အပိုင်း ၁၀၇
Viewers 17k

Chapter 107
ကလေးငယ်


နန်းတော်အတွင်းသို့ ဝင်လာရာ အိပ်ယာပေါ်တွင် ငြိမ်းချမ်းစွာအိပ်နေသော ကျွမ်းချင်နှင့် ဘေးတွင် တိတ်တဆိတ်ထိုင်နေသော ဖူလီတို့ကို တွေ့လိုက်ပေသည်။ သူတို့က အကြောင်းပြချက်တစ်ခုကြောင့် သူတို့ဝင်ရောက်လာမှုက လှပသော မြင်ကွင်းကို အနှောင့်အယှက်ပေးလိုက်မိသည်ဟု ခံစားလိုက်ရသည်။

"မင်းတို့လာပြီလား..."

ဖူလီက သူတို့ကို သတိပြုမိသွားသည်။
"ထိုင်ကြ..."

ကျွမ်းချင်ကို စောင်ခြုံပေးထားပြီး သူ့သွင်ပြင်များက ကောင်းမွန်နေသည်ကို မြင်ရာ ချူးယွီက အသံတိုးတိုးဖြင့် မေးလိုက်သည်။

"ဘော့စ်ရဲ့ ဒဏ်ရာတွေက ဘယ်လိုနေလဲ..."

"ဆေးသောက်ပြီးတော့ ဒဏ်ရာ ကြီးကြီးမားမားတော့ မရှိတော့ဘူး... ငါတို့က သူ့ရဲ့ အရင်က အရေးမကြီးတဲ့ အဖျားတွေကို ကုဖို့ စီစဉ်ထားတယ်..."

ဖူလီ၏ မျက်ခွံများက မှိတ်ကျသွားသည်။
"ငါ့ကြောင့်သာ မဟုတ်ရင် သူလည်း ဒဏ်ရာရမှာ မဟုတ်ဘူး... ငါ့သူ့ကို အကြွေးတင်နေပြီ..."

"ဖူကော... ကျွန်တော်က ဒီစကားတွေကို မပြောသင့်ပေမဲ့ ဘော့စ်ရဲ့ စရိုက်အရဆို အစ်ကို ဒီစကားတွေ ပြောတာကို ကြားချင်မှာမဟုတ်ဘူး..."

ချူးယွီက ဆိုလိုက်သည်။

"အစ်ကိုနဲ့ ဘော့စ်က တိုက်ပွဲမှာ အတူရှင်ပြီး သေကြမဲ့ လုပ်ဖော်ကိုင်ဖက်တွေလေ... အချင်းချင်း ကူညီပေးတာ မကောင်းဘူးလား... အစ်ကိုကလည်း ဘော့စ်ကို အရေးကြီးတဲ့ အချိန်တွေမှာ ကာကွယ်ပေးတယ်လေ... အဲ့တော့ အကြွေးတင်တာ မတင်တာဆိုတာ ဘယ်မှာရှိမှာလဲ... အဲ့ဒါက အစ်ကိုတို့ ဆက်ဆံရေးကို ထိခိုက်စေတာပဲ ရှိမှာ..."

ဖူလီက ချူးယွီ၏ စကားလုံးများကို လက်ခံဟန်ဖြင့် ပြုံးလိုက်သည်။

မကြာမီတွင် ကျူးယွဲ့က လတ်လတ်ဆတ်ဆတ်ကျိုထားသော ဆေးကို သယ်လာသည်။

"ဖူလေး... နဂါးလေးကို နှိုးလိုက်..."

ဖူလီက လက်တစ်ဖက်ဆန့်ထုတ်ကာ ကျွမ်းချင်ကို အကြိမ်အနည်းငယ် ထိလိုက်သည်။ ကျွမ်းချင်က တဖြည်းဖြည်းနှင့် အသိစိတ်ပြန်ဝင်လာပေသည်။ 

ကျွမ်းချင်က သူ့ခန္ဓာကိုယ်အား ထိန်းချုပ်မရသည့် ခံစားချက်ကို မုန်းတီးပေသည်။ သူက ကိုယ်ကျိုးအတွက် သူ့အား အစာတွင် အဆိပ်ခတ်ခဲ့သော သူငယ်ချင်းကောင်းဆိုသူတစ်ဦးရှိခဲ့ပေသည်။ သူက အားတင်းကာ ထွက်မပြေးပါက အသက်ဆုံးရှုံးရသည်မှာ ကြာပြီဖြစ်လေသည်။ 

ဖူလီ၏ မျက်လုံးတောက်တောက်များက သူမျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရသည်များ ဖြစ်သည်။

"မင်းဘယ်လိုနေလဲ..."

