Chapter 111
ဖူလီ
သူသည်လည်း ဖူလီငယ်စဉ်က ပျိုးထောင်ပေးခဲ့သော ယောင်ကျင့်ကြံသူများကို မြင်လိုပေသည်။ သူက ဖူလီ တစ်ချိန်က မည်သို့နေထိုင်ခဲ့သည်ကို နားလည်လိုပေသည်။
သူကိုယ်တိုင်လည်း အဘယ့်ကြောင့် ထိုကဲ့သို့ အတွေးမျိုးဝင်မိသည်ကို နားမလည်ပါပေ။ သို့သော် ကျင့်ကြံသူတစ်ဦးအနေဖြင့် သူ့၏ အတွေးအစစ်များအပေါ်တွင်များစွာ မနစ်မွန်းလိုပါပေ။ ထိုနေရာတွင် ပေါ်လာသည့် ကိစ္စများစွာက မည်သည့် အကြောင်းပြချက်သည်မှ နားမလည်နိုင်ပါပေ။
"မင်းက ထောင်ဝူဆီကနေ ငါ့ကို ကယ်ခဲ့တာ... ငါမင်းကို ကျေးဇူးတင်ချင်ပါတယ် ဒါပေမဲ့ အဲ့စကားနှစ်လုံးက အရမ်းကို မသိသာသလို အလေးအနက်မဆန်လို့ ငါမပြောနိုင်ဘူး..."
ဖူလီ၏ တောက်ပနေသော မျက်လုံးများက ကျွမ်းချင်ကို ငေးကြည့်နေသည်။
"အသက်ကယ်တဲ့ ကျေးဇူးတရားက ပြန်ပေးလို့မရဘူး... ငါက ဒီခင်မင်မှုကို မလေးမစားမပြုမိအောင် အရမ်း အရမ်း ကောင်းကောင်းဆက်ဆံပေးပါ့မယ်..."
သူက ကြင်နာမှုဟု မပြောခဲ့သော်လည်း ခင်မင်မှုဟု ဆိုလာခဲ့သည်။
သူ့မျက်လုံးများက အလွန်တောက်ပနေ၍ ကျွမ်းချင်၏ နှလုံးသားထဲသို့ ရောက်ရှိလာလေသည်။ သူ့နှလုံးသားကို တစ်စုံတစ်ခုက တင်းတင်းလာဆိတ်နေသည်ကို ခံစားရသည်။ ၄င်းက ညင်သာစွာ ပြေလျော့သွားပြီး နောက်တစ်ကြိမ်တွင် ထပ်မံ ဆုပ်ကိုင်လာပေသည်။ သူက အနည်းငယ် အသက်ရှုကြပ်လာသည်ဟု ခံစားရသော်လည်း ထိုခံစားချက်နှင့် ခွဲခွာရန် တွန့်ဆုတ်နေပေသည်။
ထူးဆန်းလိုက်တာ...
"ဘာခင်မင်မှုလဲ... လျှောက်ပြောမနေနဲ့တော့..."
ကျွမ်းချင်က သူ့ခေါင်းကို ငုံ့လိုက်ပြီး လမုန့်သုံးခုကို တစ်ဆက်တည်း စားလိုက်ပြီး စိတ်ဝိညာဉ် အဆီအနှစ်ကို တစ်ငုံသောက်လိုက်သည်။ သူမော့ကြည့်လိုက်သောအခါ ဖူလီက ယခင်အတိုင်း အမူအရာမဲ့ ရှိနေဆဲ ဖြစ်လေသည်။
"ငါက ကလေးမဟုတ်တော့ဘူး... ငါ့ကို အရမ်း ကောင်းကောင်း ဆက်ဆံစရာမလိုပါဘူး..."
"မင်းက တော်တာကို ငါသိပါတယ်... ဒါပေမဲ့ အနည်းဆုံးတော့ ငါ့ကို မျက်နှာသာပေးသင့်တယ် မဟုတ်လား..."
ဖူလီက စိတ်ဝိညာဉ် အဆီအနှစ်နောက်တစ်ပုလင်းကို ထုတ်လိုက်ပြီး ကျွမ်းချင်ကိုပေးလိုက်သည်။
"ငါက မင်းကို ကောင်းကောင်းဆက်ဆံတာကို ငါတို့က လုပ်ဖော်ကိုင်ဖက်ဆိုတဲ့ အချက်အပေါ်မူတည်ပြီး မင်းက ကောင်းကောင်းလက်ခံလိုက် ဟုတ်ပြီလား..."
