အပိုင်း ၁၁၈
Viewers 16k

🐰Chapter 118🐉
ကော်ဇောနီ


တစ်စုံတစ်ရာက ထူးဆန်းနေသည်ကို သူ ခံစားမိပေသည်။ သူက ဘော့စ်၏ အနားတွင် နှစ်ပေါင်းများစွာနေလာခဲ့သူဖြစ်သော်လည်း ဘော့စ်က အခြားလူတစ်ယောက်ကို အင်္ကျီကူဝတ်ပေးတတ်သည့် အကျင့်ရှိကြောင်းမသိခဲ့ပေ။

ဖူကောက ဒီဝတ်စုံတွေ ဝတ်လိုက်ပြီးတော့ လူချမ်းသာမိသားစုရဲ့ သခင်လေးနဲ့တောင် ‌တူသွားသေးတယ် ဒါပေမဲ့...ဘယ်ကုမ္ပဏီဥက္ကဌက ကောဇောနီကို လျှောက်မယ်ဆိုရင် သူ့လက်ထောက်ကိုပါ ခေါ်သွားဖူးလို့လဲ... လူသားလောကမှာဆိုရင် ဒါက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စမျိုး မဟုတ်ဘူးလေ... ပြီးတော့ ဒီညနေခင်းပါတီက အရမ်းအရေးကြီးလို့ သူတို့က အဝတ်အစားကောင်းတွေဝတ်ပြီး ကော်ဇောနီကိုလျှောက်မှ ကုမ္ပဏီကို နာမည်ကြီးလာအောင် လုပ်ပေးရာ ရောက်မယ်တဲ့လား... သူ ဘယ်လိုတောင် အခြေအမြစ်မရှိတာတွေ ပြောနေတာလဲ...

အဲ့လောက်တောင် အရေးကြီးတယ်ဆိုရင် ဘာလို့ အရင်နှစ်တွေက ဘော့စ်ကိုယ်တိုင် မတက်တာလဲ...

ဘော့စ်က ဖူလီ့ကို နာရီပတ်ပေးနေသည့် မြင်ကွင်းကိုကြည့်ပြီး ချူးယွီ့စိတ်ထဲတွင် အလွန်ထိတ်လန့်စရာကောင်းသည့် လျှို့ဝှက်ချက်တစ်ခုကို သိရှိသွားပုံရသည်။

သူတို့ ဗီလာထဲမှ ထွက်လာသည့်အခါ ဖူလီက အရှေ့တည့်တည့်မှ ဇိမ်ခံမှန်လုံကားရှည်ကြီးကိုကြည့်ပြီး အံ့ဩတကြီးဖြင့် ပြောလိုက်သည်။

" မြို့တော်ကလမ်းတွေက အရမ်းကျပ်တာလေ ဒီလိုကားအရှည်ပြီးကိုမောင်းဖို့ အဆင်မပြေလောက်ဘူးထင်တယ်..."

လူအများက ထိုသို့သော ကားအရှည်ကြီးကို တွေ့သည်နှင့် အနားတွင် စုဝေး‌မလာတတ်ကြောင်း ချူးယွီက ပြောပြချင်နေသည်။

သို့သော် ကျွမ်းချင်က ရုပ်တည်ကြီးဖြင့် ခေါင်းညိတ်ပြလိုက်သည်။

" တကယ်် အဆင်မပြေဘူးလေ... အဲ့တော့ ငါတို့ စောစောထွက်ဖို့လိုတယ်..."

သူက ချူးယွီဘက်ကို လှည့်လိုက်သည်။
" ကားကိုဖြည်းဖြည်းမောင်းလာခဲ့လိုက်..."

ချူးယွီက ချက်ချင်းပြုံးပြလိုက်သည်။
" ကျွန်တော် သိပါပြီ..."

