🐰Chapter 123🐉
သစ္စာဖောက်ခြင်း
"မင်း မြွေကြောက်တယ်လား..."
ဖူလီက ခေါင်းငုံ့ကာ သူ့ထံသို့ ကမ်းပေးထားသော လက်ကို ငုံ့ကြည့်လိုက်သည်။ သူက ကျွမ်းချင်၏ လက်ကို အင်တင်တင်ဖြင့် ကိုင်လိုက်သည်။
ဖူလီ၏ လက်မှာ သန့်ရှင်း၊ နူးညံ့ကာ နွေးထွေးနေပေသည်။ ကျွမ်းချင်က သူ့ဘေးတွင် လျှောက်ရန် အခွင့်အရေးကို ယူလိုက်ပြီး မျက်နှာတည်ဖြင့် ခေါင်းညိတ်လိုက်သည်။
"အင်း..."
"မင်းက နဂါးတစ်ကောင် မဟုတ်ဘူးလား..."
တခြားသော တိရိစ္ဆာန်ခြံဝန်းများထက် မြွေခြံဝန်းမှာ ဧည့်သည်ပိုနည်း၍ ဖူလီ၏ မေးခွန်းက မည်သူ့၏ အာရုံစိုက်မှုမှ မရပါပေ။
"နဂါးတွေက မြွေတွေနဲ့ အတော်လေး ဆင်တယ်လေ... မင်းက မြွေကြောက်ရင် မင်းရဲ့ မူလပုံစံကိုရော ကြည့်ရဲရဲ့လား..."
"ငါ့သွေးတစ်ဝက်က လူသားတစ်ယောက်ဆီက လာတယ်ဆိုတာ မေ့သွားပြီလား..."
ကျွမ်းချင်က သိပ္ပံဗဟုသုတကို အသည်းအသန် ရှင်းပြလိုက်သည်။
"အန္တရာယ်ရှိတဲ့ သတ္တဝါတွေကို လူသားတွေရဲ့ အကြောက်တရားက သူတို့ရဲ့ ဗီဇတွေထဲမှာကို ထွင်းထုထားတာ... နှစ်တွေ အများကြီး တိုးတက်ပြောင်းလဲလာရင်တောင် အဲ့ဗီဇတွေထဲမှာ ရှိနေတဲ့ အကြောက်တရားက မသိစိတ်ကနေ ပေါ်လာတာ... ခေတ်မီလက်နက်တွေ မရှိသေးခင်က လူသားတွေအများကြီးက မြွေတွေရဲ့ အဆိပ်ရှိတဲ့ အစွယ်ကနေ သေခဲ့တာ... အဲ့ဒါကြောင့် လူသားတွေက မြွေတွေကို အလိုလိုကြောက်ကြတယ်... ငါလည်း တစ်ခါတစ်လေ အဲ့ဒါကို စိတ်တိုတယ်... ငါက နဂါးတစ်ဝက်ပေမဲ့ မြွေကြောက်တယ်... ငါ့ကို ဟာသလုပ်မှာလား..."
"ဘယ်လိုလုပ်ပြီး လုပ်ရမှာလဲ... ငါက အဲ့လို မိစ္ဆာမျိုးမို့လား..."
ဖူလီကရပ်လိုက်ပြီး သူ့နောက်လက်တစ်ဖက်ကို သုံးကာ ကျွမ်းချင်ကို ပခုံးပုတ်ပေးလိုက်သည်။
"အဆင်ပြေပါတယ်... ငါလည်း အမွေးမရှိတဲ့ ပြောင်ချောချော အကောင်တွေကို မကြိုက်ဘူး... မင်းက လူသားတစ်ဝက်နဲ့ မင်းမှာက ဟိုဟာရှိ..."
"မျိုးရိုးနဲ့ဆိုင်တဲ့ မှတ်ဉာဏ်..."
"ဟုတ်တယ်... မျိုးရိုးနဲ့ ဆိုင်တဲ့ မှတ်ဉာဏ်တွေ... အဲ့တော့ မင်းက သူတို့ကိုကြောက်တာက အရမ်းကို သဘာဝကျတယ်... သဘာဝကို ဆန့်ကျင်တာက ခက်ခဲပြီးတော့ မိစ္ဆာတွေအတွက် ရှက်ရမဲ့ဟာပဲ..."
"ကျေးဇူးပဲ..."
"ရပါတယ်... ငါတို့က သူငယ်ချင်းကောင်းတွေ မဟုတ်လား..."
