အပိုင်း ၁၀၆
Viewers 18k

Chapter 106
ဆေး


ကျူးယွဲ့က ကျွမ်းချင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ 

တကယ်ကြီးလား... သူ ရှောင်ဖူကို ကာကွယ်တုန်းကတော့ သူ့ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာတွေနဲ့ ပြည့်နေရင်တောင် ကြောက်တဲ့ပုံမပြဖူးပါဘူး... ဒါပေမဲ့ တကယ်ကြီး ဆေးသောက်ဖို့ ကြောက်နေတာလား...

ကျွမ်းချင်က သူအခါးကြောက်ခြင်း မဟုတ်သည်အား များစွာ ရှင်းမပြလိုတော့ပါပေ။ သို့သော် ကျူးယွဲ့နှင့် ဖူလီ၏ အမူအရာများကို မြင်သောအခါ သူ၏ တန်ဖိုးထားမှုစနစ်က သူတို့နှင့် အနည်းငယ် ကွာခြားမည်ဟု ရုတ်တရက် ခံစားရလေသည်။

သူ ခေါင်းကို တိတ်တဆိတ်ငုံ့လိုက်ကာ ဆေးအားလုံးကို သောက်လိုက်သည်။ သူ ကျူးယွီသစ်သီးများကို မကိုက်နိုင်ခင်မှာပင် လောကကြီးတစ်ခုလုံး လည်သွားသည်ဟု ခံစားလိုက်ရသည်။ သူ့၏ သတိက တဖြည်းဖြည်း ဝေဝါးလာခဲ့သည်။

သူ ထပ်ပြီး လုပ်ကြံခံရတာလား...

သူ့မျက်လုံးများကို အထူးကြိုးစားဖွင့်လိုက်ပြီး သူ့ဓါးကို ဆွဲထုတ်လိုပေသည်။ သို့သော် ထို့နောက်တွင် ဖူလီ၏ ပြုံးနေသော မျက်နှာကို တွေ့လိုက်သည်။ သူ့လက်က ရပ်တန့်သွားသည်။ ထို့နောက် ချက်ချင်းပင် သူ့မျက်လုံးများက ပိတ်ကျသွားပြီး မေ့လဲသွားပေသည်။ 

"ဒီနဂါးက နည်းနည်း ထူးခြားတယ်... သူက ဆေးတစ်ခွက်လုံးသောက်ပြီးတာကို ရုန်းကန်နိုင်ပြီးတော့ မေ့ပဲ မေ့လဲသွားတာ..."

ကျူးယွဲ့က ရှေ့တိုးလိုက်ပြီး သူ့ကို ဂရုတစိုက်ကြည့်လိုက်သည်။ 

"နင် ငယ်ငယ်တုန်းကနဲ့ မတူဘူး... နင်ဆိုရင် ဆေးတစ်ခွက်လုံး မကုန်ခင်မှာတင် မေ့လဲသွားမှာ..."

"သူငယ်ငယ်တုန်းက တော်တော်ခံစားခဲ့ရတာ..."

ဖူလီက ဘေးသို့ပြုတ်ကျသွားသော ဆေးပန်းကန်ကို ကောက်လိုက်သည်။ သူက ကျွမ်းချင်ကို သက်တောင့်သက်သာဖြစ်စေသော အနေအထားသို့ ထိန်းညှိပေးလိုက်ကာ စောင်ခြုံပေးလိုက်သည်။ 

"အဲ့တော့ သူ့စိတ်စွမ်းအားက အရမ်းသန်မာတယ်ပေါ့..."

နန်းတော်က တိတ်ဆိတ်သွားလေသည်။ ကျူးယွဲ့က ဖူလီကို အတန်ကြာအောင် စိုက်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။

"သူ့ကို ခဏ အိပ်ခိုင်းထားလိုက်ပါ... အပြင်ထွက်ပြီး စကားပြောရအောင်..."

