🐰Chapter 121🐉
ငါကြောက်တယ်
"မင်းက... မင်းက..."
ကျောက်ဝူက အော်ဟစ်လိုက်သည်။
"မကောင်းဆိုးဝါးပဲ..."
ဖူလီက ပြုံးကာ သူ့ပါးစပ်ကို ဖွင့်လိုက်ပြီး သွားချွန်ချွန်များကို လှစ်ပြလိုက်သည်။
"မင်းဆက်အော်နေရင် ငါမင်းကို စားပစ်မယ်..."
"မကောင်းဆိုးဝါး... မကောင်းဆိုးဝါး..."
ကျောက်ဝူက အလွန်ကြောက်လန့်နေကာ သေးများထွက်ကျပြီး တုန်ယင်နေကာ နောက်ပြန် တွားသွားလိုက်သည်။ သူက ခြေထောက်တစ်ဖက်က အနည်းငယ် လှုပ်ရှားနေသည်ကို မြင်လိုက်ပြီး ၄င်းကို အလျင်အမြန် ဆုပ်ကိုင်လိုက်သည်။
"ဒီလူက မကောင်းဆိုးဝါးတစ်ကောင်ပဲ..."
ကျွမ်းချင်က သေးနံ့နံနေသော လူသားကို ဘေးသို့ ကန်ထုတ်လိုက်ပြီး အမူအရာမဲ့ မေးလိုက်သည်။
"ဘာ မကောင်းဆိုးဝါးလဲ..."
"မင်းလက်ထောက်က မကောင်းဆိုးဝါးကြီး..."
ကျောက်ဝူ၏ အသံမှာ ဝမ်းနည်းနေသော လေသံကို သယ်ဆောင်ထားသည်။ သူ့၏ တစ်ကိုယ်လုံးက ရူးသွပ်ခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
"မင်းပြောတဲ့ မကောင်းဆိုဝါးက..."
ကျွမ်းချင်က သူ့ဖုန်းကို အောက်ချလိုက်သည်။
"ဒီလိုမျိုးလား..."
ထို့နောက် သူ့မျက်နှာပေါ်တွင် ရွှေရောင် နဂါးကြေးခွံများပေါ်လာလေသည်။ သူ့ခေါင်းမှ ခိုင်မာ ကောက်ကွေးသော ချိုများလဲ ထွက်လာကာ အမှောင်ထုထဲတွင် ရွှေရောင်အလင်းတန်းများ ပေးနေပေသည်။
ကျောက်ဝူက ပါးစပ်အဟောင်းသား ဖြစ်နေလေသည်။ သူက အသံကျယ်ကြီးဖြင့် ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။
"အသုံးမကျတဲ့ အမှိုက်ကောင်... ကြောက်တာကိုကျ မခံနိုင်ဘူး... ဒါပေမဲ့ ကိုယ့်ကလေးကိုတော့ စားရဲတယ်..."
ဖူလီက ခါးကုန်းကာ ကျောက်ဝူ၏ ပခုံးပေါ်ရှိ ကလေးဝိညာဉ်များစွာကို ချီလိုက်သည်။ သူ့၏ ညာဘက်လက်ညိုးဖြင့် တစ်ချက်ထိလိုက်ရာ ထိုကလေးဝိညာဉ်များက အတောင်ပံတစ်စုံရရှိသွားသည်။
သူက ပြတင်းပေါက်ကို ဖွင့်ကာ ကလေးဝိညာဉ်များကို ပြုံးပြလိုက်သည်။
"တောင်ပံတွေက မင်းတို့ကို မြေအောက်ကမ္ဘာရဲ့ လမ်းကို ခေါ်သွားလိမ့်မယ်... သွားတော့..."
ကလေးဝိညာဉ်များက တိတ်တဆိတ် ငိုကြွေးကာ သူ့လက်မောင်းပတ်လည်တွင် လှည့်ပတ်နေကြသည်။
"နောက်ဘဝကျရင် ပျော်ရွှင်စရာမိသားစုလေးရပြီး ဒီလို ဆန်ကုန်မြေလေး လူသားမျိုးနဲ့ မတွေ့ပါစေနဲ့..."