ထိုအချိန်မှသာ ကျွမ်းချင်က သူ့ခန္ဓာကိုယ်က အနည်းငယ် ပေါ့ပါးနေသည်ကို သိရှိပေသည်။ ယခင်က သူ့နောက်ကျောရှိ အရိုးစူးအောင့်နာကျင်နေသည့် နာကျင်မှုသည်လည်း မရှိတော့ပါချေ။ 

"ငါ နေလို့ပိုကောင်းလာပြီ... ကျေးဇူးပဲ..."

"ဆေးမှာက ကုသတဲ့ စွမ်းရည်ရှိတော့ ဒီစွပ်ပြုတ်ကိုလည်း သောက်လိုက်..."

ဖူလီက သူ့ကို ထိုင်နေသော အနေအထားသို့ ထူလိုက်ပြီး ပန်းကန်လုံးကို သူ့ပါးစပ်နားသို့ တေ့ပေးလိုက်သည်။ 

"အဲ့ဆေးသောက်ပြီးရင် မင်းနှစ်နာရီလောက် အိပ်မှာ... စိတ်မပူပါနဲ့ ငါမင်းဘေးမှာ စောင့်နေပေးမယ်.."

ကျွမ်းချင်က ဖူလီလက်ထဲရှိ စွပ်ပြုတ်ပန်းကန်ကို ကြည့်လိုက်သည်။ သူက ဖူလီလက်ကို ဆုပ်ကိုင်ကာ စွပ်ပြုတ်ပန်းကန်းကို သူ့နားတို့ ကပ်လိုက်ပြီး ခေါင်းငုံ့ကာ သူ့ကို သတိမေ့စေသော ဆေးကို သောက်လိုက်သည်။ 

သူသတိမေ့သွားရာ လွန်ခဲ့သော နှစ်တစ်ထောင်ကျော်က မြင်ကွင်းတစ်ခုက သူစိတ်ထဲတွင် ပေါ်လာလေသည်။ 

"ကျွမ်းချင်... ငါ့မှာ စိတ်ယုတ်မာရှိတယ်... ဒါပေမဲ့ မင်းကရော..."

"မင်းက ဘဝတစ်လျှောက်လုံး ဘယ်သူ့ကိုမှလည်း မယုံခဲ့ဖူးသလို ဘယ်သူ့ကိုမှလည်း မယုံရဲခဲ့ဘူး... ငါက  ယုတ်ညံ့ပြီး အထင်သေးစရာကောင်းတယ်ဆိုရင် မင်းက ကြေကွဲပြီး သနားစရာကောင်းတယ်..."

မမွေးခင်တုန်းက ဘယ်လိုခံစားရတာလဲ...

နွေးထွေးလား... လုံခြုံလား... အနေခက်လား... 

ကျွမ်းချင်က သူ့မျက်လုံးများကို မဖွင့်နိုင်ပေ။ သူက မမွေးဖွားရသေးသော သန္ဓေသားတစ်ယောက်သဖွယ် နွေးထွေးမှုဖြင့် ရစ်ပတ်ခံနေရသည်ဟု ခံစားရသည်။ အဝေးတွင် တစ်စုံတစ်ယောက်က နားမလည်နိုင်သော ရိုးရာတေးတစ်ခုကို ဆိုနေသော်လည်း သံစဉ်က ထူးဆန်းသော်လည် ရင်းနှီးနေပေသည်။ 

"စကြဝဠာထဲမှာ သက်ရှိတွေအားလုံး ပါဝင်တယ်... ကောင်းကင်တွေက ကျယ်ပြောတယ်... ကမ္ဘာမြေက အဆုံးအစမဲ့တယ်... အဲ့လိုပဲ သက်ရှိတွေ အကုန်လုံးကလည်း များပြားတယ်... အစပိုင်းမှာ စကြဝဠာဆိုတာ ဒြပ်ထုတစ်ခုပဲ... ကောင်းကင်တွေက ကောင်းကင်ဖြစ်လာတယ်... ကမ္ဘာမြေက ကမ္ဘာမြေဖြစ်လာတယ်... ပြီးတော့ အရာအားလုံးက အသက်ရှိလာကြတယ်..."