ဖူလီက လက်သီး တင်းတင်းဆုပ်လိုက်သည်။ သူက ကျူးယွဲ့နှင့် မျက်လုံးချင်းမဆုံပဲ ခေါင်းညိတ်လိုက်သည်။ 

သူတို့နှစ်ဦးက နန်းတော်တံခါးမှ ဖြတ်လျှောက်လာပြီး အင်မော်တယ်ရှစ်ဦး ရုပ်ထုများဘေးတွင် ထိုင်လိုက်သည်။ ကျူးယွဲ့က သူမ၏ ချမ့်ခွန်းအိတ်ထဲမှ မုန့်အချို့နှင့် သစ်သီးများကို ထုတ်လိုက်သည်။ ၄င်းတို့မှာ သူအရင်က ကြိုက်ခဲ့သော အစားအသောက်များဖြစ်ပေသည်။ စားပွဲပေါ်တွင် ချထားသော အစားအသောက်များကို ကြည့်ကာ ဖူလီ၏ လက်ချောင်းထိပ်များက အနည်းငယ် တုန်ယင်သွားသည်။ 

"ငါတို့ မတွေ့တာ နှစ်တွေ အများကြီးကြာပြီ... နင် ဒါတွေကို ကြိုက်သေးရဲ့လားတော့ မသိဘူး..."

ကျူးယွဲ့က ပြုံးလိုက်သည့်အခါ အလွန်လှပေသည်။ သူမက မြွေနှင့်မြေခွေးမိစ္ဆာများထက်ပင် များစွာ ကြည့်ကောင်းပေသည်။ 

"ကျွန်တော် ကြိုက်ပါတယ်..."

ဖူလီက ပန်းကန်ပြားပေါ်မှ အချိုမုန့်တစ်ခုကို ယူလိုက်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။ 
"ကျွန်တော်က အဲ့ဒါတွေကို အမြဲတမ်း ကြိုက်ခဲ့တာပါ..."

" ကောင်းတယ်..."

ကျူးယွဲ့က စိတ်ဝိညာဉ် အဆီအနှစ် တစ်ပုလင်းကို ထုတ်လိုက်သည်။
"ဖြည်းဖြည်းစား... မနင်စေနဲ့..."

ဖူလီက ယခင်က ရောင်ပြန်မြူတောင်ပေါ်မှ ယောင်ကျင့်ကြံသူများက သူ့အား စိတ်ဝိညာဉ် အဆီအနှစ်ကို ကျွေးရသည်ကို မည်သို့ နှစ်ခြိုက်ကြောင်းကို သတိရသွားလေသည်။ သူတို့က သူ့ကို အစားစားချိန်၊ ကစားချိန်နှင့် သင်ယူနေချိန်မှာပင် ကျွေးမွေးလေသည်။ ရောင်ပြန်မြူတောင် ဖျက်ဆီးခံလိုက်ရသည့် အချိန်မှသာ သူက စိတ်ဝိညာဉ် အဆီအနှစ် သောက်သုံးသည့်အကျင့်ကို ပြင်နိုင်ခဲ့ပေသည်။ 

သူက စိတ်ဝိညာဉ် အဆီအနှစ် တစ်လုပ်သောက်လိုက်ပြီး ခေါင်းငုံ့ကာ ပြုံးလိုက်သည်။ 

"ဒါက အရင်တုန်းကလို အရသာမရှိတော့ဘူး..."

"မတတ်နိုင်ဘူးလေ... ဝိညာဉ်ချီဓာတ်က အရင်ကလိုမျိုး မသန့်စင်တော့လို့ စိတ်ဝိညာဉ် အဆီအနှစ်ကလည်း နှိုင်းယှဉ်လို့မရတော့ဘူး..."

ကျူးယွဲ့က ဖူလီသည် ယခင်ကလောက် မကောင်းဟုဆိုသော်လည်း တစ်ပုလင်းလုံး အကုန်သောက်လိုက်သည်ကို စောင့်ကြည့်လိုက်သည်။ သူမ၏ မျက်နှာပေါ်မှ အပြုံးက ပို၍ပင် တောက်ပလာလေသည်။ 

"နင် သူငယ်ချင်းအသစ်ဖွဲ့နိုင်တာ ငါအရမ်းဝမ်းသာတယ်..."

