🐰Chapter 125🐉
မလွယ်ပါဘူးလေ
သူကြားသည်က ပန်ဒါမိစ္ဆာက သူ့၏ မူလ ပုံစံကို ကျုံ့ကာ သူ့၏ သားဖြစ်သူဟန်ဆောင်ပြီး ပန်ဒါသုတေသန ဌာနနှင့် ပြန်လည် ရောနှောနေသည်ဟုပင်။ စီမံခန့်ခွဲရေး ဗျူရိုနှင့် ယောင်အစည်းအရုံးက ထိုကဲ့သို့ တက်ကြွမှုမရှိသည့် အကျင့်ပျက်နေသော မိစ္ဆာအား ဘာမှမလုပ်နိုင်၍ သူက အဓိကပြဿနာ မဖြစ်စေပဲ လူသားများအား ပျော်ရွှင်မှုကို ယူဆောင်လာပေးနိုင်သည်ကိုကြည့်ကာ မျက်စိတစ်ဖက်ပိတ်ထားရန်သာ တတ်နိုင်ပေသည်။
ပန်ဒါခြံဝန်း၏ ပြင်ပတွင် လူတန်းရှည်ကြီးတစ်ခု ရှိပေသည်။ ပန်ဒါများကို မမြင်ရသော လူများက ပန်ဒါရုပ်ထုဆီသို့ ဖုန်းများမြှောက်ကာ ဓာတ်ပုံအချို့ ရိုက်နေကြပေသည်။
ကျွမ်းချင်က သူ့အိတ်ကပ်ထဲတွင် ထည့်ထားသော အလုပ်ဖြတ်သန်းခွင့်ကဒ်ကို ထုတ်ကာ လည်ပင်းတွင် ဆွဲလိုက်သည်။ လူတိုင်း၏ မနာလိုသည့် အကြည့်များအောက်တွင် သူက ဖူလီကို ပန်ဒါခြံဝန်းဆီသို့ ဦးဆောင်ခေါ်သွားလိုက်သည်။
အတွင်းထဲ၌ ကလေးများစွာ ရှိနေပြီး တစ်ချို့မှာ လူကြီးများ၏ အာရုံမစိုက်မှုကို အခွင့်ကောင်းယူကာ လျှောက်ပြေးနေပြီး လူကြီးများက သူတို့နောက်မှ လိုက်ဖမ်းနေကြသည်။
ကလေးငယ်တစ်ယောက်က ကျွမ်းချင်၏ ခြေထောက်သို့ ဝင်တိုက်လေသည်။ သူသည် အာလူးတစ်လုံးသဖွယ် နှစ်ချက်ခန့် လိမ့်သွားပြီး မြေပြင်ပေါ်သို့ ခြေကားယားလက်ကားယားကျသွားကာ ငိုကြွေးနေသည့်အချိန်ထိပင် ကျွမ်းချင်က တုံ့ပြန်မှုပင် မပြုလုပ်ရသေးပါချေ။
ကျွမ်းချင် : ...
သူက အလွန်စိုးရိမ်သွား၍ သူ့ခေါင်းပေါ်မှ ပန်ဒါနားရွက်များက စတင် လှုပ်ရမ်းလာပေသည်။
ကလေးငယ်၏ ဖခင်က အလျင်အမြန် ပြေးလာပြီး ကလေးကို ချီလိုက်သည်။ သူက ကျွမ်းချင်နှင့် ဖူလီကို လှမ်းကြည့်လိုက်သည်။ သူတို့၏ ဝတ်စုံများက သာမန်မဟုတ်သည်ကို သဘောပေါက်သွားရာ သူက အနည်းငယ် ညည်းညူလိုက်သော်လည်း သူတို့နှင့် ငြင်းခုန်ခြင်း မပြုလုပ်ဝံ့ပါပေ။ သူက ကလေးကို ချီသွားပြီး သူ့ပခုံးပေါ်မှ ကလေးငယ်က ကျယ်လောင်စွာ ငိုကြွေးနေဆဲ ဖြစ်သည်။
ဖူလီက သူ့ပခုံးကို ထိလိုက်ကာ အနည်းငယ် အေးစက်နေသည်ဟု ခံစားလိုက်ရသည်။
ကျွမ်းချင်က သူ့ဆီသို့ ရုတ်တရက် လှည့်လာလေသည်။
"အနာဂတ်မှာ ကလေးမယူတာက အရမ်းကောင်းတယ်..."
