အပိုင်း ၁၂၀
Viewers 17k

🐰Chapter 120🐉
မကောင်းဆိုးဝါး


"ကျွန်တော်ရဲ့ လက်ထောက်က နည်းနည်း ကစားမိသွားတာပါ... ကျေးဇူးပြုပြီး သူ့ကို ခွင့်လွတ်ပေးပါ လူကြီးမင်းဖူ..."

ကျွမ်းချင်က ဖူလီကို ထိုင်ခုံသို့ ဆွဲခေါ်ကာ ထိုင်ချလိုက်ပြီး အခန်းထဲမှ လူများကို သက်သောင့်သက်သာ လှည့်ပတ်ကြည့်လိုက်သည်။ သူတို့အားလုံးက အရေးကြီး ပုဂ္ဂိုလ်များဖြစ်ကြသည်။ သူတို့ထဲမှ တစ်ယောက်ယောက်သာ တစ်ခုခုဖြစ်ပါက လူအများအပြားက သူတို့၏ အလုပ်ကိုဆုံးရှုံးမည် ဖြစ်သည်။ 

ဖူလီ ပြုံးလိုက်သော်လည်း အခန်းထဲတွင် အလင်းရောင် မကောင်းသောကြောင့် အသိမှတ်ပြု မခံရပါပေ။ 

အခန်းထဲရှိ လူတိုင်းက ဤအချိန်၌ ဓာတ်အား ပြတ်တောက်မှုတစ်ခု ရှိနေသည်မှာ  အလွန်သာမန်မဟုတ်သည်ကို ကောင်းကောင်းနားလည်ကြပေသည်။ သို့သော် အခြေအနေက ပို၍ အရေးကြီးလာလေလေ သူတို့က ပိုမိုတည်ငြိမ်ရမည် ဖြစ်သည်။ အထိတ်တလန့်ဖြစ်ခြင်းနှင့် ကြောက်လန့်ခြင်းက နောက်ကွယ်မှ လူအား ဤအခြေအနေကို အပြည့်အဝ အသုံးချရန် ခွင့်ပြုနိုင်မည်သာဖြစ်သည်။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ လူတိုင်းက စီးပွားရေးလောကထဲတွင် ရောက်ရှိနေသည်မှာ အတန်ကြာနေပြီဖြစ်၍ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်သည့် ဗီဇများ ပိုင်ဆိုင်ထားပေသည်။ 

ပြင်ပမှ အခြေအနေကို မသိရပဲ သူတို့ကို ဝန်းရံထားသည့် လုံခြုံရေးအစောင့်များရှိပေသည်။ ဤအခန်းထဲတွင် နေထိုင်ခြင်းက အပြင်တွင် အလောတကြီး လျှောက်ပြေးနေခြင်းထက် သေချာပေါက် ပို၍ အန္တရာယ်ကင်းမည် ဖြစ်သည်။ လူငယ်ဆက်ခံသူများစွာက စိတ်အေးမှုပျောက်ဆုံးကာ ညည်းညူလာကြသည်။ သို့သော် သူတို့၏ လူကြီးများက ပြန်လည်မတုံ့ပြန်လာသည်ကိုမြင်ပြီးနောက် သူတို့သည်လည်း လက်လျော့ကာ ထောင့်ကပ်ပြီး ဖုန်းများကိုင်ကာ အပြင်မှ မှောင်မဲနေသော လျှောက်လမ်းကို ကြည့်နေကြသည်။ 

"ဖုန်းက..."
ဒုတိယမျိုးဆက် လူချမ်းသာတစ်ဦးက စာပို့ရန် ကျဆုံးသည်ဟူသော သတိပေးချက်ကို ကြည့်လိုက်သည်။ သူက စိတ်ဓာတ်ကျသွားလေသည်။ 
"ကြည့်ရတာ ဖုန်းလိုင်းတစ်ခုမှ မရှိတော့တဲ့ပုံပဲ..."

