🐰Chapter 119🐉
ထိုအချိန်တွင် ကင်မရာသမားတစ်ယောက်က သူတို့နှစ်ယောက်၏ လက်မှတ်များကို အနီးကပ်ရိုက်ပြလိုက်၍ အတင်းအဖျင်းသတင်းလိုင်းများနှင့် စာချုပ်ချုပ်လိုက်သည့်သဖွယ် ဖြစ်သွားသည်။ သို့ဖြစ်၍ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော အင်တာနက်သုံးသူများက နောက်တစ်ဖန် စီခနဲအော်ဟစ်လိုက်မိကြပြန်သည်။ ဆက်တိုက်ဖြစ်ပေါ်နေသည့် မရေရာ မပြတ်သားမှုများက စိတ်ကူးယဉ်ဆန်လွန်းလှသည်။
ကျွမ်းချင်က ဖူလီ့ထံမှ ဘောပင်ကိုလှမ်းယူပြီး ဗန်းထဲ ပြန်ထည့်ထားလိုက်သည်။ သူ တစ်ဖက်ပြန်လှည့်ပြီး ဖူလီ့နောက်ကျောတွင် လက်တင်ကာ သူနှင့်အတူ လှေကားထစ်များရှိရာသို့ လျှောက်လာသည်။
ဖူလီက သူ့နောက်ကျောမှ နွေးထွေးသည့်လက်တစ်ဖက်ကို ခံစားလိုက်ရ၍ ကျွမ်းချင်ကို တစ်ချက်ပြုံးပြလိုက်သည်။
နဂါးလေးကျွမ်းက အပြောကြမ်းပေမယ့် စိတ်ထားတော့ နူးညံ့သားပဲ... ကျွမ်းချင်က ကားပေါ်မှာတုန်းကတော့ သူ့ကို ချန်လုံကုမ္ပဏီ အရှက်ရအောင် ဘာမှမလုပ်နဲ့ဆိုပြီး ဒီ မရင်းနှီးတဲ့ ပတ်ဝန်းကျင်နဲ့ အသားမကျသေးတဲ့သူ့ကို ဘယ်သွားသွားစောင့်ရှောက်ပေးနေတာပဲ...
လောကကြီးမှာ ဒီလို ကိုးရို့ကားယားနိုင်တဲ့ နဂါးတစ်ကောင်ရှိသေးတာလား... ဒါပေမဲ့လည်း သူက တော်တော်လေး ချစ်စရာကောင်းပါတယ်...
အင်တာနက်အသုံးပြုသူ 1: အားးး... ငါ့ရဲ့ အပျိုစင်နှလုံးသားလေးတောင် ပြန်ရှင်သန်လာသလိုပဲ... ဥက္ကဌကျွမ်းက သူ့လက်ထောက်လေးကို တစ်ချိန်လုံး အရိပ်တကြည့်ကြည့် ဖြစ်နေတာပဲ... သူ့အစား ဘောပင်ကိုပြန်ထားပေးပြီး လှေကားထစ်က ဆင်းတဲ့အချိန်မှာလည်း ကျောပေါ် လက်တင်ပြီး ထိန်းထားပေးသေးတယ်... တကယ်ကိုပဲ ခွေးစာတွေစားရလို့ သေပါပြီ သေပြီ...
အင်တာနက်အသုံးပြုသူ 2: လက်ထောက်လေးရဲ့အပြုံးက တော်တော်လေး ချိုသာတာပဲ... ဥက္ကဌကျွမ်းဘက်ကိုလှည့်ပြီး ပြုံးပြလိုက်တဲ့အချိန် သူ့အပြုံးလေးက ချိုသာလွန်းလို့ အသက်ရှုတောင်မှားလောက်တယ်... ငါသာ ဥက္ကဌကျွမ်းဆိုရင်လည်း သူ့ကို အရမ်းအလိုလိုက်ပေးမိမှာပဲ... ရွှေတောင်ကြီးဖြစ်ဖြစ် ငွေပင်လယ်ကြီးဖြစ်ဖြစ် သူ့ကို အားလုံးပေးပစ်မှာ...
အင်တာနက်အသုံးပြုသူ 3: ငါတော့ သေပါပြီ... ငါလို ရည်းစားမရှိ တစ်ကိုယ်တည်းနေရတဲ့လူတောင်မှ သူတို့ကြားက အပြုအမူလေးတွေက အရမ်းချစ်စရာကောင်းတယ်လို့ ထင်မိတယ် ငါ့ဦးနှောက်ကတော့ တစ်ခုခုဖြစ်နေပြီထင်တယ်...