ဖူလီက ပြုံးကာ သူတို့၏ ကြည့်ရှု မကောင်းသော သွင်ပြင်ကို မနှစ်သက်ခြင်း မရှိပဲ သူတို့၏ တောက်ပသော ခေါင်းနီများကို ပွတ်သပ်လိုက်သည်။
"သွားကြ..."
ထိုအချိန်မှသာ ခြေလက်မဖွံ့ဖြိုးသေးသော ကလေးဝိညာဉ်များက ဖူလီနှင့် ခွဲခွာသွားကြသည်။ ရွှေရောင်တောက်ပနေသော တောင်ပံများခတ်ကာ သူတို့က ညအမှောင်ထဲသို့ဝင်ရောက် ပျံသန်းသွားလေသည်။
ကျွမ်းချင်က ခြေတစ်လှမ်းတိုးကာ ပြတင်းပေါက်များကို ပိတ်လိုက်သည်။ သူ့လက်တစ်ဖက် ယမ်းလိုက်ရာ အခန်းပတ်ဝန်းကျင်မှ မြူခိုးများက သဲလွန်စပင် မရှိပဲ ပျောက်ကွယ်သွားလေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ မင်္ဂလာရှိသော ချီဖြင့် မကျေမချမ်းမှုမှ ဖန်တီးထားသော မြူခိုးများက မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေသည်။ သူက ဖူလီတွင် တခြားသော အစီအစဉ်ရှိဟန်ရ၍ ယခုအချိန်ထိ သည်းခံနေခြင်းဖြစ်သည်။
အခန်းထဲရှိ လူများအားလုံးက သူ့၏ ရပ်တန့်ခြင်းကို ခံထားရသည်။ သူက ကူကယ်ရာမဲ့ ပြုံးလိုက်သည်။
"မင်း ကျောက်ဝူရဲ့ မှတ်ဉာဏ်တွေကို ဖျက်ချင်လား..."
"သူ့ကို ဒီမှတ်ဉာဏ်တွေ ချန်ထားပေးတာက ပိုစိတ်ဝင်စားစရာမကောင်းဘူးလား..."
ဖူလီက တံခါးဖွင့်ကာ လက်ယမ်းပြလိုက်သည်။ လုံခြုံရေး အစောင့်လေးဦးက ဤအခန်းထဲသို့ မဝင်မီ သူတို့ယခင်က ရှိနေသာ နေရာတွင် ပြန်ရောက်သွားကာ အခန်းထဲရှိ အရာရာက သာမန်အခြေအနေသို့ ပြန်ရောက်သွားသည်။
ကျွမ်းချင်က ဖူလီကို ထိုင်ခုံပေါ်သို့ ဆွဲခေါ်ကာ ထိုင်လိုက်ပြီး ချောင်းတစ်ကြိမ်ဆိုးလိုက်သည်။
အခန်းထဲရှိ လူတိုင်းက ပြန်လည် အသက်ဝင်လာသည်။ သူတို့က ပြတင်းပေါက်များနှင့် တံခါးများ၏ အပြင်တွင် ပေါ်လာသည့် မြူခိုးများကို မေ့သွားကြပြီး ညပိုင်းလှည့်လည် နတ်ဘုရားများကိုလည်း မေ့သွားကြသည်။ သူတို့သိသည်မှာ သူတို့က ဤအခန်းထဲတွင် ထိုင်ကာ မိနစ်အနည်းငယ်ကြာအောင် စကားပြောနေကြသည် ဆိုသည်ကိုပင်။
လျှပ်စီးကြောင်းများက သာမန်ပြန်ဖြစ်သွားသည်။ ထိုအချိန်မှသာ လူတိုင်းက အခန်းထောင့်တွင် မေ့မြောကာ ခန်းစည်းများဖြင့် ကွယ်နေသော ကျောက်ဝူကို မြင်သွားကြသည်။ လူတိုင်းက ကျောက်ဝူအတွက် လူနာတင်ယာဉ် ခေါ်မည့်အချိန်တွင် သူက နိုးလာလေသည်။ သူက ယခုတွင် တောက်ပနေသော အခန်းကို ကြည့်ကာ သူက အိပ်မက်တစ်ခုမက်ခဲ့သည်ဟု ခံစားလိုက်ရသည်။
"လူကြီးမင်း ကျောက်... အဆင်ပြေရဲ့လား..."
