Chapter 110
ယုန်
အိမ်တစ်အိမ်တွင် လူများစွာက အိပ်ယာနှင့် စားပွဲပေါ်တွင် ဆောင့်ကြောင့်ထိုင်နေကာ အိမ်တစ်ခုလုံးတွင် ပေါလောပေါ်နေသော ပရိဘောဂများကို ငေးငိုင်ကြည့်နေကြသည်။ သူတို့က လင်းဟိုင်မြို့သို့ မလာမီတွင် ကလေးနှစ်ယောက်ကို ပြန်ပေးဆွဲလာကာ ရက်အနည်းငယ်ပင် မနေရသေးခင်မှာပင် ဤကဲ့သို့ အဖြစ်အပျက်နှင့် ကြုံရမည်ဟု မမျှော်လင့်ထားပါပေ။
သူဌေးက မီးခိုးတစ်ရှိုက် မှုတ်ထုတ်လိုက်သည်။ ပျော်ရွှင်မှုလိမ်းဆေး၏ ရနံ့က အိမ်တစ်အိမ်လုံးတွင် ပျံ့နှံ့နေပေသည်။ သူက အတူတကွချည်ထားသော ကလေးများကို လှမ်းကြည့်လိုက်သည်။ သူက စီးကရက်ထိပ်မှ ပြာကို ခါချလိုက်သည်။
"ဒီရေကျသွားပြီ... အပြင်မှာ အခြေအနေတွေ တည်ငြိမ်သွားရင် ငါတို့ ဒီကလေးနှစ်ယောက်ကို ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားရမယ်..."
မြို့တော်မှ ရဲက ဤနေရာထိ သူတို့နောက်သို့ လိုက်လာမည်ကို သိပါက သူက ဤအလုပ်ကို လက်ခံမည် မဟုတ်ပါပေ။ ယခုတွင် ပြသနာပေါင်းစုံ တက်သွားပြီး သူနှင့် သူ့ဂိုဏ်းမှ ညီအစ်ကိုများက လှုပ်ရှားမှုတစ်ချက်မှားပါက အဖမ်းခံရမည် ဖြစ်သည်။
"သူဌေး... မြို့တော်က လာတဲ့ ရဲအရာရှိက ကျွန်တော်တို့ကို အချိန်ပြည့် စောင့်ကြည့်နေတယ်... ဒီကိစ္စက ဖြေရှင်းရမလွယ်မှာ ကျွန်တော်စိုးရိမ်တယ်..."
ဘေးရှိ ဝတုတ်တယောက်က ပြင်းပြင်းထန်ထန် အနံ့ရှုလိုက်သည်။ သူက မီးခိုကို ရှုရသည်ကိုပင် အနည်းငယ် မူးဝေလာသည်ဟု ခံစားရပေသည်။ သူက စိတ်ကို ရှင်းလင်းရန် နှာခေါင်းကို ပွတ်လိုက်သည်။
"ဒီရေကျသွားရင်တောင် မြို့ကို ရှင်းပြီး ပြည်သူတွေကို အိမ်တွေကူပြင်ပေးနေတဲ့ ရဲဝန်ထမ်းတွေ အပြင်မှာ အများကြီးပဲ... ဒီမှာ ဆက်တိုက်နေတာက အကြံကောင်းတော့ မဟုတ်နိုင်ဘူး..."
သူဌေးက စီးကရက်ကို ပြင်းပြင်းရှိုက်လိုက်သည်။ သူက မြေပြင်ပေါ်ရှိ ရွံ့ရေကို ကြည့်လိုက်ပြီး သူ့အကြည့်က ရုတ်တရက် အညှာအတာမဲ့ ပြောင်းသွားလေသည်။
"ဒီရေတက်လာတော့ ကလေးတစ်ယောက် နှစ်ယောက်လောက် ရေနစ်တာက မတော်တဆဖြစ်နိုင်တာပဲ... တစ်ခြားဖက်ကို အသိပေးလိုက်..."
ဤကုန်များက သူ့ကိုဆွဲချသည်ထက်စာလျှင် သူက စောစော ကိုင်တွယ်လိုက်မည် ဖြစ်သည်။
"သူဌေး ဆိုလိုတာက..."
