အပိုင်း ၁၂၂
Viewers 18k

🐰Chapter 122🐉
ငါကြောက်တယ်


"ဘာလို့လဲ...."

ဘာလို့ ကိုယ့်ကလေးကို အလွယ်တကူ လက်လွတ်နိုင်ပြီးတော့ ပိုဆိုးတဲ့ လုပ်ရပ်တွေ လုပ်နိုင်တဲ့ လူတစ်ယောက် ရှိနေရတာလဲ... မျောက်ဝံဖြူကြီးပြောဖူးတာကတော့ လူသားတွေက ဉာဏ်ရည်အရှိဆုံး သတ္တဝါတွေတဲ့... သူတို့က ကိုယ်ပိုင်အစွမ်းအစနဲ့ ကိရိယာတွေ၊ ဘာသာစကားတွေနဲ့ လက်ရေးတွေကို တီထွင်ခဲ့တယ်... ရလာဒ်အနေနဲ့ သူတို့က လူ့ကျင့်ဝတ်တွေ၊ ထုံးတမ်းတွေကို နားလည်ပြီး တိရိစ္ဆာန်အများစုမှာ မရှိတဲ့ ကောင်းမွန်တဲ့ အကျင့်စရိုက်ကို ပိုင်ဆိုင်ထားတာလေ...

သို့သော် လူသားကမ္ဘာတွင် အတန်ကြာအောင် နေထိုင်ပြီးနောက် လူသားများက ပုံစံအမျိုးမျိုးနှင့် လာသည်ကို သဘောပေါက်သွားလေသည်။ မျောက်ဝံဖြူကြီး ပြောသကဲ့သို့ လူသားများ ရှိသော်လည်း လူသားဆန်မှု အနည်းငယ်ပင် မရှိသော သေမျိုးလူသားများလဲ ရှိပေသည်။ 
လူသားတွေအတွက် သူ့မျှော်လင့်ချက်က အရမ်းကြီးနေလို့ပဲလား... အဲ့ဒါကြောင့် သူက လူသားတွေရဲ့ ရုပ်ဆိုးတဲ့အပိုင်းကို မြင်တွေ့လိုက်ရတော့ သည်းမခံနိုင်ဖြစ်နေရတာလား...

"လူသားတွေက တိရစ္ဆာန်တွေထက် ဉာဏ်ရည် ပိုမြင့်နိုင်ပေမဲ့ သူတို့ကလည်း သက်ရှိပဲလေ... နတ်ဘုရားတွေ မဟုတ်ကြဘူး..."

ကျွမ်းချင်က ခေါင်းငုံ့ကာ သူ့ဒူးပေါ်ရှိ ဖူလီ၏ လက်ကို ကြည့်လိုက်သည်။ သူက လက်လှမ်းကာ ဖူလီ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်မှာ ဤအနေအထားက ဖူလီကို နှစ်သိမ့်ပေးရန် ပိုမိုကောင်းမွန်သကဲ့သို့ပင်။ 

"ဒီကမ္ဘာပေါ်မှာ ပြီးပြည့်စုံတဲ့ လူသားဆိုတာမရှိဘူး... ပြီးပြည့်စုံတဲ့ ယောင်ကျင့်ကြံသူတစ်ယောက်မှ မရှိသလိုပေါ့..."

ဖူလီ၏ နှုတ်ခမ်းများက လှုပ်ရှားသွားသည်။ သူက ကျွမ်းချင်ကို မငြင်းနိုင်သလို ကျွမ်းချင်က သူ့လက်ကောက်ဝတ်ကို ကိုင်ထားသည်မှာ တစ်ခုခုမှားယွင်းနေသည်ဟုလည်း မခံစားရပါပေ။ 

"ငါမွေးပြီးတော့ ငါ့အမေ အဖျားရောဂါကြောင့် မသေခင်အထိ ငါက လူသားလောကမှာနေခဲ့တာ... အဲ့ဒါပြီးတော့ ငါက နဂါးနန်းတော်မှာ နှစ်နည်းနည်းနေတယ်... အဲ့ဒါပြီးတော့ ငါက လူသားကမ္ဘာထဲမှာ ဆက်တိုက် လျှောက်သွားနေတာ... အရှေ့၊ အနောက်နဲ့ အအေးဆုံး မြောက်နဲ့ တောင် ဝင်ရိုးစွန်းတွေ အထိပဲ... ငါ့မှာလူသား မိတ်ဆွေတွေတောင် ရှိတယ်..."

