Chapter 114
အလေ့အကျင့်
" ငတုံးတွေချည်းပဲ..."
ဝတ်ရုံပြည့်လူက လေကိုဆွဲလိုက်သည့် အမူအရာလုပ်လိုက်သည့်အခါ လူနှစ်ယောက်ကို မမြင်ရသည့် ကြိုးတစ်ချောင်းဖြင့် ရစ်ပတ်ထားသကဲ့သို့ သူ့ထံသို့ ဆွဲခေါ်ခံလိုက်ရသည်။
" ငါ အစာစားနေချိန် နှောင့်ယှက်ခံရတာကို အမုန်းဆုံးပဲ..."
ဝတ်ရုံပြည့်လူက ထိုလူနှစ်ယောက်ကို အထင်အမြင်သေးစွာဖြင့် တစ်ချက်ကြည့်လိုက်ပြီးမှ ခရုစုပ်ငှက်ကို တည့်တည့်ကြည့်လိုက်သည်။ သူ့လက်တစ်ဖက် ဆန့်ထုတ်လိုက်သည့်အခါ ခရုစုပ်ငှက်၏လည်ပင်းကို အလွယ်တကူ ဆုပ်ကိုင်၍ ရသွားသည်။
" မင်းတို့အရှေ့တိုင်းက မိစ္ဆာတွေက တကယ်ကို လူဖျင်းလူညံ့တွေပဲ... မင်းတို့အားလုံးကိုသုတ်သင်ပစ်ရမှာ နေပူဆာလှုံတာထက်တောင် ပိုလွယ်သေးတယ်..."
ဝတ်ရုံပြည့်လူက ချောမောခံ့ညားသော်လည်း သူ၏လက်လှုပ်ရှားမှုများက သိမ်မွေ့မှု ရှိမနေပေ။ သူက ခရုစုပ်ငှက်၏ဆံပင်ကို ဆောင့်ဆွဲထားပြီး အခြားတစ်ဖက်က ပခုံးနှစ်ဖက်ကိုကိုင်ထားကာ လည်ပင်းမှကိုက်ပစ်ရန် ပြင်လိုက်သည်။
သို့သော် နောက်တစ်စက္ကန့်အကြာတွက် စွမ်းအားလှိုင်းတစ်ခုက သူ့ကို လွင့်ထွက်သွားအောင် ပြုလုပ်လိုက်သည်။
လေလုံးထွားနေသည့် ရွံစရာလူတစ်ယောက်အဖြစ် ပြုမူနေသော ဝတ်ရုံပြည့်လူက ရုတ်တရက် လွင့်ထွက်သွားချိန်တွင် ဗလတောင့်တောင့်လူနှစ်ယောက်က ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူ လွင့်သွားသည့်အမြင့်က ၇မီတာ ၈မီတာခန့်အထိ ရှိပေသည်။
ဝူရှကားကို ဘတ်ဂျတ်နည်းနည်းနဲ့ ရိုက်နေတာကို မြင်နေရတာများလား... လူတစ်ယောက်က အရွယ်ရောက်ပြီးသား ယောကျာ်းသားတစ်ယောက်ကို ခြေထောက်နဲ့ တစ်ချက်ကန်လိုက်ရုံနဲ့ အဲ့လောက်အထိ လွင့်သွားရလား... ကြောက်စရာကြီးဟ...
ရုတ်ချည်းထွက်ပေါ်လာသည့် လူငယ်လေးကိုကြည့်ပြီး သူတို့၏ လောကကြီးအပေါ်အမြင်က ပြိုလဲသွားသည်ဟု ခံစားလိုက်ရသည်။
အဆုံးသတ်သွားပြီဟု ထင်နေသော ခရုစုပ်ငှက်မှာ သူ့ဘေးနားတွင်ပေါ်လာသည့် မိစ္ဆာကိုကြည့်လိုက်သည်။ သူ ပါးစပ်ဟကာ အကြိမ်အနည်းငယ်ခန့် ချောင်းဆိုးလိုက်ပြီးသည့်နောက်တွင် စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။
" ကျွန်တော်တို့တွေက အဝေးကရောက်လာတဲ့ ဧည့်သည်တွေကို ပျူပျူငှာငှာပဲ ဆက်ဆံပါတယ် ဒါပေမဲ့ 'ဧည့်သည်ကလည်း အိမ်ရှင်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတတ်ရသေးတယ်' ဆိုတဲ့ စကားမျိုးလည်း ရှိတယ်မလား... ကျွန်တော်တို့ရဲ့ အရှေ့တိုင်းနယ်မြေမှာ ဒီလိုမျိုးမိစ္ဆာတွေကိုစားတဲ့ အပြုအမူမျိုးကို ခွင့်မပြုထားပါဘူး..."