ကား၏အတွင်းပိုင်းက အလွန်ကျယ်ဝန်းလှသည်။ အတွင်းထဲတွင် လိုအပ်သမျှပစ္စည်းများရှိနေပြီး လှဲအိပ်နေမည်ဆိုပါကလည်း ပြဿနာမရှိပေ။ သို့ရာတွင် ဖူလီက အသားမကျနိုင်အောင် ဖြစ်နေသည်။ အဘယ့်ကြောင့်ဆိုသော် ဤကားပေါ်တွင် ကျွမ်းချင်နှစ်သက်သည့် အရောင်တလက်လက်တောက်နေသည့် ပစ္စည်းများ မရှိသောကြောင့်ပင်။ စိန်တုံးများသာမက ဖန်ပုတီးလုံးများလည်း မရှိပေ။

ကျွမ်းချင်က ဖူလီ၏ အတွေးများကို သဘောပေါက်သကဲ့သို့ ပြောလိုက်သည်။
" ငါ ဒီကားကို သိပ်မသုံးဖြစ်ဘူးလေ..."

ဖူလီက နားလည်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

" အထဲမှာတော့ တော်တော်လေး ရိုးရှင်းသားပဲ..."

ထိုစကားများကိုကြားသည့်အခါ ယာဉ်မောင်းနေရာမှ ချူးယွီက ဘော့စ်နှင့်ဖူကောက အနုပညာပစ္စည်းများနှင့် သက်ဆိုင်ပါက အကြိုက်တူကြောင်း ခံစားလိုက်ရသည်။

ပရဟိတပါတီပွဲတွင် တလက်လက်တောက်ပပြီး စွဲမက်ဖွယ်ကောင်းသည့် အဝတ်အစားများကို ဝတ်လာကြသူများဖြင့် ပြည့်နေသည်။ မကြာခဏပင် ဇိမ်ခံကားများစွာက ဟိုတယ်ဝင်ပေါက်တွင် လာရပ်သည်ကိုလည်း မြင်နိုင်သည်။ မရေမတွက်နိုင်သော ကင်မရာမှန်ဘီလူးများ၏အောက်တွင် ကားတံခါးက ပွင့်လာပြီး နာမည်ကြီးအချို့ကလည်း ဆင်းလာကြသည်။

မြို့တော်၏ အောက်တိုဘာညမှာ အလွန်အမင်းချမ်းအေးလှသော်လည်း ပိုးသားကဲ့သို့ နူးညံသည့် ညနေခင်းဝတ်စုံများဖြင့် အမျိုးသမီးအနုပညာရှင်များက အပြုံးကိုယ်စီ ဆင်မြန်းထားကြသည်။ သူတို့က ကင်မရာများကို ဖြတ်လျှောက်သွားကြပြီး အရှေ့မှ ဆိုင်းဘုတ်တွင် သူတို့နာမည်များ ရေးထိုးသွားကြသည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှု့နေကြသော အင်တာနက် အသုံးပြုသူများက အနုပညာရှင်များ၏ ပုံပန်းသွင်ပြင်များကို ဝေဖန်နေကြသည်။ အောင်မြင်နေသည့် စီးပွားရေးလုပ်ငန်းရှင်များက သူတို့ကို ဆွဲဆောင်နိုင်သည့်အထိ ကြည့်မကောင်းကြသည့်အတွက် သူတို့ကိုမူ အနည်းငယ်သာ ဝေဖန်ကြသည်။ သူတို့ အများဆုံးပြောကြသည်မှာ ထိုလူက မည်မျှချမ်းသာသည်၊ မည်သည့်ကုမ္ပဏီနှင့် ပူးပေါင်းထားသည်၊ မည်သူနှင့်မည်သူက စုံတွဲများဖြစ်ပြီး ဆက်ဆံရေးက မည်သို့ဖြစ်ကြသည် ထိုမျှသာဖြစ်သည်။

အနုပညာရှင်များ၏ ပရိသတ်များက တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ပြီး အလုပ်များနေကြသည်။ သေသေချာချာ မပြင်ဆင်လာခဲ့သည့် အနုပညာရှင်တိုင်းကို လူအနည်းစုက ပြက်ရယ်ပြုနေကြသည်။

အင်တာနက်အသုံးပြုသူ A: ပွဲကိုလာတဲ့သူတွေကို ပြနေတာတောင် ပြီးတော့မယ်... ငါတို့တွေ ချန်လုံကုမ္ပဏီရဲ့ ကိုယ်စားတက်တဲ့သူကိုလည်း မမြင်ရသေးပါလား... ဒါမှမဟုတ် ချန်လုံက ဒီနှစ်မတက်တာများလား...