ကျူးယွဲ့က ဖူလီ၏ ခေါင်းကို ပွတ်ပေးလိုက်သည်။
"ငါတို့ ရှောင်ဖူတောင် နောက်ဆုံးတော့ ကြီးပြင်းလာပြီပဲ..."

ဖူလီ၏ မျက်လုံးများက အနည်းငယ် နီရဲလာသည်။ သူက ဘေးသို့ ရှက်ရွံ့စွာ ခေါင်းလှည့်လိုက်သည်။ 

"ကျွန်တော်ထင်တာ အမတို့အကုန်လုံးက..."

"တောင်းပန်ပါတယ်ကွယ်... ငါတို့က မင်း ကြီးလာပြီး မဟာမိစ္ဆာတစ်ကောင်ဖြစ်လာတာကို အတူအဖော်ပြုပေးနိုင်မယ်လို့ထင်ခဲ့တာ... ဒါပေမဲ့ ကောင်းကင်ဘုံရဲ့ ဆန္ဒက အလွယ်တကူ ပြောင်းလဲလို့မရပဲ ရတဲ့ အခွင့်အရေး သေးသေးလေးကလည်း နှစ်တွေ အများကြီးတောင် ကြာသွားခဲ့ပြီ..."

ကျူးယွဲ့က တစ်စုံတစ်ခုကို ပြောလိုသော်လည်း တုံ့ဆိုင်းနေခဲ့သည်။ 

"ဒါပေမဲ့ ငါတို့ ရှောင်ဖူက အရမ်း အထင်ကြီးစရာကောင်းတာပဲ... ငါတို့မရှိတာတောင်မှ ဒီလောက်ထိ ထူးချွန်လာနိုင်တယ်..."

"သူတို့အကုန်လုံး အသက်ရှင်နေသေးတယ်မလား..."

ဖူလီက သနားစဖွယ် သူ့မျက်နှာ အမူအရာကို ဂရုမစိုက်နိုင်တော့ပါချေ။ 
"ဟုတ်တယ်မလား..."

"ဖူလေး..."

ကျူးယွဲ့၏ အမူအရာကို ကူကယ်ရာမဲ့ခြင်းက ဆေးခြယ်သွားသည်။

"ငါလည်း မသေချာဘူး..."

ဖူလီ၏ ပခုံးများက စိတ်ပျက်စွာ နိမ့်ဆင်းသွားသည်။ ထို့နောက် သူက ကျူးယွဲ့ကို မျက်လုံးတောက်တောက်များဖြင့် ပြန်ကြည့်လိုက်သည်။ 

"သူတို့က ရှိနေဦးမှာ သေချာတယ်... ကျွန်တော်အဲ့နှစ်က ကျွန်တော်အရမ်းလောသွားလို့ အကုန်လုံးကို မမြင်လိုက်တာ... တခြားယောင်ကျင့်ကြံသူတွေ အားလုံးက အမတို့တွေက မိုးပြာနဂါးတွေရဲ့ ဗိုက်ထဲ ရောက်သွားပြီလို့ပြောကြတာ... ဒါပေမဲ့ မိုးပြာနဂါးမျိုးနွယ်က အဲ့လောက် ကျင့်ကြံခြင်းနိမ့်ပြီး ကျွန်တော့်ကိုတောင် မနိုင်တာ သူတို့က ဘယ်လိုလုပ်ပြီး အမတို့ရဲ့ ပြိုင်ဘက်ဖြစ်နိုင်မှာလဲ..."

"အဲ့နှစ်က ဘာဖြစ်သွားလဲ ကျွန်တော် မသိပေမဲ့ ဒီနေ့အရမ်းပျော်တယ်..."

