့အကြုံများမရှိဟုပြောသော်လည်း အမှန်တွင် သူကိုယ်တိုင်က တုံးအသော မိစ္ဆာလေးတစ်ကောင် ဖြစ်နေခဲ့သည်။
သူ ဉာဏ်ကောင်းတယ်ဆိုရင် ဘာလို့ သူ့အသက်နဲ့ရင်းပြီ ငါ့ကိုကယ်ရတာလဲ... ထောင်ဝူက ဘယ်လောက်တောင်စွမ်းအားကြီးတယ်ဆိုတာ မသိဘူးလား...
" ငါက ပြောင်ချောချောနဲ့ အမွေးမရှိတဲ့ သတ္တဝါတွေဆို မုန်းတယ်ဆိုပေမယ့်..."
ဖူလီက ရစ်ခွေနေသည့် ကျွမ်းချင်ကို ကြည့်လိုက်သည်။ ဤ နဂါးက သူသတိမလစ်သွားမီ အချိန်မှာပင် အရံအတားတစ်ခု ဘေးနားတွင် ချထားခဲ့ပြီး ဖူလီ့ကို သူ့ခန္ဓာကိုယ်ဖြင့် ကာကွယ်သွားရန် မမေ့ခဲ့ပေ။
" မင်း ငတုံးလား... မင်းက တကယ် ငတုံးပဲ..."
ဖူလီက နဂါးခေါင်းကို တို့လိုက်သည်။
သူ ခေါင်းမော့ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူတို့ရောက်ရှိနေသည့်နေရာက ထည်ဝါသည့် နန်းတော်ခန်းမဆောင်တစ်ခုဖြစ်ပြီး အတွင်းပိုင်းက အလှဆင်ပစ္စည်းများကိုလည်း အထူးဂရုစိုက် ရွေးချယ်ထားပုံပေါ်သည်။ ၎င်းက အေးစက်ပြီး ဖော်ရွေမှုမရှိကာ သက်ဝင်လှုပ်ရှားမှု ကင်းမဲ့နေရုံသာဖြစ်သည်။ ဤနေရာတွင် မည်သူတစ်ဦးတစ်ယောက်မှ မနေထိုင်သည်မှာ အချိန်ကာလ အတန်ကြာပုံပေါ်သည်။ ဤနန်းတော်နှင့် မိုးပြာနဂါးမျိုးနွယ်၏နန်းတော်က ဆင်တူမှုအချို့ရှိသော်လည်း ဤနေရာက ပိုလက်ရာမြောက်ပြီး ခမ်းနားပေသည်။ ဤနေရာက မည်သည်ဖြစ်ကြောင်း ဖူလီ့စိတ်ထဲတွင် အကြမ်းဖျင်း တွေးမိသွားသည်။
ရွှေနဂါးမျိုးနွယ်ရဲ့ နန်းတော်ပဲ...
ရွှေနဂါးမျိုးနွယ်၏ တစ်ဦးတည်းသောမျိုးဆက်ဖြစ်သည့် ကျွမ်းချင်တစ်ယောက်တည်းကသာ နန်းတော်ပေါ်မှ ကန့်သတ်မှုကို ဖယ်ရှားနိုင်ပေသည်။ သို့ရာတွင် ဤနေရာ၌ နဂါးအစောင့်စစ်သည်များနှင့် အစေခံများ မရှိသောကြောင့် အခမ်းနားဆုံးနေရာတစ်ခု ဖြစ်သော်လည်း အေးစက်ပြီး အသက်မဲ့နေသည်။ ရွှေနဂါးမျိုးနွယ်က နှစ်ထောင်ပေါင်းများစွာတိုင်အောင် ထင်ရှားကျော်ကြားခဲ့သော်လည်း ဤသို့သော ဝမ်းနည်းဖွယ်ရ အဆုံးသတ်နှင့် ကြုံတွေ့ခဲ့ရပေသည်။
သူ သက်ပြင်းချလိုက်သည်။ သူ့လက်တစ်ဖက်ကို ကျွမ်းချင်၏နှဖူးပေါ် ဖိကပ်ထားလိုက်သည့်အခါ ဝိညာဉ်ချီဓာတ်များက လက်ဖဝါးမှတစ်ဆင့် နဂါးခန္ဓာကိုယ်ထဲ ဝင်သွားပြီး မျက်စိကျိန်းလောက်အောင် တောက်ပသည့် နဂါးပုလဲလုံးကို အာဟာရဖြည့်တင်းပေးနေသည်။