ဖူလီက သူ့နောက်မှ ခရုစုပ်ငှက်ကိုမြှောက်ပြီး ဘေးနားသို့ ပစ်ထုတ်လိုက်သည်။
" ဧည့်သည်က ကျွန်တော်တို့ စီမံခန့်ခွဲရေးဗျူရိုရဲ့ စည်းကမ်းတွေကို ချိုးဖောက်တဲ့အတွက် ကျေးဇူးပြုပြီး ဗျူရိုကို လိုက်လာခဲ့ပေးပါ..."
" မင်းကရော ဘာကောင်လဲ..."
လွေ့အာက မြင့်မြတ်သည့်သွေးစုပ်ဖုတ်ကောင်အဖြစ် မွေးဖွားလာခဲ့သူဖြစ်ပြီး နှစ်တစ်ထောင်ကျော် အသက်ရှင်နေထိုင်လာသူဖြစ်သည်။ သူက နေရောင်ခြည်နှင့် ငွေထည်ပစ္စည်းများကို မကြောက်လန့်သည့်အပြင် လူသားအများစုပင် စိတ်ကူးမယဉ်နိုင်သည့် ပိုင်ဆိုင်မှုများစွာကို ပိုင်ဆိုင်ထားသည်။
ဖူလီက လွေ့အာ၏ မူရင်းသွင်ပြင်ကို ထိုးဖောက်မြင်နိုင်သည်။ သူက လူသားများနှင့် လင်းနို့မျိုးစပ်ထားသည်ထက် မပိုပေ။ သူ့ထံတွင် အခြေခံအုတ်မြစ်ကောင်းကောင်းရှိသည်ဟု မသတ်မှတ်နိုင်သည့်အပြင် သူ၏ကျင့်ကြံဆင့်ကလည်း မလေးနက်ပေ။ သို့ဖြစ်၍ ဤနိုင်ငံခြားမိစ္ဆာက အဘယ့်ကြောင့် ဂုဏ်ယူဝံ့ကြွားနေသည်ကို ဖူလီ နားမလည်နိုင်ပေ။
သူက ယောင်လောကမှာရှိတဲ့ မိစ္ဆာငယ်လေးတွေကို အနိုင်ကျင့်နိုင်တာနဲ့ပဲ သူ့ကိုယ်သူ ပြိုင်ဘက်ကင်းလို့ ထင်နေတာများလား...
" တကယ်လို့ ဧည့်သည်က ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးရေးမှာ မပူးပေါင်းပေးဘူးဆိုရင်တော့ ကျွန်တော့်ဘက်က ရိုင်းပြဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး..."
ဖူလီက လက်တစ်ဖက်ဆန့်ထုတ်လိုက်ပြီးနောက် အခြားလက်တစ်ဖက်ကို နောက်ပစ်ထားဆဲဖြစ်သည်။
" မင်းက ငါတို့ကျင့်ကြံရေးလောကရဲ့ အသက်နှစ်ချောင်းကို ယူသွားခဲ့ပြီးတော့ ငါတို့နိုင်ငံရဲ့ အဖိုးတန်တိရစ္ဆာန်မျိုးနွယ်ကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်... မင်းက ကျင့်ကြံရေးလောကစည်းမျဉ်းတွေကို ချိုးဖောက်ရုံ မကဘူး လူသားလောကရဲ့ စည်းမျဉ်းတွေကိုလည်း ချိုးဖောက်ပြီး အဖမ်းခံဖို့ ငြင်းနေတယ် ...မင်းက တော်တော်လေး ရွံစရာကောင်းတဲ့စိတ်ဓာတ်ရှိတာပဲ..."
