အပိုင်း ၁၁၂
Viewers 17k

Chapter 112
မိစ္ဆာကိုစားခြင်း


ဆိုဖာပေါ်တွင် လှဲနေသည့်ယုန်ကလေးက ဖုန်းထဲမှ Jewel of Atlantisဂိမ်း ကစားနေသည်။ သို့ရာတွင် သူ၏ တက်တက်ကြွကြွမရှိလှသော အမြီးလေးကြောင့် သူ ယခုအချိန်တွင် စိတ်ပါလက်ပါဖြစ်မနေကြောင်း သိနိုင်လေသည်။ သို့သော်လည်း သူက ကျွမ်းချင် ညနေစာပြင်ဆင်ပြီးချိန်အထိ တစ်‌ညနေခင်းလုံး ခေါင်းမာမာဖြင့် ဂိမ်းများ ကစားနေခဲ့သည်။

စားစရာရနံ့ရသည့်အခါ ဖူလီက နားရွက်များကို ခါလိုက်ပြီး ဖုန်းကို ဘေးနားချကာ ဆိုဖာပေါ်မှ ခုန်ဆင်းသွားသည်။

ဖူလီက ခုံတွင် နာခံစွာထိုင်လိုက်ပြီး ပန်းကန်လုံးနှင့် တူများကို သေချာစီနေသည်ကို ကျွမ်းချင်တွေ့လိုက်သည်။

သူ ခုနတုန်းက စိတ်မကြည်ဘူးမလား... ဘာလို့ ထမင်းစားချိန်ရောက်မှ တက်တက်ကြွကြွဖြစ်သွားတာလဲ...

ကျွမ်းချင် စိတ်ဆိုးမာန်ဆိုးဖြင့် တွေးလိုက်မိသည်။ သူက ဖူလီ မမြင်အောင် မီးဖိုချောင်ထဲတွင် စိတ်ဓာတ်ကျနေသူကို ပြန်လည်စိတ်ကြည်လင်လာအောင် ပြုလုပ်ပေးသည့် အစားအစာများကို ဖုန်းဖြင့် တိတ်ဆိတ်စွာ ရှာဖွေနေခဲ့မိသည်ကို ပြန်တွေးမိသောအခါ သူ့ဦးနှောက်ကိုလည်း ဖူလီ၏ တုံးအမှုဖြင့် ကူးစက်ခံလိုက်ရသည်ဟု တွေးလိုက်မိသည်။

ချိုတာတွေ စပ်တာတွေတဲ့... စိတ်ညစ်နေရင် အဲ့လိုရွေးစားရမှာမဟုတ်ဘဲ ဗိုက်ပေါက်ထွက်တဲ့အထိ စားခိုင်းတာမျိုးပဲ မဟုတ်ဘူးလား...

ဖူလီက ခုံပေါ်တွင် အချိန်အတန်ကြာသည်အထိ ထိုင်နေခဲ့သည်။ ကျွမ်းချင်က သူ့ကိုစိုက်ကြည့်နေသည်ကို မြင်သည့်အခါ သူ သိချင်စိတ်ဖြင့် မေးလိုက်သည်။

" ညစာပြင်လို့ မပြီးသေးတာလား..."

" ပြီးသွားပါပြီ..."

ကျွမ်းချင်က သူ့ကို အနည်းငယ်ခန့် ဆူပူလိုသော်လည်း သူ့နှုတ်မှ ထွက်လာသည့် စကားလုံးများမှာ " တချို့ဟင်းပွဲတွေကစပ်တယ် မင်း စားနိုင်ရဲ့လား " ဖြစ်နေခဲ့သည်

" ငါတို့တွေ မာလာကျောက်ပုစွန်တောင် အများကြီး စားခဲ့ကြတာပဲ... ငါ မစားနိုင်တာ ဘာများရှိလို့လဲ... ငါက ကြေးမများပါဘူး..."

ဖူလီက သူ့အမြီးတိုလေးကို ခါလိုက်သည်။ သူ့အမြီးက ခုံနောက်တွင် ဘေးဘယ်ညာလှုပ်ရမ်းနေ၍ စုတ်တံ‌တစ်ချောင်းဖြင့်ပင် တူလာသည်။

" ဟုတ်တယ် မင်းက ကြေးမများပါဘူး မကြိုက်တဲ့ စားစရာတွေ များနေရုံပဲ..."