ကျွမ်းချင်က ဘေးသို့ခေါင်းလှည့်လိုက်သည်။
"မင်းပြောလိုက်သမျှက အဓိပ္ပာယ်ကို မရှိဘူး..."
"နေထွက်တော့မယ်..."
ဖူလီက ရုတ်တရက် သူ့ကို ပခုံးပုတ်ကာ အရှေ့ဘက်ကောင်းကင်ကို ညွှန်ပြလိုက်သည်။
"မြန်မြန် ကြည့်လိုက်..."
ကျွမ်းချင်က ဖူလီညွှန်ပြရာဘက်သို့ လှမ်းကြည့်လိုက်သည်။ မှုန်ဝါးဝါးကောင်းကင်တွင် ပေါ်လာနေပြီ ဖြစ်သော အလင်းတန်းက အထူးထင်ရှားနေပေသည်။ ထိုအလင်းတန်းက အဖွင့်အလင်း၏ သော့ချက်ဖြစ်သည်။ မကြာမီတွင် အရှေ့ကောင်းကင်က ရဲရဲနီလာပြီး နေမင်းက မိုးကုပ်စက်ဝိုင်းဆီသို့ တြဖည်းဖြည်း မြင့်တက်လာပြီး ဘဲဥတစ်လုံး၏ အနှစ်နှင့် တူနေပေသည်။
နေ့အချိန်ရောက်ပြီ ဖြစ်သည်။
"မနက်စာအတွက် ကြက်ဥကြော်စားရအောင်..."
ဖူလီက မနက်ခင်းနေမင်းကို အတန်ကြာအောင် ငေးကြည့်လိုက်ပြီး ကျွမ်းချင်ဘက်သို့ လှည့်လိုက်သည်။
"မင်းအိမ်ကို သွားပြီး ချက်စားရအောင်..."
ကျွမ်းချင်က နောက်ဆုံး လမုန့်ကို အပြီးသတ်လိုက်ပြီး သူပန်းကန်ကို ဖူလီပေါ်သို့ တင်ပေးလိုက်သည်။ သူက ထရပ်ပြီး သူ့ဘောင်းဘီကို ပွတ်လိုက်သည်။
"သွားစို့..."
"ဘယ်လဲ..."
"ငါ့အိမ်ကို ဟင်းချက်ဖို့လေ..."
"ဘော့စ်နဲ့ ဖူလီက ဘယ်တုန်းက ခိုးထွက်သွားကြတာလဲ..."
"မင်း နောက်ဆုံး လမုန့်ကို အပြီးသတ်နေတုန်းက..."
ဟွမ်ဟို့က သူ့မုတ်ဆိတ်ကို ပွတ်သပ်လိုက်သည်။
"ငါဒီနေ့ အလုပ်လုပ်စရာ မလိုဘူး... ပြန်ပြီး အနားယူတော့မယ်..."
အရေးအကြီးဆုံးမှာ သူသည် မနေ့ညက ဝိညာဉ် ချီဓာတ်များစွာကို ယူဆောင်လိုက်ပြီး အိမ်ပြန်ကာ စုပ်ယူရန် လိုပေသည်။
"နောက်တစ်ခု ကုန်သွားပြီ..."
လင်းကွေက စရိုက်ကောင်းတစ်ခု ရှိပြီး သူ ကိစ္စများကိုလုပ်ဆောင်သည့် နည်းလမ်းတွင်လည်း အနည်းငယ် နှေးကွေးပေသည်။ သူနှင့် ဟွမ်ဟို့က ခေါင်းမိုးပေါ်မှ အမှိုက်များကို ရှင်းလိုက်ပြီး သူတို့နှစ်ဦးစလုံး၏ မူလပုံစံများက လိပ်မျိုးနွယ်များ ဖြစ်နေကြ၍ ကိစ္စများ လုပ်ဆောင်ရာတွင် အလွန်နှေးကွေးသော ချို့ယွင်းချက်ရှိပေသည်။
"ဖူကောက တကယ်ကို အများကြီးသိတာပဲ..."
ဟွမ်ဟို့က စားပွဲကို သုတ်လိုက်သည်။
"လကိုတစ်ခါတည်း ဆုတောင်းတာက ငါ့ကို ကျင့်ကြံခြင်း နှစ်အနည်းငယ်ထက် ပိုပြီး အကျိုးရှိတယ်လို့ ခံစားရတယ်..."