"အာ..."
ဖူလီက အံ့အားသင့်သွားလေသည်။
"မင်းတို့ နဂါးမျိုးနွယ်ရဲ့ မျိုးပွားနှုန်းက အတော်လေးကောင်းတယ်... မင်းက အနာဂတ်မှာ ကလေးရှိလောက်တယ်နော်..."
ကျွမ်းချင်၏ ခြေလှမ်းများက ရပ်တန့်သွားသည်။
"ငါကလေးမယူဘူး..."
"ဘာကြီး..."
"ငါ အနာဂတ်မှာ ကလေးယူမှာ မဟုတ်ဘူး..."
ကျွမ်းချင်က မြေကြီးပေါ်တွင် လှဲကာ ပျင်းရိစွာနှင့် ဝါးကို ကိုက်စားနေသည့် အလုံပိတ်ခန်းထဲမှ ပန်ဒါကို ကြည့်လိုက်သည်။
"အဲ့ဒါဆို ငါက ဒီလိုမျိုး စိတ်ပူစရာမလိုတော့ဘူး..."
ဖူလီက ပန်ဒါကို လှမ်းကြည့်ကာ ကျွမ်းချင်ကို အလေးအနက်ပြန်ကြည့်လိုက်သည်။ ပန်ဒါများမှာ မည်မျှပင်အထင်ကြီးလောက်စရာကောင်းသော်လည်း သူတို့၏ မျိုးပွားနိုင်စွမ်းက အလွန်နိမ့်ကြသည်ဟု ဆိုကြပေသည်။ ပန်ဒါအများစု၏ မျိုးပွားမှုမှာ လူသားများပေါ်တွင် မူတည်ပေသည်။
ကျွမ်းချင်ရဲ့ မျိုးပွားနိုင်စွမ်းက ပန်ဒါတွေနဲ့ တူနေတာလား...
သူက အဲ့လို ကိစ္စမှာ အားမသန်ဘူးဆိုတာကို ဘယ်ယောက်ျားလေးက ဝန်ခံချင်မှာလဲ... နဂါးလေးကျွမ်းက သူ့ကို ပြောပြချင်တယ်ဆိုတဲ့ အချက်က သူ့ကို အစ်ကိုကောင်းတစ်ယောက်လို ဆက်ဆံတယ်ဆိုတာ ပြတာပဲ...
၄င်းကို နားလည်သွားရာ ဖူလီက ကျွမ်းချင်ကို ပခုံးပုတ်ပေးလိုက်သည်။
"အခုဆိုရင် သိပ္ပံနဲ့ နည်းပညာက မြန်မြန်ဆန်ဆန် တိုးတက်လာပြီ... အခုမလုပ်နိုင်တာက နောက်နှစ်ရာချီ ထောင်ချီလောက်ဆိုရင် ပြဿနာမဟုတ်တော့ပါဘူး..."
ကျွမ်းချင်က ကြောင်အနေကာ ဖူလီကို သူ့ပခုံးနှင့် ရင်ဘတ်များကို ချော့မြူပွတ်သပ်ခွင့်ပြုထားလိုက်လေသည်။
ပန်ဒါခြံဝန်းမှ ထွက်လာပြီးနောက် ဖူလီနှင့် ကျွမ်းချင်က ကောင်းကောင်းအစာကျွေးခံထားရ၍ ဝတုတ်ကာ သန်မာနေသော ကျားမိစ္ဆာတစ်ကောင်ကို တွေ့လိုက်လေသည်။ ကျားမိစ္ဆာက မြေပြင်ပေါ်တွင် ပျင်းရိစွာ လှဲနေပြီး အပြင်မှ ကလေးများထဲမှ စူးစူးရှရှအော်သံများကို လျစ်လျူရှုထားပေသည်။
သူက ကျွမ်းချင်နှင့် ဖူလီ ဖြတ်သွားသည့် အခါမှသာ တုံ့ပြန်မှုတစ်ခုပြုလာခဲ့သည်။ သူက ထရပ်ကာ သူတို့ကို လှမ်းခေါ်လိုက်သည်။
"အပြင်က အစ်ကိုနှစ်ယောက်... တိရိစ္ဆာန်ရုံရဲ့ ဆက်ဆံရေးက သိပ်မဆိုးဘူး... ငါနဲ့အတူ အေးအေးဆေးဆေးလာ နေချင်လား..."
