အပိုင်း ၆၉
Viewers 16k

Chapter 69

မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်လိုက်ခြင်း


တစ်လအကြာတွင် နောက်ထပ် သုတေသနအခြေစိုက်စခန်းငယ်များစွာကို အောင်မြင်စွာရှာဖွေတွေ့ရှိခဲ့ကြသည်။


ထိုအရာများအားလုံးက ယောင်စစ်တစ်ယောက် အိမ်တွင် ပျင်းလွန်း၍မှိုတက်နေသောအချိန်တွင် ဖြစ်ခဲ့ခြင်းဖြစ်သည်။ မူရွှမ်က တစ်ချိန်လုံးအပြင်ထွက်နေပြီး အိမ်သို့ပြန်မလာပေ။ သို့သော် ယောင်စစ် ကျောင်းပြန်တက်ရန် အတွေးဝင်လာတိုင်း မူရွှမ်ပြန်ပေါ်လာလေ့ရှိပြီး သူမကို ကျောင်းမသွားရန်တားမြစ်လေ့ရှိသည်။


ကလေးကို ကျောင်းအတင်းပြေးခိုင်းသောမိဘတစ်ယောက်ကို ယောင်စစ်မယှဉ်နိုင်၍ အရှုံးသာပေးလိုက်တော့သည်။


မှတ်သားစရာမှာ Euphoria သုတေသနအခြေစိုက်စခန်းကို ဖျက်ဆီးပြနောက်တွင် ထိုအဖွဲ့အစည်းက လေထဲတွင် ပျောက်ကွယ်သွားဟန်ဖြစ်နေသည်။ မဟာမိတ်အဖွဲ့နှင့် အနီရောင်ဂြိုလ်၏ ပူးပေါင်းလုပ်ဆောင်မှုနှင့်ပင် သဲလွန်စတစ်ခုပင်မရခဲ့ပေ။ သူတို့ရှာဖွေတွေ့ရှိခဲ့သော အခြေစိုက်စခန်းများမှ သူတို့ကိုအတွက် အသုံးဝင်မည့် မည်သည့်သတင်းအချက်အလက်မှ မရရှိခဲ့ချေ။


ယောင်စစ် ပိုမိုစိုးရိမ်လာတော့သည်။ 

သူမ အခြေစိုက်စခန်းက ပို့လိုက်တဲ့ ဗွီဒီယိုက အဖွဲ့အစည်းကို လုံးဝမလှုပ်ရှားစေပဲ ကာကွယ်ရေးမုဒ်ပွင့်သွားစေတာလား...


"လုံးဝမဟုတ်ဘူး..."

မူရွှမ် ငြင်းဆိုလာသည်။

"မင်းပို့လိုက်တဲ့ ဗွီဒီယိုက သီးခြားချန်နယ်တစ်ခုကနေ ထုတ်လွှင့်လိုက်တာ... အဲ့ဂြိုလ်ပေါ်က ပတ်ပတ်လည်လေဟာပြင်တွေကြောင့် သူတို့ ဗွီဒီယိုကိုလက်ခံမိဖို့ အနည်းဆုံး ဆယ်ရက်လောက်ကြာမယ်... သွေးစုပ်ဖုတ်ကောင်တွေက အန္တရာယ်တွေ အကုန်ဖယ်ရှားပြီးမှ ဂြိုလ်ပေါ်ဦးတည်သွားလိုက်ကြတာ..."


၎င်းက ထိုသူတို့ သူမပို့လိုက်သည့်ဗွီဒီယိုကိုလက်မခံမိမှီတွင် သွေးစုပ်ဖုတ်ကောင်များက ၎င်းတို့၏ အခြေစိုက်စခန်းကို ရှာဖွေခဲ့ကြခြင်းဖြစ်သည်။


"မင်းလုပ်တာမှန်တယ်..."


မူရွှမ် သူမခေါင်းလေးကို ပွတ်ပေးလိုက်သည်။ သူမ ပဉ္စမမျိုးဆက်ဖြစ်ကြောင်းဖော်ထုတ်ခံလိုက်ရသော်လည်း ထိုသည်က အကောင်းဆုံးပင်ဖြစ်သည်။ ထို့အပြင် သူမ၏မတည်ငြိမ်သော အစွမ်းကြောင့် အချို့သောအခြေမနေတွင် သူမကသုံးစားမရပေ။ သို့သော် မည်သူက သိမည်နည်း။ ပဉ္စမမျိုးဆက်သွေးစုပ်ဖုတ်ကောင်နှင့် သူ၏ဆက်ခံသူဟူသော ဂုဏ်ပုဒ်ဖြင့် သူမတွင် အရေးကြီးသော အဆင့်အတန်းတစ်ခုရှိလာမည်ဖြစ်ပြီး ၎င်းကသူမ၏ပတ်ဝန်းကျင်တွင် အကာအကွယ်တစ်ခုဖြစ်လာပေမည်။


အဆုံးတွင် သူမက ရည်မှန်းချက်ကြီးမားသူဖြစ်သော်လည်း သူမကသူ၏ဆက်ခံသူဖြစ်ကြောင်း သိသွားကြပါက သူတို့နှစ်ယောက်ကြားရှိ ပြိုင်ဘက်ကင်းဆက်နွယ်မှုအရ ရန်သူများက သူမကို ဖမ်းဆီးခြင်းမှ ကာကွယ်နိုင်လေသည်။ ထို့ကြောင့် သိုဝှက်စွာနေခြင်းက မကောင်းပေ။ ယင်းအစား သူမအကြောင်း လူသိရှင်ကြားပြောပြလိုက်သင့်ပေသည်။

"အရိပ်ထဲမှာကာကွယ်ပေးတာထက် နေရောင်အောက်မှာပဲ ထင်ထင်ရှားရှားကျင်လည်တာ ပိုကောင်းတယ်..."