ကျွမ်းချင်၏ အသံက တည်ငြိမ်နေပြီး သူ့မှတ်ဉာဏ်များကို ပြန်တွေးလျက် ခံစားချက်အတက်အကျ များနေပေသည်။ 

"ငါ့အမေက ရိုးရာထုံးတမ်းအရ မိန်းမကောင်းတစ်ယောက်လို့ ယူဆလို့မရဘူး... သူမက ဧကရာဇ်ရဲ့ မျက်နှာပေးတာ မခံရပေမဲ့ မင်းသမီးတစ်ပါးဖြစ်လို့ ကုန်းမြေတွေ၊ ကြွယ်ဝမှုတွေ၊ အစေခံ မိန်းကလေးတွေနဲ့... အမျိုးသား အဖော်တွေလည်း အများကြီး ပိုင်တယ်...  သူမက ကြင်ရာတော် မင်းသားသေပြီးတော့ ရက်၁၀၀တောင် ဝမ်းနည်းမနေပဲ အမျိုးသားအဖော်တွေကို ဆင့်ခေါ်ပြီး ပျော်ပါးခဲ့တာ... အဲ့လို အမျိုးသမီးတစ်ယောက်က တော်ဝင်နဲ့ သံယောဇဥ်ကြီးတဲ့ လူသားတစ်ယောက်ရဲ့ ထုံးတမ်းကို မလိုက်နာခဲ့လောက်ဘူး..."

ဖူလီက တိတ်ဆိတ်နေဆဲ ဖြစ်သည်။ သူက အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ မိမိ၏ တွဲဖက်အား သစ္စာတရား ရှိကိုရှိရမည်ဟု ထင်ပေသည်။ တစ်ဦးသေဆုံးသွား၍ တစ်ခြားတစ်ယောက်ကို ရှာဖွေခြင်းက နားလည်ပေးနိုင်ပေသည်။ သို့သော် ထိုသို့ဆိုလျှင်ပင် တစ်စုံတစ်ဦးက ခံစားချက်များကို အလေးအနက် ပြုမူကာ ဤမျှ ပေါ့တန်တန်မပြုလုပ်သင့်ပါ။

"ဒါပေမဲ့ အဲ့လို မိန်းမမျိုးက အလိုမရှိပဲ ကိုယ်ဝန်ရခဲ့တော့ အပြင်လူတွေရဲ့ စကားတွေကို မကြောက်ခဲ့ဘူး... သူမက ငါ့ကို မွေးထုတ်ပေးခဲ့တယ်..."

ကျွမ်းချင်၏ နှုတ်ခမ်းထောင့်လေးက အနည်းငယ် မြင့်တက်သွားသည်။ 
"သူက ဘဝကို ဘယ်လို ပျော်ရွှင်ရမလဲဆိုတာပဲ သိပေမဲ့ ငါ့ကို အတော်ကို ကောင်းကောင်း ဆက်ဆံပေးခဲ့တယ်... သူမ သေခါနီးမှာတောင် သူမကို ဘယ်တုန်းကမှ မနှစ်သက်ခဲ့တဲ့ ဧကရာဇ်ဆီကို သွားပြီးတော့ ငါ့အတွက် တော်ဝင်ဘွဲ့တစ်ခုနဲ့ နယ်မြေတစ်ခုကို တောင်းပေးခဲ့တာ..."

"အဲ့ဒါက 'အမတ်ဝမ့်အမ်း၊ ရှန်နိုင်ငံ'လား..."
ဖူလီက မေးလိုက်သည်။ 

"ဟုတ်တယ်..."
ကျွမ်းချင်က အံ့အားသင့်သွားသည်။ 
"မင်းဘယ်လိုလုပ်သိတာလဲ..."

