အပိုင်း ၁၁၇
Viewers 16k

🐰Chapter 117🐉
မူမမှန်ခြင်း


ဘာ ဆူညံသံလဲ... ဘာ ယောင်ကျင့်ကြံသူလဲ... ဘာအလုပ်လဲ...

ထိုအပြုံးတစ်ပွင့်ကြောင့် ၎င်းတို့အားလုံးက ကျွမ်းချင်၏မျက်လုံးထဲတွင် မီးခိုးငွေ့သဖွယ် ပျောက်ကွယ်သွားရသည်။ သူ့စိတ်ထဲ ရီဝေဝေဖြစ်သွားပြီး နှလုံးခုန်သံတဒိတ်ဒိတ်က အလွန်ကျယ်လောင်လာသည်မှာ တစ်ယောက်ယောက်က သူ့နှလုံးသားကို ဒရမ်တီးသကဲ့သို့ တစ်ခုခုနှင့် တီးခတ်နေသည်နှင့်ပင် တူနေသည်။ ထိုမျှသာမက ထိုတစ်စုံတစ်ယောက်က အလွန်အင်အားကြီးပုံရပြီး သူ့နှလုံးသားကို အနားယူချိန် အနည်းငယ်မျှပင် ပေးမည့်ပုံမပေါ်ပေ။

နှလုံးသားတစ်ခုလုံး ထွက်ကျလာမည်စိုး၍ သူ့ရင်ဘတ်ကို ဆုပ်ကိုင်ထားလိုက်သည်။ ယခုအချိန်တွင် သူ၏ထူးဆန်းနေမှုကို ဖူလီ့ကို မြင်ခွင့်ပြုလိုက်ရသည်အား ရှက်ရွံ့နေမိသည်။

" ကျွမ်းချင်..."

ဖူလီ သူ့လက်ထဲမှ သစ်သီးများကို ကျွမ်းချင်ထံသို့ ပေးတော့မည့်အချိန်တွင် ကျွမ်းချင်က သူ့ရင်ဘတ်ကိုဆုပ်ကိုင်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။

ဖူလီက သူ့လက်ထဲမှ အသီးများကို အိတ်ကပ်ထဲအမြန်ထည့်လိုက်ပြီး ခြေလှမ်းကျဲကြီးများဖြင့် ပြေးသွားလိုက်သည်။

" ဘာဖြစ်တာလဲ..."

ကျွမ်းချင်က ဖူလီ့မျက်နှာကို မကြည့်ရဲပေ။ ဘေးနားကို မျက်နှာလွှဲထားပြီး အသက်ပြင်းပြင်းရှုနေသည်။
" ဘာမှမဖြစ်ပါဘူး... ဒီတိုင်း အသက်ရှုရတာ အဆင်မပြေလို့..."

" မင်း ကျင့်ကြံနေရင်း အားကုန်သွားတာထင်တယ်..."
ဖူလီက ကျွမ်းချင်၏လက်ကောက်ဝတ်ပေါ် လက်တင်ထားလိုက်ပြီး သူ၏ဝိညာဉ်ချီဓာတ်များကို ကျွမ်းချင်၏ သွေးကြောများထဲ ဝင်သွားစေလိုက်သည်။

ကျွမ်းချင်၏ ဝိညာဉ်ချီဓာတ်စီးဆင်းမှုက ချောမွေ့ပြီး အနှောင့်အယှက်ကင်းမဲ့နေသည်။ သူ၏ သွေးကြောများက အနည်းငယ် တိုးလာသည်ဟု ထင်ရ၍ အဆင့်တက်လုဆဲဆဲ အနေအထားတွင်ရှိနေပြီး အခြားတစ်စုံတစ်ရာ မှားယွင်းနေခြင်းမရှိပေ။

ကျွမ်းချင်က သူ့လက်ကောက်ဝတ်ကို စိုက်ကြည့်နေသည်။ သူ့နှလုံးသားထဲတွင် တစ်ယောက်ယောက်က ဒရမ်တီးနေသည်ဟု ခံစားရရုံသာမက လက်ကောက်ဝတ်နေရာကိုပါ မီးနှင့်ရှို့လိုက်သကဲ့သို့ ပူလောင်လာသည်။

ဒါ တော်တော်လေးကို မူမမှန်တာပဲ...

