အပိုင်း ၁၀၉
Viewers 17k

Chapter 109



ကျွမ်းချင်က သူတွေးမိသည့် မည်သည့်နှစ်သိမ့်စကားကိုမှ သုံးမရဟု ခံစားရေပသည်။ သူက အတန်ကြာအောင် ကြောင်ငေးကြည့်နေပြီးမှ ခေါင်းညိတ်ပြလိုက်သည်။ 

"မင်းပြောတာ ဟုတ်တယ်... ကြိုးစား..."

"ဒါပေမဲ့ ငါတို့က စီနီယာကျူးယွဲ့ကို အန်တီလို့ခေါ်ပြီး မင်းက အစ်မလို့ခေါ်တာက တစ်ခုခုမှားနေတာမဟုတ်လား..."

ကျွမ်းချင်က ဖူလီသည် သူတို့၏ စရိတ်ကို အမြတ်ထုတ်နေသည်ဟု ခံစားရပေသည်။

"အဲ့ဒါက ဘာမှမမှားပါဘူး..."

ဖူလီက အခိုင်အမာ တုံ့ပြန်လိုက်သည်။ 
"ငါက မင်းထက် နှစ်၂၂၀၀မက ပိုကြီးတယ်... မင်းငါ့ကို ဦးလေးလို့ခေါ်လို့ရတယ်..."

ကျွမ်းချင်က အပြုံးတုတစ်ခုကို ဆင်မြန်းလိုက်သည်။

"အဲ့လိုလား..."

ကျွမ်းချင်၏ အမူအရာကိုမြင်ကာ ဖူလီက သူ့ကိုယ်သူ ပြင်ပြောလိုက်သည်။ 

"ငါတို့ရဲ့ ကောင်းမွန်တဲ့ ခင်မင်မှုကြောင့် အဲ့လို ရှေးရိုးစွဲအပြုအမူတွေကို အထူးအာရုံစိုက်နေစရာမလိုပါဘူး... တစ်ယောက်နဲ့ တစ်ယောက် ညီညီမျှမျှ ဆက်ဆံတာက အဆင်ပြေပါတယ်..."

"ဘယ်သူက မင်းနဲ့ ကောင်းမွန်တဲ့ ခင်မင်မှု ရှိတာလဲ..."

ကျွမ်းချင်၏ အကြည့်များ၏ ဖူလီ၏ သွယ်လျသော လည်ပင်းပေါ်သို့ ရောက်ရှိသွားသည်။ သူက အလျင်အမြန် အကြည့်လွှဲကာ နီရဲနေသော မျက်နှာဖြင့် ဆိုလိုက်သည်။

"မင်းက ဘယ်လောက်ကောင်းတဲ့ စကားတွေ ပြောပြော ငါက ဒီနေ့နုတ်ထားတဲ့ လုပ်အားခကို ပြန်ပေးမှာ မဟုတ်ဘူးနော်..."

"ငါက ပိုက်ဆံကို ကိုးကွယ်တဲ့ လူမျိူးမို့လား..."

ဖူလီက ကျွမ်းချင်ကို ပခုံးလှမ်းဖက်ထား၍ သူတို့က ညီအစ်ကိုကောင်းနှစ်ဦးနှင့် လုံးဝ ဆင်တူနေပေသည်။ 

"မင်းတို့ လူငယ်မိစ္ဆာတွေအားလုံးက အနေခက်တတ်တယ်ဆိုတာ ငါသိပါတယ်... အဲ့တော့ ငါလျှောက်မစတော့ဘူး... ဒါပေမဲ့ ဒီကိစ္စအတွက် ကျေးဇူးတင်ပါတယ်..."

"မင်း အများကြီး တွေးစရာမလိုပါဘူး... စီမံခန့်ခွဲရေး ဗျူရိုရဲ့ အလုပ်သမားဖြစ်နေသရွေ့ကတော့ ငါက ကောင်းကောင်း ကာကွယ်ပေးမှာပါ..."

