အပိုင်း ၁၁၃
Viewers 17k

Chapter 113



ဖူလီက အလွန်လှပသည့် အိမ်မက်တစ်ခု မက်နေသည်။ အိမ်မက်ထဲတွင် သူ့ကို နွေးထွေးပြီး သက်တောင့်သက်သာရှိသောအရာတစ်ခုဖြင့် ရစ်ပတ်ထားလေသည်။ သူ့ဘေးနားမှလူများက ငိုယိုနေခြင်း၊ ရယ်မောနေခြင်း ဒေါသထွက်နေခြင်းတို့ဖြင့် မျိုးစုံပြုမူနေကြသည်။ စိတ်ခံစားချက်အားလုံးက သူ့အနားတွင် စုပြုံလာလေသည်။

ထိုခံစားချက်များက သူ့ကို စိတ်ပျံ့လွင့်စေရမည့်အစား ပိုမိုသန်မာလာစေသည်။

တိရစ္ဆာန်အရေခွံခြုံထားသည့် လူသားတစ်ယောက်လည်း ရှိနေပြီး သူတို့မျိုးနွယ်စုက ဆောင်းဥတု၏ ရေခဲနှင့် ဆီးနှင်းများကို တားဆီးနိုင်ရန်လည်း မျှော်လင့်နေကြသည်။

ပိန်ကပ်ပြီး ဖရိုဖရဲဖြစ်နေကာ အဝတ်စုတ်တစ်ထည်ဝတ်ထားသည့် အမျိုးသမီးက သူမကလေးကို သူမထံမှ ခေါ်ဆောင်မသွားရန် ကောင်းကင်ဘုံကို ဆုတောင်းနေသည်။

ရှုပ်ပွနေသည့်ဆံပင်နှင့် ကလေးငယ်လေးတစ်ယောက်က ကျက်တီးမြေတစ်ခုကို မျက်နှာမူကာ သူ့ကိုအစားအစာများပေးရန် ကောင်းကင်ဘုံကို ‌ဆုတောင်းနေသည်။

တိရစ္ဆာန်အရေခွံခြုံထားသည့်လူက ဆီးနှင်းနှင့် လေပြင်းဒဏ်မှ မလွတ်မြောက်နိုင်ခဲ့ပေ။ မရေမတွက်နိုင်သော သက်ကြီးပိုင်းလူများနှင့် ကလေးများက  အေးခဲသေဆုံးသွားကြရသည်။ အဆုံးတွင် တိရစ္ဆာန်အရေခွံခြုံထားသည့်လူက အေးခဲနေသည့်မြေပြင်တွင် မြှုပ်နှံခံလိုက်ရသည်။ သူ မသေဆုံးမီတွင် သူ့မျက်လုံးများအပြူးသားဖြစ်နေသည်မှာ ကောင်းကင်ဘုံက လူပေါင်းများစွာ၏အသက်ကို အဘယ့်ကြောင့် နှုတ်ယူသွားသနည်းဟု မေးခွန်းထုတ်နေသည်နှင့် တူနေသည်။

ပိန်ကပ်နေသောအမျိုးသမီး၏ ကလေးကလည်း သေဆုံးသွားခဲ့သည်။ သူမက အဝတ်အစားစုတ်များကိုပိုက်လျက် ငိုကျွေးနေပြီး သူမကလေးကို ခေါ်ဆောင်သွားသည့် ကောင်းကင်ဘုံကို ကျိန်ဆဲနေသည်။

ရှုပ်ပွနေသည့်ဆံပင်နှင့် ကလေးလေးက ဆောင်းဥတု၏ အေးစိမ့်မှုအောက်တွင် ဆာလောင်ပြီး သေဆုံးသွားရသည်။ သူ သေဆုံးသွားချိန်တွင်လည်း ခြေဗလာဖြင့်သာဖြစ်သည်။ သူ၏ ညစ်ပတ်ကာ ခြောက်သွေ့နေသောမျက်နှာထက်တွင် အသက်မဆုံးရှုံးလိုသည့် တွန့်ဆုတ်မှုကို မြင်လိုက်ရသည်။ သူက ‌ကမ္ဘာကြီး၏ ချမ်းသာကြွယ်ဝပြီး လှပသောအပိုင်းကို မမြင်တွေ့ရမီမှာပင် ဆာလောင်မှုနှင့် အေးစက်မှုကြောင့် သေဆုံးသွားခဲ့ရပေသည်။