ဖူလီက ကျွမ်းချင်၏ လက်ကို တင်းတင်းဆုပ်လိုက်သည်။
"စိတ်မပူနဲ့... မကြောက်နဲ့..."
သူတို့၏ လိမ်ယှက်နေသော လက်များကိုကြည့်ကာကျွမ်းချင်က ဖြူစင်သော အပြုံးတစ်ခုကို ပြသလိုက်သည်။ မြွေခြံဝန်းထဲမှ မြွေနံ့ခပ်ဖျော့ဖျော့ကပင် သူ့၏ စိတ်ခံစားချက်ကောင်းပေါ်တွင် သက်ရောက်မှုမရှိတော့ပါချေ။
မြွေခြံဝန်း၏ အလယ်တွင် ရှဲဝေ့လုံက တိရိစ္ဆာန်ဥယျာဥ်မှူးဝတ်စုံကို ဝတ်ဆင်ထားပြီး အကာအရံအတွင်းမှ မြွေများကို ဟိတ်ဟန်ဖြင့် ကြည့်နေလေသည်။ သူ့နောက်ကို လိုက်နေသော ကင်မရာမန်းသည် ရှဲဝေ့လုံက အမှန်တကယ် မြွေမကြောက်သည်ကို သိသွားပေသည်။ ထို့အပြင် မြွေများက သူ့ကို မြင်ပြီးနောက် ခေါင်းထောင်လာသည်မှာ သူ့ကို ကြိုဆိုနေသကဲ့သို့ပင်။
ရှဲဝေ့လုံက ကင်မရာကို ပျော်ရွှင်စွာဆိုလိုက်သည်။
"မြင်လိုက်လား... ငါက အရင်ဘဝတုန်းက မြွေဘုရင် ဖြစ်ခဲ့တာနေမယ်..."
သူ့၏ နောက်ထပ် စိန်ခေါ်မှုမှာ စပါးအုံးမြွေကြီး သုံးကောင်ကို ကျော်ဖြတ်ကာ အတွင်းရှိ ကြော်ငြာအိတ်များကို ပြန်လည် သိမ်းယူရန်ဖြစ်သည်။ သူက ကြော်ငြာအိတ်များ ရရှိရန် အောင်မြင်ပါက ငွေစိုက်ထုတ်သူက အခြေခံ ကလေးငယ်များကို ထောက်ပံ့ရန်အတွက် ယွမ် ၂သိန်း ထပ်မံ လှူဒါန်းမည် ဖြစ်ပေသည်။
အလုပ်သမားက တိရိစ္ဆာန်ဥယျာဥ်မှူးများအတွက် တံခါးဖွင့်ပေးလိုက်သည်။ နေရာအမျိုးမျိုးတွင် မြွေအမျိုးမျိုးနှင့် သူတို့၏ အန္တရာယ်ကို မိတ်ဆက်ပေးပြီးနောက် အလုပ်သမားက ရှဲဝေ့လုံကို နောက်ပိုင်းနေရာသို့ ခေါ်ဆောင်သွားလေသည်။
အတူပါလာသည့် ကင်မရာမန်းက ရှဲဝေ့လုံက စပါးအုံးမြွေကြီးတစ်ကောင်ကို အမူအရာမပြောင်းပဲ ဖြတ်ကျော်လိုက်သည်ကို ကြည့်နေလိုက်သည်။ ကင်မရာမန်း၏ နဖူးပေါ်တွင် ချွေးများစို့လာသည်။ ထိုကဲ့သို့ မြွေကြီးကို ကြည့်ရုံနှင့်ပင် သူ့နှလုံးသားကို အားနည်းစေသော်လည်း ရှဲဝေ့လုံက သတ္တိကြီးမားပေသည်။
"ဟိုးအနောက်မှာ ရှိနေတာက အနက်ကြီးလေ... သူ့ကို သစ်တော ဗျူရိုရဲ့ အရေးပေါ် ကယ်ဆယ်ရေးကနေ ငါတို့ရဲ့ တိရိစ္ဆာန်ရုံကို ပို့လိုက်တာ... အဲ့မြွေမှာက အရမ်းကျိုးနွံတတ်တဲ့ စိတ်နေစိတ်ထားရှိပြီး သိပ်မကြာသေးခင်က တခြားတိရိစ္ဆာန်ရုံတစ်ခုကို ရင်းနှီးတဲ့ လဲလှယ်ရေးတစ်ခုကြောင့် သွားလိုက်သေးတယ်... အဲ့ဒါကြောင့် နောက်ကျရင် ကြောက်စရာမလိုဘူး..."