ဖူလီက သူ့မျက်လုံးများကို ပွတ်လိုက်ပြီး တောက်ပသော အပြုံးတစ်ခုကို လှစ်ပြလိုက်သည်။

"အစ်မတို့အားလုံးက အသက်ရှင်နေကြတယ်... အဲ့ဒါက တကယ်ကောင်းတယ်..."

"ဖူလေး..."

ကျူးယွဲ့၏ အပြုံးများထဲတွင် မျက်ရည်များ ရှိပေသည်။ သူမက ထရပ်ကာ သူမမျက်စိရှေ့တွင်  ကြီးပြင်းလာသည့် ကလေးငယ်ကို ပွေ့ဖက်လိုက်သည်။ 

သူတို့ချစ်မြတ်နိုးခဲ့ရသော စာရွက်ဖြူကဲ့သို့ အပြစ်ကင်း အဖိုးတန် ကလေးငယ်က သူတို့မြင်ကွင်းမှ အဝေးတစ်နေရာတွင် ကြီးပြင်းလာခဲ့ပေသည်။ သူက မည်သို့ တွေးတောရမည်၊ မည်သို့ သံသယဖြစ်ရမည်၊ သူ့၏ စိတ်ခံစားချက်များကို မည်သို့ထိန်းချုပ်ရမည်ကို သင်ယူခဲ့ပြီးဖြစ်သည်။ သူက အမှန်တကယ်ပင် ကြီးပြင်းလာပြီးဖြစ်သည်။ 

ဤသည်က ပျော်ရွှင်ရမည့်ကိစ္စဖြစ်ကြောင်း ရှင်းလင်းပေသည်။ သို့သော် သူမက အလွန်ဝမ်းနည်းပြီး ငိုချင်နေပေသည်။ သူမ တတ်နိုင်ပါက သူ့အား ဘဝတစ်လျှောက်လုံး ချစ်မြတ်နိုးလိုပေသည်။ သူက သတ်ဖြတ်မှုကိုရော ပြင်ပကမ္ဘာကြီး၏ ရှုပ်ထွေးမှုများကိုရော ရင်ဆိုင်ရန် မလိုပါပေ။ သူလုပ်ရန် လိုအပ်သည့်အားလုံးမှာ ပျော်ရွှင်စွာ နေထိုင်ပြီး ရိုးရှင်းစွာ စိတ်ထားရန်သာဖြစ်ပေသည်။ သူတို့က သူ့ကို မှော်လက်နက်များ၊ အရသာရှိသော စိတ်ဝိညာဉ် ပစ္စည်းများနှင့် အဖိုးတန်ဆုံးသော ရတနာများ ပေးနိုင်လေသည်။

သူတို့က အကောင်းဆုံးအရာများ ပေးနိုင်ပေသည်။ 

"တောင်းပန်ပါတယ်ကွယ်..."

ငါတို့က နင့်ကို အလှပဆုံး နေထိုင်မှု ပတ်ဝန်းကျင်ပေးခဲ့ပေမဲ့ အပြင်က ဘဝကြီးကို တစ်ယောက်တည်း ရင်ဆိုင်ရစေခဲ့တယ်...

"အစ်မ... ရစ်... ရစ်ငှက်... ကျွန်တော့်ကို လွတ်ပေးလို့ရမလား..."

ဖူလီက ညင်သာစွာ မေးလိုက်သည်။ ရစ်ငှက်က ဖူလီကို လွတ်လိုက်ပြီး တံခါးပြင်ပကိုလှည့်ကြည့်လိုက်သည်။ သူမက အပြင်မှ လူတိုင်းကို ပြုံးပြလိုက်သည်။ 