ဘဝမြင့်နေသည့် ဝတ်ရုံပြည့်လူက ထိုသို့သောအမြင့်မှ ပြုတ်ကျလာသော်လည်း လုံးလုံးလျားလျားဒဏ်ရာမရသောကြောင့် ယနေ့အဖြစ်အပျက်က အနည်းငယ်ထူးဆန်းနေသည်ဟု ဗလကြီးနှစ်ယောက်က ထင်လာသည်။ လူတစ်ယောက်က တစ်ချက်ကန်လိုက်ရုံဖြင့် အခြားတစ်ယောက်ကို လွင့်ထွက်သွားအောင် လုပ်နိုင်သည့်အကြောင်းများကို အာပေါင်အာရင်းသန်သန်ဖြင့် ပြောနေကျဖြစ်သော်လည်း ထိုမြင်ကွင်းကို အမှန်တကယ်မြင်လိုက်ရသည့်အခါ အနည်းငယ်ကြောက်လန့်သွားသည်။
'ကျင့်ကြံရေးလောက' ၊ 'လူသားလောက' ဟူသည့် အမည်များကို ကြားသည့်အခါ လျှို့ဝှက်ဆန်းကြယ်သောလောကတစ်ခုနှင့် မတော်တဆ ထိတွေ့မိသွားကြောင်း သိလိုက်ကြသည်။
" ဟမ့်... မင်းတစ်ယောက်တည်း ငါ့ကိုဖမ်းချင်သေးတယ်ပေါ့လေ..."
လွေ့အာက လှောင်ပြောင်ရယ်မောလိုက်သည်။
" တကယ့်ဟာသပဲ... ကျင့်ကြံဆင့်မရှိတဲ့လူက ငါ့ကိုဖမ်းချင်သေးတယ်တဲ့..."
ဘေးနားသို့ တွန်းပို့ခံလိုက်ရသည့် ခရုစုပ်ငှက်က မတ်မတ်ရပ်လိုက်ချိန်တွင် ထိုစကားများကို ကြားလိုက်ရ၍ "ငတုံးကောင်" ဟု ရေရွတ်လိုက်မိသည်။
ဖူလီက ကျင့်ကြံဆင့် မရှိဘူးတဲ့လား... ဒီစကားသာ ပျံ့သွားရင် ကျင့်ကြံရေးလောကတစ်ခုလုံး ဝါလုံးကွဲ ရယ်ကြတော့မှာပဲ... ဒီယုန်မိစ္ဆာက အပေါ်ယံမှာသာ အန္တရာယ်မများဘူးထင်ရတာ သူ မိစ္ဆာတစ်ကောင်ကို ရိုက်နှက်နေပြီဆို အစွမ်းတွေအများကြီးထွက်လာတာ ဘယ်သူမသိပဲ နေလို့လဲ... ကျင့်ကြံရေးလောကထဲက ဘယ်သူမှ ဒီမဟာအရှင်ကို မစော်ကားရဲကြဘူး...
လွေ့အာက သူ၏ ဘဝင်လေဟပ်မှုအတွက် တန်ရာတန်ကြေးကို လျင်မြန်စွာပေးဆပ်လိုက်ရတော့သည်။ ဖူလီ လက်ဖဝါးဖြင့် တစ်ချက်ရိုက်လိုက်ရုံဖြင့် သူ ရေထဲကျသွားသည်။
မဖြစ်ဘူး...
သူ ရေကိုအရမ်းမုန်းတာလေ...
လွေ့အာက ရေပြင်ပေါ်ကိုနင်းပြီး ပေါလောပေါ်နေအောင် ပြုလုပ်လိုက်သည်။ သို့ရာတွင် သူ့ကိုယ်တစ်ပိုင်းက ရေပေါ်မှ တက်လာချိန်တွင် ဖူလီက ခြေထောက်ဖြင့် တက်နင်းလိုက်သောကြောင့် ရေထဲပြန်ကျသွားရသည်။
" ဘော့စ်... အဲ့လူက ရေပေါ် ဘယ်လိုလမ်းလျှောက်နေတာလဲ..."
အင်္ကျီလက်မီးခိုးရောင်နှင့်လူက သူ့မျက်လုံးများကို ပွတ်လိုက်သည်။
အင်္ကျီလက်အနက်ရောင်လူကလည်း ခါးမတ်မတ်ရပ်ကြည့်ပြီး ကြောင်အနေမိသည်။ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသောကြောင့် သူ့မျက်နှာက အသက်မဲ့နေသည်။
" အင်း သူ ပျံသွားတာထင်တယ်..."