ဘော့စ်..."
နဉ်ရွှမ်က အလျင်စလိုပြေးလာသည်။ ဖူလီက ကျွမ်းချင်၏လက်ကောက်ဝတ်ကို ကိုင်ထားသည်အား မြင်လိုက်ရသောအခါ သူ ရုတ်ချည်းရပ်တန့်သွားပြီး တစ်ဖက်သို့လှည့်ကာ ပြန်ထွက်သွားရန် ပြင်လိုက်သည်။ သူက ဓားတစ်ချောင်းဖြစ်သော်လည်း မျက်လုံးမပါသည့် ဓားတစ်ချောင်း မဟုတ်ပေ။

" နျဉ်ရွှမ်..."

ဖူလီက များများစားစား တွေးတောမနေတော့ပေ။ ကျွမ်းချင်၏ခန္ဓာကိုယ်ပေါ်တွင် တစ်စုံတစ်ရာ မှားယွင်းအနေကြောင်း အတည်ပြုပြီးသည့်အခါ ကျွမ်းချင်ကို လွှတ်ပေးလိုက်ပြီး နျဉ်ရွှမ်ကို အော်ခေါ်လိုက်သည်။

" ဘာလို့ အလောတကြီးပြေးလာတာလဲ တစ်ခုခုဖြစ်လို့လား..."

နျဉ်ရွှမ်က ကျွမ်းချင်ကို တစ်ချက်ခိုးကြည့်လိုက်သည်။ ကံဆိုးသည်မှာ ကျွမ်းချင်က ခေါင်းငုံ့ထားခြင်းဖြစ်၍ သူ ဘာကိုမှ မမြင်လိုက်ရပေ။ သို့ဖြစ်၍ ခြောက်ကပ်ကပ်ဖြင့်ရယ်ပြီး ဖူလီ့ကိုသာ မျက်နှာချင်းဆိုင်လိုက်သည်။

" အရေးတကြီးကိစ္စတော့ မဟုတ်ပါဘူး... လူသားတွေရဲ့ စီးပွားရေး အဖွဲ့အစည်းတစ်ခုက ဘော့စ်ကို ပရဟိတပွဲတစ်ခုကိုလာဖို့ ဖိတ်လို့ပါ... အဲဒီ ပရဟိတပွဲက အများအမြင်မှာ တော်တော်လေး အဆင့်မြင့်တယ်... နိုင်ငံကတောင် အဲဒါကို တော်တော်လေး အရေးကြီးတယ်လို့ သတ်မှတ်ထားလို့ ကျွန်တော်တို့ ကုမ္ပဏီက နှစ်တိုင်းတော့ ဖိတ်စာတစ်စောင်ရတယ်... ဘော့စ်က ဒီနှစ်ပွဲကိုများ တက်နိုင်မလားလို့ ကျွန်တော်လာမေးတာပါ..."

စီမံခန့်ခွဲရေး‌ဗျူရိုမှ ဝန်ထမ်းအများစုက ဝင်ထွက်သွားလာလျက် လှုပ်ရှားမှုများစွာတွင် ပါဝင်ကြပေသည်။ အကယ်၍ သူတို့အားလုံးက အဖွဲ့အစည်းတစ်ခုခု၏ လက်အောက်မှ မဟုတ်ပါက အချိန်ကြာလာသည်နှင့်အမျှ အကင်းပါးသော လူသားများ၏ ရှာတွေ့ခြင်း ခံရနိုင်ပေသည်။ သို့ဖြစ်၍  သူတို့အားလုံးက အပြင်လောကတွင်မူ ချန်လုံဇီဝနည်းပညာကုမ္ပဏီ၏ ဝန်ထမ်းအဖြစ် ရပ်တည်နေရခြင်းဖြစ်သည်။ လူသားလောကတွင် သူတို့ကိုယ်ကို ဖုံးကွယ်၍ နေမည်ဆိုပါက အထောက်အထား တစ်ခုခုရှိခြင်းက ပိုပြီး အားသာချက် ရှိပေသည်။

