ယန်ကျင်းဇီသည် တွင်းတူးနေချိန်တွင် အနုပညာလောကမှ နှုတ်ထွက်ရန် ဆုံးဖြတ်ထားခဲ့ခြင်းဖြစ်သည်။
သူ အနုပညာလောကတွင် ဆက်နေချင်ပါက ကျီချန်းရှိူ့နှင့်ကိစ္စများကို ဖုံးကွယ်ထားရမည်ဖြစ်ပြီး ဖွင့်ပြောခြင်းကိစ္စဆိုလျှင် လုံးဝ ပိတ်ပင်ခံထားရမည်ဖြစ်၏။
ယခင်ရသစုံရှိုးတွင်တောင် သူ ကျီချန်းရှိူ့နှင့် သူ၏ အကွာအဝေးကို ခပ်ဝေးဝေး ထားလျှင် ပိုအဆင်ပြေလိမ့်မည်။
သို့သော် သူ ထိုသို့မလုပ်ချင်ခဲ့ပေ။
အဲ့ဒါအပြင် မူလပိုင်ရှင်ကသာ နာမည်ကြီးတာနဲ့ ကြယ်ပွင့်ဖြစ်ရတာကို သဘောကျပေမယ့် သူကတော့ မကြိုက်ဘူးလေ! သူက ကျီချန်းရှိူ့ကိုပဲ ကြိုက်တာ!
ယန်ကျင်းဇီသည် သူ ရုပ်ရှင်ဇာတ်ကားတစ်ကား သို့မဟုတ် ရသစုံရှိုးတစ်ခုကို ရိုက်ကူးရသောအခါ ကျီချန်းရှိူ့ကို ရက်အနည်းငယ် သို့မဟုတ် လအနည်းငယ် ကြာသည့်အထိ ထားခဲ့ရလိမ့်မည်ဟု စဉ်းစားမိသောအခါ သူ အနည်းငယ် စိတ်ဆင်းရဲရပေလိမ့်မည်။
ဒါဆို သူ ကြယ်ပွင့်တစ်ယောက် မဖြစ်နိုင်တော့ဘူးလား?
တကယ်တမ်း ပြောရရင် ကြယ်ပွင့်မဖြစ်ရလို့ သူ မနေနိုင်ဘူး ဆိုတာမျိုးမှ မဟုတ်တာ!
မူလပိုင်ရှင် ရေပန်းစားလာသည်မှာ သုံးနှစ်ခန့်သာ ရှိသေး၍ ပိုက်ဆံအမြောက်အများကို အမှန်တကယ် မရှာနိုင်သေးသော်ငြား မူလပိုင်ရှင်သည် ကိုယ်ပိုင်စတူဒီယို ဖွင့်ချင်ပြီး ထိန်းချုပ်မခံချင်သဖြင့် သူသည် အခြားဆယ်လီများ ငွေဖြုန်းသကဲ့သို့ ပိုက်ဆံရရချင်း ငွေသုံးစွဲလေ့မရှိဘဲ စုဆောင်းထားကာ ယခုဆိုလျှင် သူ့စုဆောင်းငွေများမှာ သန်းဆယ်ဂဏန်းအထိ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
မနေ့တနေ့ကပင် သူသည် ဤရသစုံရှိုးတွင် ပိုက်ဆံအချို့ကို ရင်းနှီးမြှုပ်နှံထားပြီးပြီဖြစ်ကာ မမျှော်လင့်ထားသော ကိစ္စတစ်ခုခု ဖြစ်မလာသရွေ့ သူ ပိုက်ဆံအမြောက်အများ ရှာနိုင်လိမ့်မည်။
ဘာပဲဖြစ်ဖြစ် ဒီရသစုံရှိုးပြီးသွားတာနဲ့ သူ အနုပညာလောက ကနေ နှုတ်ထွက်မယ်!
တိုက်ရိုက်ထုတ်လွှင့်မှုကို မရနိုင်တော့သော်လည်း တည်းဖြတ်ပြီးဗားရှင်းက ထွက်လာပြီဖြစ်သည်။ လူတိုင်းက ယန်ကျင်းဇီ ရိုက်ကူးထားတဲ့ နောက်ဆုံးရသစုံရှိုးကို သွားကြည့်ကြမှာပဲ ဟုတ်တယ်မလား?