လူတွေက ဘယ်လိုဖြစ်လို့ ပျံနိုင်နေရတာလဲ... မဖြစ်နိုင်ဘူးလေ...
အင်္ကျီလက်မီးခိုးရောင်နှင့်လူ၏ရင်ထဲတွင် လှိုင်းဂယက်များထလာသည်။ သို့သော် သူ့မျက်နှာထက်မှ ကြွက်သားများကို ရှုံ့မဲ့လိုက်ပြီး ကောင်းကင်ထက်မှ နေလုံးကြီးကို ကြည့်လိုက်သည်။
" ကျွန်တော်တို့ အိမ်မက်မက်နေတာထင်တယ်..."
အင်္ကျီလက်အနက်ရောင်လူက တောင့်တင်းနေသည့် မျက်နှာကြီးဖြင့် ပြောလိုက်သည်။
" ငါတို့ ဘယ်အချိန် နှုတ်ပိတ်ခံရတော့မယ်ဆိုတာပဲ မင်းတွေးနေသင့်တယ်..."
ထိုလူများ၏ စွမ်းအားကြီးပုံဖြင့်ဆိုပါက အခြားလူများ သူတို့၏စွမ်းရည်များအကြောင်း သိရှိသွားမည်ကို ကျိန်းသေပေါက် ခွင့်ပြုလိမ့်မည် မဟုတ်ပေ။ သူတို့နှစ်ယောက်က ဤလောကတွင် သဘာဝလွန်စွမ်းအားရှိသူများ၏ တည်ရှိမှုကို ရှာတွေ့သွားပြီဖြစ်၍ နှုတ်ပိတ်ခံရနိုင်ပေသည်။
ဗလကြီးနှစ်ယောက်၏စိတ်ထဲတွင် သဘာဝလွန်ရုပ်ရှင်များအကြောင်း ပေါ်လာသည်။ လျှို့ဝှက်ချက်ကို လျင်မြန်စွာရှာတွေ့သွားသည့် အမြောက်စာဇာတ်ကောင်များမှာ ယျေဘုယျအားဖြင့် စောစီးစွာ အသက်ဆုံးရှုံးတတ်ကြောင်း သူတို့ နောက်ဆုံးတွင် သဘောပေါက်သွားသည်။ လူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ချိန်တွင် မျက်ဝန်းထဲ၌ စိတ်ဓာတ်ကျမှု အရိပ်အယောင်အချို့ကို မြင်လိုက်ရသည်။
သူတို့တွေရဲ့ ကြွက်သားတွေကို ဓာတ်ပုံရိုက်ပြီး သူငယ်ချင်းတွေဆီတောင် မပို့ရသေးဘူးလေ သူတို့မသေချင်သေးဘူး...
လွေ့အာက ဖူလီ၏အစွမ်းကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်လာရသည်။ အဆုံးတွင် သူက မီးခိုးရင့်ရောင်လင်းနို့တစ်ကောင်အဖြစ် အသွင်ပြောင်းပြီး ရေထဲတွင် နာကျင်စွာဖြင့် ရုန်းကန်နေရသည်။ ဖူလီက ရေထဲကိုနင်းလိုက်ပြီး ခရုစုပ်ငှက်ဘက်ကို လှည့်လိုက်သည်။
" ဒီကိုလာခဲ့..."
" ဘာလုပ်မလို့လဲ..."
ခရုစုပ်ငှက်က အပေါ်ယံတွင်သာ တွန့်ဆုတ်နေသည့်ပုံစံ ဖြစ်ပေါ်သွားသော်လည်း နာခံစွာဖြင့် ရေထဲကို ခြေချလိုက်ပြီး လျှောက်လာသည်။
" ဒီလင်းနို့ကိုဖမ်းပြီး ငါနဲ့အတူ စီမံခန့်ခွဲရေးဗျူရိုကို ပြန်လိုက်ခဲ့..."
" မင်းက ဘာ ဘာလို့မဖမ်းတာလဲ..."
