အပိုင်း ၁၀၅
Viewers 17k

Chapter 105


ကျွမ်းချင်က နန်းတော်တံခါးဝတွင် ပွေ့ဖက်နေသည့် နှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။ သူ့ရင်ဘတ်ထဲတွင် တစ်စုံတစ်ရာဖြစ်ပေါ်လာပြီးနောက် အနည်းငယ်ယားကျိကျိဖြစ်ကာ နာကျင်လာသကဲ့သို့ ခံစားလိုက်ရသည်။ သူ့ ရင်ဘတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်ပြီး သူ့မျက်နှာက လုံးလုံးလျားလျား အမူအရာကင်းမဲ့နေသည်။

၎င်းက သေးငယ်လှသော နာကျင်မှုမျိုးဖြစ်၍ သူ တောင့်ခံနိုင်ပေသည်။

ဖူလီက သူ့ဆွေမျိုးနှင့် မတွေ့ခဲ့ရသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ သူ၏ ကိစ္စအသေးအဖွဲကြောင့် သူတို့ကြားမှ အခြေအနေကို ဖျက်ဆီးပစ်၍ မဖြစ်နိုင်ပေ။

" ရှောင်လီ ငါ..."

" အစ်မရစ်ငှက် ဘုရင်ကန်းလေ့နဲ့ တခြားလူတွေရော... အစ်မနဲ့တူတူရှိနေတာလား..."

ဖူလီပ သူတို့ထိုနှစ်က အဘယ့်ကြောင့် မသေဆုံးသွားခဲ့ကြောင်းနှင့် ဤနှစ်များထဲတွင် မည်သည့်နေရာသို့ ရောက်နေကြောင်းကို မေးရမည့်အစား အခြားမိစ္ဆာများ၏ တည်နေရာကိုသာ မေးလိုက်သည်။

ကျူးယွဲ့က တိတ်ဆိတ်စွာဖြင့် ခေါင်းခါလိုက်သည်။

" ငါလည်း မသိဘူး..."

သူမက နှစ်၂၀၀၀ခန့် အိပ်မောကျနေခဲ့ခြင်းဖြစ်သည်။ သူမ နိုးထလာချိန်တွင် ရောင်ပြန်မြူတောင်က ဤလောက၌ မရှိတော့ပေ။ သူမ ဖူလီ့ကို ရှာတွေ့ခဲ့သော်လည်း သူ့နားမလာရဲခဲ့ပေ။ ထောင်ဝူက ပြဿနာအကြီးအကျယ်ရှာ၍ ဖူလီနှင့် ကျွမ်းချင်တို့ မတောင့်ခံနိုင်ကြောင်း မြင်သည့်အခါမှသာ ရွေးချယ်စရာမရှိတော့၍ သူမကိုယ်တိုင်ရောက်လာခဲ့ခြင်းဖြစ်သည်။

" အဲ့နှစ်က ဘာတွေဖြစ်ခဲ့တာလဲ... မိစ္ဆာတွေအားလုံး ပြောနေကြတာတော့ အစ်မတို့အားလုံးကို မိုးပြာနဂါးတွေက စားပစ်လိုက်တယ်ဆို... ကျွန်တော် အဲဒါကို မယုံခဲ့လို့ မီကူးသစ်ကိုင်းတွေအများကြီးနဲ့ မီးထွန်းခဲ့ပေမယ့် ဘယ်သူ့ကိုမှလည်း ရှာမတွေ့ခဲ့ဘူး..."

တစ်စုံတစ်ယောက်ကို မီကူးသစ်ကိုင်းဖြင့် ရှာမတွေ့နိုင်ပါက အကြောင်းပြချက်နှစ်ခုသာရှိသည်။ သူတို့က သေဆုံးသွားခြင်း သို့မဟုတ် ဖူလီ လက်လှမ်းမမီနိုင်သည့် နေရာတစ်ခုကို ရောက်ရှိသွားခြင်းဖြစ်နိုင်သည်။

" အဲ့နှစ်က..."