ထို့အပြင် မူလပိုင်ရှင်သည် ကုမ္ပဏီနှင့် စာချုပ်ကို အဆုံးသတ်ချင်နေ၍ သူ့တွင် လောလောလတ်လတ် အလုပ်တစ်ခုမှ မရှိ၊ ထို့ကြောင့် သူသည် လျော်ကြေးငွေများစွာကိုလည်း ပေးဆောင်စရာ မလိုပေ။
ဒါဆို ကိုယ်ပိုင်စတူဒီယိုကို ဘာကြောင့် ဖွင့်နေဦးမှာလဲ? စာချုပ်သက်တမ်းကုန်သွားပြီးနောက် အနုပညာလောကမှ တိုက်ရိုက်ထွက်သွားလိုက်တာက ပိုအဆင်ပြေပေလိမ့်မည်။
သူ တကယ် အားနာမိသည့် သူများကတော့ သူ့ကို သဘောကျပြီး အားပေးကြသော ပရိသတ်များသာ ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် မူလပိုင်ရှင် နာမည်ကြီးလာသည်မှာ သိပ်မကြာသေးသဖြင့် သူ ရရှိထားသော ကြော်ငြာများနှင့် အလားတူအခွင့်အရေးများမှာ မဆိုးလှရုံသာ ဖြစ်သည်။ ထို့အပြင် သူသည် သူ၏အပြင်ပန်းသွင်ပြင်ပုံစံနှင့် သူ့အတွက် ပိုက်ဆံအများအပြား မသုံးရလေသည့် ပရိသတ်များကို အကြပ်အတည်း ဖြစ်စေခြင်း မရှိသော အနာဂတ် ဖြစ်လာရန်အတွက် သူ၏ fan base အား တိုးပွားလာအောင် ကြိုးစားနေခဲ့သည်။
သေချာပေါက် တစ်ယောက်ယောက်ကတော့ ပိုက်ဆံသုံးခဲ့ရမည်ဖြစ်သည်။ ယန်ကျင်းဇီသည် လွန်ခဲ့သော ရက်အနည်းငယ်က အွန်လိုင်းပေါ် တက်ကြည့်ပြီး ပရိသတ်တစ်ယောက်က ပရိသတ်တစ်ဦးအဖြစ်မှ နှုတ်ထွက်လိုကြောင်းနှင့် သူ့အပေါ် ပိုက်ဆံသုံးခဲ့ရတာကို နောင်တရကြောင်း ပြောထားသည်ကို တွေ့ခဲ့ရသည်။
ထို့ကြောင့် သူ ပိုက်ဆံပြန်ပေးနိုင်ကြောင်း သူ ထည့်ပြောခဲ့ခြင်းဖြစ်သည်။
စကားပြောပြီးနောက် ယန်ကျင်းဇီသည် သက်တောင့်သက်သာ ဖြစ်သွားသည်။
သတင်းထောက်များ၊ မီဒီယာများနှင့် ဤမြင်ကွင်းကို မြင်သော ပတ်ဝန်းကျင်မှ လူများအားလုံး အံ့ဩသွားကြသည်။
တခြားတစ်ဖက်တွင် ယန်ကျင်းဇီကို အဝေးမှ ကြည့်နေသော ဧည့်သည်များလည်း မတုံ့ပြန်နိုင်တော့ပေ။
ယန်ကျင်းဇီ ရူးနေပြီလား?
လွန်ခဲ့သော ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ်က လူအများအပြားသည် ထိုအချိန်၌ အနုပညာလောကတွင် ပိုက်ဆံသိပ်မရှာနိုင်သဖြင့် အနုပညာလောကမှ နှုတ်ထွက်ခဲ့ကြသည်။
ထိုအချိန်က နာမည်ကြီးအမျိုးသမီးအနုပညာရှင်များစွာသည် အသက်အပိုင်းအခြားတစ်ခုအထိ ရောက်လာသောအခါ လက်ထပ်ရန်အတွက် အနုပညာအသိုင်းအဝိုင်းမှ အနားယူသွားခဲ့သည်။
သို့သော် ယခု ခေတ်ကာလများမှာ ကွဲပြားသွားပြီဖြစ်သည်။
ယခုနောက်ပိုင်း အနုပညာလောကတွင် ပိုက်ဆံရှာ၍ အတော်ကောင်းလာသည်။
အရမ်းများတဲ့ပိုက်ဆံတွေနဲ့ ဘယ်သူက အနုပညာလောက ကနေ နှုတ်ထွက်ချင်ပါ့မလဲ?