အခန်းက ပို၍ပင် တိတ်ဆိတ်သွားလေသည်။ အုတ်အော်သောင်းတင်းအခြေအနေများစွာကို ကြုံခဲ့ဖူးသည့် လူကြီးတစ်ဦးက လျှောက်လာလေသည်။ 
"လူတိုင်းပဲ အထိတ်တလန့်မဖြစ်ကြပါနဲ့... ဟိုတယ်တစ်ခုလုံးမှာ လုံခြုံရေးအစောင့်တွေ အများကြီး ရှိပါတယ်... ပြီးတော့ ဝင်ပေါက်တွေ အားလုံးကိုလည်း စောင့်ကြပ်နေကြပြီ... မကြာခင်မှာ ဒီပြသနာကို ဖြေရှင်းပေးမဲ့ လူတွေ ရောက်လာမှာပါ..."

ဖူလီက အခန်းကို တစ်ချက်လှည့်ပတ်ကြည့်လိုက်သည်။ အခန်းထဲတွင် သံသယဖြစ်စရာ သတ္တဝါ တစ်ကောင်မှ မရှိပါပေ။ သူ လေဝင်ပေါက်များကို ထပိတ်လိုက်ရာ အပြင်ဘက် လျှောက်လမ်းက အလွန်တိတ်ဆိတ်နေသည်မှာ ဤအခန်းတစ်ခုတည်းက စွန့်ပစ်ခံထားရသကဲ့သို့ ဖြစ်နေသည်ကို သဘောပေါက်သွားလေသည်။ ဝင်ပေါက်ကို စောင့်နေကြသော လုံခြုံရေး အစောင့်တစ်ချို့က တစ်ခုခု မှားယွင်းနေသည်ကို အာရုံခံမိပုံရပြီး စူးစူးရှရှ နှောင့်ယှက်သံများမှလွဲ၍ ဘာအသံမှ ထွက်မလာတော့သော သူတို့၏ ကြိုးမဲ့ ဆက်သွယ်ရေးကိရိယာများကို အဆက်မပြတ် ပြင်ဆင်နေကြသည်။ 

ဤအခန်းထဲတွင် အရေးကြီးပုဂ္ဂိုလ်အများအပြားရှိနေသည်ကို တွေးမိကာ လုံခြုံရေးအစောင့်များက အနည်းငယ် စိုးရိမ်လာကြပေသည်။ သူတို့ထဲမှ တစ်ဦးက တခြားသူများကို ရှာဖွေရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ သူ့ခါးရှိ ဓာတ်မီးကို ဖွင့်လိုက်ရာ လျှောက်လမ်းတစ်လျှောက်တွင် မြူထူများ သိပ်သည်းနေသည်ကို တွေ့ရှိလိုက်သည်။ 

မြူမှာ အရောင်မဲ့ကာ အနံ့လည်း မရှိပါပေ။ သို့သော် ဤကဲ့သို့ အချိန်၊ နေရာတွင် ၄င်းပေါ်ထွက်လာခြင်းက တစ်နည်းနည်းဖြင့် အလန့်တကြား ဖြစ်စေလေသည်။ 

အထူး သင်တန်ပေးခြင်း ခံထားရသော်လည်း ထိုလုံခြုံရေးအစောင့်များက ဤမြင်ကွင်းကြောင့် အလန့်တကြားဖြစ်နေဆဲ ဖြစ်သည်။ သူတို့က တံတွေးမျိုချကာ အခန်းထဲသို့ ဝင်သွားလိုက်သည်။

"ဝင်ခဲ့..."

လုံခြုံရေးအစောင့်လေးဦးက စကားပြောလိုက်သည့် လူငယ်ကို ချက်ချင်းလှည့်ကြည့်လိုက်သည်။ ထိုလူကြီးမင်းက လက်ရာမြောက်စွာ ဝတ်ဆင်ထားပေသည်။ 
သူက ချမ်းသာပြီး လွှမ်းမိုးမှု ရှိတဲ့ လူတစ်ယောက်ရဲ့ ကလေးလား...

"အပြင်မှာ မြူတွေနဲ့... မင်းတို့ ဝင်မလာချင်ဘူးလား..."