လင်းကွေက ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။
"ဖူကောက အရမ်းအစွမ်းထက်ပြီး မဟာမိစ္ဆာတစ်ကောင်ပေါ်လာပြီး ပြသနာရှာတိုင်း သူက အားစိုက်အထုတ်ရဆုံး ဖြစ်နေပေမဲ့ ဘော့စ်က လစာအများကြီး နုတ်ထားတာ သနားစရာပဲ..."
ဟွမ်ဟို့က အသံတိုးတိုးနှင့် ဆိုလိုက်သည်။
"သူတို့ပြောကြတဲ့ ဘော့စ်က အရမ်းကပ်စေးနည်းတယ်ဆိုတာ အမှန်လား..."
"မင်းဘယ်လိုထင်လဲ..."
လင်းကွေက အပြုံးတစ်ခုနှင့် ပြန်မေးလိုက်သည်။
ဟွမ်ဟို့က ခေါင်းခါလိုက်သည်။
"ကျွန်တော်က မတွေးရဲပါဘူး..."
"အဆင်ပြေပါတယ်... မင်းနောက်ကျရင် သိလာမှာပါ..."
လင်းကွေ၏ မျက်လုံးများက လူငယ်မျိုးဆက်အတွက် စိတ်ရှည်မှုဖြင့် ပြည့်နှက်နေလေသည်။
"ငါမင်းကို ယုံပါတယ်... ကံကောင်းပါစေ..."
ဟွမ်ဟို့ : ...
ဒီလို ယုံကြည်မှုမျိုးက သူ့ကို ဂုဏ်ယူအောင် မလုပ်နိုင်ဘူးပဲ...
ဖူလီက ကျွမ်းချင်အိမ်သို့ ပြေးသွားကာ ကြက်ဥကြော်ကို အောင်အောင်မြင်မြင် စားလိုက်ပေသည်။ ထို့နောက် သူက မူလပုံစံသို့ပြောင်းကာ ထိုင်ခုံပေါ်တွင် အိပ်ပျော်သွားသည်။ အကြောင်းပြချက်မရှိပဲ သူက လွန်ခဲ့သည့် နှစ်ရက်အတွင်း ဆက်တိုက်ပင်ပန်းနေကာ လှဲလိုက်သည်နှင့် အိပ်ပျော်သွားလေသည်။
မီးဖိုချောင်ကို သန့်ရှင်းပြီးနောက် ကျွမ်းချင်က အပြင်သို့ လျှောက်ထွက်လာရာ ယုန်က သူ့၏ ထိုင်ခုံပေါ်တွင် ခြေကားယား လက်ကားယားနေကာ ဝမ်းဗိုက်ကို လှစ်ဟပြီး အိပ်နေသည်ကို တွေ့လိုက်သည်။ သူက ရေချိုးမျက်နှာသုတ်ပုဝါတစ်ထည်ကို ယူပြီး ယုန်ကို ဖုံးပေးကာ အပေါ်ထပ်သို့ တက်လာလိုက်သည်။ထို့နောက် သူ စာအုပ်တစ်အုပ်ကို ယူကာ အောက်သို့ ပြန်ဆင်းလာလိုက်သည်။
စာအုပ်မှာ အဝါရောင် ပြောင်းနေပြီးဖြစ်ကာ စာအုပ်အား ချုပ်ထားသည့် ချည်ကြိုးတစ်ချို့သည်လည်း ထွက်လာနေပြီ ဖြစ်သည်။ စာအုပ်က အနည်းငယ် အားသုံးကာ အသုံးပြုလိုက်ပါက တစ်စစီ ပြုတ်ကျလာတော့မည်ဟု ခံစားရပေသည်။ စာအုပ်မှာ ရှေးဟောင်း မဟာမိစ္ဆာကြီးများ၏ မှတ်တမ်းတစ်ချို့ပါဝင်ပေသည်။ သို့သော် ကိစ္စအားလုံးတွင် ထိုမဟာမိစ္ဆာများက ခန့်ညားလှသော ခန္ဓာကိုယ်များနှင့် မကောင်းဆိုးဝါး သွင်ပြင်ရှိပေသည်။ ဖူလီကဲ့သို့ ချစ်စရာကောင်းသည့် ယောင်ကျင့်ကြံသူများက ကျော်ကြားမှု အနည်းငယ်သာ ရှိပေသည်။ အများဆုံးမှာ သူတို့က တစ်ခြားယောင်ကျင့်ကြံသူများ၏ အစာဖြစ်လာခြင်းသာ ဖြစ်သည်။
စာရွက်ဝါများကို လှန်ကာ ကျွမ်းချင်က တောဝက်ရိုင်းတစ်ကောင်ဟု ထင်ရသော မှုန်ဝါးဝါး စိတ်ကူးယဉ် ရုပ်ပုံတစ်ခုကို မြင်လိုက်သည်။
တန့်ကန်း...