တိရိစ္ဆာန်ဥယျာဥ်မှူးက သူ့တို့၏ အင်္ကျီအိတ်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်လိုက်သည်။
"ဒီနေ့ မင်းရဲ့ တာဝန်က အနက်ကြီးကို အစာကျွေးပြီး ခေါင်းကို သုံးခါပွတ်ပေးဖို့ပဲ... အဲ့ဒါဆိုရင် ကြောငြာအိတ်ကို အောင်အောင်မြင်မြင်ရလိမ့်မယ်..."
အဲ့ဒါက မြွေစာကျွေးတာလေးတင်လား...
ရှဲဝေ့လုံကတွေးလိုက်သည်။
သူ့ရဲ့ အစာကျွေးတာခံရတာက မြွေတွေအတွက် နှစ်ရာပေါင်းအနည်းငယ်တန်ဖိုးရှိတဲ့ ကံတရားပဲ...
သူက အစာပုံးကို ယူလိုက်ပြီး အစာကျွေးသည့် ညှပ်ကို ယူကာ အသားတုံးများကို ကောက်လိုက်ပြီးနောက် လျှောက်ဝင်သွားလေသည်။
ဤနာမည်ကြီး သရုပ်ဆောင်က ပြသနာတက်မည်ကို စိုးရိမ်ကာ စီစဉ်ရေးအဖွဲ့က ဤနေရာတွင် ကျိုးနွံတတ်သော မြွေကို အထူး ပြင်ဆင်ထားသော်လည်း ကျွမ်းကျင်လက်ထောက်များစွာကိုလည်း ပြင်ဆင်ထားဆဲဖြစ်လေသည်။ တစ်စုံတစ်ခု အမှန်တကယ် ဖြစ်လာပါက သူတို့က အကျိုးဆက်များကို ကိုင်တွယ်နိုင်မည် မဟုတ်ပါပေ။
ကံကောင်းစွာဖြင့် ရှဲဝေ့လုံက မည်သည့် ကံခေမှုမှ မရှိပဲသူ့လမ်းကို တန်းတန်းလျှောက်သွားလေသည်။ အတွင်းဆုံးအပိုင်းသို့ ရောက်ပြီးနောက် သူက စပါးအုံးမြွေကြီးတစ်ကောင်က မြေပြင်တွင် ပျင်းရိစွာ ခွေနေသည်ကို တွေ့လိုက်ပေသည်။ ၄င်းက တိရိစ္ဆာန်ရုံတွင် အလွန်သက်သောင့်သက်သာ ရှိသော ဘဝကို ပိုင်ဆိုင်ထားရ၍ ဖြစ်နိုင်ပေသည်။ စပါးအုံးမြွေက ကင်မရာမှ တစ်ဆင့် ရောင့်ရဲတတ်သော ခံစားချက်၏ သိမ်မွေ့မှုကို ပေးနေလေသည်။
အနက်ရောင် စပါးအုံးမြွေကြီးက လူသား၏ ခြေသံများကြားရာ မော့ကြည့်လိုက်ပြီး လျှာထုတ်လိုက်လေသည်။
လူသားများ၏ မျက်လုံးထဲတွင် ဤသည်က အနှောင့်အယှက်ခံရခြင်းအား မြွေ၏ တုံ့ပြန်မှုတစ်ခုသာ ဖြစ်သော်လည်း ရှဲဝေ့လုံက လျှပ်စီးဖြင့် ပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။
ဒါက မြွေလား... တိရိစ္ဆာန်ရုံက လူတွေ ကန်းနေကြတာလား... ဒါက အခွင့်အရေးရလာရင် နဂါးတစ်ကောင်အဖြစ် ပြောင်းနိုင်တဲ့ စပါးအုံး ဇို့ကျောင်းတစ်ကောင်ဆိုတာ အရှင်းကြီးကို...
"ကျွတ်... မြွေစုတ်လေး..."
စပါးအုံးနက်ကြီးက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ကာ အရေးမစိုက်စွာ လှောင်ပြောင်လိုက်သည်။
ရှဲဝေ့လုံက တံတွေးမျိုချလိုက်သည်။ မြွေဘာသာစကားကို အသုံးပြုကာ သူက ဆိုလိုက်သည်။
"စီနီယာ... ဒီဂျူနီယာက တာဝန်တစ်ခု လုပ်စရာ ရှိလို့ပါ... ကူညီပေးလို့ရမလားဟင်..."