ဖူလီက တံခါးဆီသို့လျှောက်သွားပြီး အပြင်ကို တစ်ချက်လှမ်းကြည့်ကာ သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ လုံခြုံရေးအစောင့်လေးဦးကို အခန်းထဲသို့ ဆွဲသွင်းပြီးနောက် သူက တံခါးကိုပိတ်လိုက်သည်။ 

အခန်းထဲရှိ ကျန်လူများက ပြတင်းပေါက်မှတစ်ဆင့် မြူထူများကို မြင်ရသောကြောင့် ဖူလီ၏ အပြုအမူများကို ဘာမှမပြောကြပေ။ 

လူများသည့်အခါ ပိုမိုလုံခြုံသည်ဟူသော ခံစားချက်ရပေသည်။ 

မြူက သိသိသာသာထူထည်းလာသည်မှာ မြူများအားလုံးက အပြင်တွင် စုဆုံနေကြပြီး အခန်းကို ရစ်ပတ်ကာ ဝါးမျိုပစ်ချင်သကဲ့သို့ ဖြစ်သည်။ မြင်ကွင်းရှင်းရန်နှင့် အလင်းကောင်းမွန်ရန်အတွက် ဤအခန်းတွင် ကြမ်းပြင်မှ မျက်နှာကြက်အထိ ရောက်သော ပြတင်းပေါက်ကြီးများရှိသည်။ သို့သော် အခန်းပြင်ပမှ ညရှုခင်းက မြူခိုးများအဖြစ် ပြောင်းသွားသောအခါ ၄င်းက အထူးကြောက်မက်ဖွယ်ကောင်းလာပေသည်။ 

လူငယ် အလုပ်သမားနှစ်ဦးက အလွန်ကြောက်လန့်နေကာ ထောင့်တစ်နေရာတွင်ကပ်ပြီး ငိုကြွေးနေရာ သူတို့၏ ငိုကြွေးသံများက ဝမ်းနည်းစရာကောင်းနေပြီးဖြစ်သော ပတ်ဝန်းကျင်ကို ပို၍ပင် ဝမ်းနည်းစရာကောင်းနေစေပေသည်။ လူတိုင်းက ပြတင်းပေါက်ကို စူးစိုက်ကြည့်နေကြသည်မှာ ကြောက်စရာကောင်းသည့် တစ်စုံတစ်ရာက အချိန်မရွေးပေါ်လာမည့် သကဲ့သို့ပင်။ 

ရွှမ်း...

ပြတင်းပေါက်မှ အသံကျယ်ကြီးတစ်ခုထွက်ပေါ်လာပြီး လူတိုင်းကို ကြောက်လန့်သွားစေသည်။ အတည်ငြိမ်ဆုံးလူများ၏ မျက်ခုံးများသည်ပင် အတန်ကြာအောင် တုန်ယင်သွားလေသည်။ 

ဖူလီက ပြတင်းပေါက်မှ ခန်းစည်းများကို ဆွဲလိုက်ကာ လူတိုင်းကို ပြောလိုက်သည်။ 
"ဒီည မြူက နည်းနည်းထူနေတယ်... အပြင်မှာ ကြည့်စရာ ဘာမှမရှိဘူး..."

လူတိုင်းက ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်သည်။ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်ကာ ပိတ်ထားသော ခန်းဆီးများက သူတို့အား အထူးလုံခြုံမှုပေးနေပေသည်။ ဤသည်က သရဲကြောက်သောလူများက သူတို့၏ စောင်များကို မည်သို့တင်းတင်းဆုပ်ထားသည်ဟူသည်နှင့် ဆင်တူပေသည်။ စောင်က သူတို့ကို ကာကွယ်ပေးမည် မဟုတ်သည်ကို သိကြသော်လည်း ဤကဲ့သို့ စိတ်ခံစားချက် အာမခံမှုက သူတို့ကို သတ္တိအနည်းငယ် ထပ်မံပေးမည် ဖြစ်သည်။ 

အချိန်က ကုန်ဆုံးသွားလေသည်။ အပြင်ဘက်တွင် မည်သည့် လှုပ်ရှားမှုနှင့် အသံတစ်သံမှ မရှိပါပေ။ လူတိုင်းက တိတ်ဆိတ်မှုကြောင့် ရူးသွပ်လုဆဲဆဲမှာပင် အပြင်လျှောက်လမ်းတစ်လျှောက်တွင် ခြေသံများ ထွက်ပေါ်လာလေသည်။ အနီးကပ်နားထောင်ပါက ၄င်းက လူနှစ်ဦး ပခုံးချင်းယှဉ်လျှောက်လာသည့်ဟန် ရပေသည်။ သူတို့၏ စိတ်အေးကာ အလျင်မလိုသော ခြေသံများက ကြက်သီးဖွယ်ကောင်းလှပေသည်။ 

ခြေသံများက တဖြည်းဖြည်း နီးကပ်လာပြီး အခန်းအပြင်တွင် ရပ်တန့်သွားလေသည်။ 

လူတိုင်းက အသက်ရှုအောင့်ထားကြသည်။ 

"အရှင်... မြူတွေ ထူလာပါပြီ..."