အင်တာနက်အသုံးပြုသူ B: မဟုတ်ဘူးထင်တယ် ချန်လုံက ငါတို့ဒေသရဲ့ လုပ်ငန်းစုကြီးလေ... ပရဟိတနဲ့ဆိုင်ရင် သူတို့က တစ်ခါမှ လက်မနှေးဘူးနော်... ဒီနှစ်ထဲမှာတင် သူတို့ ပရဟိတအတွက် သုံးထားတဲ့ ငွေပမာဏက တကယ်ကို လန့်စရာကြီး...

အင်တာနက်အသုံးပြုသူ C: ချန်လုံက ပရဟိတမှာ အားတက်သရော ပါဝင်တယ်ဆိုတာ တစ်နိုင်ငံလုံးသိကြတာပဲ... တစ်ဖက်က ဒီပရဟိတပွဲကို သူတို့ထက်နိမ့်တယ်ထင်လို့ မလာချင်တာများလား...

အင်တာနက်အသုံးပြုသူ D: အပေါ်ကကောင် စကားကိုဆင်ဆင်ခြင်ခြင်ပြောနော်... ဒီထပ်ပိုဆိုးတာတွေ ထပ်မပြောရင် ကောင်းမယ်လို့ ငါအကြံပေးလိုက်မယ် ဖျော်ဖြေရေးနယ်ပယ်ထဲက အမှောင်ချတဲ့နည်းလမ်းတွေ ချန်လုံအပေါ်ကို လာမသုံးနဲ့... မင်းရဲ့အိုင်ဒေါကို ဒုက္ခရောက်အောင်လုပ်မိမှ နောင်တရနေမယ်...

ချန်လုံက အလွန်အမင်းကြီးမားကျယ်ပြန့်သောကုမ္ပဏီတစ်ခုဖြစ်၍ ဒေသခံစီးပွားရေးကို ထောက်ပံ့ပေးနေသည့် ကျောက်တိုင်တစ်ခုဟု သတ်မှတ်နိုင်ပေသည်။ သူတို့က ဤနိုင်ငံထဲတွင် လွန်ခဲ့သော နှစ်တစ်ရာကျော်တည်းက တည်ရှိခဲ့သော ကုမ္ပဏီတစ်ခုဟုလည်း ဆိုကြသည်။ ကုမ္ပဏီပိုင်ရှင်က သိုသိပ်စွာနေလွန်းသောကြောင့်သာ သာမန်ပြည်သူများ၏ မျက်လုံးထဲတွင် သိသာထင်ရှားမှုရှိမနေခြင်းဖြစ်သည်။

ဒါပေမဲ့ သူတို့ ဒီ‌အကြောင်းကို သေချာဆွေးနွေးရမယ်ဆိုရင် အခုချိန်ထိ ပွဲတက်လာတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ချန်လုံကို ဘယ်သူမှ မကျော်နိုင်ဘူးပဲ...

....

ဇိမ်ခံကားရှည်ကြီးတစ်စီးက ပွဲကျင်းပရာနေရာ၏ အပြင်ဘက်တွင် ရပ်လိုက်ချိန်၌ ထိုနေရာမှ သတင်းထောက်များကို ကားကို အဆက်မပြတ် ဓာတ်ပုံရိုက်ကြတော့သည်။ ကားတံခါးပွင့်လာပြီးသည့်နောက်တွင် အလွန်ချောမောခံ့ညားသည့် ယောကျာ်းသားတစ်ယောက် ကားပေါ်မှ ဆင်းလာသည်။ သူ အပြင်ရောက်လာသည်နှင့်အတူ ကင်မရာသံတဖျတ်ဖျတ်က ပိုမိုပြင်းထန်လာသည်။

ထိုအမျိုးသား ဆင်းလာပြီးသည့်နောက်တွင် မြင့်မြတ်သည့်မျိုးနွယ်တစ်ယောက်၏ အရှိန်အဝါမျိုးရှိသော ကျက်သရေရှိသည့် လူငယ်လေးတစ်ယောက်ကလည်း ကားပေါ်မှ ဆင်းလာသည်။ သူ၏ဝတ်စုံပေါ်မှ စိန်ရင်ထိုးက ကင်မရာမီးရောင်များအောက်တွင် အရောင်လက်သွားပြီး မျက်စိကျိန်းလုမတတ်အလင်းရောင်ကို ဖြစ်ပေါ်လာစေသည်။

