အပိုင်း ၁၂၄
Viewers 18k

🐰Chapter 124🐉



ထိုကဲ့သို့ ယုတ္တိမရှိသော အကြောင်းပြချက်က ကျွမ်းချင်ကို မလှုပ်ရှားစေပါပေ။ သူက ငြင်းဆန်လုဆဲဆဲတွင် ဖူလီက လက်တစ်ဖက်ဆန့်ထုတ်ကာ သူ့ခေါင်းပေါ်တွင် ဆံကုပ်ကို တပ်ပေးလိုက်သည်။ ထို့နောက် သူက ကျွမ်းချင်၏ လက်ကို ဆွဲလိုက်သည်။ 

"အတူတူဝတ်ရအောင်... မချွတ်ပစ်နဲ့နော်..."

ကျွမ်းချင်၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားလေသည်။ သူက ပြုံးနေသော ဖူလီကို ကြည့်လိုက်သည်။
"သွားစို့..."

"မင်း မချွတ်ဘူးလို့ ကတိပေးရင် ငါလွတ်ပေးမယ်..."

ကျွမ်းချင်က ဖူလီကို စက္ကန့်အနည်းငယ် စိုက်ကြည့်နေပြီးနောက် ကူကယ်ရာမဲ့ ဆိုလိုက်သည်။
"သွားစို့... ငါမချွတ်ပစ်ပါဘူး..."

"စောစောကတည်းက ဒီလိုလုပ်ရင် မကောင်းဘူးလား..."

ဖူလီက ကျွမ်းချင်လက်ကို လွတ်လိုက်ကာ သူ့ခေါင်းပေါ်မှ ပန်ဒါနားရွက်ကို နေရာပြင်လိုက်သည်။ 

"မင်းက ငါ့ထက်ငယ်တာကို ဘာလို့ အဖိုးအိုကြီးတစ်ယောက်လို နေနေတာတုန်း... လူသားတွေက စိတ်ဝင်စားစရာကောင်းတဲ့ အရုပ်တွေ အများကြီးကို တီထွင်ထားတာကို အဲ့ဒါတွေကို မကြုံတွေ့ရတာက ဖြုန်းတီးတယ်လို့ မထင်ဘူးလား..."

ကျွမ်းချင်က ဖူလီ စကားပြောလိုက်သည့်အခါ သူ့ခေါင်းပေါ်မှ ပန်ဒါနားရွက်က ဘယ်ညာယမ်းနေသည်ကို ကြည့်နေလိုက်သည်။ ပန်ဒါနားရွက်များကို မြင့်တက်စေရန် နားရွက်များ၏ အောက်ခြေကို စပရင်နှင့် တွဲဆက်ထားရာ ခေါင်းအနည်းငယ် ယမ်းလိုက်သည်နှင့် နားရွက်များက ရှေ့နောက် ယမ်းနေပေသည်။ ၄င်းက ယုန်နားရွက်ဖြစ်ပါက သေချာပေါက် ပိုမို ချစ်စရာကောင်းမည် ဖြစ်သည်ဟု ကျွမ်းချင်က တွေးမိပေသည်။ 

သူက မသိစိတ်ဖြင့် ခေါင်းစောင်းလိုက်သည်။ ဖူလီနောက်မှလိုက်ကာ သူတို့က တဖြည်းဖြည်း လှုပ်ရှားလိုက်သည်။ 

သူတို့နှင့် မလှမ်းမကမ်းမှ မိန်းကလေးငယ်များစွာက သူတို့၏ ရုပ်ရည်များကြောင့် ဆွဲဆောင်ခံရပြီး ဖြစ်သည်။ ဖူလီက ကျွမ်းချင်အား ဘီးကုပ်တပ်ပေးလိုက်သည့်အခါ သူတို့က အော်ဟစ်သံများ ထွက်လုလုပင် ဖြစ်လေသည်။ 
"အဲ့နှစ်ယောက်က ဥက္ကဌ ကျွမ်းနဲ့ လက်ထောက်ဖူတို့ မလား..."

"အဲ့ဒါ သူတို့ပဲ... ငါက ကွန်ပျူတာပေါ်က ဗီဒီယိုမှာ မြင်လိုက်တယ်..."