လင်းကွေ၊ ချူးယွီ၊ ချောင်းယွင်နှင့် နဥ်ရွှမ်တို့က ဖူလီသည် မိန်းမလှလေးကို မှိန်းမောစွာ ဖက်ထားသည်အား ကြည့်လိုက်ကြသည်။ အတန်ကြာသည်အထိ သူတို့က အသိစိတ်မဝင်ပါချေ။ ခွန်းဖမ်သည် စောစောကပင် သူတို့အား ဘော့စ်က အပြင်းအထန် ဒဏ်ရာရထားသည်ဟု ပြောလိုက်၍ သူတို့က အလျင်အမြန်လာခဲ့ပေသည်။ ဘော့စ်ကို မတွေ့ရပဲ ထိုအစား သူတို့သည် ဖူကောနှင့် မရင်းနှီးသော အမျိုးသမီးတစ်ယောက်က နက်နက်ရှိုင်းရှိုင်း ပွေ့ဖက်နေသည်ကို တွေ့လိုက်ရသည်။ 

အဲ့ဒါက နည်းနည်းမသင့်တော်ဘူးလားလို့...

"ဖူကော..."

ချူးယွီက ပထမဆုံး တုံ့ပြန်လာသူ ဖြစ်သည်။ 
"ဘော့စ် အဆင်ပြေရဲ့လား..."

"သူ ဆေးသောက်ပြီး အိပ်ပျော်သွားပြီ..."

ဖူလီက သူ့မျက်နှာကို ထိလိုက်သည်။
"မင်းတို့အကုန်လုံး အပြင်မှာ ဘာလုပ်နေတာလဲ... အကုန်လုံး ဝင်လာကြလေ..."

"ဒီစီနီယာက ဘယ်သူလဲ ကျွန်တော်တို့ သိလို့ရမလား..."

ချူးယွီက ဤအမျိုးသမီး၏ ကျင့်ကြံခြင်းကို မမှန်းဆနိုင်ပါပေ။ ထို့အပြင် သူက သူမဆီမှ မိစ္ဆာချီအနည်းငယ်ကိုပင် အာရုံခံမရပါပေ။ သို့သော် သူမက ရွှေနဂါးနန်းတော်ထဲတွင် ရပ်နေပြီး မိစ္ဆာတစ်ဦး မဟုတ်သည်မှာ မဖြစ်နိုင်ပါပေ။ သူက သူမကို လေးလေးစားစား အရိုအသေပေးလိုက်ပြီး သူ့အမူအရာက သတိတကြီး ဖြစ်နေပေသည်။ 

"ငါက ဖူလီရဲ့ အန်တီပါ..."

ထိုဂျူနီယာများ၏ အတွေးကို မတွေးတတ်သည့်ဟန်ဖြင့် ကျူးယွဲ့က ပြုံးပြလိုက်သည်။

"ဖူလီလိုပဲ ငါ့ကို အန်တီကျူးယွဲ့လို့ခေါ်လို့ရတယ်..."

ချူးယွီက သူမ၏ လူသားပုံစံနှင့် အသက်၂၀ပင် စွန်းပုံမရသေးသော ထိုအမျိုးသမီးကို ငေးကြည့်လိုက်ပြီး သူ့နှလုံးသားထဲတွင် ထိတ်လန့်မှုက နက်ရှိုင်းလာသည်။ 

ဖူကောက နှစ်လေးထောင်ကျော် ကျင့်ကြံလာတာ… ဒီအမျိုးသမီးကို ဖူကောက အန်တီလို့ခေါ်ရတဲ့ အချက်က သူမရဲ့ ကျင့်ကြံခြင်းက ပိုပြီးနက်နဲပြီး ကြောက်စရာကောင်းတယ်လို့ ဆိုလိုတာပေါ့...

ဖူလီက အစ်မရစ်ငှက် ထိုဂျူနီယာများကို အမြတ်ထုတ်လိုသည်ကိုသိသော်လည်း သူ့လုပ်ဖော်ကိုင်ဖက်များရှေ့တွင် ကျူးယွဲ့၏ သရုပ်မှန်ကို ဖော်ပြလိုစိတ်မရှိ၍ စကားမဆိုလိုက်ပါချေ။

"အဲ့တော့ စီနီယာက တကယ်ပဲ ဖူကောရဲ့ အကြီးအကဲပေါ့... ကျေးဇူးပြုပြီး ကျွန်တော်တို့ ရိုင်းပြမှုကို ခွင့်လွတ်ပါ..."

