Chapter 115
နှိုင်းယှဥ်ချက်
ယောင်ကျင့်ကြံသူနှစ်ယောက်က အသတ်ခံခဲ့ရပြီး သူတို့၏ကျင့်ကြံဆင့်နှင့် မူရင်းပုံစံက မည်သို့ရှိသည်ကိုသာ သူ သိရှိထားခြင်းဖြစ်သည်။ သို့ရာတွင် အသတ်ခံရသည့်နေရာမှ ဓာတ်ပုံတစ်ပုံကိုမှ သူ မတွေ့ခဲ့ရပေ။ ဤက ကိစ္စကြီးမဟုတ်ကြောင်း ကျွမ်းချင်က သူ့ကိုပြောခဲ့သော်လည်း အားလုံး၏ပုံစံကိုကြည့်ခြင်းဖြင့် ၎င်းက အသေးအဖွဲကိစ္စမဟုတ်နိုင်ကြောင်း သိလိုက်ရသည်။
" သေသွားတဲ့ ယောင်ကျင့်ကြံသူနှစ်ယောက်ရဲ့ပုံစံက အရမ်းကြောက်စရာကောင်းလွန်းလို့ တခြားကျင့်ကြံသူတွေက အထိတ်ထိတ်အလန့်လန့်ဖြစ်ကုန်ပြီး ကျွန်တော်တို့ဗျူရိုမှာ ယာယီခိုလှုံမယ်ဆိုပြီးတော့ ရောက်လာကြတာပဲ... ဒါပေမဲ့ ဒီနေရာမှာ တစ်ချိန်လုံးနေနေရုံနဲ့ ဒီကိစ္စကို မဖြေရှင်းနိုင်ဘူးလေ...ဒီကိစ္စက ပိုကြာလေ ပိုပြဿနာကြီးလေ ဖြစ်လာတော့မှာ... ဒါပေမဲ့ ကျွန်တော်တို့တွေ သူ့ကိုဖမ်းဖို့ အစီအစဉ်ဆွဲနေတုန်းမှာပဲ အစ်ကိုက တရားခံကို ဖမ်းလာမယ်လို့ ဘယ်ထင်မိမှာလဲ... တရားခံကို ဘယ်မှာချုပ်ထားတာလဲ ဖူကော..."
ဖူလီက စားပွဲပေါ်မှ ပလတ်စတစ်အိတ်ကို လက်ညှိုးထိုးပြလိုက်သည်။
ချူးယွီက ခေါင်းငုံ့ပြီး ထိုအိတ်ကို ကြည့်လိုက်သည်။
အဲဒါက ကြိုးထုံးကြီး မဟုတ်ဘူးလား...
အနီးကပ်ကြည့်လိုက်ချိန်မှသာ ထိုကြိုးထုံးထဲမှ လက်သည်းတစ်ခုထွက်နေကြောင်း တွေ့လိုက်ရသည်။
" အဲဒါ..."
" လူသားနဲ့ လင်နို့မိစ္ဆာ သွေးနှောပဲ..."
ချူးယွီက ပလတ်စတစ်အိတ်ထဲမှ လွေ့အာကို ထုတ်တော့မည်အား မြင်လိုက်ရသည့်အခါ သူ့လက်ဖက်ရည်ခွက်ကို အမြန်ယူပြီး ခပ်ဝေးဝေးတွင် သွားရပ်နေသည်။ လင်းနို့၏ကိုယ်ပေါ်မှ ဖုန်များက သူ့ခွက်ထဲကျလာမည်ကို သူ အလွန်လန့်နေသည်။
လွေ့အာက မကျေမနပ်ဖြစ်နေသည်။
ဘာကို လူသားနဲ့ လင်နို့မိစ္ဆာ သွေးနှောလဲ သူက မင်းသားလေ... မြင့်မြတ်တဲ့ သွေးမျိုးနွယ်စုက မင်းသားတစ်ပါးလေ...
" လင်းနို့မိစ္ဆာလား..."
ချူးယွီက ကြိုးမှကိုင်ပြီး လွေ့အာကိုထုတ်လိုက်ကာ နှာခေါင်းရှုံ့လိုက်သည်။
" တကယ်ကို သူ့ဆီက သွေးနံ့ရနေတာပဲ... Dutchman’s Pipeပန်းနဲ့ ကွိုင်းငါးရဲ့အနံ့တောင် နည်းနည်းရသေးတယ်... သူက အဲဒီယောင်ကျင့်ကြံသူနှစ်ယောက်ကို သွေးစုပ်ထားတာပဲ..."