ယန်ကျင်းဇီ၏ လက်ရှိတီဗီဒရမ်မာနှစ်ခုသည် တစ်ခုပြီးတစ်ခု အလွန်ရေပန်းစားနေခဲ့သည်။ သူ ရည်းစားမထားသရွေ့ နောက်ထပ်နှစ်အနည်းငယ်အတွင်း ကြယ်ပွင့်တစ်ယောက် ဆက်လက်ဖြစ်ရန် သူ့တွင် မည်သည့်ပြဿနာမှ မရှိနိုင်ပေ။ ဒီလိုအချိန်မှာ သူက အနုပညာလောက ကနေ နှုတ်ထွက်နေတယ်!
မာဟုန်ရှင်းသည် ကျီချန်းရှိူ့ကို အံ့ဩစွာ ကြည့်နေသည် : " မင်းက ကိစ္စတွေကို ဖြေရှင်းတာ အရမ်းတော်တယ်။ မင်း အရမ်းတည်ငြိမ်နေတာ မဆန်းတော့ပါဘူး။ "
ကျန်းချင်းချင်းနှင့်ဟောင်မေ့တို့၏ ကျီချန်းရှိူ့အတွက် စာနာသနားမှုသည်လည်း လေးစားမှုအဖြစ် ပြောင်းလဲသွားပြီး သူတို့ အနည်းငယ် စိတ်လှုပ်ရှားနေကြသည်။
ယန်ကျင်းဇီက ဒီလိုစတန့်တစ်ခုကို ဆွဲထုတ်လိုက်မှတော့ သူတို့ရှိုးက သေချာပေါက် ဝက်ဝက်ကွဲအောင်မြင်တော့မယ်! ဒါက သူတို့အတွက် ကြီးမားတဲ့ အကျိုးရှိမှုကြီးပဲ!
လော့ချန်သည် မယုံနိုင်လွန်းသဖြင့် ကျီချန်းရှိူ့ကို မေးမိလိုက်သည် : " မင်း သူ့အပေါ် ကူတစ်ကောင် မထည့်ထားပါဘူးနော်? "
( ကူ - လူများကို ထိန်းချုပ်ရန်/ လူများကို အစွမ်းအစများ ပေးရန် အသုံးပြုနိုင်သော ကပ်ပါးပိုးတစ်မျိုး ဖြစ်သည်။ )
ကျီချန်းရှိူ့ : " ... " သူ ယန်ကျင်းဇီအပေါ်မှာ မည်သည့်ကပ်ပါးပိုးကောင်ကိုမှ လုံးဝ မထည့်ထားခဲ့ပါချေ။ အကယ်၍များ ထိုသို့သောကပ်ပါးပိုးမျိုး တကယ်ရှိခဲ့ပါလျှင် ယန်ကျင်းဇီကသာ သူ့အပေါ် လုပ်ထားသည့်သူ ဖြစ်နိုင်သည်။
မီဒီယာများသည် ခဏတိတ်ဆိတ်သွားကြပြီးနောက် ရူးသွပ်သွားကြတော့သည် : " ယန်ကျင်းဇီ၊ မင်း အနုပညာလောက က ထွက်သွားချင်တာ သေချာရဲ့လား? "
" ယန်ကျင်းဇီ၊ ဘာက မင်းကို ဒီလိုဆုံးဖြတ်ချက်မျိုး ဆုံးဖြတ်စေခဲ့တာလဲ? "
" ယန်ကျင်းဇီ... "
…
မီဒီယာများကို ယန်ကျင်းဇီ၏အေးဂျင့်က ဆက်သွယ်ခဲ့ပြီး ယန်ကျင်းဇီ၏ ကျီချန်းရှိူ့ထံမှ ခြိမ်းခြောက်ခံရမှုနှင့်ပတ်သက်သော အွန်လိုင်းပေါ်မှ ကောလာဟလများကိုလည်း အေးဂျင့်က ထုတ်ပြန်ခဲ့သည်။
ယန်ကျင်းဇီသည် အလွန်နာမည်ကြီးပြီး ငွေတော်တော်ရှာနိုင်သည်။ ကုမ္ပဏီသည် ထိုကဲ့သို့သော ငွေရှာနွားတစ်ကောင်ကို လက်မလျှော့ချင်ပေ။ black material ထွက်လာစဉ်က သူတို့ ဂရုမစိုက်ခဲ့သော အကြောင်းအရင်းမှာ ယန်ကျင်းဇီသည် ယခုလတ်တလော သိပ်ပြီး စကားကောင်းကောင်းနားမထောင်၍ သူတို့ သူ့ကို သင်ခန်းစာပေးချင်ခဲ့သော်လည်း black material က ပိုပိုပြီး များလာသောအခါ သူတို့ ဘာမှမလုပ်ဘဲ ထိုင်မနေနိုင်တော့။
ရလဒ်က မကောင်းပါ။ သူတို့ ယန်ကျင်းဇီအတွက် အလွန်ကောင်းမွန်သော အခြေအနေတစ်ခုကို ဖန်တီးပေးခဲ့သော်ငြား ယန်ကျင်းဇီက သူ အနုပညာလောက ကနေ နှုတ်ထွက်တော့မည်ဟု တကယ်ပြောလိုက်တာလား?