ချူးယွီက ဖူလီမငြင်းသည်ကို မြင်၍ ရှေ့တိုးကာ ကိူးယွဲ့ကို အရိုအသေပေးလိုက်သည်။

"ဒီဂျူနီယာက အန်တီကို နှုတ်ဆက်ပါတယ်..."

သူက ဖူကောကို အန်တီရှိမယ်လို့ မမျှော်လင့်ထားဘူး... ဒါက တကယ်ကို မိစ္ဆာတစ်ယောက်အနေနဲ့ အံ့အားသင့်စရာပဲ...

"အလွန်အကျူး ယဉ်ကျေးနေစရာမလိုပါဘူး..."
ကျူးယွဲ့က သူမ၏ ချမ့်ခွန်းအိတ်ထဲမှ ပုလင်းသေးသေးလေးများစွာကို ထုတ်လိုက်သည်။

"လာ... လာ... လာ... ဒီမှာ လက်ဆောင်..."

လက်ဆောင်ရသူ မိစ္ဆာလေးဦးမှာ ကြောင်အသွားကြသည်။ 

ဒါတွေက... ထာဝရဆေးတောင့်တွေလား... ဒီအန်တီ ကျူးယွဲ့က တွေ့တွေ့ခြင်းမှာတင် ထာဝရဆေးတောင့်တွေ လက်ဆောင်ပေးရအောင်ကို ချမ်းသာတယ်လား...

"အဲ့ဒါက တန်ဖိုးနည်းတဲ့ ကစားစရာလေးတွေပါ... မနှစ်မမြို့ မဖြစ်ကြနဲ့နော်..."

ကျူးယွဲ့က ဂျူနီယာများအပေါ် သူ့၏ လက်ဆောင်အနည်းငယ်မှာ မျက်နှာပန်းမလှဟု ခံစားရ၍ ရှက်ရွံ့စွာ ပြုံးလိုက်သည်။ သို့သော် ထိုနှစ်က အဖြစ် အပျက်ဖြစ်သောအခါ သူမက မိုးကြိုးပစ်ပြီး အောက်ပိုင်းမသေသွားခင်တွင် အဖိုးတန်ပစ္စည်းများ ကောက်ယူရန် အချိန်မရခဲ့ပါပေ။ သို့ဖြစ်၍ ယခုအချိန်၌ သူမတွင် အဖိုးတန် ပစ္စည်းများစွာ မရှိပါပေ။ 

ချူးယွီသည် ဖူလီက စိတ်ဝိညာဉ် မြက်ထုံးတစ်ထုံးကို အရေးမစိုက်စွာ ထုတ်လိုက်သည့် အချိန်ကို ပြန်တွေးမိသွားသည်။

ဒါက ဖူကောက တကယ်ပဲ ဒုတိယမျိုးဆက်ရဲ့ လူချမ်းသာ မိစ္ဆာတစ်ကောင်လို့ ပြောချင်တာလား... 

ကျူးယွဲ့၏ အပြုအမူနှင့် အကျင့်တို့က ဖူလီနှင့် အလွန်တူညီနေ၍ ဖြစ်နိုင်ပေသည်။ လူတိုင်းက တဖြည်းဖြည်းနှင့် သူမရှေ့တွင် သက်တောင့်သက်သာဖြစ်လာကာ သူမ၏ သရုပ်မှန်ကို သိလိုစိတ်မှေးမှိန်လာပြီး ဖူလီ စီမံခန့်ခွဲရေး ဗျူရိုတွင် ရှိစဉ်က အကြောင်းများကို သူမအား ပြောပြလိုက်သည်။

ဖူလီက သူတို့ ပြောသမျှမှ အရာရာတိုင်းတွင် မရှက်ရွံ့ပဲ မနေနိုင်ကာ သူက သတိမေ့နေသော ကျွမ်းချင်ကို ဂရုစိုက်နေစဥ်တွင် ကျူးယွဲ့ကို ချူးယွီနှင့် တခြားမိစ္ဆာတို့ဖြင့် စကားပြောနေခွင့် ပြုထားပေသည်။