"ဟွန့်..."
စပါးအုံးနက်ကြီးက သူ့ခေါင်းကို နစ်မြုပ်ထားလိုက်သည်။
"သူဌေး... အစ်ကိုကြီး... ဒီအသားက အရမ်းကောင်းတယ်... ကျွန်တော်ကို မျက်နှာသာပေးပြီး နည်းနည်းစားလိုက်ပါ... ဟုတ်ပြီလား..."
ရှဲဝေ့လုံက အသားကို စပါးအုံးနက်အား တုန်ယင်နေသော လက်များဖြင့် ပေးအပ်လိုက်သည်။
စီစဉ်ရေး အဖွဲ့အတွက်မူ ရှဲဝေ့လုံက 'ရင်နှီးစွာ ဖလှယ်ခြင်း'ဟူသော ရည်ရွယ်ချက်ဖြင့် မြွေများ၏ တရှဲရှဲအသံကို အတုခိုးနေသည်ဟု ထင်နေခြင်းဖြစ်သည်။ ဤကဲ့သို့ အပြုအမူမှာ လူသားများ ကြောင်များနှင့် ရင်ဆိုင်ရသည့်အခါမြှောင်ဟူသော အသံကို အလိုလိုပြုလုပ်မိသည်နှင့် ဆင်တူပေသည်။
သို့သော် လူသားများမှာ တိရိစ္ဆာန်ဘာသာစကားများသင်ယူရာတွင် အရည်အချင်း မရှိသည်ကို လူတိုင်းသိပေသည်။
သို့ဖြစ်၍ စပါးအုံးနက်က ရှဲဝေ့လုံကို မျက်နှာသာ အနည်းငယ်ပင် မပေးပါချေ။ သူက ခေါင်းလှည့်ကာ တစ်ခြားထောင့်တစ်ခုသို့ တွားသွားလိုက်သည်။ ရှဲဝေ့လုံ မည်မျှပင် ရှူးရှူးရှဲရှဲလုပ်နေသော်လည်း အသုံးမဝင်ပါပေ။
ပူပေါင်းခြင်းမရှိသည့် စပါးအုံးနက်နှင့် ရင်ဆိုင်ရသောအခါ ရှဲဝေ့လုံက ခေါင်းငိုက်ကျလုဆဲဆဲ ဖြစ်သွားလေသည်။
သူက ဒီနေရာမှာ တကယ့် မြွေဘိုးဘေးတစ်ကောင် ရှိနေမယ်ဆိုတာ ကြိုသိရင် သူ့ကိုယ်သူ မြွေဘိုးဘေးလို့ ဘယ်လိုလုပ်ပြီး ကြိုပြောရဲမှာလဲ... အပြင်မှာနေနေတဲ့ မြွေနှစ်ကောင် ရိုကျိုးနေတာ အံ့ဩစရာမရှိတော့ပါဘူး... ဘော့စ်အစစ်က ဒီမှာ ရှိနေတာကို...
"ငါမင်းနဲ့ ပူပေါင်းနိုင်တယ်... ဒါပေမဲ့ ငါ့ကို ကိစ္စတစ်ခုလုပ်ဖို့ ကူညီပေးရမယ်..."
ရှဲဝေ့လုံက သနားစဖွယ် တောင်းဆိုပြီးနောက် စပါးအုံးနက်ကြီးက နောက်ဆုံးတွင် အနည်းငယ် လိုက်လျောပေးလိုက်သည်။
"ဘယ်လိုအစားကောင်းနဲ့ ဝိုင်ကောင်းကောင်းလိုလို မတုံ့ဆိုင်းပဲ ပြောပါ... ဒီဂျူနီယာက သေချာပေါက် စိတ်ကျေနပ်အောင် လုပ်ပေးပါမယ်..."
ရှဲဝေ့လုံ ဤကဲ့သို့ အစွမ်းထက် စီနီယာကို ကြောက်ရွံ့သော်လည်း သူ့နှလုံးသားထဲတွင် သံသယအနည်းငယ် ရှိနေဆဲဖြစ်သည်။
ဘာလို့ အဲ့လိုမျိုး အစွမ်းထက် မိစ္ဆာကြီးတစ်ကောင်က တိရိစ္ဆာန်ရုံလို မွဲတေတဲ့ နေရာမှာ နေနေတာလဲ... သူ့လို အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ရတာ ဘယ်လောက်တောင် ခမ်းနားလိုက်သလဲ...