ကွန်ပျူတာဖန်သားပြင်ကို ကြည့်ရှု့နေကြသည့် အင်တာနက်အသုံးပြုသူများအားလုံးမှာ မျက်လုံးအိမ်ကို ဖန်သားပြင်နှင့် ကပ်ထားမိမတတ်ဖြစ်ကုန်သည်။

အိုင်ဒေါလား မင်းသားလား... တခြားယောက်ျားတွေတောင် သူတို့နဲ့ယှဉ်ရင် အရောင်မထွက်တော့သလိုပဲ...

ဘယ်လိုရှု့ထောင့်ကနေကြည့်ကြည့်ကို ချောနေတဲ့ ကောင်လေးတွေပါလား... သူတို့က အရမ်းခံ့ညားတာပဲ...


ဖူလီ ဤသို့သောပွဲမျိုးကို တက်ရောက်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူ ကားထဲမှ ထွက်လိုက်သည်နှင့် တဖျတ်ဖျတ်အသံများစွာကို အဆက်မပြတ်ကြားလိုက်ရသည်။ မိစ္ဆာတစ်ကောင်၏ ပုံမှန်မဟုတ်သည့် အရည်အချင်းကြောင့်သာ မဟုတ်ပါက တလက်လက်တောက်နေသည့် အလင်းရောင်များကြောင့် မျက်လုံးဖွင့်နိုင်မည် မဟုတ်ပေ။

ကျွမ်းချင်က ဖူလီကို လှည့်ကြည့်လိုက်သည်။ သူက ဘေးနားမှရပ်ပြီး ဖူလီ့ကို အလင်းရောင်များမှ ကွယ်ပေးလိုက်သည်။ အလင်းရောင်များနှင့် အနည်းငယ် အသားကျသွားချိန်ကို စောင့်ဆိုင်းပေးနေပြီးမှ ဘေးချင်းယှဉ်ပြီး ကော်ဇောနီထက်ကို တူတူသွားလိုက်သည်။

ကော်ဇောနီက အလွန်ရှည်လျားပြီး ကျယ်ပြန့်လှသည်။ တန်းများဖြင့်ကာထားသည့် ဘေးနှစ်ဖက်လုံးတွင် ဒေါသခံနှင့် အပြည်ပြည်ဆိုင်ရာမီဒီယာများမှ သတင်းထောက်များဖြင့် ပြည့်နေသည်။ 

အဝေးတစ်နေရာတွင်မူ လက်မှတ်ဝယ်ထားသည့် ပရိသတ်များ ရှိနေသည်။  သူတို့က LEDဆိုင်းဘုတ်များမြှောက်ပြီး သူတို့နှစ်သက်သဘောကျသည့် အိုင်ဒေါများကို promote ပေးနေသည်မှာ လွန်ခဲ့သော နှစ်ရာပေါင်းများစွာခန့်က နတ်ဘုရားများကို ကိုးကွယ်သူများထက်ပင် ယုံကြည်ချက်ပိုမိုပြင်းထန်နေသည်။

ဖူလီနှင့် ကျွမ်းချင်က ဖျော်ဖြေရေးနယ်ပယ်မှ မဟုတ်သော်လည်း သူတို့၏ ရုပ်ရည်သွင်ပြင်ကြောင့် မိန်းကလေးအချို့ထံမှ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သံများ စီခနဲထွက်လာသည်။ အကြောင်းပြချက်မှာမူ သူတို့၏ အချိုးအစားကျနသော ခန္ဓာကိုယ်များမှာ golden ratio အတိုင်း အချိုးကျနေသောကြောင့်ပင်။ သူတို့နှစ်ယောက်လုံး၏ ရုပ်ရည်သွင်ပြင်က တစ်မျိုးစီကြည့်ကောင်းနေသည်။ အမှန်တွင် အမျိုးသမီးများအတွက်မူ ကျွမ်းချင်၏ မျက်နှာက ငြင်းဆန်နိုင်ဖွယ်ရာ စကားလုံး ရှာမရသည်အထိ ချောမောလွန်းနေသည်။

" အခုလက်ရှိ ကျွန်တော်တို့ဆီကို ကြွရောက်လာတဲ့ အထူးဧည့်သည်တော် နှစ်ယောက်ကတော့ ချန်လုံဇီဝနည်းပညာကုမ္ပဏီရဲ့ ဥက္ကဌ လူကြီးမင်းကျွမ်းချင်နဲ့  အထူးလက်ထောက် လူကြီးမင်းဖူလီတို့ပါ..."