အခန်းပြင်ပတွင် အသံနှစ်ခုက ထွက်ပေါ်လာသော်လည်း သူတို့ပြောလိုက်သည့် စကားများက တစ်ထပ်တည်း ဖြစ်ပေသည်။ သူတို့၏ လေသံမှာပင် ကွဲပြားခြင်း မရှိပါပေ။ 

"ကျွန်တော်မျိုးတို့ အရှင့်အတွက် ညပိုင်းကင်းလှည့်ထားပြီးပါပြီ... အရှင်စိတ်ချလို့ရပါပြီ..."

"အ-အပြင်က ဘာကြီးလဲ..."
ဒုတိယလူငယ်မျိုးဆက် လူချမ်းသာတစ်ဦးက အလန့်တကြား ဆိုလိုက်သည်။ 

"သရုပ်ဆောင်အဖွဲ့တွေက ငါတို့နဲ့ လာရောနေတာလား..."

အရှင်... ကျွန်တော်မျိုး... လုပ်စမ်းပါ... ဘုရင်စနစ်က မရှိတော့တာ ကြာပြီလေ...

ဖူလီက ခုံပေါ်တွင် လှုပ်ရှားမှုမဲ့ တိတ်ဆိတ်စွာထိုင်နေသော ကျွမ်းချင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူက တံခါးဆီသို့လျှောက်သွားကာ မေးလိုက်သည်။ 

"ဘယ်သူလဲ..."

"ကျွန်တော်မျိုးက ယဲ့ကျုံးပါ..."

"ကျွန်တော်မျိုးက ယိုကွမ်းပါ..."

လူတိုင်းက ဖူလီကို မျှော်လင့်တကြီး အားတင်းကာ ကြည့်လိုက်ကြသည်။ ဤအခြေအနေတွင် လက်ဦးမှုယူရဲသော မည်သူမဆိုသည် ရဲရင့်သော စစ်သည်တစ်ဦးဖြစ်လေသည်။ 
ဥက္ကဌကျွမ်းက သူ့ကို ကော်ဇောနီမှာ လျှောက်ဖို့ခေါ်လာတာ အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ... သူက ဒီလောက် အန္တရာယ်နဲ့ ရင်ဆိုင်ရတာတောင်မှ ကြောက်လန့်တာမျိုးမရှိပဲ နောက်ဆုံးအဆင့်မှာတောင် ရှေ့ဆက်တိုးရဲတယ်... ဒီကိစ္စပြီးသွားရင် သူတို့က သေချာပေါက် ချန်လုံကို ကျေးဇူးတင်ကြောင်း ပြပေးရမယ်...

ဖူလီက ယဲ့ကျုံးနှင့် ယိုကွမ်းတို့၏ ဇာတ်ကြောင်းကို ကြားပြီးပြီ ဖြစ်သည်။ သူတို့နှစ်ဦးက ညီအစ်ကိုများ ဖြစ်ကြသော်လည်း သူတို့က လက်မောင်းချင်း ဆက်နေသောကြောင့် အတူအိပ် အတူစားရသည်ဟု ဆိုကြသည်။ ထပ်တိုးအနေဖြင့် သူတို့၏ ကောက်ကျစ်မှုကြောင့် မကောင်းဆိုးဝါး သရဲများက သူတို့ကို မချဉ်းကပ်ဝံ့ပေ။ ထို့ကြောင့် သူတို့က ညပိုင်းလှည့်လည် နတ်ဘုရားများဟူသော အမည်တပ်ခံခဲ့ရပေသည်။ 

ဒါပေမဲ့ ညပိုင်းလှည့်လည် နတ်ဘုရားတွေက ဘုရင်တွေအတွက် မကြာခဏ ကင်းလှည့်ပေးတယ်မလား... သူတို့က ဘာလို့ ဒီရောက်နေတာလဲ... သူတို့က ကျွမ်းချင်ကို သူ့ရဲ့ နဂါးချီကြောင့် ဘုရင်လို့ အထင်မှားနေကြတာလား... 