ဝက်တစ်ကောင်နှင့် သွင်ပြင်တူသည်။ တန့်ကန်း ထွက်ပေါ်လာမှုသည် ကမ္ဘာကြီးက ကြီးပွားသော နှစ်တစ်နှစ်ဖြစ်လာမည်ဟူသော နိမိတ်တစ်ခုဖြစ်ပေသည်။
စကားလုံး ၂၁လုံးခန့်သာ ရှိပြီး ပုံပျက်နေသော ရုပ်ပုံတစ်ခုမှအပ တခြားသော မှတ်တမ်းများ မရှိပါပေ။
ကျွမ်းချင်က ငြိမ်းချမ်းစွာ အိပ်နေသောယုန်ကို ကြည့်လိုက်ပြီး ရုတ်တရက် ရယ်စရာထင်ကြေးတစ်ခု ပေါ်လာသည်။
ဖူလီက အလွန်ထူးဆန်းသော အိပ်မက်တစ်ခုမက်နေပေသည်။ သူက သူသည် စကားမပြောနိုင်သော အလင်းလုံးကြီးတစ်ခုဖြစ်နေသည်ဟု အိပ်မက်မက်ပေသည်။ ထို့နောက် သူက လေပြင်နှင့် ကျောက်တုံးတစ်ခုအဖြစ်သို့ တိုက်ခတ်ခံလိုက်ရသည်။ သူက ကျောက်တုံးတစ်ခု မဖြစ်လာလို၍ များစွာ ရုန်းကန်ပြီးနောက် ယုန်တစ်ကောင်ဖြစ်လာပေသည်။
နွေးထွေးသော လက်တစ်ဖက်က သူ့နောက်ကျောသို့ ရောက်ရှိလာသည့် အချိန်အထိပင်။ သူက မျက်လုံးများကို ဖွင့်လိုက်ရာ ကျွမ်းချင်၏ တည်ကြည်သော မျက်နှာကို တွေ့လိုက်ရသည်။
ကျွမ်းချင်က သူ့လက်ကို လျှပ်စီးအလျင်ဖြင့် နောက်ဆုတ်လိုက်ပြီး တင်းမာသော မျက်နှာဖြင့် ဆိုလိုက်သည်။
"မင်းက ရေချိုးတဘတ်ကို ကြမ်းပြင်ပေါ်ကို ကန်ချလိုက်တယ်... ငါက မင်းကို အဲ့ဒါနဲ့ဖုံးပေးမလို့..."
ဖူလီက ထထိုင်လိုက်သည်။ သူက ကြမ်းပြင်ပေါ်ရှိ ရေချိုးတဘတ်ကို မြင်လိုက်သည်။ သူ့အမြီးကို ခါလိုက်ပြီး ထိုင်ခုံပေါ်သို့ တက်ကာ ပြန်လှဲလိုက်သည်။
"ကျေးဇူးပဲ..."
ဖူလီက စောင်ခြုံခံရရန် စောင့်နေသည့် ဟန်ဖြင့်နာနာခံခံ လှဲလိုက်သည်ကို ကြည့်ကာ ကျွမ်းချင်က ရေချိုးတဘတ်ကို ကောက်လိုက်ပြီး သူ့ကို ခြုံပေးလိုက်သည်။
"နေ့လည် မင်းဘာစားချင်လဲ..."
"ငါက အစားမရွေးပါဘူး... ငါက မုန်လာဥနီ၊ ဂေါ်ဖီ၊ ကြက်ဟင်းခါးသီးနဲ့ ယွီရှင်းသစ်သီးတွေပဲ မကြိုက်တာ..."
သူက ဟင်းသီးဟင်းရွက်များစွာ၏ အမည်ကို ကြားရာ ကျွမ်းချင်က သူ့၏ စိတ်ရှည်မှု အဆုံးထိ ရောက်သွားပြီး ယုန်ခေါင်းကို ပွတ်ပေးလိုက်သည်။
"မင်းက တကယ်အစားရွေးတာပဲ..."