ပွဲစီစဉ်သူက  ချန်လုံဘက်မှ လှူဒါန်းခဲ့သည့်  ယာဉ်များပစ္စည်းကိရိယာများနှင့် ငွေကြေးပမာဏများစွာကို တက်တက်ကြွကြွဖြင့် ချီးမွမ်းပြောဆိုပြီး ကြေညာနေသည်။ ကင်မရာသံတဖျတ်ဖျတ်က ပိုမိုကျယ်လောင်လာသည်။

ကြွယ်ဝချမ်းသာ၍ ချောမောခံ့ညားကာ ငယ်ရွယ်သည့်လူများက အမှန်ပင် ရှားပါးလှသည့် ရတနာများဖြစ်သည်။ အကင်းပါးသော သတင်းထောက်များက ထိုသို့ချောမောခံ့ညားသည့် စီးပွားရေးလုပ်ငန်းရှင်များကို အကြောင်းပြုပြီး ဆယ်မျက်နှာခန့်ရှိသည့် သတင်းများကို ချဲ့ကားရေးတတ်သောကြောင့် ဤကဲ့သို့သော ရှားရှားပါးပါး အခွင့်အရေးကို လက်လွှတ်မခံနိုင်ကြပေ။

ဖြေရှင်းရန်ခက်ခဲသည့် ကိစ္စတစ်ခုမှာ ဤငယ်ရွယ်ခံ့ညားသော ကုမ္ပဏီဥက္ကဌက သမားရိုးကျနည်းလမ်းအတိုင်း မသွားခြင်းကိုပင်။ သူက အမျိုးသမီးပါတနာတစ်ယောက်ကို မခေါ်လာရုံသာမက သူနှင့်အတူ ကော်ဇောနီတွင်လျှောက်ရန် အထူးလက်ထောက်ကို ခေါ်လာသည်။ ဤအကြောင်းကို အမှီပြုပြီး သတင်းခေါင်းစဉ်များစွာ ရေးနိုင်ပေသည်။

ဘေးနားမှ စူးစူးရဲရဲအော်သံများကိုကြားလိုက်ရသည့်အခါ ဖူလီက အပြုံးမျက်နှာလေးကို ထိန်းထားလိုက်ပြီးနောက် ကျွမ်းချင်ကို တီးတိုးပြောလိုက်သည်။

" ဒီလူသားတွေက တော်တော်လေးတော့ စိတ်ထားကောင်းသားပဲ ငါတို့ နေရခက်နေမှာစိုးလို့ အနေအထားကို အဆင်ပြေအောင် လုပ်ပေးနေတယ်..."

ဖူလီ၏ နှုတ်ခမ်းထောင့်က စိုစွတ်နေသည်ကိုကြည့်ပြီး ကျွမ်းချင်က ဤယုန်လေးကို လူသားများနှင့် အကြိုက်တူအောင် နေခွင့်မပြုသင့်ဟု တွေးလိုက်မိသည်။ ထိုအတွေးကြောင့် သူပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။

" အင်း ဒီလူသားတွေက တော်တော်လေး ဖော်ရွေတတ်တာပဲ..."