ကျွမ်းချင်က သူ့စကားများကြောင့် ဒေါသထွက်ပြီး အော်ရယ်မတတ်ဖြစ်သွားသည်။ သူ မီးဖိုချောင်ထဲမှ ထုတ်လာသော ဟင်းပွဲများက စားပွဲပေါ်တွင် ပြည့်နေသည်။ အဓိကဟင်းပွဲများဖြစ်သည့် ငါးနှင့် ပုစွန်ဟင်းပွဲပေါင်းများစွာကို ဖူလီနှင့် အနီးဆုံးတွင် ချပေးလိုက်သည်။

ဖူလီက တစ်စားပွဲလုံးပြည့်နေသည့် ဟင်းပွဲများကြောင့် အံ့ဩသွားရသည်။ သူ လူသားအဖြစ်သို့ အသွင်ပြောင်းလိုက်လေသည်။

" နဂါးလေးကျွမ်း မင်း ဆုကြေးငွေတွေဘာတွေ ရထားလို့လား..."

ကျွမ်းချင်က နောက်ဆုံးသစ်သီးပန်းကန်ကို လာချပြီး ခုံတွင်ထိုင်လိုက်ချိန်၌ ဖူလီက ထိုစကားများကို ပြောလာသည်။ သူက မျက်နှာသေကြီးဖြင့် ပြန်ဖြေလိုက်သည်။

" ငါ မင်းတို့အားလုံးနဲ့ အလုပ်လုပ်တဲ့အချိန်တည်းက ဆုကြေးငွေမရတာ တော်တော်ကြာပြီ..."

ကျွမ်းချင်က သူတို့ကို သရော်လိုက်သည်ကို ဖူလီသိသော်လည်း သူ စိတ်ဆိုးရမည့်အစား ပြုံးပြလိုက်သည်။

" ကျေးဇူးတင်ပါတယ်..."

သူ အပြောကြမ်းပေမယ့် နှလုံးသားကတော့ ငှက်သိုက်မုန့်လေးလို နူးညံ့ပါတယ်လေ...

" လျှောက်တွေးမနေနဲ့ မင်း အိမ်ကိုမလာရင်လည်း ငါဒီလိုပဲ ချက်စားပါတယ်..."

ကျွမ်းချင်က တူကိုယူပြီး ပုစွန်ခပ်ကြီးကြီးတစ်ကောင်ကို ဖူလီ့ပန်းကန်ထဲ ထည့်ပေးလိုက်သည်။

သို့ရာတွင် ဤတစ်ကြိမ်၌မူ ဖူလီက သူနှင့်တွက်ကပ်မနေတော့ဘဲ သူ့ကို ချီးကျူးလိုက်၍ ကျွမ်းချင်က ရုတ်တရက် နေသားမကျသကဲ့သို့ ဖြစ်သွားသည်။ သူက ပုစွန်ကို အခွံခွာပြီး ဆော့စ်နှင့်မတို့ဘဲ စားလိုက်သည်။

ဖူလီက ကျွမ်းချင်စိတ်နှင့်ကိုယ်မကပ် ဖြစ်သွားသည်ကို သတိမပြုလိုက်မိဘဲ ဖျော်ရည်တစ်ငုံသောက်ကာ ပြောလိုက်သည်။

" ကျွမ်းချင် ကျေးဇူးတင်ပါတယ်..."

ကျွမ်းချင်၏နှုတ်ခမ်းများ လှုပ်ရှားသွားသော်လည်း သူ စကားမပြောလိုက်ပေ။

" တောင်ပေါ်က အကြီးအကဲတွေ ဘာလို့ ငါ့ကိုလိမ်ထားလဲတော့ ငါ မသိဘူး ဒါပေမဲ့ သူတို့က ငါ့ကိုတော့ ကောင်းကောင်းဆက်ဆံကြပါတယ်..."