တိရစ္ဆာန်အရေခွံခြုံထားသည့်လူ၏ ယုံကြည်မှု၊ ပိန်ကပ်နေသည့်အမျိုးသမီး၏ သနားစရာအဖြစ်၊ ကလေးငယ်လေး၏ ရိုးသားဖြူစင်မှုတို့အားလုံးက ကောင်းကင်ဘုံက မျက်နှာသာပေးစေမည့်အရာများ မဖြစ်ခဲ့ပေ။ မရေမတွက်နိုင်သည့်လူများစွာက နာကျင်မှုကို နေ့စဉ်နေ့တိုင်းခံစားနေရပြီး သေဆုံးနေကြကာ နေ့စဉ်နေ့တိုင်းတွင်လည်း ကလေးပေါင်းများစွာက မွေးဖွားလာကြသည်။ လူအများစုက ကောင်းကင်ဘုံ၏ အညှာအတာကင်းမဲ့မှုကြောင့် ဆဲရေးနေကြသလို... တစ်ချိန်ထဲတွင်ပင် လူအများစုက ကောင်းကင်ဘုံ၏ ကာကွယ်ပေးမှုကို ရရှိသည့်အတွက် ကျေးဇူးတင်စကားများကို ရေရွတ်နေကြသည်။ လူသားလောကတွင် လူပေါင်းစုံရှိသော်လည်း မည်သူတစ်ဦးတစ်ယောက်မှ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းမှ မလွတ်မြောက်နိုင်ကြပေ။

" သေခြင်းရှင်ခြင်းဆိုတာ ကံကြမ္မာပဲ... လူတစ်ယောက်က ဘယ်တော့မှ လိုချင်တောင့်တစိတ် မရှိသင့်ဘူး... တောင့်တသူက ခံစားရတယ်... နာခံသူကတော့ ‌ကောင်းချီးပေးခံရတယ်..."

ခါးသီးမှုကို ဖုံးကွယ်ထားသော အသံတစ်သံက ဖူလီနားထဲ မြည်ဟည်းလာသည်။ ထိုအသံက တိုးညင်းလွန်းလှ၍ ယောကျာ်းမိန်းမ မခွဲခြားနိုင်သည့်အပြင် အသက်ကိုပါ မခန့်မှန်းနိုင်ပေ။ ဖူလီ သိချင်စိတ်ဖြင့် မေးလိုက်သည်။

" ဘယ်သူလဲ..."

ထိုအသံက သူ့ကို ပြန်မဖြေဘဲ ' ဘယ်တော့မှ လိုချင်တောင့်တစိတ် မရှိသင့်ဘူး ' ဟူသည့်စကားကိုသာ ထပ်ခါထပ်ခါ ရေရွတ်နေသည်။

ဖူလီ မျက်လုံးပြန်ဖွင့်လာသည့်အခါ ကျောက်မျက်များဖြင့် ပြည့်နေသည့် မျက်နှာကျက်တစ်ခုက သူ့အမြင်အာရုံထဲ ရောက်လာသည်။ သူ ခေါင်းခါလိုက်သည့်အခါ စာရွက်တစ်ရွက်က သူ့ခေါင်းပေါ်မှ ပြုတ်ကျလာသည်။

" စီမံခန့်ခွဲရေးဗျူရိုမှာ ရှင်းစရာကိစ္စတစ်ခုပေါ်လာလို့ ငါအရင်သွားနှင့်ပြီ - ကျွမ်းချင်..."

ဖူလီ အိပ်ရာပေါ်မှ ခုန်ဆင်းလိုက်သည်။ လူသားအသွင် ပြောင်းလဲပြီးသည့်နောက်တွင် သူ့ကိုယ်သူ သန့်စင်သည့်အစီအရင်တစ်ခု ပြုလုပ်လိုက်ပြီးနောက် စီမံခန့်ခွဲရေးဗျူရိုကို အမြန်ထွက်လာခဲ့လိုက်သည်။

အရံအတားအတွင်းမှ စီမံခန့်ခွဲရေးဗျူရိုခန်းမဆောင်ထဲတွင် ရွက်ဖျင်တဲများစွာဖြင့် ပြည့်နေသည်။ အစွန်းတစ်ဖက်တွင် ခွေးနှင့်ကြောင်မိစ္ဆာတစ်ကောင်က နေရာလုပြီး ရန်ဖြစ်နေကြကာ တစ်ဖက်အစွန်းတွင်မူ ကြက်တူရွေးမိစ္ဆာတစ်ကောင်နှင့် သာလိကာမိစ္ဆာက တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်ဆဲရေးနေကြသည်။