ဖူလီက စကားမပြောမီ စဉ်းစားနေသည်။
" နိုင်ငံခြားမိစ္ဆာတွေက အရှေ့တိုင်းဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်တာလား..."
" မပြောနိုင်ပါဘူး..."
ကျွမ်းချင်က ချူးယွီကို လက်ညှိုးထိုးလိုက်သည်။
" အဲ့လောက် ရွံစရာကောင်းတာကြီးကို ခပ်ဝေးဝေးမှာ ထားလိုက်..."
ချူးယွီက တံခါးနားကို ခြေလှမ်းအနည်းငယ်ခန့် တိုးသွားသည်။ ထိုအခါမှသာ ဖူလီကိုင်ထားသော လက်ဖက်ရည်ခွက်က မူလနေရာသို့ ပြန်ရောက်သွားသည်။ ကျွမ်းချင်က သူ့နားရောက်လာပြီး ခုံတစ်လုံးဆွဲ၍ ထိုင်လိုက်သည်။
" မင်း သူ့ကိုဖမ်းမိတာ ကံကောင်းသွားတာပဲ... မဟုတ်ရင် တခြားလူတွေလည်း စိတ်အေးလက်အေး နေနိုင်မှာမဟုတ်ဘူး..."
" ဒီကိစ္စကတော့ တကယ့်ကို တိုက်ဆိုင်သွားတာ... တကယ်လို့ ခရုစုပ်ငှက်သာ သူ့ပိုက်ဆံအိတ်ကို ပြုတ်မကျခဲ့ဘူးဆိုရင် သူ့ပိုက်ဆံအိတ် ပြန်ပေးဖို့ ငါလည်း နောက်က လိုက်လာမိမှာ မဟုတ်ဘူး... အဲဒါဆိုရင် ဒီလင်းနို့မိစ္ဆာကိုပါ ဖမ်းမိတော့မှာ မဟုတ်ဘူး..."
ထိုအခါမှသာ ဖူလီက ခရုစုပ်ငှက်၏ပိုက်ဆံအိတ်က သူ့ထံတွင် ရှိနေသေးကြောင်း သတိရသွားသည်။ ပိုက်ဆံအိတ်ကိုထုတ်ပြီး ဘေးနားကိုကြည့်လိုက်သည့်အခါ ထောင့်နားတွင်ရပ်နေသည့် ခရုစုပ်ငှက်ကို မြင်လိုက်ရသည်။
" မင်းရဲ့ပိုက်ဆံအိတ် ဒီမှာနော် တစ်ခုခုပျောက်နေလား ရှာကြည့်ပါဦး..."
" ဘာ ဘာမှမပျောက်ပါဘူး..."
ခရုစုပ်ငှက်က အနားကို တစ်လှမ်းချင်းကပ်လာပြီး ပိုက်ဆံအိတ်ကိုလှမ်းယူလိုက်သည်။ သူ့အတွက်မူ ကျွမ်းချင်နှင့် တစ်မီလီမီတာခန့် ပိုဝေးလေ ထွက်ပြေးနိုင်ရန် အခွင့်အရေးပိုများလေဖြစ်သည်။ ပိုက်ဆံအိတ်ကို သူ့အိတ်ကပ်ထဲ ထည့်လိုက်ပြီးသည့်နောက်တွင် ကျေးဇူးတင်စကားပြောပြီး ကတိုက်ကရိုက်ပြေးထွက်သွားသည်။
" သူ မင်းကို တော်တော်ကြောက်တဲ့ပုံပဲ... အရင်တုန်းက သူ့ကိုရိုက်ဖူးလို့လား..."
ဖူလီက ဤကိစ္စကို အနည်းငယ်ထူးဆန်းသည်ဟု တွေးနေမိသည်။ ခရုစုပ်ငှက်နှင့် နဂါးတို့က အမျိုးအစားမတူညီသော မျိုးနွယ်ဖြစ်၍ သူတို့က တစ်ယောက်လမ်းကြောင်းကို အခြားတစ်ယောက်က ဝင်ရှုပ်မည်လည်း မဟုတ်ပေ။
" ငါ သူနဲ့ မရင်းနှီးပါဘူး..."