သူတို့က ဤကိစ္စတစ်ခုလုံးနှင့် ပတ်သက်ပြီး လူသားအမျိုးသမီးများထံမှ အကျိုးအမြတ်ရရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ချန်လုံ၏ အမျိုးအစားစုံလင်လှသော မိတ်ကပ်နှင့် အသအရေထိန်းသိမ်းရေးပစ္စည်းများက အလွန်အဆင့်မြင့်သောကြောင့် နိုင်ငံတကာအဆင့်ထိ ထိုးဖောက်နိုင်ပေသည်။ သူတို့ နှစ်စဉ်နှစ်တိုင်း ပွဲကျင်းပချိန်တွင် ရာခိုင်နှုန်းများစွာကို လှူဒါန်းလေ့ရှိသည်။

သို့ဖြစ်၍ စီးပွားရေးလုပ်ရာတွင် အရေးကြီးသော လှည့်ကွက်တစ်ခုရှိပေသည်။ အမျိုးသမီးများ၏ နှလုံးသားကို သိမ်းပိုက်နိုင်ခြင်းက ကမ္ဘာကြီးတစ်ခုလုံးကို ရရှိသွားခြင်းနှင့် တူပေသည်။

ကျွမ်းချင်က ထိုသို့သောပွဲမျိုးကို အလွန်တက်ရောက်ခဲလှသည်။ အခြားလူများမှာ လွန်ခဲ့သော နှစ်နှစ်ခန့်တည်းက ဤပွဲတွင်တက်ရောက်ရန် စီစဉ်နေခဲ့ကြခြင်းဖြစ်သည်။ ဤနှစ်ကမူ သာမန်လုပ်ရိုးလုပ်စဉ် စီးပွားရေး‌တစ်ခုအနေဖြင့် တက်ရောက်သင့်သည်ဟု နျဉ်ရွှမ် တွေးနေမိသည်။ ဘော့စ်၏ရုပ်ရည်ဖြင့်ဆိုပါက ‌လူသားလောကတွင် မည်သည့်ရှု့ထောင့်မှကြည့်ကြည့် ချောမောခံ့ညားနေပြီးဖြစ်သည်။ အကယ်၍ ဤသို့သော ပရဟိတပွဲမျိုးတွင် တက်ရောက်ပြီး တိုက်ရိုက်ထုတ်လွှင့်သော ကင်မရာတွင် ‌ဘော့စ်၏မျက်နှာပါသွားပါက ကုမ္ပဏီ၏ရောင်းအားပမာဏကို တိုးလာစေနိုင်မည်ဖြစ်သည်။

သို့သော် ထိုသို့သောကိစ္စမျိုးကို သူ့စိတ်ထဲတွင်သာ တွေးတောရဲပေသည်။ ယောင်လောကတွင်မူ ‌ချောမောခံ့ညားခြင်းက အရှိန်အဝါနှင့် စွမ်းအားအပေါ်တွင်သာ မူတည်သည်။ လူသားပုံစံဖြင့် မည်မျှကြည့်ကောင်းနေသည်ဖြစ်စေ အမွေးအမျှင်မရှိ၊ အကြေးခွံမရှိ ခုန်တက် ခုန်ဆင်းနိုင်သည့် စွမ်းရည်မရှိပါက ၎င်း၏ ခန္ဓာကိုယ်အချိုးအစားက လှပမည် မဟုတ်ဘဲ အားနည်းသည်ဟုသာ သတ်မှတ်ခံရနိုင်သည်။

" ပရိဟိတပွဲလား..."
ကျွမ်းချင်က သူ့ဘေးနားမှ ဖူလီကို လှမ်းကြည့်လိုက်သည်။ အချိန်ခဏတာ ငြိမ်သက်နေပြီးသည့်နောက်တွင် ပြန်ဖြေလိုက်သည်။

" ကောင်းပြီလေ..."

" အယ်..."
နျဉ်ရွှမ်က နားကြားလွဲသွားသည်ဟု ထင်လိုက်မိသည်။ ဘော့စ်၏ ကပ်စေးနည်းပုံဖြင့်ဆိုလျှင် ပရဟိတပွဲကိုတက်ရောက်ပြီး တစ်ပြားတစ်ချပ်မှ မလှူပါက သူတို့အားလုံး အရှက်ကွဲကုန်မည်ဖြစ်သည်။

" ဖူလီက လူ့အဖွဲ့အစည်းရဲ့ လူကုံ‌ထံတွေပဲ ရှိတဲ့နေရာကို မကြုံဖူးသေးဘူး... ငါ သူ့ကိုခေါ်သွားပြီး လောကကြီးကို အမြင်ကျယ်အောင် ကြည့်ခိုင်းလိုက်မယ်..."