ဖူလီ သူ့ပခုံးကို ဖက်လိုက်ရာ ကျွမ်းချင်၏ ခန္ဓာကိုယ်တစ်ခုလုံးက တောင့်တင်းသွားလေသည်။ သူက ခါးတွင် ကျောက်တုံးကြီးတစ်ခု ချည်ထားသော ဝက်ဝံတစ်ကောင်ကဲ့သို့ လမ်းလျှောက်နေပေသည်။ 

ဖူလီက သာမန်သာ ပြုံးလိုက်သော်လည်း ကျွမ်းချင်က ရုတ်တရက် အရေးမမူပဲ ခေါင်းလှည့်မိရာ ဖူလီ၏ မျက်လုံးများတွင် ကြယ်အလင်းများပါနေသည်ဟု ရုတ်တရက် ခံစားလိုက်ရပေသည်။ ထိုတောက်ပမှုက တိုးပွားလာကာ အလွန်လည်း ကြည့်ကောင်းပေသည်။ 

ထောင်ဝူက ကျူးယွဲ့၏ အဖမ်းခံရသော်လည်း သူသယ်ဆောင်လာသည့် ပင်လယ်လှိုင်းများက လင်းဟိုင်မြို့ကို သက်ရောက်ဆဲဖြစ်ပေသည်။ ပင်လယ်နှင့် နီးကပ်သော အိမ်များနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသော သက်ရှိများအားလုံးက ညလယ်တွင် သက်ဆိုင်ရာဌာနမှ သတိပေးခြင်းခံရပြီး အမြင့်ပိုင်းသို့ ထွက်ပြေးကြရသည်။ ကံကောင်းစွာဖြင့် နယ်ခံဌာနများက အလျင်အမြန် တုံ့ပြန်ကာ ရုတ်တရက် ပင်လယ်လှိုင်းကြောင့် ပိုင်ဆိုင်မှုတစ်ချို့ ပျက်စီးသွားသော်လည်း လူသား ဒဏ်ရာရသူမရှိပါပေ။ 

လုံခြုံရေးဌာနများအတွက်မူ ဤသည်က သူတို့တွေးနိုင်သော အကောင်းဆုံး ရလာဒ်ဖြစ်ပေသည်။ 
ဘယ်သဘာဝဘေးကများ ပိုင်ဆိုင်မှုတွေကို မပျက်စီးစေလို့လဲ... အဲ့အပြင် ဒီတစ်ကြိမ်ဖြစ်တဲ့ အဖြစ်အပျက်က လင်းဟိုင်မြို့တစ်ခုလုံးကို ပျက်စီးစေနိုင်တဲ့ ပြင်းထန်တဲ့ ကပ်ဘေးကြီးလေ...

လင်းဟိုင်မြို့၏ မိုးလေဝသဌာနမှာ သူတို့၏ အကြီးအကဲများဆီမှ သတိပေးချက် ရရှိသောအခါ သူတို့က သူတို့၏ အကြီးအကဲများ ပုံကြီးချဲ့နေသည်ဟု ခံစားခဲ့ရသည်။ သူတို့က လင်းဟိုင်မြို့တွင်ရာသီဥတုကို နေ့တိုင်း စောင့်ကြည့်နေကာ မုန်တိုင်းသတိပေးချက် လုံးဝ မရှိပါပေ။ သို့သော် သူတို့၏ အကြီးအကဲများက အရေးပေါ် သတိပေးချက်ကို ပေးပို့လာသည်။ သူတို့က မှားယွင်းသည်ဟု ခံစားရပြီး သူတို့နှလုံးသားထဲတွင် ကူကယ်ရာမဲ့နေကာ အချင်းချင်း အတန်ကြာအောင် ငြင်းခုံပြီးမှ ထိုသတိပေးချက်ကို ကြေညာလိုက်သည်။ တခြားဒေသများမှ သူတို့၏ လုပ်ဖော်ကိုင်ဖက်များက အင်တာနက်အသုံးပြုသူများ၏ အနိုင်ကျင့်ခြင်းကို ခံရသည်အား တွေးမိကြရာ သူတို့ကနောက်တစ်နေ့မနက်တွင် အဆဲခံရမည့် သနားစဖွယ်အခြေအနေကို စိတ်ကူး၍ပင် ရနေပေသည်။ 

သူတို့က ညလယ်တွင် မုန်တိုင်းတစ်ခုဖြစ်မည်ဟု မမျှော်လင့်ထားပါပေ။ ကံကောင်းစွာဖြင့် အမျိုးမျိုးသော ဌာနများက အရေးပေါ်ကယ်ဆယ်မှုအတွက် ပြင်ဆင်မှုများကို ပြုလုပ်ထားသည်က ကြာပြီ ဖြစ်လေသည်။ သို့မဟုတ်ပါက ရုတ်တရက် မုန်တိုင်းဖြစ်လာရာ သာမန်လူများက မည်မျှတောင့်ခံနိုင်မည်ကို မည်သူက သိပေမည်နည်း။