အင်တာနက်အသုံးပြုသူ 4: အဲ့တော့ ချန်လုံကုမ္ပဏီဥက္ကဌက ဒီတစ်ကြိမ် သူကိုယ်တိုင် ပွဲတက်လာရတာ ငါတို့အားလုံးကို ခွေးစာကျွေးဖို့ပေါ့လေ...
အင်တာနက်အသုံးပြုသူ 5: လူချမ်းသာတွေက အများရှေ့မှာ ကိုယ့်ချစ်သူကို အရမ်းဂရုစိုက်ပြနေတာ သိပ်မိုက်တာပဲ... လက်ထောက်လေးကိုကြည့်တဲ့ ဥက္ကဌကျွမ်းရဲ့အကြည့်က အရမ်းနွေးထွေးတာပဲ... သူတို့ကိုကြည့်ရတာ အချစ်တွေနဲ့ပြည့်နေတဲ့ စမ်းရေလေးလိုပဲ...
သူတို့နှစ်ယောက်လုံး ပွဲကျင်းပသည့် ခန်းမထဲ တူတူဝင်လာကြသည်။ မူလတွင် ကျွမ်းချင်နှင့်ဖူလီကို အတူတကွ နေရာချထားခြင်း မဟုတ်သော်လည်း ပွဲစီစဉ်သူက သူတို့နှစ်ယောက် ကော်ဇောနီကို အတူတူလျှောက်လာစဉ်က အနေအထားကြောင့် စိတ်ပြောင်းသွားပြီး ဘေးချင်းကပ်ထိုင်ရန် စီစဉ်ပေးလိုက်သည်။
ချန်လုံဥက္ကဌက အခုမှ ညနေခင်းပါတီကို ပထမဆုံးအကြိမ်တက်လာဖူးတာဆိုတော့ ဒီလက်ထောက်က သူ့ချစ်သူဖြစ်နိုင်တယ်... သူတို့ဘက်က အပြီးပြည့်စုံဆုံး မဖြစ်နိုင်ရင်တောင်မှ ဒီလိုအရေးကြီးပုဂ္ဂိုလ်တွေ စိတ်မကွက်သွားအောင်တော့ သေချာစီစဉ်ပေးရမယ်...
ကျွမ်းချင်နှင့် ဖူလီက အနည်းငယ်နောက်ကျပြီးမှ ရောက်လာခြင်းဖြစ်၍ သူတို့နှစ်ယောက်ထိုင်ပြီးသည်နှင့် စားပွဲဝိုင်းက ပြည့်သွားသည်။ စားပွဲတွင် ထိုင်နေပြီးသား လူရှစ်ယောက်လုံးက လူသိများသူများ ဖြစ်ကြပြီး သူတို့က ကျွမ်းချင်ကို ဦးစွာ နှုတ်ဆက်လာကြသည်။
ဖူလီက ထိုလူများကို မမှတ်မိသော်လည်း ကျွမ်းချင်ကမူ ယခင်က ထိုလူများနှင့် စီးပွားရေးအရ ဆက်ဆံခဲ့ဖူးသည်။ သို့ဖြစ်၍ ဤစားပွဲမှ လေထုအနေအထားက စည်ကားသက်ဝင်မနေသော်လည်း နေရခက်မနေပေ။ ထိုနေရာမှ အခြားလူများကလည်း ကျွမ်းချင်ကိုယ်တိုင် ဤပွဲကို တက်ပြီး ကြည့်ကောင်းသော လက်ထောက်လေးတစ်ယောက်ကိုပါ ခေါ်လာမည်ဟု မမျှော်လင့်ထားပေ။ ဖူလီကို ကျွမ်းချင်က တလေးတစားဆက်ဆံသည်ကိုကြည့်ကာ ဤအခြေအနေကို သူတို့အကြမ်းဖျင်း သဘောပေါက်သွားကြသည်။
ဥက္ကဌကျွမ်းက ယောကျာ်းတွေနဲ့ရော မိန်းမတွေနဲ့ပါ အချစ်ဇာတ်လမ်းရှိတယ်လို့ မကြားဖူးတာ မဆန်းတော့ပါဘူး သူ့မှာ ချစ်သူရှိပြီးသား ဖြစ်နေတာကိုး...အားလုံးက စီးပွားရေးသမား လူကြီးလူကောင်းများဖြစ်၍ ဤသို့သောပွဲမျိုးတွင် ကိုယ်ရေးကိုယ်တာနှင့်ဆိုင်သည့် ကိစ္စများမပြောပဲ စီးပွားရေးအကြောင်းအများစုသာ ပြောကြသည်။