ကျွမ်းချင်က ထိုသို့ ပြောသော်လည်း ရေခဲသေတ္တာကို ဖွင့်သောအခါ ဖူလီရွတ်လိုက်သည့် ဟင်းသီးဟင်းရွက်များကို ရှောင်လိုက်ဆဲဖြစ်သည်။
ဖူလီက နှာချေကာ လူသားအဖိုးအိုတစ်ဦးက လူတစ်ယောက်၏ နှလုံးသားလမ်းကြောင်းမှာ အစာအိမ်ကို ဖြတ်သွားသည်ဟု ပြောဖူးသည်ကို တွေးမိလေသည်။ ကျွမ်းချင်၏ ဟင်းချက်စွမ်းရည်နှင့်ဆိုလျှင် သူက အနာဂတ်တွင် အမျိုးသမီး ယောင်ကျင့်ကြံသူတစ်ဦးကို ကြိုက်ပါက သူမ၏ ချစ်ခင်မှုကို အလွယ်တကူ ရရှိမည် ဖြစ်ပေသည်။
ဘေးစားပွဲပေါ်တွင် အခွံခွာထားသော သစ်သီးတုံးများရှိပေသည်။ ဖူလီက တီဗွီဖွင့်ကာ ဘေးစားပွဲပေါ်သို့ ခုန်တက်လိုက်ပြီး တဖြည်းဖြည်း စားလိုက်လေသည်။
ကျွမ်းချင် ဟင်းချက်ပြီးသည့် အချိန်တွင် ဖူလီက သစ်သီးပန်းကန်တစ်ခုလုံးကို စားပြီးပြီ ဖြစ်သည်။ ယုန်ဝတုတ်က ထိုင်ခုံပေါ်တွင် မှေးကာ လှဲနေပြီး သူခန္ဓာကိုယ်၏ လက်မတိုင်းမှ ပျင်းရိမှုက ဖြာထွက်နေသည်။
"စားကြမယ်..."
လှုပ်ရှားမှု လုံးဝ မရှိသည့် ယုန်က ထိုစကားများကို ကြားသည်နှင့် ချက်ချင်းပင် ညစာစားပွဲပေါ်သို့ ခုန်တက်လာသည်။ သူက လူသားပုံစံပြောင်းကာ တူကို ကောက်ကိုင်လိုက်သည်။
"လက်ဆေးဦး..."
ကျွမ်းချင်က ဖူလီ၏ လက်များကို မကျေမနပ် ကြည့်လိုက်သည်။
သူက ယုန်ပုံစံနဲ့ ကြမ်းပြင်တွေ၊ ထိုင်ခုံတွေ၊ ဘေးစားပွဲတွေ အကုန်လုံးပေါ်လျှောက်တက်ထားတာ... သူ့လက်တွေ ဘယ်လိုလုပ်ပြီး သန့်ရှင်းနိုင်မှာလဲ...
ဖူလီက နာနာခံခံလက်ဆေးရန်သွားလိုက်သည်က ကျွမ်းချင်ကို ထိတ်လန့်သွားစေသည်။ လမ်းတစ်လျှောက်တွင် သူက မီးဖိုချောင်ထဲမှ စွပ်ပြုတ်ကိုပင် ခတ်လာပေသည်။
"ပေါင်ယွီရဲ့ ဟင်းချက်စွမ်းရည်က မင်းနဲ့ ယှဉ်လို့မရဘူး..."
ဖူလီက ငါးဗိုက်သားကို ကိုက်ကာ ကျွမ်းချင်ကို ချီးကျူးလိုက်သည်။
"ငါ့ကို ချီးကျူးရင် ခဏခဏ ချက်ကျွေးမယ်လို့ ထင်မနေနဲ့..."
ကျွမ်းချင်က ဗလာကျင်းနေသော ပန်းကန်လုံးကို ချလိုက်သည်။ ဖူလီမျက်နှာထက်တွင် မောပန်းနေဟန်များက ရှိနေဆဲဖြစ်ရာ သူက မျက်မှောင်မကြုတ်ပဲ မနေနိုင်ပါပေ။
"အိပ်ချင်နေတုန်းလား..."
ဖူလီက အနည်းငယ် ရှက်ရွံ့သွားလေသည်။
"ထားလိုက်တော့... ဘာပဲဖြစ်ဖြစ် ငါမင်းကို အများကြီး လုပ်ဖို့လဲ မျှော်လင့်လို့မရဘူး... သွားအိပ်တော့..."