"ကောင်းကင်ဘုံ စည်းမျဉ်းက အညှာအတာမဲ့တယ်... 
ဒါပေမဲ့ အစွဲအလမ်းလည်း ကြီးတယ်... သက်ရှိတွေ အကုန်လုံးက အသက်ရှင်ဖို့ အခွင့်အရေးတစ်ခုရတယ်... သေပြီးသားလူတွေကလည်း ရှင်သန်ကြပြီး သက်ရှိတွေကလည်း သေဆုံးကြတယ်..."

"ဒီကမ္ဘာကြီးမှာ ထာဝရဘဝလို့တော့ မရှိပေမဲ့ ထာဝရတည်မြဲခြင်းဆိုတာတော့ရှိတယ်..."

ကျွမ်းချင်က သူ့မျက်လုံးများကို ဖွင့်လိုက်ရာ သူ့၏ ဝိညာဉ်က အနီရင့်ရင့် မြစ်တစ်စင်းပေါ်တွင် ရပ်နေသည်ကို တွေ့လိုက်သည်။ မြစ်ဘေးတစ်လျှောက်တွင် လှပသော ပန်းပွင့်နီများ ဖူးပွင့်နေကြသည်။ သူက အနက်ရောင် လှေတစ်စင်းပေါ်တွင် ရပ်နေသည်။ ပို့ဆောင်သူက ရှည်လျားသော အမျိုးသားတစ်ဦးဖြစ်ကာ မိုးပြာရင့်ရောင် ဝတ်ရုံတစ်ခုကို ဝတ်ထားပြီး သူ့ဝတ်ရုံ၏ အစွန်းစများက လေထဲတွင် တဖျပ်ဖျပ် ခတ်လာနေပေသည်။ 

"ငါ့ကို ဘယ်ခေါ်သွားမလို့လဲ..."

ကျွမ်းချင်က ခေါင်းငုံ့လိုက်ရာ လှပသော အနက်ရောင်သွင်ပြင်များဖြင့် ပန်းထိုးထားသော ပိုးထည်ဝတ်ရုံကို မြင်လိုက်ပေသည်။

"သဘာဝအတိုင်း ငါက မင်းရှိသင့်တဲ့ နေရာကို လိုက်ပို့နေတာ..."

ပို့ဆောင်သူက ခေါင်းပင် လှည့်မလာပါချေ။ 
"သခင်လေးက လောကကြီးရဲ့ ကပ်ဘေးအဖြစ် ပြောင်းသွားမဲ့ မကောင်းဆိုးဝါးရဲ့ ကံတရားကို ပြောင်းလဲခဲ့ပြီးပြီ... သခင်လေးက သူတော်ကောင်းတရား များစွာကို ပိုင်ဆိုင်ပြီး နောက်ဘဝမှာ ဧကရာဇ်တစ်ပါးဖြစ်လာမှာ ပြီးတော့ မင်းနာမည်ကို နှစ်စဉ်မှတ်တမ်းထဲမှာ ချန်ထားဖို့သေချာတယ်..."