ပရဟိတပွဲ၏ အစောပိုင်းတွင် လေထုအနေအထားကို တဖြည်းဖြည်း လိုက်လျောညီထွေဖြစ်လာစေရန် ဖျော်ဖြေရေးအချို့လုပ်ဆောင်ပြီးနောက် ပစ္စည်းများကို လေလံဆွဲခြင်း စတင်တော့သည်။ လေလံပွဲအစတွင် ရောင်းထွက်သွားသည့်ပစ္စည်းအများစုက နာမည်ကြီးတံဆိပ်အိတ်များ၊ လက်ဝတ်ရတနာများ အစရှိသည်တို့ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့က အမျိုးသမီးအနုပညာရှင်များ၏ စစ်မြေပြင်ဖြစ်သည်။
ထိုပစ္စည်းများဝယ်ရန် ပေးချေလိုက်ရသည့်ငွေများကို ပရဟိတတွင် အသုံးပြုသွားမည်ဖြစ်၍ ထိုအနုပညာရှင်က သုံးစွဲလိုက်သောငွေက အလှူငွေအဖြစ် အများအမြင်တွင် သတ်မှတ်ထားသည်။
ပစ္စည်းအချို့ကို လေလံဆွဲပြီးချိန်တွင် အနုပညာရှင်အချို့က စင်မြင့်ပေါ်တွင် ဖျော်ဖြေကြသည်။ ဖူလီက မေးထောက်ထားပြီး အချိုရည်သောက်နေကာ သူ၏ ပျင်းရိနေသည့် အမူအရာကို မသိသာအောင် ထိန်းနေသည်။ ကျွမ်းချင်က သူ အချိုရည်များသာ ငုံ့သောက်နေသည်ကိုမြင်၍ ခေါင်းငုံ့ပြီး သူ့နားရွက်နားကပ်ကာ မေးလိုက်သည်။
" ပျင်းနေပြီလား..."
ဖူလီက ခေါင်းအသာညိတ်ပြလိုက်ပြီး အသံကူးပြောင်း၍ ပြောလိုက်သည်။
" နည်းနည်းပါ..."
" လေလံပွဲပြီးတာနဲ့ ညလယ်စာစားဖို့ ခေါ်သွားပေးပါ့မယ်..."
ကျွမ်းချင်၏ မျက်ခုံးက အနည်းငယ်ပင့်သွားပြီး ဖူလီ့နားကပ်၍ ထပ်ပြောလိုက်သည်။
" ငါနဲ့အတူ ဒီနေ့ ပျင်းစရာကောင်းတဲ့ပွဲကို အတူတူလိုက်လာပေးတဲ့ ကျေးဇူးတင်လက်ဆောင် အနေနဲ့လေ..."
" ကောင်းပြီလေ..."
ဖူလီ ခေါင်းညိတ်ပြလိုက်သည်။ ကျွမ်းချင် သတိမပြုမိလိုက်မီအချိန်တွင် အနည်းငယ် ယားကျိကျိဖြစ်သွားသည့် သူ့နားရွက်ကို လျှို့ဝှက်စွာဖြင့် ထိလိုက်သည်။
ကျွမ်းချင် ပြန်ပြီး ခါးမတ်မတ်ထိုင်တော့မည့်အချိန်တွင် မနီးမဝေးမှ ကင်မရာတစ်ခုက သူ့ကို ရိုက်ကူးနေသည်ကို မြင်လိုက်ရသည်။ ဖူလီ၏ခုံပေါ်တင်ထားသည့် သူ့လက်ကို ဖယ်လိုက်ပြီးနောက် စင်မြင့်ပေါ်ကို လှမ်းကြည့်လိုက်သည်။
အင်တာနက်အသုံးပြုသူများ: ဟီးဟီးဟီး ဥက္ကဌကျွမ်းက ဖုံးကွယ်ဖို့ ဟန်ဆောင်နေတဲ့ပုံကို ကြည့်လိုက်တာနဲ့ သူ တစ်ခုခုကို အသည်းအသန် လျှို့ဝှက်ထားတယ်ဆိုတာ သိသာနေတာပဲ... ခွေးစာတွေ ခွေးစာတွေ...
