Chapter 108
နဂါးလေးကျွမ်းက သာမန်အားဖြင့် မည်မျှပင်အနေခက်ပြီး အေးစက်သော်လည်း စီနီယာများကို လေးစားတတ်သည့် တော်သောကလေးတစ်ယောက်ဖြစ်သည်ဟု ဖူလီက တွေးတောလိုက်သည်။
"မလိုပါဘူး..."
ကျူးယွဲ့က ပြုံးလိုက်သည်။
"ငါ လုပ်စရာ ကိစ္စလေးတွေ ရှိသေးတယ်... အဲ့ဒါကြောင့် ငါ လူသားကမ္ဘာကို သွားလို့မရဘူး..."
"အစ်မကျူးယွဲ့..."
ဖူလီက အနည်းငယ် စိုးရိမ်သွားပြီး စိတ်ရှုပ်ထွေးသွားလေသည်။
"အစ်မက ဘာလို့ ကျွန်တော်နဲ့ အတူမနေချင်တာလဲ..."
သူတို့ လွန်ခဲ့တဲ့ နှစ်၂၀၀၀က နေခဲ့လိုမျိုးလေ... အဲ့ဒါက မကောင်းဘူးလား...
"ငါ လုပ်စရာကိစ္စလေးတွေ ရှိနေသေးလို့ပါ... ငါအားတာနဲ့ နင့်ကို လာရှာမယ်နော်..."
ကျူးယွဲ့က ဖူလီကို အဝတ်အစားများ သပ်ရပ်အောင် ပြင်ပေးလိုက်သည်။
"မင်းက ဒီလောက်တောင် ကြီးနေပြီကို... အန်တီက တစ်ချိန်လုံး မင်းဘေးမှာ နေပေးဖို့ လိုတယ်လို့မပြောနဲ့နော်... မင်းသူငယ်ချင်းက မင်းကို ရယ်မှာ မစိုးရိမ်ဘူးလား..."
"နဂါးလေးကျွမ်းက အဲ့လောက် မမိုက်မဲပါဘူး..."
ဖူလီက မသိစိတ်ဖြင့် 'သူငယ်ချင်းများ'ဆိုသည်မှ 'ကျွမ်းချင်'ဟု ပြောင်းလဲလိုက်သည်။
"အစ်မကျူးယွဲ့... ကျွန်တော်တို့နဲ့ သွားရအောင်... အတူသွားရအောင်ပါ..."
"မင်းက အသက်၄၂၀၀တောင်ကျော်နေပြီကို ဘာလို ကလေးလိုမျိုး လုပ်နေသေးတာလဲ..."
ကျူးယွဲ့က ပြုံးကာ ဖူလီ၏ခေါင်းကို ပွတ်ပေးလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်၄၂၀၀တုန်းက ဝက်ငတုံးနဲ့ မျောက်ဝံဖြူကြီးမင်းကို ခေါ်လာတဲ့ အချိန်ကို ငါမှတ်မိသေးတယ်... ငါက လက်တွေဆန့်ပြီး မင်းကို ချီချင်ခဲ့တာ... နောက်ဆုံးကျတော့ မင်းက ကောင်းကင်က ပုံစံအမျိုးမျိုးပြောင်းပြီး နေ့အလင်းရောင် ကုန်သွားတဲ့အထိ ငိုနေခဲ့တာလေ... မျက်တောင်တစ်ခတ်အတွင်းမှာကို မင်းက ဒီလောက်ထိ ကြီးလာပြီး သူငယ်ချင်းကောင်းလဲ ရှိနေပြီ..."
ဖူလီခေါင်းပေါ်မှ လက်က အားသိပ်မပါပါပေ။ ၄င်းက ဖူလီအပေါ်ထားသော သူမ၏ အချစ်ကဲ့သို့ ညင်သာပြီး နွေးထွေးပေသည်။
"ကောင်းကောင်းနေ... အန်တီက အလုပ်ကိစ္စပြီးအောင်လုပ်ပြီး မင်းကို လာရှာတာစောင့်နေ..."