ကျူးယွဲ့ ပါးစပ်ဟတော့မည့်အချိန်တွင် နန်းတော်အပြင်ဘက်မှ မိုးခြိမ်းသံကျယ်ကြီး ကြားလိုက်ရ၍ သူမ ပြုံးလိုက်မိသည်။

" အဲ့နှစ်က ကိစ္စကြီးကြီးမားမားတချို့ ဖြစ်ခဲ့တယ်လေ... အခုတော့ အဲဒါကို မပြောဘဲနေရအောင် ... ခုနက နင့်ရဲ့မိတ်ဆွေက နင့်ကို ကူညီပေးရင်း ဒဏ်ရာအပြင်းအထန် ရထားတာ ငါမြင်လိုက်တယ် ငါ သူ့ရဲ့ ဒဏ်ရာကိုတစ်ချက်ကြည့်ဦးမယ်..."

" ဟုတ်..."

ဖူလီက မြန်ဆန်စွာခေါင်းညိတ်ပြလိုက်သည်။
" အစ်မရစ်ငှက် နဂါးလေးကျွမ်းရဲ့ ကိုယ်ပေါ်မှာ အမာရွတ်ဟောင်းတွေလည်း အများကြီးပဲ ကျွန်တော့်မှာရှိတဲ့ဆေးက အဲ့အမာရွတ်တွေကို လုံးဝပျောက်သွားအောင် မလုပ်နိုင်ဘူး... နည်းလမ်းတစ်ခုခုများ ရှိလား..."

" သူက ထိုင်းမှိုင်းတဲ့ နဂါးလို စရိုက်မျိုးရှိနေတဲ့အပြင် အတိတ်ကကိစ္စတွေကိုလည်း ရင်ထဲသိမ်းထားတယ် သူ ဒဏ်ရာရနေရင်တောင် သူများတွေကို မပြောပြဘူး... တကယ်စိုးရိမ်စရာပဲ..."
ဖူလီ သက်ပြင်းချလိုက်မိသည်။

" နင် အတိတ်တုန်းကဆို ဒီလိုပြောင်ချောချောနဲ့ မအမွေးမရှိတဲ့ သတ္တဝါတွေ မုန်းတယ်မလား..."

သူ့မိတ်ဆွေအကြောင်းကိုသာ စိတ်ထဲ လွှမ်းမိုးထားသည့်ဖူလီက်ို ကျူးယွဲ့ကြည့်လိုက်မိသည်။ သူမစိတ်ထဲတွင် အနည်းငယ် စိတ်ပျက်သွားမိပေသည်။

ငှက်ပေါက်ကလေးက နောက်ဆုံးတော့ အသိုက်ထဲက ပျံထွက်ပြီး အဖော်ရှာတွေ့သွားပြီပဲ...

" ကျွန်တော်တို့တွေ ပြဿနာကို သေချာခြုံငုံကြည့်ရမယ်.. သူက တခြားနဂါးတွေလိုမျိုး မုန်းစရာမကောင်းဘူး..."

ဖူလီက အရံအတားကို ပြန်ရုတ်သိမ်းလိုက်သည်။

ကျူးယွဲ့က အရံအတားနောက်မှလူကို မြင်လိုက်ရသည်။ သူက ချောမောခံ့ညားပြီး လွှမ်းမိုးတတ်သည့် သွင်ပြင်မျိုးရှိကာ မရေမတွက်နိုင်သည့် သူတော်ကောင်းတရားများစွာကို ပိုင်ဆိုင်ထားပေသည်။ သူက အလွန်အမင်းစွမ်းအားကြီးသည့် ယောင်ကျင့်ကြံသူဖြစ်ပုံရသည်။

ထိုသို့သောမိစ္ဆာမျိုးနှင့် မိတ်ဆွေဖြစ်နေခြင်းက သူမ၏ ဖူလီလေးအတွက် ကောင်းလားဆိုးလားကို မသိတော့ပေ။

ကျွမ်းချင်က ဖြူဖျော့စွာဖြင့် ခေါင်းမော့လာပြီး ကျူးယွဲ့ကို တရိုတသေဖြင့်ပြုံးပြကာ လက်နှစ်ဖက်ယှက်၍ နှုတ်ဆက်လိုက်သည်။

" ဒီဂျူနီယာ ကျွမ်းချင်က စီနီယာနဲ့ ဖူလီ အတိတ်တုန်းက သိကျွမ်းခဲ့တာကို သတိမပြုမိပါဘူး... ကျွန်တော့်ဘက်က တစ်ခုခု စော်ကားမိခဲ့တာမျိုးရှိရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ စီနီယာ..."