"မင်းက ဝိုင်နဲ့ အစားကောင်းတွေပဲ တွေးမိတဲ့ မိစ္ဆာတစ်ကောင်လား..."
ရှဲဝေ့လုံကို စပါးအုံးနက်က အလွန်သဘောမကျဟန် ရပေသည်။ သူက ကျင့်ကြံခြင်းအခြေခံ နိမ့်ကာ လူသားများကြားတွင် တစ်နေ့လုံး ရောယှက်နေပေသည်။ သူက အနိမ့်ဆုံးအဆင့်တွင်ပင် ရပ်နေလိုစိတ်ရှိပေသည်။ သူက ရွံရှာဖွယ် မိစ္ဆာတစ်ဦးက သူ့ပေါ်တွင် အတားအဆီးတစ်ခု ထားရှိကာ ကျင့်ကြံခြင်း ရှိသော်လည်း မှော်စွမ်းအင် အသုံးပြုခြင်းမှ တားမြစ်ခံရ၍ ဤမိစ္ဆာလေးအား သူ့အစား လက်တိုလက်တောင်းခိုင်းရန်မှ လွဲ၍ ရွေးချယ်စရာမရှိပါပေ။
"ငါ့ကို တစ်ယောက်ယောက်ကို ကူသတ်ပေးစေချင်တယ်..."
စပါးအုံးနက်က အေးစက်စွာ ပြုံးလိုက်သည်။
"ငါ့ကို လစန္ဒာပေါင်းကူးဟိုတယ်က လုံခြုံရေး အစောင့်တစ်ယောက်ကို သတ်ဖို့ကူပေး... ငါထွက်လာရင် မင်း ဇို့ကျောင်းတစ်ကောင်ဖြစ်လာပြီး နဂါးတစ်ကောင်ဆိုတာ အိပ်မက်တစ်ခု မဟုတ်တော့အောင် အကောင်းဆုံး ကျင့်ကြံခြင်း နည်းလမ်းကိုပေးမယ်..."
ရှဲဝေ့လုံက ဤစီနီယာမှာ သူ့၏ အနေအထိုင်တွင် ပြဿနာရှိရုံသာမက ဦးနှောဏ်ကောင်းကောင်းလည်းမရှိဟု ခံစားလိုက်ရသည်။ ယနေ့ခေတ် အသိုင်းအဝိုင်းမှာ စည်းမျဉ်းဖြင့် အုပ်ချုပ်သည် ဖြစ်ရာ လူများကို သတ်ဖြတ်ခြင်းက အကြံဆိုးတစ်ခုပင်ဖြစ်သည်။ သူက စီမံခန့်ခွဲရေး ဗျူရို၏ ဆရာကြီးများကို ရန်မစဝံ့ပါပေ။
"စီနီယာ... ကျွန်တော်က ဂိမ်းတစ်ခုကို ပြီးချင်တာလေးပဲ ရှိတာပါ... ဘယ်လိုလုပ်ပြီး လူသတ်တာကို ရောက်သွားရတာလဲ..."
ရှဲဝေ့လုံမှာ သူ့ဦးနှောဏ်က တစ်ခုခုဖြစ်နေသည်လား ဆိုသည်ကို မေးလိုသော်လည်း မမေးဝံ့ပါပေ။
"မင်းက ကျင့်ကြံခြင်း နည်းလမ်းကို မလိုချင်ဘူးလား..."
"ဇို့ကျောင်းတစ်ကောင်ဖြစ်လာပြီး နဂါးတစ်ကောင်ဖြစ်လာတာ တကယ်ကောင်းပါတယ်... ဒါပေမဲ့ ကျွန်တော်ကတော့ နာမည်ကြီးတစ်ယောက် ဖြစ်တာကလည်း မဆိုးဘူးလို့ထင်တယ်..."
ရှဲဝေ့လုံက ပြန်ဖြေလိုက်သည်။
"နှစ်တစ်ရာလောက်ကြာရင် မျက်နှာပြောင်းပြီးတော့ ဖျော်ဖြေရေးနယ်ပယ်ထဲကို ထပ်ပြီး ဝင်လာမယ်... အဲ့ဒါဆိုရင် တော်တော် စိတ်ဝင်စားစရာကောင်းမှာ..."