ကျွမ်းချင်က ဖူလီ့လက်ထဲမှ လက်ဖက်ရည်ခွက်ကို လှမ်းယူလိုက်သည်။
" လက်ဖက်ရည်က မပူတော့ဘူး ငါ ရေနွေးထပ်ထည့်ပေးမယ်..."
" ကျေးဇူးတင်ပါတယ်..."
ကျွမ်းချင်၏အိမ်သို့ သွားချိန်တွင်လည်း ကျွမ်းချင်ကိုယ်တိုင်က ဖူလီ၏ အစားအသောက်များကို ချက်ပြုတ်ကျွေးသူဖြစ်၍ ရေနွေးထပ်ဖြည့်ပေးမည်ဟု ပြောသည့်အခါတွင်လည်းဖူလီက များများစားစားမတွေးလိုက်မိတော့ပေ။ ကျွမ်းချင်၏ လက်ထဲသို့ လက်ဖက်ရည်ခွက်ကို ကမ်းပေးလိုက်သည်။
ကျွမ်းချင် ရေနွေးဖြည့်ရန် ထွက်သွားသည့်အခါမှ အားလုံးက ဖူလီ့ကို အထူးအဆန်းပုံစံဖြင့်ကြည့်နေကြောင်း သိလိုက်သည်။
" ဘာဖြစ်လို့လဲ..."
ဖူလီက ချူးယွီကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည့်အခါ ချူးယွီက ခေါင်းခါပြလိုက်သည်။
" ဘာမှမဟုတ်ပါဘူး ဖူကော..."
" ဒါပေမဲ့ မင်းတို့ရဲ့အကြည့်တွေက ထူးဆန်းနေတယ်လို့ ငါခံစားရတယ်..."
ဖူလီက ခဏတာခန့် အလေးအနက်တွေးတောနေပြီးနောက် သူ၏ချမ့်ခွန်းအိတ်ထဲမှာ မုန့်ထုပ်များစွာကို ထုတ်လိုက်သည်။
" အချိန်ပိုအလုပ်လုပ်နေရတော့ ဗိုက်ဆာနေကြတာလား..."
ဝန်ထမ်းများအားလုံး : " ဟားဟား..."
သူတို့၏ရယ်သံက ကိုးရို့ကားယားဖြစ်နေသည့်အပြင် အသက်မဲ့နေသည်။
ကျွမ်းချင် ရေနွေးဖြည့်ရာမှ ပြန်ရောက်လာသည့်အခါ လူအုပ်ကြီးက ဖူလီ့ကို ဝိုင်းနေသည်ကို မြင်လိုက်ရ၍ မျက်ခုံးများ တွန့်ချိုးမိသွားသည်။
" မင်းတို့တွေ ဘာအလုပ်မှ လုပ်စရာ မရှိဘူးလား..."
" ဒီလို အရေးကြီးကိစ္စကြီးဖြစ်ထားတာကို သတင်းပို့ဖို့ ပြင်ပြီးပြီလား...ကျင့်ကြံရေးလောက က လူတွေ စိတ်အေးလက်အေးနေနိုင်အောင် ပြန်လုပ်ပေးဖို့ စီစဉ်ပြီးပြီလား... ဒီကိစ္စနဲ့ပတ်သက်ပြီး အနာဂတ်ရဲ့ လုံခြုံရေးအစီအမံတွေရော ပြင်ပြီးပြီလား... တရားခံရဲ့ ဝန်ခံချက်ကိုရော မှတ်တမ်းတင်ထားပြီးပြီလား..."
ကျွမ်းချင်က လက်ဖက်ရည်ခွက်ကို ဖူလီ့ရှေ့တွင် ချထားလိုက်သည်။
" ဒီမှာပဲ လာစုမနေကြနဲ့ ကိုယ့်အလုပ်ကိုယ်လုပ်ကြလေ..."
အားလုံးက နေရာအနှံ့ကို အလျှိုလျှိုထွက်သွားကြသည်။ ချူးယွီက လင်းနို့ကိုထည့်ထားသည့်အိတ်ကိုကိုင်ပြီး ဒုတိယထပ်မှ ဖြတ်လာစဉ်တွင် ကျင့်ကြံသူအချို့က စုဝေးပြီး ခရုစုပ်ငှက်က ဖူလီ့ပေါင်ကိုဖက်ထားသည့်အကြောင်း ပြောနေသည်ကို ကြားလိုက်ရသည်။
သူ ရယ်မောလျက် ဖြတ်ကျော်သွားပြီး စစ်ဆေးမေးမြန်းသည့်အခန်းကို ဦးတည်သွားတော့မည့်အချိန်တွင် အသံစူးစူးနှင့် ယောင်ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်ကို ထပ်ကြားလိုက်သည်။
" အဲဒီ ခရုစုပ်ငှက်က သူ့ရုပ်လေးကြည့်ကောင်းတာကို အားကိုးပြီး ဖူကျင့်ကြံသူကို မြှူဆွယ်ထားတာထင်တယ်..."