ကျားမိစ္ဆာက မေးလိုက်သည်။
"လူတွေက အရမ်းကြောက်ဖို့ကောင်းတယ်နော် သူတို့က တကယ်ကြီး လူသားတွေကို သတိမေ့စေနိုင်တဲ့ သေနတ်တွေ တီထွင်ခဲ့တာ... မင်းတို့လုံခြုံရေးအတွက် ဂရုစိုက်မှရမယ်..."
သူက ကျွမ်းချင်၏ပတ်ဝန်းကျင်မှ အထူးအော်ရာကို အနံ့ခံနိုင်ပေသည်။ သူက လက်ရှိအချိန်တွင် တစ်ဖက်လူ၏ မူလပုံစံကို မပြောနိုင်သော်လည်း သူ့အား ယောင်အဖွဲ့အစည်းကို စာရင်းသွင်းခွင့်ပြုထားသော ဖူလီကို မှတ်မိနေဆဲဖြစ်သည်။
ကျားဟိန်းသံများက ကလေးများကို ကြောက်လန့်ကာ ငိုကြွေးသွားစေပြီး သတ္တိနည်းသော လူများက ချက်ချင်းပင် မျက်ရည်ဝဲလာပေသည်။ သူတို့၏ ကလေးများကို ချော့မောနေစဉ်တွင် မိဘများက သူတို့၏ ဖုန်းများကို ထုတ်ကာ ကျားဟိန်းနေသော သွင်ပြင်နှင့်အတူ သူတို့ကလေးများ၏ ငိုကြွေးနေပုံများကို ဓာတ်ပုံရိုက်ရန် မမေ့ကြပါပေ။
ကင်မရာများ နေရာတကာတွင် ရှိနေသော ဤလောကကြီးတွင် မိဘများကလည်း သူတို့၏ ကလေးများအပေါ်တွင် အညှာအတာ ကင်းမဲ့လာကြပေသည်။
ဖူလီက ထိုကျားမိစ္ဆာကိုမြင်ရာ မပြုံးပဲ မနေနိုင်ပါပေ။ သူက ဤကျားဖြူကို မှတ်မိပေသည်။ သူက ဤကျားမိစ္ဆာကို ယောင်အဖွဲ့အစည်းသို့ ခေါ်လာသည်ကို မှတ်မိသည်။
သူက ဘာလို့ တိရိစ္ဆာန်ရုံကို အမြန်ကြီးရောက်လာတာပါလိမ့်...
သူက အနည်းငယ် စိတ်ဝင်စားသွားကာ အသံကူးပြောင်းရေးစွမ်းအင်ကို အသုံးပြုပြီး သူ့ကို မေးခွန်းအနည်းငယ် မေးလိုက်သည်။
"မပြောပါနဲ့တော့... လူ့အသိုင်းအဝိုင်းထဲမှာ နေရတာ အရမ်းခက်တယ်..."
ကျားမိစ္ဆာက ခေါင်းငိုက်စိုက်ကျနေပေသည်။
"အရာအားလုံးအတွက် ဘွဲ့တစ်ခုလိုတယ်... နောက်ဆုံးကျတော့ ငါက ဗိုက်ဆာလို့ လမ်းဘေးမှာ မေ့လဲပြီးတော့ ကယ်ဆယ်ရေးအသင်းတစ်ခုကနေ ကယ်ပြီး ဒီကို အပို့ခံလိုက်ရတာပဲ..."