ကျွမ်းချင်က စားပွဲပေါ်မှ ပန်းကန်အပေများကို ကောက်ကိုင်ကာ မီးဖိုချောင်ဆီသို့ လျှောက်သွားလိုက်သည်။ သူက တံခါးသို့ ရောက်သောအခါ ပြန်လှည့်ကြည့်လိုက်သည်။ ဖူလီက ယုန်ပုံစံသို့ ထပ်မံပြောင်းလိုက်ကာ ထိုင်ခုံပေါ်သို့ ခုန်တက်လိုက်သည်။
ကျွမ်းချင်က အကြည့်လွှဲလိုက်သည်။ သူ့နှလုံးသားထဲတွင် စိတ်မအေးသော ခံစားချက်တစ်ခု ရှိပေသည်။ လွန်ခဲ့သည့် နှစ်ရက်က ဖူလီနှင့် ပတ်သတ်၍ တစ်ခုခု မူမမှန်ဟု ခံစားရသည်။
ဖူလီက ထိုင်ခုံပေါ်သို့ ခုန်တက်လိုက်သောအခါ စာရွက်တစ်ချို့ကို တက်နင်းမိသကဲ့သို့ သူ့ခြေထောက်မှ တရှဲရှဲမြည်သံတစ်ခု ထွက်ပေါ်လာသည်။ သူက ကူရှင်ကို ခေါင်းနှင့် တိုးဖယ်လိုက်ပြီး ဟောင်းနွမ်းနေသော အဝါရောင် စာအုပ်တစ်အုပ်ကို တွေ့လိုက်သည်။ သူက စာဖတ်ရသည်ကို နှစ်ခြိုက်သော မိစ္ဆာတစ်ကောင်မဟုတ်ခဲ့သော်လည်း မကြာမီက သူ့၏ အကြီးဆုံး အိပ်မက်မှာ အစိုးရဝန်ထမ်းဖြစ်ရန် ဖြစ်ရာ လက်သည်းဖြင့် စာရွက်အနည်းငယ်ကို လှန်ကြည့်လိုက်သည်။
အတွင်းတွင် မျောက်ဝံဖြူကြီး သူ့ကိုပြောပြသလောက် မများသော်လည်း မိစ္ဆာသားရဲများ၏ အကျဉ်းချုပ် မိတ်ဆက်များရှိပေသည်။ သူ့၏ စိတ်ဝင်စားမှုက ချက်ချင်း မှေးမှိန်သွားပေသည်။ သူက စာအုပ်ကို ပိတ်လုဆဲဆဲတွင် သူ့ယုန်လက်သည်း၏ ထိန်းချုပ်မှုမဲ့ခြင်းက စာအုပ်နောက်ရှိ စာမျက်နှာတစ်ခုကို လှန်မိသွားစေသည်။
'တန့်ကန်း'ဟူသော စကားလုံးက သူ့အာရုံစိုက်မှုကို ဆွဲယူသွားသည်။
သူ ခွန်းဖမ်နှင့် စကားပြောစဉ်က ဤမိစ္ဆာသားရဲအကြောင်းကို သူပြောဖူးပေသည်။ သို့သော် မျောက်ဝံဖြူကြီးက သူ့ကို ထိုအကြောင်းတစ်ခါမှ မပြောဖူးသဖြင့် သူက ဤမိစ္ဆာအကြောင်းကို တစ်ခုမှ မသိပါပေ။
စကားလုံးအနည်းငယ်သာရှိပြီး ကောက်သင်းကောက်ရန် အချက်အလက် အနည်းငယ်သာ ရှိပေသည်။ မူကြိုအဆင့် ရုပ်ပုံတစ်ခုက သူ့ကို အံ့အားသင့်သွားစေပေသည်။ ဝက်က ဘုရင်ကန်းလေ့နှင့် အလွန်ဆင်တူသော်လည်း ဘုရင်ကန်းလေ့၏ မူလပုံစံက ဤတစ်ခုထက် များစွာ ပိုကြည့်ကောင်း သူက ဤမျှ မကောင်းဟန်သည့်ပုံမပေါ်ပါပေ။
တန့်ကန်းက မင်္ဂလာသားရဲတစ်ကောင်ဖြစ်ပြီး လူသားလောကကိုတောင် ရက်ရက်ရောရော ကောက်သိမ်းပေးတာ မဟုတ်ဘူးလား...
သူတို့က တောင်ပေါ်၌ အပင်များ စိုက်ရသည့် အချိန်တိုင်းတွင် အကြီးအကဲ ဆိတ်ဖြူနှင့် အကြီးအကဲ ကျားဖြူတို့က အမြဲလိုလို ပူပန်ပေးရပေသည်။
ဘုရင် ကန်းလေ့သိတာက စားမယ်၊ ချက်မယ်နဲ့ စားသောက်ပွဲကျင်းပမယ်ပဲလေ...