"အဲ့ အမျိုးသားနှစ်ယောက်ရဲ့ အပြုအမူတွေက အရမ်း ဆွဲဆောင်နိုင်လို့ ငါ့ရဲ့ ငယ်ရွယ်တဲ့ နှလုံးသားလေးက အဆက်မပြတ်ခုန်နေတယ်လို့ ငါမထင်ဘူး... ဒါပေမဲ့ လက်ထောက်ဖူနဲ့ ဥက္ကဌ ကျွမ်းက တကယ်ချောတာပဲ... ဥက္ကဌ ကျွမ်းက ပန်ဒါနားရွက်ကို မဝတ်ချင်ပေမဲ့ လက်ထောက်ဖူကို ချစ်လို့ လိုက်လျောလိုက်ရတာက တကယ်ကို ချစ်သူတွေဆိုတဲ့ ဥပမာကောင်းပဲ..."

"ငါတို့ သူတို့ကို လိုက်ကြည့်ရအောင်..."

"မလုပ်နဲ့... သူတို့က ပြီးပြည့်စုံတဲ့ ချိန်းတွေ့တာကိုလုပ်နေတာ... ငါတို့ ပြေးသွားပြီး သူတို့ကို ဝိုင်းလိုက်နေရင် မုန်းစရာကောင်းမှာပေါ့..."

"ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်... ချိန်းတွေ့တာကို နှောင့်ယှက်တဲ့ ချစ်စရာ ပွဲကြည့်သူ ကောင်မလေးတစ်ယောက်က မိုးကြိုး ပစ်ခံရတတ်တယ်..."

တိရိစ္ဆာန်ရုံမှာ အလွန်ကြီးမားကာ ဧည့်သည်များ အနားယူရန် ထိုင်ခုံများက နေရာတိုင်းတွင် ရှိပေသည်။ ဖူလီနှင့် ကျွမ်းချင်က ထိုင်ရန် ထိုင်ခုံတစ်ခုကို ရွေးချယ်လိုက်ပေသည်။ သူတို့ ပတ်ဝန်းကျင်မှ လူတိုင်းက သောက်စားနေပြီး သူတို့ နှစ်ဦးတည်းကသာ လက်ဗလာနှင့် ထိုင်နေပြီး ကွဲထွက်နေပေသည်။ 

ကလေးဆိုးလေးတစ်ယောက်က စပျစ်သီးခွံများကို မြေကြီးပေါ်သို့ ထွေးထုတ်နေရာ သူ့မိခင်က ဒေါသတကြီး ဆူငေါက်နေပေသည်။ ကလေးက အော်ဟစ်ငိုကြွေးတော့မည်ဟု ဖူလီထင်လိုက်သော်လည်း သူ့မိခင်၏ ရှိန်လောက်သည့် အကြည့်အောက်တွင် ကလေးငယ်က နှာရှုံ့ကာ ထလိုက်ပြီး စပျစ်ခွံများကို ကောက်လိုက်သည်။ ထို့နောက် သူက အလိုလိုက်ခံရသော ကလေးငယ်တစ်ယောက်ကဲ့သို့ ပြုမူကာ သူ့အမေ၏ ခန္ဓာကိုယ် ပတ်လည်တွင် ဂျုံမုန့်သဖွယ် လိမ်ကောက်နေသည်။ 

"ဒီမှာစောင့်နေ..."

ကျွမ်းချင်က ရုတ်တရက် ထရပ်လိုက်သည်။ 
"လိမ်လိမ်မာမာနဲ့ ဒီမှာထိုင်နေ... လျှောက်မသွားနဲ့..."

ဖူလီ : ...

"လိမ်လိမ်မာမာနဲ့ ဒီမှာထိုင်နေ... မေမေ အမှိုက်သွားပစ်လိုက်ဦးမယ်..."