ကျွမ်းချင်က သူအိပ်မက်မက်နေသည်ကို သဘောပေါက်သွားသည်။ 

ကျင့်ကြံသူများက အလွယ်တကူ အိပ်မက်မမက်ကြပါပေ။ သို့သော် မက်ခဲ့လျှင် နိမိတ်ပြသည်ဟု ယူဆနိုင်ပေသည်။ 

ပို့ဆောင်သူက ထူးဆန်းသော သံစဉ်နှင့် သီချင်းကို ထပ်မံသီဆိုလိုက်သည်။ ကျွမ်းချင်က လှေအစွန်းတွင် ရပ်ကာ မြစ်ကမ်း နှစ်ဘက်မှ မြင်ကွင်းများ တစ်ဖြည်းဖြည်း ကျော်လွန်လာသည်ကို ကြည့်နေပေသည်။ သူက  သူ့ပုံရိပ်ကို မြင်လိုက်သည်။ ၄င်းက သူ့မျက်နှာမဟုတ်ပါပေ။

ထို့ထက် ၄င်းက သူ၏ ရုပ်ရည်သွင်ပြင် မဟုတ်ပါပေ။ 

မြစ်ထဲမှ ပုံရိပ်က ဝေဝါးနေပြီး သူ့၏ သွင်ပြင်ကို ရှင်းရှင်းလင်းလင်းမမြင်ရသော်လည်း ကျွမ်းချင်က တစ်ချက်ကြည့်ရုံနှင့်ပင် သူ့၌ ထိုအရပ်မရှိသလို ဤကဲ့သို့ သေလူ၏အဝတ်များ ဝတ်မည်မဟုတ်သည်ကို ပြောနိုင်ပေသည်။ 

ပျံနေသော နဂါးတစ်ကောင်နှင့် ကျောက်စိမ်းဖြူ ခါးပတ်... ရွှေရောင်ပန်းထိုးများဖြင့် အနက်ရောင် ဝတ်ရုံ... 
ဤအဝတ်အစား စတိုင်မှာ သေဆုံးသူများ၏ ဝတ်စုံဖြစ်ပေသည်။

"ဒါက ဝမ့်ချွမ်မြစ်လား..."

ပါးပေါ်တွင် တစ်စုံတစ်ခုက ယားယံလာသည်ဟု ခံစားရသည်။ သူက လက်ဖြင့်ပွတ်လိုက်ရာ အနီရင့်ရင့် သွေးကွက်တစ်ခုက သူ့လက်ဖဝါးပေါ်တွင် ပေါ်လာလေသည်။ 

"သခင်လေးမှာ ထူးခြားတဲ့ ဗဟုသုတရှိတာပဲ..."

ပို့ဆောင်သူက သူ့ကိုလှည့်ကြည့်လာသည်။ သူ့၏ အသက်ကြီးရင့်သော မျက်နှာထက်တွင် ထူးဆန်းသော အကြည့်တစ်ခုရှိနေပေသည်။ မကြာမီတွင် သူက လှော်ခတ်နေခြင်းကို ရပ်တန့်လိုက်သည်။

"သခင်လေးက နေရာမှားပြီး ရောက်လာတာပဲ..."

ကျွမ်းချင်က သူ့ကို တိတ်တဆိတ် ကြည့်လိုက်သည်။ 

မြေအောက်ကမ္ဘာ၏ ပို့ဆောင်သူများမှာ သေဆုံးခါစ သရဲများအား ဝမ့်ချွမ်မြစ်ကို ဖြတ်၍ ယင်းချိုင်များလက်ထဲမှ ယမ (၁၈) နန်းတော်သို့ ပို့ဆောင်ကာ မြေအောက်ကမ္ဘာ၏ တရားသူကြီးများထံမှ ကံတရားကို ပြောပေးရန် ပို့ဆောင်ပေးသူများဟု ဆိုကြပေသည်။

ကျွမ်းချင်က မြေအောက်ကမ္ဘာမှာ ၄င်း၏ စီမံခန့်ခွဲမှုကို အဆင့်မြင့်ထားသည်မှာ အတန်ကြာပြီကို သတိရသွားသည်။ ဝမ့်ချွမ်မြစ်ပေါ်တွင် တံတားရှည်ကြီးတစ်ခု တည်ဆောက်ထားပြီး ဖြစ်ကာ အချိန်မှန် ဘတ်စ်ကားစနစ်လည်း ရှိပေသည်။ ပို့ဆောင်သူများက အလုပ်မရှိတော့သည်မှာ ကြာပြီဖြစ်သည်။ တစ်ချို့က ပင်လယ်ပျော် ခရီးထွက်သည့် စီးပွားရေးများလုပ်ပြီး တော်တော်လေး အဆင်ပြေနေကြသည်ဟု သူကြားပေသည်။

"ငါမင်းကို ပြန်ပို့ပေးမယ်..."