လင်းဟိုင်မြို့၏ နေထိုင်သူများက သက်ဆိုင်ရာ ဒေသခံဌာနများကို သူတို့၏ အရေးပေါ် ကပ်ဘေးကြေညာမှုကြောင့် အွန်လိုင်းမှ ချီးကျူးနေကြပြီး မိုးလေဝသဌာနက မည်သည့် နတ်ဘုရား နည်းလမ်းများကို အသုံးပြုလိုက်သည်အား သိလိုနေကြပေသည်။ ရဲဝန်ထမ်းများက ညလယ်ပိုင်းတွင် ရေများကိုဖြတ်သန်းကာ ပြည်သူများကို ဘေးလွတ်ရာဒေသသို့ ပို့ဆောင်ပေးပြီး အနီးနားမှ ကော်မတီ အဖွဲ့ဝင်များက တစ်အိမ်ဝင်တစ်အိမ်ထွက်နှင့် ပြည်သူများကိုသတိပေးကာ ပြည်သူများက လှေများအသုံးပြုကာ အိမ်နီးချင်းများကို ကယ်ဆယ်ကြသည်။ စိတ်ထိခိုက်စရာ ဓာတ်ပုံများစွာက အင်တာနက်ပေါ်တွင် ပျံ့နှံ့သွားပြီး ချီးကျူးမှုတို့ဖြင့် ပြည့်နှက်နေပေသည်။

အင်တာနက် အသုံးပြုသူတစ်ဦးက သူ ညပိုင်းအလုပ်သွားချိန်တွင် တိရိစ္ဆာန်များက နေရာအနှံ့သို့ ပြေးလွှားနေသည်ကို မြင်ခဲ့ကာ ထိုတိရိစ္ဆာန်များက သဘာဝ ဘေးအန္တရာယ်ကို အာရုံခံမိ၍ ထွက်ပြေးသည်ဟု ဆိုပေသည်။ တစ်ချို့က ၄င်းမှာ အယူသည်းမှုဟုဆိုကြပြီး တစ်ချို့ကမူ တိရိစ္ဆာန်များက လူသားများထက် သဘာဝကို ခံစားနိုင်မှု မြင့်မားသည်ဟု ဆိုကြပေသည်။ အင်တာနက်အသုံးပြုသူများက ထိုကိစ္စအပေါ်တွင် အတန်ကြာအောင် ငြင်းခုံနေပေသည်။ အဆုံးတွင် တခြားသော အင်တာနက်အသုံးပြုသူများက လင်းဟိုင်မြို့က ဘေးအန္တရာယ်ကျရောက်နေစဉ်တွင် ဤကဲ့သို့ ကိစ္စအပေါ် ငြင်းခုံနေသည်က သူတော်ကောင်းမဆန်ဟု ခံစားလိုက်ရသည်။ ထိုအချိန်မှသာ လူတိုင်းက လက်နက်ချသွားပေသည်။ 

ဖမ်ဟန့်က အွန်လိုင်းပေါ်မှ လင်းဟိုင်မြို့၌ တိရိစ္ဆာန်များ ထွက်ပြေးနေသည့် ပုံများကို ကြည့်လိုက်ကာ တွေးတောနေဟန်ဖြင့် သူ့မေးကို ပွတ်လိုက်သည်။ ဤထူးခြားသော အခြေအနေကို တွေ့ရှိသည်က သူတစ်ဦးတည်း မဟုတ်သည့်ပုံရပေသည်။ သူသည် ယခင်က တိရိစ္ဆာန်များ ထွက်ပြေးခြင်းက ကပ်ဘေးတစ်ခု၏ လက္ခဏာမဟုတ်သည်ဖြစ်ရာ တိရိစ္ဆာန်များ၏ သာမန်မဟုတ်သော အပြုအမူကို အသုံးပြုပြီး ရာသီဥတုကို ခန့်မှန်းခြင်းက မတိကျသလို သိပ္ပံနည်းကျသော နည်းစနစ်မဟုတ်ကြောင်း စာပိုဒ်ကို ဖတ်ရထားပေသည်။ 