"အရှင်နဲ့ အဓိပတိတွေက မကောင်းဆိုးဝါး ဝိညာဉ်တွေရဲ့ ဝန်းရံတာကို ခံထားရတယ်... ဒီက လူကြီးမင်းနှစ်ယောက်ကို မကောင်းဆိုးဝါး ဝိညာဉ်တွေကို နှင်ပြီး အရှင်နဲ့ လူကြီးမင်းတွေ အားလုံးရဲ့ လုံခြုံရေးကို တာဝန်ယူပေးဖို့ အကူအညီတောင်းလို့ရမလား..."

"ရပါတယ်..."

လူတိုင်းက ဖူလီကို ကြည့်ပြီးနောက် ကျွမ်းချင်ကို လှမ်းကြည့်လိုက်သည်။
ဥက္ကဌကျွမ်းရဲ့ လက်ထောက်ရွေးတဲ့ စံနှုန်းကတော့ မထင်ထားစရာပဲ... ဖူလီရဲ့ သတ္တိက ထူးချွန်တာတင်မကပဲ သူက... သရုပ်ဆောင်တဲ့နေရာမှာလဲ တော်သားပဲ... 

တစ်စုံတစ်ဦးက သတ္တိမွေးက ဖူလီကို စနောက်လုဆဲဆဲတွင် မမျှော်လင့်ထားစွာပင် အပြင်ဘက်မှ အော်ဟစ်ငိုကြွေးသံများ ထွက်ပေါ်လာပြီး မိန်းကလေးတစ်ဦး၏ အော်ဟစ်ကာ 'မှားယွင်းစွပ်စွဲ'သံတစ်ခု ထွက်ပေါ်လာသည်။ 

"ကျောက်ဝူ... နင်က ငါနဲ့ ငါ့ကလေးကို သတ်တယ်... နင်လည်း သေခြင်းမလှစေရဘူး..."

ထိုငိုကြွေးခြင်းတစ်ဝက် စွပ်စွဲခြင်းတစ်ဝက်အသံက အခန်းထဲသို့ ပျံ့နှံ့လာပြီး တစ်ယောက်သော လူချမ်းသာ ဒုတိယမျိုးဆက်တစ်ဦး၏ မျက်နှာကို ဖြူဖျော့သွားစေပြီး သူ့၏ ခန္ဓာကိုယ်တစ်ခုလုံးက အဆက်မပြတ် တုန်ယင်လာလေသည်။ သူ့ကို တစ်ချက်ကြည့်ကာ ဖူလီက အပြင်မှ တိုးဝှေ့နေသော မကျေမချမ်းမှုက မည်သည့်နေရာမှ လာရောက်သည်ကို သိသွားလေသည်။

ဤလူက လူသားမိန်းကလေးတစ်ဦးကို အထူးကံတရားနှင့် ရန်စကာ တာဝန်မယူလိုပဲ ထိုလူသားမိန်းကလေးကို ဝမ်းနည်းဖွယ်ရာ သေဆုံးစေခဲ့သည်။ ယခုတွင် သူမက မကောင်းဆိုးဝါး ဝိညာဉ်တစ်ခုအဖြစ် ပြောင်းသွားကာ ပြန်လည်ပေးဆပ်ခြင်းကို တောင်းဆိုနေပေသည်။ 

အမျိုးသမီးငိုသံနှင့် မွေးကင်းစကလေးငိုကြွေးသံက လူတိုင်း၏ နှလုံးသားကို ဓားမြှောင်နှင့်ထိုးနေကာ နာကျင်လှသည့် အေးစက်မှုကို ထုတ်လွတ်နေပေသည်။ 

ဖူလီက စားပွဲတစ်လုံးကို တိတ်တဆိတ် မှီလိုက်သည်မှာ အပြင်မှ အသံများကို မကြားသကဲ့သို့ပင်။ တခြားသူများက ထူးခြားသော အမူအရာများ ရှိနေကြသည်။ မည်သူမှ စကားမဆိုပါပေ။ ကျောက်ဝူဟုခေါ်သော ဒုတိယ လူချမ်းသာ မျိုးဆက်သည်သာ သူ့၏ အကြောက်တရားကို မထိန်းချုပ်နိုင်တော့ပဲ ဖူလီဆီသို့ ပြေးသွားလိုက်သည်။ 

"ကယ်ပါ... ငါ့ကို ကူညီမယ်ဆို ဘာဆုမဆို တောင်းလို့ရပါတယ်..."

