🐰Chapter 116🐉
မူမမှန်ခြင်း
" ဖူကျင့်ကြံသူက ကျွန်တော့်ကိုဘာလို့ တမင်စွပ်စွဲနေတာလဲ..."
ပင့်ကူမိစ္ဆာက ဖူလီကို မကျေမနပ်ဖြင့် ကြည့်လိုက်သည်။ သူ၏လှုပ်ရှားမှုက အားလုံး၏ အာရုံစိုက်မှုကို ရရှိသွားသည်။ ဖူလီ့ကိုကြည့်သော ယောင်ကျင့်ကြံသူများ၏ အကြည့်ကလည်း ပိုမိုရှုပ်ထွေးလာသည်။
" ငါကဘာကိစ္စ မင်းကို တမင်စွပ်စွဲရမှာလဲ..."
ဖူလီက သူ၏ချမ့်ခွန်းအိတ်ထဲမှ ကြေးနီမှန်အသေးလေးတစ်ချပ်ကိုထုတ်ပြီး လက်ထဲတွင် ဆော့ကစားနေသည်။
" ဖူကျင့်ကြံသူက ခရုစုပ်ငှက်နဲ့ ရှုပ်ထွေးတဲ့ဆက်ဆံရေးရှိလို့ သူ့ဘက်ကပြောပေးတာကို နားလည်ပေးနိုင်ပေမယ့် ဘာလို့ကျွန်တော့်ကို တမင်စွပ်စွဲရတာလဲ..."
ခရုစုပ်ငှက်က... သူနဲ့... ရှုပ်ထွေးတဲ့ဆက်ဆံရေးလား...
ဖူလီက နားကြားမှားသည်ဟု တွေးထင်လိုက်မိသည်။
သူက ဘာလို့ အမြဲပြဿနာရှာနေတဲ့ငှက်နဲ့ ရှုပ်ထွေးတဲ့ဆက်ဆံရေး ရှိရတာလဲ...
သူ ကျွမ်းချင်ဘက်ကို လှည့်လိုက်သည်။
" သူက ငါနဲ့ ခရုစုပ်ငှက်အကြောင်း ပြောနေတာတဲ့..."
" ငါ့နားတွေက လုံးဝကိုကောင်းသေးတာမို့ သေချာကြားလိုက်ပါတယ်... မင်းငါ့ကို နောက်တစ်ခါ ပြန်ပြောပြစရာ မလိုဘူး..."
ကျွမ်းချင်က မျက်နှာသေကြီးဖြင့် ပြောလိုက်သည်။
" အခု အဲဒါက ပြဿနာလား... ငါက ခရုစုပ်ငှက်နဲ့ စကားခဏပဲ ပြောဖူးတာထက် မပိုဘူးလေ ဒီကောလဟာလက ဘယ်ကနေ ထွက်လာတာလဲ..."
ဖူလီ နားမလည်နိုင်တော့ပေ။
" ဟိုတစ်ခါ ငါ ခရုစုပ်ငှက်ကို ရိုက်နှက်နေတုန်းက ဘယ်သူမှ မမြင်လိုက်ကြတာလား..."
" ရိုက်တယ်ဆိုတာ သဘောကျတယ်ဆိုတဲ့ သင်္ကေတတစ်မျိုးပဲလေ... ဆဲတာကလည်း အချစ်ရဲ့သင်္ကေတပဲ... ခံစားချက်တွေ အရမ်းနက်ရှိုင်းလာရင် ခြေထောက်ကို ကန်ဖို့သုံးလာတာပဲ..."
စိတ်လှုပ်ရှားစွာဖြင့် ကြည့်ရှု့နေကြသည့် မိစ္ဆာများအနက်မှ တစ်ယောက်က ထိုစကားကို ကျယ်လောင်စွာအော်ပြောပြီး မီးထဲကို ဓာတ်ဆီလောင်းထည့်လိုက်သည်။
" ဟေးဟေး ကျီးကန်းမိစ္ဆာ အနောက်မှာ ပုန်းမနေနဲ့... အော်လိုက်တဲ့သူက မင်းဆိုတာ ငါသိတယ်..."
ဖူလီက အလွန်ဒေါသထွက်မနေသော်လည်း လက်ကာပြလိုက်သည်။ သူ ရယ်ရခက် ငိုရခက်စွာဖြင့် မေးလိုက်ပေသည်။
" ငါက ခရုစုပ်ငှက်နဲ့ ဘာကိစ္စ အဲ့လိုဆက်ဆံရေး ရှိရမှာလဲ... မင်းတို့ ငါနဲ့ ကျွမ်းချင်ကြားမှာ အဲ့လိုဆက်ဆံရေးမျိုးရှိတယ်လို့ ပြောလိုက်ရင်တောင် ပိုဖြစ်နိုင်ဦးမယ်..."