ကျွမ်းချင်၏ အမူအရာက တည်ငြိမ်နေသည်။
" ပြဿနာရှိလို့လား..."

" မရှိပါဘူး မရှိပါဘူး..."
နျဉ်ရွှမ်က အသည်းအသန် ပြန်ဖြေလိုက်သည်။
" ကျွန်တော် ပွဲစီစဉ်သူတွေကို အခုချက်ချင်းပဲ အကြောင်းပြန်လိုက်ပါ့မယ်..."

ယခင်နှစ်၏ စည်းကမ်းများအရဆိုလျှင် ချန်လုံက လုံခြုံရေးပစ္စည်းကိရိယာအပြည့်အစုံပါဝင်သည့် ကျောင်းကား ၁၂စီး၊ ဆေးရုံကား ၁၂စီး၊ သန့်ရှင်းရေးကား ၁၂စီးနှင့် အလှူငွေ ယွမ်သန်း ၅၀ လှူဒါန်းခဲ့သည်။ သို့ဖြစ်၍ ပရဟိတ လေလံပွဲတစ်ခုသာ ကျန်ရစ်တော့ပေသည်။ ထိုအချိန်တွင် ငွေများများသုံးလေ မျက်နှာပန်းလှလေဖြစ်သည်။

သို့ရာတွင် သူတို့ဘော့စ်က ဤတစ်ကြိမ် ပရိဟိတလေလံပွဲ၌ ကပ်စေးနည်းနေမည်ဟု နဉ်ရွှမ် ခံစားလိုက်ရသည်။

ပွဲစီစဉ်သူကို ‌အကြောင်းပြန်လိုက်ပြီးသည့်နောက်တွင် နဉ်ရွှမ်က မေးခွန်းတစ်ခုကို တွေးမိသွားသည်။

ဘော့စ်က ဘာလို့ ဖူကောကို လောကကြီးကိုကြည့်ဖို့ ခေါ်သွားတာလဲ... စုန့်ယွီကလည်း နှစ်ထောင်ပေါင်းများစွာကြာအောင် နေလာတာပဲလေ ဘာလို့ သူ့ကိုကျ မခေါ်သွားတာလဲ...

စုန့်ယွီက အရမ်းရုပ်ဆိုးလို့များလား...

.....

နှစ်စဉ်ကျင်းပသည့် ပရဟိတညနေခင်းပါတီက လူမှုကွန်ယက်အသိုင်းအဝိုင်းမှ နာမည်ကျော်အားလုံး သူတို့၏ နာမည်ကျော်မှုနှင့် ချမ်းသာကြွယ်ဝမှုကို ကြွားဝါနိုင်သည့် နေရာတစ်ခုဖြစ်သည်။ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာတတ်များနှင့် နာမည်ကျော်များက ဤညနေခင်းပါတီ၏ အဓိကလူများ ဖြစ်ကြသည်။ ဤအချိန်မျိုးတွင် ပျင်းရိနေသော အင်တာနက်အသုံးပြုသူများက အများဆုံးလှူဒါန်းသူ၊ အလှပဆုံး အဝတ်အစားများ ဝတ်လာသူနှင့် ကပ်စေးနည်းပြီး အနည်းငယ်သာ လှူဒါန်းသူတို့ကို အာရုံစိုက်တတ်ကြသည်။ နှစ်စဉ်ကျင်းပသည့် ညနေခင်းပါတီက အပြောင်းအလဲများပြားလှသည့် ဧရာမရှိုးတစ်ခုလည်းဖြစ်သည်။