သူသည် မနေ့ညက ဒေသခံ မိုးလေဝသ ဗျူရိုကို ဖုန်းခေါ်ဆိုရာ သူတို့က ထိုအချိန်တွင် ရာသီဥတုမူမမှန်မူများမရှိဟု ဆိုခဲ့ပေသည်။ သူတို့က ရုတ်တရက် သတိပေးချက်ထုတ်လာသည်မှာ ညလည်ကြီး ဖြစ်ပေသည်။ ထို့အပြင် ထိုကယ်ဆယ်ရေး ဝန်ထမ်းများက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပုံရကာ ကပ်ဘေးဖြစ်ပွားချိန်တွင် အလျင်အမြန် ရောက်လာနိုင်ပေသည်။ 

သူက ဧည့်သည်ဆောင်၏ အပြင်သို့ လျှောက်ထွက်လာပြီး အနီးနားမှ ပြည်သူများကို အမှိုက်ပစ်ရန် ကူညီနေစဉ်တွင် ရင်းနှီးသော အသံတစ်ခုကို ကြားလိုက်ပေသည်။ 

"ကံကောင်းတာက ထိခိုက်ဒဏ်ရာရတဲ့သူတစ်ယောက်မှ မရှိဘူး... ဒီတစ်ခေါက်က အရမ်း အန္တရာယ်များသွားတာ..."


ဖမ်ဟန့်က ဖူလီကို မြင်သောအခါ စိတ်ထဲတွင် မေးခွန်းတစ်ခုသာ ရှိပေသည်။ 
ဒီတစ်ခါရော ဘာလို့သူပဲ ဖြစ်ပြန်တာလဲ... 

လက်ရှိတွင် ဒီရေကျသွားပြီဖြစ်ကာ လမ်းများက အညစ်အကြေးအမှိုက်များဖြင့် ပြည့်နေလေသည်။ ရောဂါကူးစက်မှုကို ကာကွယ်ရန်အတွက် လင်းဟိုင်မြို့ရှိ စက်ရုံများအားလုံးက လည်ပတ်မှု ရပ်နားကာ ကျောင်းများက အတန်းများ ရပ်ထားပေသည်။ ၄င်းမှာ ကျွမ်းကျင်ဌာနများက ပိုးသတ်ကာ မြို့တော်ကို သန့်ရှင်းပေးနိုင်ရန် ဖြစ်သည်။ သို့ဖြစ်၍ လမ်းမပေါ်တွင် လမ်းလျှောက်သူ အနည်းငယ်သာ ရှိပေသည်။

ဖူလီ၏အဖွဲ့က သန့်ရှင်းသပ်ရပ်သော အဝတ်အစားများဖြင့် လက်ရှိတွင် လမ်းမများတစ်လျှောက်တွင် လမ်းလျှောက်နေကာ နှာခေါင်စည်းရော လက်အိတ်ပါ ဝတ်မထားပါပေ။ သူတို့၏ ဖိနပ်များသည်ပင် ရွံ့များ ပေမနေပေ။ ဖမ်ဟန့်က လက်မသဖွယ် ရပ်နေသော ထိုအုပ်စုက ဤနေရာသို့ မှားယွင်းဝင်ရောက်လာသည်ဟူသော ရှင်းမပြတတ်သည့် ခံစားချက်တစ်ခု ရပေသည်။ 

ဖူလီတို့အုပ်စုက ပင်လယ်ထဲမှ ထွက်လာပြီးနောက် သူတို့က တန်းတန်းပြန်ရန် ရည်ရွယ်ထားပေသည်။ သို့သော် သူတို့က လင်းဟိုင်မြို့က မုန်တိုင်းနှင့် ကြုံရမည်ဟု တွေးမိရာ မြို့သို့ တစ်ချက်လာကာ ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ပတ်ဝန်းကျင်သို့ စိတ်ဝင်တစား လိုက်ကြည့်ပြီးနောက် သူတို့ များစွာစိတ်ချသွားလေသည်။ မည်သည့် မကျေမချမ်းမှုနှင့် လူသားအထိအခိုက်များ မရှိပါပေ။ 

ကပ်ဘေးတစ်ခုတွင် လူသားများ၏ အစွမ်းထက် ကယ်ဆယ်ရေး စနစ်များနှင့် သာမန်ပြည်သူများအတွက် မြင့်မားစွာ ကြည့်ရှုပေးမှုက လူသားအသိုင်းအဝိုင်း၏ တိုးတက်မှုပုံစံတစ်ခုဟု ယူဆ၍ ရနိုင်ပေသည်။