" သေချာစဉ်းစားပြီးမှ ဒီဆုံးဖြတ်ချက်ကို ချခဲ့တာပါ။ ကျွန်တော် အနုပညာလောက ကနေ တရားဝင် နှုတ်ထွက်တဲ့အခါ အကြောင်းအရာအသေးစိတ်ကို ထုတ်ပြန်သွားပါမယ်။ " ယန်ကျင်းဇီသည် မီဒီယာများကို ပြောကြားခဲ့သည်။
မီဒီယာမျာ ရူးသွပ်သွားကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် ယန်ကျင်းဇီက တည်ငြိမ်အေးဆေးနေ၍ ယန်ကျင်းဇီ၏အေးဂျင့်မှာ သူနှင့် ရန်ဖြစ်ချင်လာသည်။
သို့သော် မီဒီယာအများအပြား ရှိနေသဖြင့် သူ သေချာပေါက် ရန်ပွဲကို တကယ် မစတင်နိုင်ပါချေ။
အခြေအနေ မကောင်းသည်ကို မြင်ရသောအခါ ရသစုံရှိုးဘက်မှ ဂရုမစိုက်ဘဲ မနေနိုင်တော့ပဲ ဝန်ထမ်းများနှင့် လုံခြုံရေးများ ချက်ချင်း ရောက်လာပြီး အဆုံးမှာတော့ ယန်ကျင်းဇီသည် မီဒီယာများ၏ဝန်းရံမှုမှ ထွက်လာနိုင်ခဲ့သည်။
ယန်ကျင်းဇီသည် ဧည့်သည်များ ရှိနေသော နေရာသို့ တိုက်ရိုက်ရောက်လာသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ယန်ကျင်းဇီသည် အမှန်တကယ် အလွန်အလုပ်များနေခဲ့သည်။ နေ့အချိန်တွင် ရိုက်ကူးရသော ရသစုံရှိုး ရိုက်ကူးရေးမှာ မလွယ်ကူပေ။ ညအခါတွင် သူသည် လူအမျိုးမျိုးနှင့် ဆက်သွယ်ကာ မူလပိုင်ရှင်၏အလုပ်ကို စီစဉ်ရရုံသာမက သူ့အနာဂတ်အကြောင်းကိုလည်း စဉ်းစားရသေးသည်။
သူ ကောင်းကောင်းပင် အနားမယူနိုင်ခဲ့ပါချေ။
ထို့ပြင် သူ့တွင် အပြစ်ရှိသည့် ခံစားချက် ရှိနေသည်။ မူလပိုင်ရှင်၏အလုပ် ဖြစ်သည်မှာ သိသာထင်ရှားသော်ငြား သူ ဘာလို့ အပြစ်ရှိသကဲ့သို့ ခံစားနေရမှန်း သူ မသိ...