အတိတ်အချိန်က ဆိုပါက သူသည် လူသားစားပြီး ဗိုက်ဖြည့်၍ ရပေသည်။ သို့သော် သူက လူသားကမ္ဘာ ယောင်အဖွဲ့အစည်း၏ အခြေခံ ဗဟုသုတ လေ့ကျင့်ရေး သင်တန်းတွင် စီမံခန့်ခွဲရေး ဗျူရိုက လူသားများကို အရမ်းမဲ့ စားသည့် ယောင့်ကျင့်ကြံသူများကို သေသည်အထိရိုက်နှက်သည်ကို သိရှိပြီးဖြစ်လေသည်။ သို့ဖြစ်၍ သူက သည်းခံရန်သာ တတ်နိုင်ပေသည်။
သူက ခေါင်းငုံ့ကာ ရှေ့ခြေထောက်မှ လက်သည်းများကို လျက်လိုက်သည်။
"ဒါပေမဲ့ ဒီမှာ သိပ်မဆိုးပါဘူး... ငါက အစားအသောက်အတွက် ပူစရာမလိုဘူး... ပြီးတော့ လူသားတွေကလည်း ငါ့ရဲ့ အစေခံဖြစ်ပြီး ငါ့နားမှာ တစ်နေကုန် လှည့်ပတ်နေဖို့ အစွမ်းကုန် ကြိုးစားကြတယ်..."
ဖူလီက အတန်ကြာအောင် ဘာပြောရမှန်းမသိ ဖြစ်သွားလေသည်။ လူသားများက တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးတွင် တက်တက်ကြွကြွ ပါဝင်လာကြသည်။ ဤသည်က ကောင်းမွန်သော အရာတစ်ခုဖြစ်သော်လည်း သူတို့က မိစ္ဆာမျိုးနွယ်များက အစားအသောက်ရှားပါးကာ လူသားများ၏ ထိန်းသိမ်းစောင့်ရှောက်ရေးအသိကို မှီခိုကာ သူတို့၏ နေ့ရက်များကို စားသောက် ပျော်ပါးကာ ကုန်ဆုံးနေမည်ဟု မထင်ထားခဲ့ပါပေ။ သူတို့က အတွင်းပိုင်အထိ ယိုယွင်း ပျက်စီးလာပေသည်။
ဟင်း... ယောင့်ကျင်ကြံခြင်းလောကရဲ့ အနာဂတ်က ဘာဆက်ဖြစ်မှာလဲ...
ဖူလီက ကျွမ်းချင်ကို လှည့်ကြည့်လိုက်သည်။
တော်ပါသေးတယ် အနည်းဆုံးတော့ စိတ်ချရတဲ့ မိစ္ဆာခေါင်းဆောင်တစ်ယောက်က သူတို့ကို ဦးဆောင်နေလို့...
ဖူလီက ကျွမ်းချင်၏ နောက်ကျောကို ပုတ်ပေးလိုက်သည်။ သူက ခေါင်းခါကာ သက်ပြင်းချလိုက်သည်။
"မင်းလည်း လွယ်ကူမှာ မဟုတ်ဘူး..."
ကျွမ်းချင် : ...
တိရိစ္ဆာန်ရုံတစ်ခုလုံးကို လှည့်ပတ်ကြည့်ရှုပြီးနောက် ဖူလီက လက်ထဲတွင် ပန်ဒါပစ္စည်းများစွာဖြင့် တိရိစ္ဆာန်ရုံ ဝင်ပေါက်ကို ဖြတ်ကာ ယနေ့အတွက် ကျွမ်းချင်နှင့်အတူ ကင်းလှည့်ရမည်ဆိုသည်ကို ပြန်သတိရသွားလေသည်။
သူက အပြစ်ရှိစိတ်ဖြင့် ကျွမ်းချင်၏ အမူအရာမဲ့ မျက်နှာကို ချောင်းကြည့်လိုက်ကာ ခြောက်ကပ်ကပ် ချောင်းဆိုးလိုက်သည်။
"ငါ ဒီည အချိန်ပို အလုပ်ဆင်းလိုက်ပါ့မယ်..."
ကျွမ်းချင်က သူ့ကို မျက်ခုံးပင့်ပြလိုက်သည်။
"စပါးအုံးနက်က အပြုအမူမကောင်းဘူး... အဲ့တော့ ငါညကျရင် ငါ့ကိုယ်ငါ ဖုံးကွယ်ပြီး သူ့ကို နေရာမှန် ပြန်ထားပေးလိုက်မယ်..."