ဖူလီက မပျော်ပုံရသည်ကို မြင်ကာ ကျူးယွဲ့က သူမ၏ ချမ့်ခွန်းအိတ်ထဲမှ ပစ္စည်းများစွာကို ထုတ်ပြီး ဖူလီ၏ ချမ့်ခွန်းအိတ်ထဲသို့ လောင်းထည့်ပေးလိုက်သည်။
"ကိစ္စတစ်ခုခုရှိရင် အသံကူးပြောင်းတာကို သုံးပြီး အန်တီကို့ ဆက်သွယ်လိုက်... ဒဏ်ရာမရစေနဲ့... ဒီမုန့်တွေယူပြီး စားလိုက်... ကုန်သွားရင် အန်တီမှာ ရှိသေးတယ်..."
"အစ်မကျူးယွဲ့... ကျွန်တော်က ကလေးမဟုတ်တော့ပါဘူးနော်..."
ဖူလီက သူ့၏ ချမ့်ခွန်းအိတ်ထဲရှိ စိတ်ဝိညာဉ် သစ်သီးများကို ထိကာ သူငယ်စဥ်က သူတို့က တောင်မှ ထွက်သွားပြီးသူ့ကို မခေါ်နိုင်သည့်အချိန်များတွင် တောင်၏ အကြီးအကဲများက သူ့ဆီသို့ ပစ္စည်းများထိုးထည့်ရသည်ကို ကြိုက်သည်အား တွေးမိသွားသည်။
သူတို့က နှစ်ပေါင်းများစွာ ကုန်သွားသည့်တိုင် ထိုကဲ့သို့ ပြုလုပ်နေမည်ဟု မထင်ထားပါပေ။
"မင်းက ကလေးငယ်လေး မဟုတ်တော့ရင် မိဘတွေ မရှိတဲ့အချိန်မှာ ဘယ်လို တစ်ယောက်တည်း ရပ်တည်ရမလဲဆိုတာ သင်ယူရမယ်..."
ကျူးယွဲ့က ဖူလီ၏ နဖူးကို ပွတ်လိုက်သည်။
"စိတ်မပူပါနဲ့... မင်းငါ့ကို လိုနေသရွေ့ ငါ့ကို သေချာပေါက် ရှာနိုင်မှာပါ..."
သူတို့က နှစ်၂၀၀၀ကြာအောင် ခွဲခွာခဲ့ရသည်။ ဖူလီက ဤကိစ္စကို ရည်ရွယ်ချက်ရှိရှိ အရေးမပါသလို ပြုမူသော်လည်း ကျူးယွဲ့က ဖူလီ သူမကို မခွဲလိုကြောင်း ကောင်းကောင်းသိပေသည်။
သူမ တတ်နိုင်ပါက ဤကလေးကို ထာဝရ ပြုစုပျိုးထောင်ပြီး အလိုလိုက်ကာ ယခင်ကကဲ့သို့ ကာကွယ်ပေးလိုပေသည်။
သို့သော် သူမ မလုပ်နိုင်ပါပေ။
ထိုနှစ်က သူတို့သည် ကောင်းကင်ဘုံ ဆန္ဒအနည်းငယ်ကို အားစိုက်ကြည့်မိကာ ခက်ခက်ခဲခဲ ရှင်သန်ခဲ့ရသည်။ သူတို့က အချိန်အကြာကြီး နေထိုင်ကာ ဖူလီကို အနည်းငယ်ထပ်ကာ အဖော်ပြုပေးလိုပေသည်။
ဖူလီက သူမစိတ်ပိုင်းဖြတ်ပြီးသည်နှင့် အစ်မရစ်ငှက်၏ စိတ်ကို မည်သူမှ မပြောင်းနိုင်သည်ကို သိပေသည်။ သူက အားတင်းကာ ပြုံးပြလိုက်ပြီး သူက ခွန်းဖမ်နှင့် ကုန်းဖုအတွက် ပြင်ထားသော မုန့်များစွာကို ချမ့်ခွန်းအိတ်ထဲမှ ထုတ်လိုက်ကာ ကျူးယွဲ့၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
"ဒါက လူသားကမ္ဘာက မုန့်တွေ... အဲ့ထဲက တစ်ချို့က အရသာအရမ်းကောင်းတယ်... သူတို့က ဝိညာဉ်ချီဓာတ်မပါဝင်ပေမဲ့ အဲ့ဒါတွေကို စားပြီး အချိန်ကုန်အောင်လုပ်တာက မဆိုးဘူး..."