" စိတ်မပူပါနဲ့ မင်းက ရှောင်လီကို ကာကွယ်ဖို့အတွက် လုပ်ပေးခဲ့တာပဲ..."

ဒီကောင်လေးက သူ့ကို တရိုတသေနဲ့ အကြီးအကဲလို့ ခေါ်ရကောင်းမှန်းသိတဲ့ ယဉ်ကျေးတဲ့ကလေးပဲ...

"သူ့ဒဏ်ရာတွေက အခြေအနေအရမ်းဆိုးတယ်... ငါအပြင်ထွက်ပြီး ဆေးညွှန်းပေးမယ်..."
ကျူးယွဲ့က ကျွမ်းချင်ကို အပေါ်ယံ စစ်ဆေးပေးလိုက်သည်။

"သူ့ရဲ့ နှလုံးကို ထိခိုက်စေတဲ့ ဒဏ်ရာတွေက ပြန်မကောင်းသေးဘူး... နဂါးမျိုးနွယ်က အသက် ၅၀၀နဲ့ ၁၀၀၀မှာ အဓိက တိုးတက်မှုတွေ ဖြစ်ပွားတာ... သူက အဲ့ဒါတွေကို အတင်းတောင့်ခံနိုင်ရင်တောင် အတွင်းဒဏ်ရာတွေက ပျောက်သေးမှာ မဟုတ်ဘူး..."

သူက မွေးရာပါ အရည်အချင်းရှိသော်လည်း အာဟာရချို့တဲ့ခြင်းကို ခံစားခဲ့ရသည်။ ရွှေနဂါးမျိုးနွယ်ကို မငြင်းဆန်ခဲ့ပါက ဤရွှေနဂါး၏ ကျင့်ကြံခြင်းက ပို၍ အဆင့်မြင့်နေနိုင်ပေသည်။ 

"သူ့ကို ကောင်းကောင်းဂရုစိုက်..."
ကျူးယွဲ့က ထရပ်ပြီး နန်းတော်အတွင်းမှ လျှောက်ထွက်လာသည်။ 

"ဖူလီ..."

ကျွမ်းချင်က ကျူးယွဲ့ထွက်ခွာသွားပြီးနောက် အိပ်ရာပေါ်တွင် ထထိုင်လိုက်သည်။
"ဘာဖြစ်လို့လဲ..."

ဖူလီ၏ စိတ်ခံစားချက်က တစ်ခုခုမှားယွင်းနေသည်ကို သူက သဘောပေါက်သွားသည်။ ကျူးယွဲ့ပေါ်လာပြီးနောက် ဖူလီ၏ လုပ်ဆောင်ချက်က အနည်းငယ် ထူးဆန်းနေပေသည်။ သူက စိတ်လွတ်နေသည့်အပြင် တစ်စုံတစ်ခုမှ လွတ်မြောက်လာပုံလည်း ရပေသည်။ 

"ဘာမှ မဟုတ်ပါဘူး..."

ဖူလီက ခေါင်းခါပြလိုက်သည်။ သူက ကျွမ်းချင်ကို ခြုံပေးထားသော စောင်ကို ဆွဲတင်ပေးလိုက်သည်။
"မင်းဒဏ်ရာတွေက ပြင်းတယ်... ကောင်းကောင်းနားလိုက်..."

"မင်းလိမ်နိုင်မယ်လို့ ဘာလို့အဲ့လောက်ယုံကြည်‌ချက်ရှိ နေတာလဲ..."

ကျွမ်းချင်က နှစ်ကြိမ်တိုင်တိုင် ချောင်းဆိုးလိုက်ပြီး ဖူလီဘက်သို့ ခေါင်းလှည့်လိုက်သည်။

"မင်း မပြောချင်ရင်တော့ ငါ့ကို ဝင်ပါတတ်တဲ့ လူတစ်ယောက်လို ဆက်ဆံလို့ရပါတယ်... ဒါပေမဲ့ တစ်ချို့အရာတွေက စိတ်ထဲမှာ မျိုသိပ်မထားသင့်ဘူး... မင်းက အဆင့်တက်ပြီးခါစဆိုတော့ စိတ်အခြေအနေကလည်း အတော်လေး သက်ရောက်မှု ရှိနေမှာ..."