အလုပ်သမားတစ်ဦးက တုံ့ဆိုင်းစွာ သူ့ကို ထူပေးလိုက်သည်။
"ကျောက်ဝူ... မင်း အမှောင်ကို ဒီလောက်ကြောက်မယ်လို့ ငါမထင်ထားဘူး..."
"ဓာတ်အား ပြသနာတစ်ခုဖြစ်နေတာပါ... မကြောက်ပါနဲ့..."
ကျောက်ဝူက ထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီးနောက် သူ့ဘောင်းဘီများက စိုနေသည်ကို သဘောပေါက်သွားသည်။ သူမမေ့ခင်က မှတ်ဉာဏ်များအားလုံးက ပြန်ရောက်လာလေသည်။ သူက ရုတ်တရက် ထိုင်ခုံမှ ထရပ်လိုက်သည်။
"ခုဏတုန်းက မြူတွေနဲ့ သရဲမကရော..."
လူတိုင်းက ကြောင်အနေကြသည်။
ဘာမြူလဲ... ဘာသရဲလဲ...
"လူကြီးမင်း ကျောက်... မင်း အိပ်မက်မက်နေတာလား..."
ဖူလီက ကျောက်ဝူကို စိုးရိမ်တကြီး ကြည့်လိုက်သည်။
"မင်း... မင်း..."
ကျောက်ဝူက ကျွမ်းချင်နှင့် ဖူလီကို လှည့်ကြည့်လိုက်သည်။ သူ့သွားများက ခိုက်ခိုက်တုန်ကာ ထပ်မံ မေ့မြောသွားလေသည်။
အခန်းထဲတွင် ထပ်မံ၍ ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။
ဖူစစ်တစ်ဦးသာလျှင် သူ့၏ သူ့နားထင်ကို သံသယအပြည့်နှင့် ကုတ်လိုက်သည်။
လက်ထောက်ဖူက ခုဏလေးကတင် ထိုင်ခုံရဲ့ ဘယ်ဖက်မှာ ထိုင်နေတာ သူမှတ်မိပါတယ်... သူက ဘယ်လိုလုပ်ပြီး ချက်ချင်းကြီး ညာဖက်မှာ ထိုင်နေရတာလဲ...
ဒါမှမဟုတ် အခန်းက အရမ်းမှောင်နေလို့ပဲ သူက အမှတ်မှားတာများလား...
.......
ညလေပြည်က အေးမြနေသည်။
ချူးယွီက ဟိုတယ်မှ ပေါ်ထွက်လာသော သိပ်သည်းသည့် တစ္ဆေချီဓာတ်ကို ကြည့်လိုက်သည်။ သူ ဂျာကင်ကို တင်းတင်းဆွဲကာ စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး တစ်ချက်ရှိုက်လိုက်သည်။ များစွာသော ကလေးဝိညာဉ်များက သူတို့၏ ပြန်လည် မွေးဖွားခြင်း တောင်ပံများကို ခတ်ကာ သူ့ခေါင်းပေါ်မှ ပျံသွားသည့် အခါမှသာ သူက ခေါင်းကို ထပ်မံ မော့ကြည့်လိုက်သည်။
သူက ထိုနှစ်များအတွင်း တာအိုဘုရားကျောင်းတွင် ပြန်လည်မွေးဖွားခြင်း တောင်ပံများကို မြင်ခဲ့ပြီး ဖြစ်သည်။ ဗိုလ်ချုပ်တစ်ဦးအား မြေအောက်ကမ္ဘာလမ်းကို ကူညီရှာဖွေရန် တာအိုပညာရှင်တစ်ဦးက သူ၏ ကိုယ်ပိုင်ကျင့်ကြံခြင်းကို အသုံးပြုကာ တောင်ပံတစ်စုံ ဖန်တီးခဲ့သည်။ တောင်ပံများသည် ဗိုလ်ချုပ်၏ ဝိညာဉ်က မြေအောက်ကမ္ဘာ၏ တံခါးဝသို့ ရောက်သည့် အချိန်မှသာ ပျောက်ကွယ်သွားမည် ဖြစ်သည်။ ထိုကဲ့သို့ နည်းလမ်းက ဝိညာဉ်ချီဓာတ် အများအပြား ကုန်ဆုံးသည်ဖြစ်ရာ ကျင့်ကြံသူ အနည်းငယ်သာလျှင် အထီးကျန်နေသော ဝိညာဉ်များနှင့် ရိုင်းစိုင်းသောသရဲများအတွက် ထိုကဲ့သို့ စတေးမှုကြီးကို ပြုလုပ်လိုသည် ဖြစ်သည်။ ထိုစွမ်းရည်ကို အသုံးပြုနိုင်သူလည်း အများအပြား မရှိပါပေ။