ထိုအချိန်မှသာလျှင် ဖူလီက သူခိုးခဲ့သော ကျောက်စိမ်းပြားကို ပို့ပေးရန်အတွက် ငှက်ကလေးတစ်ကောင်ကို အထူး ဖိတ်ခေါ်ခဲ့သည်အား ပြန်သတိရသွားပြီး ကျွမ်းချင်က သူဗျူရို၏ ဝန်ထမ်းစည်းကမ်းများကို ဖောက်ဖျက်ခဲ့သည်အား သိသွားမည်ကို စိုးရိမ်သွားလေသည်။ သူက သတိပြန်ဝင်သွားပြီး ချောင်းဆိုးလိုက်သည်။

"ငါလည်း ဘယ်ကကြားတာလဲ မသိတော့ဘူး... ဘာပဲဖြစ်ဖြစ် အဲ့ဒါက ငါ့အထင်ပါ..."

ကျွမ်းချင်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ 
ရောင်ပြန်မြူတောင်က ဖူလီကို တကယ်အရမ်းကို နာခံတတ်အောင် လုပ်ထားတာပဲ... သူက လိမ်တောင်မလိမ်နိုင်ဘူး...

"အဲ့လိုလား..."

ကျွမ်းချင်က ဖူလီ၏ အလိမ်အညာကို မဖော်ထုတ်ခဲ့ပါပေ။ သူက ခေါင်းညိတ်ကာ ဆိုလိုက်သည်။

"ငါက သာမန်လူတွေကို ကာကွယ်ဖို့အတွက် သူတို့ရဲ့ မိသားစုဝင်တွေက ရန်သူရဲ့ ပစ်သတ်ခြင်းခံရတာကို မျက်ရည်တွေနဲ့ ကြည့်ခဲ့ရတဲ့ ဗိုလ်ချုပ်တွေကို မြင်ခဲ့ဖူးတယ်... ကျက်သရေရှိပြီး မြင့်မြတ်တဲ့ လူတစ်ယောက်က ထင်ပေါ်ကျော်ကြားမှုအတွက် တိုင်းပြည်ကို ပြန်ပြီး သစ္စာဖောက်တာမျိုး ကြုံခဲ့ဖူးတယ်... ပါးစပ်ကြမ်းတဲ့ ရွာသူတစ်ယောက်က ရွာက ကလေးတွေကို ကာကွယ်ဖို့အတွက် လျှောက်သွားနေတဲ့ ဓားပြတွေကို အယောင်ပြပြီး သေဆုံးသွားတာကို တွေ့ခဲ့ဖူးတယ်... မသေမျိုးဖြစ်ဖို့အတွက် မကောင်းဆိုးဝါး မိစ္ဆာတွေနဲ့ ပူးပေါင်းပြီးတော့ ငါ့ကိုသေအောင် အဆိပ်ခတ်ဖူးတဲ့ တော်တော်လေးရင်နှီးတဲ့ မိတ်ဆွေတစ်ယောက်တောင်ရှိခဲ့ဖူးတယ်..."

"အဲ့ဒါပြီးတော့ ဘာဖြစ်သွားလဲ..."
ဖူလီက မေးလိုက်သည်။ 

"မင်းအဆင်ပြေရဲ့လား..."

"ငါက အဲ့အချိန်တုန်းက ဒုတိယမြောက် နဂါးပြောင်းလဲခြင်းကို ကြုံနေရပြီး လူသားဆေးတွေကို သဘာဝအတိုင်း ခွဲခြားနိုင်နေတာ..."

ကျွမ်းချင်က မျက်လွှာချလိုက်သည်။
"အဲ့တော့ ငါမသောက်လိုက်ဘူး..."

"မင်းမသောက်လိုက်တာ မှန်တယ်..."
ဖူလီက ဆိုလိုက်သည်။

"မင်းက နဂါးတစ်ဝက် လူသားတစ်ဝက်ပဲ... ပြီးတော့ အဲ့တုန်းက မင်းရဲ့ ကျင့်ကြံခြင်းကလည်း မတည်ငြိမ်သေးဘူး... လူသားအဆိပ်က မင်းအပေါ် အကျိုးသက်ရောက်မှုတော့ ရှိနေတုန်းပဲ..."