ဖူလီက သူ့တူများကို မကိုင်သေးပေ။ သူ ပြတင်းပေါက်အပြင်ဘက်မှ လမင်းကြီးကိုကြည့်ပြီး အတွေးမျှင်တန်းများက လွန်ခဲ့သည့် နှစ်လေးထောင်ကာလကို ပြန်လည်ရောက်ရှိသွားသည်။

မွေးဖွားလာချိန်မှစ၍ သူက လောကကြီးရှိ သက်ရှိအရာအားလုံး၏ ဘာသာစကားကို နားလည်ခဲ့ပုံပေါ်သည်။ သူ အသိဉာဏ်ရရှိလာသည့်အချက်နှင့် ပေါင်းစပ်လိုက်ပါက မွေးလာချိန်တည်းက ဗဟုသုတ အသိဉာဏ်ရှိနေသည်ဟုပင် သတ်မှတ်နိုင်ပေသည်။ အတိတ်တွင်မူ အကြီးအကဲမျောက်ဝံဖြူကြီးက  တောင်ပေါ်ရှိ ယောင်ကျင့်ကြံသူများ၏ အသွင်အစစ်ကို အထင်မှားအောင် တမင်လုပ်ခဲ့ရသည့်အကြောင်းကိုမူ သူ သေချာမသိပေ။ ထို့အပြင် သူ အထင်မှားပြီးသည့်နောက်ပိုင်းတွင် အားလုံးကလည်း သူ့စိတ်ထဲတွင် စိတ်ကူးထားသည့်အတိုင်းသာ နေထိုင်ခဲ့သည်။

သူတို့ရဲ့ မူလသွင်ပြင်တွေကို သူ အထင်မှားသွားဖို့ မျှော်‌လင့်နေခဲ့သလိုမျိုးပဲ...

သူတို့ ထိုသို့ပြုလုပ်ခဲ့ရခြင်းအကြောင်းကို ဖူလီ နားမလည်နိုင်ပေ။ သို့သော်လည်း အကြီးအကဲများ သူ့ကိုပြသခဲ့သော ဂရုစိုက်မှုနှင့် စိုးရိမ်ပူပန်မှုများက အစစ်အမှန်ဖြစ်သည်ကို သူ နားလည်ရန်လိုသည်။ ထိုမျှနှင့် လုံလောက်ပြီဖြစ်သည်။ အရာအားလုံးကို လိုက်လံအဖြေရှာနေခြင်းကလည်း ပျော်ရွှင်စရာမကောင်းသည့် ရလဒ်တစ်ခု ထွက်လာနိုင်ပေသည်။

ရောင်ပြန်မြူတောင် ဖျက်ဆီးခံခဲ့ရခြင်းက သူ့နှလုံးသားထဲတွင် အဖုအထစ်ဖြစ်နေခဲ့သည်။ ယခုအချိန်တွင် သူနှင့် သိကျွမ်းလာသော စိတ်ဝင်စားစရာကောင်းသည့် ယောင်ကျင့်ကြံသူများက ရောင်ပြန်မြူတောင်ကြောင့် သူ့စိတ်ထဲတွင် ဖြစ်ပေါ်ခဲ့ရသည့် ဝမ်းနည်းမှုကို ကျော်လွှား‌နိုင်စေရန် ပြုလုပ်ပေးခဲ့သည်။ သို့ဖြစ်၍ ထိုအဖုအထစ်က ပြေပျောက်သွားခဲ့ကာ အတွင်းမှ စစ်မှန်မှုကို မြင်နိုင်ခဲ့ပေသည်။ တောင်ပေါ်ရှိ မိစ္ဆာအားလုံးက မွေးဖွားစဉ်အချိန်တည်းက ချို့ယွင်းချက်ရှိနေခဲ့ခြင်းမဟုတ်ဘဲ အားလုံးကြောက်ရွံ့လေးစားရသည့် မင်္ဂလာသားရဲများဖြစ်နေကြောင်း သိလိုက်ရသည့်အခါတွင်လည်း သူ စိတ်ဆိုးဒေါသထွက်ခြင်း စိတ်ပျက်ခြင်းတို့ မဖြစ်ခဲ့ပေ။

သူ အမှန်တကယ် ကြီးပြင်းလာချိန်တွင် အတိတ်ကို စွဲလန်းမနေတော့ပဲ မိမိကိုယ်ကို ပြန်လည်သုံးသပ်လာနိုင်မည်ဟု အကြီးအကဲဆိတ်ဖြူကြီးက ပြောပြခဲ့ဖူးသည်။