"ငါတို့ရဲ့ စီးပွားရေး ပါတနာကို အသိပေးလိုက်... ကုန်တွေက ဖိတ်သွားလို့ နောက်တစ်ခါမှ ကောင်းတာတွေ သယ်လာပေးမယ်လို့သာ ပြောလိုက်..."
သူဌေးက စီးကရက်က ချကာ ကလေးနှစ်ယောက်ကို လက်ညှိုးထိုးပြလိုက်သည်။
"သူတို့ကို ရှင်းလိုက်..."
သူတို့က အဆုံးတွင် နိမ့်ကျသူများအပေါ် အမြတ်ထုတ်မည် ဖြစ်ကာ ထိုကလေးနှစ်ဦးကို သွားပစ်ရန် မည်သူမှ အပြင်ထွက်စရာမလိုပဲ ဒီရေနှင့်ပါသွားပြီးမတော်တဆ သေဆုံးသွားမည်ဟူသောအချက်က အားသာချက်ဖြစ်ပေသည်။ သူ့နှလုံးသားကို မာမာထားကာ သူဌေးက သူ့လက်အောက်ခံများကို ထိုကိစ္စပြုလုပ်ရန် ညွှန်ကြားလိုက်သည်။
ဝတုတ်က တိတ်နှစ်ခုကို ရှာကာ ကလေးများ၏ ပါးစပ်ကို ပိတ်လိုက်သည်။ သူက လက်တစ်ဖက်တွင် ကလေးတစ်ယောက်ကို ကိုင်ကာ ဒုတိယထပ်၏ ပြတင်းပေါက်မှ လှမ်းပစ်ရန် ပြင်ဆင်လိုက်သည်။ သို့သော် ထူးဆန်းသည့် အဖြစ်အပျက်တစ်ခု ဖြစ်သွားလေသည်။ လွင့်ပစ်ခံရပြီးနောက် ကလေးနှစ်ယောက်က ရေထဲသို့ နစ်မသွားပါပေ။ ဧရာမ လိပ်တစ်ကောင်က ကလေးနှစ်ယောက်ကို သယ်ကာ မျက်စိတစ်မှိတ်အတွင်း ကမ်းခြေသို့ ကူးခတ်သွားလေသည်။
သူအမြင်မှားတာနေမှာ...
သူက မျက်လုံးကို အားနှင့် ပွတ်လိုက်ပြီး ကလေးနှစ်ယောက်နှင့် လိပ်ကြီးက ပျောက်သွားသည်ကို သဘောပေါက်သွားသော်လည်း ပြတင်းပေါက်ဘေးတွင် အလွန်ဖြူဖွေးနေသည့် ယုန်ဝတုတ်တစ်ကောင် ရှိနေပေသည်။
"ဖက်တီး... ဘာတွေ စိတ်ကူးယဉ်နေတာလဲ..."
သူဌေးက ဝတုတ်မှာ ပြတင်းပေါက်ဘေးတွင် လှုပ်ရှားမှုမရှိ ရပ်နေသည်ကို မြင်ကာ စိတ်မရှည်စွာဖြင့် ဆိုလိုက်သည်။
"မင်းက သူတို့ရေနစ်တာကို မျက်လုံးပြူးပြီး ကြည့်ချင်သေးတာလား..."
လူသားဆန်မှုကို မရှိဘူး... သူက သူတို့ကို ပစ်ချပြီးတာတောင် ရေနစ်ပြီးသေတာကို ကြည့်ချင်နေသေးတာလား... အဲ့လို ရက်စက်တဲ့မြင်ကွင်းတွေကို မကြည့်နိုင်ပဲ နူးညံ့တဲ့ နှလုံးသားရှိတဲ့ သူနဲ့တော့ တစ်ခြားစီပဲ...
"သူ-သူဌေး... ယုန်... အဲ့မှာ ယုန်တစ်ကောင်ရှိတယ်..."