သူက ၄င်းကို နှစ်ပေါင်း ၈၀၀အကြာတွင် ထပ်မံတွေ့ရမည်ဟု မမျှော်လင့်ထားပါပေ။
၄င်းက အတန်ပင် လှပပေသည်။
သူက စီးကရက်တစ်လိပ်ကို ကုန်အောင်သောက်လိုက်ပြီး သန့်စင်ခြင်းစွမ်းရည်တစ်ခုကို အသုံးပြုကာ သူ့ကိုယ်ပေါ်မှ မီးခိုးနံ့ကို အစအနမကျန် ပျောက်သွားစေလိုက်သည်။ ထို့နောက် သူက ကားဆီသို့ ပြန်ကာ စက်နှိုးလိုက်သည်။
အချိန်ကိုကြည့်လိုက်ရာ ဘော့စ်နှင့် ဖူလီက မကြာမီ ထွက်လာတော့မည် ဖြစ်သည်။
စင်နောက်တွင် ဓာတ်အားပြတ်တောက်မှုတစ်ခု ရှိပြီး အရေးပေါ် အရံစနစ်က ကျရှုံးခဲ့ပေသည်။ သာမန်အခြေအနေများတွင် ဤသည်က ကိစ္စအသေးအမွှားဖြစ်ပေသည်။ သို့သော် ထိုကဲ့သို့ အမှားအယွင်းက ဤကဲ့သို့ အရေးကြီး ပွဲတစ်ခုတွင် ဖြစ်သွားသည်က ပြသနာကြီးတစ်ခု ဖြစ်လာစေပေသည်။ ဤနေရာက ထွက်သွားပါက ပွဲစီစဉ်သူများကို သူတို့၏ အရည်အချင်း မပြည့်မီမှုအတွက် လှောင်ပြောင်မည့်သူ မည်မျှရှိမည်ကို ပြောစရာပင် မလိုပါပေ။ တာဝန်ရှိသူက စင်နောက်သို့ အလျင်အမြန်သွားကာ လူကြီးများကို တောင်းပန်လုဆဲဆဲတွင် ကျောက်မိသားစု၏ ဒုတိယသခင်လေးက မေ့လဲသွားသည်ကို ကြားလိုက်လေသည်။ ထိုသတင်းကို ကြားပြီးနောက် သွေးတွင်းအချိုဓာတ်က သူ့လည်ပင်းဆီသို့ တက်လာကာ သူ့ကိုယ်တိုင်လည်း မေ့လဲသွားနိုင်သည်ဟု ခံစားလိုက်ရပေသည်။
တာဝန်ရှိသူက ဆရာဝန်ခေါ်ကာ အရေးပေါ် ကုသမှုပြုလုပ်ပေးပြီး တောင်းပန်ကာ ပြုံးပြလိုက်သည်။ ထိုလူကြီးများက များစွာ မညည်းညူသော်လည်း သူတို့ကဲ့သို့ အရေးကြီး ပုဂ္ဂိုလ်များက မျက်နှာထက်တွင် ခံစားချက်များကို မပြသရာ၌ ဆရာသခင်များ ဖြစ်ပေသည်။ သူတို့က အမှန်တကယ်ပင် စိတ်ဆိုးသည်လား မဆိုးသည်လားကိုမူ ကောင်းကင်ဘုံသာ သိပေလိမ့်မည်။
ထိုလူများကို လေးလေးစားစား ပြန်ပို့ပြီးနောက် တာဝန်ရှိသူက စင်နောက်တွင် တာဝန်ကျနေသော ဝန်ထမ်းများကို ဆူငေါက်တော့သည်။
"စင်နောက်မှာ ဓာတ်အားပြတ်တောက်တာက မိနစ်၂၀နီးပါးကြာတယ်... မင်းတို့အားလုံး ဘာလုပ်နေတာလဲ... ငါ့ကို ဘာလို့ ချက်ချင်း မဆက်သွယ်တာလဲ..."
