အပိုင်း ၇၀
Viewers 16k

Chapter 70

လူသိနည်းသောဘဝ


ယောင်စစ်လစ်ထွက်ခါနီးတွင် ရင်းနှီးနေသောပုံရိပ်တစ်ခုက သူမရှေ့တွင် တည့်တည့်ပေါ်လာသည်။ သူ့လက်ကိုမြှောက်၍ ပါးစပ်ကိုဖွင့်ကာ သူမကိုနှုတ်ဆက်လာသည်။

"သခင်...."


ယောင်စစ် သူ့ပါးစပ်ကိုအလင်းအလျှင်နှင့် လှမ်းပိတ်လိုက်ပြီး လူသူကင်းမဲ့သော ထောင့်တစ်နေရာသို့ ဆွဲခေါ်သွားလိုက်သည်။


"ရှူး.... လူမသိအောင်နေ လူမသိအောင်နေ...."

သူမ သူ့ကိုကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။

"တူလေးကု ဘယ်လိုလုပ်ပြီးဒီရောက်နေရတာလဲ.... ဒဏ်ရာတွေကော သက်သာသွားပြီလား..."


ကုရှုချန်း ခေတ္တမျှငြိမ်သက်သွားပြီး ပြတ်ပြတ်သားသားပြောလာသည်။

"သခင်မလေး ဒီနေရာကိုလာလိမ့်မယ်လို့ ကျွန်တော်ခန့်မှန်းမိတယ်... အဲ့တာကြောင့်လာခဲ့တာပါ... ကျွန်တော့်ဒဏ်ရာတွေက အပြည့်အဝသက်သာသွားပါပြီ..."


"ကောင်းတာပေါ့..."

ယောင်စစ်ခေါင်းငြိမ့်ပြလိုက်ပြီး တူလေးကုက အနာဂတ်ကိုခန့်မှန်းနိုင်သည်ကို လူယုတ်မာကောင်လုပြောခဲ့ဖူးသည်ကို သတိရလိုက်သည်။

"နင့်ရဲ့အစွမ်းကတကယ်ကြီး အနာဂတ်ကိုခန့်မှန်းနိုင်တာလား.."


"ကျွန်တော် အနည်းအကျဉ်းလောက်ပဲ မြင်နိုင်တာပါ..."

တူလေးကု ရှင်းပြလာသည်။

"သတ်သတ်မှတ်မှတ်ရှိတဲ့လူတစ်ယောက်နဲ့ ထိတွေ့ဆက်ဆံပြီးသွားရင် အချို့ပုံရိပ်တွေကိုမြင်နိုင်တယ်... ဒါပေမယ့် ပြီးပြည့်စုံမှုမရှိသလို တစ်ချို့ပုံရိပ်တွေကတော့ ဖြစ်လာမှာမျိုးမဟုတ်ဘူး..."


"အဲ့တာဘာကိုဆိုလိုတာလဲ...."

ကြိုတင်ခန့်မှန်းတယ်ဆိုတာ ဖြစ်လာမယ့်ဟာတွေကို ကြိုသိတာမျိုးမဟုတ်ဘူးလား... ခန့်မှန်းမိတာက အနာဂတ်ဟောကိန်းအတုတွေပါ ဖြစ်နိုင်တယ်လို့ ပြောချင်တာလား....


"အနာဂတ်ဆိုတာ ပုံသေမဟုတ်ဘူး..."

သူစိတ်ရှည်လက်ရှည်ဖြေလာသည်။

"လက်ရှိဖြစ်လာမယ့်အရာမျိုးတွေကို ကျွန်တော်သိနိုင်ပေမယ့်... အဲ့လူက မတူညီတဲ့ဆုံးဖြတ်ချက်ကိုချလိုက်မယ်ဆိုရင် အနာဂတ်မှာဖြစ်လာမှာတွေက လုံးဝကွဲပြားသွားနိုင်တယ်..."


"အိုး..."

ငါနားလည်ပြီ... ဒါကလိပ်ပြာအတောင်ပံ သက်ရောက်မှုနဲ့ဆင်တာပဲ.. ဒါပေမယ့်....


"နင်သာ အနာဂတ်ကိုကြိုတင်ခန့်မှန်းနိုင်တယ်ဆိုရင် ဘယ်လိုလုပ်အဖမ်းခံလိုက်ရတာလဲ.."

ဒါကြီးက ယုတ္တိမရှိဘူးနော်....


သူ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်လိုက်သည်။

"ကျွန်တော်ကျေနပ်ပါတယ်လေ... ကျွန်တော်အဖမ်းမခံရခင် တစ်လလောက်အလိုကတည်းက သူတို့ကိုသတိထားမိပါတယ်... အဲ့ဒီ့အချိန်က ကျွန်တော် သုတေသနအခြေစိုက်စခန်းထဲကအခြေအနေနဲ့ လေးနက်မှုကိုသတိထားခဲ့မိပါတယ်.. ဒါပေမယ့် သိပ်မသေချာတာနဲ့ သူတို့ရဲ့ထောင်ချောက်ထဲကျသွားသလိုဟန်ဆောင်ပြီး စုံစမ်းမလို့ပဲ... အဆုံးမှာတော့...."


"အဆုံးမှာတော့ ပြန်မလာနိုင်ခဲ့ဘူးပေါ့..."

စပ်စုလိုစိတ်က ကြောင်ကိုသတ်တယ်ဆိုတာ တကယ်ပါလား.....