ဖူလီက ကျောက်ဝူ၏ ဆုပ်ကိုင်မှုကြောင့် တွန့်သွားသည့် အပေါ်ဝတ်အင်္ကျီကို ကြည့်လိုက်ကာ မျက်မှောင်ကြုတ်လိုက်သည်။

ကျွမ်းချင်က ထရပ်ကာ ဖူလီဆီသို့ လျှောက်သွားပြီး ကျောက်ဝူကို တွန်းထုတ်လိုက်သည်။

"လူကြီးမင်းကျောက်... 'အကြွေးအားလုံးကို ပြန်ကိုဆပ်ရမယ်'ဆိုတဲ့ စကားတစ်ခုရှိတယ်... မင်းရဲ့ အသက်က အပြင်က အမျိုးသမီးနဲ့ ကလေးထက် ပိုပြီး မမြင့်မြတ်ဘူး..."

ဖူလီက အေးစက်သော မျက်နှာဖြင့် ဆိုလိုက်သည်။

"မင်းက လူတစ်ယောက်နဲ့ လက်လွတ်စပယ် ဆော့ကစားပြီး  ကလေးဝိညာဉ်တွေ အများကြီးကိုတောင် သယ်ထားတယ်... ငါမင်းကို မကူညီနိုင်ဘူး..."

"မဟုတ်ပါဘူး... မဟုတ်ပါဘူး... မဟုတ်ပါဘူး... မဟုတ်ပါဘူး... ငါမှားသွားပါတယ်... ငါမှားတာ သိပါပြီ... ငါသေချာပေါက် ပြောင်းလဲပါ့မယ်... ငါ ဒီကထွက်သွားရင် ကောင်းကင်ဘုံ ကျမ်းစာကို ၄၉ရက်တိတိ ရွတ်ဖို့ တစ်ယောက်ယောက်ကို ဖိတ်ပါမယ်... တကယ်ပါ..."

ထိုအခိုက်တွင် ကျောက်ဝူက အလွန်စိုးရိမ်ပူပန်နေကာ ဖူလီကို တောင်းပန်နေပေသည်။

"လူတစ်ယောက်ရဲ့ သေဆုံးခြင်းက မီးတောက်တစ်ခု ငြိမ်းသွားတာနဲ့တူတယ်... အုတ်ဂူက ဘယ်လောက်ကောင်းကောင်း ဘာအသုံးဝင်မှာလဲ..."

ဖူလီက ဆိုလိုက်သည်။
"သားရဲတွေတောင် သူတို့ရဲ့ သားပေါက်တွေကို မစားဘူး... မင်းက တိရိစ္ဆာန်နဲ့တောင် ယှဉ်လို့မရဘူး..."

များစွာသော ပြန့်ကျဲနေသည့် ကလေးခန္ဓာကိုယ်များက ဤလူသားကိုယ်ပေါ်တွင် တည်ရှိနေပြီး ၄င်းတို့ထဲမှ တစ်ခုမှာ အပိုင်းပိုင်းဖြစ်နေလေသည်။ ဆိုလိုသည်မှာ သူက အသက်ရှင်စဉ်က လူတစ်ယောက်၏ စားသောက်ခြင်းကို ခံခဲ့ရပြီး သူ့ကို စားသောသူမှာ ဖူလီရှေ့ရှိ လူသားဖြစ်ပေသည်။ 

ဖူလီက လူသားစားခြင်းဟူသော ဇာတ်လမ်းများမှာ လွန်ခဲ့သည့် နှစ်များက ဖြစ်ခဲ့သည့် ဖြစ်ရပ်ဆိုးများ ဖြစ်ကာ ယခုတွင် ပြန်ပေါ်လာသည့် အရိပ်အယောင်မရှိဟု ကြားခဲ့ပေသည်။ 
ဒါပေမဲ့ ဒီကျောက်ဝူက ပိုက်ဆံရော အစားအသောက်ရော မရှားပဲနဲ့ ဘာလို့ ကလေးငယ်တစ်ယောက်အပေါ်ကို အဲ့လိုလုပ်ရတာလဲ...