စပါးအုံးနက်က ဤဂျူနီယာ မြွေကျင့်ကြံသူမှာ အလွန် စိတ်ပျက်ဖွယ် ကောင်းမည်ဟု မမျှော်လင့်ထားပါပေ။ သူက ဒေါသထွက်ကာ သူ့အမြီးကို ပျံလွတ်လိုက်လိုသော်လည်း တိရိစ္ဆာန် ဥယျာဉ်အစောင့်များက ရှိနေဆဲ ဖြစ်သည်ကိုမြင်ကာ သူက လက်နက်ချကာ အိပ်နေရန်သာ တတ်နိုင်ပေသည်။
အဲ့ မကောင်းဆိုးဝါးမိစ္ဆာကောင်က သူ့အပေါ်ကို ဘယ်လို လှည့်ကွက်တွေ သုံးထားလဲ ဘယ်သူသိမှာလဲ... သူတစ်ခုခု လုပ်လိုက်ရင် ပြင်ထန်တဲ့ နာကျင်မှုက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို နှိပ်စက်ပြီး သူ့ကို အဖြစ်မနေအလျှော့ပေးအောင် လုပ်တယ်...
စီစဉ်ရေးအဖွဲ့က စပါးအုံးနက်ကြီးက အမှန်တကယ်ပင် အိပ်ပျော်သွားသည်ကို သတိပြုမိပြီးနောက် ဂိမ်း၏ စည်းမျဉ်းများကို ပြောင်းလဲရန်သာ တတ်နိုင်ပေသည်။ ရှဲဝေ့လုံကို အပြင်ဘက်မှ စပါးအုံးနှစ်ကောင်နှင့် ဆက်သွယ်ခွင့်ပြုပြီးနောက် သူတို့က သူ့အား ကြော်ငြာအိတ်ကို သိမ်းယူခွင့် ပြုလိုက်ပေသည်။ ရှဲဝေ့လုံက ကြောငြာအိတ်ကို ပိုက်ကာ ပျင်းရိနေသော စပါးအုံးနက်ကို လှမ်းကြည့်လိုက်သည်။ သူက ချမ်းသာကြွယ်ဝမှုကြောင့် စာရိတ္တမပျက်ပြားသွားသည့် မြွေကောင်းတစ်ကောင်ဖြစ်သည်ဟု ခံစားလိုက်ရသည်။ သူက အသတ်မခံရစေရန် နက်နဲသော ကျင့်ကြံခြင်းနည်းလမ်းတစ်ခုကိုပင် လက်လွတ်ခဲ့ပေသည်။
သူက တွေးလေလေ စိတ်ကြီး ဝင်လေလေဖြစ်သည်။ ရှဲဝေ့လုံက အနောက်ပိုင်းမှ ပျော်ရွှင်စွာ လျှောက်ထွက်လာပြီး ဧည်သည့်များ ကြည့်ရှုရာနေရာသို့ ရောက်လာပေသည်။ သူက ခြေလှမ်းအနည်းငယ်ထက်ပင် ပိုမလျှောက်ရသေးခင်မှာပင် လူနှစ်ယောက်နှင့်တိုက်မိကာ ကြောက်လန့်မှုက ကြော်ငြာအိတ်ကိုပင် မြေပြင်သို့ ပြုတ်ကျသွားစေသည်။
ဘာလို့လဲ...
သူက ဒီဆရာနှစ်ယောက်ကို ဘာလို့ ထပ်တွေ့နေရတာလဲ... သူတို့က ငါနဲ့ စပါးအုံးနက်ရဲ့စကားဝိုင်းကို ကြားပြီးတော့ ငါက စပါးအုံးနက်ရဲ့ ဥပမာအတိုင်းလိုက်သွားမယ်လို့ ထင်လို့လား...
ရှဲဝေ့လုံက ဖူလီနှင့် ကျွမ်းချင်တို့ကို အလွန်အမင်း လက်ဆွဲနှုတ်ဆက်လိုပေသည်။
တကယ် အဲ့လိုမဟုတ်ရပါဘူး... ကျွန်တော်ရှင်းပြတာ နားထောင်ပါဦး...
သို့သော် သူက နာမည်ကျော်ဟူသော ဂုဏ်ပုဒ်ကို လွင့်မပစ်နိုင်ပါပေ။ သူက နာမည်ကြီးတစ်ဦးအနေဖြင့် ကင်မရာရှေ့တွင် မပြည့်စုံသည့် ပုံစံပြသရန် ခွင့်မပြုနိုင်ပါပေ။
ရှဲဝေ့လုံ မတ်မတ်ရပ်စမ်း... မင်းလုပ်နိုင်ပါတယ်... ခြေထောက်တွေ ပျော့မသွားနဲ့... အရေးအကြီးဆုံးက မင်းရဲ့ မူလပုံစံကို မပြလိုက်နဲ့...