ကျွမ်းချင်၏ ခေါင်းနောက်ကို ကြည့်ကာ ဖူလီက ရုတ်တရက် သူ့ကို အရာရာပြောပြရန် အလိုရှိလာပေသည်။ ထိုသူ၏ မျက်နှာကို မမြင်ရခြင်းက ပိုမို လွယ်ကူစေနိုင်ခြင်း ဖြစ်နိုင်ပေသည်။ 

"အစ်မရစ်ငှက်က မသေဘူးလို့ သိလိုက်ရတဲ့အချိန်မှာ ငါပျော်မိတယ်..."

ဖူလီက သူ့၏ ဖြူဖွေးကာ သန့်ရှင်းနေသော လက်ဖဝါးကို ငုံ့ကြည့်လိုက်သည်။ 

"ငါ လွန်ခဲ့တဲ့ နှစ်၂၀၀၀အတွင်း သူတို့ကို အကြိမ်ကြိမ် အိပ်မက်မက်နေခဲ့တာ… အိပ်မက်ထဲမှာ သူတို့က ရောင်ပြန်မြူတောင်ပေါ်မှာ ရပ်နေကြပြီး သူတို့က ငါ့ကို စနေတာပါ သူတို့တကယ်မသေပါဘူးဆိုပြီး လာပြောနေကြတာ... ဒါပေမဲ့ ငါနိုးလာရင် ငါက ဟောင်းနွမ်းနေတဲ့ လှိုဏ်ဂူတစ်ခုနဲ့ လှိုဏ်ဂူအလွန်က အပင်တွေကိုပဲ မြင်ရတယ်... ငါက အချိန်တိုင်းနိုးလာပြီး အမြဲတမ်း ပြန်အိပ်ပျော်သွားတယ်... လွန်ခဲ့တဲ့ သုံးနှစ်က လမ်းပျောက်လာကြတဲ့ လူသားတွေ ငါ့ကို လာမနိုးခင်အထိပဲ..."

"သူတို့က ထူးဆန်းတဲ့ အဝတ်အစားတွေ ဝတ်ထားပြီး ထူးဆန်းတဲ့ အိတ်တွေ ကိုင်ထားကြတာ... နောက်ဆုံးမှာ သူတို့က ဝိညာဉ်ချီဓာတ်မရှိပေမဲ့ ပျံနိုင်တဲ့ သတ္ထုသေတ္တာတစ်ခုရဲ့ ကယ်တာကို ခံလိုက်ရတယ်..."

ဖူလီသည် လွန်ခဲ့သည့် သုံးနှစ် သူနိုးလာစဉ်က အဖြစ်အပျက်ကို ပြန်တွေးလိုက်သည်။ 
"အဲ့နေ့က နေက တော်တော်လေး နွေးနေပြီး ငါက ရုတ်တရက် တောင်အောက်ဆင်းဖို့ တွေးမိသွားတာ..."

"လူသားလောကက ပြောင်းလဲသွားပြီ... သူတို့က သရဲတွေ နတ်ဘုရားတွေကို မယုံကြတော့ဘူး... အရဲစွန့်ပြီးလည်း လျှောက်မသွားနေကြတော့ဘူး... ငါ့ရဲ့ အိမ်မွေးအကောင်လေးတစ်ခါပြောဖူးတာကို ငါပြန်တွေးမိသွားတာ..."

"သူက ဘာပြောလို့လဲ..."
ကျွမ်းချင်က ခန်းစီးပေါ်ရှိ အလှဆင်နဂါးကို စိုက်ကြည့်ကာ နောက်ပြန်ကြည့်လိုစိတ်ကို ခုခံလိုက်သည်။

"သူပြောတာက သာမန်လူတွေက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေထိုင်နိုင်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ အလုပ်လုပ်နိုင်ပြီး ဗိုက်ပြည့်အောင် စားနိုင် သောက်နိုင်ရင် ကမ္ဘာကြီးက လှပတဲ့ ကမ္ဘာတစ်ခု ဖြစ်ပြီတဲ့..."
ဖူလီက သူ့၏ လူသား အိမ်မွေးကောင်လေး၏ ညင်သာသောအသံကို ပြန်တွေးကာ သူ့မျက်လုံးများက မျှော်လင့်ချက်များဖြင့် ပြည့်နှက်လာပေသည်။ 