ကျွမ်းချင်၏ နားရွက်ဖျားများ အနည်းငယ်လှုပ်ရှားသွားသည်။
" ကျင့်ကြံသူဖူလီက ဒါဆိုရင် နဂါးသခင်နဲ့ တကယ်တွဲနေကြတာလား..."
အဝါရောင်ငှက်မိစ္ဆာတစ်ကောင်က သူမမျက်နှာထက်တွင် စိတ်လှုပ်ရှားနေပုံရသည့် အကြည့်မျိုးဖြင့် ပြောလိုက်သည်။
" ငါက ဒီတိုင်း ကိစ္စနှစ်ခုကို နှိုင်းယှဉ်ပြတာလေ... နှိုင်းပြတာလို့ သဘောပေါက်လား..."
ဘာလို့ အခုခေတ်မိစ္ဆာတွေက လူစကား နားမလည်ကြတာလဲ...
အလွန်စိတ်ဝင်စားစရာကောင်းသည့် အတင်းအဖျင်းကို ပြောနေကြချိန်တွင် အားလုံးက လူဖြစ်စေ မိစ္ဆာဖြစ်စေ သတ္တိများ တိုးပွားလာကြသည်။ ၎င်းကိုကြည့်ခြင်းအားဖြင့် "စပ်စုချင်စိတ်က ကြောင်ကိုသတ်တယ်" ဟူသောစကားက ယုံကြည်နိုင်စရာဖြစ်လာသည်။ ကျွမ်းချင်က ကျင့်ကြံရေးလောကတွင် ထင်ရှားသည့် နေရာတစ်ခု၌ ရှိနေသူဖြစ်ပြီး မြင့်မားသောကျင့်ကြံဆင့်နှင့် နဂါးမျိုးနွယ်၏သွေးကို ပိုင်ဆိုင်ထားသူဖြစ်ကာ ကျင့်ကြံရေးလောကကိုလည်း ထိန်းချုပ်နိုင်ပေသည်။ ထိုအကြောင်းရင်းများကြောင့် ယောင်ကျင့်ကြံသူများစွာက သူ့ကိုကြောက်လန့်ရိုသေကြပြီး သူ၏ကျင့်ကြံဆင့်ကိုပါ အထင်ကြီးလေးစားကြသည်။
သန်မာသည့်လူတစ်ယောက်၏ လျှို့ဝှက်ချက်ကို သိရှိနိုင်ခြင်းက သာမန်လူတိုင်းကို ဆွဲဆောင်နေသောအရာဖြစ်သည်။ သက်ရှိသတ္တဝါအားလုံးက ထိုသို့သော မွေးရာပါစွမ်းရည်မျိုးကို ပိုင်ဆိုင်ထားကြသည်။
ဖူလီက ဘေးနားမှလူများ၏ စပ်စုလိုသောအကြည့်များကို သတိပြုမိ၍ သက်ပြင်းချလိုက်မိသည်။
" အခုက ဟာသလုပ်နေရမယ့်အချိန် မဟုတ်ဘူး..."
သူက ပင့်ကူမိစ္ဆာကို ကြည့်လိုက်သည်။
" ဒါပေမဲ့ မကောင်းမှုကျူးလွန်ထားတဲ့ မိစ္ဆာတိုင်းရဲ့ကိုယ်ပေါ်မှာ ရန်လိုမှုချီဓာတ်တွေရှိတယ်... မိစ္ဆာရောင်ပြန်မှန်ဆိုတဲ့ပစ္စည်းကို အားလုံးကြားဖူးမှာပါ... ယောင်ကျင့်ကြံသူတိုင်းရဲ့ပုံရိပ်ကို ဒီမှန်မှာ ရောင်ပြန်ဟပ်လိုက်ရုံနဲ့ သူတို့ဘာမှ ဖုံးကွယ်ထားလို့ မရတော့ဘူး..."
" မ မဖြစ်နိုင်ဘူး..."
ပင့်ကူမိစ္ဆာ၏ အမူအရာက ယခင်ကလိုတည်ငြိမ်မနေတော့သော်လည်း ဖူလီက မိစ္ဆာရောင်ပြန်မှန်ကို ပိုင်ဆိုင်ထားမည်ကို မယုံကြည်နိုင်သေးပေ။
" ဘာလို့ မဖြစ်နိုင်ရမှာလဲ... ငါတို့ သုံးကြည့်ပြီးရင်တော့ သိသွားမှာပါ..."