ပို့ဆောင်သူက ကျွမ်းချင်ကို လေးလေးနက်နက် အရိုအသေပေးကာ လှေကို ပြန်လှည့်လိုက်သည်။ 

ရေများက တပွက်ပွက်မြည်သွားသည်။ လေညင်းသည်လည်း တိုက်ခတ်နေသည်။ မြစ်ရေ၏ ထူးဆန်းသော အရောင်ကြောင့်သာမဟုတ်ပါက တစ်စုံတစ်ဦးက လှပပြီး ငြိမ်းချမ်းသော ကျန်းနန်၏ သုံးလပြည့်ကို တွေးမိမည် ဖြစ်သည်။ ပို့ဆောင်သူက ထူးဆန်းသော သံစဉ်ကို ထပ်မံ သီဆိုလာပြန်သည်။ ကျွမ်းချင်က သူ့မျက်လုံးများကို ပိတ်ကာ လေထဲမှ ကွဲပြားမှုများကို စွဲကပ်လိုက်ပြီး အိပ်မက်မှ လွတ်မြောက်ရန် ရုန်းကန်လိုက်သည်။

သူ တစ်ဖန် မျက်လုံးဖွင့်လိုက်သောအခါ သူမြင်ရသည်က အိပ်ရာတိုင်များပေါ်မှ ပုံစံလှလှများ ဖြစ်သည်။ ကျွမ်းချင်က သူ့ခန္ဓာကိုယ်ထဲမှ နဂါးပုလဲက ခွန်အား အနည်းငယ် တိုးလာသည်နှင့် သူ့၏ ဖျားနာမှုဟောင်းများအားလုံးက ပျောက်သွားသည်ကိုတွေ့ရှိသွားသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက လန်းဆန်းနေပေသည်။ 

"နိုးလာပြီလား..." 

ကျွမ်းချင် လှည့်ကြည့်လိုက်ရာ ဖူလီက သူ့အိပ်ယာဘေးတွင် ထိုင်နေသည်ကို တွေ့လိုက်သည်။ သူ့အပြုံးမျက်လုံးများက အလွန်ပင် ကြည့်ကောင်းပေသည်။ 

"ငါဘယ်လောက်ကြာကြာ အိပ်လိုက်တာလဲ..."

ကျွမ်းချင်က အိပ်ယာပေါ်တွင် ထထိုင်လိုက်သည်။ ခွန်အားက သူ့ခန္ဓာကိုယ်တစ်လျှောက်တွင် လည်ပတ်နေပုံရပြီး သူ့ကျင့်ကြံခြင်းသည်လည်း သိသိသာသာ တိုးလာပေသည်။ 

"သိပ်မကြာပါဘူး... တစ်ညတည်းပဲ..."
ဖူလီက ကျောက်စိမ်းပုလင်းတစ်ခုကို ထုတ်လိုက်သည်။ 

"အာ... ပါးစပ်ဟလိုက်..."

သူက ကလေးတစ်ယောက်ကို ချော့နေတာလား... 
ကျွမ်းချင်က ဖူလီကို နှစ်စက္ကန့်မျှ စိုက်ကြည့်လိုက်ပြီး လက်နက်ချသည့်အနေဖြင့် ပါးစပ်ဖွင့်ပေးလိုက်သည်။ 

ဆေးတောင့်က သူ့ပါးစပ်ထဲသို့ ဝင်ဝင်ချင်းမှာပင် အရည်ပျော်သွားပြီး ဝိညာဥ်ချီဓာတ် ပေါက်ကွဲမှုတစ်ခုကို သူ့ကိုယ်လက်များနှင့် သွေးကြောများတစ်လျှောက်တွင် ခံစားလိုက်ရသည်။ သူ့၏ ချွေးပေါက်တိုင်းက အထူးသက်တောင့်သက်သာဖြစ်နေသည်ကို ခံစားလိုက်ရသည်။

"အဲ့ဒါက ဘာလဲ..."