"သူ့ ဆန္ဒကို နှစ်၂၀၀၀ကြာမှ သဘောပေါက်သွားလို့ ထွက်လာပြီး သူ့ကိုယ်စား လောကကြီးကို ကြည့်ရှု၊ လူသားဘဝတစ်ခုကို ကြုံတွေ့ပြီး သူ မပြီးမြောက်ခဲ့တဲ့ ဆန္ဒကို သဘောပေါက်သွားအောင် ကူညီချင်သွားတာ..."

"မင်းက အဲ့လူကို တော်တော်လေး သဘောကျခဲ့တာပဲ..."

"ငါ့ရဲ့ အိမ်မွေးအကောင်လေးကို ပြောချင်တာလား..."

ဖူလီက ခေါင်းညိတ်လိုက်သည်။ 

"သူက တော်တော်ကို စိတ်ဝင်စားစရာကောင်းတဲ့ လူသားတစ်ယောက်လေ... သူက စာပေကျွမ်းကျင်တယ်၊ အရည်အချင်းတွေ အများကြီးရှိတယ်၊ ပြီးတော့ ငါ့ကို စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတွေလည်းပြောပြတယ်... သူ့ဘဝက အရမ်းမကောင်းတာပဲ ရှိတာပါ... ငါက သူအဖျားရောဂါကြောင့် သေမသွားခင်ထိ နှစ်နည်းနည်းပဲ စောင့်ရှောက်လိုက်ရတာ... ငါက အိမ်မွေးအကောင်တွေ မွေးဖို့ မသင့်တော်ဘူးထင်ပါတယ်... အဲ့ဒါကြောင့် သူသေသွားတာ နေမှာ... အဲ့ဒါပြီးတော့ ငါ နောက်ထပ် အိမ်မွေးအကောင်တစ်ကောင်မှ မမွေးတော့ဘူး..."

သူ့စကားလုံးများမှာ နောင်တ၊ စိတ်ပျက်အားငယ်ခြင်းနှင့် သတိရခြင်းများပင် ပါဝင်နေပေသည်။ သို့သော် သိသာလှသော ဝမ်းနည်းမှု မရှိပါချေ။ 

ထိုလူသားအတွက်ကြောင့် ဖူလီသည် သူ့လှိုဏ်ဂူမှထွက်ကာ လူသားလောကနှင့် အဆက်အသွယ် ပြုလုပ်လိုခဲ့သည်။ သို့သော် သူက ထိုလူသားအကြောင်းပြောသည့်အခါ ဝမ်းနည်းမှုအနည်းငယ်သာ မြင်နိုင်ပေသည်။ ကျွမ်းချင်က ဖူလီ၏ ခံစားချက်များကို နားမလည်တော့ပါပေ။ သူက ဖူလီကို မနှောင့်ယှက်ချေ။ သူထပ်ပြီးသိလိုလေသည်။ 

"ငါက ရောင်ပြန်မြူတောင်ပေါ်မှာ ငယ်ငယ်ကတည်းက အကြီးအကဲတွေ အလိုလိုက်တာ ခံလာရတာ... သူတို့က သူတို့မှာရှိတာအားလုံး ငါ့ကို ပေးခဲ့တာ..."

ဖူလီ၏ ဖြူဖွေးသော လက်ချောင်းထိပ်များက အနည်းငယ် တုန်ယင်နေသည်။ 
"ငယ်ငယ်ကတည်းက သူတို့က ငါမိစ္ဆာတစ်ယောက်အနေနဲ့ လုပ်လို့မရတဲ့ ကိစ္စတွေ ရှိတယ်ဆိုတာကို သင်ပေးခဲ့တာ... ငါက တောင်ကနေထွက်လာပြီး ပြဿနာရှာရင်တောင် သူတို့က ငါ့အတွက် တာဝန်ယူပေးနိုင်တယ်... ဒါပေမဲ့ ငါလုံးဝ မလုပ်ရမဲ့ ကိစ္စတစ်ခုရှိတယ်..."