ကံကောင်းသည်မှာ သူ ထပ်ပြီး အပြစ်ရှိသကဲ့သို့ မခံစားရတော့ခြင်းပင်။
ဧည့်သည်များ အနားယူနေသော အိမ်ထဲသို့ ဝင်သွားရင်း ယန်ကျင်းဇီသည် ကျီချန်းရှိူ့စီကို ပြေးသွားသည် : " ချန်းရှိူ့ သွားရအောင်။ "
သူတို့ အခု ထွက်မသွားရင် ဘယ်အချိန်ကျမှ ထွက်သွားရမှာလဲ? သူတို့ အခု မသွားရင် မီဒီယာတွေ ရူးသွားလိမ့်မယ်!
ကျီချန်းရှိူ့လည်း ဤအကြောင်းကို သိသဖြင့် သူသည် မတ်တပ်ရပ်ကာ ယန်ကျင်းဇီကို ကာကွယ်ရင်း ထွက်လာသည်။
ကျီချန်းရှိူ့ ရိုက်ကူးနေစဉ်အတောအတွင်း အဖေကျီသည် အွန်လိုင်းသတင်များကို တွေ့သွားပြီးပြီဖြစ်ပြီး ရသစုံ ရိုက်ကူးရေး ပြီးဆုံးသွားသည့်နောက် သူ့သားကို မီဒီယာများ ဝိုင်းမေးကြမည်ကို ကြောက်သောကြောင့် အဖေကျီသည် ကျီချန်းရှိူ့ကို သွားကြိုရန် သက်တော်စောင့်အချို့ကို ငှားထားသည်။
ဤအချိန်တွင် ကျီချန်းရှိူ့သည် တစ်စုံတစ်ယောက်အား သူနှင့် ယန်ကျင်းဇီကို ခေါ်သွားခိုင်းခဲ့သည်။
ယန်ကျင်းဇီသည် ဤရက်များအတွင်း ကျီချန်းရှိူ့လည်း အတော်လေး ဆိုးဆိုးရွားရွား ကြိမ်းမောင်းခံရမှန်း သိလေသည်။ သူ ကျီချန်းရှိူ့ကို ကာကွယ်ရန် ကြိုးစားနေချိန်မှာပဲ သူ အဝတ်အစားတစ်စနှင့် ဖုံးအုပ်ခံလိုက်ရသည်။
ယန်ကျင်းဇီ : " ... "
ကားထဲဝင်ပြီးနောက် သက်တော်စောင့်က မေးသည် : " ဘော့စ် ကျွန်တော်တို့ ဘယ်သွားမှာလဲ? "
ကျီချန်းရှိူ့သည် သူ့နေအိမ်ကို သွားခိုင်းလိုက်ပြီး အရှေ့နှင့်အနောက်ခုံများကို ခွဲထားရန် နာနီကား၏ အခန်းကန့်လန့်ခင်းကို မြှင့်လိုက်သည်။
ထို့နောက် ယန်ကျင်းဇီသည် သူ့ခေါင်းပေါ်မှ အဝတ်များကို ဖယ်ရှားလိုက်၏။
အမှန်တော့ ရသစုံရှိုးမှ ထွက်ခွာပြီး ပိတ်ဆို့ခံရခြင်းမှာ မူလဇာတ်ကြောင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သော်ငြား ပိတ်ဆို့ခံရသူမှာ ကျီချန်းရှိူ့ဖြစ်သည်။
ထိုအချိန်တွင် ကျီချန်းရှိူ့သည် မူလပိုင်ရှင်နှင့် လမ်းခွဲပြီးပြီဖြစ်သည်။ သူ ပိတ်ဆို့ခံထားရသောအခါ သူသည် သူ၏ သက်တော်စောင့်များနှင့်အတူ ထွက်ခွာသွားသည်။ သူသည် လုံးဝ မတုန်လှုပ်သဖြင့် မူလပိုင်ရှင်အား စိတ်ဆိုးသွားစေလေသည်။ မူလပိုင်ရှင်သည် ကျီချန်းရှိူ့က သူ့ကို သေချာပေါက် လက်တုံ့ပြန်လိမ့်မည်ဟု ခံစားခဲ့ရပြီး နောက်ဆုံး၌ သူသည် ကျီချန်းရှိူ့၏အိမ်မှ သူ့ပစ္စည်းများကို သွားထုပ်ပိုးလိုက်ကာ ကျီချန်းရှိူ့အား မူးယစ်ဆေးများကို ပေးခဲ့သည်။
ယခု ပြောင်းလဲသွားသောအခါ သူ့အလှည့် ဖြစ်သွားသည်။ ကျီချန်းရှိူ့က သူ့ကို လမ်းတစ်လျှောက် ခေါ်လာပြီး သူ့ကို ကာကွယ်ပေးနေခဲ့တာ!