ကလေးဆိုးလေး၏ မိခင်က ကလေး၏ ခေါင်းကိုပွတ်ကာ သုံးမီတာအဝေးရှိ အမှိုက်ပုံးဆီသို့ သွားကာ စပျစ်ခွံများကို ပစ်လိုက်သည်။ 

ကလေးငယ်လေးက ထိုနေရာတွင် နာနာခံခံထိုင်နေသော်လည်း သူ့လက်ဝတုတ်လေးက နောက်ထပ် မုန့်ထုတ်ဆီသို့ လှမ်းလိုက်လေသည်။

ဖူလီမှာ ကျွမ်းချင်၏ စကားလုံးများက ထိုကလေး၏ မိခင်ပြောသည်နှင့် အလွန်ဆင်တူနေရာ ရှင်းမပြတတ်သော ခံစားချက်တစ်ခု ဖြစ်သွားပေသည်။ 

ကလေးငယ်လေးက နောက်ထပ် မုန့်တစ်ထုတ်ကို ဖောက်ကာ မုန့်နှစ်ခုကို ပါးစပ်ထဲသို့ ထိုးထည့် လိုက်သည်။ သူ့ခေါင်းကို လှည့်လိုက်ရာ သူက ဖူလီသူ့ကို ကြည့်နေသည်ကိုမြင်ရာ အလျင်အမြန် ဖင်ကိုလိမ်လိုက်ပြီး မုန့်ထုတ်ကို ဖွက်ထားလိုက်သည်။

လက်လျော့လိုက်တော့... မကောင်းတဲ့ လူကြီး... ငါ့မုန့်ကို ခင်ဗျားကို ပေးမှာမဟုတ်ဘူး... 

အမျိုးသမီးက အမှိုက်ထုတ်ကို ပစ်ပြီး ပြန်လာပြီးနောက် ကလေးငယ်က အထုတ်ထဲမှ အကြီးဆုံးမုန့်ကို ကောက်လိုက်သည်။ 

"မားမား... ဒီမှာ..."

အမေက တောက်တောက်ပပပြုံးကာ မုန့်ကို စားလိုက်သည်။ 

ဖူလီက ကလေးငယ်လေးမှာ မြေပြင်ပေါ်တွင် ဘီစကွတ်မုန့်တစ်ခု ပြုတ်ကျနေသည်ကို သတိပြုမိရာ နောက်မှ သူက နာနာခံခံနှင့် ကောက်ကာ သူ့ဘေးမှ အမှိုက်ပုံးထဲသို့ ပစ်လိုက်ပေသည်။ 

ထိုကလေးဆိုးလေးက ထိုမျှ ဆိုးသွမ်းနေသည်လည်း မဟုတ်သည့် ပုံပါပင်။

"ကြည့်မနေနဲ့တော့..."

မုန့်ထုတ်များပါသော အိတ်ကြီးတစ်ခုက ဖူလီ၏ အကြည့်ကို ဖုံးအုပ်သွားပေသည်။ ထို့နောက်တွင် ၄င်းက ဖူလီ၏ လက်မောင်းထဲသို့ ရောက်လာသည်။ 

သူက အိတ်ထဲမှ ပစ္စည်းများကို ငုံ့ကြည့်လိုက်သည်။ ကိုကာကိုလာ၊ သစ်သီးဖျော်ရည်၊ အာလူးကြော် ဘီစကွတ်မျိုးစုံနှင့် ပလတ်စတစ်အကြည်ဖြင့် ထုတ်ထားသော စပျစ်သီး တစ်ဘူးပင် ပါပေသည်။ သူက အာလူးကြော်တစ်ထုတ်ကို ဖွင့်လိုက်ကာ သူတို့နှစ်ဦးကြားတွင် ချလိုက်သည်။
"ဒါတွေ ဘာလို့ ဝယ်လာတာလဲ..."

ကျွမ်းချင်က အာလူးကြော်ကို မကြိုက်ပါပေ။ သူက အိတ်ထဲမှ ဖျော်ရည်တစ်ဘူးကို ယူလိုက်ပြီး အဖုံးဖွင့်ကာ တစ်ငုံသောက်လိုက်သည်။ 
"ဘာလို့ သိပ်မစားတာလဲ..."

"ငါဘယ်တုန်းကများ ဒါတွေ စားချင်လို့လဲ..."
ဖူလီက စိတ်ရှုပ်ထွေးသွားလေသည်။ 

"အဲ့ဒါဆိုရင် ဘာလို့ တခြားကလေးတစ်ယောက်ရဲ့ မုန့်ကို သွားပြီး ကြည့်နေတာလဲ..."
ကျွမ်းချင်က သူ့ပခုံးကို ပွတ်ပေးလိုက်သည်။ 
"ရပါတယ်... စားချင်ရင်စား... ငါကလွဲရင် ဘယ်သူမှ မသိပါဘူး..."