မည်သူ၏ဘေစင်က ပိုကြည့်ကောင်းနေသည်ကို ဆွေးနွေးနေကြသော ငါးမိစ္ဆာနှစ်ကောင်ကလည်း မူလအသွင်များပြောင်းပြီး အမြီးများကို ခါယမ်းနေသည်။

ကြွက်ဖြူမိစ္ဆာတစ်ကောင်က နောက်ကျမှရောက်လာသောကြောင့် သမားရိုးကျမဟုတ်ဘဲ ကြောင်မိစ္ဆာတစ်ကောင်ဖြင့် ရွက်ဖျင်တဲတစ်ခုတည်း မျှနေနေရသည်။ သူ ကြောက်လန့်လွန်းသောကြောင့် ခေါင်းမှခြေဖျားအထိ တုန်ယင်နေသည်။ ခွေးမိစ္ဆာတစ်ကောင် သူ့အနားရောက်လာသည့်အခါ သူ အလွန်ကြောက်ရွံ့လွန်းသောကြောင့် မူလအသွင်သို့ ပြန်ပြောင်းလိုက်သည်။

ပန်းပွင့်မိစ္ဆာနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် မြှောက်ပင့်ပြောဆိုနေ‌ကြသည်။ သို့ရာတွင် သူတို့၏ နူးညံ့သိမ်မွေ့သော အသွင်ပြင်အောက်တွင် တစ်ယောက်နှင့်တစ်ယောက် အညှာအတာမဲ့စွာ အပုပ်ချလိုစိတ် ရှိနေသည်။ သူတို့၏ လှပပြီး အရောပရည်လုပ်နိုင်သည့် မျက်နှာများက အလွန်ဆွဲဆောင်မှု ရှိလှပေသည်။

ခွန်းဖမ်နှင့် ကုန်းဖုက အပေါ်ထပ်တွင်ရှိနေပြီး တစ်ခုနှင့်တစ်ခု စုပြုံနေသည့် ရွက်ဖျင်တဲများနှင့် မိစ္ဆာပေါင်းစုံက အေးချမ်းစွာ နေနေကြသည်ကို ကြည့်နေမိသည်။ အကယ်၍ လွန်ခဲ့သော နှစ်တစ်ထောင်ခန့်ကဆိုပါက ဤမြင်ကွင်းမျိုးကို တွေ့မြင်ရရန် မဖြစ်နိုင်ပေ။

ကြောင်မိစ္ဆာက အမှန်တွင် ကြွက်မိစ္ဆာကို မစားသကဲ့သို့ မြွေမိစ္ဆာကလည်း ဖားမိစ္ဆာကို မစားပေ။ ဝံပုလွေမိစ္ဆာက ဝက်မိစ္ဆာကို "အစ်ကိုကြီး" ဟုခေါ်ပြီး အတူစုကာ ဖဲရိုက်နေကြ၍ အလွန်ပင် အံဩဖွယ်ရာဖြစ်နေသည်။

" လက်ရှိကျင့်ကြံရေးလောကမှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ ငါ နားမလည်နိုင်တော့ဘူး..."

ခွန်းဖမ်က ထောင့်တစ်နေရာမှ အတွဲတစ်တွဲကြိ လက်ညှိုးထိုးပြလိုက်သည်။

" အဲဒါက ဆိုက်ဘေးရီးယား ဖျံနီညိုနဲ့ ကြက်တစ်ကောင်မလား ဒီနှစ်ယောက်က ဘာဖြစ်လို့ တူတူရှိနေတာလဲ..."

ကုန်းဖုကလည်း စိတ်ဝင်တစားဖြင့် ကြည့်နေပြီး ခွန်းဖမ်ကို မျက်ဆံလှန်ပြလိုက်သည်။

" အချိန်တွေက တရွေ့ရွေ့နဲ့ ပြောင်းလဲသွားလို့ ယောင်လောကလည်း တိုးတက်လာပြီဆိုတဲ့ အဓိပ္ပါယ်မလား သူတို့ဘာသာချစ်လို့ အတူတူရှိနေကြတာ မကောင်းဘူးလား..."