" မင်းက အရမ်းတော်တယ်။ ဘာလို့ မင်း အနုပညာလောကထဲက ထွက်ချင်တာလဲ? " ကျီချန်းရှိူ့က မေးသည်။
ယန်ကျင်းဇီက ပြန်ဖြေသည် : " ကျွန်တော် အခုတလော တော်တော်လေး ကြိမ်းမောင်းခံခဲ့ရပြီး အနုပညာလောကမှာ ထပ်မနေချင်တော့ဘူး။ " စကားပြောပြီးနောက် ယန်ကျင်းဇီသည် ကျီချန်းရှိူ့ကို ကြည့်သည် : " ကျွန်တော် အလုပ်လက်မဲ့ ဖြစ်တော့မယ်။ အစ်ကို ကျွန်တော့်ကို ခေါ်သွားမှာလား? "
ယန်ကျင်းဇီကို မရေမတွက်နိုင်သော ပရိသတ်များက ချောမောသည်ဟု ဆိုကြသည်။ သူက တကယ် ချောမောသည်။ ယခု ထိုမျက်နှာမှာ ကျီချန်းရှိူ့၏ရှေ့တွင် ရှိနေသည်... ကျီချန်းရှိူ့သည် ယခု သူ အသက်ရှူမဝသလို ခံစားရသည်။ သူသည် ယန်ကျင်းဇီအား ဘာမဆို ကတိပေးရန် ဆန္ဒရှိပြီး ကောင်းမွန်သည့် အရာတိုင်းကို ရှာဖွေကာ ယန်ကျင်းဇီအား ပေးချင်လာသည်။
သူ့လက်ဖဝါးကို ဆွဲဆိတ်လိုက်ပြီးနောက် ကျီချန်းရှိူ့ အနည်းငယ် စိတ်ငြိမ်သွားသည် : " မင်းကို ကြိမ်းမောင်းတဲ့ ရေတပ်က လူတွေကို မင်းပဲ မင်းကိုယ်တိုင် ဖိတ်ထားခဲ့တာလေ မဟုတ်ဘူးလား? "
ယန်ကျင်းဇီ : " ... "
ယန်ကျင်းဇီ၏အမူအရာမှာ အေးခဲသွားသည်။ ကျီချန်းရှိူ့ ဘယ်လိုသိတာလဲ?
ကျီချန်းရှိူ့သည် ဤကိစ္စကို သေချာမသိခဲ့သော်ငြား ယန်ကျင်းဇီ၏အမူအရာကို မြင်လိုက်ရတော့ သူ ပြောတာ အမှန်ဖြစ်နေမှန်း သူ သိသွားသည် : " အရင်က ငါ့ကို မကောင်းပြောဖို့ ငှားခဲ့တာလည်း မင်းပဲ။ "
ယန်ကျင်းဇီ : " !!! " ကျီချန်းရှိူ့ တကယ်သိတာလား?