ချူးယွီ၏ခြေလှမ်းများ ရုတ်ချည်းရပ်တန့်သွားရသည်။ သူက ထိုစကားပြောလိုက်သည့် ယောင်ကျင့်ကြံသူကို လှမ်းကြည့်လိုက်သည်။
သူနှင့် မနီးမဝေးရှိ ယောင်ကျင့်ကြံသူများကို လက်ခံပေးထားသည့် အခန်းထဲမှ ထွက်လာသော ကျွမ်းချင်ကလည်း ထိုစကားကိုကြားသွားပုံရသည်။ သူ့အမူအရာက မည်သည့်အရာကိုမှ ဂရုမစိုက်သည့်ဟန် ဖြစ်နေပြီး နှုတ်ခမ်းထောင့်စွန်းက အနည်းငယ်တွန့်ချိုးသွားသည်။
" အိုင်း ဘာလို့ လမ်းလျှောက်နေရာက ရပ်လိုက်တာလဲ..."
ဖူလီ ရုံးခန်းထဲမှ ထွက်လာသည့်အခါ ကျွမ်းချင်က ကျောက်ရုပ်ကြီးတစ်ရုပ်သဖွယ် လှုပ်ရှားမှုကင်းမဲ့စွာ ရပ်နေသည်ကို မြင်လိုက်ရ၍ သူ့ခါးကို သွားတို့လိုက်သည်။
ကျွမ်းချင်က ဓာတ်လိုက်ခံလိုက်ရသည့်သဖွယ် လှည့်လာပြီး ဖူလီကို စိုက်ကြည့်လိုက်သည်။
" ဘာလို့ ငါ့ကိုလာတို့တာလဲ..."
အတို့ခံလိုက်ရသည့် သူ့ခါးနေရာက မီးထတောက်မတတ် ပူလောင်လာသည်။ ၎င်းက ပူထူပြီး ယားကျိကျိဖြစ်သည့် ခံစားချက်မျိုးဖြစ်သည်။ ထိုနေရာကို မကုတ်မိအောင် သူ့ကိုယ်သူ မနည်းထိန်းထားရသည်။
ကျွမ်းချင်က ထိုမျှပြင်းထန်စွာ တုံ့ပြန်လိမ့်မည်ဟု မထင်ထားခဲ့၍ ဖူလီလည်း ထိတ်လန့်သွားရသည်။
" မင်း ဘာဖြစ်တာလဲ..."
ကျွမ်းချင်က ယောကျာ်းသားတစ်ယောက်၏ခါးကို မတို့ထိသင့်ကြောင်း ပြောလိုသော်လည်း ဖူလီနှင့် မျက်နှာချင်းဆိုင်လိုက်သည်နှင့် သူ၏ ဟိတ်ဟန်ကြီးသော အပြုအမူက ချက်ချင်း အားပျော့သွားသည်။
" ဘာမှမဟုတ်ပါဘူး အောက်ထပ်ကမိစ္ဆာတွေက အတင်းအဖျင်းပြောနေကြလို့..."
ဖူလီ အာရုံစိုက် နားထောင်ကြည့်သောအခါ ထိုလူများက သူ့အကြောင်း အတင်းပြောနေသည်ကို သိလိုက်ရသည်။
" ခရုစုပ်ငှက်ရဲ့ လူသားပုံစံက မချောပါဘူး ဖူကျင့်ကြံသူက သူ့ကို သဘောကျပါ့မလား..."
" လူသားပုံစံတွေက အမြဲတမ်း ကြည့်ရဆိုးတာပဲလေ... ဖူကျင့်ကြံသူရဲ့ ကျင့်ကြံဆင့်က အဲ့လောက်လေးနက်တာ သူက ခရုစုပ်ငှက်ကို ရုပ်ရည်သွင်ပြင်ကြည့်ပြီး အကဲဖြတ်ပါ့မလား..."