ဝိညာဉ်ချီဓာတ်ကို ပေးပို့ပြီးသည့်အခါ ဖူလီက သူ့ကျင့်ကြံဆင့် အနည်းငယ်တက်သွားကြောင်း သိလိုက်ရသည်။ သူ ပျင်းရိပျင်းတွဲဖြင့် နဂါးခေါင်းကို မှီနေလိုက်ပြီး ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများကို ပြန်လည်တွေးတောနေလိုက်သည်။ သူ အဆင့်တက်သွားပြီးနောက် နှလုံးသားအတိဒုက္ခကို ကြုံတွေ့ခဲ့ရပြီး ကျွမ်းချင်၏ ကားထဲတွင် ကျင့်ကြံနေသည့် အနေအထားကို ရောက်သွားခဲ့သည်။ ထို့နောက်တွင် ကောင်းကင်ဘုံလျှပ်စီးအတိဒုက္ခကို ကြုံတွေ့လိုက်ရသေးသည်။
သူ့ရဲ့ ကျင့်ကြံဆင့်က တော်တော်တက်သွားပါတယ် အဲဒီနောက်ရော...
သူ့မျက်ခုံးများ တွန့်ချိုးလိုက်သည်။ ကျွမ်းချင်က ထောင်ဝူ၏တိုက်ခိုက်မှုများကို သူ့အစားဟန့်တားပေးနေသည့်နေရာတွင် သူ့မှတ်ဉာဏ်များက ရပ်တန့်သွားသည်။ ထိုနောက်ပိုင်းကိစ္စများကို မမှတ်မိတော့ပေ။ သို့ရာတွင် ကျွမ်းချင်၏ဒဏ်ရာများကို ကြည့်ရုံဖြင့် သူ့အမြီးတစ်ခုတည်း ဒဏ်ရာရခဲ့ခြင်း မဖြစ်နိုင်ပေ။ သို့ရာတွင် ကျွမ်းချင်က တိုင်းပြည်ကံကြမ္မာနှင့် ပေါင်းစပ်ထားသော်လည်း ကျင့်ကြံနှစ် ၁၉၀၀သာ ရှိသေးရုံဖြင့် ထောင်ဝူနှင့် ဤမျှကြာကြာတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်၍ ပါရမီရှင်တစ်ယောက်ဟု သတ်မှတ်နိုင်နေပြီဖြစ်သည်။ အကယ်၍ သူ့ကြောင့် ကျွမ်းချင် ကောင်းကင်ပေါ်မှ ကျဆင်းလာခဲ့ပါက သူလည်း လက်ခံနိုင်မည် မဟုတ်ပေ။
" မင်း ငါ့ကိုယ်ပေါ်မှာ ဘယ်လောက်ကြာအောင် မှီထားဦးမှာလဲ..."
အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်နှင့် ဖူလီက အမြန်လှည့်ကြည့်လိုက်သည်။
" နိုးလာပြီလား..."
" အင်း..."
သူ၏ အမာရွတ်များဖြင့် ပြည့်နေသည့် ခန္ဓာကိုယ်ကို မမြင်စေလိုသောကျွမ်းချင်က လူသားပုံစံအသွင်ပြောင်းလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။
" ငါနဲ့အတူ နန်းတော်အတွင်းပိုင်းကိုလိုက်ခဲ့..."
ဖူလီက သူ့ကိုလက်မောင်းတစ်ဖက်ဖြင့်တွဲပေးလိုက်သည်။ ကျွမ်းချင်က ဖူလီ့ကို တိတ်ဆိတ်စွာကြည့်နေပြီး သူ့လက်ကိုလည်း မတွန်းဖယ်ပစ်ပေ။
ရွှေနဂါးနန်းတော်က အလွန်ကြီးမားလှပပေသည်။ ခမ်းနားထည်ဝါသော အဆောက်အဦးတစ်ခုတည်းဖြင့်ပင် ရွှေနဂါးမျိုးနွယ်က ထိုနှစ်များတွင် မည်မျှနာမည်ကျော်ကြားခဲ့ကြောင်း ဖူလီစိတ်ကူးယဉ်ကြည့်နိုင်သည်။ သူ ခေါင်းမော့ပြီး ကျွမ်းချင်၏မျက်နှာကို လှမ်းကြည့်လိုက်သည်။ တစ်ဖက်လူ၏ အမူအရာက တည်ငြိမ်နေပြီးဤနေရာနှင့်ပတ်သက်ပြီး တစ်ခုခုကို ဆုံးရှုံးလိုက်ရသည့် ခံစားချက်မျိုး ရှိနေပုံရသည်။
" ငါ့ကို ဘာလို့ကြည့်နေတာလဲ..."