ဖူလီက ကျူးယွဲ့နားသို့ တီးတိုး ကပ်ပြောလိုက်သည်။
"အဲ့ထဲမှာ ကျူးယွီသစ်သီး နှစ်အိတ်လဲပါတယ်... အရင်တုန်းက အဲ့ဒါတွေကို ဖုန်းဟွမ်ပဲ စားလို့ရတာ... ယူပြီး စားလိုက်... ပြန်ရောက်ရင် ထပ်ပြီး ခူးပေးမယ်..."
ဖုန်းဟွမ်များမှာ ငှက်များဖြစ်ပြီး အစ်မရစ်ငှက်သည်လည်း ငှက်ဖြစ်ပေသည်။ ဖုန်းဟွမ်ကြိုက်သော အရာများက သေချာပေါက် ရစ်ငှက်တစ်ကောင်အကြိုက်ဖြစ်ပေမည်။ သူက အစ်မရစ်ငှက်နှင့် ပြန်ဆုံစည်းရမည်ကို စောစောသိထားပါက နည်းနည်းပိုခူးလာမည် ဖြစ်ပေသည်။
"ကျူးယွီသစ်သီး..."
ကျူးယွဲ့၏ မျက်နှာထက်မှ အပြုံးက အေးခဲသွားပြီး အလျင်အမြန်ပင် သာမန် ပြန်ဖြစ်သွားသည်။
"အဲ့ဒါက ပစ္စည်းကောင်းပဲ..."
ဖူလီဘေးတွင် ရပ်နေသော ကျွမ်းချင်က ကျူးယွဲ့ကို အကြိမ်အနည်းငယ် လှမ်းကြည့်လိုက်သည်။ ကျူးယွဲ့က ခေါင်းမော့ကာ သူ့၏ လှပသော မျက်လုံးများနှင့် အကြည့်ချင်းဆုံလိုက်သည်။
ကျွမ်းချင်က ကျူးယဲ့ကို ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။ ထိုအခိုက်တွင် သူ့၏ ချောမောသောသွင်ပြင်က ကြည့်ကောင်းသည်ထက်ပင် သာလွန်သည်မှာ နှင်းများက မှေးမှိန်သွားပြီး နွေဦးရောက်လာသကဲ့သို့ပင်။
ဒီကလေးက တကယ်ကို ချောတာပဲ...
ကျူးယွဲ့က အကြည့်လွှဲကာ ဖူလီကို ဆိုလိုက်သည်။
"ငါမီးဖိုကို ရှင်းပေးထားတယ်... မင်းနဲ့ မင်းသူငယ်ချင်းနဲ့က အထုပ်တွေ သိမ်းပြီးရင် ပြန်လို့ရပြီ..."