ခရုစုပ်ငှက်က ရေထဲမှလင်းနို့ကို ဖမ်းလိုက်သည်။ ရေများ လွင့်စင်သွားအောင် သူ့လက်ကိုပါ အားပြင်းပြင်းဖြင့် ခါလိုက်သေးသည်။ ထို့နောက် ကြိုတင်ပြင်ဆင်ထားသည့် ကြိုးတစ်ချောင်းကိုထုတ်ပြီး ဘောလုံးတစ်လုံးသဖွယ် ချည်နှောင်လိုက်သည်။
" လင်းနို့တွေက မှောင်မည်းနေတဲ့ လှိုဏ်ဂူတွေထဲနေရတာ သဘောကျပေမယ့် ရေချိုးရတာ မကြိုက်ဘူး... သူတို့ကိုယ်ပေါ်မှာ ဘယ်လောက်တောင် အန္တရာယ်များတဲ့ ဘတ်တီးရီးယားတွေ ရှိမယ်မှန်း မသိဘူးလေ..."
ဖူလီက သူ့ကို မနှစ်မျို့ကြောင်း သိသာလှပေသည်။
" အဲ့တော့ ငါအဲ့လိုမျိုးလုပ်ဖို့က မသင့်တော်ဘူးထင်တယ်..."
လက်ရှိအချိန်တွင် လင်းနို့ကို ကြိုးဖြင့်ချည်နေသည့် ခရုစုပ်ငှက် : ...
သူက နိုင်ငံရတနာလေ သူ ဒါတွေ လုပ်နေတာကျ သင့်တော်တယ်ပေါ့...
စိတ်ထိန်း စိတ်ထိန်း... အသက်ကိုကယ်ပေးထားတာဆိုတော့ အကြိမ်ပေါင်းများစွာ ပြန်ပေးဆပ်သင့်တယ်ဒေါသမထွက်သင့်ဘူး ဒေါသမထွက်မိစေနဲ့...
" မင်းတို့နှစ်ယောက်လုံးက အတောင်ပံတွေရှိတယ်ဆိုတော့ ဆွေးနွေးစရာအကြောင်းတွေ များမယ်ထင်လို့လေ..."
ဖူလီက သူ၏ကိုယ်ပိုင်အကြောင်းပြချက်ကို ကျေနပ်နေပုံရသည်။
" အဲဒါကြောင့် မင်းကို ကိုင်တွယ်ခိုင်းလိုက်တာ ဒါက ပိုသင့်တော်တယ်လေ..."
ခရုစုပ်ငှက်က သည်းခံမှုအတိုင်းအတာ ကုန်လွန်သွားခဲ့သည်။
" ငါက နိုင်ငံ့ရတနာနော်..."
" ငါ အလယ်တန်းဖတ်စာအုပ်ကို သေချာဖတ်ကြည့်ပြီးသွားပြီဆိုတော့ မင်းက နိုင်ငံ့ရတနာဆိုတာ သိပါတယ်..."
ဖူလီက ခရုစုပ်ငှက် ချည်ထားသည့်လင်းနို့ကို ခြေထောက်ဖြင့် ကန်လိုက်သည်။
" အတိတ်တုန်းကဆိုရင် သူက ကံကောင်းမှုတွေရဲ့ သင်္ကေတပဲ... ဒါပေမဲ့ အခုတော့ သွေးပဲစုပ်တတ်တော့တယ်လေ... သူက တဖြည်းဖြည်း ပိုဆုတ်ယုတ်လာပြီးတော့ တိုးတက်မှုလည်း မရှိတော့ဘူး..."
သူက မြစ်ကမ်းနားမှ ဗလကြီးနှစ်ယောက်ထံ သွားလိုက်သည်။
" ငါတို့ ဘာကြောင့်ပျံနိုင်လဲဆိုတာ အရမ်းသိချင်နေကြမှာပေါ့..."
ဗလကြီးနှစ်ယောက်က ခေါင်းညိတ်ပြလိုက်သည်။
" ဒါပေမဲ့ ပြောပြလို့မရဘူး..."
ဖူလီက ခေါင်းယမ်းလိုက်ပြီး သူတို့နှစ်ယောက်လုံး၏ခေါင်းကို ထိလိုက်သည်။
" ဗလတွေ ပိုတောင့်လာအောင်ပဲ ဆက်လုပ်ကြပါ ဒီလိုမျိုး သိပ္ပံနည်းမကျတဲ့ အဖြစ်အပျက်ကို မေ့ထားလိုက်ကြ..."