ဖူလီ : ...

သူက ကလေးတစ်ယောက်ရဲ့ မုန့်ကို မလိုဖြစ်မဲ့ ယောင်ကျင့်ကြံသူတစ်ဦးမျိုးမို့လား...

ဖူလီက အတန်ကြာပြီးနောက် အာလူးကြော်ထုတ်ကို အပြီးသတ်လိုက်သည်။ သူက ကိုလာအနည်းငယ် သောက်လိုက်ပေသည်။
"ငါစားချင်လို့ မုန့်ဝယ်ချင်တာလား..."

"မဟုတ်ပါဘူး..."
ကျွမ်းချင်က ခေါင်းကို အဝေးသို့လှည့်လိုက်သည်။ နေရောင်က သူ့နားပေါ်သို့ ကျရောက်နေကာ ၄င်းတို့အား အနည်းငယ် ပန်းရောင်သန်းနေစေပေသည်။ 

"ငါက လမ်းလိုက်ရှာဖို့သွားတာကို ဆိုင်ငယ်လေးတစ်ခုက အဲ့ဒါတွေရောင်းနေတာ တွေ့လို့ ဝယ်လာလိုက်တာ..."
ကျွမ်းချင်က လှောင်ပြောင်လိုက်သည်။ 
"ငါက ဒါတွေအကုန်လုံးကို ဘယ်လိုလုပ်ပြီး အထူးဝယ်လာရမှာလဲ... ဖြစ်ချင်တာတွေ လျှောက်တွေးမနေနဲ့..."

"အိုး..."
ဖူလီက တောက်ပလှသော အပြုံးတစ်ခုဖြင့် ကိုလာဆက်သောက်နေပေသည်။ 
ကျွမ်းချင်ရဲ့ နားရွက်တွေက ဘာလို့ သိသိသာသာ ရဲလာတာလဲ...

ရှဲဝေ့လုံက ညနေခင်း ရိုက်ကူးရေးကို အခက်အခဲများစွာနှင့် အပြီးသတ်လိုက်သည်။ သူက ညနေခင်းနားချိန်ကို အမြတ်ထုတ်ကာ သူ့ကိုယ်သူ ဖုံးကွယ်ကာ အနားယူထိုင်ခုံတွင်ထိုင်ကာ မုန့်စားနေကြသော ကျွမ်းချင်နှင့် ဖူလီကို လိုက်ရှာလိုက်သည်။

"နဂါးသခင်... ကျင့်ကြံသူဖူလီ... ကျွန်တော်ရှင်းပြတာ နားထောင်ပါဦး..."
ရှဲဝေ့လုံက သူတို့နှစ်ဦးဆီ အပြေးသွားလိုက်သည်။ 
"ဒါတွေအကုန်လုံးက အထင်လွဲနေတာပါ..."

ဖူလီက ရှဲဝေ့လုံကို ကြောင်ကြည့်လိုက်သည်။ 
ဒီမြွေက ခေါင်းသိပ်မကောင်းတော့ဘူးလား...

ကျွမ်းချင်က လက်ကိုင်ပုဝါတစ်ခုကို ထုတ်ကာ ဖူလီပါးစပ်သုတ်ရန်အတွက် လက်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် သူက ရှဲဝေ့လုံကို အေးစက်သော မျက်နှာဖြင့် ကြည့်လိုက်သည်။ 

"ပြော..."

ကျွမ်းချင်၏ အမူအရာကို ကြည့်ရုံဖြင့် ရှဲဝေ့လုံက နဂါးသခင်မှာ သူနှင့်စပါးအုံးနက်၏ စကားဝိုင်းကို သိထားကြောင်းကို အသေအချာသိပေသည်။ သူက အသံတိုးတိုးဖြင့် အလျင်အမြန် ပြန်ဖြေလိုက်သည်။ 

"ဒါက အထင်လွဲနေတာပါ... ကျွန်တော်က အဲ့စပါးအုံးနက်ကို လုံးဝ မသိသလို သူပြောတာကိုလည်း လက်မခံခဲ့ပါဘူး... ကျွန်တော်က လမ်းမှားမလိုက်မဲ့ သန့်ရှင်းတဲ့ မြွေလေးပါ..."

"အင်း..."