ဖူလီ၏ နှုတ်ခမ်းထောင့်များက လှုပ်ရှားသွားသော်လည်း သူက ဆန့်ကျင်သည့်စကား မဆိုပါချေ။
ရွှေနဂါးနန်းတော်၏ စားသောက်ခန်းက အလွန်သန့်ရှင်းပြီး စင်ပေါ်တွင် ပါဝင်ပစ္စည်းတစ်ချို့ကို စီထားပေသည်။ ထောင့်တစ်နေရာတွင် ကျောက်စိမ်းပန်းကန်လုံးအကွဲများ ရှိနေပေသည်။ နှစ်၂၀၀၀ကုန်ဆုံးသွားသော်လည်း မည်သူကမှ ၄င်းကို မရှင်းပါပေ။ ကျူးယွဲ့၏ လက်တစ်ချက်ခါလိုက်ရာ ကွဲကြေနေသော ကျောက်စိမ်းပန်းကန်အပိုင်းအစများက အမှိုက်ပုံးထဲသို့ ရောက်သွားလေသည်။
ကျူးယွဲ့က စားသောက်ခန်းထဲတွင် တစ်ချက်လှည့်ကြည့်လိုက်ရာ ထူးဆန်းသော အစက်များစွာကို တွေ့လိုက်သည်။ ရွှေနဂါးနန်းတော်၏ပုံစံအရ ၄င်းက တဖြည်းဖြည်းနှင့် အားပျော့လာဟန် မရပေ။ ထို့ထက် ဤနေရာတွင် ကျက်စားနေသော နဂါးများက ရုတ်တရက် အပျက်အစီး အကြီးအကျယ်ဖြစ်ပွားသွားဟန် ရပေသည်။ ထို့ကြောင့်ပင် နန်းတော်တစ်ခုလုံးက အတောက်ပဆုံးသော အနေအထားဖြင့် ကျန်ရစ်နေပေသည်။
"အန်တီကျူးယွဲ့..."
ကျွမ်းချင်က တံခါးတွင် ရပ်ကာ သူ့မျက်နှာ အမူအရာက တည်ငြိမ်နေပြီး ကျူးယွဲ့ကို ကြည့်လိုက်သည်။
"ဒီနန်းတော်ကို စိတ်ကျေနပ်ရဲ့လား..."
"မင်းရဲ့ ဒဏ်ရာတွေက မကျက်သေးဘူး... ဘာလို့ ဒီကိုလာတာလဲ..."
ကျူးယွဲ့က အပြုံးတစ်ခုကို ဆင်မြန်းကာ ကျွမ်းချင်ကို ကြည့်လိုက်သည်။
"ဒီနေရာက ရွှေနဂါးမျိုးနွယ်တွေ နေတဲ့နေရာဖြစ်ထိုက်ပါတယ်... အဲ့ဒါက တကယ်ကို လှတာပဲ..."
"အန်တီ စိတ်မရှိရင် ဒီမှာ ခဏနေပါလား..."
ကျွမ်းချင်က ကျူးယွဲ့၏ အမူအရာကို ကြည့်ရှုလိုက်သည်။
"အဲ့ဒါကို အန်တီ ဘယ်လိုထင်လဲ..."
"အကြီးအကဲတစ်ယောက်အနေနဲ့ မင်းတို့ဂျူနီယာတွေပေါ်ကနေ ငါအမြတ်မထုတ်ပါဘူး... ငါ မင်းတို့ ကြင်နာမှုကို အလေးထားပါတယ်..."
ကျူးယွဲ့က သူမ မီးဖိုချောင်ထဲတွင် ထားထားသော ဆေးပစ္စည်းများကို သိမ်းလိုက်သည်။
"အဲ့လိုဆိုရင် အကြီးအကဲတစ်ယောက်အနေနဲ့ ဖူလီကို ဘာလို့ လိမ်ခဲ့တာလဲ..."