စီမံခန့်ခွဲရေးဗျူရိုမှ ဝန်ထမ်းများမှာမူ သူတို့ဘော့စ်၏ ကပ်စေးနည်းသော အကျင့်ဆိုးကြီးပေါ်လာပြီး လေလံပွဲအတွင်းတွင် လေလံပြိုင်မဆွဲမည်ကို စိုးရိမ်နေကြပြီး တိုက်ရိုက်ထုတ်လွှင့်နေသည့် ဖန်သားပြင်ကို စိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် ကြည့်နေကြသည်။ ဘော့စ်နှင့် ဖူကောအကြားတွင် ရိုးရှင်းသော ဆက်ဆံရေးတစ်ခုသာရှိသည်ဟု ကျိုးကြောင်းဆင်ခြင်မှုက ပြောနေသော်လည်း စိတ်ခံစားချက်အရ တွေးကြည့်ပါက ဤမိစ္ဆာနှစ်ယောက်အကြားတွင် သေချာပေါက် ရိုးရှင်းသည့် ဆက်ဆံရေး မရှိနိုင်ပေ။
အဲ့တော့ ဘော့စ်က ဒီညလေလံပွဲမှာ လေလံဆွဲမှာများလား...
လေလံပွဲတစ်ခုပြီးတစ်ခု ပြီးဆုံးသွားသည်။ ဖူလီ၊ ကျွမ်းချင်တို့နှင့် အတူတူထိုင်သည့်စားပွဲမှ စီးပွားရေးလုပ်ငန်းရှင်များကလည်း အနည်းဆုံး ပစ္စည်းတစ်ခုကို လေလံဝင်ဆွဲထားသည်။ ကျွမ်းချင်တစ်ယောက်တည်းသာ အစမှအဆုံးထိ တစ်ကြိမ်တစ်ခါမှ လေလံမဆွဲခြင်းဖြစ်သည်။
" ဒီနေ့ ပရဟိတပွဲမှာ ဒီပစ္စည်းက နောက်ဆုံးကနေရေရင် ဒုတိယမြောက်တစ်ခုပါ... ဒါကတော့ လက်မှုပညာရှင် လူကြီးမင်းလျှိုရဲ့လက်ရာဖြစ်တဲ့ နဂါးနဲ့ ယုန်စုံတွဲပဲ ဖြစ်ပါတယ်..."
လေလံပစ်သူက အနီရောင်ပဝါစကို ဖယ်လိုက်ချိန်တွင် ဖန်ပုလင်းထဲမှ အသက်ဝင်လုနီးပါးဖြစ်နေသည့် ပန်းပုရုပ်ကို မြင်လိုက်ရသည်။ နဂါးနှင့် ယုန်က အလွန်ကွဲပြားခြားနားသည့် မျိုးစိတ်နှစ်ခုဖြစ်သော်လည်း သူတို့၏ပုံစံက လိုက်ဖက်ညီကာ နွေးထွေးမှုများကို ယူဆောင်လာသည်နှင့် တူပေသည်။
" လူကြီးမင်းလျှိုက ဒီရုပ်တုကို ပြီးအောင်ထုဖို့ တစ်နှစ်တောင်ကြာခဲ့ပါတယ်... ရုပ်တုပြီးသွားတဲ့အချိန်ကလည်း နှစ်သစ်ကူးချိန်ဖြစ်လို့ ယုန်နှစ်ပြီးဆုံးပြီးတော့ နဂါးနှစ်ကို ရောက်လာတော့မယ့်အချိန် ဖြစ်နေခဲ့ပါတယ်... အဲဒါကြောင့်မို့ ဒီပန်းပုရုပ်ကို ကောင်းချီးမင်္ဂလာလို့ နာမည်ပေးထားပါတယ်... သူက ကြွယ်ဝချမ်းသာမှုနဲ့ ကံကောင်းခြင်းတို့ကို ကိုယ်စားပြုပါတယ်..."
လေလံပစ်သူက စင်မြင့်အောက်ကိုကြည့်ပြီး တစ်ချက်ပြုံးလိုက်သည်။
" ဒီပစ္စည်းအတွက် လေလံဈေးကို ၅သောင်းကနေ စလိုက်ပါ့မယ် အခုပဲ လေလံစတင်ပါပြီ..."
" ၂သိန်း..."
လူတစ်ယောက်က လေလံကတ်ပြားကို မြှောက်ပြလိုက်သောကြောင့် ဖူလီ လှမ်းကြည့်လိုက်မိသည်။ မမျှော်လင့်ထားသည်မှာ ထိုလူက ရှန်း၏မှတ်ဉာဏ်တုများဖြင့် လှည့်စားခြင်းခံခဲ့ရသူ ဖြစ်နေသည်။
သူ့နာမည်က ဘာပါလိမ့် ဖူစစ်လား...