ဒေသခံဖြစ်ပြီး ‌အချိန်ကြာမြင့်သည်အထိ နာမည်ကျော်လာခဲ့သည့် ချန်လုံနည်းပညာကုမ္ပဏီ၏ ကိုယ်စားပြုတက်ရောက်သူများက အင်တာနက်နာမည်ကျော်များနီးတူ အာရုံစိုက်စရာမဟုတ်သော်လည်း အင်တာနက်အသုံးပြုသူများစွာ၏ အမြင်တွင် သူတို့က ဂရုပြုစရာဖြစ်နေသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ ထုတ်ကုန်များက အလွန်ဈေးကြီးသည့်အပြင် သက်ရောက်မှုရှိလှသောကြောင့်ဖြစ်သည်။  နိုင်ငံခြားမှ ခေတ်မီထုတ်ကုန်များစွာ၏ ဖိအားပေးခံရသော်လည်း သူတို့က နှစ်ပေါင်းများစွာတိုင်အောင် ဆက်လက်ရပ်တည်နိုင်ဆဲဖြစ်သည်။ လျှို့ဝှက်ဆန်းကြယ်မှုနှင့် ခမ်းနားကြီးကျယ်မှုတို့ကလည်း ၎င်းတို့ကို ဝန်းရံထားပေသည်။

ညနေခင်းပါတီ မစတင်သေးမီမှာပင် ယခုနှစ်တွင်လည်း ချန်လုံကုမ္ပဏီက ယာဉ်များနှင့် အလှူငွေအနည်းငယ်သာ လှူဒါန်းမည်ဖြစ်ကာ သူတို့၏ ကိုယ်စားပြုအနေဖြင့် ချောမောလှပပြီး ဩဇာတိက္ကမရှိသည့် အမျိုးသမီးဒါရိုက်တာ တစ်ယောက်ကိုသာ လွှတ်လိုက်မည်ဟု အင်တာနက်အသုံးပြုသူများက လှောင်ပြောင်နေကြပြီဖြစ်သည်။ သူတို့ပြောနေသည့် လှပသော အမျိုးသမီးဒါရိုက်တာမှာ ဗျူရိုမှ အခြားဝန်ထမ်းများထက် အနည်းငယ်ပိုပြီး နာမည်ကြီးသော ရှုယွမ်ဖြစ်သည်။ အင်တာနက်အသုံးပြုသူ အမျိုးသမီးများ၏ အမြင်တွင်မူ ရှုယွမ်က ငယ်ရွယ်ပြီး လုပ်ကိုင်နိုင်စွမ်းရှိပေသည်။ သူမက လက်မထပ်ရသေးသည့်အပြင် ကလေးမမွေးရသေးသော်လည်း သူမဘေးတွင် ရပ်နေသည့် အမျိုးသားများနည်းတူ ပေါ်လွင်ထင်ရှားနေသည်။ သူမက အောင်မြင်သောအမျိုးသမီးတစ်ယောက်၏ ဥပမာဖြစ်သည်။

သူမဘေးနားတွင် ရပ်နေသည့် အမျိုးသားများအားလုံးက စီမံခန့်ခွဲရေးဗျုရိုမှဖြစ်ကြောင်း အင်တာနက်သုံးသူများက မသိကြပေ။ ထို့အပြင် သူတို့ထဲမှ လူအများစုကို အခြေခံအားဖြင့် အမျိုးသားများဟု မသတ်မှတ်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့က မိစ္ဆာများဖြစ်၍ တိရစ္ဆာန်လောကမှ အထီးများဟုသာ ဆိုရပေမည်။

ရှုယွမ်က ပရိသတ်အတော်အသင့်ရှိသော ဝေ့ပေါ် အကောင့်တစ်ခုရှိသည်။ သို့ဖြစ်၍ ပရဟိတပွဲရှိသော ညနေတွင် ရှုယွမ်က မည်သည့်အမျိုးသားပါတနာနှင့်အတူ ပွဲသို့တက်ရောက်မည်ကို ပရိသတ်အချို့က ‌လာရောက်မေးမြန်းကြသည်။ ယခင်နှစ်များတွင်မူ ရှုယွမ်က အမျိုးသားပါတနာတစ်ယောက်နှင့်အတူ အမြဲတမ်း ပွဲတက်လေ့ရှိပြီး ထိုလူအများစုကလည်း နာမည်ကြီး အနုပညာရှင်များ ဖြစ်ကြသည်။ သို့ဖြစ်၍ အင်တာနက်အသုံးပြုသူများ အတင်းအဖျင်းပြောလိုကြခြင်းကလည်း အပြစ်မဟုတ်ပေ။