ဖူလီက သူ့ပါးစပ်ကို ပြောင်အောင်သုတ်ပြီးသည်ကို မြင်ရာ ကျွမ်းချင်က မုန့်ထုတ်နှင့် အအေးဘူးခွံများကို အမှိုက်ပုံးထဲသို့ ပစ်လိုက်သည်။ ထိုင်ခုံတွင် ပြန်ထိုင်ပြီးနောက် သူက မေ့ငေါ့လိုက်သည်။ 

"ဆက်ပြော..."

"တိရစ္ဆာန်ရုံရဲ့ စပါးအုံးနက်က ရိုင်းပြတဲ့ မြွေရောဂါဖြစ်နေတယ်လို့ ကျွန်တော်ထင်တယ်... သူက ကျွန်တော်ကို ကျင့်ကြံခြင်း နည်းလမ်းတစ်ခုနဲ့ သွေးဆောင်ပြီး လစန္ဒာပေါင်းကူး ဟိုတယ်က လုံခြုံရေးအစောင့်တစ်ယောက်ကို သတ်စေချင်နေတာ..."

ရှဲဝေ့လုံက သူ့၏ စီနီယာမြွေကို သစ္စာဖောက်ရန် မတုံ့ဆိုင်းနေပါပေ။ မည်သည့်ကိစ္စတွင်မဆို သူတို့က မျိုးဆက်မတူကြ၍ သူ့ကိုယ်သူ အပြစ်ကင်းစွာ ကာကွယ်ရန် လိုအပ်ပေသည်။

"ဒါပေမဲ့ ကျွန်တော့်လို မြွေက သူ့ကို တုံ့ဆိုင်းခြင်းမရှိ သဘာဝကျကျပဲ ငြင်းဆန်လိုက်ပါတယ်... ကျင့်ကြံခြင်းက ဖြည်းဖြည်းခြင်းလုပ်လို့ရပါတယ်... ဒါပေမဲ့ လူသတ်တာလိုမျိုး တရာမဝင်အလုပ်တွေက လုပ်လို့မရဘူးလေ..."

"သူသတ်ချင်တဲ့ လုံခြုံရေးအစောင့်က ငါဖြစ်မယ်..."

ဖူလီက အပြစ်ကင်းစွာ မျက်တောင်ခတ်လိုက်သည်။ 

"သူ့ကို ဖမ်းပြီး သစ်တောဗျူရိုကို ပြန်ပို့လိုက်တာ ငါလေ..."

ထိုအခိုက်အတန့်တွင် ရှဲဝေ့လုံက သူ့၏ မိစ္ဆာသက်တမ်းတစ်လျှောက်တွင် အမှန်ကန်ဆုံးသော ဆုံးဖြတ်ချက်တစ်ခုကို ပြုလုပ်ခဲ့သည်ဟု ခံစားလိုက်ရသည်

ရှဲဝေ့လုံမှာ ဖူလီ လစန္ဒာပေါင်းကူးဟိုတယ်တွင် လုံခြုံရေး အစောင့်တစ်ဦးဖြစ်ခဲ့သည်ကို သေချာပေါက် မှတ်မိပေသည်။ သို့သော် စပါးအုံးနက်က ဗျူရိုမှ တစ်စုံတစ်ယောက်ကို လှုပ်ရှားမှု ပြုလုပ်ရဲသည်ဟူသော အတွေးက သူ့စိတ်ကူးထဲကိုပင် ရောက်မလာပါပေ။ မဟုတ်ပါပေ။ ထိုစပါးအုံးနက်က စာရိတ္တပျက်ပြားနေကာ သူ့အား အသက်ကို လွင့်ပစ်ရန် သွေးထိုးနေသည်ဟု ဆိုနိုင်ပေသည်။ သူက ဤသို့သော မျိုးစိတ်တူသည့် တစ်စုံတစ်ယောက်နှင့် ကြုံရရန်အတွက် ဘဝပေါင်းအနည်းငယ် ကံဆိုးစွာ ရှင်သန်ခဲ့ရမည် ဖြစ်နိုင်ပေသည်။ ကံကောင်းစွာဖြင့် နဂါးသခင်နှင့် ကျင့်ကြံသူဖူလီတို့က စူးရှသော အမြင်ဖြင့် အမှားနှင့် အမှန်ကို ခွဲခြားနိုင်ကာ သူ့အား ကြံရာပါဟု မယူဆခဲ့ပါပေ။ 

"ငါတို့ ကိစ္စတွေကို ရှင်းရှင်းလင်းလင်း နားလည်သွားပြီ..."