ကျွမ်းချင်ကလည်း ဖူစစ်ရောက်နေသည်ကို သတိပြုမိသွားသည်။ တစ်ကြိမ်တစ်ခါမှ လေလံကတ်ပြားကို မမြှောက်ဖူးသည့် ကျွမ်းချင်က ပထမဆုံးအနေဖြင့် မြှောက်လိုက်သည်။
" ၃သိန်း..."
သစ်သားပန်းပုရုပ်တစ်ခုအတွက် သူ့ကိုလာရောက်ယှဉ်ပြိုင်မည့်သူရှိလိမ့်မည်ဟု ဖူစစ် မထင်ထားခဲ့ပေ။ သူ လှည့်ကြည့်လိုက်ပြီးနောက် ကျွမ်းချင်နှင့် ဖူလီကို ဖော်ရွေစွာ ပြုံးပြလိုက်သည်။ ဖူလီက ခဏစိုက်ကြည့်နေပြီးမှ ဖူစစ်ကို ခေါင်းညိတ်ပြလိုက်သည်။
ဖူစစ်က ပြုံးလိုက်ပြီးနောက် သူ့ကတ်ကို နောက်တစ်ကြိမ် မြှောက်ပြလိုက်သည်။
" ၅သိန်း..."
" မင်းဘာလို့ သူ့ကို တစ်ချိန်လုံး ကြည့်နေတာလဲ..."
ကျွမ်းချင်က အံကြိတ်ထားပြီး ဖူလီ့နားကပ်၍ တီးတိုးပြောလိုက်သည်။
ဖူလီ သူ့ဘက်လှည့်ကြည့်လိုက်သောအခါ သူ့ပါးပြင်က ကျွမ်းချင်၏နှုတ်ခမ်းထောင့်နှင့် ထိမိသွားသည်။ သူ့မျက်နှာကိုသုတ်ပြီး ပြောလိုက်သည်။
" မတော်တဆကြည့်မိတာပါ..."
ကျွမ်းချင်၏ အကြည့်က သိသိသာသာပြောင်းလဲသွားသည်။ ချက်ချင်းပင် သူ အေးတိအေးစက်ဖြင့် နှာမှုတ်လိုက်သည်။
" မတော်တဆမှန်း ငါသိပါတယ်..."
" ၅သိန်း သုံးကြိမ်..."
" တစ်သန်း..."
ကျွမ်းချင်က မျက်နှာသေကြီးဖြင့် သူ့ကတ်ပြားကို မြှောက်ပြလိုက်သည်။
လူသားတွေ သုံးတဲ့ ငွေကြေးလေး နည်းနည်းပဲမလား... သူ့မှာ အများကြီး ရှိနေတာပဲလေ...
ဖူစစ်က ကျွမ်းချင်ကို တအံတဩဖြင့် လှမ်းကြည့်လိုက်သည်။ သူ ထိုပစ္စည်းကို ဈေးပြိုင်ပေးလိုက်ခြင်းမှာ ထိုယုန်ရုပ်ကလေးက ချစ်စရာကောင်းသောကြောင့် စိတ်ဝင်စား၍ဖြစ်သည်။ သို့ရာတွင် လူကြီးလူကောင်းတစ်ယောက်က အခြားလူကြိုက်နှစ်သက်သည့်အရာကို မလုယူသင့်ပေ။ ဥက္ကဌကျွမ်းက ထိုပစ္စည်းကို အလွန်နှစ်သက်နေဟန်ရ၍ သူက ထိုသို့သော စိတ်လှုပ်ရှားမှုထဲတွင် မပါဝင်တော့ပေ။
နောက်ဆုံးတွင် လေလံပစ္စည်းကို ကျွမ်းချင်က ယွမ်တစ်သန်းဖြင့် ရရှိသွားသည်။ ဖူလီက ကျွမ်းချင်ကို အသံတိုးတိုးဖြင့် မေးလိုက်သည်။
" မင်းက သစ်သားရုပ်ထုတွေ သဘောကျတာလား..."
ကျွမ်းချင်က ရုပ်တည်ကြီးဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ဖူလီကလည်း သဘောပေါက်သွားဟန်ဖြင့် ခေါင်းညိတ်ပြပြီး ကျွမ်းချင်၏ပခုံးကို ပုတ်လိုက်သည်။
" ငါလည်း ဒီလိုအရုပ်မျိုးထုတတ်တယ်... ငါတို့ပြန်ရောက်ရင် မင်းကစားဖို့အတွက် လုပ်ပေးမယ်လေ..."