ဖူလီက ကြေးနီမှန်ကို သူ့လက်ထဲတွင်ကိုင်ထားပြီးနောကိ မန္တန်တစ်ခုကို ရွတ်ဆိုလိုက်သည်။ မှန်က အလင်းတန်းများဖြာထွက်သွားပြီး ပင့်ကူမိစ္ဆာကို လုံးဝလွှမ်းခြုံသွားတော့သည်။ နောက်တစ်စက္ကန့်ခန့်အကြာတွင် ပင့်ကူမိစ္ဆာ၏ကိုယ်ပေါ်တွင် အနီရောင်နှင့် အနက်ရောင်ရောနေသည့် မြူခိုးတစ်လွှာ ပေါ်လာသည်။ မြူများက ခြိမ်းခြောက်နိုင်သည့်ပုံစံဖြင့် ရွေ့လျားနေပြီး မကောင်းဆိုးဝါးချီဓာတ်များ ထုတ်လွှတ်နေသည်။
မူလက ပင့်ကူမိစ္ဆာ၏ဘေးတွင် ရပ်နေကြသည့် ယောင်ကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် အခြားနေရာသို့ ရွှေ့ကုန်ကြသည်။ ပင့်ကူမိစ္ဆာကို ကြည့်နေသော သူတို့၏အကြည့်များတွင် ကြောက်လန့်မှုတို့ ပါဝင်လာသည်။ သူတို့က အသိပညာဗဟုသုတနှင့် အတွေ့အကြုံများစွာမရှိသော်လည်း ပင့်ကူမိစ္ဆာ၏ကိုယ်ပေါ်မှ ချီဓာတ်များက တစ်ခုခု ထူးဆန်းနေသည်ကို ပြောနိုင်ကြပေသည်။
အခြေအနေမကောင်းတော့သည်ကိုသိသော ပင့်ကူမိစ္ဆာက ထွက်ပြေးရန် ပြင်တော့သည်။ သို့ရာတွင် သူ တစ်ဖက်သို့လှည့်လိုက်ရုံဖြင့် ကျွမ်းချင်၏ လက်တစ်ဖက်ဝှေ့ယမ်းလိုက်မှုကြောင့် အဝေးသို့ လွင့်ထွက်သွားပြီး ခြံထဲမှ လန့်ကန်းသစ်ပင်နှင့် ဝင်ဆောင့်မိတော့သည်။ လန့်ကန်းသစ်ပင်က မာနကြီးလွန်းသောကြောင့် သာမန်ယောင်ကျင့်ကြံသူတစ်ယောက် သူ့အနားကပ်လာသည်ကို ခွင့်မပြုနိုင်ဖြစ်နေသည်။ နွယ်ပင်များကို တစ်ချက်ယမ်းလိုက်ပြီးနောက် ပင့်ကူမိစ္ဆာကို မိစ္ဆာအုပ်ကြီးရှိသည့်နေရာသို့ ပြန်လွှင့်ပစ်လိုက်သည်။
မိစ္ဆာအုပ်ကြီးထဲမှအချို့က ကြောက်လန့်တကြားအော်လိုက်ကြသည်။ ကံကောင်းသည်မှာ ဗျူရိုမှလူများ၏ တုံ့ပြန်မှုက မြန်ဆန်သောကြောင့် ပင့်ကူမိစ္ဆာကို မိနစ်ပိုင်းအတွင်း ချည်နှောင်ထားလိုက်နိုင်သည်။ ထို့နောက်တွင် ကျင့်ကြံသူများကို လိုက်လံသတ်ဖြတ်နေသည့် မကောင်းဆိုးဝါးမိစ္ဆာကို ဖမ်းဆီးထားလိုက်ပြီဖြစ်ကြောင်း ဗျူရိုဝန်ထမ်းများက အားလုံးကို ပြောပြလိုက်သည်။
အားလုံးက ပျော်ရွှင်နေကြသော်လည်း ကြောက်လန့်နေမိဆဲဖြစ်သည်။ Dutchman’s Pipeပန်းနှင့် ကွိုင်းငါးနှင့် ရင်းနှီးသော ကျင့်ကြံသူများစွာက ထိုနေရာတွင်ပင် ချုံးပွဲချ ငိုယိုကြတော့သည်။
ဤအဖြစ်အပျက်များကြောင့် မည်သူတစ်ဦးတစ်ယောက်ကမှ ဖူလီနှင့် ကျွမ်းချင်၏ကိစ္စကို အတင်းအဖျင်းပြောလိုစိတ် မရှိကြတော့ပေ။ သူတို့၏အသက်များက အဖိုးတန်ဆုံးအရာသာ ဖြစ်သည်။
ကျွမ်းချင်က ယောင်ကျင့်ကြံသူများကို ဖျောင်းဖျပေးရန် ဝန်ထမ်းများအား စီစဉ်ပေးလိုက်ပြီးနောက် ရုပ်တည်ကြီးဖြင့် ဖူလီ့ဘက်ကိုလှည့်ပြီး ပြောလိုက်သည်။
" ခဏလာဦး..."