ဝတုတ်က ထစ်ထစ်အအ ဆိုလိုက်သည်။ သူ့အသံများက ထိတ်လန့်မှုဖြင့် တုန်ယင်နေသည်။
အလွန်ကြီးမားသည့် လိပ်တစ်ကောင်ကို မြင်ပြီးနောက် အလွန်သန့်ရှင်းနေသော ယုန်တစ်ကောင်က သူတို့ရှေ့တွင် ပေါ်လာသည်ကိုမြင်ရသည့် မည်သူမဆိုသည် ထိုမြင်ကွင်းကို ထူးဆန်းသည်ဟု ထင်မည် ဖြစ်သည်။
"ယုန်က ဘာဖြစ်တုန်း... မင်းဘဝတစ်လျှောက်လုံး ယုန်တစ်ကောင်မှ မမြင်ဖူးဘူးလား..."
သူဌေးက သူ့ဘေးမှ ညီငယ်လေးကို ညွှန်ပြလိုက်သည်။
"အဲ့ယုန်ကို ဖမ်းပြီး စားကြရအောင်..."
သူက ထိုစကားများ ပြောပြီးပြီးချင်းမှာပင် ဆူညံသံတစ်ခုထွက်ပေါ်လာပေသည်။ ဝတုတ်က မြေပြင်ပေါ်သို့ မေ့လဲသွားပြီး ညစ်ပတ်သောရေများက ဘေးသို့စင်သွားစေသည်။
"ဘာဖြစ်တာလဲ..."
သူဌေးက သူ့မျက်နှာထက်ရှိ ရွံ့ရေများကို သုတ်လိုက်ပြီးနောက် အမွေးပွပွနှင့် အဖြူရောင် ယုန်လေးတစ်ကောင်က ဝတုတ်၏ မျက်နှာပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်သည်။ ဝတုတ်၏ ခြေလက်လေးဖက်မှာ ရေထဲတွင် ယက်ကန်ယက်ကန်ဖြစ်နေသော်လည်း သူက ထမရပ်နိုင်ပါပေ။
ထိုမြင်ကွင်းကို မြင်ရာ အိမ်ထဲရှိ လူအနည်းငယ်က ဆံပင်များထောင်သွားသည်ဟု ခံစားလိုက်ရသည်။ သူတို့ တံတွေးမျိုချရမည်ကိုပင် အလွန်ကြောက်လန့်သွားသည်အထိပင်။ အိမ်ထဲတွင်တစ်စုံတစ်ယောက် ရှိနေသည်။ တိတ်ဆိတ်သော အိမ်ထဲတွင် လူများ တံတွေးမျိုချနေသော အသံမှာ အထူးသိသာပေသည်။
ထို့နောက် သူတို့သည် ယုန်က... ပြုံးနေသည်ကို မြင်လိုက်သည်။
ပြုံးတယ်...
အားးးးးး... ယုန်က ဘယ်လိုလုပ်ပြီး ပြုံးနိုင်မှာလဲ...
နှစ်နာရီကြာပြီးနောက် ဖမ်ဟန့်က လင်းဟိုင်မြို့ရဲစခန်းမှ လူတစ်ချို့က အိမ်တစ်ခုတွင် အော်ဟစ်ကာ ကယ်ဆယ်ရေးများ၏ အာရုံစိုက်မှုကို ဆွဲယူနေသည်ဟူသော အကြောင်းကြားသည့် ဖုန်းတစ်ခု လက်ခံရရှိခဲ့ပေသည်။ ထိုလူများက မြို့တော်ထဲတွင် ပြန်ပေးဆွဲသည့် အမှုတစ်ခု၏ သံသယရှိသူများဖြစ်သည်ဟု ဆိုကာ ရဲများက ချက်ချင်း ဖမ်းဆီးရန် အလိုရှိနေပေသည်။ လင်းဟိုင်မြို့တော်၏ ရဲဝန်ထမ်းများက ထိုအမှု၏ လုပ်ဆောင်ချက်များကို အလွန်မရှင်းလင်း၍ ဖမ်ဟန့်ကို အတည်ပြုပေးရန် ဖိတ်ခေါ်လိုနေပေသည်။
ဖမ်ဟန့် : ....