ကျွမ်းချင်ဆိုသော အရာများက လုပ်ဆောင်ချက်ဖြစ်စေ ရလာဒ်ဖြစ်စေ ကောင်းမွန်သည်ဟု ယူဆ၍ မရနိုင်ပါပေ။ သို့သော် ဖူလီက အမှန်တကယ်ပင် အနည်းငယ် စိတ်သက်သာရာ ရသွားသည်ဟု ခံစားရပေသည်။ လူသားများက တစ်ချိန်လုံး ဤမျှ စိတ်မချရသည်လည်း မဟုတ်ပါပေ။ 

ထိုအချိန်တွင် ကားက ရပ်တန့်သွားသည်။ ဖူလီက ပြတင်းပေါက်သို့ လှည့်ကြည့်လိုက်သည်။ ရောင်ပြန် အင်္ကျီတစ်ထည်ဝတ်ထားသော ရဲသားတစ်ဦးက ကားတစ်ဦးအောက်တွင် တစ်ခုခုကို ရှာနေပေသည်။ အေးစက်သော မြေပြင်တွင် ဒူးနှစ်ဖက်စလုံးထောက်ထားသည်မှာ အနည်းငယ် သက်သောင့်သက်သာ မဖြစ်ဟန် ရပေသည်။ သို့ဖြစ်၍ သူက အလျင်အမြန်ပင် ဒူးတစ်ဖက်ထောက်ထားသည့် ပုံစံပြောင်းလိုက်သည်။ 

ဝုတ်...
ကားအောက်မှ အသံတစ်ခု ထွက်လာသည်။ 

ခဏကြာပြီးနောက် ရဲသားက မတ်တပ်ရပ်လိုက်ပြီး သူ့လက်များက ညစ်ပေနေသော ခွေးကလေးတစ်ကောင်ကို ပွေ့ဖက်ထားသည်။ သူ့မျက်နှာထက်တွင် အပြုံးတစ်ခု ရှိနေပေသည်။ ဖူလီရှိနေသော ကားက သူ့ကားနောက်တွင် ရပ်နေသည်ကို သတိပြုမိရာ ရဲအရာရှိက ခွေး၏ မျက်လုံးထဲသို့ အလင်းများ ကျရောက်ခြင်းကို ကာကွယ်ရန် ခွေးကလေး၏ မျက်လုံးများကို လက်တစ်ဖက်ဖြင့် ဖုံးထားလိုက်သည်။

"တောင်းပန်ပါတယ်... တောင်းပန်ပါတယ်..."

ရဲအရာရှိက ဖူလီနှင့် တခြားသူများကို အရိုအသေပေးကာ ခွေးကလေးကို ရဲကားထဲသို့ သယ်သွားလိုက်သည်။

သူတို့ကားက ရဲကားကို ကျော်သွားသည်။ ဖူလီက နောက်ကို လှည့်ကြည့်လိုက်ရာ ရဲအရာရှိက မောင်းသူနေရာတွင် ထိုင်ပြီး သူ့ယူနီဖောင်းကိုချွတ်ကာ အထဲမှ ဆွယ်တာအပါးတစ်ထည်ကို ချွတ်ကာ ခါလိုက်ပြီး ရှေ့ခုံတွင်ရှိသော တစ်စုံတစ်ခုကို ဖုံးအုပ်လိုက်သည်။

သူက ခွေးလေးကို ဖုံးပေးနေတာနေမှာ ဟု ဖူလီက တွေးလိုက်သည်။

"မင်းဘာကြည့်နေတာလဲ..."
ကျွမ်းချင်က မေးလိုက်သည်။

"ချစ်စရာကောင်းတဲ့ လူတစ်ယောက်..."
ဖူလီက ပြုံးလိုက်သည်။

"နဂါးလေးကျွမ်း... ကျေးဇူးပဲ... မင်းစကားတွေရဲ့နောက်က အဓိပ္ပာယ်ကို ငါနားလည်သွားပြီထင်တယ်..."