အမျိုးသားအနုပညာရှင်များ၏ ပရိသတ်အများစုက ရလဒ်ကို စောင့်ဆိုင်းနေကြခြင်းမှာ ရှုယွမ်နှင့် အတူတကွတက်ရောက်သည့် အနုပညာရှင်က အမြဲတစေ ချန်လုံ၏ အမျိုးသားသံတမန်ဖြစ်လာသောကြောင့်ပင်။ လူအများစုက သူတို့အိုင်ဒေါက်ို သံတမန်နေရာကို ရစေလိုကြသည်။  ရလဒ်အနေဖြင့် ပရိသတ်အချို့က သူတို့အိုင်ဒေါများ၏ပုံကို comment တွင် လာပြကြတော့သည်။ ယခုလက်ရှိအချိန်တွင် နာမည်အကြီးဆုံးဖြစ်နေသော ရှဲဝေ့လုံ၏ပုံကလည်း ပါလာသည်မှာ သဘာဝဖြစ်သည်။

သို့ရာတွင် ရှဲဝေ့လုံက ထိုပရိသတ်များကို အကူအညီတောင်းပြီး သူ့အစား တောင်းဆိုခိုင်းရသည်ကို အလွန်မုန်းတီးပေသည်။ သာမန်လူများက ချန်လုံကုမ္ပဏီ၏နောက်ကွယ်မှ အမှန်တရားကို မသိကြသော်လည်း သူက အမှန်တရားကို အလွန်ရှင်းလင်းစွာ သိပေသည်။

အဲဒါကြီးက ကျင့်ကြံရေး‌လောကရဲ့ အစိုးရလေ ဘယ်သူက အကြောင်းရင်းမရှိဘဲ အဲ့နေရာကို သွားချင်မှာလဲ...

ရှဲဝေ့လုံ မိတ်ကပ်မှန်ရှေ့တွင်ထိုင်ပြီး တွန့်လိမ်နေသည်ကို သူ့မန်နေဂျာက မြင်သွားသည်။

" ဝေ့လုံ ဘာဖြစ်လို့လဲ..."

" အခုနောက်ပိုင်း ရာသီဥတုက တော်တော်လေးခြောက်လာလို့ထင်တယ် ကျွန်တော့်ကျောကုန်းက ယားကျိကျိဖြစ်နေတယ်..."
ရှဲဝေ့လုံက ခြောက်ကပ်စွာဖြင့် ရယ်လိုက်သည်။

တကယ်တော့ ယားကျိကျိဖြစ်ရုံတင်မဟုတ်ဘူး အေးစိမ့်စိမ့်ပါ ဖြစ်နေတာ...

" မင်း ပရဟိတပွဲကိုတက်တာ ပထမဆုံးဆိုပေမယ့် အဲ့လောက်ကြီး စိတ်လှုပ်ရှားနေစရာ မလိုပါဘူး... ဒီညနေခင်းပါတီကို အစအဆုံး တိုက်ရိုက်ထုတ်လွှင့်နေမှာဆိုတော့ အားလုံးက ထိန်းချုပ်ပြီး နေကြမှာပဲ... မင်းဟိုကို ရောက်သွားရင်သာ လောကဝတ်အတိုင်း သင့်တော်သလိုနေလိုက်ပါ..."

မန်နေဂျာက ရှဲဝေ့လုံ၏ အရည်အချင်းကို မြင့်မြင့်မှန်းထားပြီး ကုမ္ပဏီကလည်း သူ့ကို ထောက်ပံ့ပေးရမည်ကို စိတ်ဝင်စားသည်။ သို့ဖြစ်၍ အာရုံစိုက်ခံချင်သော ဘေးလူများက သူ့ကိုပြဿနာရှာလာပါက ပြန်လည်တုံ့ပြန်လိုက်မည်ကို ခွင့်မပြုနိုင်ပေ။

" ကျွန်တော် သဘောပေါက်ပါတယ်..."