သူ၏မျက်နှာအမူအရာက အခြေအနေမကောင်းသည်က်ု မြင်လိုက်ရသော ဖူလီက အခြားမိစ္ဆာများ၏အတင်းအဖျင်းကို ကျွမ်းချင်စိတ်ဆိုးသွားသည်ဟု ယူဆလိုက်မိသည်။ သို့ဖြစ်၍ အနည်းငယ် လူပါးသည့်နေရာရောက်သောအခါ ဖူလီက အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" တောင်းပန်ပါတယ် ငါခုနကတုန်းက စိတ်လိုက်မာန်ပါ ပြောမိသွားတယ်... အဲဒီမိစ္ဆာလေးရဲ့စကားကို စိတ်ထဲထားမနေပါနဲ့..."
ကျွမ်းချင်က သူ့ဘက်ကို ချက်ချင်းလှည့်လာပြီး စိုက်ကြည့်လိုက်သည်။
" ငါက အဲ့လောက်တောင် သဘောထားသေးသိမ်တဲ့လူလား... ဒီလိုဒုတိယတန်းစား ကောလဟာလလောက်ကို ငါက စိုးရိမ်နေစရာ လိုလို့လား..."
ဖူလီက လျင်မြန်စွာ ခေါင်းခါလိုက်သည်။
" မင်းပြောတာ ဟုတ်ပါတယ် စိုးရိမ်စရာမလိုဘူး..."
" မင်းလိုမျိုး မိစ္ဆာအိုကြီးတွေကတော့ အခုလက်ရှိအချိန်ရဲ့ ပွင့်လင်းမြင်သာမှု ဒီဂရီတွေကို နားမလည်လောက်ဘူး..."
ကျွမ်းချင်က ခါးထောက်ကာ ခေါင်းကိုအနည်းငယ်မော့ထားလိုက်သောကြောင့် သူ့ပုံစံက မာနကြီးသူတစ်ယောက်နှင့် တူနေသည်။
" အခုခေတ်မှာ ယောင်ကျင့်ကြံသူတွေက လူသားတွေနဲ့ အပြန်အလှန် ဆက်ဆံမှုတွေအများကြီးရှိတယ် အဲဒါကြောင့်မို့ လူသားတွေ သတိလက်လွတ်နဲ့ လုပ်တတ်တဲ့ အကျင့်ဆိုးတွေ ကူးလာကြရော... တကယ်လို့ သူတို့ရဲ့ ထင်မြင်ချက်တွေကိုပြဖို့ စွမ်းအင်တွေအားလုံးကိုသာ အသုံးချမယ်ဆိုရင် ငါတို့ နေ့တိုင်းတောင် အလုပ်လုပ်နေစရာ မလိုတော့ဘူး..."
ဖူလီ ခေါင်းညိတ်ပြလိုက်သည်။ သို့သော် ခေါင်းညိတ်နေစဉ်မှာပင် တစ်စုံတစ်ရာက မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။
" ဒါနဲ့ ငါနဲ့ ခရုစုပ်ငှက်က အဲ့လို မရှင်းမရှင်း ဆက်ဆံရေးတွေ ရှိနေတယ်ဆိုတဲ့ ကောလဟာလက တကယ်ပဲလား..."
ကျွမ်းချင်၏ အမူအရာက ပိုမိုအေးစက်သွားသည်။
" မင်းရဲ့ဦးနှောက်ထဲမှာ အဲဒီငှက်တစ်ကောင်ပဲရှိတာလား..."
" ငါ့ဦးနှောက်ထဲမှာ ဘယ်တုန်းကများ ငှက်တွေရှိလို့လဲ..."