ဖူလီ၏ မျက်နှာထက်မှ အပြုံးက နှစ်ဆခန့် ပိုမိုတောက်ပသွားသည်။

" ဥက္ကဌကြီး လက်ထောက်လူကြီးမင်းနဲ့ ဓာတ်ပုံတူတူတွဲရိုက်ဖို့ ကျေးဇူးပြုပြီး ခဏရပ်ပေးပါလား..."
သတ္တိရှိသော သတင်းထောက်တစ်ယောက်က အော်ပြောလိုက်သည်။

ကျွမ်းချင်က ဆတ်ခနဲရပ်တန့်သွားပြီးနောက် သဘာဝကျကျဖြင့် ဖူလီ့ပခုံးပေါ် လက်တင်ထားလိုက်သည်။ ခဏရပ်ပေးလိုက်ပြီးနောက် ထိုနေရာနားမှ သတင်းထောက်များကို ဓာတ်ပုံရိုက်ပေးခွင့် ပြုလိုက်လေသည်။

တသီတးခြားဆန်ပြီး ဟိတ်ဟန်ကြီးသော ချန်လုံ၏ ဥက္ကဌက ဤမျှအထိ ပူးပေါင်းဆောင်ရွက်ပေးလိမ့်မည်ဟု သတင်းထောက်များက မမျှော်လင့်ထားကြ၍ ဓာတ်ပုံရိုက်နေချိန်မှာပင် သူတို့လက်များက တုန်ယင်နေသည်။ သူတို့၏ လုပ်ငန်းကျွမ်းကျင်မှုဖြင့် ထိန်းသိမ်းထားသောကြောင့်သာ စိတ်ဝင်စားစရာကောင်းသည့် ဓာတ်ပုံအချို့ကို ရိုက်ကူးနိုင်ခဲ့သည်။

ဥပမာအားဖြင့် ဥက္ကဌကျွမ်းနှင့် လက်ထောက်ဖူတို့ တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြသည့်ပုံများ၊ ဥက္ကဌကျွမ်းက လက်ထောက်ဖူကို မျက်လုံးစူးမည်စိုး၍ အလင်းကာပေးထားသည့်ပုံများ စသည်တို့ဖြစ်သည်။ ထိုပုံများကို အမှီပြုပြီး ရေးသားနိုင်သော သတင်းခေါင်းစဉ်များစွာ ရှိပေသည်။

ထိုနေရာမှ သတင်းထောက်များက စိတ်လှုပ်ရှားနေကြစဉ်တွင် အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြသော အင်တာနက်အသုံးပြုသူများက ကောင်းကင်ကြီးကိုပင် ပြောင်းပြန်လှန်လိုက်သည်မှာ ကြာပြီဖြစ်သည်။

အင်တာနက်အသုံးပြုသူ 1: ဘုရားရေ... ‌‌ဒါက ချန်လုံကုမ္ပဏီရဲ့ ဥက္ကဌတဲ့လားးး... သူ့ကိုကြည့်ရတာ အသက်၃၀လောက်ပဲ ရှိဦးမယ်ထင်တယ်... ဒီအစ်မကြီးက ဒီနှစ်ဆိုရင် ၃၁နှစ်တောင်ပြည့်တော့မှာကို ချန်လုံက skincareတစ် setဝယ်နိုင်ဖို့ကို ပိုက်ဆံချွေတာနေရတုန်းပဲ... တစ်ဖက်က ဘော့စ်က ငါ့ထက်တောင် ငယ်နေသေးတယ်... မျက်နှာငယ်လွန်းလို့ ဘယ်လိုအသက်ရှင်ရမလဲတောင် မသိတော့ဘူး...

အင်တာနက်အသုံးပြုသူ 2: ဒါကလေ ဒါရိုက်တာက ပုံသွင်းထားတဲ့အတိုင်း လုံးဝကို ပြီးပြည့်စုံလွန်းတဲ့ ဇာတ်ကောင်တစ်ခုလိုမျိုးပဲ... ချောတယ်၊ ချမ်းသာတယ်၊ အသက်ကလည်း ငယ်ငယ်လေး... ဒီလိုမျက်နှာလေးကိုသာ ကြည့်ရမယ်ဆိုရင် နေ့တိုင်း ထမင်းသုံးပန်းကန်ထက်ပိုပြီး စားဝင်နေပါပြီ... လောကကြီးထဲမှာ ဘာလို့ ဒီလောက်ချောပြီး ချမ်းသာရတဲ့လူမျိုးရှိရသေးတာလဲ... လုံးဝကို သိပ္ပံနည်းမကျဘူး...