လူတိုင်းက ဖူလီကို အလွန်နှစ်သက်ကြပြီး အလွန်လေးစားကြသည်ကိုကြားရာ ကျူးယွဲ့၏  မျက်နှာထက်မှ အပြုံးက ပိုမိုပင် နှစ်လိုဖွယ် ဖြစ်လာပေသည်။ သူမ၏ ချမ့်ခွန်းအိတ်ထဲမှ စိတ်ဝိညာဉ် သစ်သီးများစွာကို ထုတ်ကာ တက်တက်ကြွကြွဆိုလိုက်သည်။

"ဆက်ပြောကြ..."

ချူးယွီက စိတ်ဝိညာဉ်သစ်သီးများကိုကြည့်ကာ တံတွေးမျိုချလိုက်သည်။

"ဖူကောက စာလုပ်ရတာလည်း အရမ်းကြိုက်တာ... သူက တက္ကသိုလ်တက်ပြီး အစိုးရဝန်ထမ်း ဖြစ်ချင်တာလေ..."

အစိုးရဝန်ထမ်း၏ အဓိပ္ပာယ်ကို ရှင်းလင်းပြီးနောက် ကျူးယွဲ့က ကူကယ်ရာမဲ့သော အပြုံးတစ်ခုကို ထုတ်ပြလာလေသည်။ 

အဲ့ကလေးက သူ့ရဲ့ မိတ်ဆွေဟောင်းကို အရမ်းချစ်မြတ်နိုးနေတုန်းပဲကို... သူက အဲ့လူသားအိမ်မွေးကောင်လေးရဲ့ စကားတွေကို နှလုံးသားထဲမှာ အတည်မှတ်ထားတာပဲ...

"ဒီရက်တွေမှာ ဖူလီကို ဂရုစိုက်ပေးတာ ကျေးဇူးပါကွယ်... အဲ့ကလေးက ငယ်ငယ်ကတည်းက ငါတို့အလိုလိုက်တာကို ခံခဲ့ရတာ... အဲ့ဒါကြောင့် သူသိပ်မတော်တာ ရှိရင်လည်း သူ့ကို ခွင့်လွတ်ပေးကြနော်..."

"အန်တီကျူးယွဲ့... အန်တီက အရမ်း ယဉ်ကျေးလွန်းနေပါပြီ... ကျွန်တော်တို့ကို ဂရုစိုက်ပေးတာ ဖူကောပါ..."

ချူးယွီက ဖူလီသည့် ရောင်ခြယ်အရေပြားနှင့် သရဲလက်ထဲမှ သူ့အား မည်သို့ကယ်တင်ခဲ့သည်ကို ပြောပြလိုက်သည်။ 

"ဖူကောကြောင့်သာ မဟုတ်ရင် ကျွန်တော်က ဒီနေ့ ဒီနေရာမှာ ရပ်နေနိုင်မှာမဟုတ်ဘူး..."

သူတို့၏ ကလေးကို ချီးကျူးပေးခြင်းက လူကြီးများ၏ မျက်နှာသာ ရရန်အလွယ်ကူဆုံး နည်းလမ်းဖြစ်ပေသည်။ ဤသည်က ချူးယွီ  လူသားလောကထဲရှိ အတွေ့အကြုံများကို အကျဉ်းချုပ်ကာ ရလာသော သုံးသပ်ချက်ဖြစ်ပေသည်။ 

"နောက်ထပ်ဆေးတစ်အိုးကျိုရမဲ့ အချိန်ပဲ..."

ကျူးယွဲ့က ကောင်းကင်ကို လှည်းကြည့်လိုက်သည်။

"မင်းတို့ဝင်သွားပြီး ဒဏ်ရာရတဲ့လူကို သွားကြည့်လိုက်ကြ... ဒါပေမဲ့ သွားတော့ မနှောင့်ယှက်နဲ့နော်... အဲ့ကလေးရဲ့ ဒဏ်ရာတွေက ပြင်းထန်လို့ ကောင်းကောင်းအိပ်ဖို့လိုတယ်..."