ကျွမ်းချင်က ဖူလီ၏ လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်ပြီး လှောင်ပြောင်ကာ ဆိုလိုက်သည်။

"အဲ့လို ရိုးရှင်းတဲ့ မေးခွန်းကိုတောင် ရှင်းပြဖို့ ငါ့ကို လိုနေတာ... မင်းက ဘဝအတွေ့အကြုံ နည်းသေးတာပဲ... မနက်ဖြန် မြို့တော်ရဲ့ တိရိစ္ဆာန်ရုံမှာ လုပ်မဲ့ ပွဲတစ်ခုရှိတယ်... ငါမင်းကို အဲ့ပွဲမှာ ကင်းလှည့်ဖို့ ခေါ်သွားမယ်... မင်းက လူသားတွေနဲ့ ထပ်ပြီး ဆက်ဆံပြီးရင် အဆင်ပြေသွားလိမ့်မယ်..."

"ကျေးဇူးပဲ..."
ဖူလီက သူ့ကို စိတ်ရင်းဖြင့် ကျေးဇူးတင်လိုက်သည်။ 

"ထားလိုက်ပါ... ငါ့ကို ဘယ်သူက မင်းရဲ့ ဘော့စ်ဖြစ်ဖို့ ပြောလို့လဲ... ငါသာမင်းကို မကာကွယ်ရင် ဘယ်သူက ကာကွယ်မှာလဲ..."
ကျွမ်းချင်က လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ဖူလီ၏ ခေါင်းကို ပုတ်ပေးလိုက်သည်။

ဖူလီက ဤအခြေအနေတွင် တစ်ခုခုမှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။ 
သူနဲ့ ကျွမ်းချင်နဲ့ကြားမှာ ဘယ်သူက အကြီးလဲ ဘယ်သူက အငယ်လဲ...

အရှေ့တွင် ကားမောင်းနေသော ချူးယွီက တစ်ခုခုပြောလိုသော်လည်း တုံ့ဆိုင်းသွားသည်။ အဆုံးတွင် သူက ဘာမှပြောရန် အခွင့်အရေးမရလိုက်ပါပေ။ 

ဘာပြောနိုင်ဦးမှာလဲ... ဖူကောကို အဲ့လောက်ပွဲလေး လောက်ကတော့ ဌာနခွဲတစ်ခုက ဝန်ထမ်းနှစ်ယောက်လောက်ကို လွှတ်ပြီး စောင့်ကြည့်ခိုင်းတာက လုံလောက်တယ်လို့ ပြောရမှာလား... 

ဘော့စ်က ဖူကောကို လူသားတွေနဲ့ ထပ်ပြီး ဆက်ဆံစေချင်တယ်လို့ ပြောပြီးသားလေ... သူက ဘယ်လိုလုပ်ပြီး အဲ့ဒါက အတိတ်က အလေ့အကျင့်တွေနဲ့ မတူဘူးဆိုတာကို ပြောနိုင်မှာလဲ...

သူက စိတ်ပိုင်းဆိုင်ရာ သတ္တိရှိတဲ့ ငါးတစ်ကောင်မဟုတ်ဘူး...

ပရဟိတ၏ စင်နောက်တွင် ဓာတ်အား ပြတ်တောက်မှုကိစ္စမှာ ထိုညက လူထု၏ နားသို့ မပေါက်ကြားခဲ့ပါပေ။ သို့သော် ကျွမ်းချင်နှင့် ဖူလီက အွန်လိုင်းပေါ်တွင် ကျော်ကြားသွားပေသည်။ 

သူတို့နှစ်ဦးမှာ ထင်ပေါ်သော ရုပ်ရည်များရှိကြပြီး ကော်ဇောနီပေါ်တွင် လျှောက်သွားစဉ်၌ အပြန်အလှန် နားလည်မှု အလွန်ရှိကြရာ အင်တာနက်အသုံးပြုသူ အများအပြားက သူတို့တွဲနေကြသည်ဟု ခံစားနေရပေသည်။ သူတို့က တခြားအင်တာနက်အသုံးပြုသူများ၏ ငြင်းဆန်ခြင်းကို ခံရပြီးနောက် ထိုအင်တာနက်အသုံးပြုသူများက လက်နက်ချရန် ငြင်းဆန်နေကြပြီး အင်တာနက်ပေါ်တွင် သက်သေများစွာ ရှာဖွေရန် စီစဉ်ခဲ့ပေသည်။ 