အင်တာနက်အသုံးပြုသူ 3: အပေါ်ကတစ်ယောက်ရေ အရမ်းတွေ စိတ်လှုပ်ရှားမနေပါနဲ့... ငါ့ရဲ့ အလိုလိုသိတဲ့ မျက်လုံးတွေက ပြောနိုင်တာ တစ်ခုကတော့ ဒီရုပ်ချောချောနဲ့ ချမ်းသာတဲ့ ဥက္ကဌနဲ့ သူ့လက်ထောက်ကြားမှာ ထုတ်ပြောလို့မရတဲ့ ဂေးအချစ်ဇာတ်လမ်းလေးတစ်ပု‌ဒ်တော့ ကျိန်းသေပေါက်ရှိနေတယ်...

အင်တာနက်အသုံးပြုသူ 4: သူ့လက်ထောက်ကလည်း အရမ်းချောတာပဲ... အဲဒီခါးလေး ခြေထောက်လေးနဲ့ မျက်နှာလှလှလေး... ငါသူ့ကို အိပ်ရာပေါ်တောင် တင်ပစ်ချင်တယ်...

အင်တာနက်အသုံးပြုသူ 5: သူတို့က ကော်ဇောနီကိုပဲ လျှောက်လာတယ်ဆိုပေမယ့် ငါဘာလို့ မင်္ဂလာခန်းမ‌ထဲ ရောက်လာသလိုမျိုး စိတ်လှုပ်ရှားနေမိတာလဲ မသိတော့ဘူး... ငါ အပြစ်ကြီးသွားပြီထင်ပါတယ် ဖန်သားပြင်ကို လျှာနဲ့လျက်ပြီး ပြန်သုံးသပ်ပါ့မယ်...

ကော်ဇောနီက ဆယ်မီတာခန့်သာ ရှည်ခြင်းဖြစ်ပြီး ဖူလီနှင့် ကျွမ်းချင်ကလည်း နှေးကွေးစွာ လျှောက်နေကြခြင်း မဟုတ်ပေ။ သို့ရာတွင် သတင်းထောက်အားလုံး၏အာရုံက သူတို့အပေါ်တွင်သာရှိပြီး သူတို့နှစ်ယောက်၏ အသေးစိတ်ဓာတ်ပုံများကို ထပ်မံရိုက်ကူးလိုသောကြောင့် ထိုနှစ်ယောက်ကို လမ်းမြန်မြန်လျှောက်နေသည်ဟုတွေးနေကြသည်။

သူတို့၏ အဝတ်အစား၊ အသုံးအဆောင်၊ နာရီနှင့် ဖိနပ်များကို ဓာတ်ပုံရိုက်ပြီး တံဆိပ်များအတည်ပြုရန် သူတို့၏ ကုမ္ပဏီများသို့ ပြန်ပေးပို့ထားသည်။ အကယ်၍ ဥက္ကဌနှင့် သူ့လက်ထောက်က အရာအားလုံးတွင် နာမည်ကြီးတံဆိပ်တစ်ခုတည်းကို အသုံးပြုသည်ဆိုပါက ပြောစရာအကြောင်းများ ဤထက်ပိုများလာနိုင်သည်။

ရှဲဝေ့လုံက လမ်းတွင် ယာဉ်ကြောပိတ်ဆို့သည်ကို ကြုံလိုက်ရသေးသည်။ ခက်ခက်ခဲခဲနှင့် ပွဲကျင်းပရာနေရာသို့ ရောက်လာပြီးသည့်နောက်တွင် အတွင်းဘက်၌ တီးတိုးပြောနေသံများစွာကို ကြားလိုက်ရသည်။ ရှဲဝေ့လုံ၏ မန်နေဂျာကလည်း မျက်နှာမကောင်းပေ။

သူတို့ရှေ့မှာ နာမည်ကြီးတစ်ယောက်ယောက် အရင်ရောက်လာလို့များလား...