ဖူလီက ဆိုလိုက်သည်။
"မင်းက မြွေကြောက်တယ်ဆိုတော့ လာစရာမလိုပါဘူး..."
ကျွမ်းချင်က ပန်ဒါနားရွက်ကို ဆွဲဆိတ်လိုက်သည်။
"ဟုတ်ပြီ..."
ကျွမ်းချင်ကို ကြည့်ပြီး ဖူလီက ရုတ်တရက် ပြုံးလိုက်လေသည်။ ကျွမ်းချင်က သူဘာကြောင့် ပြုံးသည်ကို မသိသော်လည်း အတန်ကြာအောင် ကြောင်အနေပြီးနောက် အနည်းငယ် ခပ်တောင့်တောင့် ပြန်ပြုံးပြလိုက်သည်။
သူတို့၏ ခေါင်းပေါ်မှ ပန်ဒါနားရွက်များက အဆက်မပြတ် လှုပ်ယမ်းနေသည်မှာ ခုန်နေသော နှလုံးသားတစ်ခုကဲ့သို့ပင်။
.......
ဆောင်းဦးနှင့် ဆောင်းညများက အနည်းငယ် အေးစိမ့်ပေသည်။ မြွေ ခြံဝန်းထဲမှ မြွေများအားလုံးက နွေးထွေးကာ ဇိမ်ကျသော ကျောက်တုံးများပေါ်တွင် ပျင်ရိစွာ လှဲနေပြီး သက်သောင့်သက်သာအိပ်နေကြပေသည်။ မြွေ မျိုးနွယ်များအတွက်မူ ဆောင်းဦးနှင့် ဆောင်းရာသီက အိပ်စက်ရန် ကောင်းမွန်သည့် အချိန်ဖြစ်ပေသည်။
ကျင့်ကြံခြင်းနှစ်ပေါင်းများစွာနှင့် ယောင်ကျင့်ကြံသူတစ်ဦးအနေဖြင့် စပါးအုံးနက်မှာ ဆောင်းခိုခြင်း၏ သဘာဝ ပုံစံမှ ချိုးဖောက်နိုင်ပြီး ဖြစ်သည်။ ညတိုင်း သူ့အပေါ်တွင် ပြုလုပ်ထားသော အတားအဆီးနှင့် ရုန်းကန်ကာ ကုန်ဆုံးနေရပေသည်။ ထိုယုတ်မာသော လုံခြုံရေးအစောင့်က သူ့အပေါ်တွင် မည်သည့်လှည့်ကွက်ကို အသုံးပြုလိုက်သည်အား မသိရပါပေ။ သူ့၏ ကျင့်ကြံခြင်းက အသုံးမဝင်တော့သည်သာမက လူသားပုံစံအဖြစ်သို့ ပြောင်းလဲနိုင်စွမ်းလည်း ဆုံးရှုံးသွားပေသည်။
သူက ကျင့်ကြံခြင်းကို ပြန်ရပါက ထိုဆိုးယုတ်သော ယောင်ကျင့်ကြံသူကို ဆံပင်မွေးများအထိ သေချာပေါက်စားပစ်မည် ဖြစ်သည်။ သူက ဖူလီကို ညတိုင်း ကျိန်စာတိုက်ကာ နေ့တိုင်း သူ့ကျိန်စာကို သူ့နှလုံးသားထဲတွင် အမှတ်ရနေစေရန် မျှော်လင့်ထားပေသည်။
"မကောင်းတဲ့ စကားတွေမပြောနဲ့... ဒါက ယဉ်ကျေးတဲ့ အသိုင်းအဝိုင်းတစ်ခုပဲ..."
ပုံရိပ်တစ်ခုက အနက်ရောင် စပါးအုံး၏ ရှေ့တွင် ရုတ်တရက် ပေါ်လာလေသည်။ တခြားတစ်ဖက်မှာ ကုန်တင်ခအပါအဝင် ၈၈ယွမ်တန် ညအိပ်ဝတ်စုံနှင့် အလကားရသော ခြေအိပ်များကို ဝတ်ဆင်ထားပေသည်။ သူ့ခြေထောက်မှ ယုန်မွေးပွ ဖိနပ်အပါးများက မြေပြင်ကို မထိပဲ အလွန်အေးအေးဆေးဆေး ရစ်ဝဲနေပေသည်။
"မင်းပဲ..."