အဲ့ဒါနဲ့ ပတ်သတ်ပြီး တစ်ခုခုမှားနေတာ မဟုတ်ဘူးလား...
ဖမ်ဟန့်က ရဲစခန်းသို့ အလျင်အမြန်သွားလိုက်သည့်အခါ သံသယရှိသူများက ထူးထူးဆန်းဆန်းများ ရေရွတ်နေသည်နှင့် ကြုံရသည်။ သူက မကြာသေးမီက ဘီယာနှင့် အသားကင်ယူလာတတ်သည့် အလုပ်သမားခေါင်းဆောင်ကို နားမလည်နိုင်စွာ တွေးမိသွားသည်။
"တကယ်... လူသားတွေကို စားနိုင်တဲ့ ယုန်မိစ္ဆာ တစ်ကောင်ရှိတယ်..."
"ကလေးတွေကို သယ်သွားတဲ့ ပိဿာချိန် ရာကျော်လေးတဲ့ လိပ်အကြီးကြီးလဲ ရှိတယ်..."
"မိစ္ဆာတွေရှိတယ်... သူတို့က ငါတို့ကို စားချင်နေတာ... ရဲသားကြီးတို့ မင်းတို့ ငါတို့ကို ကာကွယ်ရမယ်..."
ပိဿာတစ်ရာလေးတဲ့ လိပ်တစ်ကောင်က ဘယ်လောက်ကြီးမှာလဲ... ယုန်တစ်ကောင်ကလည်း ဘယ်လောက် ကြီးမှာလဲ... သူတို့က လူကို စားနိုင်တာလား...
တစ်ချို့လူများက သူတို့သည် ပြစ်မှုပေါ့လျော့စေရန် စိတ်ရောဂါအခြေအနေရှိနေသည်ဟု ဟန်ဆောင်နေကြသည်ဟု သံသယရှိကြသည်။ အရာရာတိုင်းက သာမန်ပြန်ဖြစ်သွားသည်။
အံ့ဩစရာအကောင်းဆုံးမှာ တစ်စုံတစ်ဦးက ပြန်ပေးဆွဲခံလိုက်ရသော ကလေးနှစ်ဦးကို လမ်းတစ်ခုပေါ်တွင် တွေ့ရှိခဲ့သည်။ သူတို့က အိမ်တစ်အိမ်၏ အမိုးအောက်တွင် တိတ်တဆိတ် ထိုင်နေပြီး သူတို့လက်များထဲတွင် မုန့်နှင့် နို့များပင် ရှိနေသည်မှာ သူတို့က တစ်နေ့တာ အပျော်ခရီးမှ ပြန်လာပြီး လမ်းဘေးတွင် အနားယူရန် ထိုင်နေသကဲ့သို့ပင်။
ဖမ်ဟန့်က သူ့ဦးနှောက်မှာ တစ်ခုခုမှားနေသည်ဟု ခံစားလိုက်ရသည်။ ထိုဖရိုဖရဲအဖြစ်အပျက်များကြုံတွေ့ပြီးနောက် သူပထမဆုံးတွေးမိသည်မှာ ဖူလီဖြစ်သည်။ နောက်ဆုံးတွင် ၄င်းကို တွေးတောပြီးနောက် သူက ဤရလာဒ်ကိုသာ လက်ခံနိုင်ပေသည်။ ၄င်းမှာ ဖူလီဟုအမည်ရသည့် လူ၏ သရုပ်မှန်က လုံခြုံရေးဌာနတွင် ရှိနေပြီး သူက ထူးဆန်းသည့်အပြုအမူများ ပြုလုပ်ခဲ့လျှင်လည်း အလုပ်နှင့် သက်ဆိုင်နေပေသည်။
ထိုအချက်ဖြင့် သူသည် ဖူလီက စီစဉ်ထားသော လေယာဉ်များကို စီးခဲ့သည်လားဆိုသည်ကို ဆုံးဖြတ်ရန်အတွက် ဝင်ပေါက်နှင့် ထွက်ပေါက်ရှိ လုံခြုံရေး ကင်မရာကို ထပ်မံ မစစ်ဆေးလိုတော့ပါပေ။
ဆောင်းဦးလယ်ပွဲတော် မိသားစုများပြန်လည် ဆုံစည်းကြသောနေ့တွင်...