ကျူးယွဲ့က ကျွမ်းချင်ကို ကြည့်ကာ အလွန်အံ့ဩသွားလေသည်။ ထိုသူ၏ အမူအရာမဲ့ မျက်နှာဖြင့် ရင်ဆိုင်ရသောအခါ သူမက ပျောက်ကွယ်သွားပြီး ဖြစ်သော မင်္ဂလာသားရဲဖြစ်သည့် နဂါးပြာကို ပြန်တွေးမိသွားသည်။ ထိုအချိန်က နဂါးပြာသည် အရှေ့ပိုင်းကို စောင့်ကြည့်ကာ လူများစွာ၏ ကိုးကွယ်ခြင်းကို ခံခဲ့ရသည်။ ထိုသူများက နဂါးပြာနှင့် ဆင်တူသော ရုပ်ထုများကို မကြာခဏ ပြုလုပ်ကာ နဂါးပြာကို နှစ်တိုင်း လာဘ်ပစ္စည်းများ ပေးအပ်ကြပေသည်။
နောက်ပိုင်းတွင် နဂါးပြာက လူသားကမ္ဘာတွင် ပေါ်လာသည့် အကြိမ်က နည်းလာသည်ဖြစ်ရာ တဖြည်းဖြည်းနှင့် လူသားများ၏ မေ့လျော့ခြင်းကို ခံရပြီး မိုးပြာနဂါး၊ ကျားဖြူ၊ လိပ်နက်နှင့် ဟင်္သာပြဒါးငှက်တို့က လောကကြီး၏ အရပ်လေးမျက်နှာတွင် စောင့်ကြပ်နေသော နတ်ဘုရားသားရဲများ ဖြစ်လာကြသည်။ 'နဂါးပြာ'ဟူသောအဆိုသည်လည်း လူသားများ၏ မေ့လျော့ခြင်းကို ခံရကာ မိုးပြာနဂါးနန်းတော်တွင် နေထိုင်နေကြသော နဂါးအချို့က သူတို့ကိုယ်သူတို့ နတ်ဘုရားသားရဲ မိုးပြာနဂါး၏ မျိုးဆက်သစ်များဟု ခေါ်လာရဲသည်အထိပင်။
"မင်းက ဘာကို ဆိုလိုတာလဲ..."
ကျူးယွဲ့၏ မျက်နှာထက်မှ အပြုံးက ပျောက်ကွယ်သွားလေသည်။ သူမ၏ ရှည်လျားကာ ချွန်ထက်သော မျက်ခုံးများက ကြုံ့ဝင်သွားလေသည်။
"ဖူလီရဲ့ နှလုံးသားထဲမှာ အန်တီတို့အားလုံးက အလေးစားရဆုံးနဲ့ အရင်းနှီးဆုံး အကြီးအကဲတွေပဲ... သူက အန်တီပြောသမျှကို ယုံမှာ..."
ကျွမ်းချင်က တံခါးဆီမှ လျှောက်လာပြီး ကျူးယွဲနှင့် ခြေငါးလှမ်းအကွာသို့ လျှောက်လာလေသည်။
"ဒါပေမဲ့ သူ့ကို တကယ်မလိမ်ခဲ့ဘူးလား…"
ကျူးယွဲ့က ဤရွှေနဂါးမှာ စိတ်လိုက်မာန်ပါလုပ်တတ်သော ပုံစံမဟုတ်သည်ကို ပြောနိုင်ပေသည်။ ထိုသူ၏ အကျင့်စရိုက်နှင့် သူမက သူ့အား အသက်ကယ်ဖူးသည့် ကျေးဇူးတို့ကြောင့် သူက စားသောက်ခန်းဆီသို့ ပြေးလာကာ သူမကို မေးခွန်းထုတ်မနေသင့်ပါပေ။ ထိုသူ၏ စူးရှသောအကြည့်က ကျူးယွဲ့ကို အနည်းငယ် စိတ်မအေးဖြစ်စေသည်။ သူမက အကြည့်လွှဲလိုက်သည်။
"မင်းက ငယ်ပါသေးတယ်... တစ်ချို့ကိစ္စတွေက သိထားတာထက် မသိတာက ပိုကောင်းတယ်..."
"ဖူလီက ကလေးတစ်ယောက် မဟုတ်တော့ဘူး... သူက အမှန်ကို သိဖို့ ရွေးချယ်ပိုင်ခွင့်ရှိတယ်..."