သူက ကျိန်ဆဲနေသော လူ၏ ပေါ်ထွက်လာမှုက စပါးအုံးနက်ကို အလွန်ကျေနပ်အားရစွာ နောက်ဆုတ်သွားစေသည်။
"မင်းဘာလိုချင်လို့လဲ..."
"ဘာမှမဟုတ်ပါဘူး... ငါမင်းကို တွေ့ချင်လို့ပါ..."
စပါးအုံးနက်က တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်ကို မြင်ရာ ဖူလီက နောက်ပြန်ဆုတ်လိုက်သည်။
"ငါ့နဲ့ အရမ်းနီးနီး ကပ်မလာနဲ့... ငါမင်းတို့မြွေတွေနဲ့ ဓာတ်မတည့်ဘူး..."
စပါးအုံးနက် : "အဲ့ဒါဆို ဘာလို့ ထွက်မသွားတာလဲ..."
"ဒါပေမဲ့ ငါက မင်းတိရိစ္ဆာန်ရုံထဲမှာ တော်တော်လေး စကားနားမထောင်ဘူးလို့ ငါကြားလို့ မင်းကို လာမတွေ့ပဲ မနေနိုင်တော့တာ..."
ဖူလီက မျက်မှောင်ကြုတ်လိုက်သည်။
"မင်းက ကျင့်ကြံခြင်းအတွက် အပျိုစင်တွေနဲ့ မိစ္ဆာ အမြုတေတွေကို စားခဲ့တယ်... ငါက မင်းနှစ်တွေအကြာကြီး လေ့ကျင့်ရတာ မလွယ်ဘူးဆိုပြီး မင်းကို အသက်ချမ်းသာခွင့်ပေးပြီး မင်းရဲ့ကျင့်ကြံခြင်းကိုပဲ ဖယ်ခဲ့တာ... မင်းက နောင်တရမဲ့အစား မင်းနှလုံးသားထဲမှာ မကျေမချမ်းမှုတွေ တွဲခိုလာတယ်... အဲ့ဒါဘယ်လို အတွေးအခေါ်ကြီးလဲ..."
"ငါက မိစ္ဆာအမြုတေတွေနဲ့ အပျိုစင်တွေကို စားတော့လဲ ဘာဖြစ်လဲ... မင်းက ဘာအခွင့်နဲ့ ငါ့ကို စီမံခွင့်ရှိနေတာလဲ..."
စပါးအုံးနက်က သူဤရက်ပိုင်းများတွင် ကြုံခဲ့ရသော အရှက်ကွဲခြင်းများကို တွေးမိရာ မုန်းတီးမှုက သူ့၏ နှလုံးသားထဲသို့ အဆက်အပြတ် တိုးဝင်လာပေသည်။
"မင်းက မိစ္ဆာတစ်ကောင်သာသာပဲကို... အရမ်းဝင်ပါလွန်းနေပြီ..."
"ငါက တခြားသူတွေရဲ့ ကိစ္စတွေမှာ ဝင်ပါရတာ ကြိုက်တယ်လေ..."
ဖူလီက အေးစက်စွာဆိုလိုက်သည်။
"မင်း ငါ့ကို မနိုင်ရင် သေချာပေါက် ငါ စည်းကမ်းချတဲ့အတိုင်းနေရမှာပေါ့... လက်ရှိ စည်းမျဉ်းတွေအရဆိုရင် မင်းက စီမံခန့်ခွဲရေး ဗျူရိုရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်နေတာပဲ... အဲ့တော့ ငါ မင်းကို အပြစ်ပေးတာ မမှားဘူး... အရင်က စည်းမျဉ်းတွေအရဆိုရင်လဲ မိစ္ဆာလောကမှာ မင်းငါကို မနိုင်ရင် ငါမင်းကို ပုံစံချပေးတာက ထုံစံပဲလေ... ဘာပြဿနာရှိလို့လဲ..."
"ငါက လက်ခံဖို့ ငြင်းတယ်..."