ထိုသို့ဖြစ်လာရခြင်းမှာလည်း ဤသို့ စိတ်ပိုင်းဆိုင်ရာ အကြီးအကျယ်ထိခိုက်သွားစေမည့် ကိစ္စကြီးကို သိလိုက်ရချိန်တွင် သူ၏ ‌တောင့်ခံနိုင်စွမ်းကလည်း တိုးလာပြီး သူ့ဘေးနားတွင် အားကိုးရသည့်မိတ်ဆွေတစ်ယောက် ရှိနေခြင်းကြောင့် ဖြစ်နိုင်သည်။ တစ်ဖက်လူ၏ ကြင်နာစိတ်က ဤစားပွဲအပြည့်ဟင်းပွဲများထက် ပိုမိုများပြားလှသည်။

သူ မာလာကြက်သားတုံးကို ယူဖြင့်ယူလိုက်သည်။ ကြက်သားက အလွန်စပ်သောကြောင့် သူ အသက်ပြင်းပြင်းပင် ရှုလိုက်ရကာ မျက်လုံးထောင့်များပင် နီရဲလာသည်။ ဖူလီက ကြက်သားတုံးများစွာကို ပါးစပ်ထဲထည့်လိုက်၍ သူ့လျှာပေါ်တွင် မီးမြှိုက်နေသကဲ့သို့ ခံစားလိုက်ရသည်။

ကျွမ်းချင်က တူကိုချထားလိုက်ပြီး သူ့မျက်နှာထက်တွင် ကြောက်မက်ဖွယ်ကောင်းသည့် အမူအရာတစ်ခုပေါ်လာသည်။ ခဏအကြာတွင် သူ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

" တော်တော့ တခြားဟင်းပဲစား..."

သူက အလွန်အမင်းစပ်သည့်ဟင်းပွဲများကို ဘေးနားတွင်ဖယ်ထားလိုက်သည်။

ဖူလီက သူ့ကိုကြောင်အစွာစိုက်ကြည့်နေမိသည်။ သူ့တူများကိုမြှောက်ကာ လေထဲတွင် လှုပ်ရှားမှုမရှိဘဲ လှုပ်ယမ်းနေ‌လိုက်သည်။

" စိတ်ဆိုးနေရင်တောင် သည်းခံထားရမယ်ဆိုပြီးတော့ မင်းပဲ အရင်က ငါ့ကိုပြောခဲ့ဖူးတာမလား..."

ကျွမ်းချင်က သစ်သီးဖျော်ရည်တစ်ခွက်ထည့်ပြီး ဖူလီ့နားကို ကပ်ပေးလိုက်သည်။

" သောက်လိုက်ဦး..."

ဖူလီက နာခံစွာဖြင့်ပင် တစ်ငုံသောက်လိုက်သည်။

" မင်းနဲ့ အရင်းနှီးဆုံးလူတွေက မင်းကိုလိမ်ခဲ့တာဆိုတော့ စိတ်မကြည်မလင်ဖြစ်နေမှာ ပုံမှန်ပါပဲ..."

ဖူလီက သစ်သီးဖျော်ရည်များစွာသောက်နေသည်ကို ကြည့်ပြီးမှ ကျွမ်းချင် ဆက်ပြောလိုက်သည်။

" မင်း စိတ်ဆိုးနေတဲ့ပုံစံက ခေါင်းမာမာနဲ့ တောင့်ခံနေတဲ့ပုံစံထက် ပိုကြည့်ကောင်းပါတယ်..."

ဖူလီ နှုတ်ခမ်းစူသွားမိသည်။

" အရွယ်ရောက်ပြီးတဲ့မိစ္ဆာက စိတ်ခံစားချက်တွေကို ထိန်းချုပ်ပြီး တည်ငြိမ်အောင်နေရတဲ့နေရာမျိုးမှာ ဆရာကျနေရမယ်လို့ အကြီးအကဲဆိတ်ဖြူကြီးက ပြောဖူးတယ်..."

" ငါ့ဖင်ကြီးကိုပဲ တည်ငြိမ်နေလိုက်..."

ကျွမ်းချင်က ဆဲဆိုနေသည့်အချိန်မှာပင် အဝတ်အစားကို သေသပ်စွာဝတ်ဆင်ထားသူဖြစ်၍ လူ‌ကြီးလူကောင်းတစ်ယောက်ပုံစံ ဖြစ်နေဆဲပင်။

" ဝမ်းနည်းစရာကိစ္စတွေနဲ့ ကြုံတွေ့တာတောင်မှ စိတ်မဆိုးတတ်တဲ့မိစ္ဆာက ရင့်ကျက်သွားတာမဟုတ်ဘဲ ငတုံးဖြစ်သွားတာ..."