ဥပမာအနေဖြင့် ရှားပါးမြွေမျိုးစိတ်တစ်ခုကို ကယ်တင်ပေးခဲ့သော နွေးထွေးသည့် နှလုံးသားပိုင်ရှင်များကို ကျေးဇူးတင်ရန် သစ်တောဗျူရိုမှ ပြုလုပ်လိုက်သည့် ဝီဘိုပိုစ့်တစ်ခုပင်ဖြစ်သည်။ ထိုပိုစ့်အောက်မှ ပုံထဲတွင် ကျွမ်းချင်နှင့် ဖူလီတို့ ပါလာခဲ့ပေသည်။ 

ဥပမာ အနေဖြင့် အင်တာနက်ပေါ်တွင် အတန်ကြာအောင် လူသိများခဲ့သည့် ဓားကိုင်သူနှင့် ငါးရောင်းသူ တို့ဖြစ်သည်။ ကျွမ်းချင်က ငါးရောင်းကာ ဖူလီက ငွေလက်ခံပြီး အလေးချိန် ချိန်ပေးနေသည်။ 

ဖူလီက အမျိုးသမီးငယ်လေးတစ်ဦးကို လူရမ်းကားများလက်ထဲမှ ကယ်တင်ကာ ဟိုတယ်တစ်ခုတွင် လုံခြုံရေး အစောင့်တစ်ဦး ဖြစ်ခဲ့သည်ကို တွေ့ရှိခဲ့သော အင်တာနက် အသုံးပြုသူများပင် ရှိပေသည်။ 

အင်တာနက် အသုံးပြုသူ ၁ : ဟားဟားဟား... ငါတော့ ဒီအတွဲကြောင့် ရယ်ရတာ သေတော့မှာပဲ... သူတို့က ပြီးပြည့်စုံတဲ့ လူနှစ်ယောက်ဆိုတာ ရှင်းလင်းနေတာကို ဒီလို ထူးထူးဆန်းဆန်းတွေ လုပ်နေသေးတယ်... သူတို့ ဈေးမှာ ငါးရောင်းတာကြီးက တကယ်ကြီးကို အသက်ဝင်တာပဲ...

အင်တာနက် အသုံးပြုသူ ၂ : လူတိုင်း နည်းနည်းပိုပြီး အလေးအနက်ထားကြဦး... ငါတို့ရဲ့ ဥက္ကဌလူကြီးမင်းရဲ့ ဓားစွမ်းရည်နဲ့ဆိုရင် သူက ငါးသည်တွေအကုန်လုံးကို ဖိအားပေးနိုင်တယ်... ငါးမရောင်းချင်တဲ့ ကိုယ်လူချောတွေက ဒါရိုက်တာ မဖြစ်နိုင်ဘူး... ငါတော့ ဒီနှစ်ယောက်ကို လေးစားပါတယ်...

အင်တာနက် အသုံးပြုသူ ၃ : လက်ထောက်ဖူက ပိုက်ဆံရတော့ ဘယ်လောက်ပျော်နေလဲ ကြည့်လိုက်... သူ့မျက်လုံးတွေက တောက်ပနေတာပဲ... ဒီသရုပ်ဆောင်တာက လက်ထောက်ဖူလီရဲ့ အကြံဆိုတာ ငါအလိုလိုသိနေတယ်... ဥက္ကဌ လူကြီးမင်းက သူ့လက်ထောက်ကို ဖူးဖူးမှုတ်ထားတာပဲ... ဒီအတွဲက အရမ်းချိုမြိန်တာပဲ...