ချူးယွီက ညလေအေး သူ့ကို ဖြတ်သန်းတိုက်ခတ်နေစဉ် ကောင်းကင်ရှိ လကိုကြည့်နေလေသည်။ သူက စိတ်ဝင်စားစွာ မေးလိုက်သည်။
"ဖူကော... လကို ဆုတောင်းတာကနေ ဘာရစရာရှိလဲ..."
"လရောင်က ကျင့်ကြံခြင်းကို မြင့်တင့်ပေးနိုင်တယ်..."
ဖူလီက မော့ကြည့်လိုက်ပြီး ကောင်းကင်ရှိ တောက်ပနေသော လကို ငေးကြည့်လိုက်သည်။ သူက ခေါင်မိုးပေါ်မှ ယောင်ကျင့်ကြံသူများကို ပြောလိုက်သည်။
"မင်းတို့အားလုံးမှာ ကိုယ်ပိုင်ကျင့်ကြံရေးနည်းလမ်းရှိတယ်လေ... ငါ မင်းတို့ကို လမ်းပြပေးလို့ရတာ အများကြီးတော့ မရှိဘူး... လကိုဆုတောင်းပြီးရတဲ့ ထပ်ပေါင်း ကျင့်ကြံခြင်းက မင်းတို့ ဒုတိယအလုပ်ကနေ တိတ်တိတ်လေး စုထားတဲ့ ပိုက်ဆံနဲ့တူတယ်... လူတိုင်းရဲ့ အများက လက်ခံထားတဲ့ ကျင့်ကြံခြင်း နည်းလမ်းတွေမှာ ဘာဆိုးကျိုးမှ မရှိဘူး..."
ဖူလီ ထိုစကားများပြောသောအခါ လူတိုင်းက ပို၍ လေးနက်လာကြသည်။ သူတို့၏ အဝတ်အစားများကို သပ်ရပ်အောင်ပြင်ဆင်ကာ နောက်တွင် သူတို့က လကိုကောင်းကောင်းဆုတောင်းရန် ဆုံးဖြတ်ထားလေသည်။
လူတိုင်းက အလွန်လေးနက်လာသည်ကိုမြင်ရာ ဖူလီက ကျွမ်းချင်ဆီသို့ လျှောက်သွားပြီး ညင်သာစွာ မေးလိုက်သည်။
"မင်းရော ဆုတောင်းမှာလား..."
ကျွမ်းချင်က သူ့အမေးကို မေးခွန်းတစ်ခုနှင့် ပြန်ဖြေလိုက်သည်။
"မင်းကရော..."
"ငါက ဆုတောင်းမှာပေါ့... ငါက အရင်တုန်းက နှစ်တိုင်း ဆုတောင်းတယ်..."
ဖူလီက ကျွမ်းချင်၏ လက်ကောက်ဝတ်ကို ဆွဲလိုက်ပြီး ခေါင်မိုးပေါ်တွင် နေရာကောင်းတစ်ခုကိုရှာလိုက်သည်။
"ဒီနားမှာ ရပ်နေပြီး နောက်ကျရင် ဆုတောင်းရအောင်..."
ကျွမ်းချင်က သူ့၏ တောက်ပနေသော မျက်လုံးများကို စိုက်ကြည့်ပြီးနောက် ကောင်းကင်ရှိ လကို ပြန်ကြည့်လိုက်သည်။
"ဟုတ်ပြီ..."
အဝတ်များကို ပြင်ဆင်နေသော ကျန်းခယ့်က ဖူလီတစ်ခြားတစ်ဖက်တွင် ရပ်နေသည်ကို မြင်လိုက်ပြီး သွားရန်ပြင်လိုက်ရာ ချူးယွီက သူ့ကို လှမ်းဆွဲလိုက်သည်။
"မင်းဘာလုပ်နေတာလဲ..."