" တ တကယ်လား..."

ဖူလီက သစ်သီးဖျော်ရည်ကို ခွက်တစ်ဝက်ခန့် သောက်လိုက်ပြီးပြီဖြစ်သည်။

" ငါက ငယ်ငယ်တည်းက လူသားနဲ့ ယောင်ကျင့်ကြံသူတွေကို ကိုင်တွယ်လာရတာ... ငါက မင်းလောက်တော့ အသက်မကြီးသေးပေမယ့်  ဘဝအတွေ့အကြုံတွေနဲ့ ပတ်သက်လာရင်တော့ မင်းလိုလူဆယ်ယောက်ကတောင် ငါ့ကို မယှဉ်နိုင်လောက်ဘူး..."

ကျွမ်းချင်က သူ့အသီးဖျော်ရည်ခွက်ကိုချထားပြီး ဖူလီ့ကိုကြည့်လိုက်သည်။

" ဘာပဲဖြစ်ဖြစ် အခုဒီမှာလည်း ငါကလွဲပြီး ဘယ်သူမှ မရှိဘူးလေ... မင်း ပျော်ပျော်နေချင်ရင် နေလိုက်ပါ... စိတ်ဆိုးချင်လည်းဆိုး... တခြားမိစ္ဆာတွေကို မင်းအကြောင်းပြန်ပြောဖို့ကို ငါစိတ်မဝင်စားဘူး..."

ဖူလီ၏မျက်နှာထက်မှ အပြုံးက ပြိုလဲသွားသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေသွားပြီး ခေါင်းမှခြေဖျားအထိ လေလျော့သွားသည့်ဘောလုံးနှင့် တူလာသည်။

" သူတို့ ငါ့ကိုဘာလို့လိမ်တယ်ဆိုတာကို နားမလည်နိုင်ဘူး..."

သူ့အတွက်မူ ထိုလူအားလုံးက သူအသိဉာဏ်ရလာချိန်၌ ဘေးနားတွင် ရှိနေကြသော အယုံကြည်ရဆုံး အကြီးအကဲများဖြစ်သည်။ မှော်စွမ်းရည်များနှင့် ဆေးဖော်နည်းများအကြောင်းသာမက မိစ္ဆာတစ်ကောင်၏ အခြေခံစည်းမျဉ်းများ အကြောင်းကိုလည်း သူတို့က သင်ပေးခဲ့ခြင်းဖြစ်သည်။ သူတို့အားလုံးက သူ့ကို ငယ်ရွယ်စဉ်တည်းက ပြုစုစောင့်ရှောက်ပေးခဲ့သည်။ သူတို့က ‌အနောက်ဘက်မှ နေထွက်လာသည်ဟု ပြောလျှင်ပင် အရှေ့ဘက်မှထွက်လာသောနေလုံးကြီးက တောင်၏ ချီဓာတ်စက်ကွင်းကြောင့် တစ်ခုခု အမှားအယွင်းဖြစ်နေသည်ဟု ထင်ခဲ့သည်အထိ သူတို့ကို သံသယတစ်ခါမှ မဝင်ဖူးပဲ အကြွင်းမဲ့ယုံကြည်ခဲ့ဖူးသည်။

အသိပညာဗဟုသုတ၊ ကျင့်ကြံဆင့်၊ ရင့်ကျက်မှု အစရှိသဖြင့် သူ ပိုင်ဆိုင်ထားသည့် အရာအားလုံးကို သူတို့အားလုံးက ပေးအပ်ထားခဲ့ခြင်းဖြစ်သည်။ သူတို့မရှိပါက လက်ရှိဖူလီ မဖြစ်လာနိုင်ပေ။

သို့ဖြစ်၍ သူတို့က သူ့ကိုလိမ်ညာမည်ဟု မထင်ထားသည့်အပြင် သူ ရောင်ပြန်မြူတောင်သို့ ပထမဆုံးအကြိမ် ရောက်လာစဉ်တည်းက ထိုအလိမ်အညာများ စတင်ခဲ့မည်ဟုလည်း မတွေးခဲ့မိပေ။

မဟုတ်သေးဘူး... သူတို့က သူ့ကိုလိမ်ခဲ့တာမျိုးမဟုတ်ဘဲ သူတို့ရဲ့အသွင်အစစ်က လောကကြီးရဲ့ ဘယ်နေရာမှာမဆို မြင်နိုင်တဲ့ သာမန်တိရစ္ဆာန်တွေလို့ အထင်မှားအောင် လုပ်ခဲ့တာမျိုးပဲ...