ရှဲဝေ့လုံ ခေါင်းညိတ်လိုက်သည်။ သူ့အတွက်မူ လူသားများဟူသည့် တည်ရှိမှုက ကြောက်စရာ မလိုအပ်ပေ။

သူက ထိန်းထိန်းသိမ်းသိမ်းနေရန် ပြင်ထားသည်ကို မြင်သည့်အခါ မန်နေဂျာက စိတ်အေးသွားသည်။

အို‌င်ဒေါများအတွက်မူ ၎င်းတို့၏ ပုံပန်းသွင်ပြင်သာမက သရုပ်ပြသမှုကလည်း ဤနယ်ပယ်ထဲတွင် အဖိုးတန်ပေသည်။ သူတို့ကို ဂရုတစိုက် မကာကွယ်ထားပါက အလွယ်တကူ ဖျက်ဆီးခံလိုက်ရနိုင်သည်။

.....

ဗီလာတွင်မူ ဖူလီက သူ့လက်နှစ်ဖက်လုံးကို ဆန့်ထားပြီး ကျွမ်းချင်ကို သူ့အဝတ်အစားများ ဝတ်ပေးခွင့်ပြုထားသည်။ ‌ချင်းရှောင်ဂိုဏ်းချုပ်၏ မွေးနေ့ပွဲတွင် ဝတ်ခဲ့သောဝတ်စုံနှင့် ယှဉ်ပါက ယခုဝတ်စုံကပို၍ တည်ကြည်သန့်ရှင်းလှသည်။ အလှဆင်ပစ္စည်းအသေးအမွှားများကလည်း ပြီးပြည့်စုံစွာ လိုက်ဖက်ညီလှသည်။

သူ့ရင်ဘတ်မှ အမျိုးသားရင်ထိုးကိုလည်း စိန်အစစ်ဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ လူသားလောကတွင်မူ ၎င်းကို စိန်ရင်ထိုးဟုခေါ်သည်။
သူ့ဆံပင်ကိုလည်း ဗျူရိုရှိ ပန်းချီကားချပ်ထဲမှ အမျိုးသမီးက ပြင်ဆင်ပေးထားသည်။ သူ့မျက်နှာထက်တွင်လည်း မိတ်ကပ်အလွှာပါးတစ်ထပ် လိမ်းထားပေသည်။ သူ့တစ်ကိုယ်လုံးက ဘွန်ဆိုင်းပင်နှင့်ပင် တူနေသည်။ သူ့ကို နက်ကတိုင်ကူစည်းပေးနေသည့်ကျွမ်းချင်ကို သူ ငုံ့ကြည့်လိုက်သည်။

" နဂါးလေးကျွမ်း ငါက အရေးကြီးပုဂ္ဂိုလ်လည်း မဟုတ်ဘဲနဲ့ ဘာလို့ ဒီလို တင်းတင်းကြပ်ကြပ်တွေ ပြင်ဆင်နေရတာလဲ..."

" အပြင်လောကမှာ မင်းရဲ့ရာထူးက ဘာလဲသိလား..."
ကျွမ်းချင်က နက်ကတိုင်ဖဲပြား၏ အနားကို ဖိပေးလိုက်ပြီး ရုပ်တည်ဖြင့် ပြောလိုက်သည်။

ဖူလီက လူသားလောက၏ ရှုပ်ထွေးလှသော အရေးကိစ္စများကို နားမလည်၍ ကျွမ်းချင်၏ရုပ်တည်ကြီးကို မြင်သောအခါ ပို၍စိုးရိမ်သွားသည်။

" ဘာလဲဟင်..."

" ကုမ္ပဏီဥက္ကဌရဲ့ အထူးလက်ထောက်လေ..."

ကျွမ်းချင်က နောက်တစ်လှမ်းဆုတ်လိုက်ပြီးနောက် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
" ကြည့်ကောင်းတယ် ကင်မရာရှေ့ရောက်ရင်လည်း အဆင်ပြေတယ်..."

" ကုမ္ပဏီဥက္ကဌက ဘယ်သူလဲ..."

ဖူလီ့စိတ်ထဲ ရှုပ်ထွေးသွားသည်။
" ငါတို့က ဘာလို့ ကောဇောနီကို လျှောက်ရမှာလဲ..."

" ဥက္ကဌက သေချာပေါက် ငါပေါ့..."