အဲ့ကလေးဆိုတာက... ဘော့စ်ကို ပြောတာလား...

ချူးယွီနှင့် တခြားသူများ၏ အတွေးများနှင့် ခံစားချက်များက ဖရိုဖရဲ ဖြစ်သွားကြလေသည်။ 

"ကျွန်တော်တို့ ကူပေးလို့ရတာရှိလားဟင်..."

ချူးယွီက ထရပ်လိုက်သည်။ သူတို့က ဘော့စ်ကို တွေ့ခွင့်မရသေး၍ စိတ်ပူနေပြီ ဖြစ်သည်။ သူတို့က ကျူးယွဲ့ကို မျက်နှာလုပ်ရန်လို၍ တိုက်ရိုက်မေးရန်မကောင်းခြင်းပင်။ သူမကို သူတို့ကို မယုံကြည်ဟူသော ခံစားချက်ပေးရသည်က ကောင်းမည်မဟုတ်ပါပေ။ 

"မလိုပါဘူး..."

ကျူးယွဲ့က သာမန်ကာလျှံကာ ပြုံးပြလိုက်သည်။
"ငါက ဒီလို သာမန် ထောက်ပံ့မှုလေးတစ်ခုကို ကုသပေးဖို့အတွက် အကူအညီမလိုပါဘူး..."

ချူးယွီက ပါးပါးနပ်နပ်ဖြင့် သူမနောက်မှ မလိုက်တော့ပါချေ။ မိစ္ဆာလေးဦးက တစ်ဦးနှင့် တစ်ဦး ကြည့်လိုက်ပြီး ကျွမ်းချင်ရှိနေသောအခန်းထဲသို့ ဝင်လာကြလေသည်။ 

ဤသည်က ရွှေနဂါး နန်းတော်သို့ သူတို့ ပထမဆုံး ရောက်ဖူးခြင်းဖြစ်သည်။ ချူးယွီက ကျွမ်းချင်ဘေးတွင် အလုပ်လုပ်နေသော နှစ်များတွင် သူက နဂါးနန်းတော်အကြောင်းကို စပ်စုကာ မေးမြန်းဖူးပေသည်။ သို့သော် 'နဂါးနန်းတော်'ဟူသောစကားလုံးများကို ကြားသည်နှင့် ဘော့စ်၏ အမူအရာက အလွန်ရုပ်ဆိုးလာ၍ သူက ထိုအကြောင်းထပ်မပြောတော့ပါပေ။ 

ယနေ့ ခွန်းဖမ်နှင့် ကုန်းဖုက လာပြီး သူတို့အား ဘော့စ်က ဖူလီကို သူ့ဒဏ်ရာများကုသရန် နဂါးနန်းတော်သို့ ခေါ်သွားမည်ဟု ပြောလာသောအခါ သူတို့အားလုံးက အံ့အားသင့်သွားကြပြီး ခွန်းဖမ်က သူတို့အား လိမ်နေသည်ဟုပင် သံသယဝင်မိကြပေသည်။ သို့သော် သူတို့က ရွှေနဂါးနန်းတော် အပြင်သို့ရောက်ပြီး အရံအတားကို ချောချောမွေ့မွေ့ ဖြတ်လာပြီးသောအခါ ခွန်းဖမ် မလိမ်သည်ကို သိခဲ့ရသည်။ 

ရွှေနန်းတော်က သူတို့ စိတ်ကူးထားသည်ထက်ပင် ခမ်းနားက ထည်ဝါပေသည်။ နန်းတော်၏ ထောင့်တစ်ခုကို ကြည့်ရုံနှင့်ပင် ထိုနှစ်များတွင် ရွှေနဂါးမျိုးနွယ်က မည်မျှ ခမ်းနားကြီးကျယ်ခဲ့သည်ကို စိတ်ကူးကြည့်ရန် လုံလောက်ပေသည်။