ဖူလီက ထိုကလေးငယ် ဝိညာဉ်၏ ခေါင်းကိုထိကာ မှတ်ဉာဏ်များကို ဖတ်လိုက်သည်။ သူက ထိုနေရာတွင် ပျို့အန်လုလုဖြစ်သွားရသည်။ ကျောက်ဝူက အဓိပ္ပာယ်မရှိသော ဆေးညွှန်းတစ်ခုကို ယုံကြည်ကာ သူ့ခန္ဓာကိုယ်အောက်ပိုင်းမှ အရာတစ်ခုအတွက် သူ့၏ ကောင်မလေးက ဖျက်ချခဲ့သော ကလေးငယ်ကို ပြန်ယူလာခိုင်းကာ ဆေးပြုလုပ်ပြီး သူ့၏ လိင်စွမ်းဆောင်ရည်ကို တိုးတက်အောင်ပြုလုပ်ခဲ့သည်။ 

ကျွမ်းချင်က ဖူလီ၏ အမူအရာမှာ တစ်ခုခုထူးခြားနေသည်ကို မြင်ရာ ကျောက်ဝူကို ဘေးသို့ကန်ထုတ်လိုက်သည်။ 

"မင်းအဆင်ပြေရဲ့လား..."

ဖူလီက သူ့ခေါင်းကို ခါပြလိုက်သည်။ 
"ငါအဆင်ပြေပါတယ်... နည်းနည်း ရွံသွားလို့..."

တခြားသူများက ကျောက်ဝူမှာ ကျွမ်းချင်၏ ကန်ထုတ်ခြင်းကို ခံလိုက်ရပြီး ဘာမှမလုပ်နိုင်ပဲ တုန်ယင်နေသည်ကို ကြည့်လိုက်ကြသည်။ ဖော်ရွေမှုမှာ စီးပွားရေး ပြုလုပ်ခြင်း၏ သော့ချက်ဖြစ်သည်။ တစ်ချို့မှာ လူကွယ်ရာတွင် စီမံကိန်းများကြောင့် ရန်ဖြစ်ကာ အညိုအမဲစွဲနေသော်လည်း လူမြင်ကွင်းတွင်မူ ပြုံးရမည် ဖြစ်သည်။ ကျွမ်းချင်ကဲ့သို့ စကားတစ်ခွန်းမှမဆိုပဲ ရုပ်ပိုင်းဆိုင်ရာနည်းလမ်းများအသုံးပြုသူက အတန်ပင် ထူးခြားပေသည်။ 

ကျောက်မိသားစုနှင့် အလွန်နီးကပ်သော စီးပွားရေးရှိသူများက ဤအခြေအနေကိုမြင်ပြီးနောက် စည်းရုံးရေးစကားအချို့ မပြောပဲ မနေနိုင်တော့ပါချေ။ 

"လူတိုင်းပဲ ပြောစရာရှိရင် ထိုင်ပြီး ဖြည်းဖြည်းချင်းပြောကြတာပေါ့... ဒီလိုမျိုး လုပ်စရာ..."

"ငါကတော့ ကိုယ့်ကလေးရဲ့ အသားကို ပြန်စားနိုင်တဲ့ တိရိစ္ဆာန်ကောင်နဲ့ ဘာမှပြောစရာမရှိဘူး..."

ကြွယ်ဝကာ လွှမ်းမိုးမှုရှိသူများရှေ့တွင် ကျွမ်းချင်က တိုက်ရိုက်ဆိုလိုက်သည်။

"ဒီနေ့ကစပြီး ချန်လုံက ကျောက်မိသားစုနဲ့ စီမံကိန်းတွေအတူတူ လုပ်မှာ မဟုတ်တော့ဘူး..."

စီးပွားရေး လောကထဲရှိ ဝါရင့်ကုန်သည်တစ်ဦးအနေဖြင့် ချန်လုံက အထူးနေရာတစ်ခု ပိုင်ဆိုင်ထားလေသည်။ ဤနယ်ပယ်ထဲရှိ ကုန်သည်အနည်းငယ်က ချန်လုံက တိုင်းပြည်၏ အထောက်အပံ့ရထားသည်ဟုပင် သံသယဝင်ကြသည်။ ချန်လုံ၏ တာဝန်ရှိသူတစ်ဦးအနေဖြင့် ဤစကားများကို တိုက်ရိုက်ပြောဆိုလာသည်ဖြစ်ရာ သူက ကျောက်ဝူကို ရွံရှာသည်ထက် ပိုသည်မှာ ရှင်းလင်းသွားပေသည်။

ဒါပေမဲ့ သူ့ကလေးရဲ့ အသားကို စားတာ...