မူလပိုင်ရှင်သည် ကိစ္စများကို ပြုမူဆောင်ရွက်ရာတွင် အလွန်သတိထားသည်။ ဤရက်ပိုင်းများအတွင်း ကျီချန်းရှိူ့သည် သူနှင့်အတူရှိနေစဉ် မည်သည့်မူမမှန်သောအပြုအမူကိုမျှ ပြသခြင်း မရှိခဲ့ပေ။ ကျီချန်းရှိူ့ မသိဘူးဟု သူ အမြဲထင်ခဲ့သော်လည်း ကျီချန်းရှိူ့ သိနေလိမ့်မည်ဟုတော့ သူ မမျှော်လင့်ထားခဲ့။
ယခု ကျီချန်းရှိူ့ သိနေမှတော့ မူလဇာတ်ကြောင်းထဲမှ ကျီချန်းရှိူ့ ဘာမှမသိဘူး ဆိုသည်မှာ မဖြစ်နိုင်ချေ။ မူလပိုင်ရှင် တစ်စုံတစ်ခု ပြောရန် စောင့်ဆိုင်းခြင်း မရှိဘဲ ကျီချန်းရှိူ့ဘက်မှ အရင်စလမ်းခွဲခဲ့တာ အံ့ဩစရာမလိုတော့ပါဘူး။
မူလပိုင်ရှင်က သူ့ကို လွှတ်မပေးတာ သနားစရာပင်။၊
ယန်ကျင်းဇီသည် အပြစ်ရှိသကဲ့သို့ ထပ်မံခံစားလာရပြန်သည်။
" မင်း ဓာတ်ပုံတွေကိုလည်း အပြင်ထုတ်ခဲ့တယ်။ " ကျီချန်းရှိူ့က ထပ်ပြောသည်။
ယန်ကျင်းဇီက ဆိုသည် : " ချန်းရှိူ့ ကျွန်တော် ရှင်းပြပါ့မယ်။ "
" အင်း။ " ကျီချန်းရှိူ့ ယန်ကျင်းဇီကို ကြည့်လိုက်သည်။
သူ တိုက်ရိုက်ထုတ်ပြောလိုက်သည်မှာ ယန်ကျင်းဇီ၏ရှင်းပြချက်ကို သူ ကြားချင်သောကြောင့် ဖြစ်သည်။
ယန်ကျင်းဇီ၏အတွေးများသည် သိသာထက်မြက်စွာ ပြောင်းလဲသွားပြီး သူသည် ချက်ချင်း မှတ်ချက်တစ်ခုကို သွားတွေးမိသည် : " ချန်းရှိူ့ ကျွန်တော် အလုပ်လုပ်နေတဲ့ ကုမ္ပဏီက နည်းနည်းရှုပ်တယ်။ မင်း သိပါတယ်။ "
ကျီချန်းရှိူ့ ခေါင်းညိတ်လိုက်သည်။ သူ တကယ်ပဲ ယန်ကျင်းဇီကို ထိုကုမ္ပဏီနှင့် လက်မှတ်မထိုးစေချင်ခဲ့ပေ။
" သူတို့က ကုမ္ပဏီမှာရှိတဲ့ ကြယ်ပွင့်တွေကို ထိန်းချုပ်ဖို့ မူးယစ်ဆေးတွေ အသုံးပြုတာကို ကျွန်တော် ရှာတွေ့ခဲ့တယ်။ " ယန်ကျင်းဇီက စတင်ရှင်းပြသည်။ သူသည် ဤအကြောင်းကို မသေချာသော်ငြား ထိုကုမ္ပဏီတွင် ဆေးသုံးနေကြသော လူအများအပြား ရှိပြီး အမှုဆောင်အရာရှိများက ထိုသို့ဖြစ်နေသည်ကို မြင်ရတာ ဝမ်းသာနေကြသည် : " အစက ကျွန်တော် စာချုပ်သက်တမ်းကုန်သွားရင် ကျွန်တော့်ကိုယ်ပိုင်စတူဒီယိုတစ်ခုကို ဖွင့်ချင်ခဲ့တယ်။ ဒါပေမယ့် သူတို့က ကျွန်တော့်ကို လက်မလွှတ်ပေးချင်ကြဘူး။ ကျွန်တော့်အေးဂျင့်က ကျွန်တော့်ကို မင်းနဲ့ လမ်းခွဲဖို့ပဲ ဆက်တိုက်ပြောနေခဲ့တော့ ကျွန်တော် နည်းနည်းလေး ပြဿနာရှာလိုက်ပြီး သူတို့ကို မလှုပ်ရဲအောင် လုပ်ပြီးမှ အနုပညာလောကထဲက ထွက်လာလိုက်တာ။ "
ယန်ကျင်းဇီ၏ရှင်းပြချက်မှာ အမှားများနှင့် ထိမ်ချန်ထားသော မြှုပ်ကွက်များစွာဖြင့် ပြည့်နှက်နေသော်လည်း ကျီချန်းရှိူ့သည် ထိုအရာများကို ဂရုမစိုက်ဘဲ သူ့မျက်နှာပါ ပြောင်းသွားသည် : " မင်း အဲ့ဟာကို မရခဲ့ဘူး မလား? "
" မရခဲ့ဘူး။ ကျွန်တော် အမြဲတမ်း သတိထားနေတယ်။ " ယန်ကျင်းဇီ ကျီချန်းရှိူ့ကို ဖက်လိုက်သည် : " ဒါပေမယ့် ကျွန်တော် နည်းနည်းကြောက်တယ်။ ကျွန်တော် ထပ်ပြီး သရုပ်မဆောင်ချင်တော့ဘူး။ "
ကျီချန်းရှိူ့သည် မူလက ထပ်မေးချင်ခဲ့သော်လည်း ယခု ယန်ကျင်းဇီက သူ့ရင်ခွင်ထဲတွင် ရှိနေသည်...