ထင်ထင်ရှားရှား... အာ အဲ့တာဘာကိုဆိုလိုတာလဲ...


ယောင်စစ် အချိန်အကြာကြီး စိတ်ရှုပ်ထွေးနေခဲ့ရသည်။ အချိန်သုံးလကြာပြီးနောက်မှ သူမ ဉာဏ်အလင်းရတော့သည်။ သူမ ယာဉ်ပေါ်တက်၍ ပျံသန်းနေစဉ်တွင် သွေးစုပ်ဖုတ်ကောင်မြို့တော်အလယ်ခေါင်ရှိ ဖန်သားပြင်ပေါ်တွင် သူမ၏ဗွီဒီယိုကို ထပ်ခါထပ်ခါဖွင့်ပြနေကြောင်း မြင်လိုက်ရသည်။


"မှတ်ထားလိုက်... ငါ့စကားတွေက သတိပေးတာလည်းမဟုတ်ဘူး ခြိမ်းခြောက်တာလည်းမဟုတ်ဘူး... ငါတို့လာခဲ့မယ်...."


ကိုယ့်ကိုကိုယ် ဖန်သားပြင်အကြီးကြီးပေါ်မှာ မြင်လိုက်ရတာ ဘယ်လိုခံစားချက်လဲ...

ယောင်စစ် ထိုအချိန်တွင် ဘာလုပ်ရမလဲမသိ၍ မျက်လုံးသာမှိတ်ထားလိုက်တော့သည်။


ရှက်စရာကောင်းလိုက်တာ... ရှက်စရာကြီးဟ...


ဗွီဒီယိုကဒီမှာဘာလုပ်နေတာလဲ... မူရွှမ်ပြောတဲ့ နေရောင်အောက်မှာ ထင်ထင်ရှားရှားနေတယ်ဆိုတာဒါလား... ဒါပေမယ့် ဒါကြီးက မလွန်လွန်းဘူးလားဟယ်... 

အထူးသဖြင့် သူမထိုသို့သော ရှက်ဖွယ်လိလိစကားများကို လုံးဝတစ်ခါမှမပြောခဲ့ဖူးပေ။ သို့သော် လမ်းပေါ်ရှိသွေးစုပ်ဖုတ်ကောင်များက ရင်ထဲအသည်းထဲထိ ထိရှနေပုံပေါ်နေသည်။


"ဩဇာတိက္ကမရှိလိုက်တာ... အဲ့တာ ငါတို့ရဲ့ သခင်မလေးပဲ..."


"ဟုတ်ပါ့ အရမ်းမိုက်တာပဲ... အဟားဟား ကျွန်မကိုလက်ထပ်ပါ..."


"ဟုတ်တယ် ဟုတ်တယ်...ငါဖြင့် သခင်မလေးက အဲ့လောက် အင်အားကြီးမှန်းမသိခဲ့မိဘူး..."


"ဟမ့်... အဲ့ဒီ့အဖွဲ့အစည်းအကြောင်း ဘယ်သူဂရုစိုက်မှာမလို့လဲ... သခင်မလေးနားမှာဆိုရင် သူတို့တွေအကုန်လုံး စက္ကူကျားသာသာပဲရှိတာ..."


"ဒါ သွေးစုပ်ဖုတ်ကောင်တွေ ကိုင်တွယ်တဲ့နည်းလမ်းပဲ..."


"သခင်မလေးမှန်တယ်... သူတို့အားလုံးကို ဆော်ပစ်လိုက်..."


ယောင်စစ် တောင့်ခဲသွားကာ ဆွံ့အသွားပြီး သူမ၏နှလုံးသားလေးပင် တခွမ်းခွမ်းကွဲကြေသွားလေသည်။ တစ်နည်းဆိုသော် သူမသည် ငပျော့လေးတစ်ယောက်မှ စူပါဝူးမန်းတစ်ယောက်အဖြစ် ပြောင်းသွားခြင်းဖြစ်သည်။

ငါ့ရဲ့ပုံရိပ်လေးတော့ စုတ်ပြဲသွားပြီ... ငါကမိန်းကလေးလေ မိန်းကလေး... ငါ့အခုဘယ်လိုလုပ်ပြီး လက်ထပ်ရတော့မှာလဲ...


ဗွီဒီယိုက လမ်းတိုင်းတွင်ရှိနေပြီး လူတိုင်း ကွန်ပျူတာလက်ပတ်ကိုဖွင့်လိုက်သည်နှင့် ပထမဆုံးမြင်ရသည့်အရာမှာလည်း ထိုဗွီဒီယိုသာဖြစ်နေသည်။ ယောင်စစ် စကြဝဠာတွင်ရှိသမျှလူတိုင်း သူမ၏ဗွီဒီယိုကို ကြည့်ပြီးသွားပြီဟု တွေးမိလိုက်သည်။


အိပ်မက်ဆိုးကြီးပဲဟ...


သူမ ဦးထုပ်ကိုအောက်သို့ပိုချလိုက်ပြီး သူမမျက်နှာတစ်ခုလုံးကို ကွယ်သွားစေရန် မျှော်လင့်နေသည်။

ငါ့ကိုမမြင်ရဘူး... ငါ့ကိုမမြင်ရဘူး... ငါ့ကိုဘယ်သူမှ မမြင်ရဘူး