"ငါ အစ်မကျူးယွဲ့ဆီက ရခဲ့တဲ့ ပစ္စည်းကောင်းလေးလေ..."

ဖူလီက ကျွမ်းချင်အတွက် သူ့၏ ချမ့်ခွန်းအိတ်ထဲမှ အဝတ်တစ်စုံကို ထုတ်လိုက်သည်။ 

"ရောင်ပြန်မြူတောင် တစ်ခုလုံးမှာ အစ်မကျူးယွဲ့က ဆေးဖော်တာ အတော်ဆုံးပဲ... သူ့ဆီက ယူထားတဲ့ ဆေးတိုင်းက ကောင်းတယ်..."

"မင်းလည်း ဆေးဘယ်လို ဖော်ရမလဲ သိတယ်မလား..."

ကျွမ်းချင်က ဖူလီလက်ထဲမှ အဝတ်များကို ထိလိုက်ရာ ၄င်းတို့က သူ့ခန္ဓာကိုယ်ပေါ်တွင် အလိုလို ပေါ်လာပေသည်။ 

"ငါက အဲ့တုန်းက လျှောက်ပျင်းနေပြီးတော့ အဲ့ဒါတွေ သင်ဖို့ စိတ်မရှည်ခဲ့ဘူး... ငါက ဆေးဖော်တဲ့ မီးဖိုရှေ့မှာ ငြိမ်ငြိမ်ထိုင်မနေနိုင်ဘူးလေ... အဲ့တော့ ဆေးဖော်တဲ့ အဆင့်ဆင့်ကို သိပေမဲ့ ဆေးဖော်တာနဲ့ ပတ်သတ်ပြီး အတွေ့အကြုံသိပ်မရှိဘူး..."

ဖူလီက ကျွမ်းချင်၏ အဝတ်အစားများကို တစ်ချက်ကြည့်လိုက်သည်။ သူက သူ့၏ အမြင်ကို အလွန်ကျေနပ်ပေသည်။
ထင်ထားအတိုင်းပဲ နဂါးလေးကျွမ်းက ဒီဝတ်စုံနဲ့ ကြည့်ကောင်းတယ်…

ကျူးယွဲ့၏ သံသယဖြစ်ဖွယ် သရုပ်မှန်နှင့် သူမ၏ ခံ့ညားလှသော စွမ်းအားများကို ပြန်တွေးမိရာ ကျွမ်းချင်က ဖူလီ ငယ်စဉ်က ရှိခဲ့သည့် အနားယူချိန်များကို စိတ်ကူးကြည့်၍ ရနိုင်ပေသည်။ သူလိုသမျှသည် စကားတစ်ခွန်းနှင့် လက်ထဲရောက်ကာ သူက အနည်းငယ် မပျော်မရွှင် ဖြစ်လျှင်ပင် သူ့အားချော့မော့ပေးမည့် မိစ္ဆာတစ်အုပ် ရှိနေပေသည်။ 

သူက မိစ္ဆာလောက၏ မင်းသားငယ်လေး ဖြစ်ခဲ့ပေသည်။

"သီအိုရီမှာ ကျွမ်းကျင်ပြီးတော့ လက်တွေ့မှာတော့ သင်ယူသူပဲရှိသေးတာပေါ့..."
ကျွမ်းချင်က မျက်ခုံးပင့်လိုက်သည်။

"အဲ့လိုလဲ မဟုတ်ဘူး... ငါက နည်းနည်းပိုပြီးအဆော့မက်တာပါ... အဲ့ဒါပါပဲ..."

ဖူလီက သူ့လက်များကို သုံးကာ အကွာအဝေးအနည်းငယ်ကို ပြလိုက်ပြီး စီနီဟာတစ်ယောက်အနေဖြင့် သူ့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် ကြိုးစားလိုက်သည်။ 

ကျွမ်းချင်က ပြန်ပြောမည့်အချိန်တွင် အပြင်မှ ခြေသံများကို ကြားလိုက်ပေသည်။ သူ့မျက်နှာထက်မှာ အပြုံးက ပျောက်ကွယ်သွားပြီး သူက တံခါးရှိရာသို့ လှမ်းကြည့်လိုက်သည်။

"နိုးနေပြီလား..."