"နင်အဲ့မှာသေသွားရင် ဘယ်နှယ့်လုပ်ကြမတုန်း..."


"ကျွန်တော်မသေနိုင်ပါဘူး...."

သူ ပြင်းပြင်းထန်ထန်ခေါင်းခါလိုက်သည်။

"ကျွန်တော်ကိုယ်ကျွန်တော် အန္တရာယ်တောထဲပြေးဝင်သွားမှတော့ လွတ်မြောက်ဖို့လမ်းလည်းသိတာပေါ့... ဒါပေမယ့် အခုကျွန်တော်တို့ လွတ်မြောက်လာရတာကတော့ သခင်မလေးကြောင့်ပါ... တကယ့်ကိုကျွန်တော်တို့မျိုးနွယ်ရဲ့ ဘုရင်မပါပဲ..."


ဟာ ထပ်မြှောက်မနေပါနဲ့တော့... ငါအဲ့လောက်မပျော်ပါဘူးဆို... ဟီးဟီး ဟားဟားဟား...


╮(╯▽╰)╭


"နေစမ်းပါဦး..."

သူမ ရုတ်တရက် တစ်ခုခုကိုသတိရမသွားသည်။

"နင့်ရဲ့အစွမ်းကြောင့်ပဲ ငါ့ကို ကျောင်းမှာစောင့်ကြည့်ပေးဖို့ ယောင်ချမ့်က တာဝန်ပေးတာလား..."

သူမထမင်းစားချိန်နောက်ကျဖို့ ဖြစ်နိုင်ခြေတွေအကုန်လုံးကိုပိတ်ပြီး အချိန်မီအိမ်ပြန်ရောက်အောင် လုပ်ပေးဖို့များလား....


ကုရှုချန်း တောင့်ခဲသွားကာ သူ့မျက်နှာတွင် အရိပ်တို့ဖြတ်ပြေးသွားသည်။ နောက်ကျောကိုမတ်မတ်ထား၍ သူ၏ကွန်ပျူတာလက်ပတ်ကို ဖွင့်လိုက်ပြီး လေးလေးနက်နက်ဖြစ်နေသောအသံကို အတင်းလုပ်ယူ၍ပြောလာသည်။

"သခင်မလေး ကျွန်တော်ဒီနေ့လာတာက ဒီစာသင်နှစ်ရဲ့ အလုပ်တာဝန်တွေကို အစီအရင်ခံဖို့ လာခဲ့တာပါ... ဒီစာသင်နှစ်မှာ စာသင်ချိန်တွေနဲ့ပြည့်နေပေမယ့် မစိုးရိမ်ပါနဲ့... ကျွန်တော် စာသင်ချိန်တွေအကုန်လုံး သခင်မလေး ထမင်းပြန်စားတဲ့အချိန်မတိုင်ခင်မှာ အကုန်ပြီးအောင် လုပ်ပေးထားပါ့မယ်..."


"..."

အဟမ်း... ဒါကြီးကအတင်းကြီး စကားလမ်းကြောင်းပြောင်းနေတာမဟုတ်ဘူးလား.. ယောင်ချမ့်မှာတကယ်ကြီး အဲ့လိုရည်ရွယ်ချက်ရှိတာပဲ... 



ယောင်စစ်၏ အရင်ကွန်ပျူတာလက်ပတ်က ပျက်ဆီးသွား၍ အသစ်တစ်ခုဝယ်ထားခဲ့သော်လည်း တူလေးကုကို ဆက်သွယ်ရမည့်အချက်အလက်များကို သူမ၏ ကွန်ပျူတာလက်ပတ်ထဲ ထည့်ရန် အခွင့်အရေးမရှိခဲ့သေးပေ( အဓိက ကတော့ အဲ့ကွန်ပျူတာလက်ပတ်က ဘယ်လိုအလုပ်လုပ်လဲဆိုတာ သူမ မသိလို့ပါ)။ ထို့ကြောင့် တူလေးကုက သူကိုယ်တိုင် အချက်အလက်များထည့်ပေးလေသည်။


ကုရှုချန်းက သူမကို ဤစာသင်နှစ်၏ အပြီးသတ်အစီရင်ခံစာများသာမက စာရွက်စာတမ်းမျိုးစုံကိုလည်း သူမထံပို့လိုက်သည်။ ယောင်စစ် ရင်တုန်သွားလေတော့သည်။ ကျောင်းဝင်ခွင့်ရရန် ကြိုးစားရုန်းကန်ရပြီး စာသင်နှစ်ကို တစ်လပြည့်အောင်ပင်မသင်လိုက်ရပေ။ ကျန်သည့် အချိန်များအားလုံးကို အိမ်တွင်ပျင်းရိလေးကန်ရင်းသာ ကုန်ဆုံးခဲ့ရသည်။ ၎င်းက သူမတွေးထားခဲ့သော စကြဝဠာအကြောင်းပိုသိစေရန် သင်ယူပြီး လူမှုအသိုင်းအဝိုင်းကိုချဲ့ထွင်ရန်ဟူသော အတွေးနှင့် တခြားဆီပင်ဖြစ်နေသည်။


"အိုး... သခင်မလေးရဲ့ လုံခြုံရေးအတွက် နောက်စာသင်နှစ်ကစပြီး... အထက်တန်းအဆင့်ကို တက်ရပါလိမ့်မယ်...."

တူလေးကုက တုံ့တုံ့ဆိုင်းဆိုင်းဖြင့်ပြောလာသည်။