" ဟုတ်သားပဲ... ခရုစုပ်ငှက်က တောက်တဲ့ အမွေးအတောင်တွေရှိပြီး လူသားတွေရဲ့ နိုင်ငံ့ရတနာအဖြစ် သတ်မှတ်ခံထားရတာဆိုတော့ တခြားသူတွေထက်တော့ အသာစီးရနေတာပဲ... ဖူကျင့်ကြံသူရဲ့ ကျင့်ကြံဆင့်က နက်နဲတယ်ဆိုပေမယ့် သူ့ရဲ့မူရင်းအသွင်ကတော့ ကြီးကျယ်ခံ့ညားနေတာမှ မဟုတ်တာ... ခရုစုပ်ငှက်ရဲ့ ထင်သာမြင်သာရှိတဲ့ ငှက်မွေးတွေကြောင့် ဆွဲဆောင်ခံလိုက်ရတာဖြစ်မယ်..."
ကြီးကျယ်ခံ့ညားနေတာမှ မဟုတ်တာဆိုတာက ဘာသဘောလဲ...
အခြားလူများက သူ၏မူရင်းသွင်ပြင်ကို ဝေဖန်ပြောဆိုကြသည်ကို ဖူလီအမုန်းဆုံးဖြစ်သည်။ ရလဒ်အနေဖြင့် ထိုစကားကိုကြားချိန်တွင် သူ့မျက်နှာထက်မှ အပြုံးက ချက်ချင်းပျောက်ကွယ်သွားသည်။
သူ့ရဲ့ မူရင်းသွင်ပြင်က ကြီးကျယ်ခံ့ညားမနေတော့ရော ဘာဖြစ်လဲ... ခန္ဓာကိုယ်အသေးလေးတွေက တစ်ခါတစ်လေမှာ မဟာဝိညာဉ်တွေကိုတောင် ထိန်းသိမ်းထားတတ်တာပဲ...
" မဟုတ်သေးဘူးလေ ဖိုရမ်ပေါ်မှာ ပြောထားတာတော့ ကျင့်ကြံသူဖူလီနဲ့ ကျွမ်း..."
" မဖြစ်နိုင်ပါဘူး ကွာခြားချက်က ကြီးလွန်းတယ်... သူတို့ကို တစ်ချက်ကြည့်ရုံနဲ့ စုံတွဲမဟုတ်ဘူးဆိုတာ သိသာနေတာပဲကို..."
" တစ်ယောက်ယောက်ရဲ့ နောက်ကွယ်မှာ အတင်းပြောတာကိုက မှားယွင်းနေတာပဲ... ဒါမေဲ့ကြည့်ရတာ မင်းတို့က လူသားတွေဆီကနေ သူများအကြောင်း အတင်းပြောတာနဲ့ မဆိုင်တဲ့ကိစ္စ ဝင်စွက်ဖက်တာတွေကို သင်ယူထားပုံရတယ်..."
ကျွမ်းချင်က ဒုတိယထပ်မှ ပျံဆင်းလာပြီး အေးတိအေးစက်ဖြင့် ပြောလိုက်သည်။
" မင်းတို့ အဲ့လောက်တောင် တက်တက်ကြွကြွပြောနေတာဆိုတော့ ငါလည်း ဝင်နားထောင်ရင် ကောင်းမလား..."
" န နဂါးသခင်..."
စကားပြောနေသည့်မိစ္ဆာငယ်လေးမှာ ခြေထောက်နှစ်ဖက်လုံး တုန်ယင်သည်အထိ ကြောက်လန့်လာသည်။ သူတို့အားလုံး ပါးစပ်မဟရဲကြတော့ပေ။
သူတို့ အတင်းပြောလိုစိတ် ပျောက်ဆုံးသွားသည်ကို မြင်သောအခါ ကျွမ်းချင်က အေးစက်စွာဖြင့် နှာမှုတ်လိုက်သည်။ အနောက်ပြန်လှည့်လိုက်သည့်အခါ ယောင်ကျင့်ကြံသူတစ်ယောက်က ခေါင်းငုံ့၍ အသားခြောက်ဝါးနေသည်ကို မြင်လိုက်ရသည်။ ထိုယောင်ကျင့်ကြံသူက တစ်ကြိမ်မှ ခေါင်းမော့မလာပေ။
၎င်းက သာမန်ကိစ္စတစ်ခုဖြစ်သည်မှာ ရှင်းလင်းလှသော်လည်း ကျွမ်းချင်က တစ်စုံတစ်ရာ ထူးဆန်းနေသည်ဟု ထင်လိုက်မိသည်။
သူ ခြေလှမ်းအနည်းငယ်ခန့် လျှောက်လာပြီးနောက် ရုတ်ချည်းရပ်တန့်လိုက်သည်။ ထို့နောက် တစ်ဖက်သို့လှည့်ပြီး အသားခြောက်စားနေသည့် ယောင်ကျင့်ကြံသူကို လှမ်းကြည့်လိုက်သော်လည်း တစ်ဖက်လူက သူ့ကိုမော့ကြည့်မလာပေ။ တစ်ဖက်တွင်လည်း ဘေးနားပတ်ပတ်လည်မှ ယောင်ကျင့်ကြံသူများက ခန္ဓာကိုယ်ကို ကိုင်းညွတ်ပြီး ကျွမ်းချင်ကိုနှုတ်ဆက်နေလျက် ခိုးကြည့်နေကြသည်။
" မင်း..."