"ငါက အသိဉာဏ်ရှိတဲ့ သတ္တဝါတွေကိုစားမိရင် ရောင်ပြန်မြူတောင်ကနေ နှင်ထုတ်ခံရပြီး သူတို့နဲ့ နောက်ထပ် ဘယ်တော့မှ ထပ်တွေ့ရမှာမဟုတ်ဘူး..."

ဖူလီ၏ အသံက တုန်ယင်နေသည်။
"ငါ..."

နဂါးသားကို စားခဲ့တယ်...

"ငါက သူတို့ အသက်ရှင်နေပြီး ကောင်းကောင်းနေနေဖို့ မျှော်လင့်ပါတယ်... ငါ သူတို့နဲ့ ပြန်တွေ့ချင်ပါတယ်... ဒါပေမဲ့ သူတို့နဲ့ ပြန်တွေ့ရဖို့ကို ကြောက်တယ်..."

ဖူလီက မသိစိတ်ဖြင့် နဂါးချည်နှင့်ယက်ထားသော စောင်ကို ပွတ်နေပေသည်။

"သူတို့ ရတနာတစ်ခုလို ပျိုးထောင်ခဲ့တဲ့ ယုန်မိစ္ဆာတစ်ကောင်က တကယ်တော့ နဂါးသားကို စားဖို့ ရည်ရွယ်ထားတဲ့ သရုပ်မှန်မသိရတဲ့ မိစ္ဆာသားရဲတစ်ကောင်ဆိုတာကို သူတို့ကို ဘယ်လိုလုပ်ပြီး သိခွင့်ပေးရမှာလဲ..."

"အနာဂတ်မှာ သူတို့ငါ့ကို ဘယ်လောက်မုန်းသွားနိုင်လဲဆိုတာကို တွေးမိရင် ငါက သူတို့ကောင်းကောင်းနေနေပြီး ငါ့ကို ထပ်မတွေ့ဖို့ပဲ မျှော်လင့်တော့တယ်... အဲ့ဒါဆိုရင် သူတို့နှလုံးသားထဲက ငါက အပင်တစ်ပင်ကို ကန်ချက်တစ်ချက်တည်းနဲ့ လှဲပစ်နိုင်တဲ့ စိတ်ကျေနပ်လွယ်တဲ့ ယုန်တစ်ကောင်အနေနဲ့ အမြဲရှိနေမှာ..."

သူက အိမ်နှင့် နီးလေလေ ကြောင့်ကြလာလေလေဖြစ်သည်။ မိတ်ဆွေဟောင်းများရှိရာ နေရာတိုင်းသည် အိမ်ဖြစ်ပေသည်။ 

"ငါ မင်းကို ဦးနှောက်မကောင်းဘူးပြောရင်လည်း မင်းက လက်မခံချင်ဘူး..."

ကျွမ်းချင်က နောက်လှည့်ကာ ထိုင်လိုက်ပြီး ဖူလီကို မေးလိုက်သည်။
"မင်းက ဘယ်တုန်းက နဂါးသားစားလို့လဲ..."

"အဲ့ မိုးပြားနဂါး..."

"အဲ့နှစ်တွေတုန်းက ငါနဂါးဖြူမျိူးနွယ်နဲ့ တိုက်ခိုက်တုန်းက ငါလည်း သူတို့ကို ကိုက်ခဲ့တာပဲ... အဲ့ဒါက နဂါးတွေကို စားတယ်လို့ ထည့်တွက်လို့လား... မင်းက တစ်ချက်ကိုက်ပြီး ဒေါသဖြေဖျောက်နိုင်တယ်ဆိုရင် ကိုက်သင့်တာပေါ့... အဲ့ဒါက အရမ်းသာမန်ပဲ မဟုတ်လား..."

ကျွမ်းချင်က အလေးအနက်ဆိုလိုက်သည်။
"ချင်ယန်းက ကောင်းကောင်း အသက်ရှင်နေတာပဲ... အဲ့ဒါကို ဘယ်လိုလုပ်ပြီး စည်းမျဉ်းဖောက်တယ်လို့ ခေါ်မှာလဲ..."