သွင်ပြင်မှ လွဲ၍ တန့်ကန်းနှင့် ဘုရင်ကန်းလေ့တို့က တူညီသည့် အရာမရှိပါပေ။
"မအိပ်သေးဘူးလား..."
ကျွမ်းချင်က လျှောက်လာလိုက်သည်။ ဖူလီက တန့် ကန်းပါဝင်သော စာရွက်ကို ဖတ်နေသည်ကို မြင်ရာ သူက ချောချောမွေ့မွေ့ဆိုလိုက်သည်။
"ဒဏ္ဍာရီတွေထဲမှာ တန့်ကန်းက ရှေးဟောင်း မင်္ဂလာသားရဲတစ်ကောင်လေ... သူထွက်ပေါ်မှုက ကောက်သိမ်းတွေ အများကြီး ယူဆောင်ပေးလာနိုင်ပြီး သူက သီချင်းဆိုပြီး ကနိုင်တယ်... သူ သီချင်းဆိုလိုက်တဲ့နေရာက ဟင်းသီးဟင်းရွက်တွေနဲ့ စိမ်းလန်းပြီးသီးနှံတွေ ပေါများမှာ... သူ ကလိုက်တဲ့ နေရာက အသက်ဝင်မှုတွေနဲ့ ပြည့်နေပြီး ရိတ်သိမ်းမှုက နှစ်ဆတိုးလာမှာ..."
ဘုရင်ကန်းလေ့၏ သီချင်းဆိုခြင်းက ကြမ်းတမ်းကာ နားဝင်မချိုပါဘူး… သူ့အကကတာကလည်း ဖင်လှုပ်ပြီး ခြေဆောင့်ခြင်းပဲ… အဲ့လိုဆိုရင် သူနှင့် တန့်ကန်းကြားမှာ ခြားနားချက် ပိုကြီးသွားပုံရတယ်… ပြီးတော့ ဘုရင် ကန်းလေ့က ကြွားရတာကို ဒီလောက် ကြိုက်တာ သူက တကယ်ကြီး တန့်ကန်းဆိုရင် သူ့ကို အဲ့အကြောင်း ကြွားနေသည်မှာ နှစ်တစ်ရာခန့် ရှိနေလောက်ပြီပေါ့… သူကဘာလို့တစ်ခါမှတောင် မပြောဖူးတာလဲ...
"ငါ့ကျင့်ကြံခြင်းက တိုးတက်လာပြီး ငါ့ဝိညာဉ်က အခုထိ လက်မခံနိုင်သေးဘူး..."
ဖူလီက နှာချေလိုက်သည်။
"ငါအရင်ဆုံး တရားထိုင်လိုက်ဦးမယ်... ပြီးရင် ပိုကောင်းရင် ကောင်းလာမှာပါ..."
ကျွမ်းချင်က ခေါင်းညိတ်ပြကာ သူ့အမူအရာက တည်ကြည်နေပေသည်။
ယခင်က သူသည် ကျင့်ကြံခြင်းတိုးတက်ပြီးခါစတွင် စိတ်စွမ်းအင် မမြင့်မားသော်လည်း ဖူလီကဲ့သို့ မအိပ်ချင်ပါပေ။
ဖူလီက လူသားပုံစံပြောင်းကာ သူ့ဘေးမှ စာအုပ်ကို ကောက်ကိုင်လိုက်သည်။ စာရွက်တစ်ရွက်က ပြုတ်ကျကာ သူ့လက်ဖဝါးပေါ်သို့ ကျလာသည်။
ရှင်းရှင်း...
မျောက်ဝံတစ်ကောင်နှင့် အသွင်တူသည်။ နားရွက်ဖြူကာ လူကဲ့သို့ လမ်းလျှောက်သည်။ လောကထဲရှိ သက်ရှိများအားလုံးကို နားလည်သည်။ သို့သော် အနာဂတ်ကို ကြိုမမြင်နိုင်ပါ။ ၄င်းက အသားစားပါက မြန်မြန်ပြေးနိုင်သလို ပျံနိုင်ပေသည်။
ထိုစကားလုံးများက မျောက်ဝံတစ်ကောင် လမ်းလျှောက်နေသောပုံတစ်ခုနှင့် တွဲနေပေသည်။ ပုံက အကြမ်းဖျဉ်း ရေးဆွဲထားကာ ပုံပျက်နေလေသည်။
ဖူလီက စာရွက်ကို တင်းတင်းဆုပ်ကာ အတန်ကြာအောင် ကြည့်နေလိုက်သည်။ ထို့နောက် သူက စာရွက်ကို စာအုပ်ထဲတွင် ပြန်ညှပ်ကာ ဘေးစားပွဲပေါ်သို့ တင်ထားလိုက်သည်။
"ဘာဖြစ်လို့လဲ..."