ကျွမ်းချင်က ထိုလူနားကို လျှောက်သွားသည်။
" မင်းရဲ့ မှတ်ပုံတင်ကို တစ်ချက်ပြပါဦး..."
" နဂါးသခင် ဒီလူက ကျင့်ကြံသူ ကျူးကျစ်ပါ... လွန်ခဲ့တဲ့ နှစ်နည်းနည်းလောက်က အထင်လွဲမှုတွေဖြစ်ပြီး လူသားတွေရဲ့ထောင်မှာ ထောင်ကျခဲ့ပါတယ်... သူ ထောင်က လွတ်လာတာ မကြာသေးပါဘူး..."
ကျွမ်းချင်က ပင့်ကူမိစ္ဆာ၏ ကိုယ်ရေးအထောက်အထားကို သံသယဝင်နေသည်ဟုထင်၍ ဘေးနားမှ စိတ်ကောင်းရှိသောမိစ္ဆာတစ်ကောင်က လက်ဦးမှုယူပြီး ဖြေရှင်းပေးလိုက်သည်။
ကျွမ်းချင်က ထိုအဖြစ်အပျက်အကြောင်းကို မှတ်မိနေသည်။ ထိုနှစ်တွင် လူသားလောက၌ ထိုအကြောင်းက နာမည်ကြီးသွားရုံသာမက ကျင့်ကြံသူလောကတွင်လည်း လှုံ့ဆော်မှုတစ်ရပ် ဖြစ်သွားခဲ့သည်။ ခရုစုပ်ငှက်က ပင့်ကူမိစ္ဆာ၏ အဖမ်းခံရပြီး နိုင်ငံခြားသို့ အရောင်းခံရတော့မည့်အကြောင်း တိုင်ကြားခဲ့သည်။ တစ်ဖက်တွင်လည်း ပင့်ကူမိစ္ဆာက ခရုစုပ်ငှက်၏ ချောက်ချခံရသည်ဟု ဖြေရှင်းချက် ပေးခဲ့သော်လည်း သက်သေအတိအကျ ရှာမရခဲ့ပေ။
ထိုစဉ်အချိန်က ပင့်ကူမိစ္ဆာမှာ လူသားလောက၏ ပြစ်ဒဏ်စီရင်ခြင်း ခံခဲ့ရသော်လည်း ထိုအမှုအကြောင်းကို လူအချို့က ဆက်လက်စစ်ဆေးခဲ့သည်။ မှုခင်းနေရာမှ သက်သေတစ်ခုကြောင့် ပင့်ကူမိစ္ဆာက ခရုစုပ်ငှက်ကို အတင်းအကြပ်ဖိအားပေး ခေါ်ဆောင်သွားကြောင်း သိသာထင်ရှားသွား၍ လူသားလောကမှ တရားစီရင်ချက်ကို ပြန်လည်မပြင်ဆင်ခဲ့တော့ပေ။
နှစ်ပေါင်းများစွာ ကုန်လွန်သွားသော်လည်း မမျှော်လင့်ထားသည်မှာ ထိုကိစ္စက လုံးဝ မကွယ်ပျောက်သွားသေးပေ။ ဆန့်ကျင်ဘက်အားဖြင့် ဤကိစ္စက တဖြည်းဖြည်းပိုပြင်းထန်လာပြီး ကျင့်ကြံရေးလောကတစ်ခုလုံးသိသည့် ဂယက်တစ်ခု ဖြစ်လာသည်။ ဗျူရိုမှ ဝန်ထမ်းသစ်အချို့သည်ပင် ပင့်ကူမိစ္ဆာကို ခရုစုပ်ငှက်က ချောက်ချသည်ဟု တွေးလာကြသည်။ ထိုမိစ္ဆာများက အနည်းငယ်ပို၍ တွေးတောဆင်ခြင်တတ်သင့်သည်။ အကယ်၍ ခရုစုပ်ငှက်က ထိုသို့သော စက်ဆုပ်ဖွယ်ရာမျိုး အမှန်တကယ် ကျူးလွန်ခဲ့ပါက စီမံခန့်ခွဲရေးဗျူရိုက ထိုင်ကြည့်နေစရာအကြောင်း မရှိပေ။