ကျွမ်းချင်က ဖူလီ လူသားလောကနှင့် စတင်ဆက်ဆံသည့် အချိန်က သူ့၏ တုံးအသော သဘာဝကို တွေးမိကာ မည်သည့်အကြောင်းပြချက်နှင့်မဆို သူ့အတွက် မှားယွင်းသည်ဟု ခံစားရပေသည်။
"အန်တီတို့က သူ့ကို အသန့်စင်ဆုံး သက်ရှိ ပတ်ဝန်းကျင်တွေ ပေးထားတယ်... ဒါပေမဲ့ ဘာကြိုတင်သတိပေးချက်မှ မရှိပဲ သူ့ကို အန်တီတို့နဲ့ ခွဲနေစေတယ်... သူက နှစ်၂၀၀၀ကြာအောင် ဂူထဲမှာ ပုန်းမနေပဲနဲ့ ရက်စက်တဲ့ လူတစ်ယောက်နဲ့ ကြုံရရင် ဘာဖြစ်သွားမလဲလို့ တွေးကြည့်ဖူးလား..."
သူက ရှားပါးလှသော ရတနာများနှင့် သန့်စင်သည့် စိတ်ထားကို ပိုင်ဆိုင်ထားပေသည်။ သူ့ရတနာများကို လိမ်လည်ခံရလျှင် မဆိုးသော်လည်း သူက လမ်းမှားလိုက်မိပါက ကောင်းကင်ဘုံစည်းမျဉ်း၏ ထုတ်ပယ်ခြင်းကို ခံရမည်ဖြစ်သည်။
ဤဖြစ်နိုင်ချေကို တွေးမိရာ ကျွမ်းချင်က သူ့နှလုံးသားထဲမှ ဒေါသကို မထိန်းချုပ်နိုင်တော့ပါပေ။ သူက အေးစက်စွာ ရယ်မောလိုက်သည်။
"စီနီယာမှာက နက်နဲတဲ့ ကျင့်ကြံခြင်း ရှိတာပဲ... ကျွန်တော်က စီနီယာရဲ့ ပုံစံအစစ်ကို မမှန်းဆရဲပါဘူး... စီနီယာက တကယ်ပဲ ရစ်ငှက်တစ်ကောင် ဟုတ်လို့လား..."
ကျူးယွဲ့က မချမ်းမြေ့ဟန်ဖြင့် ပြန်ဖြေလိုက်သည်။
"ဂျူနီယာလေး... မင်း စည်းကျော်နေပြီ..."
ကြီးမားလှသော ဖိအားက ကျွမ်းချင်၏ နဖူးထက်တွင် ချွေးစေးများ ကျလာစေသည်။ သူက ဧရာမတောင်ကြီးတစ်ခုက သူ့ပေါ်သို့ ဖိချနေသကဲ့သို့ပင်ဒူးထောက်ကျလုဆဲဆဲဖြစ်သွားသည်။
"ကလေးတွေက လူကြီးတွေ ကိစ္စကို အများကြီးသိနေတာ မကောင်းဘူး..."
ကျူးယွဲ့က ပြုံးလိုက်သည်။
"မင်းက ပါးနပ်ပြီး သစ္စာရှိတာပဲ... ရှောင်လီမှာ မင်းလို သူငယ်ချင်းကောင်းတစ်ယောက် ရှိနေတာ ငါပျော်ပါတယ်... ဒါပေမဲ့ အပြင်လူတွေက ငါတို့မိသားစုကိစ္စမှာ ဝင်ပါစရာမလိုဘူး..."
သူမက သက်ပြင်းချလိုက်သည်။ သူ့၏ မျက်နှာသည် ဖြူဖျော့နေသော်လည်း နောက်သို့ တစ်လှမ်းမှ မဆုတ်သည့်အပြင် ကြောက်ရွံ့ဟန်ပင် တစ်စက်မှ မပြသည့် ဂျူနီယာကို ကြည့်ကာ သူ့အပေါ်တွင် သူမ၏ အမြင်က မြင့်တက်လာပေသည်။
သူက အခုလိုကိစ္စကို လွန်ခဲ့တဲ့ နှစ်များစွာက ပြုလုပ်ခဲ့ရင် ယောင်ကျင့်ကြံသူ ဘယ်လောက်များများက ဒူးထောက်ပြီး သူ့ကို ဘုရင်လို့ခေါ်မလဲဆိုတာ ဘယ်သူသိမှာလဲ...