သူ့စိတ်ထဲတွင် အနည်းငယ်နောင်တရသွားမိသည်။ ထိုသို့ဖြစ်မည်ကို သိပါက သူ စောစောထွက်လာခဲ့မည်ဖြစ်သည်။ သူက ပရိသတ်၏အာရုံစိုက်မှုကို မလုယူရဲသော်လည်း နာမည်ကြီးတစ်ယောက်၏နောက်တွင် မနေလိုပေ။ သို့ရာတွင် မီဒီယာများ၏အာရုံက ထိုနာမည်ကြီးများထံတွင် ရောက်သွားပြီဖြစ်၍ သူတို့နောက်မှ ရောက်လာသူက အလိုလိုမြုပ်သွားမည်မှာ သဘာဝဖြစ်သည်။

သူတို့ရှေ့မှ ဝန်ထမ်းတစ်ယောက်က နေရာချပေးရသူဖြစ်၍ သူတို့ကားကို ဝင်လာရန် အချက်ပြလိုက်သည်။ ၎င်းကိုမြင်သည့်အခါ မန်နေဂျာက တီးတိုးပြောလိုက်သည်။

" ဝေ့လုံ မင်း ခဏနေရင် စိတ်မလှုပ်ရှားနဲ့နော်... မင်းက ကျက်သရေရှိရှိ နေရမယ်ဆိုတာကို မှတ်ထား... မင်းရဲ့ ဝတ်စုံကိုလည်း နာမည်ကြီးတံဆိပ်တစ်ခုက စပွန်ဆာပေးထားတာပဲ... စင်ကြောက်နေတဲ့ပုံစံ ဖြစ်လို့မရဘူး..."

ရှဲဝေ့လုံက တည်ကြည်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

သို့ရာတွင် သူ ကားပေါ်မှ ဆင်းလာချိန်၌ ကော်ဇောနီ၏ လမ်းတစ်ဝက်ခန့်တွင် လျှောက်နေသည့်လူနှစ်ယောက်ကို မြင်လိုက်ရ၍ သူ့ခြေထောက်များ ခွေယိုင်ပြီး လဲကျလုမတတ် ဖြစ်သွားရသည်။

ဘုရားရေ ‌ယောင်လောကရဲ့ဘော့စ်က ဘာကိစ္စ ဒီနေရာကို ရောက်နေတာလဲ... ခုနက ဆူညံပွက်လောရိုက်နေတာ သူတို့နှစ်ယောက်ကြောင့်လား...
ကျွမ်းချင်နှင့် ဖူလီ၏ လူသားသွင်ပြင်များကို တွေးလိုက်မိသောအခါ ရှဲဝေ့လုံက အသက်ပြင်းပြင်းရှုပြီး စိတ်ထိန်းထားလိုက်သည်။

သူတို့နှစ်ယောက်က ဖျော်ဖြေရေးနယ်ပယ်ထဲမှာ အလုပ်လုပ်ပြီး အသက်မမွေးကြတာ တော်သေးတယ် မဟုတ်ရင် ဘယ်လောက်တောင် လူမုန်းခံရမလဲ မသိဘူး...

ကျင့်ကြံသူတစ်ယောက်က သူတို့၏နာမည်အစစ်ကို လက်မှတ်ထိုးလိုက်မည်ဆိုပါက စာချုပ်ဆန်သည့် သက်ရောက်မှုအချို့ရှိသွားနိုင်သည်။ သို့ဖြစ်၍ ကျင့်ကြံသူများက သူတို့နာမည်ကို ပွဲတစ်ခုခုတွင် လက်မှတ်ထိုးရမည်ဆိုပါက စုတ်ချက်တစ်ချက်စာ သို့မဟုတ် အစက်တစ်စက်ကို တမင်ချန်ထားခဲ့တတ်ကြသည်။

ဖူလီက တရုတ်simplifiedစာလုံးများကို ကောင်းကောင်းမရေးတတ်သေးသော်လည်း သူ့နာမည်ကို ပြီးပြည့်စုံစွာ ရေးတတ်အောင် လေ့ကျင့်ထားသည်။ သူ့ဘောပင်ကိုထုတ်ပြီး နာမည်ကို ချောမွတ်စွာ ရေးလိုက်ပေသည်။ ကျွမ်းချင်က ဖူလီ့နာမည်ကို တစ်ချက်ကြည့်ပြီးနောက် ရွှေရောင်ဘောပင်ကိုသုံးပြီး သူ့နာမည်ကို ဘယ်ဘက်တွင် လက်မှတ်ထိုးလိုက်သည်။

သူတို့နှစ်ယောက်၏ နာမည်များက သဘာဝကျကျ ပူးကပ်နေသကဲ့သို့ပင် ဘေးချင်းယှဉ်နေပေသည်။