ကျွမ်းချင်က ခေါင်းငုံ့ပြီး အင်္ကျီလက်ဖျားမှ ကြယ်သီးကိုတပ်နေလျက် ဖူလီ့ကို မော့မကြည့်ဘဲ ဖြေလိုက်သည်။

" ငါတို့ကုမ္ပဏီက လူသားလောကမှာ တော်တော်လေး နာမည်ကြီးတာနော်... ဒီညနေခင်းပါတီက အရမ်းအရေးကြီးတယ်လေ ငါတို့ ကောဇောနီကိုလျှောက်ရမယ့်အခွင့်အရေး ဆုံးရှုံးသွားလို့ ဘယ်ဖြစ်မလဲ..."

ဖူလီက ရုတ်တရက် သဘောပေါက်သွားသည်။

" ဒီလိုကိုး..."

ထို့နောက် သူ့နားရွက်ထဲမှ ချမ့်ခွန်းအိတ်ကို ထုတ်လိုက်သည်။ အိတ်က သူ့လက်ပေါ် ရောက်လာသည်နှင့် ချက်ချင်းပင် အရွယ်အစားကြီးမားသွားသည်။ သူက နို့နှစ်ရောင်ဆေးလုံးနှစ်လုံးကို ထုတ်ယူလိုက်သည်။

" ဒါက ဟွင်းယွမ်ဆေးလုံး အဲဒါကိုစားရင် ပိုကြည့်ကောင်းသွားလိမ့်မယ် မင်း တစ်လုံးလောက် စားချင်သေးလား..."

ဟွင်းယွမ်ဆေးလုံးကို လာပေးခြင်းခံလိုက်ရသည့် ကျွမ်းချင်က လက်ကြယ်သီးနှစ်လုံးကိုပင် ဆွဲဖြုတ်မိလုမတတ်ဖြစ်သွားသည်။ သူ နှစ်စက္ကန့်ခန့် စွံ့အသွားပြီးသည့်နောက်တွင် ဖူလီ့ကို ဆေးလုံးများ ပြန်သိမ်းထားခိုင်းလိုက်သည်။

" ငါတို့ ဒီတိုင်းလည်း အဆင်ပြေပါတယ် ဟွင်းယွမ်ဆေးလုံးတွေသုံးမယ်ဆိုရင် ဘယ်တရားတော့မှာလဲ..."

" အိုး ဟုတ်သား..."

တစ်ဖက်သို့လှည့်လိုက်သည့်အခါ ဆံပင်ကို ပြင်ဆင်ပေးထားသည့် အမျိုးသမီးမိစ္ဆာက သူ့လက်ထဲမှ ဟွင်းယွမ်ဆေးလုံးများကို အရောင်တလက်လက်တောက်ပနေသည့် မျက်လုံးများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။

" ဒါကို သဘောကျလို့လား ယူထားလိုက်လေ..."

" ကျေးဇူးတင်ပါတယ် လူကြီးမင်းဖူလီ..."

သူမက ပျော်ရွှင်မှုကိုပင် မထိန်းချုပ်ထားနိုင်တော့ဘဲ ဟွင်းယွမ်ဆေးလုံးများကို ရတနာသဖွယ်တန်ဖိုးထား၍ ယူသွားသည်။

မည်သည့်အမျိုးသမီးကမှ အလှတရား၏ ဆွဲဆောင်မှုကို မတွန်းလှန်နိုင်သကဲ့သို့ အမျိုးသမီးမိစ္ဆာများလည်း ထိုနည်းတူပင်ဖြစ်သည်။

ဆိုဖာပေါ်ထိုင်နေသည့် ချူးယွီ၏ မျက်နှာထက်တွင် အလွန်အမင်းအံ့ဩနေသည့် အမူအရာတစ်ခု ရှိနေသည်။ အမှန်တွင် ဘော့စ်က ဖူလီ့ကို ပရဟိတပွဲသို့ ခေါ်သွားပြီး ကောဇောနီကို တူတူလျှောက်မည့်အကြောင်း ကြားလိုက်ရချိန်တည်းက အံ့ဩနေပြီး ဖြစ်သည်။ ဘော့စ်က ဖူလီ့အဝတ်အစားများကို သူကိုယ်တိုင် ဝတ်ဆင်ပေးနေသည့်အပြင် သူတို့နှစ်ယောက်လုံး၏ ဝတ်စုံများက အလွန်အမင်း ဆင်တူဖြစ်နေသည်ကို မြင်လိုက်ရသောအခါ သူ အံ့ဩတကြီးဖြစ်သွားရသည်။