"ငါတို့သူ့ကို အမှန်တရားကို သိခွင့်မပြုဘူးဆိုတာ သူ့အတွက်ပါ..."
ကျူးယွဲ့က ဖိအားကို လက်လွတ်လိုက်ပြီး လက်နောက်ပစ်လိုက်သည်။
"ရှောင်လီက ကောင်းကောင်းနေနေတာ မြင်ပြီးတော့ ငါအခု စိတ်ချသွားပါပြီ..."
"ဒဏ္ဍာရီတွေမှာ ပြောကြတာက ကမ္ဘာကြီးရဲ့ အရပ်မျက်နှာတစ်ခုရဲ့ ကာကွယ်သူ ဟင်္သာပြဒါးငှက်ရဲ့ ခန္ဓာကိုယ်က ဒြပ်စင်ငါးခုရဲ့ စစ်မှန်မီးတောက်နဲ့ ဖုံးကွယ်ခြင်း ခံထားရတယ်တဲ့... သူမက လောကကြီးထဲက မကျေမချမ်းမှုတွေ အကုန်လုံးကို ပယ်ဖျက်နိုင်စွမ်းရှိပြီး လောကကြီးကို မင်္ဂလာဖြစ်ရပ်တွေ ယူဆောင်လာပေးနိုင်တယ်တဲ့..."
ကျွမ်းချင်က မေးလိုက်သည်။
"အဲ့ဒဏ္ဍာရီက အမှန်လား အမှားလားဆိုတာကို... ကျွန်တော် အန်တီ ကျူးယွဲ့ကို အရဲစွန့်ပြီး မေးပါရစေ..."
စားသောက်ခန်းက တိတ်ဆိတ်သွားလေသည်။
"အဲ့ဒါက လွန်ခဲ့တဲ့နှစ်၅၀၀၀တုန်းက မှန်ပေမဲ့ အခုမှားသွားပြီ..."
ကျူးယွဲ့က အတန်ကြာသည်အထိ တိတ်ဆိတ်သွားသည်။ သူမက ပြတင်းပေါက်အပြင်မှ ဥယျာဥ်ငယ်လေးကို လှမ်းကြည့်လိုက်သည်။
"စကြဝဠာကြီးက ဟင်္သာပြဒါးငှက်ရဲ့ အကာအကွယ်ကို မလိုတော့တာ ကြာပါပြီ... အဲ့တော့ ဒီလောကကြီးမှာလည်း ဟင်္သာပြဒါးငှက် ရှိနေဖို့ မလိုတော့ဘူး..."
"ကျွန်တော် နားလည်ပါပြီ..."
ကျွမ်းချင်က နောက်တစ်လှမ်းဆုတ်ကာ ကျူးယွဲ့ကို အလေးအနက် အရိုအသေပေးလိုက်သည်။
"နှုတ်ဆက်ပါတယ်..."
သူ စားသောက်ခန်း ပြင်ပရောက်သည်အထိ နောက်ပြန် ဆုတ်လိုက်ပြီးမှသာ နောက်လှည့်ကာ ထွက်သွားလေသည်။
ကျူးယွဲ့က တံခါးဘေးတွင် ရပ်နေပြီး ခြံထဲသို့ ထွက်သွားသော မိစ္ဆာငယ်လေးကို ကြည့်လိုက်သည်။ သူမက ရုတ်တရက် ရယ်မောလိုက်သည်။
ဖူလီက ကံကောင်းလို့ ဒီကလေးနဲ့ သူငယ်ချင်း ဖြစ်ခွင့်ရတာပဲ... သူက သူမရဲ့ ပုံစံအစစ်ကို မှန်းဆမိတာ သိသာပေမဲ့ ဖူလီအပေါ် တရားမမျှတတာကို ဆန့်ကျင်ပြီး သူမဆီ ပြေးလာပြီး မေးခွန်းထုတ်ရဲတယ်... အဲ့လို ကြင်နာတတ်တဲ့ ရည်ရွယ်ချက်တွေက တွေ့ရခဲတယ်...