ကျွမ်းချင်က သူ့ကို ရုတ်တရက်လှည့်ကြည့်လိုက်၍ အကြည့်ချင်းဆုံသွားရသည်။
ထိုမျက်ဝန်းများက အလွန်ကြည့်ကောင်းပေသည်။
ဖူလီက ခြောက်ကပ်စွာရယ်လိုက်သည်။
" ငါက ဒီနေရာနဲ့ မရင်းနှီးသေးဘူးလေ မင်းငါ့ကို မိတ်ဆက်ပေးလို့ ရမလား..."
" မရဘူး..."
ကျွမ်းချင်က ဗြောင်ကျကျ ငြင်းပယ်လိုက်သည်။
ဖူလီ : .....
" ငါ ဒီကိုရောက်တာ ဒုတိယအကြိမ်ပဲ..."
ကျွမ်းချင်က နန်းတော်အပြင်ဘက်မှ 'ချန်းဖန်နန်းတော်' ဟူသည့် ဆိုင်းဘုတ်ကိုကြည့်လိုက်သည်။
" ငါ ဒီနေရာကို နောက်ဆုံးလာတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၉၀၀တုန်းကလေ အဲ့တုန်းက အသက်ဆယ်နှစ်ပဲ ရှိသေးတယ်..."
" ငယ်ငယ်လေးပဲရှိသေးတာပေါ့..."
ဖူလီက ကျွမ်းချင် လှေကားပေါ်တက်နိုင်အောင် ကူညီပေးလိုက်သည်။
" မင်း ဒီနှစ်တွေအတွင်းမှာ ထပ်မလာခဲ့ဖူးလား..."
ကျွမ်းချင်၏ မျက်လုံးထဲတွင်မူ ဤနေရာမှ အပင်များက အလွန်အမင်း ထူးဆန်းပြီး အေးစက်လွန်းနေသည်။
" ဘာလာလုပ်ရမှာလဲ..."
သူတို့ ချန်းဖန်နန်းတော်၏အတွင်းပိုင်းထဲမှ အိပ်ခန်းတစ်ခန်းထဲ ဝင်လာကြသည်။ အိပ်ရာထက်မှ ပိုးထည်မွေ့ရာ နူးညံ့သန့်ရှင်းနေဆဲဖြစ်၍ ၎င်း၏ပိုင်ရှင်က ခဏသာ အပြင်ထွက်သွားပြီး မိုးမချုပ်မီ ပြန်ရောက်လာသည်နှင့် တူနေသည်။ ဖူလီက အိပ်ရာပေါ်မှ မွေ့ရာခင်းကိုဖယ်လိုက်ပြီး သူ၏ချမ့်ခွန်းအိတ်ထဲမှ အိပ်ရာခင်းတစ်ခုကို အသစ်ထုတ်လိုက်သည်။ ကျွမ်းချင် မသက်မသာဖြင့် အိပ်နေရမည်စိုး၍ အိပ်ရာခင်းအလွှာများစွာ ထပ်ထည့်လိုက်သည်။
" အရင်လှဲပြီးတော့ ခဏနားလိုက်ပါဦး..."
" ဒါက ကျောက်ရမ်ချည်လား..."
ကျွမ်းချင်က အိပ်ရာပေါ်လှဲလိုက်သည်။ နွေးထွေးပြီး သက်တောင့်သက်သာရှိသော အထိအတွေ့ကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး မသိမသာ စိတ်အေးသွားမိသည်။
" ဟုတ်မှာပေါ့..."