"ကျွန်တော်က ဖူကောနဲ့ သွားရပ်မလို့လေ..."
ကျန်းခယ့်က ချူးယွီ သူ့ကို အဘယ့်ကြောင့်ဆွဲထားသည်အား နားမလည်ပါပေ။
"ဘာလို့ကျွန်တော့ကို ပြန်ဆွဲထားတာလဲ..."
"ရပ်မယ်... မင်းမျက်လုံးတွေက ဘယ်မှာလဲ..."
ချူးယွီက သူ့အသံကို နိမ့်ပြောလိုက်သည်။
"ဒီည ဘော့စ်လာတာ မမြင်ဘူးလား... ကောင်ချောလေး နှစ်ယောက်အတူတူရပ်နေတယ်ဆိုတာ မျက်စိပသာဒဖြစ်စရာပဲ... ဒါပေမဲ့ မင်းက အတင်းသွားဝင်ရင် ဂျင်ဆင်းတွေကြားမှာ မုန်လာဥနီ ပေါ်လာတာနဲ့ အတူတူပဲလေ... အဲ့ဒါက ကြည့်လို့ကောင်းမှာလား..."
ကျန်းခယ့် : ...
ထိုဖော်ပြချက်က အနည်းငယ် ကြမ်းတမ်းသော်လည်း ဖူလီဘေးတွင် ကျွမ်းချင်ရပ်နေသည်ကိုကြည့်လိုက်သည့်အခါ သူက အမှန်တကယ်ပင် ထိုနေရာသို့သွားရန် ရည်ရွယ်ချက်ကို ရပ်တန့်လိုက်သည်။
ညလယ်ရောက်လာလေသည်။ ဖူလီက ဆိုလိုက်သည်။
"အခမ်းအနားနဲ့ ရပ်နေစရာမလိုပါဘူး... စိတ်ရင်းမှန်မှန်နဲ့ ဆုတောင်းရင် အဆင်ပြေပါတယ်..."
လမင်းက လူသားများကဲ့သို့မဟုတ်ပါပေ။ ၄င်းက မလိုအပ်သော အသေးစိတ်ပြင်ဆင်မှုအပေါ်တွင် စိတ်မဝင်စားပါပေ။ စိတ်ရင်းမှန်သော လူတစ်ယောက်၏ လေးစားသော အရိုအသေပေးမှုက လရောင်နှင့် အပြန်အလှန်အပေးအယူဖြစ်ပေမည်။ စိတ်ရင်းမှန်ကန်မှု မရှိပါက သုံးကြိမ်တိုင်တိုင် ဦးညွတ်ပြီး ကိုးကြိမ်တိုင်တိုင် ရိုသေခယသော်လည်း အသုံးမဝင်ပါပေ။ သူက ကျွမ်းချင်ကို လှည့်ကြည့်လိုက်သည်။ သူက ဖူလီ့ကို ကြည့်နေလေသည်။ ဖူလီက လက်နှစ်ဖက်ကို အတူတကွယှက်ထားလိုက်ပြီး မျက်လုံးများကို ပိတ်ကာ လဆီသို့ ဦးညွတ်လိုက်သည်။ ထို့နောက်တွင် သူက ယုန်ဖြူတစ်ကောင်အဖြစ်သို့ ပြောင်းလဲလိုက်သည်။ သူ့ရှေ့ခြေများကို အတူတကွ ထားလိုက်ပြီး သူက အရိုအသေပေးခြင်းကို ပြီးမြောက်စေလိုက်သည်။
အဆုံးမရှိသော တောက်ပခြင်းက သူ့ကိုယ်ပေါ်သို့ သွန်းလောင်းလာကာ မရေမတွက်နိုင်သော အလင်းတန်းများက သူ့ကို လွှမ်းခြုံလိုက်သည်။ သူ့အမွေးတစ်မျှင်စီတိုင်းက တောက်ပနေသည်။ ကျွမ်းချင်က ဖူလီကို ခေတ္တမျှ တိတ်တဆိတ် ကြည့်လိုက်ပြီး လဆီသို့ ဦးညွှတ်လိုက်သည်။
လရောင်၏ စွမ်းအားက အလွန်အမင်း ညင်သာနေပေသည်။ အရိုအသေပေးလိုက်ရာ သူ့ခန္ဓာတစ်ခုလုံးက နွေးထွေးသော သေတ္တာတစ်လုံးထဲတွင် လွှမ်းခြုံခံထားရသည်ဟု ခံစားလိုက်ရသည်။ ၄င်းက သယ်ဆောင်လာသော မူးဝေသည့် ခံစားချက်က သူ့ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ပြုလုပ်နေပေသည်။ အချိန်တိုလေးကုန်ဆုံးသွားသည်ဟု ခံစားရသော်လည်း တစ်ချိန်တည်းမှာပင် အချိန်အကြာကြီး ကုန်ဆုံးသွားပြီဟု ခံစားလိုက်ရသည်။ သူက မျက်လုံးများဖွင့်လိုက်သည့် အချိန်တွင် အာရုံတက်လုနီးပါးပင် ဖြစ်နေပေသည်။
"မင်းနိုးလာပြီလား..."