ဖူလီက သူ အမှားလုပ်မိသွားသည်ဟု ခံစားလိုက်ရသည်။ ကျွမ်းချင်၏မျက်နှာထက်မှ ထူးဆန်းသည့်အမူအရာကို အာရုံခံမိသောကြောင့် မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။
" ဒါမှမဟုတ် အင်တာနက်ပေါ်က မင်းနဲ့ ငါ့ရဲ့ ကောလဟာလတွေကရော တကယ်လား..."
" ဟမ့်..."
ကျွမ်းချင် ဤတစ်ကြိမ်တွင်မူ ခွန်းတုံ့မပြန်တော့ပေ။
" သူတို့ ဘာတွေပြောကြတာလဲ..."
ဖူလီက ကျွမ်းချင်၏ တင်းမာခက်ထန်နေသည့် မျက်နှာကိုကြည့်ပြီး ရုတ်တရက် စပ်စုချင်စိတ်ပေါ်လာသည်။ သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး ကျွမ်းချင်၏ပခုံးကို လှမ်းမီထားလိုက်သည်။
" ငါတို့က တွဲနေကြတယ်တဲ့လား..."
ဖူလီ့ကို သူ့ကိုယ်ပေါ်မှီခွင့်ပေးထားရ၍ ကျွမ်းချင်၏ ခါးက တောင့်တင်းသွားသည်။ ဖူလီ၏ ဝင်လေထွက်လေက သူ့မျက်နှာနှင့် နီးကပ်လာသည်ကို ခံစားမိသောကြောင့် အနည်းငယ်တွန်းလိုက်သည်။
" ဘာပဲဖြစ်ဖြစ် အဲဒါ အချစ်နဲ့ဆိုင်တဲ့ ကိစ္စအသေးအမွှားတွေ လျှောက်ပြောကြတာပါ အရေးမကြီးဘူး..."
" အချစ်ဆိုတာမျိုးက ကိစ္စ အသေးအမွှားမှ မဟုတ်တာ... မင်းက အသက်ငယ်သေးတယ်ဆိုတော့ ခံစားချက်နဲ့ဆိုင်တဲ့ ကိစ္စတွေအားလုံးကို အထင်မသေးသင့်ဘူး... ဝတ္ထုနဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲက အဓိကဇာတ်ဆောင်တွေက အချစ်တစ်ခုတည်းအတွက် သူတို့ဘဝတစ်ခုလုံးတောင် ပုံအောပေးကြတာကို မင်းမမြင်ဖူးဘူးလား..."
ကျွမ်းချင်က ဖူလီ့ကို ငေးစိုက်ကြည့်လိုက်မိသည်။
သူ ဘာကို ဆိုလိုချင်နေတာလဲ...
" ဒါပေမဲ့ မင်းနဲ့ ငါကြားမှာ ထူးဆန်းတဲ့ ဆက်ဆံရေးတစ်ခုခုရှိတယ်လို့ ပြောကြတာတော့ ကျိုးကြောင်းမဆီလျော်ပါဘူး..."
ဖူလီ ခေါင်းခါလိုက်သည်။
" ငါက အသက် နှစ်လေးထောင်ကျော်တောင် ရှိနေပြီလေ နဂါးတောင် အပြည့်အဝမဖြစ်သေးတဲ့ မင်းလို အသက်မပြည့်တဲ့ကလေးကို ဘာလို့ဆွဲဆောင်ရမှာလဲ... အဲ့လိုလုပ်တာက ကိုယ်ကျင့်တရားမကောင်းတာပဲ..."
ကျွမ်းချင်က အေးစက်စက်ဖြင့် ရယ်မောလိုက်သည်။ သူက ဖူလီကို ဘေးနားတွန်းလိုက်ပြီးနောက် တစ်ချက်မှ လှည့်မကြည့်ဘဲ အမှုစစ်သည့်အခန်းထဲကို ဝင်သွားလိုက်သည်။
ရုတ်တရက်ကြီး တွန်းထုတ်ခံလိုက်ရသောဖူလီက လျင်မြန်စွာ မတုံ့ပြန်လိုက်နိုင်ပေ။
ဘာဖြစ်ပြန်တာလဲ သူထပ်ပြီး စိတ်ဆိုးသွားတာများလား...
ကျွမ်းချင်က အမှုစစ်သည့်အခန်းထဲ ခြေလှမ်းကျဲကြီးများဖြင့် ဝင်သွားသည်။ တံခါးကို ဆောင့်ပိတ်လိုက်ခြင်းနှင့်အတူ သူ့မျက်နှာပေါ်မှ တင်းမာနေသည့် အမူအရာကြောင့် အခန်းထဲမှ ဟွမ်စန်းနှင့် ရှုယွမ်ပါ ကြောက်လန့်သွားရတော့သည်။
" ဘော့စ်..."