ဖူလီက မျက်တောင်ခတ်လိုက်ကာ သူ့မျက်လုံးများက ကျွမ်းချင်ပေါ်တွင် ရှိနေပေသည်။ သူက မတုံ့ပြန်နိုင်ပေ။ 

"မင်းက တကယ်ပဲ နဂါးသားစားရတာ ကြိုက်ရင် ငါနဲ့ နှစ်ယောက်တည်း ရှိနေတုန်း ဘာလို့ ငါ့ကို မစားတာလဲ..."

ကျွမ်းချင်က အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်သည်။ သူက ဖူလီခေါင်းကို မကျေမချမ်း ခေါက်လိုက်သည်။ 

"ငါ့မျက်လုံးထဲမှာတော့ မင်းက အကြီးအကဲတွေကို မတွေ့ရတာကြာလို့ အလိုလိုက်ခံရတဲ့ ကလေးတစ်ယောက်လို ပြုမူချင်နေတာပဲ... မင်းအသက်ကို မင်း ပြန်တွေးဦး... အသက်က နှစ်၄၀၀၀ မကတော့ဘူး... ကလေးတစ်ယောက်လို ပြုမူနေတာ သင့်တော်လို့လား..."

"ငါက..."

ဖူလီက ကျွမ်းချင် သွေးအန်လိုက်သည်ကို မြင်သောအခါ စကားကို ဆုံးအောင် ဆက်မပြောနိုင်ပါပေ။ သူက အလွန်ကြောက်လန့်နေ၍ သူ့စကားကို ဆုံးအောင် မပြောဝံ့ပဲ ထိုအစား စိတ်ဝိညာဉ်စွမ်းအင်များကို သူ့ကိုယ်ထဲသို့ အလျင်အမြန် ကူးပြောင်းပေးလိုက်သည်။

ထူးဆန်းတယ်... သူ့ကိုယ်ထဲက သွေးကြောတွေက ပွင့်နေပြီးပြီကို ဘာလို့ သွေးအန်နေသေးတာလဲ... သူ့ကျင့်ကြံခြင်းက မမြင့်လို့ ဒီကိစ္စကို သရုပ်မှန်ဖော်ထုတ်ဖို့ တားဆီးနေတာလား... 
ဖူလီက သူ့ချီဓာတ်ကို ကျွမ်းချင်၏ ခန္ဓာကိုယ် ပတ်လည်တွင် ထပ်မံ လည်ပတ်စေလိုက်သည်။ သူက စိတ်မချသလို ခံစားရ၍ ဆေးတောင့်အနည်းငယ်ကို ကျွမ်းချင်ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။ 

"ငါ့ကို ဘာစားဖို့ ပေးလိုက်တာလဲ..."

"ဘာမှမဟုတ်ပါဘူး... သာမန် ထာဝရဆေးတောင့်တွေပါပဲ..."

ကျွမ်းချင်က နင်သွားလေသည်။ ထာဝရဆေးတောင့်တစ်တောင့်မှာ ငါးသန်းတန်ပြီး လက်ရှိ သူ့ပါးစပ်ထဲတွင် ဆေးတောင့်ငါးတောင့် ရှိနေပေသည်။ 

၂၅သန်း...

ဤတစ်ကြိမ်တွင် ကျွမ်းချင်၏ ရင်ဘတ်သည် ပြည့်နှက်လာသည်ဟု ခံစားလာရသည်သာမက သူ့နှလုံးသားသည်လည်း စတင်ယားယံလာသည်။ 

ဖူလီက ဆေးသောက်ပြီးပြီးချင်းတွင် ကျွမ်းချင်၏ မျက်နှာသွင်ပြင်များက အနည်းငယ် ပိုမိုဖျော့တော့လာသည်ကို မြင်လိုက်သည်။ သူက ခေါင်းငုံ့ကာ ဆေးဘူးကို အနံ့ခံကြည့်လိုက်သည်။
ဒီအနံ့ဟုတ်ပါတယ်... ဆေးက မကောင်းတော့တာ မဟုတ်ပါဘူး...