ခရုစုပ်ငှက်က ထို ကောလဟာလကြောင့် နစ်နာမှုများခဲ့သောကြောင့် ကွဲပြီးသားအိုးကို ထပ်ခွဲရန် ကြိုးပမ်းလိုက်ခြင်း ဖြစ်ပုံရသည်။ သူ့ကို ရန်စရန်ကြိုးစားသည့် မည်သူ့ကိုမဆို ထိုအကြောင်းနှင့် ကိုင်ပေါက်ပြီး ခြိမ်းခြောက်သည်။ တဖြည်းဖြည်းချင်းဖြင့် ခရုစုပ်ငှက်က ကျင့်ကြံရေးလောကတွင် လူသားနှင့် မိစ္ဆာများ၏ မုန်းတီးခံရမှု များပြားလာသည်။ သူ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ဆူးညှောင့်ခလုတ်များဖြင့် ကြုံတွေ့လာရသည်။
ပင့်ကူမိစ္ဆာ၏ပုံစံက သန်မာပုံမရပေ။ ကျွမ်းချင်၏ အကြည့်ကြောင့် သူ့သတ္တိများ တဖြည်ဖြည်း လျော့ပါးလာရသည်။ သူ့ဂျာကင်ထဲမှ မှတ်ပုံတင်ကတ်ကိုထုတ်ပြီး ကျွမ်းချင်ကို ကမ်းပေးလိုက်သည်။
ကျွမ်းချင်က ကတ်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် သူ့ကို ပြန်ပေးလိုက်သည်။
" မင်းက ထောင်ကလွတ်လာပြီဆိုတော့ အရွက်သစ်လေး တစ်ရွက်ပဲပေါ့... တရားမဝင်တဲ့ကိစ္စတွေ ထပ်မလုပ်နဲ့တော့..."
ပင့်ကူမိစ္ဆာက တိတ်ဆိတ်စွာဖြင့် ဇက်ကလေးပုဝင်သွား၍ သူ့ပုံစံက သနားစရာကောင်းနေသည်။
ဘေးနားမှ ယောင်ကျင့်ကြံသူများက မကြည့်ရက်ကြတော့၍ ဝင်ပြောကြသည်။
" နဂါးသခင် သူ့ကို အဲ့နှစ်က ခရုစုပ်ငှက် ချောက်ချခဲ့တာပါ... ကျူးကျစ်က မှားပြီး စွပ်စွဲခံခဲ့ရတာ..."
တရားမျှတမှုဘက်မှ ဝင်ပြောပေးသည့် မိစ္ဆာကို ကျွမ်းချင်မှတ်မိသည်။ သူက ခရုစုပ်ငှက်က ဖူလီ့ကို မြှူဆွယ်သည်ဟု ပြောခဲ့သူဖြစ်သည်။ ထိုမျှသာမက ဖူလီ၏ မူရင်းပုံစံက ကျွမ်းချင်နှင့် မလိုက်ဖက်ဟု ပြောခဲ့သူလည်း ဖြစ်နေပြန်သည်။ အကြောင်းအရင်းတချို့ကြောင့် ထိုယောင်ကျင့်ကြံသူက ကျွမ်းချင်ကို စိတ်မကျေမနပ်ဖြစ်လာစေသည်။ တစ်ဖက်လူ၏ လူသအသွင်က အလွန်ရုပ်ဆိုးသောကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ကံကောင်းသည်မှာ သူက လူကြီးလူကောင်းတစ်ယောက်ဖြစ်၍ ကိုယ်ပိုင်စိတ်ခံစားချက်အတွက် အာဏာကို အသုံးချပြီး အမှားဖြစ်ခံမည့်သူ မဟုတ်ပေ။
" သက်သေမရှိတဲ့ ကိစ္စတစ်ခုကို ပြီးစလွယ် မပြောသင့်ဘူး..."