လုံခြုံရေး ဝန်ထမ်းများက တိတ်ဆိတ်သွားကြေပသည်။ သူတို့က ဓာတ်အားပြတ်တောက်မှု ဖြစ်သည့်အချိန်နှင့် လူကြီးများ အခန်းထဲသို့ ဝင်ကာ ထိုင်လိုက်သည့်ကြားထဲတွင် အချိန်များစွာ ကုန်သွားသည်ဟု မခံစားရသည့်တိုင် မိနစ်၂၀နီးပါး ကုန်သွားပေသည်။ ဓာတ်အားပြတ်တောက်မှုအတွင်း အရှေ့ကောင်တာမှ တစ်ဦးမှပင် သတိမထားမိသည်ကလည်း အလွန်ထူးဆန်းပေသည်။
"မင်းတို့တွေ ဒီကိစ္စက အပြင်မှာ ရုတ်ရုတ်ရုတ်ရုတ်မဖြစ်စေဖို့ ဆုတောင်းတာ ပိုကောင်းမယ်... အဲ့လိုမှမဟုတ်ရင်တော့ ငါတို့အကုန်လုံး သွားပြီပဲ..."
တာဝန်ရှိသူက သူ့မျက်နှာကို ပွတ်သပ်လိုက်သည်။ အပြုံးတစ်ခုကို အားတင်းကာ သူက ဖျော်ဖြေရေးနယ်ပယ်၏ လူကြီးများထံ သွားလိုက်ပေသည်။
ကျွမ်းချင်နှင့် ကျန်လူများက VIP လျှောက်လမ်းမှ လျှောက်ထွက်လာသည်။ လူတိုင်းက စကားအနည်းငယ် ပြောဆိုပြီးနောက် ကားထဲသို့ဝင်ကာ ပြန်ရန် ပြင်ဆင်လိုက်ကြသည်။ ကျွမ်းချင်နှင့် ဖူလီ၏ နောက်ရှိ ဖူစစ်က အတန်ကြာအောင် စိတ်ထိန်းထားသော်လည်း သူ့နှလုံးသားထဲမှ သံသယကို တိတ်တဆိတ် မေးခွန်းထုတ်နေဆဲ ဖြစ်သည်။
"လူကြီးမင် ကျွမ်း... ခင်ဗျာ လေလံဆွဲထားတဲ့ ပစ္စည်းကို ယူဖို့ မေ့သွားတယ်ထင်တယ်..."
သူက တစ်သန်းနှင့် လေလံဆွဲထားသော ပစ္စည်းကို မကိုင်ထားသော်လည်း လေလံခန်းမထဲတွင် ချန်မထားခဲ့သင့်ပါပေ။ ပွဲစီစဉ်သူများ ရှာတွေ့သွားပါက အနေရခက်နေမည် ဖြစ်ကာ ကျွမ်းချင်ကို အကျိုးပျက်စေနိုင်ပေသည်။
"သူလေလံဆွဲထားတဲ့ ပစ္စည်း..."