"မင်းပစ္စည်း..."
ဖူလီက ကြော်ငြာအိတ်ကို ကုန်းကောက်လိုက်သည်။ သူနှင့် လက်တွဲထားသော ကျွမ်းချင်က သူ့အပြုအမူကြောင့် ရှေ့သို့ တစ်လှမ်းတိုးလိုက်ရသည်။ သူက ရှဲဝေ့လုကို ခေါင်းညိတ်ပြလိုက်သည်။
"မင်္ဂလာပါ..."
"မ-မင်္ဂလာပါ..."
ရှဲဝေ့လုံက တုံ့ဆိုင်းစွာဖြင့် ဖူလီထံမှ ကြောငြာအိတ်ကို ယူလိုက်သည်။
"ကျေးဇူးပါ... လူကြီးမင်း ဖူလီ..."
'ကျင့်ကြံသူ'ဟူသောစကားလုံးက သူ့ပါးစပ်မှ ချော်ထွက်လုဆဲဆဲ ဖြစ်သွားလေသည်။
"ရပါတယ်..."
ဖူလီက ရှဲဝေ့လုံနောက်မှ ကင်မရာသမားများကို သတိပြုမိသွားသည်။ သူက ကျွမ်းချင်ကို လှမ်းဆွဲလိုက်ကာ သူရိုက်ကူးရေးလုပ်နေသည်ကို ဆွဲမထားမိစေရန် မြန်မြန်လျှောက်သွားလိုက်သည်။ ကျွမ်းချင်က ရှဲဝေ့လုံ၏ ပူပန်နေသော မျက်လုံးများကို တစ်ချက်ကြည့်ကာ ဖူလီနောက်သို့ တိတ်တဆိတ် လိုက်လာခဲ့လေသည်။
ကင်မရာသမားက ကင်မရာကို ပိတ်ကာ ရှဲဝေ့လုံကို အသံတိုးတိုးဖြင့် မေးလိုက်သည်။
"ဆရာ ရှဲ... အဲ့နှစ်ယောက်က ဆရာ့ မိတ်ဆွေတွေလား... သူတို့ပါတဲ့ အပိုင်းကို ဖြတ်လိုက်ရမလား..."
ရှဲဝေ့လုံက အလန့်တကြား ဖြစ်ရာမှ ပျော်ရွှင်သွားလေသည်။
"ဖြတ်လိုက်မယ်..."
"ဟုတ်တယ်... သူတို့နှစ်ယောက်က ချစ်သူတွေလေ... ဒီလို အချစ်မျိုးက အခုခေတ်မှာ လေးစားမှု ခံရပေမဲ့ လူတွေကို အလွန်အကျွံဖြစ်စေမှာ အသေအချာပဲ... အဲ့ဒါကို ထုတ်လွှင့်တာက သူတို့အတွက် မကောင်းလောက်ဘူး..."
ကင်မရာသမားက တွေးတွေးဆဆ ဆိုလိုက်သည်။ သူတို့၏ အစီအစဉ်က ရွှင်မြူးဖွယ် ဟာသများ လိုအပ်သော်လည်း ရုတ်ရုတ်သဲသဲ ကြီးကြီးမားမားဖြစ်စေပါက သူတို့၏ ဂုဏ်သတင်းသည်လည်း သက်ရောက်မှု ရှိနိုင်ပေသည်။
ရှဲဝေ့လုံက ဖူလီနှင့် ကျွမ်းချင်တို့ ထွက်သွားရာဆီသို့ ရုတ်တရက် လှည့်ကြည့်လိုက်ရာ ထိုလူနှစ်ယောက်၏ လက်များက အမှန်တကယ်ပင်... ချိတ်ထားသည်ကို တွေ့လိုက်ပေသည်။
ချိတ်ထားတယ်...