အင်တာနက် အသုံးပြုသူ ၄ : ငါသတင်းထူးတစ်ခုပြောပြရမလား... အဲ့ ငါးရောင်းတဲ့ဗီဒီယို အွန်လိုင်းပေါ်မှ ပျံ့မလာခင်နေ့က ငါက ငါ့အဘွားကို လမ်းကြားထဲမှာ ငါးဝယ်ဖို့ အတူလိုက်သွားပေးတာ... အဲ့လမ်းကြားထဲမှာ လူတွေက ပစ္စည်းတွေ မကြာခဏလာရောင်းတတ်တယ်... ဒါပေမဲ့ စည်းမျဉ်းတွေအရ အဲ့နေရာမှာ ဆိုင်ခန်းတွေတော့ ထိုးလို့မရဘူးတဲ့.... အဲ့တော့ ဆိုင်ခန်းစောင့်တွေက မြို့တော်စည်ပင်တွေဆီကနေ တိတ်တိတ်လေး ပြေးလာကြတာ... အဲ့နေ့မှာ မြို့တော်စည်ပင်က ဥက္ကဌနဲ့ သူ့ရဲ့ လက်ထောက်ကို လမ်းတစ်လျှောက်လုံး လိုက်နေတာကို ငါတွေ့လိုက်တယ်... သူတို့က အဲ့တုန်းက အဲ့နေရာမှာ ဆိုင်ခန်း ခင်းလို့မရဘူးဆိုတာ မသိလောက်ဘူး... ပြီးမှ ဈေးထဲရောက်သွားတာနေမှာ...

အင်တာနက် အသုံးပြုသူ ၅ : ငါတော့ ရယ်ရလွန်းလို့ ကြို့ထိုးနေပြီ... တီဗွီ ဒရမ်မာတွေတောင် မြို့တော် စီမံရေးက အကောင်ကြီးတစ်ယောက်နဲ့ သူ့ကောင်လေးကို လိုက်ဖမ်းတယ်ဆိုပြီး သရုပ်ဆောင်ရဲမှာမဟုတ်ဘူး... ဒါပေမဲ့ ဒါက တကယ်ကြီး လှတာပဲ... အရမ်း လှတယ်...

ဖူလီမှာ အင်တာနက်ပေါ်မှ ထိုစိတ်လှုပ်ရှားမှုအားလုံးကို သတိမမူမိပါပေ။ ပြန်ရောက်ပြီးနောက် သူက စောစော အိပ်ယာဝင်ကာ မနက်စောစောတွင် ကင်းလှည့်ရန် တိရိစ္ဆာန်ရုံသို့ ဦးတည်လာခဲ့သည်။ 
အလုပ်က စိတ်ပိုင်းဖြတ်ခြင်းနဲ့ ပြီးမြောက်သင့်တယ်... ဒါက မိစ္ဆာတစ်ဦးအနေနဲ့ သူ့ရဲ့ စည်းမျဉ်းပဲ...

မြို့တော်ရှိ တိရိစ္ဆာန်ရုံမှာ တစ်နိုင်ငံလုံး၏ ထိပ်တန်း ၅ခုတွင် ပါဝင်ပေသည်။ တိရိစ္ဆာန်ရုံက မျိုးစိတ်များစွာ ရှိပြီး တိတိကျကျစီမံထား၍ နှစ်တိုင်းတွင် နိုင်ငံအနှံ့မှ ဧည့်သည်များကို ဆွဲဆောင်နေပေသည်။ 

ယနေ့က အများပြည်သူ ပိတ်ရက် မဟုတ်သော်လည်း တိရိစ္ဆာန်ရုံက ပန်ဒါနှစ်ကောင်ကို ကြိုဆိုမည်ဖြစ်ကာ မြို့တော်အတွင်းမှ လူအများက စိတ်လှုပ်ရှားစွာ ရောက်ရှိနေပေသည်။ မြို့တော် တိရိစ္ဆာန်ရုံမှာ ပန်ဒါများကို မွေးထားပြီး ဖြစ်သော်လည်း သာမန်လူများက ပန်ဒါများ ပေါ်တွင် ထားရှိသော စိတ်အားထက်သန်မှုကို အကျိုးမသက်ရောက်စေပါ။ 

နို့တိုက်သတ္တဝါများ၏ နိုင်ငံတော် ရတနာတစ်ခုအနေဖြင့် ပန်ဒါများက တိရိစ္ဆာန်များအားလုံးထဲတွင် ပြိုင်ဘက်ကင်း ချစ်ခင်မှုကို ပိုင်ဆိုင်ထားပေသည်။ လူများစွာက သူတို့ကို မြတ်နိုးကြပေသည်။ 