ကျူးယွဲ့က တံခါးကို တွန်းဖွင့်ကာ ဝင်လာလေသည်။ ကျွမ်းချင်ဝတ်ထားသော အဝတ်များကို မြင်ရာ သူမက ပြုံးလိုက်လေသည်။ 

"ဖူလေးက ဒီမနက် ပင်လယ်ကနေ အလောတကြီး ထွက်သွားတာ အံ့ဩစရာမရှိတော့ပါဘူး... သူက မင်းအတွက် အဝတ်အစားတွေ သွားဝယ်ပေးတာကို..."

"ကျွန်တော့်ကို ကယ်ပေးတာ ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ..."

ကျွမ်းချင်က ရှေ့သို့တိုးကာ ကျူးယွဲ့ကို လေးလေးစားစား အရိုအသေပေးလိုက်သည်။ 

 "အထူးတလည် လုပ်နေစရာ မလိုပါဘူး..."

ကျူးယွဲ့က အရိုအသေပေးခြင်းကို ရှောင်လိုက်ပြီး သူ့ကို ထူပေးရန် လက်တစ်ဖက် ဆန့်ထုတ်လိုက်သည်။

"ရှောင်လီက ငါပျိုးထောင်ခဲ့တဲ့ ကလေး... မင်းက သူ့ကိုကယ်ဖို့အတွက် ဒီလောက်ထိ ဒဏ်ရာရတာ... ကျေးဇူးတင်ရမယ်ဆိုရင် ငါကတောင် ကျေးဇူးတင်ရဦးမှာ..."

"စီနီယာက နားလည်မှု လွဲနေပါပြီ..."

ကျွမ်းချင်က ခြေတစ်လှမ်းဆုတ်ကာ သူ့လက်ကို ရှေ့တွင်ထားပြီး အပြည့်အဝ အရိုအသေပေးလိုက်သည်။ သူက ဤအရိုအသေပေးမှုကို ပြီးမြောက်အောင် ပြုလုပ်မည် ဖြစ်သည်။ 

"အဲ့ဒါက လုပ်ဖော်ကိုင်ဖက် တစ်ယောက်နဲ့ ခက်ခဲမှုတွေ စမ်းသပ်မှုတွေကို ကျော်ဖြတ်လိုတဲ့ ကျွန်တော့်ရဲ့ ဆန္ဒပါ... အဲ့ဒါကို ကျွန်တော်ကိုယ်တိုင်ကြောင့် လုပ်ခဲ့တာမို့ ဘယ်သူကမှ ကျေးဇူးတင်စရာမလိုပါဘူး... စီနီယာက ကျွန်တော့်ကို ကယ်တင်ပြီးတော့ ဖျားနာမှုအဟောင်းတွေကိုပါ ကုသပေးခဲ့တာက ကျွန်တော် ကျေးဇူးတင်ရမယ့် ကိစ္စပါပဲ..."

ကျူးယွဲ့က ကျွမ်းချင်၏ ဆိုလိုရင်းကို နားမလည်ခင်တွင် အတန်ကြာအောင် ကြောင်ငေးကြည့်နေပေသည်။ 

သူက ဖူလီကို သူ့ဆန္ဒအရကယ်ခဲ့လို့ သူ့ကို ကျေးဇူးတင်တာက သူ့ရဲ့ကြင်နာတဲ့ ရည်ရွယ်ချက်ကို စော်ကားနည်းတစ်မျိုးပဲပေါ့... ဒါပေမဲ့ သူမက သူ့ကို ကယ်တင်ပြီး ကောင်းတာပြန်လုပ်ပေးခဲ့တယ်... အဲ့ဒါကြောင့် သူက သူမကို ကျေးဇူးတင်ရမယ်...