သူ့ဆီသို့ လမုန့်တစ်ခုကို ကမ်းပေးလာသည်။ ဖြူဖွေးကာ နူးညံ့သော လက်နှင့် လမုန့်ကြားက ကွဲပြားမှုသည် လမုန့်ကို ပိုအရသာရှိဟန် ပေါက်စေပေသည်။
ကျွမ်းချင်က လမုန့်ကို ယူလိုက်ပြီး ဘေးသို့ လှည့်ကြည့်လိုက်သည်။ သူ့၏ တခြားသော လုပ်ဖော်ကိုင်ဖက်များက မြေပြင်တွင် တင်ပုလ္လင်ချိတ်ထိုင်ကာ လမုန့်ကို စားသောက်နေကြပေသည်။ စားပွဲပေါ်တွင် လမုန့်တစ်ခုပင် မကျန်တော့ပါပေ။
"ဒီဂျူနီယာတွေက အစားအသောက်နဲ့ပတ်သတ်လာရင် အရမ်းကြမ်းတမ်းကြတာပဲ..."
ဖူလီက သူ့၏ ချမ့်ခွန်းအိတ်ထဲမှ လမုန့်နှစ်ပန်းကန်ကို ထုတ်လိုက်သည်။
"ငါမြန်မြန်လေး သတိဝင်ပြီး လိုရမယ်ရ နှစ်ပန်းကန်ယူထားလိုက်တာ ကံကောင်းတာပဲ... အဲ့လိုမှမဟုတ်ရင် ငါတို့မှာ စားစရာရှိမှာမဟုတ်ဘူး..."
သူက စကားပြောနေရင်းဖြင့် ကျွမ်းချင်ကို ပန်းကန်းတစ်ချက် လှမ်းပေးလိုက်သည်။ ထို့နောက် သူက နူးညံ့သော ကူရှင်နှစ်ခုကို ထုတ်ကာ မြေပြင်ပေါ်တွင် တင်ပုလ္လင်ခွေထိုင်လိုက်သည်။
ကျွမ်းချင်က လမုန့်ပန်းကန်များကိုကိုင်ကာ ဖူလီ၏ ရဲရင့်သော ထိုင်နေဟန်ကို တိတ်တဆိတ် ကြည့်လိုက်သည်။
"ထိုင်..."