စပါးအုံးနက်၏ အမုန်းက ကြီးမားပေသည်။
"ငါက နှစ်တွေအများကြီး ကျင့်ကြံခဲ့ရတာ... နှစ်တွေ အများကြီး..."
ဖူလီက ခေါင်းစောင်းလိုက်သည်။ လရောင်တောက်တောက်က သူ့မျက်နှာပေါ်သို့ ကျလာသောအခါ သူက ကောင်းကင်ဘုံ နန်းတော်မှ လျှောက်ထွက်လာသော မသေမျိုးတစ်ဦးနှင့် တူပေသည်။
"မင်း လက်ခံဖို့ ငြင်းတယ်ဆိုရင် ကိုယ်ဘာသာကို ကျောက်တုံးနဲ့ တိုက်ပြီး သေလိုက်..."
ဖူလီက အလွန်လေးနက်ကာ အပြစ်ကင်းမှုက သူ့မျက်လုံးများတွင် တောက်ပနေသည်။
"မင်းက ဘာပဲဖြစ်ဖြစ် ငါ့ရှေ့မှာ ကူကယ်ရာမဲ့နေတာပဲ..."
"အားးးး... ငါမင်းကို သတ်မယ်..."
စပါးအုံးနက်က ဒေါသကြောင့် အညှာအတာမဲ့ ပြောင်းလဲသွားလေသည်။ သူ့ပါးစပ်ကို ဖွင့်ကာ သူက အပြေးသွားပြီး ဖူလီ၏ ခါးကို ရစ်ပတ်လိုနေပေသည်။
"နှေးလွန်းတယ်..."
ဖူလီက စပါးအုံး၏ သေစေနိုင်သော နေရာကို ဖိကာ မြေပြင်ပေါ်သို့ လွှင့်ပစ်လိုက်ပြီး သူ့၏ ချမ့်ခွန်းအိတ်ထဲမှ ရေတစ်ပုလင်းကို အလျင်အမြန်ထုတ်ကာ လက်ဆေးလိုက်သည်။
မြွေတွေက ခန္ဓာကိုယ်ပေါ်မှာ ပိုးမွှားတွေအများကြီးရှိတယ်...
စပါးအုံးနက်က မြေပြင်ပေါ်တွင် လှဲကျနေကာ သူ့နှလုံးသားထဲတွင် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေလေသည်။
ဤကဲ့သို့ နေ့မျိုး ရောက်လာမည်ကို သူသိခဲ့ပါ ထိုညက ထိုဟိုတယ်ထဲသို့ လျှောက်သွားမည် မဟုတ်ပါပေ။ အရေးအကြီးဆုံးမှာ သူက သူ့၏ ဘွဲ့ကို ရရှိရန် ဤအရူးကို လုံးဝ ရွေးမှာ မဟုတ်ပါပေ။
သူအဲ့တုန်းက ဘာလို့ ဒီလူကို ရွေးလိုက်မိတာလဲ... သူ့ဘေးမှာ နုံအအ မိန်းကလေးတွေအပါအဝင် တခြားလူသားတွေ ရှိနေတာကို...
သူက ထိုအချိန်တွင် ပူကပ်ခြင်း ခံလိုက်ရသည့် ပုံရပေသည်။ သူက ဤအရူးမှာ ကံကောင်းမှုများသော လူသားတစ်ဦးဟု ခံစားရပြီး သူ့ကို ဘွဲ့ပေးရန် တောင်းဆိုခြင်းက ပိုမိုသန်မာသော စွမ်းအင်ကို ပေးအပ်မည်ဟု ခံစားခဲ့ရပေသည်။
သူက အစကတည်းက လူသားမဟုတ်ပဲ ကောင်းကင်ဘုံ စည်းမျဉ်း၏ အခွင့်အရေးတစ်ခုကို မှီခိုနေတဲ့ မိစ္ဆာတစ်ကောင်ဆိုတာကို ဘယ်သူက ထင်မှာလဲ...
"မင်းဘာလိုချင်တာလဲ..."