ဖူလီက အတန်ကြာအောင် ကြောင်ကြည့်နေပြီးမှ ပြုံးလိုက်သည်။
"အိုး... ငါတို့ အဲ့ဒါကို ယူပြီးပြီ... ဓာတ်အား ပြတ်တောက်မှုဖြစ်တုန်းက လျှောက်လမ်းမှာ ငါတို့ ရင်းနှီးတဲ့ အနုပညာရှင်တစ်ယောက်နဲ့ တွေ့တယ်လေ... သူက ငါတို့ကို ကူထုတ်ပေးတာ..."
သူက ပတ်ဝန်းကျင်ကိုလှည့်ကြည့်ကာ အနီးနားရှိ ရှဲဝေ့လုံကို လက်လှမ်းပြလိုက်သည်။
"ရှဲလေး..."
ဖူလီသူ့ကို ခေါ်လိုက်သည်ကို ကြားရာ အလျင်အမြန် ထွက်သွားလိုနေသော ရှဲဝေ့လုံက အလွန် ထိတ်လန့်သွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက တောင့်တင်းသွားလေသည်။ သူက ဖူလီဆီသို့ ခါးကိုင်းကာ လျှောက်လာပြီး ပြုံးပြလိုက်သည်။
"လူကြီးမင်းဖူ... ကျွန်တော်ကို ခေါ်တယ်လား..."
"ငါတို့က မြန်မြန် လျှောက်လာလို့ မင်းကို ကျေးဇူးတင်ဖို့ မေ့နေတာ... ငါတို့ မင်းကို ဒုက္ခပေးမိပြီ..."
ရှဲဝေ့လုံက ကြောင်သွားလေသည်။
သူ့ကို ဘာဒုက္ခပေးတာလဲ... သူ့ကို ဘာလို့ ကျေးဇူးတင်တာလဲ...
သို့သော် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သူက ဖျော်ဖြေနယ်ပယ်ထဲတွင် ရောနှောနေသော မြွေမိစ္ဆာတစ်ဦးသာဖြစ်၍ အလျင်အမြန် တုံ့ပြန်လိုက်သည်။
"ရပါတယ်... ရပါတယ်... လူကြီးမင်းဖူကို ကူညီပေးရတာ ကျွန်တော်က ဝမ်းသာပါတယ်..."
ထိုသူနှစ်ဦးက သူ့၏အဖိုးဟု ဆိုလျှင်ပင် သူက တုံ့ဆိုင်းခြင်းမရှိ မြေးနေရာကို ခံယူမည်ဖြစ်ရာ 'ကျေးဇူးတင်သည်' ဆိုသည်မှာ ပြောပဖွယ်ရာ မရှိပါပေ။
မြွေများက လိုက်လျောညီထွေ ဖြစ်ခြင်းတွင် အတန်ပင် တော်ပေသည်။ နဂါးတစ်ကောင်၏ မြေးဖြစ်ခြင်းက သူ့အတွက် အကျိုးရလာဒ်ပင် ဖြစ်သည်။
တစ်ခြားတစ်ဖက်တွင် ရှဲဝေ့လုံ၏ မန်နေဂျာက ကြောင်အနေပေသည်။ သူ့သည် ရှဲဝေ့လုံကို တစ်ချိန်လုံး မျက်စိဒေါက်ထောက် ကြည့်နေသည်ဖြစ်ရာ ရှဲဝေ့လုံက ချန်လုံ၏ ပေါင်ကို ဖက်နေသည်ကို မမြင်ခဲ့ရပါပေ။
ဒီလူနှစ်ယောက်က ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး အသိတွေ ဖြစ်သွားရတာလဲ... ဒါပေမဲ့လည်း ဘာပဲဖြစ်ဖြစ် ဒါက သူတို့အတွက် ကောင်းပါတယ်...