ကျွမ်းချင်က ဖူလီမျက်နှာထက်တွင် မည်သည့် ပြောင်းလဲမှုမှ မမြင်သော်လည်း ဖူလီက အလွန်မပျော်နေသည်ကို ခံစား၍ ရပေသည်။ သူက စာအုပ်ကို ဘေးသို့ပစ်လိုက်ကာ ဖူလီကို ပြောလိုက်သည်။
"အဲ့ဒါတွေက ရောထွေးနေတဲ့ မှတ်တမ်းတွေပါပဲ... အဲ့ဒါတွေကို အမှန်လို့ ယူလို့မရဘူး..."
"မဟုတ်ဘူး... မင်း နားမလည်ဘူး..."
ဖူလီက ထိုင်ခုံပေါ်တွင် ထိုင်ကာ သူ့ဒူးကို ဖက်ထားလိုက်သည်။ သူ့အမူအရာက အလွန်ခါးသက်နေပေသည်။
"ငါထင်တာက တောင်ပေါ်က ယောင်ကျင့်ကြံသူတွေ အကုန်လုံးက ငါ့လိုပဲ မွေးရာပါ ချို့ယွင်းချက်ရှိနေတာပေါ့... ဒါပေမဲ့ အမှန်က ငါက အရာရာကို တွေးလွန်းနေတာဖြစ်မယ်... ငါတစ်ယောက်တည်းကပဲ ချို့ယွင်းချက်ရှိနေတာနေမှာ..."
သူ ရောင်ပြန်မြူတောင်သို့ ပထမဆုံးရောက်သည့်အချိန်တွင် အကြီးအကဲ မျောက်ဝံဖြူကြီး ဆွဲပြသည့် ပုံရိပ်များစွာကို ယနေ့ထိတိုင် မှတ်မိနေသေးပေသည်။
"ကလေး... ငါဆွဲလိုက်တဲ့ စာကလေးက ဘယ်သူနဲ့တူလဲ..."
"ဒီမနက် သစ်ပင်ပေါ်မှာ ကနေတဲ့ ငှက်ကလေးနဲ့တူတယ်..."
"မှန်တယ်..."
"ငါဆွဲလိုက်တဲ့ ရစ်ငှက်က ဘယ်သူနဲ့တူလဲ..."
"မနေ့က သားကို ချီချင်နေတဲ့ မမလှလှနဲ့တူတယ်"
"မှန်တယ်..."
"ငါဆွဲလိုက်တဲ့ ဒီမျောက်ဝံဖြူကြီးက ဘယ်သူနဲ့တူလဲ..."
"ဦးလေးနဲ့တူတယ်..."
"မှန်တယ်..."
"ဒီတောဝက်ကရော..."
"မနေ့က ဦးနဲ့အတူတူ သားကိုခေါ်လာတဲ့ ဦးလေးဝတုတ်နဲ့ တူတယ်..."
"မင်းက အမြင်ကောင်းကောင်းရှိသားပဲ..."
"ဘုရင်ကန်းလေ့နဲ့ ရက်အနည်းငယ် ဆွေးနွေးပြီးတော့ ငါတို့က မင်းကို နာမည်တစ်ခုပေးဖို့ ဆုံးဖြတ်လိုက်တယ်..."
"နာမည်ဆိုတာဘာလဲ..."
"မင်းကို ခေါ်တဲ့ နည်းပေါ့..."
"သားကို ဘာနာမည်ပေးမှာလဲ..."
"ဖူလီ..."
"အဲ့ဒါက ဘာအဓိပ္ပာယ်လဲ..."
"ဖူဆိုတာ မင်္ဂလာရှိတာရဲ့ သင်္ကေတ... လီဆိုတာက မင်းက မင်္ဂလာရှိတာတစ်ခုကို ကြုံရရင် ဘယ်တော့မှ လက်မလွတ်ရဘူးဆိုတဲ့ သတိပေးချက်တစ်ခုပဲ..."