မိနစ်အနည်းငယ်အကြာတွင် ဗလကြီးနှစ်ယောက်က ကျောက်တုံးလှေကားထစ်များတွင် မတ်တပ်ရပ်နေကြသည်။ သူတို့ ပြေးနေလျက် လမ်းတစ်ဝက်တွင် အနားယူမိသောကြောင့် ကိုယ့်ကိုက်ိုယ် ဆူပူလိုက်ကြပြီး အဝေးသို့ ဆက်လက်ပြေးသွားသည်။
.....
စီမံခန့်ခွဲရေးဗျူရိုတွင်မူ ခရုစုပ်ငှက် ထွက်ခွာသွားခြင်းက အာရုံစိုက်မှုများစွာကို မရရှိစေခဲ့ပေ။ ပင့်ကူမိစ္ဆာက ဤကိစ္စကြောင့် ဘေးနားမှ မိစ္ဆာများစွာနှင့် ဆက်ဆံရေးကောင်းမွန်သွားခဲ့သည်။ ယောင်လောကတွင်ဖြစ်စေ လူသားလောကတွင်ဖြစ်စေ 'ရန်သူ တူသောလူများ စုပေါင်းလိုက်ခြင်းက' ဆက်ဆံရေးကောင်းတစ်ခုကို ဖန်တီးလိုက်ခြင်းဖြစ်သည်။
ပင့်ကူမိစ္ဆာက ထောင်ထဲတွင် သူမည်မျှဝမ်းနည်းခဲ့ရကြောင်းနှင့် ထောင်မှထွက်လာပြီးသည့်နောက်တွင် မျက်နှာသာပေးမခံရသောကြောင့် လူသားလောကတွင် အလုပ်ရှာမရဘဲ အသုံးမဝင်ဖြစ်နေကြောင်း ပြောပြနေ၍ မြောက်များစွာသော ယောင်ကျင့်ကြံသူများ၏ စာနာသနားမှုကို ရရှိနေသည်။
" ဒါပေမဲ့ အပြင်က သွေးစုပ်မိစ္ဆာကို မဖမ်းမိသေးဘူး ခရုစုပ်ငှက်က ဒီကနေ ထွက်ပြေးသွားပြီး ပြဿနာတစ်ခုခုဖြစ်နေရင် ဘယ်လိုလုပ်ကြမလဲ..."
စကားပြောလာသူက အလွန်ငယ်ရွယ်သည့် ခေါင်ရန်းပန်းမိစ္ဆာဖြစ်သည်။ သူမက နူးညံ့သော အသွင်အပြင်ရှိပြီး သူမစိတ်ကလည်း ရုပ်ရည်သွင်ပြင်ကဲ့သို့ နူးညံ့လှပေသည်။
" ခရုစုပ်ငှက်က နေလာတာပဲ နှစ်ရာပေါင်းများစွာကြာနေပြီ အလွယ်တကူတော့ ဒုက္ခမတွေ့လောက်ပါဘူး... ခဏနေရင် သူ့ဘာသာသူ ပြန်လာလိမ့်မယ်..."
နောက်ထပ်မိစ္ဆာတစ်ကောင်က စိတ်မရှည်လက်မရှည်ဖြင့် ပြန်ဖြေလိုက်သည်။
" အိုင်း တကယ်ပဲ သူ့ဘာသူပြန်လာတယ်ဟ..."
" ဘယ်မှာလဲ ဘယ်မှာလဲ..."
" သူက ဘာကိစ္စ ဗျူရိုကတစ်ယောက်နဲ့ ရှိနေတာလဲ..."
" သူက စီမံခန့်ခွဲရေးဗျူရိုရဲ့ပေါင်ကို ဖက်ထားတာလား..."