ဖူစစ်မှာ စီးပွားရေးနယ်ပယ်တွင် သူတို့၏ ခင်မင်မှုကြောင့် ကျွမ်းချင်ကို သတိပေးရခြင်းသာ ဖြစ်ပေသည်။ သူက အတွေးလွန်သွားသည်ကို သိပြီးနောက် ဤကိစ္စကို ပစ်ထုတ်ကာ ထပ်မံ မပြောဆိုတော့ပါပေ။ ကျွမ်းချင်နှင့် ဖူလီကို နှုတ်ဆက်ပြီးနောက် သူက နောက်လှည့်ကာ တွန့်ဆုတ်ခြင်းမရှိ လျှောက်ထွက်သွားလေသည်။
ဖူမိသားစု၏ အမွေခံအနေဖြင့် ဖူစစ်က ပြီးပြည့်စုံသည်ဟု ယူဆ၍ ရနိုင်ပေသည်။ သူက 'တစ်ခုခုကို အလွန်အကျွံမပြုလုပ်မိစေရန် ဂရုစိုက်ခြင်း'ဟူသော နိယာမကို နားလည်ပေသည်။
ကျွမ်းချင်နှင့် ဖူလီက သူ့ကို မလိုအပ်တော့သည်ကို မြင်ရာ ရှဲဝေ့လုံက သူ့၏ မန်နေဂျာကို ကုမ္ပဏီမှ သူတို့အတွက် လာကြိုသော ကားကြီးထံသို့ ဆွဲခေါ်သွားလိုက်သည်။ သူ့မန်နေဂျာက အတင်းပြောလိုနေသည်ကို သတိထားမိရာ သူက ချက်ချင်းဆိုလိုက်သည်။
"သူတို့နှစ်ယောက်ကြားက အတင်းအဖျင်းတွေ အကြောင်းမမေးနဲ့... အဲ့နှစ်ယောက်က အကောင်ကြီးတွေ... တကယ့် အကောင်ကြီးတွေ..."
မန်နေဂျာက ပါးစပ်အဟောင်းသားဖြင့် ကြောင်ကြည့်ကာ ဆိုလိုက်သည်။
"ငါပြောချင်တာက အဲ့လက်ထောက်က ဟိုတစ်ခေါက်တုန်းက ငါတို့ဟိုတယ်မှာ တွေ့ခဲ့တဲ့ လုံခြုံရေးအစောင့်နဲ့ တူတယ်လို့ပါ..."
ရှဲဝေ့လုံက ခေါင်းညိတ်ပြလိုက်သည်။
"သူက ဘဝကို တွေ့ကြုံခံစားနေတာ... လူချမ်းသာတွေရဲ့ ဝါသနာလေ... မင်းသိပါတယ်..."
မန်နေဂျာက ခေါင်းညိတ်ပြလိုက်သည်။
"ငါနားလည်ပါတယ်... မင်းအရင်တစ်ခေါက်ကလည်း ငါ့ကို ပြောဖူးတယ်..."
သူက ထိုအချိန်ကမူ ရှဲဝေ့လုံ၏ စကားများကို သံသယဝင်မိသော်လည်း ဤသည်က အမှန်တကယ်ပင် ချမ်းသာသော ဘဝခံစားမှုတစ်ခု ဖြစ်နေခဲ့ပေသည်။
ရူးလိုက်တာ... သူက ကောင်းကောင်းမွန်မွန်နေလို့ရတာကို လုံခြုံရေးအစောင့်တစ်ယောက်လုပ်ချင်နေသေးတယ်...
"ဒါဆို သူနဲ့ ဥက္ကဌ ကျွမ်းနဲ့က..."
"ညီအစ်ကိုတွေ... မဆင်မခြင်မပြောနဲ့..."
ရှဲဝေ့လုံက အလန့်တကြား ကြားဖြတ်ဆိုလိုက်သည်။
"ငါ့ဘဝက အဲ့အပေါ်မှာ မူတည်တယ်..."
သူတို့နှစ်ဦးက လူသားများပင် မဟုတ်ကြပေ။ သူတို့ ဆန္ဒရှိပါက သူ့မန်နေဂျာ၏ စကားများကို နားထောင်နိုင်ပေသည်။ အချိန်ရောက်၍ လျှပ်စီးကြောင်းတစ်ခု ဆင်းလာသောအခါ သူတို့က အသက်ပင် မရှင်နိုင်ပါပေ။
သူတို့က ဘာအတင်းအဖျင်းထဲမှာများ ဝင်ပါနိုင်ဦးမှာလဲ...