"လိုချင်တာ တွေ့ခဲ့ပြီလား..."
ဖူလီက ကျွမ်းချင်လက်ဗလာနှင့် ပြန်လာသည်ကိုမြင်ကာ သူက ထိုပစ္စည်းကို ချမ့်ခွန်းအိတ်ထဲသို့ ထည့်ခဲ့ပြီဟု ယူဆလိုက်သည်။ သို့ဖြစ်၍ သူကမေးလိုက်သည်။
"မင်း တခြားယူချင်တဲ့ပစ္စည်းရှိသေးလား..."
ကျွမ်းချင်က ဖူလီ၏ ပျော်ရွှင်သောအပြုံးကို ကြည့်ကာ တိတ်တဆိတ်ခေါင်းခါပြလိုက်သည်။
ချွတ်...
သေးငှက်သော ဟင်္သာပြဒါးရောင် ငှက်တစ်ကောင်က ပါးစပ်တွင် စာတစ်ခုဖြင့် ရောက်ရှိလာသည်။ ဖူလီက လက်တစ်ဖက်ဆန့်လိုက်ရာ ငှက်ကလေးက သူ့လက်ပေါ်တွင် လာနားပြီး အနီရောင် ငှက်မွေးတစ်ခုအဖြစ် ပြောင်းသွားလေသည်။ စာကိုဖွင့်ကာ ဖတ်ပြီးနောက် သူ့မျက်နှာထက်တွင် စိတ်ပျက်သွားဟန်တစ်ခုကို မြင်နိုင်ပေသည်။
"ဘာလို့လဲ..."
သူက စကားမဆိုပဲ စာနှင့် ငှက်မွေးကို တင်းတင်းဆုပ်ထားသည်ကို ကြည့်ကာ ကျွမ်းချင်က မျက်မှောင်ကြုတ်လိုက်သည်။
"ဘာမှ မဟုတ်ပါဘူး..."
ဖူလီက ခေါင်းခါလိုက်သည်။ သူက ခေါင်းလှည့်ကာ ပြန်ဖြေလိုက်သည်။
"အမကျူးယွဲ့က သူထွက်သွားပြီဆိုတာကို စာတစ်စောင်ချန်ခဲ့တယ်..."
"မင်း..."
"ငါ ဝမ်းမနည်းပါဘူး..."
ဖူလီက ကျွမ်းချင်ပြောမည့်အရာကို မှန်းဆမိပေသည်။
"ငါက မင်း အသက်ရှင်နေသေးတယ်ဆိုတဲ့ အသိနဲ့တင် တော်တော်ပျော်နေပြီ..."
"လူသားလောကမှာ စကားပုံတစ်ခုရှိတယ်... 'ကောင်းတဲ့ အတုံ့အလှည့်တစ်ခုက တစ်ခြားတစ်ယောက်အတွက် ထိုက်တန်တယ်'တဲ့..."
ဖူလီက ငှက်မွေးနှင့် စာကို သိမ်းထားလိုက်သည်။
"ငါက ပြန်ရောက်ရင် စာသေချာလုပ်ပြီး အစိုးရဝန်ထမ်းမြန်မြန်ဖြစ်လာအောင် ကြိုးစားမယ်... ငါက လူတွေကို အကျိုးပြု၊ ကောင်းမှုတွေပိုလုပ်ပြီး သူတော်ကောင်းတရားတွေ စုဆောင်းမယ်... အဲ့နည်းနဲ့ဆိုရင် ငါ တခြားအကြီးအကဲတွေကိုလည်း မြန်မြန်တွေ့ရလောက်တယ်..."