အားလုံးက ခရုစုပ်ငှက်၏အတင်းကို အားတက်သရောပြောနေကြသည်။ ပင့်ကူမိစ္ဆာမှာမူ အများနှင့် ဆန့်ဘက်ဘက်အနေဖြင့် စကားတစ်ခွန်းမှမပြောဘဲ အသားခြောက်ကိုသာ တိတ်ဆိတ်စွာဝါးနေသည်။ သူက မကြာခဏသာ စီမံခန့်ခွဲရေးဗျူရိုရုံးခန်းရှိရာဘက်သို့ ခိုးကြည့်နေသည်။
ဖူလီက ခရုစုပ်ငှက်ကို ရုံးခန်းထဲခေါ်သွားပြီးမှသာ ကျွမ်းချင်ကို ဖုန်းခေါ်လိုက်သည်။
ကျွမ်းချင်နှင့် လုပ်ဖော်ကိုင်ဖက်အုပ်စုကြီးက ပရိုဂျက်တာထုတ်ပြီး သံသယရှိသည့် တည်နေရာများကို ဖော်ထုတ်နေသည်။ သူတို့ ဆွေးနွေးနေစဉ်တွင် ဖုန်းသံမြည်လာသည်။ အခြားလုပ်ဖော်ကိုင်ဖက်များက ကျွမ်းချင်၏ဖုန်းကို တိတ်တဆိတ်ခိုးကြည့်လိုက်ကြသည်။ ဖုန်းခေါ်ဆိုသူကို မြင်သည့်အခါ ကျွမ်းချင်က သုံးစက္ကန့်ခန့် တုံ့ဆိုင်းသွားပြီးမှ ဖုန်းကိုင်လိုက်သည်။
" ဖူလီ တစ်ခုခုဖြစ်လို့လား..."
ဖူလီ၏ အအိပ်လွန်နေမှုကို တွေးမိသည့်အခါ သူ စိုးရိမ်သွားမိသည်။
" မင်းဘာလုပ်နေတာလဲ... ငါခုနက ရုံးတွင်းဖုန်းလိုင်းကိုခေါ်တော့ တစ်ယောက်မှ ဖုန်းမကိုင်ကြဘူး.."
ဖူလီက လက်ဖက်ရည်ကြမ်းနှစ်ခွက်ငှဲ့ပြီးနောက် တစ်ခွက်ကို ခရုစုပ်ငှက်အား ပေးလိုက်သည်။ အစောပိုင်းက သုန်မှုန်နေခဲ့ပြီး ဘုကလန့်တိုက်နေခဲ့သည့် ခရုစုပ်ငှက်မှာ ရုံးခန်းထဲ ဝင်လာစဉ်တည်းက တိတ်ဆိတ်ငြိမ်သက်ပြီး နာခံစွာနေနေသည်။
ဖူလီ သူ့ကို လက်ဖက်ရည်ခွက် လာပေးချိန်တွင်လည်း လက်နှစ်ဖက်ဖြင့်ယူလိုက်ပြီး တစ်ငုံခန့်သောက်လိုက်သည်။
" ဘာကို ဖမ်းမလို့လဲ..."
ဗျူရိုက လုပ်စရာကိစ္စတစ်ခုရှိနေကြောင်း သိသည့်အခါ ဖူလီ၏အသံက ပို၍လေးနက်တည်ကြည်သွားသည်။
" ဘာတွေဖြစ်လို့လဲ..."
" ဘာလဲ သွေးစုပ်မိစ္ဆာလား..."
ဖူလီက ကြိုးဖြင့် ဘောလုံးသဖွယ်အချည်ခံထားရပြီး ပလတ်စတစ်အထိတ်ထဲ ထည့်ခံထားရသည့် လင်းနို့ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
" ငါ ခုနက အပြင်ထွက်တော့ လင်းနို့တစ်ကောင် ဖမ်းမိခဲ့တယ်... အဲ့လင်းနို့က နိုင်ငံခြားကမျိုးစိတ်နဲ့တူတယ်... သူက ငါတို့နိုင်ငံရတနာ ငှက်ရဲ့သွေးကို သောက်ချင်နေတာနဲ့ သူ့ကိုဖမ်းပြီး ကောင်းကောင်းရိုက်ထားလိုက်တယ်..."
" မင်း သူ့ကို ဖမ်းထားတာလား... ငါအဲ့ကို အခုချက်ချင်း လာခဲ့မယ်..."
ကျွမ်းချင်၏ အသံကကျယ်ထွက်သွားသည်။
" ဘော့စ် တစ်ခုခုဖြစ်လို့လား..."
ကျွမ်းချင်၏မျက်နှာမှ ထူးဆန်းသည့် အမူအရာကို တွေ့လိုက်ရသည့်အခါ ချူးယွီက ဖူလီပြဿနာတက်နေသည်ဟု ထင်သွားသည်။ သူ့မျက်နှာထက်တွင် စိုးရိမ်ပူပန်သည့် အရိပ်အယောင်အချို့ဖြစ်ပေါ်လာသည်။
" ဖူလီက အပြင်သွားရင်း သွေးစုပ်လင်းနို့တစ်ကောင် ဖမ်းမိခဲ့တယ်ဆိုတဲ့အကြောင်း ဖုန်းဆက်ပြောတာ..."