သူ ထိုစကားများကို ပြောနေစဉ်မျာပင် အောက်ဘက်မှ ဆူဆူညံညံအသံများ ထွက်လာသည်။

ကြည့်ရသည်မှာ ခရုစုပ်ငှက်က ပင့်ကူတစ်ကောင်နှင့် စကားအချေအတင်များပြီး အတော်လေး ပြင်းထန်နေပုံရသည်။ အနီးနားမှ မိစ္ဆာများက သူတို့ကိုမြင်သည့်အခါ "ထင်တဲ့အတိုင်းပဲ" ဟူသည့် အမူအရာမျိုး ပြုလုပ်နေကြသည်။

ခရုစုပ်ငှက်နှင့် ပင့်ကူမိစ္ဆာတို့အကြားရှိ ရန်ညှိုးက လွန်ခဲ့သည့် နှစ်ပေါင်းမြောက်များစွာမှ စတင်ခဲ့သည်။ ထိုနှစ်က ခရုစုပ်ငှက်နှင့် ပင့်ကူမိစ္ဆာအကြားတွင် သဘောထားမတိုက်ဆိုင်မှု ဖြစ်ပွားခဲ့သောကြောင့် ခရုစုပ်ငှက်က ပင့်ကူကို မျိုးသုဉ်းလုဆဲဆဲတိရစ္ဆာန်တစ်ကောင်ကို ဖမ်းဆီးထားသည်ဟု ချောက်ချခဲ့သည်။ ထိုအကြောင်းကြောင့် ပင့်ကူမိစ္ဆာက လူသားရဲများ၏ ဖမ်းဆီးခံရပြီး နှစ်ပေါင်းများစွာ ထောင်ကျခဲ့ရသည်။

ပင့်ကူမိစ္ဆာက လူသားအကျဉ်းထောင်တွင် ကောင်းကောင်းမွန်မွန်နေထိုင်ခဲ့သောကြောင့် ဤလတွင် ထောင်မှ ခက်ခက်ခဲခဲဖြင့် လွတ်မြောက်ခဲ့သည်။ ယခုအခါ သူ၏ အရှက်မရှိသောရန်သူဖြစ်သည့် ခရုစုပ်ငှက်နှင့် ပြန်လည်ဆုံတွေ့ရသောကြောင့် တစ်ဖက်လူကို မရိုက်နှက်မိစေရန် မနည်းထိန်းချုပ်ထားရသည်။

ခရုစုပ်ငှက်၏ ရက်စက်သော အမူအကျင့်ကြောင့် မိစ္ဆာပေါင်းများစွာ၏ ရွံရှာခြင်းခံထားရ၍ စကားအချေအတင်များကြသည့်အခါ မိစ္ဆာအားလုံးက ပင့်ကူမိစ္ဆာဘက်မှ ရပ်တည်ကြသည်။ မိစ္ဆာအများနှင့်တစ်ယောက် ဖြစ်နေသောကြောင့် ခရုစုပ်ငှက်က ခန်းမဆောင်ထဲမှ ထွက်လာခဲ့သည်။

" မင်းက မျိုးသုဉ်းခါနီးတိရစ္ဆာန်ဖြစ်နေတော့ရော ဘာဖြစ်လဲ လောင်ဇီသာ မင်းငါ့ကို ချောက်ချတဲ့ကိစ္စရဲ့ သဲလွန်စရှာမတွေ့တာ မဟုတ်လို့ကတော့ မင်းကိုဖမ်းဖို့ စီမံခန့်ခွဲရေးဗျူရိုမှာ လာတိုင်တာကြာပြီ..."

ပင့်ကူမိစ္ဆာ၏ရင်ထဲမှ ဖိနှိပ်ထားရသော ဒေါသက အနည်းငယ်လျော့ကျသွားသည်။

" ငှက်တွေထဲမှာ တကယ့်ကို ရွံစရာအကောင်းဆုံးအကောင်..."

ထိုစကားများကြားသည့်အခါ အခြားမိစ္ဆာများက သူ့ကို နှစ်သိမ့်ကြသည်။ အချို့သောမိစ္ဆာများက အရသာရှိသော မုန့်ထုပ်များကိုပင် သူ့ထံ လာပေးကြသည်။

ပင့်ကူမိစ္ဆာက အရသာရှိသောအသားခြောက်ကို ကိုက်လိုက်သည်။

ခရုစုပ်ငှက်က တိတ်တဆိတ်ထွက်ပြေးလာချိန်တွင် စီမံခန့်ခွဲရေးဗျူရိုမှ ဖူလီနှင့်တိုက်မိတော့သည်။

" မင်းသောက်လုံး ကန်းနေတာလား..."