ဖူလီက သူ့ဘေးမှ ကူရှင်ကို ပုတ်လိုက်ပြီး လမုန့်တစ်ခုကို သူ့ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ သူ့ပါးစပ်က အလွန်ကြီးဟန်မရသော်လည်း လမုန့်က သူ့ပါးစပ်ထဲသို့ ကျသွားသည့်အခါ အဆုံးမရှိသော တွင်းကြီးတစ်ခုထဲသို့ ကျသွားသည်နှင့် တူပေသည်။ အရိပ်ပင် မမြင်ရတော့ပါချေ။
ကျွမ်းချင်က ဖူလီထိုင်သည့် ပုံစံကို အတုခိုးကာ ထိုင်ချလိုက်သည်။ သူက ကိုင်ထားသော လမုန့်ကို ကိုက်လိုက်သည်။ ၄င်းက အမှန်ပင် အရသာကောင်းပေသည်။ ပို၍ ရှားသည်မှာ ထိပ်တွင်ဝိညာဉ်ချီဓာတ်များဖြင့် ဖြည့်ထားခြင်း ဖြစ်သည်။ ဝိညာဉ်ချီဓာတ်က သာမန်လောက၏ အညစ်အကြေးတစ်ခုမှပင် မပါပဲ အလွန်သန့်စင်နေပေသည်။
လမုန့်အနည်းငယ်အတွက် ယှဉ်ပြိုင်မှုများရှိနေသည်က မထူးဆန်းပါပေ။ ၄င်းက လမုန့်များကြောင့် မဟုတ်ပဲ အပေါ်မှ ဝိညာဉ်ချီဓာတ်ကြောင့်ဖြစ်ပေသည်။
"အရင်တုန်းက ရောင်ပြန်မြူတောင်ပေါ်မှာ ငါတို့က လကို ဆုတောင်းတဲ့အနေနဲ့ လာဘ်ပစ္စည်းတွေကို ပြထားရတာကို ကြိုက်တယ်... ဆုတောင်းပြီးရင် လူတိုင်းက အတူတူထိုင်ပြီး လာဘ်ပစ္စည်းတွေကို ဝေမျှရတာကြိုက်တယ်... အဲ့ဒါက အရမ်းအသက်ဝင်တာ..."
ဖူလီက ဝိညာဉ်အဆီအနှစ်တစ်ပုလင်းကို ထုတ်လိုက်ပြီး ကျွမ်းချင်ကို ကမ်းပေးလိုက်သည်။
"စားနေတုန်းရေသောက်... မနင်စေနဲ့..."
ကျွမ်းချင်က ပုလင်းကို ဖွင့်ပြီး တစ်ငုံသောက် လိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ရုတ်တရက် ပေါ့ပါးလာသည်။
" ဝောာင်ပေါ်က ယောင်ကျင့်ကြံသူတွေထဲမှာ တစ်ချို့က ဂီတတူရိယာတွေ တီးတာတော်တယ်... တခြားသူတွေက ဆိုတာနဲ့ ကတာမှာတော်ကြတယ်... လူတိုင်းက သီချင်းဆို ကကြပြီး အချိန်ကိုမေ့တဲ့အထိ ဆော့ကြတာ..."
ဖူလီက အပြုံးတစ်ခုကို လှစ်ပြလိုက်သည်။ သူက ကျွမ်းချင်ရှေ့တွင် ရောင်ပြန်မြူတောင်အကြောင်းကို ပြောဆိုသည့် အချိန်များထဲတွင် ဤအပြုံးက သဘာဝ အကျဆုံး ဖြစ်လေသည်။
"ရောင်ပြန်မြူတောင်က အနီးမှာ မရှိပေမဲ့ လူတိုင်းက အသက်ရှင်ပြီး ကောင်းကောင်းမွန်မွန်ရှိနေလောက်မှာပါ... သူတို့ ရှိနေရင် ဘယ်နေရာကမဆို ရောင်ပြန်မြူတောင်ဖြစ်နိုင်တယ်... နောက်ပိုင်း ငါ သူတို့ကို တွေ့ခဲ့ရင် မင်းကို ရောင်ပြန် မြူတောင်ရဲ့ စုစည်းပွဲကို ခေါ်သွားပြီးတော့ မင်းကို ဝိညာဉ်ရေပူစမ်း၊ ဝိညာဉ် ဝိုင်၊ အလှဆုံး သီချင်းတွေ အကတွေနဲ့ ဧည့်ခံမယ်..."
သူ့မျက်နှာပေါ်မှ အပြုံးကိုမြင်ရာ ကျွမ်းချင်က ကျူးယွဲ့၏ ပုံစံအစစ်ကို မပြောလိုက်ပါပေ။ သူက နှုတ်ခမ်းထောင့်များကို သုတ်လိုက်လေသည်။
"ဟုတ်ပြီ..."