"ဟုတ်ပါပြီ... ဟုတ်ပါပြီ... ဟုတ်ပါပြီ... ငါမပြောတော့ပါဘူး..."
ရှဲဝေ့လုံ၏ မျက်နှာက အလန့်တကြား ဖြူဖျော့သွားသည်ကိုမြင်ရာ သူက မည်သည်စကားမှ ထပ်မဆိုဝံ့တော့ပါချေ။ ထိုအစား သူက အလုပ်အကြောင်း ခေါင်းစဉ်ပြောင်းလိုက်လေသည်။
"မင်း မနက်ဖြန်ကျရင် ရသစုံရှိုးတစ်ခု ရိုက်ဖို့ တိရိစ္ဆာန်ရုံကို သွားရမယ်... ငါက စီစဉ်ရေးအဖွဲ့ကို မေးပြီးပြီ... မင်းရဲ့ ရာသီခွင်သင်္ကေတက မြွေ... မင်းရဲ့ အရှေ့နာမည်က ရှဲ... ပြီးတော့ မင်းရဲ့ ပရိသတ်တွေကတောင် မင်းအတွက် နာမည်ပြောင်ကို မြွေလေးလို့ ပေးထားတာ... အဲ့တော့ မနက်ဖြန် မင်းရိုက်ရမဲ့အပိုင်းက မြွေတွေနဲ့ ဆက်စပ်လိမ့်မယ်... မင်း မြွေကြောက်ရင် ငါစီစဉ်ရေး အဖွဲ့နဲ့ ဒီညှိနှိုင်းပြီး ဒီအစီအစဉ်ကို လက်လျော့ခိုင်းလိုက်မယ်..."
"မြွေတွေ..."
ရှဲဝေ့လုံက သူ့ရင်ဘတ်ကို ပုတ်လိုက်သည်။
"စိတ်မပူပါနဲ့... ငါမြွေမကြောက်ဘူး..."
နှစ်ရာချီ ရှင်သန်လာတဲ့ မြွေတစ်ကောင်အနေနဲ့ သူက အဲ့မြွေတွေရဲ့ မြွေဘိုးဘေးဖြစ်မှာလေ... ဘာကြောက်စရာရှိလို့လဲ...
.....
တစ်ခြားတစ်ဖက်တွင် ချူးယွီက ကျွမ်းချင်နှင့် ဖူလီအတွက် တံခါးဖွင့်ပေးလိုက်သည်။ သူက စိတ်ဝင်တစား မေးလိုက်လေသည်။
"အထဲမှာ မကောင်းဆိုးဝါးဝိညာဉ်တွေ ရှိတာလား..."
ချူးယွီက တစ်ခုခုက သေချာပေါက် ဖြစ်သွားသည်ဟု မှန်းဆလိုက်သည်။ သို့သော် သူက လှည့်ကြည့်လိုက်ရာ ဘော့စ်က သူ့အား မကြင်နာသော အကြည့်ဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရာ ချက်ချင်းပင် သူ့ပါးစပ်ကို ပိတ်ထားလိုက်လေသည်။ တစ်ချို့သော အခိုက်အတန့်များတွင် တိတ်ဆိတ်ခြင်းက ရွှေပင် ဖြစ်သည်။ အလွန်စကားများခြင်းက သူ့အား သေဆုံးခြင်းသို့ ခေါ်ဆောင်သွားနိုင်ပေသည်။
ကားက ယာဉ်ကြောအတိုင်း နှေးကွေးစွာ မောင်းနှင်လာသည်။ ဖူလီက ပြတင်းပေါက် ပြင်ပသို့ အတန်ကြာအောင် ကြည့်နေပြီးမှ ရုတ်တရက် မေးလိုက်လေသည်။
"ဘာလို့လဲ..."