ဖူလီက လောကီနှင့်ဆိုင်သော အရာများကို ဂရုမစိုက်ပေ။ မူလဇစ်မြစ်ကို မသိရသည့် တောင်ပုံရာပုံပစ္စည်းပေါင်းများစွာက ချမ့်ခွန်းအိတ်ထဲတွင်ရှိ၍ သူ ဂရုမစိုက်သည်မှာလည်း သဘာဝဖြစ်သည်။
" ဖူလီ..."
သူ့ကိုယ်သူ ဖူလီ၏အကြီးအကဲဟုပြောခဲ့သော ထူးဆန်းသည့် အမျိုးသမီးကို ကျွမ်းချင်တွေးမိသွားသည်။ ထိုအမျိုးသမီးက ထောင်ဝူအတွက်ဘေးအန္တရာယ်ကြီးဖြစ်စေပုံပင်။ သူမ ပေါ်လာသည်နှင့် ထောင်ဝူက ပြန်လည်ကောင်းမွန်နိုင်သည့်စွမ်းရည်များ မရှိတော့ပေ။
" အဲဒီခေတ်က မိစ္ဆာတွေအားလုံးမှာ ဒီပစ္စည်းတွေ ရှိကြတာလား..."
" ငါလည်းမသိဘူးလေ..."
ဖူလီက နောက်ထပ်ဆေးတစ်လုံးကို ကျွမ်းချင်၏ပါးစပ်ထဲထည့်လိုက်သည်။
" ငါက မိစ္ဆာတော်တော်များများနဲ့ မတွေ့ဖူးဘူးလေ... ငါ တောင်ပေါ်မှာ မနေတဲ့အချိန်က ပိုတောင်နည်းသေးတယ်... ယောင်လောကတစ်ခုလုံးအကြောင်းကို တောင်ပေါ်မှာနေတဲ့ အကြီးအကဲတွေက တစ်ဆင့်ပဲ သိတာများတယ်... ဒါပေမဲ့ တောင်ပေါ်က ယောင်ကျင့်ကြံသူတွေကတော့ ဒါတွေကို သာမန်ပစ္စည်းတွေလို့ ပြောတာပဲ အတိတ်တုန်းက ဒီပစ္စည်းတွေက သိပ်မရှားဘူးထင်တယ်..."
ကျွမ်းချင်က စိတ်ခံစားချက်များစွာ ရောပြွန်းနေလျက် ကျောက်ရမ်ချည်ဖြင့်ရက်ထားသည့် မွေ့ရာကို ထိလိုက်သည်။ ကျောက်ရမ်ချည်က မှတ်တမ်းမှတ်ရာအားလုံးထဲတွင် အလွန်အမင်းရှားပါးသည့်အရာဟု မှတ်တမ်းတင်ခံထားရပြီး ထိုမှတ်တမ်းများကလည်း လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင်ခန့်က မှတ်တမ်းများဖြစ်သည်။
အဲ့တော့ ဒီရှေးဟောင်းမှတ်တမ်းတွေမှာ ရေးထားခဲ့တဲ့လူတွေက ကမ္ဘာကြီးက အကြောင်းအရာတွေအကုန်လုံးကို မမြင်ဖူးတာများလား ဒါမှဟုတ် ရောင်ပြန်မြူတောင်က ယောင်ကျင့်ကြံသူတွေကပဲ သိုသိုသိပ်သိပ်နေလွန်းတာလား...
"ဖူလီ ခုနတုန်းက သူ့ကိုယ်သူ မင်းရဲ့ အကြီးအကဲလို့ပြောတဲ့ အမျိုးသမီးကျင့်ကြံသူတစ်ယောက် ရောက်..."
သူ့စကားမဆုံးခင်မှာပင် တစ်စုံတစ်ယောက်က ရွှေနဂါးနန်းတော်အပြင်ဘက်မှ အရံအတားကို ချိုးဖျက်ဝင်ရောက်လာသည်။
ရွှေနဂါးနန်းတော်၏ တစ်ဦးတည်းသော သခင်ဖြစ်သည့်ကျွမ်းချင်က ဤနန်းတော်တွင် ဖြစ်ပျက်နေသည့်အရာများနှင့်ပတ်သက်၍ သတိပြုနိုင်မှု မြင့်မားလှသည်။ သူ့ အမူအရာက ခက်ထန်သွားပြီး အိပ်ရာပေါ်မှထကာ လေးပင်လှသည့်အသံဖြင့် ပြောလိုက်သည်။
" နန်းတော်ထဲဝင်လာတာ ဘယ်သူလဲ... ငါ့ရဲ့နဂါးနန်းတော်ထဲကို ခွင့်ပြုချက်မရှိဘဲ ဘယ်သူဝင်လာရဲတာလဲ..."