ဒီရေများတက်လာပြီးနောက်နေ့တွင် နေထွက်လာပေသည်။ လမ်းများက ထိုင်းမှိုင်းကာ ပူလောင်နေသည်။ ပုံဖျက်ထားသော ဝတ်စုံများဖြင့် ရဲဝန်ထမ်းများက အမှိုက်ပုံးကြီးများကို အမှိုက်ကားများထဲသို့ ထည့်နေကြသည်။ ရံဖန်ရံခါတွင် သာမန်ပြည်သူများက သစ်သီးများ ရေများ သယ်လာကာ ရဲဝန်ထမ်းများ၏ လက်ထဲသို့ ထိုးထည့်သွားကြသည်။ သို့သော် သူတို့က ငြင်းဆန်ခြင်း ခံလိုက်ရသည်။

ချောင်းယွင်က နေ၏ အပူကြောင့် ချွေးဒီးဒီးကျနေသော လူငယ်များကို လေးစားမှုအပြည့်နှင့် ကြည့်လိုက်သည်။ သူက အမျိုးသမီးဧကရီဘေးတွင် နေထိုင်ခဲ့ပြီး ထိုကဲ့သို့ ဖြူစင်သောစစ်သားများကို အမြဲလိုလို လေးစားခဲ့ပေသည်။

"မိန်းကလေး... ဒီဘက်မှာ ရွံ့ရေတွေ ရှိတယ်... ဒီကိုမလာနဲ့..." 

လှည်းငယ်လေးတစ်ခုကို တွန်းလာသော လူငယ်လေးတစ်ဦးက သွားဖြူဖြူများအပြည့်နှင့် ပါးစပ်ကို လှစ်ဟကာ ပြုံးပြလာလေသည်။ သူက ရှေ့မှ လမ်းကြားလေးကို ညွှန်ပြလိုက်သည်။ 

"ပလက်ဖောင်းက အခုထိ မရှင်းရသေးဘူး... လူတိုင်းက အခုအချိန်မှာ အိမ်ကနေ ထွက်လာတာကို ရှောင်သင့်တယ်..."

"ကျေးဇူးပါ..."

ချောင်းယွင်က သူမဝတ်ထားသည့် အင်္ကျီလက်ရှည်နှင့် စကပ်ကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ ခြေထောက်ရှိ လှပသန့်ရှင်းသော ဒေါက်ဖိနပ်အနီလေးကို ကြည့်လိုက်သည်။ သူမက လူငယ်လေး၏ ကျေးဇူးတင်သော အပြုံးကိုပြန်တွေးမိလေသည်။ 

"ရပါတယ်..."

လူငယ်လေးက ချောင်းယွင်ကို ထပ်မကြည့်တော့ပါချေ။ သူက လှည်းကိုတွန်းကာ အလျင်စလို ထွက်သွားပြီး သူ့၏ အစိမ်းရောင် ရာဘာဖိနပ်များက ရွံ့ရေများဖြင့် ဖုံးအုပ်နေလေသည်။ 

ချူးယွင်က စိတ်လှုပ်ရှားသွားသည်။
"ဒီလိုမြင်ကွင်းမျိုးက အမြဲတမ်းငါ့ကို စွမ်းအင်တွေတိုးလာစေပြီး ကိစ္စတွေအများကြီးက ထိုက်တန်တယ်လို့ ခံစားရစေတယ်..."

"ဒီလူတွေက တကယ် ချစ်စရာကောင်းတယ်..."

ဖူလီက လမ်းပေါ်မှ အလုပ်များနေသော ရဲဝန်ထမ်းများကို ကြည့်လိုက်သည်။ သူက ခေါင်းလှည့်လိုက်ရာ အဘိုးအိုတစ်ဦးက အသက်ငါးနှစ်ပင်မပြည့်သေးသော သူ့၏ မြေးမလေးကို ရဲဝန်ထမ်းများဆီသို့ရေပေးရန် စေလွတ်နေသည်ကို တွေ့လိုက်သည်။ ရဲဝန်ထမ်းက ငြင်းဆန်ခဲ့ပါက ကလေးမလေးသည် ပါးစပ်ကို ဖွင့်ကာ အော်ငိုမည်ဖြစ်ရာ ရဲဝန်ထမ်းက ရေဘူးအဖုံးကို ယာယီဖွင့်ပြီး တစ်ငုံသောက်ပြပေးလိုက် ရသည်။