" နဂါးလေးကျွမ်း တကယ်လို့ တောင်ပေါ်က ယောင်ကျင့်ကြံသူတွေအားလုံးက ငါစိတ်ကူးထားသလိုမျိုး မဟုတ်ဘူးဆိုရင် သူတို့ရဲ့ မူရင်းအသွင်က ဘယ်လိုမျိုးတွေလဲ..."

ဖူလီက အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။
" သူတို့က တခြားရွေးချယ်မှု မရှိတော့လို့ ငါ့ကိုအထင်မှားအောင် တမင်လုပ်ခဲ့တာများလား..."

" သူတို့က မင်းအပေါ် ကောင်းကြလား..."
ကျွမ်းချင်က သူ့မေးခွန်းကို မေးခွန်းဖြင့် ပြန်ဖြေလိုက်သည်။

ဖူလီ ခေါင်းညိတ်ပြလိုက်သည်။
" ငါ့အပေါ် သူတို့ထက်ကောင်းတဲ့မိစ္ဆာ မမြင်ဖူးဘူး..."

" ဒါလိုဆိုရင်တော့ မင်း နောက်ပိုင်းကျ သူတို့ကိုရှာတွေ့မှ တိုက်ရိုက်မေးလိုက်ပါ... မင်းရဲ့စိတ်ကူးကို ဘာလို့ ကိုယ့်ဘာသာပျက်စီးအောင် လုပ်မှာလဲ..."

ကျွမ်းချင်က ပြတင်းပေါက်အပြင်ဘက်ကိုကြည့်ပြီး သူ့အမူအရာက လေးနက်လာသည်။

" ပြီးတော့ မင်းပြောတာမှန်တယ်လို့ ငါထင်တယ် သူတို့မှာ တခြားရွေးချယ်စရာ မရှိခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လေ..."

" မင်း အခုအဲ့လိုပြောလိုက်တော့ ငါ နေလို့ပိုကောင်းသွားပြီ..."

ဖူလီ သမ်းဝေလိုက်သည်။ သူက ယုန်တစ်ကောင်အဖြစ် ပြန်လည်အသွင်ပြောင်းလိုက်ပြီး ညစာထိုင်စားသည့်ခုံပေါ်တွင် လှဲချကာ ချက်ချင်းအိပ်ပျော်သွားတော့သည်။

ဖူလီ အိပ်မောကျသွားသည်ကို မြင်သည့်အခါ ကျွမ်းချင်က ခုံအနားတွင် ထိုင်ချလိုက်ပြီး ယုန်ဝတုတ်လေးကို စိုက်ကြည့်နေလိုက်သည်။ သူ့နှလုံးသားထဲမှ စိုးရိမ်ပူပန်မှုက ပိုမိုပြင်းထန်လာသည်။ ဖူလီ၏ လက်ရှိအခြေအနေက တစ်ခုခုမှားယွင်းနေပုံပေါ်သည်။

ယောင်ကျင့်ကြံသူတစ်ယောက်က ဘာလို့ အဲ့လောက်လွယ်လွယ် အိပ်ပျော်ရတာလဲ...

တကယ်လို့ သူ့ရဲ့ မိစ္ဆာအူတိုင်ကို ထုတ်ပစ်ချင်တဲ့ မကောင်းဆိုးဝါးမိစ္ဆာတစ်ကောင်နဲ့တွေ့ရင် ဘယ်လိုလုပ်မလဲ...

ရောင်ပြန်မြူတောင်က မိစ္ဆာတွေက သူ့ကို ဒီအခြေအနေမျိုးအထိဖြစ်အောင် အလိုလိုက်ထားကြတာပဲ...