ခရုစုပ်ငှက်က လဲကျသွားရာမှ ထလာပြီး စတင်ဆဲရေးတော့သည်။ သို့ရာတွင် သူနှင့်တိုက်မိသူက ဖူလီဖြစ်ကြောင်း သိလိုက်ရသည့်အခါ သူ့အသံက ဆယ်ပုံရှစ်ပုံခန့် လျော့သွားသည်။ ဖူလီ၏ လက်ဖဝါးချက်ကြောင့် သူ လွင့်ထွက်သွားချိန်က ကြောက်ရွံ့မှုကို သူ ပြန်လည်အမှတ်ရသွားသည်။

ခရုစုပ်ငှက်က ဟမ့်ခနဲ အသံပြုကာ သူ့ကိုယ်ပေါ်မှ ဖုန်များကိုခါပြီး နောက်ပြန်လှည့်မကြည့်ဘဲ အဝေးကို ထွက်ပြေးသွားတော့သည်။

" အိုင်း..."

ဖူလီက ကြမ်းပေါ်ပြုတ်ကျသွားသည့် ပိုက်ဆံအိတ်ကို ကြည့်လိုက်သည်။ သူ ခေါင်းငုံ့ပြီး အိတ်ကိုကောက်ကာ ကျွမ်းချင်ကို ဖုန်းလှမ်းဆက်လိုက်သည်။ ယခုအချိန်တွင် သူ့အကူအညီမလိုသေးကြောင်း အတည်ပြုလိုက်ပြီးသည့်နောက်တွင် ပိုက်ဆံအိတ်ကိုယူကာ ပြေးထွက်သွားသည့် ခရုစုပ်ငှက်နောက်ကို ပြေးလိုက်တော့သည်။

ထိုငှက်က နှစ်လိုဖွယ်မကောင်းသော်လည်း သူက နိုင်ငံ့ရတနာငှက်မျိုးစိတ်ဖြစ်သည်ကို အကြောင်းပြုကာ သူ့ပိုက်‌ဆံအိတ်ကို ပြန်ပေးရန် ဆုံးဖြတ်လိုက်သည်။ သို့မှသာ နိုင်ငံ့ရတနာဖြစ်သောငှက်က သူ ဝယ်လာသည့်အသားများအတွက် ပိုက်ဆံမပေးလိုသောကြောင့် လူအသွင်ပြောင်းသွားသည်ဟူသော သတင်းများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။

ခရုစုပ်ငှက်က ဘဝင်မြင့်သောမိစ္ဆာတစ်ကောင်ဖြစ်သည်။ မိစ္ဆာများစွာ၏ ကြိမ်းမောင်းခံရသည့်အခါ သူ ခံနိုင်ရည်မရှိတော့ပေ။ အသက်တစ်ရှိုက်စာအတွင်းမှာပင် ဆယ်ကီလိုမီတာခန့်ကို ထွက်ပြေးသွားပြီး မြစ်တစ်စင်းအနားကို ရောက်လာသည်။ သူ့ခြေထောက်နားမှ ကျောက်စရစ်ခဲများကိုကောက်ကာ မြစ်ထဲပစ်ပြီး ဆဲရေးလိုက်သည်။

" ဘယ်လိုတောင် အရှက်မဲ့တာလဲ... လူသား ရဲတွေဆီမှာ သူတမင်အဖမ်းခံရအောင်လုပ်တာ ဘယ်သူလဲ..."

သူ့ရဲ့ အရမ်းလှတဲ့အမွေးတွေကိုမြင်လို့ သူ့ကို ဖမ်းပြီးရောင်းစားမလို့လုပ်တာ အဲဒီမိစ္ဆာ မဟုတ်ဘူးလား...

သူ တမင်လုပ်ကြံခဲ့သည့်မိစ္ဆာက သူ ချောက်ချခံရကြောင်းကို အများရှေ့တွင် ထုတ်ပြောလာမည်ဟု မမျှော်လင့်ထားခဲ့မိပေ။ ထိုသို့သော အရှက်မဲ့သည့်မိစ္ဆာမျိုး ဤလောကတွင် ရှိနေသည်ကို သူ မယုံကြည်နိုင်ပေ။

သူ့ဘက်က ရပ်တည်ပေးနေကြတဲ့ ယောင်ကျင့်ကြံသူတွေကလည်း အရူးတွေပဲ...သူတို့ကူညီပေးနေတာက အမှိုက်ကောင်မှန်းတောင်မသိဘဲ တရားမျှတမှုဘက်က ရပ်တည်နေတယ်လို့ ထင်နေကြတယ်...

သူက ဂုဏ်ကျက်သရေရှိတဲ့ ခရုစုပ်ငှက်လေ အဲ့ပင့်ကူကို လက်စားချေချင်ရင် လူသားတွေရဲ့ အကူအညီတောင် မလိုဘူး...