ကလေးဘဝကို မဖြတ်သန်းခဲ့ရသည့် ယောင်ကျင့်ကြံသူများက အလွန်သနားစရာကောင်းလှသည်။ သူတို့ထံတွင် စိတ်ဝင်စားစရာကောင်းသည့် ကစားစရာအရုပ်လည်း များစွာမရှိပေ။
အဲဒါကြောင့်မို့ ငါက အစ်ကိုကြီးတစ်ယောက်အနေနဲ့ ကျွမ်းချင် သူ့ကလေးဘဝတုန်းက မကစားခဲ့ရတဲ့ အရုပ်တွေ နည်းနည်းလောက်တော့ လုပ်ပေးရမယ်...
လေလံပွဲပြီးဆုံးသည့်အခါ ကျွမ်းချင်က ဖူလီ့ကို စင်မြင့်နောက်သို့ခေါ်သွားပြီး သူ့ကတ်ကိုဖြတ်ကာ လေလံအောင်သွားသည့်ပစ္စည်းကို ယူစေလိုက်သည်။
ဖူလီ အနီးကပ်ကြည့်လိုက်သည့်အခါ ယုန်နှင့်နဂါးတို့က ဘေးချင်းကပ်လျက် ထိုင်နေခြင်းမဟုတ်ဘဲ မျက်နှာချင်းဆိုင်ထားသည်ကို မြင်လိုက်ရသည်။ ယုန်နှင့် နဂါးတို့ ရှေ့လက်နှစ်ဖက်ကိုယှက်ပြီး ကိုင်ထားပုံက အလွန်ချစ်စရာကောင်းလှသည်။
ဖူလီက သစ်သားပန်းပုရုပ်လေးကို ရင်ခွင်ထဲပိုက်ပြီး သယ်လာသည်။ နဂါး၏ ပါးဖောင်းဖောင်းလေးကို ပွတ်ကြည့်လိုက်ချိန်တွင် သူနှင့်ကျွမ်းချင်၏ မူရင်းပုံစံများကို ရုတ်ချည်းတွေးမိသွားသည်။ သူ ပြုံးလျက်ဖြင့် ပြောလိုက်သည်။
" ကြည့်ပါဦး သူတို့က ငါတို့နှစ်ယောက်နဲ့ မတူဘူးလား..."
" ကြည့်ရတာ လူကြီးမင်းကျွမ်းနဲ့ လူကြီးမင်းဖူတို့က ယုန်နှစ်နဲ့ နဂါးနှစ်မှာ မွေးကြတာထင်တယ်..."
ပစ္စည်းများလွှဲပြောင်းရေးကို တာဝန်ယူထားရသည့်ဝန်ထမ်းက အပြုံးလေးဖြင့် ပြောလိုက်သည်။
" ဒါဆိုရင်တော့ ဒီပစ္စည်းလူကြီးမင်းတို့နှစ်ယောက်အတွက် တော်တော်လေး အမှတ်တရဖြစ်နေမှာပါ..."
" ဟုတ် ဟုတ်တယ် တော်တော်ကို အမှတ်တရဖြစ်နေတာ..."
သူတို့က သူမွေးသည့်နှစ်ကို သိသွားရသည်ကို တအံ့တဩဖြစ်နေမိသည်။
ကျွမ်းချင်၏ နှုတ်ခမ်းထောင့်များ ကော့ညွတ်ပြီး ပြုံးလိုက်မိသော်လည်း အခန်းထဲဝင်လာသူကို မြင်လိုက်ရသည့်အခါ သူ့မျက်နှာက ပြန်တည်သွားသည်။
" ဥက္ကဌကျွမ်း..."
ဖူစစ်က အခန်းထဲဝင်လာပြီး ကျွမ်းချင်နှင့် ဖူလီကို လက်ဆွဲနှုတ်ဆက်လိုက်သည်။ သူတို့နှစ်ယောက်က ချစ်သူရည်းစားဆက်ဆံရေးမျိုး ရှိနေနိုင်သည်ဟု ထင်ထားလိုက်၍ ဖူလီ့အကြောင်းကို အထူးတလည်ပြောမနေတော့ပဲ ဂုဏ်ပြုစကားအချို့သာ ပြောလိုက်သည်။
" ဥက္ကဌကျွမ်း လိုချင်တဲ့ပစ္စည်းကိုရသွားတာ ဂုဏ်ပြုပါတယ်..."