ကျောက်ဝူကို ထူပေးရန် ရှေ့ထွက်လာကြသည့် လူများက သူတို့လက်များကို ပြန်ရုတ်ကာ ဘေးသို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ ထိုနေရာတွင် ရှိနေကြသူများက ကြာပန်းဖြူများ မဟုတ်ကြပါပေ။ သို့သော် သူတို့က မိမိ၏ ကလေးကို ပြန်စားသော လူသားစားသူတစ်ဦးကို မျက်စိမှိတ်ကာ ထောက်ခံမပေးလိုပါပေ။

"အရှင် ကျွန်တော်မျိုး မကောင်းဆိုးဝါးဝိညာဉ်ကို ဖမ်းလာပါပြီ... အရှင် ညွှန်ကြားပေးပါဦး..."

ညပိုင်းလှည့်လည် နတ်ဘုရားတစ်ဦး၏ အသံက ပြင်ပမှ ဝင်ရောက်လာသည်။ ဤတစ်ကြိမ်တွင် တစ်ဦးတည်းသာ ပြောဆိုခြင်း ဖြစ်သည်။ 

ဖူလီက ကျောက်ဝူကို စိုက်ကြည့်နေသော ကျွမ်းချင်ကို ကြည့်လိုက်သည်။ ကျောက်ဝူက ကြောက်လန့်လှသဖြင့် ဘောလုံးတစ်လုံးသဖွယ် ကွေးနေပြီ ဖြစ်သည်။ ကျွမ်းချင်က ဖူလီကို အသံတိုးတိုးဖြင့် ဆိုလိုက်သည်။

"မင်းအဆင်ပြေသလိုလုပ်လိုက်..."

သူက ထိုင်ခုံဆီသို့လျှောက်သွားကာ ထိုင်ချပြီး စီမံခန့်ခွဲရေးဗျူရိုအား သူတို့ လာစရာမလိုတော့ကြောင်းကို စာလှမ်းပို့လိုက်သည်။

မကောင်းဆိုးဝါး ဝိညာဉ်များ၏ ဖုန်းလိုင်းဖြတ်တောက်ခြင်းခံရသည်ဟူသောအချက်က ကျွမ်းချင်ကို အနည်းငယ်မျှပင် မသက်ရောက်စေပါပေ။ 

"သူမကို ဒီနေရာက ထွက်သွားဖို့ ကူညီပေးလိုက်... ပြီးရင်..."

ဖူလီက ကျောက်ဝူကို တစ်ချက်လှမ်းကြည့်လိုက်သည်။
"သူမကို လွှတ်ပေးလိုက်..."

"မရဘူး... မရဘူး... မင်းသူမကို လွှတ်ပေးလို့မရဘူး..."
ကျောက်ဝူက အလန့်တကြား ခေါင်းခါလိုက်သည်။ 
"သူမက နောက်ပိုင်းမှာ ငါ့ကို ပိုပြီး ဒုက္ခပေးရင် ဘယ်လိုလုပ်မလဲ..."

ဖူလီက ပြုံးလိုက်သည်။ သူ့မျက်ဆံများထဲတွင် ရွှေရောင်အလင်းက တဖျပ်ဖျပ်လက်နေပေသည်။
 
"အဲ့ဒါ မကောင်းဘူးလား..."

ဖူလီ၏ ရွှေရောင် အကြည့်များအောက်တွင် ကျောက်ဝူက သူ့လည်ပင်းတွင် လက်ကြီးတစ်ခုရှိနေပြီး သူ့အား တစ်ခွန်းမှ မပြောနိုင်အောင် တားဆီးထားသည်ဟု ခံစားလိုက်ရသည်။ သူက နောက်ပြန်လှည့်ကြည့်လိုက်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်နေကာ အခန်းထဲရှိ လူတိုင်းက ရုပ်ထုများသဖွယ် လှုပ်ရှားမှု မရှိသည်ကို သဘောပေါက်သွားလေသည်။ 

"မင်းက... မင်းက..."

ကျောက်ဝူက အော်ဟစ်လိုက်သည်။

"မကောင်းဆိုးဝါးပဲ..."



👹👹👹👹👹