ကျွမ်းချင်၏ ပြင်းထန်လှသောအမူအရာကိုတွေ့သောဖူလီက သူ၏အနီရောင်ကြာပွတ်ကိုကိုင်ကာ သတိကြီးကြီးဖြင့် မတ်တပ်ထရပ်လိုက်သည်။
အပြင်ဘက်တွင် မည်သည့်တုံ့ပြန်မှုမှ မရှိသော်လည်း ဖူလီက ခြေသံများကို ကြားလိုက်ရသည်။
ထိုခြေသံက အလွန်ပေါ့ပါးလှပြီး ထိုလူက နှေးကွေးစွာ လျှောက်လာသည်။ သို့သော် နောက်ဆုံးတွင် ထိုလူက ချန်းဖန်နန်းတော်၏ရှေ့တွင် ရပ်လိုက်ပေသည်။ သူတို့အကြားတွင် နန်းတော်တံခါးတစ်ချပ်သာ ခြားတော့သည်။ ဖူလီသာမက နန်းတော်အပြင်ဘက်မှလူကလည်း မလှုပ်ရှားပေ။ ကျွမ်းချင်က သူ့ကို ကာကွယ်ပေးထားသည့်ဖူလီကို လေးနက်သည့် အကြည့်တစ်မျိုးဖြင့် ကြည့်လိုက်သည်။
" ဒီကို ကြွလာတဲ့ ဧည့်သည်တော်ကို တလေးတစားဆက်ဆံသင့်တာပါ ဒါပေမဲ့ ကျွန်တော့်ရဲ့ မိတ်ဆွေက ဒဏ်ရာရထားလို့ ဒီက ဧည့်သည်တော်ကို မကြိုဆိုနိုင်သေးပါဘူး... အဲဒါကြောင့်မို့ သူ့အစား ကျွန်တော်ကပဲ ခွင့်လွှတ်မှု တောင်းခံပါတယ်..."
ဖူလီက ထိုလူ မည်သူဖြစ်ကြောင်း မသိသော်လည်း မိတ်ဆွေဖြစ်ပါက ဤသို့တိတ်ဆိတ်နေမည်မဟုတ်ကြောင်း သိလိုက်၍ သတိကြီးကြီးထားနေခြင်းဖြစ်သည်။
ရင်းနှီးနေသည့်အသံကို နားထောင်နေသောကျူးယွဲ့က ပြုံးလိုက်ပြီးနောက် ငိုချင်စိတ်ပေါက်လာသည်။ သူမ လှေကားထစ်များပေါ်တက်လိုက်ပြီး နန်းတော်တံခါးကို လက်ဖြင့်ထိလိုက်သည်။
သူမ ဤတံခါးချပ်ကို ဖွင့်လိုက်ရုံဖြင့် နှစ် ၂၀၀၀ကျော် ပြုစုစောင့်ရှောက်လာခဲ့သည့်ကလေးကို ပြန်တွေ့နိုင်မည်ဖြစ်သည်။
" ဒီဘက်က ဧည့်သည်တော်က နဂါးနန်းတော်ထဲကို ကျူးကျော်ဝင်လာပြီးတော့ နာမည်လေးများ မပြောပြချင်ဘူးလား..."
သူတို့မတွေ့ရသည့် နှစ်ပေါင်း၂၀၀၀ခန့် အချိန်အတောအတွင်းတွင် ထိုကလေးက ကြီးပြင်းလာပုံပေါ်သည်။ သူက အလိုလိုက်ခံရသည့် ကလေးတစ်ယောက်သဖွယ် မပြုမူတော့သည့်အပြင် ခေါင်းမာခြင်းလည်း မရှိတော့ပဲ အခြေအနေအရ လိုက်လျောညီထွေစွာ နေထိုင်တတ်လာပုံရသည်။
ကျူးယွဲ့ ပြုံးနေသော်လည်း သူမမျက်လုံးထောင့်များက နီရဲလာသည်။
သူမ အသက်ပြင်းပြင်းရှုလိုက်သည်။ သူမ အသံက တုန်ယင်စွာဖြင့် ပြောလ်ိုက်သည်။
" ကျွန်မက ဝေ့ရွှေ ရောင်ပြန်မြူတောင်ပေါ်က မိစ္ဆာငယ်လေး ကျူးယွဲ့ပါ..."