သူက ဖူလီ့လက်ထဲမှ သစ်သားပန်းပုရုပ်လေးကိုကြည့်ပြီး ညင်သာစွာ ပြုံးပြလိုက်သည်။
ထိုနှစ်များက သူ၏အိမ်မွေးကောင်လေးက ဖူစစ် မဟုတ်ခဲ့သော်လည်း သူ၏သိမ်မွေ့ညင်သာသောအပြုံးက အိမ်မွေးကောင်လေးနှင့် အလွန်တူသည်ဟု တွေးလိုက်မိသည်။
ကျွမ်းချင်က ဖူလီ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဖူလီ့ပခုံးပေါ် လက်တင်ထားလိုက်သည်။
" လူကြီးမင်းဖူရဲ့ ဂုဏ်ပြုစကားအတွက် ကျေးဇူးတင်ပါတယ်..."
" ကျွန်တော်လည်း လေလံအောင်ထားတဲ့ပစ္စည်းလေး သွားယူလိုက်ပါဦးမယ် နှစ်ယောက်ကို မနှောင့်ယှက်တော့ပါဘူး..."
ဖူစစ်က ဖူလီ့ပခုံးပေါ်မှ ကျွမ်းချင်၏လက်ကိုကြည့်ပြီး လိမ္မာပါးနပ်စွာဖြင့် နှုတ်ဆက်စကားပြောလိုက်သည်။
တည်တင်းသွားသော ကျွမ်းချင်၏ နှုတ်ခမ်းများက တစ်ဖန်ကွေးညွတ်သွားပြန်သည်။
" ဂရုစိုက်သွားပါ..."
ဖူစစ်က အပြုံးလေးဖြင့် ထွက်ခွာသွားသည်။ သူ့ကတ်ကိုဖြတ်နေချိန်တွင် ဤလောကကြီး၌ ထူခြားဆန်းကြယ်မှုများလည်း အမှန်တကယ် တည်ရှိနေကြောင်း ခံစားလိုက်ရသည်။ ဥက္ကဌကျွမ်းက လူအများရှေ့ထွက်ရသည့် ပွဲမျိုးတွင် ပါဝင်သည်က ကြုံတောင့်ကြုံခဲဖြစ်သော်လည်း ဤတစ်ကြိမ်တွင်မူ တိုက်ရိုက်ထုတ်လွှင့်သည့် အရေးကြီးသော ပရဟိတပွဲတစ်ပွဲကို သူ့လက်ထောက်အား ခေါ်လာခဲ့ပေသည်။ သူ့လက်ထောက်ကို လူအများရှေ့တွင် ပြသနိုင်ရန် ဤပွဲကို အထူးတလည်တက်ရောက်လိုက်သည်နှင့်ပင် တူနေသည်။
သို့သော် ဥက္ကဌကျွမ်း၏လက်ထောက်က သူနှင့် ကြိမ်ဖန်များစွာ တွေ့ဆုံဖူးသည့် လူတစ်ယောက်သဖွယ် သူ့ကို စိတ်သက်တောင့်သက်သာဖြစ်စေသည့် ခံစားချက်တစ်မျိုး ပေးနေသည်။
သူ ခေါင်းခါလိုက်ပြီးနောက် ထိုအတွေးများက အဓိပ္ပါယ်မရှိဟု တွေးလိုက်မိသည်။
သူ အဲ့လက်ထောက်နဲ့ ဘယ်နှခါများတွေ့ဖူးလို့ အဲ့လိုတွေးမိရတာပါလိမ့်...
" ဒါက လူကြီးမင်းဖူ လေလံအောင်သွားတဲ့ပစ္စည်းပါ..."
ဝန်ထမ်းက ဖူစစ်ကို ဘရိုကိတ်သေတ္တာဘူးတစ်ဘူး ပေးလိုက်သည်။ ဖူစစ် ထိုဘူးကို လှမ်းယူချိန်တွင် အပေါ်မှ တဝီဝီအသံကို ကြားလိုက်ရပေသည်။ အခန်းတစ်ခုလုံးကိုလည်း အမှောင်ထုက လွှမ်းခြုံသွားသည်။
" ဘာဖြစ်တာလဲ..."
" ဓာတ်အားပြတ်သွားတာလား..."
" အရေးပေါ် backup systemကရော..."
" အရှေ့မှာ တိုက်ရိုက်လွှင့်နေတာတွေက တစ်ခုခုဖြစ်သွားတာများလား..."
" စင်ပေါ်မှာ ဘာမှမဖြစ်ဘူး စင်နောက်မှာပဲ ဓာတ်အားပြတ်သွားတာ..."