သို့ရာတွင် နောက်ဆုံးတွင်လည်း သူက ပင့်ကူမိစ္ဆာ၏ လက်ထဲမှ လွတ်ရန် လူသားများ၏ အကူအညီကို ယူခဲ့ရသည်။ သို့ရာတွင် ၎င်းက အရေးမကြီးသေးပေ။ အရေးကြီးသောအရာမှာ ထိုသို့သော ခိုးကြောင်ခိုးဝှက်အပြုအမူမျိုးကို သူ အသုံးမပြုနိုင်ခြင်းဖြစ်သည်။

" ဒီနေ့ နေရောင်လေးက နွေးနေတာပဲ... လူကြီးမင်းက မြစ်ဘေးမှာ ဘာလို့တစ်ယောက်တည်း ရှု့ခင်းကြည့်နေတာလဲ..."

အနောက်တိုင်းဝတ်စုံနှင့် နက်ကတိုင်စည်းထားသော လူတစ်ယောက်က ခရုစုပ်ငှက်နှင့် မနီးမဝေးတွင် ရပ်နေသည်။ သူက အနက်ရောင်ဆံပင်၊ အပြာရောင်မျက်လုံးများနှင့် ကြည့်ကောင်းသည့် မျက်နှာအစိတ်အပိုင်းများရှိသည်။ သူက အလွန်ခံ့ညားသော်လည်း ဤနိုင်ငံမှ လူသားတစ်ယောက်နှင့် မတူပေ။

ခရုစုပ်ငှက်က ပေါက်ကွဲလွယ်သောစိတ်ဓာတ်နှင့်မိစ္ဆာဖြစ်သည်။ ထိုလူက စကားစလာသည်ကို တွေ့သောအခါ သူ တဲ့တိုးပြောလိုက်သည်။

" လောင်ဇီ ဒီနေရာမှာ ဘာလုပ်နေနေ မင်းသောက်ကြောင်းလား..."

လူချောလေးက ခဏတာကြောင်အသွားပြီးသည့်နောက်တွင် အလျင်အမြန်ပင် ကျက်သရေရှိသော အပြုံးတစ်ခု ပြန်လည်ဆင်မြန်းလိုက်သည်။

" လူကြီးမင်း ဒီနေရာမှာ တစ်ယောက်တည်းနေနေတာ လူဆိုးတွေနဲ့တွေ့မှာ မကြောက်ဘူးလား..."

ခရုစုပ်ငှက်က မျက်ဆံကို ကောင်းကင်ထိရောက်အောင် လှန်လိုက်သည်။

" ထွက်သွားစမ်းပါ..."

လောင်ဇီက ရုပ်ဆိုးလွန်းတဲ့ ယောင်ကျင့်ကြံသူတွေပဲနေတဲ့လောကမှာ အလှတရားကို မှီခိုနေတဲ့သူပဲ... မူရင်းအသွင်ကိုပြောင်းလိုက်ရုံနဲ့ မရေမတွက်နိုင်တဲ့သူတွေက သူ့ရှေ့မှာ ဒူးထောက်ပြီး သူ့ကို ဒယ်ဒီလို့ခေါ်ကြမှာ ဘာကိစ္စနဲ့မှ ယဉ်ကျေးနေစရာကို မလိုဘူး...

" လူကြီးမင်းရဲ့ ဒီလိုအပြုအမူမျိုးက ကျွန်တော့်ကို မပျော်မရွှင်ဖြစ်အောင် လုပ်နေတာပဲ..."

လူချောလေး၏မျက်နှာက မည်းမှောင်သွားသည်။ သူ့မျက်လုံး၏ အပြာရောင်သန်းနေသည့်ဘက်ခြမ်းက ဒေါသရိပ်များသန်းလာသည်။

" မနာခံတဲ့အရာတွေကို စားပစ်တာ အကောင်းဆုံးပဲ..."


" မင်း သောက်ရူးလား..."

ခရုစုပ်ငှက်က မျက်ခုံးများ တွန့်ချိုးလိုက်သည်။
" နိုင်ငံတော်ရဲ့ မျိုးသုဉ်းလုဆဲဆဲသတ္တဝါကိုစားတာ ထောင်ဘယ်နှနှစ်လဲဆိုတာ မင်းသိလား..."

ဝတ်စုံပြည့်ဝတ်ထားသောလူက ထိုစကားများကိုကြားသည့်အခါ သရော်လိုက်သည်။

" မင်းတို့တိုင်းပြည်ရဲ့ ယောင်ကျင့်ကြံသူတွေကို ကောင်းကောင်းကာကွယ်ပေးထားတယ်ဆိုတာ ငါကြားဖူးပါတယ် ဒါပေမဲ့ ဒီလောက်ကြီးအထိ ကလေးဆန်မယ်လို့ မထင်ထားဘူး... ငါ မင်းကို စားရဲတယ်ဆိုတည်းက တောရိုင်းတိရစ္ဆာန်ကာကွယ်ထိန်းသိမ်းရေးဥပဒေကို ကြောက်မယ်ထင်လို့လား..."