ပစ္စည်းပို့ ကလေးငယ်များက တစ်ခါတစ်ရံ အသုံးဝင်ပေသည်။

သာမန်လူများက ကလေးများကို မလွန်ဆန်နိုင်ကြပါပေ။ 

အဖိုးအို၏ 'အကြံဆိုး'မှ အစပြုကာ မကြာမီတွင် ဆယ်နှစ်အောက် 'ပစ္စည်းပို့ ကလေးများ'က သောက်ရေများ သစ်သီးများဖြင့်ထွက်လာကာ ထိုရဲဝန်ထမ်းများကို ရေအနည်းငယ်သောက်ကာ အနားယူရန် စိတ်အနှောင့်အယှက်ပေးနေကြပေသည်။

သက်လတ်ပိုင်းအရွယ်များက တံမြက်စည်းများ ကော်ပြားများကိုင်ဆောင်ကာ ထွက်လာပြီး ကူညီကြပေသည်။ ထိုအချိန်တွင် လမ်းမက ဆူညံသံများ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပေသည်။

ဖူလီ ခေါင်းညိတ်လိုက်သည်။ အချိန်တိုင်း မုန်းစရာလူသားများ ပေါ်လာသော်လည်း ချစ်စရာလူသားများက ပိုများနေဆဲ ဖြစ်ပေသည်။

"လူကြီးမင်းဖူလီ..."

ဖူလီက လှည့်ကြည့်လိုက်ရာ မုတ်ဆိတ်မွေး ကျိုးတိုးကျဲတဲနှင့် ဂျာကင်ဝတ်ထားသော အမျိုးသားတစ်ဦးက သူ့ဆီသို့လျှောက်လာသည်ကို တွေ့လိုက်သည်။ အမျိုးသားက အနည်းငယ် မျက်တွင်းချောင်နေကာ ကောင်းကောင်းမအိပ်ရသေးသည့် လူတစ်ဦးနှင့် တူပေသည်။ ထိုအမျိုးသားကို မှတ်မိသွားပြီး ဖူလီက အံ့အားသင့်သည့် အမူအရာတစ်ခုပြလိုက်လေသည်။ 

"ရဲအရာရှိဖမ်.. ခင်ဗျာက ဘယ်လိုလုပ်ဒီရောက်နေတာလဲ..."

ဖမ်ဟန့်က မြို့တော်က ရဲအရာရှိလေ ဘာလို့ လင်းဟိုင်မြို့ကို ရောက်နေတာလဲ...

"ရုံးအလုပ်တစ်ခု ရှိလို့ပါ..."

ဖမ်ဟန့်က ဖူလီကို အလုပ်အကြောင်းမပြောပါချေ။ ကံကောင်းစွာဖြင့် ဖူလီက ပါးနပ်ကာ ဆက်လက်မေးခွန်းထုတ်မလာပါပေ။ သို့မဟုတ်ပါက လေထုက အလွန် အနေခက်သွားမည်ဖြစ်သည်။ ဖမ်ဟန့်က သူ့အိတ်ကပ်ထဲမှ စီးကရက်များကို ထုတ်လိုက်ပြီး ဖူလီနောက်မှ လူများကို ဝေပေးလိုက်သည်။ သူတို့က ဆေးလိပ်သောက်သည့် အကျင့်မရှိသည်ကိုတွေ့ရာ သူက စီးကရက်ဘူးကိုထိကာ သူ့၏ ဆေးလိပ်သောက်လိုစိတ်ကို ထိန်းချုပ်ထားရန် ဆုံးဖြတ်လိုက်သည်။ 

"မင်းတို့က ဒီကို ဘယ်လိုလုပ်ရောက်နေတာလဲ..."

"သူတို့က ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေလေ... ငါတို့က... ရှုခင်းကြည့်ဖို့ ဒီကိုလာခဲ့တာ..."