" ဘာဖြစ်တာလဲ backup systemက သုံးလို့မရဘူးလား..."
" မဟုတ်ဘူးထင်တယ် ဝိုင်ယာကြိုးရှော့ဖြစ်တာလားမသိဘူး..."
ထိုစကားများကိုကြားသည့်အခါ ဖူစစ်က ဤကိစ္စနှင့်ပတ်သက်ပြီး တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။ အကယ်၍ လျှပ်စစ်ဓာတ်အားနှင့် ပတ်သက်ပြီး ပြဿနာတစ်ခုခုဖြစ်ခဲ့လျှင်လည်း ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားရမည်ဖြစ်သည်။
စင်ပေါ်မှာက လုံးဝအဆင်ပြေနေပြီး စင်နောက်မှပဲကွက်ပြီး မှောင်သွားတယ်ဆိုတော့ ဘယ်လိုဖြစ်တာပါလိမ့်...
" အားလုံးပဲ အစိုးရိမ်လွန်ပြီး လျှောက်မသွားကြပါနဲ့ အန္တရာယ်ဖြစ်မှာစိုးလို့ပါ..."
တာဝန်ကျသူက ဖုန်းမှ မီးကိုဖွင့်လိုက်သည့်အခါ စင်နောက်တွင် လေလံအောင်သည့် ပစ္စည်းများလာယူသည့် အထူးဧည့်သည်တော်များကို တွေ့လိုက်သည်။ ထို့နောက် သူတို့အားလုံးကို နားနေခန်းထဲခေါ်သွားရန် လုံခြုံရေးများ စီစဉ်ပေးလိုက်သည်။ စင်နောက်မှ စင်ရှေ့အထိက လမ်းကြောင်းရှည်သောကြောင့် သူတို့က မစွန့်စားရဲပေ။
အကယ်၍ သူတို့ထံတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်သွားသည်ဟူသောသတင်း ထွက်ပေါ်လာပါက အလွန်ရှက်စရာကောင်းပေမည်။ သို့ရာတွင် ထိုအရေးကြီးပုဂ္ဂိုလ်များ တစ်ခုခုဖြစ်ခဲ့ပါက နောက်ဆက်တွဲပြဿနာများက ရှက်စရာကောင်းသည်ထက် ပိုလာနိုင်သည်။
ဖူစစ်က ဆိုဖာပေါ် ထိုင်ချလိုက်ချိန်တွင် လုံခြုံရေးနှစ်ယောက်က လူနှစ်ယောက်ကို ခေါ်လာကြောင်း ကြားလိုက်သည်။ သူ ဖုန်းမီးဖွင့်ကြည့်လိုက်သည့်အခါ ထိုလူနှစ်ယောက်ကို ရှင်းလင်းစွာမြင်လိုက်ရသည်။
သူတို့က ကျွမ်းချင်နှင့် ဖူလီဖြစ်သည်။
" အိုင်းယား တိုက်ဆိုင်လိုက်တာ ကျွန်တော်တို့ ထပ်တွေ့ကြပြန်ပြီ..."
ဖူလီက သူ့အိတ်ထဲမှ အလင်းမီးတိုင်တစ်ချောင်းကို ထုတ်တော့မည့်အချိန်တွင် ကျွမ်းချင်က သူ့လက်ကို အမြန်ပြန်ဖိထားလိုက်သည်။
ဖူစစ်၏အကြည့်ကို သတိထားမိသော ကျွမ်းချင်က ပြောလိုက်သည်။
" ဒီလို မီးရောင်ပါတဲ့ ကစားစရာမျိုးက အန္တရာယ်များတယ် ကြာကြာသုံးမိရင် ပေါက်ကွဲသွားလိမ့်မယ်..."
ဥက္ကဌကျွမ်း၏ လက်ထောက်က အနည်းငယ်ထူးဆန်းသူဟု ဖူစစ် မတွေးဘဲ မနေနိုင်ဖြစ်သွားသည်။
သူက လက်သီးဆုပ်လောက်လေးရှိတဲ့ ကစားစရာမီးလုံးမျိုးကို နေရာတကာ သယ်သွားတာလား... ပြီးတော့ သူတို့နှစ်ယောက်က ခုမှထွက်သွားတာမလား ဘာလို့ ပြန်ဝင်လာတာပါလိမ့်...
လက်ထောက်ဖူလီကိုင်ထားတဲ့ သစ်သားပန်းပုရုပ်လေးရော... သူ အမှောင်ထဲမှာ ချော်လဲမှာစိုးလို့ လွှင့်ပစ်လိုက်တာများလား...