ဖူလီက သူတို့ရှိရာသို့ တိတ်တဆိတ်ကြည့်နေသော မိန်းကလေးများ ရှိနေသည်ကို သတိပြုမိကာ ရှဲဝေ့လုံကိုသတိပေးလိုက်သည်။

"မင်းကို မှတ်မိသွားကြပြီထင်တယ်..."

"အာ..."
ရှဲဝေ့လုံက သူ့အသက်ချမ်းသာသွားခြင်း၏ ပျော်ရွှင်မှုကြောင့် လျှောက်မထွက်သွားရခင်မှာ ဖူလီစကားလုံးကို ကြားပြီး မတုံ့ပြန်နိုင်ပါပေ။ 

"အဲ့ဒါက မြွေလေးပဲ..."

"အားးး... အဲ့ဒါက တကယ်ကြီး မြွေလေးပဲ..."

လူအုပ်ထံမှ အလွန်ပျော်ရွှင်ကာ အံ့သားသင့်သည့်အသံများ ထွက်ပေါ်လာလေသည်။ ရှဲဝေ့လုံက 'နှုတ်ဆက်ပါတယ်'ဟူသည်ကို အလျင်အမြန်ဆိုကာ ပြေးထွက်သွားလေသည်။ သို့သော် ယနေ့တွင် တိရိစ္ဆာန်ရုံ၌ လူအလွန်များနေပေသည်။ သူ့ခြေထောက်များက မည်မျှပင် ရှည်လျားသော်လည်း သူက လူအုပ်ထံမှ မလွတ်မြောက်နိုင်ပဲ အဝေးကြီးသို့ မသွားနိုင်ကာ လူအုပ်၏ ဝန်းရံခြင်းကို ခံလိုက်ရသည်။

မိန်းကလေးများက အလွန်စိတ်လှုပ်ရှားကာ သူတို့ဖုန်းများနှင့် ဘယ်၊ ညာ၊ နှင့် အလယ်တို့အား ဓာတ်ပုံရိုက်ကူးနေကြသော်လည်း ရှဲဝေ့လုံ ဒဏ်ရာရခြင်းမှ တားဆီးရန်အတွက် သူတို့၏ ခန္ဓာကိုယ်များဖြင့် ပတ်ဝန်းကျင်မှ လူများ ရှေ့သို့ အလျင်အမြန် တိုးလာခြင်းကို တားဆီးထားပေသည်။ 

"မတိုးပါနဲ့... လုံခြုံရေးကို ဂရုစိုက်ကြပါ..."
ရှဲဝေ့လုံက ယမ်းခါနေသည်အထိ အတွန်းခံနေရသော မိန်းကလေးငယ်တစ်ဦးကို ကူညီလိုက်ကာ ကျယ်လောင်စွာဆိုလိုက်သည်။ 

"ကျွန်တော်တို့ ပတ်ဝန်းကျင်က သူငယ်ချင်းတွေကို ဂရုစိုက်ကြပါ... ကျွန်တော့်ကြောင့် တခြားသူတွေကို ဒဏ်ရာမရစေဖို့ မျှော်လင့်ပါတယ်..."

ထိုစကားများကို ကြားပြီးနောက် ပရိသတ်များကို အမိန့်ကို ပူးပေါင်းစောင့်ထိန်းလိုက်ကြပြီး တွန်းထိုးမနေကြတော့ပေ။

ဖူလီမှာ အစပိုင်းတွင် လူနင်းခံရခြင်းဖြစ်လာမည်ကို စိုးရိမ်နေသော်လည်း ရှဲဝေ့လုံ၏ ချီးကျူးဖွယ် ကိုင်ကွယ်နည်းကို မြင်ပြီးနောက် အပျော်သဘော ကြည့်နေရန် ဆုံးဖြတ်လိုက်သည်။

"အဲ့မြွေလေးက တကယ်ကို နာမည်ကျော်တစ်ယောက်ဖြစ်ရတာကြိုက်တယ်နဲ့ တူတယ်..."