ကျွမ်းချင်က ယုန်လေးကို သူ့လက်မောင်းပေါ်တင်လိုက်ပြီး အိမ်ရှေ့ခန်းမှ ဆိုဖာတွင် ချပေးထားရန် ပြင်လိုက်သည်။ သို့သော် ခဏတာ တုံ့ဆိုင်းနေပြီးသည့်နောက်တွင် သူ အပေါ်ထပ်ကို တက်သွားသည်။ သူ့အိပ်ခန်းက အလွန်ကျယ်ဝန်းပြီူ ခမ်းနားလှသည်။ အရေးကြီးဆုံးအရာမှာ အတွင်းပိုင်းတွင် လုံခြုံရေးအစီအရင်တစ်ခု ချထားခြင်းဖြစ်သည်။ ဤအစီအရင်ထဲ ခိုးဝင်လာသည့် မည်သည့်မိစ္ဆာမဆို အသက်ဆုံးရှုံးသွားနိုင်ပေသည်။

ယုန်လေးကို အိပ်ရာပေါ် ချပေးပြီးနောက်တွင် ကျွမ်းချင်က သူ့ကို စောင်သေးသေးလေး ခြုံပေးလိုက်သည်။ သူ့နှုတ်ခမ်းကြားထဲမှ သက်ပြင်းချသံသဲ့သဲ့ ထွက်ပေါ်လာပေသည်။

အသက် နှစ် ၂၀၀၀တောင် မပြည့်သေးတဲ့ သူ့လိုနဂါးတစ်ကောင်က ဘာလို့ နှစ်၄၀၀၀တောင် နေလာတဲ့ယုန်ကို စိတ်ပူပေးနေရတာလဲ...

ထိုအချိန်တွင် သူ့ဖုန်းမြည်လာသည်။ အသေကောင်ကဲ့သို့ အိပ်မောကျနေသည့် ဖူလီကို တစ်ချက်ကြည့်ပြီးနောက်တွင် သူ အခန်းထဲမှ ထွက်လာလိုက်သည်။

" ဘာဖြစ်လို့လဲ..."

တစ်ဖက်မှ ဖုန်းခေါ်သူက ချူးယွီဖြစ်သည်။ သူ့အသံက စိုးရိမ်တကြီးဖြစ်နေသည်။
" ဘော့စ်ရေ ပြဿနာတက်ပြီ..."

" ဘာ ပြဿနာလဲ..."
ကျွမ်းချင်က သူ့နှာဖျားကို အသာတို့ထိလိုက်သည်။

အခုတလော ပြဿနာတွေက ဆက်တိုက်ကိုဖြစ်နေတာပဲ ဒီနေ့ရဲ့ဖုန်းရွှေက သိပ်ကောင်းပုံမပေါ်ဘူး...

" ယောင်ကျင့်ကြံသူနှစ်ယောက်ကို မကောင်းဆိုးဝါးမိစ္ဆာတစ်ကောင်က တိုက်ခိုက်သွားတယ်... သူတို့ခန္ဓာကိုယ်တစ်ခုလုံးက သွေးတွေနဲ့ စိုရွှဲနေပြီးတော့ အရေပြားတစ်လွှာနဲ့ အရိုးစုတွေပဲ ကျန်ခဲ့တော့တယ်..."

ယောင်ကျင့်ကြံသူနှစ်ယောက် မသေဆုံးမီတွင် ဖြစ်ခဲ့သော သနားစရာအခြေအနေကို ပြန်တွေးမိသည့်အခါ ချူးယွီက ကျောရိုးထဲမှ စိမ့်နေအောင် ကြက်သီးထလာသည်။

" ဖိုရမ်ပေါ်က မိစ္ဆာတွေက အထိတ်တလန့်တွေဖြစ်နေပြီ မိစ္ဆာအများစုကလည်း အိမ်ထဲကအိမ်ပြင် မထွက်ရဲကြတော့ဘူး... တချို့ သတ္တိမရှိတဲ့သူတွေက ကျွန်တော်တို့ရဲ့ စီမံခန့်ခွဲရေးဗျူရိုကို အိပ်ရာတွေပါသယ်လာပြီး လာပုန်းနေကြတယ်..."

ယခုနှစ်ပိုင်းများတွင် ထိုကဲ့သို့သော အဖြစ်အပျက်များက အလွန်ဖြစ်ခဲလှသည်။ ကျူးယန်ပြဿနာရှာခဲ့စဉ်ကလည်း သူက လူသားများကိုသာ စားသောက်ခဲ့ခြင်းဖြစ်ပြီး ယောင်ကျင့်ကြံသူများကို မထိခဲ့ပေ။ အချိန်အတန်ကြာအောင် အေးချမ်းနေခဲ့ပြီးမှ ထိုသို့သော အဖြစ်အပျက်မျိုး ဖြစ်လာခဲ့သောကြောင့် အချို့သောမိစ္ဆာများ ကြောက်ရွံ့နေသည်မှာ ဖြစ်ရိုးဖြစ်စဉ်သာဖြစ်သည်။

" သေသွားတာ ဘယ်သူတွေလဲ..."