ကျွမ်းချင် ဝင်လာသည်ကိုမြင်၍ ရှုယွမ်က သူမ ထိုင်နေသည့်ခုံမှ ဖယ်ပေးတော့မည့်အချိန်တွင် ကျွမ်းချင်က ပြောလိုက်သည်။
" မလိုဘူး ငါ ဘေးနားမှာပဲထိုင်မှာ ရတယ်..."
သူ့ခြေချောင်းရှည် နှစ်ချောင်းကိုချိတ်ပြီး ဘေးနားမှ ခုံတွင် ထိုင်ချလိုက်သည်။
" ဆက်မေး..."
ကျွမ်းချင်၏ အမူအရာက တစ်ခုခု ထူးဆန်းနေသည်ကို ရှုယွမ် သတိပြုမိသော်လည်း သူမ ဝင်စွက်ဖက်နိုင်သည့်အရာမဟုတ်ကြောင်းကိုသိ၍ လင်းနို့မိစ္ဆာကိုသာ ပြစ်မှုကျူးလွန်ရသည့် ရည်ရွယ်ချက်ကို ဆက်လက်မေးမြန်းနေလိုက်သည်။ သို့ရာတွင် လင်းနို့မိစ္ဆာက အကျဉ်းသားဖြစ်နေသည့် သူအခြေအနေကို သဘောမပေါက်ပေ။ သူ၏ အပြုအမူများက အလွန်ဘဝင်လေဟပ်နေပြီး ကောင်းမွန်စွာပူးပေါင်းရမည့်အစား အကြမ်းဖက်ချင်နေသည်။
စိတ်မကြည်မလင်ဖြစ်နေသော ကျွမ်းချင်က သည်းခံနိုင်စိတ်လည်း ကုန်ခမ်းနေသည်။ လင်းနို့မိစ္ဆာက ဤသို့ပြုမူနေသည်ကို မြင်သောအခါ တဲ့တိုးပြောလိုက်သည်။
" သူ့ကို ပြစ်မှုကျူးလွန်တော့မည့်နေရာမှာတင် ဖမ်းမိခဲ့တာမို့ ဒီကိစ္စက အစတည်းက ပြီးနေပြီ... သူ ဝန်မခံချင်လည်းထားလိုက်... စည်းမျဉ်းတွေအတိုင်းပဲ သူ့ကိုပြစ်ဒဏ်ပေးလိုက်ပြီးတော့ ဖာ့ထျန်းဘုရားကျောင်းက ဆရာသခင်တစ်ယောက်ကိုပင့်ပြီး Dutchman’s Pipeပန်းနဲ့ ကွိုင်းငါးတို့ရဲ့ဝိညာဉ်တွေ အေးအေးချမ်းချမ်းနေရအောင် ကူညီပေးလိုက်..."
" ဘော့စ်လည်း ဒီမှာရောက်နေတာလား..."
ချောင်းယွင် တံခါးကို တွန်းဖွင့်ပြီး ဝင်လာချိန်၌ ကျွမ်းချင်ကို အခန်းထဲတွင် မြင်လိုက်ရ၍ သူမ ပြောလိုက်သည်။
" ဘော့စ် ဒီမှာရှိနေတော့ အတော်ပဲ... ပင့်ကူမိစ္ဆာနဲ့ လင်းနို့မိစ္ဆာက သီးသန့်ဆက်သွယ်နေကြတယ်ဆိုတာ လူသားတွေရဲ့ လုံခြုံရေးကင်မရာဒေတာကနေပြီး ရှာတွေ့ထားတယ်..."
ကျွမ်းချင်က သူ၏ ကြည့်ကောင်းလှသည့်မေးကိုမော့လိုက်ပြီးလင်းနို့မိစ္ဆာကို အေးစက်စွာ ပြုံးပြလိုက်သည်။
" ပူးပေါင်းကြံစည်တာပေါ့လေ..."