သူက သူတို့ရှေ့တွင် ကြောက်လန့်ကာ ယုံကြည်ချက်မရှိသော်လည်း သူ့၏ ပရိသတ်များရှေ့တွင် ဒီထက်ပို၍ မပြည့်စုံနိုင်တော့ပါချေ။ သူ့၏ မျက်နှာကပင် အလင်းများဖြာထွက်နေပေသည်။ ပွဲရှိ ထိုမိန်းကလေးများက သူ့ကို အမှန်တကယ်ပင် ကြိုက်ကြသည့်ပုံရပေသည်။ ပွဲရှိ လေထုမှာ သစ္စာတရား၏ ရနံ့များဖြင့် ပြည့်နှက်နေပေသည်။ 

လူသားများမှာ ခံစားချက်များစွာ ရှိနေရန် ကံစီမံထားပေသည်။ သူတို့က တစ်ရက်တွင် အနုပညာရှင်တစ်ယောက်ကိုကြိုက်နိုင်သော်လည်း နောက်တစ်ရက်တွင် နောက်ထပ်နာမည်ကြီးတစ်ယောက်ကို ကြိုက်နိုင်ပေသည်။ သို့သော် ထိုအချိန်တွင် ထိုလူအတွက် သူတို့၏ ချစ်ခင်မှုက စစ်မှန်ကာ သူတို့၏ ခံစားချက်များ တစ်ခုစီတိုင်းသည်လည်း ထိန်ချန်ထားခြင်း မရှိပါပေ။ ၄င်းက နှစ်ဖက်စလုံးအတွက် လှပသော အမှတ်တရတစ်ခုဖြစ်ပေသည်။

ကျွမ်းချင်က ဖူလီ ရုတ်တရက် ပြုံးလိုက်သည်ကို ကြည့်လိုက်သည်။
"မင်းဘာပြုံးနေတာလဲ..."

"ဒါက ကျေနပ်တဲ့ အပြုံးတစ်ခုလေ..."
ဖူလီက အလွန်အလေးအနက် ဆိုလိုက်သည်။
"အဖေအိုတစ်ယောက်က သူ့ကလေး အသိတရားရှိရှိ ကြီးပြင်းလာကို မြင်လို့ ပြုံးတဲ့ အပြုံးမျိုး..."

"ယုန်ထီးတစ်ကောင်က မြွေတစ်ကောင်မွေးနိုင်တယ်ဆိုတာကို ငါဘယ်လိုလုပ်ပြီး မသိရတာလဲ..."
ကျွမ်းချင်က ထရပ်လိုက်သည်။

"ငါတို့ထိုင်နေတာ ကြာပြီ... နောက်တစ်နေရာကို သွားရအောင်... ပန်ဒါခြံဝန်း..."

"အင်းပါ... အင်းပါ..."
ဖူလီက ခေါင်းညိတ်ပြလိုက်သည်။ သူက အမွေးပွကာ ဝတုတ်တုတ် သတ္တဝါများကို အကြိုက်ဆုံးဖြစ်ပေသည်။ စီမံခန့်ခွဲရေး ဗျူရိုထဲတွင် ပန်ဒါမိစ္ဆာတစ်ဦးတည်းသာလျှင် ရှိနေသည်က နှမြောစရာကောင်းလှပေသည်။ လွန်ခဲ့သည့် နှစ်နှစ်က ထိုပန်ဒါ မိစ္ဆာမှာ အစားအသောက် အလကားစားရန်အတွက် ပန်ဒါသုတေသန ဌာနသို့ ခိုးဝင်သွားပေသည်။ သူက ပန်ဒါ တိုက်ရိုက်ထုတ်လွှင့်မှု ချန်နယ်ရှေ့တွင် ချစ်စဖွယ် ပြုမူကာ အချိန်ကုန်ဆုံးနေသည်မှာ ဌာနက သူ့ကို သားဖောက်ရန် မပို့ခင် အချိန်ထိပင်။ ထိုအချိန်မှသာ သူက စီမံခန့်ခွဲရေး ဗျူရိုနှင့် ယောင်အစည်းအရုံးကို သတင်းပို့ရန် ပြန်ရောက်လာပြီး တောရိုင်းတိရိစ္ဆာန် လွတ်မြောက်ရေး အစီအစဉ်တွင် အဖွဲ့ဝင်တစ်ဦးဖြစ်လာပေသည်။


🐼🐼🐼🐼🐼