စပါးအုံးနက်က တိုက်ခိုက်စွမ်းရည်တွင်ရော မန္တန်စွမ်းရည်တွင်ရော သူမနိုင်နိုင်သည်ကိုသိပေသည်။ သို့ဖြစ်၍ သူက မြေအိုးကို ရိုးရှင်းစွာ ခွဲလိုက်ပြီး မြေပြင်တွင် လှဲကာ 'ဘဝက အဓိပ္ပာယ်မရှိ'ဟူသည်က သူ့မျက်နှာထက်တွင် အပြည့်ရေးထားပေသည်။
"ဘာမှ မဟုတ်ဘူး... ငါက မင်းရဲ့ စိတ်ဝိညာဉ် ပြန်လည် ဖွဲ့စည်းရေးက ဘယ်လိုဖြစ်နေသလဲဆိုတာ လာကြည့်တာ..."
ဖူလီ၏ မျက်နှာက တည်ငြိမ်သွားလေသည်။
"မင်းရဲ့ ကျင့်ကြံခြင်း ခရီးမှာ ဖြတ်လမ်းလိုက်ဖို့ ဖြားယောင်းမှုတွေ အများကြီး ရှိလိမ့်မယ်... မင်း လမ်းမှားလိုက်မိရင် မကြာခင်မှာကို တန်ကြေးပေးရလိမ့်မယ်... အဲ့ဒါကို နားလည်ရင် စိတ်အသစ်ပြောင်းပြီး ကျင့်ကြံခြင်းလမ်းစဉ်ပေါ်ကို ပြန်လျှောက်ဖို့ တိုက်ခိုက်... မင်း အဲ့ဒါကို နားမလည်သေးရင်တော့ မင်းအသက်ဆုံးရှုံးတဲ့ နေ့တစ်နေ့ ရောက်လာလိမ့်မယ်..."
"ငါ ဘာလုပ်နိုင်လဲဆိုတာ ငါပြောပြီးပြီ... အကောင်းဆုံးလုပ်..."
ဖူလီက စပါးအုံးနက်ကို လှမ်းကြည့်ကာ သူ့ပုံရိပ်က လေထဲသို့ ပျောက်ကွယ်သွားလေသည်။
ကျွတ်...
စပါးအုံးနက်က နှာမှုတ်လိုက်သည်။ သူက ဖူလီ၏ ကိုင်ပေါက်ခြင်းကြောင့်နာနေသော အမြီးကို ကွေးလိုက်ပြီး သူ့ခေါင်းကို ကိုယ်ပေါ်တွင် တင်ထားလိုက်သည်။ သူ့အကြည့်ထဲတွင် လွန်ခဲ့သည့် နှစ်ရာချီခန့်က ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်ကို ရုတ်တရက် တွေးမိသွားသည်။
ထိုအချိန်မှာ သူက လူသားပုံစံပြောင်းလဲခြင်း၏ အရေးအကြီးဆုံး အချိန်ဖြစ်ပေသည်။ ကောင်းကင်တွင် လျှပ်စီးများ လင်းလက်နေကာ သူ့၏ သွေးရူးသွေးတန်း အခြေအနေတွင် တစ်စုံတစ်ယောက်၏ အိမ်ထဲ၌ ဝင်ပုန်းနေပေသည်။ ကလေးငယ်လေးက သူ့ကိုမြင်သွားသောအခါ အော်ဟစ်ကာ လူကြီးများကို ခေါ်လိုက်မည်ဟု ထင်လိုက်သော်လည်း မမျှော်လင့်ထားစွာ ကလေးငယ်က မငိုပဲ ထိုအစား သူ့အား ဘီစကွတ်တစ်ခုကို ပစ်ပေးလာလေသည်။
ထို့နောက်...
ထို့နောက် သူက လျှပ်စီး အတိဒုက္ခကို အောင်အောင်မြင်မြင် ရှောင်ရှားကာ လူသားအသွင်ပြောင်းလိုက်သည်။
ကလေးကမူ... သူက သူ့ဗိုက်ကို လှမ်းကြည့်လိုက်သည်။ သူက နှစ်ပေါင်းများစွာ ကုန်ဆုံးသွားသည့်တိုင် ထိုကဲ့သို့ အဖြစ်အပျက် အသေးအဖွဲလေးကို အမှတ်ရနေဆဲ ဖြစ်သည်ကို နားမလည်နိုင်ပါပေ။