ဖူလီနှင့် ကျွမ်းချင်က တိရိစ္ဆာန်ရုံသို့ ရောက်သွားသောအခါ ပွဲကျင်းပရာနေရာတွင် ဆိုင်းဘုတ်များစွာ ရှိနေပေသည်။ ဧည့်သည်များစွာက ပန်ဒါဆံကုပ်များနှင့် ဦးထုပ်များ ဝတ်ဆင်ထားပြီး ပြုံးပျော်နေကြပေသည်။ 

ကျွမ်းချင်က လက်မှတ်မဝယ်ခဲ့ပါပေ။ ထိုအစား သူက အထူး ဝန်ထမ်းဖြတ်သန်းခွင့်ကို ရရှိကာ ဝန်ထမ်းဝင်ပေါက်မှ တိရိစ္ဆာန်ရုံထဲသို့ဝင်လာခဲ့သည်။ 

သူ့ရင်ဘတ်ရှေ့တွင် တန်းလန်းကျနေသော ကဒ်ကိုထိကာ ဖူလီက လေးစားစွာဆိုလိုက်သည်။

"မင်းအတွေးက စေ့စပ်လိုက်တာ... ဝန်ထမ်းဖြတ်သန်းခွင့်နဲ့ဆိုရင် ဘယ်အဖြစ်အပျက်မဆို ကိုင်တွယ်ရတာ အများကြီး ပိုလွယ်သွားမှာ..."

ကျွမ်းချင်က တိတ်ဆိတ်သွားလေသည်။ 

တိရိစ္ဆာန်ရုံ၏ မြေပုံကိုကိုင်ကာ  သူတို့နှစ်ဦးက မြေပုံအတိုင်းလိုက်လာကာ ခြံဝန်းတစ်ခုပြီးတစ်ခု ကျော်ဖြတ်လာခဲ့သည်။ ခြံဝန်းတစ်ခု၏ ရှေ့တွင် ချိတ်ထားသော မြွေသင်္ကေတတစ်ခုကို မြင်ပြီးနောက် ဖူလီက ရပ်တန့်သွားသည်။ သူက မဝင်ချင်ပါပေ။ 

မြွေတစ်ကောင်ကို မြင်ခြင်းက ဖေးယီကို တွေးမိစေပေသည်။ သူ့ငယ်ဘဝ စိတ်ဒဏ်ရာမှာ သူ့နှလုံးသားကို ပြန်လည် ကပ်တွယ်ကာ မည်သို့ပင်ဆိုဆို မခွဲခွာလိုပါပေ။

"ဘာလို့လဲ..."
ကျွမ်းချင်က သူ့ကို လှည့်ကြည့်လာသည်။

ဖူလီက ခေါင်းခါပြလိုက်သည်။ 
နှစ် ၄၂၀၀ပိုကြီးတဲ့ စီနီယာတစ်ယောက်အနေနဲ့ ဂျူနီယာတစ်ယောက်ရဲ့ရှေ့မှာ ဘယ်လိုလုပ်ပြီး ကြောက်ပြနေလို့ရမှာလဲ...

"မင်း မြွေကြောက်တာလား..."
ကျွမ်းချင်က မေးလိုက်သည်။ 

"မဟုတ်ပါဘူး..."

ဖူလီက ခေါင်းခါကာ ဆက်ပြောလိုက်သည်။ 
"ငါက သူတို့ကို ဘယ်လိုလုပ်ပြီး ကြောက်ရမှာလဲ..."

ကျွမ်းချင်က မျက်မှောင်ကြုတ်လိုက်သည်။ သူက ဖူလီကို လက်တစ်ဖက် ဆန့်ထုတ်ပေးကာပြောလိုက်သည်။ 

"ငါအဲ့ဒါတွေကို သိပ်မကြိုက်ဘူး... သူတို့ကို ကြည့်ရတာ ငါ့အရေပြား ယားလာတယ်... မင်းလက်ကို ငါကိုင်ဖို့ ပေးထားလို့ရမလား..."


🐍🐍🐍🐍🐍