ကျွမ်းချင်၏ မျက်ခုံးများ တွန့်ချိုးသွားသည်။
" အဲ့အချိန် အမှုကို စစ်ဆေးတုန်းက သံသယဖြစ်စရာအချက်တွေ ရှိခဲ့တာပဲလေ... အမှုနေရာက အဖမ်းခံရတဲ့ ငှက်တွေထဲမှာ ခရုစုပ်ငှက်အပြင် တခြားတောရိုင်းတိရစ္ဆာန်တွေလည်း ရှိခဲ့တာပဲ..."
ယောင်ကျင့်ကြံသူများစွာ၏ရှေ့တွင် ကျွမ်းချင်၏ ခွန်းတုံ့ပြန်ခံရသောကြောင့် တရားမျှတမှုဘက်မှ ရပ်တည်ပေးလိုက်ပုံရသော ထိုကျင့်ကြံသူက မျက်နှာပျက်မသွားအောင် ခက်ခက်ခဲခဲထိန်းထားလိုက်ရသည်။ သူ့စိတ်ထဲတွင် ကြောက်ရွံ့မှုက ပြင်းထန်လာသော်လည်း လက်လျှော့ရန် ငြင်းဆန်နေဆဲဖြစ်သည်။
" နဂါးသခင်က ခရုစုပ်ငှက်ဘက်က ကာပြောပေးနေတာလားမှ မသိတာ... ခရုစုပ်ငှက်က ဖူကျင့်ကြံသူနဲ့ ရင်းနှီးတယ်လေ... အဲတော့ ကိုယ်နဲ့သိတဲ့ဘက်က ကာပြောပေးတာ သဘာဝပဲ..."
ဤတစ်ကြိမ်တွင်မူ ကျွမ်းချင်၏မျက်နှာက ပိုမိုမည်းမှောင်သွားတော့သည်။
အဲ့ခရုစုပ်ငှက်က ဘာကောင်မို့လဲ... သူက ဖူလီလို မိစ္ဆာကြီးတစ်ယောက်နဲ့ တွဲဖို့တန်လို့လား...
" ဘာတွေဖြစ်နေတာလဲ..."
ကျွမ်းချင်က အောက်ထပ်ကို ဆင်းသွားပြီးသည်နှင့် အမြန် ပြန်မတက်လာသည်ကို ဖူလီ သတိပြုမိသောကြောင့် သိချင်စိတ်ဖြင့် အောက်ဆင်းလာခဲ့ခြင်းဖြစ်သည်။ ကျွမ်းချင်၏မျက်နှာထက်မှ အလွန်အမင်းအကျည်းတန်နေသည့် အမူအရာကို မြင်လိုက်ရသောကြောင့် သူက ဘေးပတ်ပတ်လည်မှ ယောင်ကျင့်ကြံသူများကိုကြည့်ပြီးမှ ကျွမ်းချင်ကို နှစ်ကြိမ်ခန့် ထပ်ကြည့်လိုက်သည်။ ထို့နောက် သူ့အကြည့်က ပင့်ကူမိစ္ဆာထံ ရောက်သွားသည်။
ဒီမိစ္ဆာက သတိထားမိစရာတော့ မဟုတ်ပေမယ့် သူ့ကိုယ်ပေါ်မှ အမုန်းတရားနဲ့ ရန်လိုမှုချီဓာတ်တွေ ရှိနေပါလား... ကြည့်ရတာ သူက မကောင်းတဲ့ကိစ္စတွေ တော်တော်လုပ်ထားပုံပဲ...
" မင်း ဘာလို့ ဒီကိုရောက်လာတာလဲ..."
ဖူလီကို မြင်လိုက်သည့်အခါ ကျွမ်းချင်က ယောင်ကျင့်ကြံသူများ၏ စကားများကို တစ်ဖန်ပြန်တွေးမိသွားသည်။
" ဒီပင့်ကူမိစ္ဆာနဲ့ပတ်သက်ပြီး တစ်ခုခုတော့မှားနေတယ် သူ့ကိုယ်ပေါ်မှာ အမုန်းတရားတွေကို အာရုံခံမိတယ်..."
ဖူလီက တည့်တိုးသာ ပြောလိုက်သည်။