ဖူလီက ချောမွေ့စွာ လိမ်လိုက်သည်။ 

"ငါတို့ ရောက်တာနှစ်ရက်တောင်မရှိသေးတာကို ဒီကို အဖြစ်အပျက်မျိုး ကြုံရမယ်လို့ မထင်ထားခဲ့ဘူး... အဲ့ဒါကြောင့် ငါတို့ဘော့စ်က ငါတို့ကို ခေါ်ထုတ်လာပြီး ကူညီပေးနိုင်တာများ ရှိမလားလို့ လာကြည့်တာ…"

ဖမ်ဟန့်၏ အကြည့်က ဖူလီ၏ လူအုပ်ကို ဖြတ်သွားပြီး ကျွမ်းချင်ဆီသို့ ရောက်ရှိသွားသည်။ သူက ကျွမ်းချင်ကို ပြုံးပြလိုက်သည်။ 
"မင်္ဂလာပါ..."

"မင်္ဂလာပါ..."
ကျွမ်းချင်က ဖမ်ဟန့်ကို ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်သည်။ 

ဖမ်ဟန့်၏ အကြည့်များက ချောင်းယွင်၏ သန့်ရှင်းနေသော ဒေါက်ဖိနပ်ပေါ်သို့ ကျရောက်သွားကာ သူ့လက်ထဲမှ စီးကရက်ဘူးကို လှုပ်ယမ်းလိုက်သည်။ 

"သက်ဆိုင်ရာဌာနတွေက ကျွမ်းကျင်ကယ်ဆယ်ရေးသမားတွေကို စီစဉ်ပေးထားပြီးပြီ... မင်းတို့မှာ ကြင်နာတတ်တဲ့ ရည်ရွယ်ချက်ရှိတာတော့ ကောင်းပါတယ်... ဒါပေမဲ့ အပြင်က လေထုအရည်အသွေးက သိပ်မကောင်းဘူး... အဲ့တော့ လူတိုင်းက အိမ်ပြန်ပြီး နားလိုက်တာ ပိုကောင်းပါတယ်..."

"ရဲအရာရှိကြီးပြောတာမှန်တယ်... အထူးအလုပ်တွေက ကျွမ်းကျင်သူတွေ လုပ်တာပဲကောင်းတယ်..."

ကျွမ်းချင်က ခေါင်းညိတ်ကာ ဖူလီနှင့် ကျန်လူများကို ဆိုလိုက်သည်။ 
"ပြန်ကြစို့..."

ဖူလီမှာ ဖမ်ဟန့်ကို ပြုံးကာ နှုတ်ဆက်လိုက်သည်။ ဖမ်ဟန့်က စီးကရက်တစ်လိပ်ကို မီးညှိကာ သူတို့လမ်းအဆုံးသို့ ဝင်ရောက်ပျောက်သွားသည်ကို ကြည့်နေလိုက်သည်။ သူက ချန်လုံကုမ္ပဏီသည် လူရွေးချယ်ရာတွင် အရည်အချင်းကိုသာမက ရုပ်ရည်ကိုပါ ရွေးချယ်သည်ဟု ခံစားရပေသည်။ အမျိုးသားများက ချောမောပြီး အမျိုးသမီးများက လှပပေသည်။ သူတို့က လုံဝပင် သာမန်မဟုတ်ပါပေ။ 

မီးခိုးများကို မှုတ်ထုတ်ကာ ဖုန်းကို ထုတ်လိုက်ပြီး သူ့၏ လုပ်ဖော်ကိုင်ဖက်အား ဖူလီ၏ ခရီးသွားခြင်းနှင့် သူ့၏ ဟိုတယ်အဝင်မှတ်တမ်းများကို စစ်ဆေးစေလိုက်သည်။ အကြောင်းပြချက်မရှိသော်လည်း သူက ဖူလီဆိုသော အမျိုးသားသည် အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားရသည်။ သူလုပ်သောအရာများက ပို၍ပင် ထူးဆန်းပေသည်။

မှတ်တမ်းများမှာ အလွယ်တကူ ရရှိနိုင်သည်။ ဖူလီက လွန်ခဲ့သည့်နှစ်ရက်က လေယာဉ်လိုင်းတစ်ခု၏ ပထမတန်းထိုင်ခုံနှစ်ခုဝယ်ယူခဲ့သည်။ သူက လင်းဟိုင်မြို့သို့ လာပြီး သူနေထိုင်နေသော ဟိုတယ်သည်လည်း ထင်ရှားသော မှတ်တမ်း ရှိပေသည်။ ထူးဆန်းနေသည်က တစ်ခုမှမရှိပါပေ။ 

ဖမ်ဟန့် ခေါင်းကုတ်လိုက်မိသည်။ 
သူက တစ်ယောက်ယောက်က နည်းနည်းလေးများ ပိုပြီး ထူးခြားနေရင် စိတ်ထဲမှာ ထူးဆန်းနေတယ်လို့ ခံစားရတဲ့ ရာထူးနဲ့ဆိုင်တဲ့ ရောဂါတစ်ခုခုများ ရှိနေတာလား...