နန်းတော်တစ်ခုလုံး ရုတ်ချည်းငြိမ်ကျသွားသည်။ ကျူးယွဲ့က ထိုကလေး သူမကို အပြစ်တင်ခြင်း၊ ဒေါသထွက်ခြင်းတို့ ပြုလုပ်မည်လား မိတ်ဆွေသစ်များ ရပြီးသည့်နောက်တွင် အကြီးအကဲများကို မေ့သွားပြီလားဟု စိုးရိမ်ပူပန်စွာဖြင့် တွေးနေမိသည်။
ရောင်ပြန်မြူတောင်ပေါ်က ကျူးယွဲ့လား...
ဖူလီက နားကြားမှားသွားသည်ဟု ထင်လိုက်သည်။ ရောင်ပြန်မြူတောင်က ဖျက်ဆီးခံလိုက်ရသည်မှာ ကြာပြီဖြစ်သည်။
တောင်ပေါ်က မိစ္ဆာအားလုံးကလည်း နဂါးတွေရဲ့ဗိုက်ထဲ ရောက်ကုန်ပြီလေ ဘယ်လိုလုပ်ပြီး...
" ကျွမ်းချင် သူ ဘာပြောလိုက်တာလဲ..."
ဖူလီက ကြောင်အသစွာဖြင့် ကျွမ်းချင်ကို လှည့်ကြည့်လိုက်ပြီး သူ နားကြားလွဲခြင်းဟုတ်မဟုတ် သိချင်နေသည်။
" သူပြောတာက..."
ကျွမ်းချင်က စိတ်နှင့်လူမကပ်ဖြစ်သွားသည့် ဖူလီ့ကိုကြည့်ကာ မျက်လွှာချလိုက်သည်။
" သူပြောတာ သူက ရောင်ပြန်မြူတောင်ပေါ်က ကျူးယွဲ့တဲ့..."
ထိုအမျိုးသမီးက ကောင်းကင်ဘုံအောက်ရှိ အမျိုးသားအားလုံး အကြည့်မလွှဲနိုင်သည့် အလှတရားမျိုးကို ပိုင်ဆိုင်ထားပေသည်။
ကျွမ်းချင် သူ့ရင်ဘတ်ကို အုပ်ကိုင်ထားလိုက်သည်။ ထိုနေရာက ဆိုးရွားနာကျင်လာသည်။ သူက ကုသရခက်ခဲသည့် အတွင်းဒဏ်ရာတစ်မျိုးရသွားခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ဖူလီက တံခါးနားကို ရုတ်ချည်းအမြန်လျှောက်သွားလိုက်ပြီးမှ တံခါးမဖွင့်မီအချိန်တွင် ရပ်တန့်လိုက်သည်။ သူ အိပ်ရာထက်မှ ကျွမ်းချင်ကို လှမ်းကြည့်လိုက်သည်။ မျက်နှာတစ်ခုလုံး ဖြူဖျော့နေသည့်ကျွမ်းချင်က အိပ်ရာပေါ်မှထလာပြီး သူ့ကို နက်စွေးစွေးမျက်လုံးများဖြင့် ကြည့်နေသည်။
" သတိထားဦး..."
ဖူလီက အိပ်ရာနားကို ပြန်လျှောက်လာပြီး အရံအတားအချို့ကို ဆက်တိုက်ချထားလိုက်သည်။
" ထောင်ခြောက်ဖြစ်နေမှာ ငါစိတ်ပူတယ်..."
" ငါက မင်းလို ငတုံးမှ မဟုတ်တာ..."
ကျွမ်းချင်က ချောင်းဆိုးလိုက်သည်။
" သွားကြည့်လိုက်ပါ တကယ်ဆိုရင်ရော ဘယ်လိုလုပ်မလဲ..."