ကျူးယွဲ့က တံခါးကို တွန်းဖွင့်ကာ ဝင်လာပြီး အငွေ့တစ်ထောင်းထောင်းထနေသော ပန်းကန်တစ်ခုကို ကျွမ်းချင်အား လှမ်းပေးလိုက်သည်။ 

"ဒီဆေးက မင်းရဲ့ သွေးကြောတွေကို အားဖြည့်ပေးလိမ့်မယ်... အရင်သောက်လိုက်... ငါက နောက်ပိုင်းသောက်ရမဲ့ ဆေးတွေကို ပြောပြလိုက်မယ်..."

"အစ်မ အဲ့ထဲမှာ ဘာထည့်ထားတာလဲ... အနံ့က ဘာလို့ အရမ်း ညှီနေတာလဲ..."
ကျူးယွဲ့ဝင်လာသည်ကို မြင်ရာ ဖူလီမျက်နှာထက်တွင် အပြုံးတစ်ခုက အလိုအလျောက် ချိတ်ဆွဲထားလိုက်သည်။ 

"ထွေထွေထူးထူး မဟုတ်ပါဘူး... ငါက ရေအတွက် မဟူရာကျောက် သုံးထားပြီးတော့ အဓိက ဆေးအနေနဲ့ ထိုက်စွေ့နဲ့ ကျန်းမူ အရွက်တွေ သုံးထားတာ... အဲ့ဒါသောက်လို့ သူမသေနိုင်ပါဘူး..."
ကျူးယွဲ့က ဖူလီ၏ နားရွက်များကို ဆွဲလိုက်သည်။ 
"နင့်ဆီမှာရှိတဲ့ ဘယ်ဆေးကများ ငါညွှန်းထားပေးတာ မဟုတ်လို့လဲ... အဲ့ဒါကို ငါ့ရဲ့ ဆေးပညာပိုင်း ကျွမ်းကျင်မှုကို လာပြီး သံသယဝင်နေတာလား..."

ထိုအချိန်မှာသာ ဖူလီက ခေါင်းညိတ်ပြီး စိတ်ချသွားသည်။ သူက ကျွမ်းချင်ကို ပြောလိုက်သည်။
"သောက်လိုက်... ပြဿနာရှိမှာ မဟုတ်ဘူး..."

မဟူရာကျောက်...

ထိုက်စွေ့...

ကျန်းမူ...

ကျွမ်းချင်က မော့ကြည့်လိုက်သည်။ ဖူလီနှင့် ကျူးယွဲ့တို့က သူ့ကို စိုက်ကြည့်နေသည်မှာ သူ့လက်ထဲမှ ဆေးပန်းကန်မှာ ထိုထက်ပို၍ သာမန်မဟုတ်နိုင်သကဲ့သို့ပင်။ 

ဒါပေမဲ့ အဲ့၃ခုထဲက ဘယ်ဟာက သာမန်ဖြစ်လို့လဲ... မဟူရာကျောက်နဲ့ ထိုက်စွေ့တို့က မဆိုးပါဘူး... တစ်ယောက်ယောက်က အစွမ်းကုန် ကြိုးစားရင် တစ်ခု နှစ်ခုလောက်တော့ တွေ့နိုင်ပါတယ်... ကျန်းမူက မရှိတော့တာကြာပြီကို ဒီကျန်းမူ အရွက်တွေက ဘယ်ကနေ ရတာလဲ...

ဤဆေးပန်းကန်နှင့် နှိုင်းယှဉ်ပါက ထိုထာဝရဆေးတောင့်များက ဘာမှမဟုတ်ပါချေ။ ကျွမ်းချင်က နောက်ဆုံးတွင် ဖူလီ၏ ဖြုန်းတီးတတ်သော အကျင့်က မည်သည့်နေရာက လာသည်ကို နားလည်သွားလေသည်။ ၄င်းက 'ဂျူနီယာက သူ့စီနီယာ၏ စရိုက်ကို အတုခိုးခြင်း'ဖြစ်နေပေသည်။ 

"ဘာလို့လဲ... အခါးကြောက်လို့လား..."

ဖူလီက သူ့၏ ချမ့်ခွန်းအိတ်ထဲမှ ကျူးယွီသစ်သီးနှစ်လုံးကို ထုတ်လိုက်သည်။

"ဆေးသောက်ပြီးရင် ဒါတွေစားလိုက်..."