လင်းနို့မိစ္ဆာက စကားတစ်ခွန်းမှမပြောပေ။ ကျွမ်းချင်က မတ်တပ်ထရပ်ပြီး အခြားအမှုစစ်ခန်းတစ်ခန်းထဲ လျှောက်သွားလိုက်သည်။ အခန်းထဲဝင်လာသည်နှင့် သူ ပထမဆုံးမြင်လိုက်သည့်အရာမှာ ကျန်းခယ့်နှင့်ဖူလီ အတူတူထိုင်နေကြသည့် မြင်ကွင်းဖြစ်သည်။ သူ့ရင်ထဲ ဂယက်ရိုက်သွားပြီး ခြေထောက်နှစ်ဖက်က သူ့ဦးနှောက်မှ အမိန့်ကို မနာခံဘဲ လှုပ်ရှားသွားကာ ဖူလီ့ဘေးတွင် ရပ်လိုက်သည်။
သူ ရောက်လာသည်ကို မြင်သောအခါ ဖူလီက တစ်ဖက်လှည့်ပြီး ရယ်ပြလာသည်။
ကျွမ်းချင်၏ နှုတ်ခမ်းထောင့်စွန်းများက လှုပ်ရှားသွားသည်။ သူ ပြန်ရယ်ပြချင်သော်လည်း သူ့နှုတ်ခမ်းထောင့်များက တောင့်တင်းနေသည်။
ပင့်ကူမိစ္ဆာက လင်းနို့မိစ္ဆာကဲ့သို့ တည်ငြိမ်နေခြင်း မရှိပေ။ ဖူလီက မှော်လက်နက်နှစ်ခုကိုထုတ်ပြီး သူ့အာရုံကိုလှည့်စားလိုက်သောကြောင့် ပင့်ကူမိစ္ဆာက ကိစ္စအားလုံးကို အသေးစိတ်ဝန်ခံလိုက်ရသည်။
ပင့်ကူမိစ္ဆာမှာ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က လူသားလောကတွင် ကံကြမ္မာအပြောင်းအလဲ အနည်းငယ်ဖြစ်ခဲ့ပုံရသည်။ သူ နိုင်ငံခြားသို့ ခရီးသွားစဉ်တွင် ကိုရီးယားစကားပြောတတ်သည့် လင်းနို့မိစ္ဆာနှင့် ဆုံတွေ့ခဲ့သည်။ ဤလင်းနို့မိစ္ဆာက အနောက်ပိုင်းမိစ္ဆာလောကတွင် မြို့စားမင်းဖြစ်ပြီး အရှေ့တိုင်းမိစ္ဆာလောကအကြောင်းကို စူးစမ်းလိုစိတ်ရှိသူဖြစ်သည်။ အရှေ့တိုင်းမိစ္ဆာလောကတွင် ပုံမှန်မဟုတ်သော မိစ္ဆာမျိုးစုံရှိကြောင်း သိလိုက်ရသည်နှင့် သူ့ထံတွင် အခြားသောရည်ရွယ်ချက်များရှိလာသည်။
တစ်ဖက်က မသန့်ရှင်းသော ရည်ရွယ်ချက်ရှိသူဖြစ်ပြီး အခြားတစ်ဖက်ကလည်း လူသားလောက၏ စည်းစိမ်များကို တပ်မက်သူဖြစ်နေသည်။ ငွေအတွက်ဆိုပါက နိုင်ငံခြားမိစ္ဆာတစ်ကောင်နှင့် ပူးပေါင်းပြီး သူနှင့် မျိုးနွယ်တူများကို သတ်နိုင်ပေသည်။ သို့သော် ကံဆိုးသည်မှာ ပင့်ကူမိစ္ဆာက ခရုစုပ်ငှက်နှင့် ကြုံတွေ့ပြီး ပိုမိုဆိုးရွားသည့်ကိစ္စများ မပြုလုပ်နိုင်မီတွင် လူသားများ၏ အကျဉ်းထောင်တွင် အဖမ်းခံလိုက်ရသည်။
" မင်းကလည်း အရှေ့တိုင်းမိစ္ဆာပဲလေ ဒါပေမဲ့ လူသားတွေဆီက ငွေနည်းနည်းရဖို့ ကိုယ့်မျိုးနွယ်တွေကို ရောင်းစားတယ်ပေါ့... ဘယ်လိုတောင် ရွံစရာကောင်းတာလဲ..."
ပင့်ကူမိစ္ဆာ၏ ဝန်ခံချက်ကို နားထောင်ပြီးသည့်နောက် ဖူလီ၏လက်ထဲမှ ဘောပင်က နှစ်ပိုင်းကျိုး ဖြစ်သွားသည်။ သူက ပင့်ကူမိစ္ဆာကို နင့်နင့်သီးသီး ကြည့်လိုက်မိသည်။ ပျက်စီးသွားသည့်ဘောပင်ကို လွှင့်ပစ်လိုက်ပြီးသည့်နောက်တွင် ထိုင်ခုံကိုဖယ်ပြီး ထွက်သွားလိုက်သည်။
" ဖူကော..."