ကျွမ်းချင်က မြို့၏မြေပုံကိုတစ်ချက်ကြည့်ပြီးနောက် သူ့လက်ထဲမှ လေဆာဘောပင်ကိုချကာ အပြင်ထွက်သွားသည်။
သူ ထွက်သွားသည်ကို မြင်သောအခါ အခြားလူများလည်း သူ့နောက်မှ လိုက်လာသည်။
အပြင်ဘက်မှ ခြေသံပေါင်းများစွာ ကြားလိုက်ရသည့်အခါ ခရုစုပ်ငှက်က လက်ဖက်ရည်ကို ဆက်မသောက်တော့ပေ။ သူ နောက်လှည့်ကြည့်လိုက်သည့်အခါ လူအုပ်စုကို ဦးဆောင်လာသူကိုမြင်ပြီး လက်ဖက်ရည်ခွက်ကိုပင် ဆက်မကိုင်ထားရဲတော့ပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုင်ခုံပေါ်မှ ခုန်ထွက်သွားပြီး ထောင့်တစ်နေရာတွင် ကျုံကျုံ့လေး ပုန်းနေသည်။
ခရုစုပ်ငှက်၏ လှုပ်ရှားမှုများကို သတိပြုမိသည့်ဖူလီက သူ့ကို သုံးလေးကြိမ်ခန့် လှည့်ကြည့်လိုက်မိသည်။
ဖူလီက စားပွဲတွင် စိတ်အေးလက်အေးထိုင်နေသည်ကို မြင်သောအခါ ကျွမ်းချင်က ခြေလှမ်းကျဲကြီးများဖြင့် အမြန်လျှောက်လာသည်။ သူ့ထံမှ ပထမဆုံး ထွက်ပေါ်လာသည့်မေးခွန်းမှာ -
" အိပ်ငိုက်နေသေးတာလား..."
ဖူလီက သူ့ကို ခဏတာစိုက်ကြည့်နေလိုက်ပြီးမှ ခေါင်းခါပြလိုက်သည်။
ကျွမ်းချင်၏နောက်မှလိုက်လာသူအားလုံး၏ မျက်နှာအမူအရာများက ထူးဆန်းကုန်သည်။
ဒီနေ့ ဒီလောက် အရေးကြီးတဲ့ကိစ္စကြီး ဖြစ်နေတာတောင် ဖူကော အသည်းအသန်ရောက်မလာဘူးဆိုတာ တစ်ခုတည်းနဲ့တင် တော်တော်ထူးဆန်းနေပြီကို အခုလည်း ဘော့စ်က ဖူကောအိပ်ငိုက်နေသေးလားဆိုပြီး အထူးတလည်မေးနေတယ်ဆိုတော့...
သူတို့ သတိမထားလိုက်မီမှာပင် သူတို့အတွေးထဲတွင် ပိုမိုရှုပ်ထွေးသည့် အရာတစ်ခု ကြီးစိုးသွားသည်။
" မင်းတို့အားလုံး ဒီမှာရှိနေတာပဲ..."
နည်းလမ်းကျကျပြောရမည်ဆိုလျှင် ယခုက အားလပ်ရက်အချိန်ကာလဖြစ်နေသော်လည်း ဗျူရို၏ အဆင့်မြင့်ဝန်ထမ်းများအားလုံး ရှိနေကြသည်။ သို့ဖြစ်၍ ဤကိစ္စက ကျွမ်းချင်ပြောထားသည့်အတိုင်း အရေးမကြီးခြင်း မဖြစ်နိုင်တော့ပေ။ သူ့အကြည့်က ချူးယွီထံသို့ တိုက်ရိုက်ရောက်သွားသည်။
" ဘာတွေဖြစ်နေတာလဲ ငါ့ကိုပြောပြပါဦး..."
" လွန်ခဲ့တဲ့နှစ်ရက်လောက်က ယောင်ကျင့်ကြံသူနှစ်ယောက် အသတ်ခံခဲ့ရတယ်... အစ်ကို အဲဒါကို သိတယ်မလား..."
ဖူလီ ခေါင်းညိတ်ပြလိုက်သည်။
" မင်းတို့ forward လုပ်ထားတဲ့သတင်းတွေအကုန် ငါတွေ့တယ်လေ..."