ထိုသဘောပေါက်ခြင်းက ကျူးယွဲ့ကို ဒေါသမထွက်စေပဲ ကြည်နူးသွားစေသည်။ သူမက ဖူလီ သူငယ်ချင်းကောင်းတစ်ယောက်ရခဲ့သည်ကို အလွန်ဝမ်းသာပေသည်။ 

"ငါ့စိတ်ထဲမှာတော့ ရှောင်လီက ငါ့ကလေးပဲ... မင်းနဲ့ ရှောင်လီက သူငယ်ချင်းကောင်းတွေဆိုမှတော့ မင်းကလည်း ငါ့အတွက် သားတစ်ယောက်လိုပါပဲ... သားတစ်ယောက်ကို ကယ်တယ်ဆိုတာ မှန်ကန်ပြီး သင့်တော်တာပဲ... ဘာကျေးဇူးတင်စရာ လိုလဲ..."

ကျူးယွဲ့၏ မျက်နှာထက်မှ အပြုံးက ပို၍ပင် ညင်သာလာသည်။ 

"ဟုတ်တယ်မလား..."

"အစ်မကျူးယွဲ့..."

"ဖူလီလေး... ငါ့ကို့ အန်တီလို့ ခေါ်ရမယ်လို့ ငါအကြိမ်ကြိမ်ပြောပြီးပြီနော်..."

"မခေါ်ပါဘူး... ဘုရင်ကန်းလေ့က မိန်းမလှလေးတွေကို အစ်မလို့ခေါ်သင့်တယ် အန်တီလို့မခေါ်သင့်ဘူးလို့ပြောတယ်..."

ဖူလီက သူ့ခေါင်းကို ခါယမ်းလိုက်သည်။ 
"ဘုရင်က တောင်ရဲ့ သခင်ပဲ... အဲ့တော့ ကျွန်တော်တို့က သူ့စကားကို နားထောင်ရမယ်..."

အဲ့ဝက်ငတုံးက ကောင်းတာကို ဘယ်လိုသင်ပေးရမလဲ မသိဘူး...

ကျူးယွဲ့က စိတ်ထဲမှ ဆဲဆိုလိုက်သည်။ သူမခေါင်းကို မော့ကာ ဖူလီကို ပြုံးပြလိုက်သည်။ 
"မင်းက မိန်းကလေးတွေကို ဘယ့်လိုချော့ရမလဲ သိတော့ အခုဆို မင်းကြိုက်တဲ့ မိန်းကလေးမိစ္ဆာရှာလို့ရပြီပေါ့..."

ကျွမ်းချင်က ဖူလီကို စူးစိုက်ကြည့်နေသည်။ ဖူလီက တိတ်ဆိတ်နေပေသည်။ 

ဖူလီက ကြောင်အစွာ ခေါင်းခါလိုက်သည်။ 
"ကျွန်တော်က ဘာလို့ ကြိုက်တဲ့ မိန်းကလေးမိစ္ဆာရှာရမှာလဲ..."

"အာ..."
ကျူးယွဲ့က ခေါင်းခါလိုက်သည်။
"အဲ့ဒါတွေ အကုန်လုံးကို နားလည်ဖို့ ငယ်ပါသေးတယ်... မင်း ကြီးလာရင် နားလည်သွားလိမ့်မယ်..."

"အန်တီကျူးယွဲ့... ကျွန်တော်က လူသားကမ္ဘာမှာ အိမ်တစ်ခုရှိတယ်... အန်တီနဲ့ ဖူလီတို့က မတွေ့ရတာလဲ ကြာပြီဆိုတော့ ကျွန်တော်အိမ်ကိုအရင်သွားပြီး အတိတ်က အကြောင်းတွေ ပြောကြရင်ရော..."

ကျွမ်းချင်က မိန်းကလေးမိစ္ဆာကို ရှာဖွေရန်ကိစ္စအား ဆက်ပြောခွင့်မပြုတော့ပဲ ကျူးယွဲ့ကို သူ့အိမ်သို့ ဧည့်သည်တစ်ယောက်အနေနှင့် ဖိတ်လိုက်ပေသည်။ 

သူ့၏ စိတ်အားထက်သန်မှုနှင့် ဖော်ရွေပျူငှာမှုတို့က သူ့၏ သာမန်သီးခြားဆန်မှုနှင့် မလိုက်ဖက်ပါပေ။