ကျန်းခယ့်သည်လည်း ပင့်ကူမိစ္ဆာ၏လုပ်ရပ်ကို အလွန်ပင် ရွံရှာစက်ဆုပ်သွားသည်။ ဖူလီက ဤကိစ္စကို အာရုံမစိုက်တော့သည်ကို မြင်သောအခါ သူ၏ရွံရှာစက်ဆုပ်မှုကို တောင့်ခံထားပြီး ပင့်ကူမိစ္ဆာကို အသေးစိတ်မေးမြန်းလိုက်သည်။ ကျွမ်းချင်ကလည်း တံခါးနားကို သုံးလေးကြိမ်ခန့် လှမ်းကြည့်နေသည်။ စက္ကန့်အနည်းငယ်ခန့် သည်းခံနေပြီးနောက် သူလည်း ထွက်သွားတော့သည်။
သူ အပြင်ထွက်လာသည့်အခါ ဖူလီက အပေါ်ထပ်တွင် ရှိမနေတော့ပေ။ အောက်ထပ်မှ ခန်းမတွင်လည်း အားလုံးက ဖရိုဖရဲ ကသောင်းကနင်းဖြစ်နေသည်။ ယောင်ကျင့်ကြံသူများက သူတို့၏အိပ်ရာများနှင့် အထုပ်အပိုးများကို သိမ်းဆည်းကာ စီမံခန့်ခွဲရေးဗျူရိုထဲမှ နှစ်ယောက် သုံးယောက် တစ်ဖွဲ့စီ ထွက်သွားကြသည်။ ကျွမ်းချင် ကြောင်လိမ်လှေကားမှ ဆင်းလာချိန်တွင် နောက်ဆုံး၌ ဖူလီ့ကိုလန့်ကန်းသစ်ပင်အောက်တွင် တွေ့လိုက်ရသည်။
ထိုနေရာတွင် ဖူလီက လက်နှစ်ဖက်လုံးဆန့်ထုတ်ထားပြီး ခေါင်းသုံးလုံးလူများထံမှ ကျူးယွီသစ်သီးများ လက်ခံနေသည်။ ထို့နောက် သူ့အိတ်ထဲမှ လူသားတို့၏ သရေစာထုပ်ပေါင်းများစွာကိုထုတ်ပြီး ခေါင်းသုံးလုံးလူများထံ ကမ်းပေးလိုက်သည်။
ခေါင်းသုံးလုံးလူများက လူသားလောကမှ သရေစာများကို အလွန်နှစ်သက်ပုံရသည်။ နွယ်ပင်များကို တွဲလဲခိုနေလျက် ရှေ့နောက် ခိုစီးနေသည်။
ခန္ဓာကိုယ်သုံးခုနှင့် ခေါင်းကိုးလုံးက အတူတူစုဝေးနေကြ၍ ကြက်သွန်ဥလေးများကို စီထားသည်နှင့် တူနေသည်။
" မင်း အခုထိ ဖုန်းဟွမ်ကို ရှာမတွေ့သေးဘူးလား..."
" ကျွန်တော် တောင်းပန်ပါတယ်..."
" ကိစ္စမရှိပါဘူး ငါတို့မင်းကိုယုံတယ်..."
" ဟုတ်တယ် ငါတို့ မင်းကိုယုံတယ်..."
ထိုနေရာတွင် လူလေးယောက်သာရှိသည်မှာ သေချာသော်လည်း လူပေါင်းများစွာ တစ်ချိန်တည်း စကားပြောနေသကဲ့သို့ လှုပ်ရှားသက်ဝင်နေသည်။ ကျွမ်းချင်က အဝေးတစ်နေရာတွင်သာ ရပ်နေပြီး သူတို့ကို အနှောင့်အယှက်ပေးရန် စိတ်ကူးမရှိပေ။
ဖူလီ ရုတ်တရက်လှည့်ကြည့်လိုက်သည့်အခါ အရပ်ရှည်ရှည်နှင့် ကျွမ်းချင်က ဆူညံပွက်လောရိုက်နေသည့် ယောင်ကျင့်ကြံသူများအကြားတွင် တစ်ယောက်တည်း ရပ်နေသည်ကို မြင်လိုက်ရ၍ ပြုံးပြလိုက်သည်။