" မင်းက နိုင်ငံခြားမိစ္ဆာလား..."

ခရုစုပ်ငှက်၏ရင်ထဲတွင် အလန်းသံတစ်သံ ကျယ်လောင်စွာ မြည်ဟည်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ မြစ်ရှိရာသို့ ခြေလှမ်းပေါင်းများစွာ ဆုတ်သွားသည်။

'ဗီလိန်များက စကားများသောကြောင့် သေဆုံးရသည်' ဟူသော အဖြစ်မှန်ကို ဝတ်စုံပြည့်ဝတ်ထားသူက သိသည်။ သူက ခရုစုပ်ငှက်၏ စကားများကို လုံးဝလျစ်လျူရှု့ထားလိုက်ပြီး အမဲလိုက်တော့မည့်ဟန်ဖြင့် လက်နှစ်ဖက်လုံးကို ဆန့်ထုတ်လိုက်သည်။ သူ့ထံမှ ထွက်ပေါ်လာသည့် သွေးဆာနေသည့်ခံစားချက်ကြောင့် ခရုစုပ်ငှက်မှာ လူသားအသွင်မယူနိုင်မီအချိန်က ကြောက်စရာအကောင်းဆုံး ဖြစ်ရပ်တစ်ခုကို ပြန်အမှတ်ရသွားသည်။ ထိုနှစ်က သိမ်းငှက်ထီးတစ်ကောင်က သူ့ကို သေလုမျောပါးဖြစ်သည်အထိ လက်သည်းဖြင့် ထိုးသုတ်လုနီးပါးဖြစ်ခဲ့သည်။ သူက ဝတ်ရုံပြည့်လူ၏ တိုက်ခိုက်မှုကို ထိတ်ထိတ်ပျာပျာဖြင့် ရှောင်တိမ်းလိုက်သော်လည်း သူ၏အမူအရာက အလွန်ဖြူဖျော့လာသည်။

" ခရုစုပ်ငှက်က မင်းတို့နိုင်ငံအတွက် တော်တော်လေးအရေးပါတယ်ဆိုပြီး မှတ်တမ်းတင်ထားတယ်လို့ ငါကြားဖူးတယ်...လူသားအသွင်ယူထားတဲ့ ရှားပါးငှက်တစ်ကောင်ရဲ့သွေးက တော်တော်လေး အရသာရှိမှာပဲ..."

ခရုစုပ်ငှက် ရှောင်တိမ်းလိုက်သည်ကို ထိုလူက ဒေါသထွက်ရမည့်အစား သူ၏ဘလေဇာကုတ်အင်္ကျီကို ချွတ်လိုက်သည်။

" ဉာဏ်ကောင်းတဲ့သားကောင်က ဗိုက်ပြည့်စေလိမ့်မယ်..."

ခရုစုပ်ငှက်က သွေးများခမ်းခြောက်ကာ သေဆုံးသွားသည့် ယောင်ကျင့်ကြံသူနှစ်ယောက်ကို တွေးမိသွားသည်။ သူတို့က ကျင့်ကြံဆင့်မမြင့်ကြသော်လည်း တစ်ယောက်၏ မူရင်းအသွင်က Dutchman’s Pipeပန်းမျိုးဖြစ်သည့် ပန်းပွင့်မိစ္ဆာဖြစ်သည်။ အခြားတစ်ယောက်က ကွိုင်းငါးမျိုးဆက်ဖြစ်သည့် ငါးတစ်ပိုင်း လူတစ်ပိုင်း သွေးနှောမိစ္ဆာဖြစ်သည်။

လူသားများက ထူးဆန်းသည့် သတ္တဝါများဖြစ်ကြသည်။ သူတို့က အပေါ်ယံတွင်မူ သဘာဝလွန်ဖြစ်ရပ်များကို မယုံကြည်ကြသော်လည်း Dutchman’s Pipeပန်းပွင့် ပွင့်လာသည်ကိုမြင်သည်နှင့် ကံကောင်းမှုများ ဖြစ်ပေါ်လာစေပြီး ကွိုင်းငါးကို အိမ်တွင်မွေးထားပါက စီးပွားလာဘ်လဘများ တိုးပွားလာစေမည်ဟု ကျိန်းသေပေါက် ယုံကြည်ကြသည်။

သူတို့၏ ကျင့်ကြံဆင့်နိမ့်သည်ဟူသော အကြောင်းပြချက်ကြောင့် နိုင်ငံခြားမိစ္ဆာက သူတို့ကိုစားလိုက်ခြင်းဖြစ်သော်လည်း သူတို့မူရင်းပုံစံ၏နောက်ကွယ်မှ အထူးအဓိပ္ပါယ်က ပိုမိုလေးနက်သည့် အဓိပ္ပါယ်ဖြစ်လာနိုင်သည်။

" မင်းတို့ ဒီမှာ ဘာလုပ်နေတာလဲ..."