ရှဲဝေ့လုက ကြောင်အသွားသည်။
သူတို့နှစ်ယောက်က... တွဲနေတာလား... ဖူလီရဲ့ ကျင့်ကြံခြင်း မူလပုံစံက ယုန်တစ်ကောင်ဆိုတာကို သူမှတ်မိပါတယ်... သူတို့ရဲ့ မူလပုံစံတွေကြားက ခြားနားချက်က အရမ်းကြီးမနေဘူးလား... နဂါးသခင်က မနေ့ညက အသုံးမဝင်တဲ့ သစ်သား ပန်းပုရုပ်တစ်ခုပေါ်မှာ တစ်သန်းတောင်သုံးပြီး လေလံဆွဲလိုက်တာက အံ့ဩစရာမရှိတော့ပါဘူး... အဲ့ဒါက အဲ့ပေါ်မှာ နဂါးတစ်ကောင်နဲ့ ယုန်တစ်ကောင်ရှိနေလို့ကို...
မမျှော့်လင့်ထားဘူး... တကယ့်ကို မမျှော်လင့်ထားဘူး... စီမံခန့်ခွဲရေး ဗျူရိုရဲ့ခေါင်းဆောင် နဂါးသခင် ကျွမ်းချင်က တကယ်ကြီး ရုံးတွင်း အချစ်ဇာတ်လမ်းတစ်ခုမှာ ပါဝင်နေတာပဲ...
ကျွမ်းချင်က အလွန်နှေးကွေးစွာ လျှောက်နေသော်လည်း သူတို့နှစ်ဦးက မြွေခြံဝန်းထဲမှ တဖြည်းဖြည်း အပြင်ရောက်လာပေသည်။ ဖူလီလွတ်လိုက်သော လက်ကို ငေးကြည့်ကာ သူက တည်ငြိမ်စွာဆိုလိုက်သည်။
"သွားစို့..."
"အစ်ကိုချောလေးတို့... ပန်ဒါဘီးကုပ်နည်းနည်း ဝယ်ပါဦးလားဟင်..."
အရောင်းပြပွဲရုံလေးမှ မိန်းကလေးငယ်တစ်ယောက်က သူတို့ကို စိတ်အားထက်သန်စွာ နှုတ်ဆက်လိုက်သည်။
"ဒါတွေက အရမ်းဈေးချိုပါတယ်... ၁ခုမှ ယွမ် ၂၀တည်း... ၂ခုဆို ယွမ် ၃၀... ဒီနေ့ ဒါကို ဧည့်သည်တွေ အများကြီး ဝယ်ကြတာ... တစ်ခုလောက်ယူပါလား..."
၁ခုကို ၂၀... ၂ခုကို ၃၀တဲ့... အဲ့ဒါဆို သူတို့က ၁၀ယွမ် သက်သာမှာပဲ...
ဖူလီက မတုံ့မဆိုင်း ယွမ်၃၀ ထုတ်ပေးလိုက်ပြီး ပန်ဒါဘီးကုပ် နှစ်ခုဝယ်လိုက်သည်။
"မင်းအတွက်..."
ဖူလီက တစ်ခုကို ဝတ်ကာ ဖုန်းကို ထုတ်ကြည့်ကာ ရှေ့ကင်မရာကို အသုံးပြုကာ သူ့ကိုယ်သူ ပျော်ရွှင်စွာ ကြည့်လိုက်သည်။ အမွေးပွ သတ္တဝါများ၏ နားရွက်က အလွန်ကြည့်ကောင်းပေသည်။ ကင်မရာကို ဝအောင်ကြည့်ပြီးနောက် သူက ကျန်တစ်ခုကို ကျွမ်းချင်ကို ပေးလိုက်သည်။
"ဘာအတွက်လဲ..."
ကျွမ်းချင်က မလှုပ်မယှက် ကျန်နေပေသည်။
ခံ့ညားတဲ့ ချီ၇ခုနဲ့ ယောက်ျားတစ်ယောက်က ဒီလိုဟာမျိုးကို ဘယ်လိုလုပ်ပြီး ဝတ်ရမှာလဲ...
"ငါတို့က အများနည်းတူ ရောနှောနေထိုင်ရမယ်လေ... အဲ့ဒါကို လူတွေ ဘယ်လောက်များများ တပ်ထားလဲ ကြည့်လိုက်..."
ဖူလီက ပတ်ဝန်းကျင်ကို ညွှန်ပြလိုက်သည်။ လာကြသော ဧည့်သည့်များကြားတွင် ပန်ဒါဘီးကုပ်များနှင့် ဦးထုပ်များ ဝတ်ထားသူ အလွန်များပေသည်။
"ငါတို့က အများထဲကနေ အများဆီကို ရွေ့လျားရမှာ... ဒါကို ဝတ်တာက 'အများထဲကို နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ခြင်း'လို့ခေါ်တယ်..."