အကယ်၍ အမှန်ဖြစ်ခဲ့ပါက ဖူလီ့ထံတွင် ဆွေမျိုးများရှိနေဆဲဖြစ်ပြီး အထီးကျန်နေတော့မည် မဟုတ်ပေ။
ကျွမ်းချင် နေရာတကျဖြစ်အောင် ကူညီပေးပြီးသည့်နောက်တွင် သူ တံခါးနားကို နောက်တစ်ကြိမ် ပြန်လျှောက်လာသည်။ တံခါးကို တွန်းဖွင့်တော့မည့်အချိန်မှာပင် တံခါးကို အပြင်ဘက်မှ ဖွင့်လိုက်ပေသည်။
ကျွီ...
နှစ်ပေါင်းများစွာ အသုံးမပြုခဲ့သည့်တံခါးက လေးလံသည့်အသံတစ်မျိုးထွက်လာသည်။ တံခါးဖွင့်လိုက်ချိန်တွင် အချိန်ယန္တရားတစ်ခုလုံး ရပ်တန့်သွားပုံပေါ်သည်။
အပြင်ဘက်တွင် ရပ်နေသောပုံရိပ်ကို ဖူလီ ရှင်းလင်းစွာ မြင်လိုက်ရသည်။ သူ့ မျက်ခွံများ အနည်းငယ်တုန်ယင်သွားသည်။ ကျူးယွဲ့မျှော်လင့်ထားခဲ့သော အပြစ်တင်မှုနှင့် အံသြမှုများ ရှိမနေခဲ့ပေ။ ဖူလီက သူမကို ငြိမ်သက်စွာစိုက်ကြည့်နေပြီး သူ၏လှပသော မျက်ဝန်းက မျက်ရည်များကြောင့် အရောင်တလက်လက်တောက်လာသည်။ သူက ထိုနှစ်များကကဲ့သို့ပင် ချစ်စရာကောင်းနေဆဲဖြစ်သည်။
" ရှောင်လီ..."
ကျူးယွဲ့က ပိုမိုကြည့်ကောင်းသည့် အပြုံးတစ်ပွင့်ကို ပြသလိုသော်လည်း သူမအသံက တုန်ယင်နေခဲ့သည်။
" ဒီနှစ်တွေထဲ ကောင်းကောင်းနေထိုင်ခဲ့ရဲ့လား..."
ဖူလီက တံခါးအပြင်ဘက်မှလူကိုကြည့်နေလျက် ခေါင်းညိတ်ပြလိုက်မိသည်။ အချိန်အတန်ကြာပြီးမှ သူမေးလိုက်သည်။
" တ တကယ်လားဟင်..."
ကျူးယွဲ့က သူမမျက်နှာထက်မှ အပြုံးကို မထိန်းထားနိုင်တော့ဘဲ ခေါင်းညိတ်ပြလိုက်ကာ မျက်လုံးများ နီရဲလာသည်။ သူမ ပါးစပ်ကိုအုပ်ထားပြီး စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။
ဖူလီက သူမထံလျှောက်လာပြီး သူမကို ဖက်ထားလိုက်မိသည်။
" မတွေ့ရတာကြာပြီ အစ်မကြီးရစ်ငှက်..."
" ရိုင်းလိုက်တာ ငါ့ကို မမကျူးယွဲ့လို့ခေါ်လေ..."
" မိန်းမလှလေးတွေဆိုရင် အစ်မလို့ ခေါ်ရမယ်လို့ဘုရင်က အရင်တုန်းက ပြောခဲ့ဖူးတယ်..."
" အဲဒီသောက်ဝက်ပြောတာကို နားမထောင်နဲ့လို့ ငါနင့်ကို ဘယ်နှခါ ပြောရမလဲ... နှစ်တွေဒီလောက်တောင် ကြာပြီးတာတောင်မှ သူ့စကားတွေကို မှတ်ထားသေးတာလား..."
" အားလုံးပြောခဲ့တဲ့ စကားတွေကို ကျွန်တော်မှတ်မိသေးတယ်..."
ဖူလီက မျက်လုံးများ ကွေးညွတ်သွားသည်အထိ ပြုံးလိုက်သည်။
" ကျွန်တော် အားလုံးကို မှတ်မိသေးတယ်..."