ထိုဖူလီ၏ အလုပ်အတွေ့အကြုံများက အတန်ပင်ထူးဆန်းသော်လည်း သူ့စရိုက်က မဆိုးသည့်အပြင် သူက ကောင်းမှုများစွာကို ပြုလုပ်ပြီးဖြစ်သည်။ ၄င်းကိုတွေးမိရာ ဖမ်ဟန့်က အနည်းငယ် ရှက်ရွံ့လာပေသည်။ သူက ဥပဒေလိုက်နာသည့် ပြည်သူတစ်ယောက်ကို သံသယမဝင်သင့်ပေ။ 

"ဖူကော... အဲ့ရဲဝန်ထမ်း အစ်ကို့ကိုကြည့်တာ တစ်ခုခုလွဲနေတယ်လို့ ကျွန်တော်ခံစားရတယ်..."
ချူးယွီက ဆိုလာသည်။ 

"အစ်ကို သူ့ရှေ့မှာ လျှို့ဝှက်ချက်တစ်ခု ထုတ်ပြောဖူးလား..."

"မလုပ်ဖူးလောက်ပါဘူး..."
ဖူလီက ခေါင်းခါလိုက်သည်။

"အဲ့လူက စိတ်ချရတဲ့ ရုပ်ဝါဒီသမားတစ်ယောက်ဆိုတာ သိသာပါတယ်... သူရှေ့မှာ သရဲဖမ်းတာတစ်ခု ရှိရင်တောင်မှ သူက သိပ်ပ္ပံနည်းကျတဲ့ အကြောင်းပြချက် မျိုးစုံကိုသုံးပြီး ရှင်းပြလောက်မှာ..."

ကျွမ်းချင်က ဖူလီနှင့် ချူးယွီတို့က လမ်းတစ်လျှောက်လုံး ရုပ်ဝါဒနှင့် သရဲဖမ်းသည့်ကိစ္စများ ဆွေးနွေးလာသည်ကို နားထောင်ကာ ညင်သာစွာဆိုလိုက်သည်။ 

"တစ်ခုခု ရှာတွေ့ရင်တောင် အဆင်ပြေပါတယ်... မှတ်ဉာဏ်ပျောက် မန္တန်က လှည့်ကွက်လုပ်ပေးလိမ့်မယ်..."

"မင်းပြောတာ မှန်တယ်..."

ဖူလီက ကျွမ်းချင်၏ အကြံဉာဏ်ကို ခိုင်ခိုင်မာမာထောက်ခံကြောင်း ပြသရန် ခေါင်းညိတ်ပြလိုက်သည်။ ရုတ်တရက် သူ့မျက်နှာထက်မှ အပြုံးက ပျောက်ကွယ်သွားလေသည်။ သူက ခေါင်းမော့ကာ အဝေးရှိ တစ်အိမ်လုံး ရေကြီးနေသည့် အိမ်တစ်အိမ်ကို လှမ်းကြည့်လိုက်သည်။ 

"အဲ့အိမ်ထဲမှာ လူတွေ ရှိတဲ့ပုံပဲ..."

ချူးယွီက အနံ့ခံလိုက်ကာ သူ့အတွက် အတည်ပြုပေးလိုက်သည်။ 

"အဲ့ဒါ လူသားအနံ့ပဲ... ပြီးတော့... ပျော်ရွှင်မှုလိမ်းဆေးရဲ့ အနံ့ပဲ..."

"ပျော်ရွှင်မှု လိမ်းဆေး..."

ကျွမ်းချင်၏ အမူအရာက မဲမှောင်လာပေသည်။ 
"သေချာရဲ့လား..."

ချူးယွီက ခေါင်းညိတ်ပြလိုက်သည်။ 
"အဲ့အနံ့ပဲ..."

တာအိုငါးတစ်ကောင်အနေဖြင့် သူက သူ့အနံ့ခံနိုင်စွမ်းကို တာဝန်ယူနိုင်ပေသည်။