" တစ်ယောက်က လူသားအသွင်ပြောင်းနိုင်တာ သိပ်မကြာသေးတဲ့ ပန်းမိစ္ဆာပါ နောက်တစ်ယောက်က ကျင့်ကြံဆင့်နှစ်တစ်ရာပဲရှိသေးတဲ့ မိစ္ဆာတစ်ပိုင်း..."

ထိုမိစ္ဆာနှစ်ယောက်လုံးက ကျင့်ကြံဆင့်နိမ့်ကြသည့်အပြင် ဖိုရမ်ပေါ်မှ စိတ်ပူ‌ပန်နေသည့် ယောင်ကျင့်ကြံသူအများစုကလည်း ကျင့်ကြံဆင့်နိမ့်ကြပေသည်။

" တရားခံက ကျင့်ကြံဆင့်အရမ်းမြင့်တဲ့ မဟာမိစ္ဆာမဟုတ်လောက်ဘူး... တကယ်လို့ သူတို့က မိစ္ဆာတွေကိုစားချင်တယ်ဆိုရင် ဒီလိုမိစ္ဆာလေးတွေကို ရွေးမှာ မဟုတ်ဘူး... ယောင်အစည်းအရုံးရဲ့ ဒေတာဘေစ့်ထဲမှာ ရှာကြည့်လိုက်ပါ သွေးစုပ်တဲ့စွမ်းရည်နဲ့ မိစ္ဆာကိုရှာပြီး အခုနောက်ပိုင်း နိုင်ငံခြားမိစ္ဆာ အဝင်အထွက်စာရင်းတွေကိုပါ စုံစမ်းကြည့်... မသင်္ကာစရာကောင်းတဲ့ မိစ္ဆာတစ်ကောင်ကိုမှ လွတ်မသွားစေနဲ့... အရေးကြီးဆုံးကတော့ ကျင့်ကြံသူတစ်ယောက်ချင်းစီတိုင်းကို လုံခြုံရေးသတိပေးချက် ပို့ထားလိုက်... တရားခံက ယောင်ကျင့်ကြံသူတွေရဲ့သွေးကိုပဲ မဟုတ်ဘဲ လူသားကျင့်ကြံသူတွေကိုပါ ပစ်မှတ်ထားမှာကို ငါစိတ်ပူတယ်..."

" သဘောပေါက်ပါပြီဘော့စ် ကျွန်တော်အခုပဲ လုပ်လိုက်ပါ့မယ်..."

ဤကိစ္စက နှောင့်နှေးကျန့်ကြာနေ၍မရကြောင်း ချူးယွီသဘောပေါက်သည်။ ၎င်းကို ဖုံးကွယ်ထားရန်လည်း မဖြစ်နိုင်၍ သူတို့၏လုံခြုံရေးကို အဆင့်မြှင့်ထားရမည်ဖြစ်သည်။ ယောင်အစည်းအရုံးကလည်း နိုင်ငံမှ ရန်ပုံငွေများစွာ ရရှိထားခြင်းဖြစ်၍ ဤတစ်ကြိမ်တွင် သူတို့ ဘာအလုပ်မှမလုပ်ဘဲ အိတ်ထဲ ပိုက်ဆံထည့်နေ၍ ရမည်မဟုတ်ပေ။

ကျွမ်းချင် ဖုန်းချလိုက်ပြီးနောက် အခန်းထဲပြန်ဝင်လာကာ ဝက်ပေါက်လေးတစ်ကောင်သဖွယ် အိပ်ပျော်နေသည့် ယုန်လေးကို ကြည့်လိုက်သည်။ သူ စာရေးပြီး ယုန်လေး၏ခေါင်းပေါ်တွင် ကပ်ထားခဲ့ပြီးနောက် ဗီလာထဲမှ ခြေလှမ်းကျဲများဖြင့် ထွက်သွားသည်။

အိပ်ရာပေါ်မှ ယုန်လေးက ခြေကားယားဖြင့် အပူအပင်ကင်းကင်း အိပ်ပျော်နေလေသည်။