ဆောင်းဦးရာသီဖြစ်သော်လည်း လက်တိုအားကစားအင်္ကျီ ဝတ်ဆင်ထားသည့် ကြွက်သားတောင့်တောင့်အမျိုးသားနှစ်ယောက်က မြစ်ရေကာတာနားမှ ပြေးလာကြသည်။ ခရုစုပ်ငှက်နှင့် ဝတ်ရုံပြည့်ဝတ်ထားသူ၏အကြားမှ ရန်လိုနေသည့် လေထုအနေအထားကို သတိပြုမိသောကြောင့် ဝတ်ရုံမီးခိုးရောင်လူက သူ့မျက်နှာထက်မှ ချွေးများကို သုတ်လိုက်သည်။

" ဒါက တရားဥပဒေစိုးမိုးတဲ့မြို့နော် တိုက်ခိုက်ရန်ဖြစ်နေဝာာတွေကို ခွင့်မပြုဘူး..."

သူ့ အင်္ကျီလက်ကို ပင့်လိုက်ပြီး တက်တူးများနှင့်အတူ တောင့်တင်းလှသည့်လက်မောင်းများကို ဖော်ပြကာ တစ်ဖက်မှ လူနှစ်ယောက်ကို ခြောက်လှန့်ရန် ပြင်လိုက်သည်။

" လူသားနှစ်ယောက်လား..."

ဝတ်ရုံပြည့်လူက မျက်ခုံးများ တွန့်ချိုးလိုက်သည်။ သူ၏ အပြာရင့်ရောင်မျက်ဝန်းများက ကြွက်သားတောင့်တောင့်နှင့် လူနှစ်ယောက်၏ ကိုယ်ပေါ်မှ ချွေးစက်များကိုကြည့်ပြီး မျက်နှာထက်တွင် မနှစ်မြို့သည့် အမူအရာအချို့ ပေါ်လာသည်။ ချွေးများစိုရွှဲနေသည့် ဗလတောင့်တောင့်နှင့်လူက နေရောင်ကြောင့် ညိုမည်းနေ၍ သူ အမုန်းဆုံးစားစရာအမျိုးအစားထဲမှတစ်မျိုး ဖြစ်နေသည်။ သူတို့၏သွေးများကလည်း သူ့အတွက် ရွံစရာဖြစ်နေသည်။

" ထွက်သွားစမ်း မင်းတို့နဲ့ ဘာဆိုင်လို့လဲ..."

ဝတ်ရုံပြည့်ဝတ်ထားသူ၏ မျက်ဝန်းထဲတွင် အနီရောင်အလင်းများ ထွက်ပေါ်လာသည်။

" ဟေး ငါတို့ဘယ်ကလဲဆို‌တာ မင်းသိလား..."

အင်္ကျီလက်မီးခိုးရောင်နှင့်လူက ချက်ချင်း မပျော်မရွှင်ဖြစ်သွားသည်။ သူ့ရှပ်အင်္ကျီကိုချွတ်လိုက်ပြီးနောက် လက်သီးတင်းတင်းဆုပ်ကာ ရင်အုပ်ကြွက်သားများကိုခါပြီး သူ၏ တိုက်ခိုက်နိုင်သည့်စွမ်းရည်များကို ပြသလိုက်သည်။ တခြားတစ်ယောက်က အခွင့်အရေးကိုအသုံးချပြီး ဖုန်းထုတ်ကာ ရဲခေါ်လိုက်သည်။

" ငတုံးတွေချည်းပဲ..."

ဝတ်ရုံပြည့်လူက လေကိုဆွဲလိုက်သည့် အမူအရာလုပ်လိုက်သည့်အခါ လူနှစ်ယောက်ကို မမြင်ရသည့် ကြိုးတစ်ချောင်းဖြင့် ရစ်ပတ်ထားသကဲ့သို့ သူ့ထံသို့ ဆွဲခေါ်ခံလိုက်ရသည်။