ကျီချန်းရှိူ့တွင် အလှလေးများ၏ အလိမ်အညာများကို နားထောင်ပြီး နားမလည်နိုင်သော ကိစ္စမျိုးစုံအား လုပ်ဆောင်ခဲ့သော ဧကရာဇ်မင်းများကို နားလည်မှုအချို့ ရုတ်တရက်ကြီး ရှိလာခဲ့သည်။
သူလည်း အတူတူပဲလို့ သူ ထင်မိသည်...
ကျီချန်းရှိူ့ ယန်ကျင်းဇီကို နမ်းလိုက်သည်။
အခြားတစ်ဖက်မှ ယန်ကျင်းဇီကတော့ အနမ်းကို နက်ရှိုင်းစေကာ ကျီချန်းရှိူ့ကို လွှတ်မပေးတော့ပေ။
ကျီချန်းရှိူ့၏အိမ်တွင် အဖေကျီသည် သူ့သားကို စောင့်နေလေသည်။
သူသည် ယနေ့ အင်တာနက်ပေါ်မှ သတင်းများကို ဖတ်လိုက်ရပြီး အလွန်စိတ်ဆိုးနေသည်။
ယန်ကျင်းဇီစီမှာ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေ မရှိမှန်း သူ သိခဲ့တယ်!
ယန်ကျင်းဇီ၏အေးဂျင့်က ယန်ကျင်းဇီသည် သူ့သားထံမှ ပစ်မှတ်ထားခံရသောကြောင့် ကုမ္ပဏီပြောင်းခဲ့ရခြင်းဖြစ်သည်ဟု တကယ်ပြောခဲ့သည်... ထိုသို့သောကိစ္စမျိုးကို သူ့သား ဘယ်တော့မှ မလုပ်မှန်း သူ သိသည်။
အဖေကျီသည် အင်တာနက်ပေါ်ရှိ သတင်းများကို ဆက်လက်အာရုံစိုက်နေစဉ် သားဖြစ်သူကို သွားကြိုရန် သက်တော်စောင့်များကို ခိုင်းခဲ့သည်။ ထို့နောက် သူသည် မီဒီယာအချို့က ယန်ကျင်းဇီ အနုပညာလောကမှ နှုတ်ထွက်တော့မည်ဖြစ်ကြောင်း ရေးထားသည့် မျက်စိဖမ်းစားနိုင်သော ခေါင်းစီးမျိုးစုံနှင့် သတင်းများကို တင်ထားသည်အား သူ တွေ့လိုက်ရသည်။
ယန်ကျင်းဇီက အနုပညာလောက ကနေ ထွက်တော့မယ်၊ အဲ့တာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?
အဖေကျီသည် 'ယန်ကျင်းဇီ : စာချုပ်သက်တမ်းကုန်ရင် ကျွန်တော် အနုပညာလောက ကနေ နှုတ်ထွက်ပါတော့မယ်' ဟူသော သတင်းခေါင်းစဉ်ကို နှိပ်ပြီး ဗီဒီယိုကို ကြည့်လိုက်သည်။
ယန်ကျင်းဇီက အနုပညာလောကထဲကနေ တကယ်ထွက်ချင်တာလား?
သူက ဘာလို့ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း မလုပ်တာလဲ?
သူ့သားကို ယန်ကျင်းဇီ လုပ်ကြံသည်ဟု သူ သိလိုက်ရသောအခါ ယန်ကျင်းဇီသည် သူ့သားကို ဖျက်ဆီးရန် ရသစုံရှိုးတွင် ပါဝင်ခိုင်းသည်ဟု သူ တွေးခဲ့သည်။ ရလဒ်မှာတော့ ယန်ကျင်းဇီသည် ရသစုံရှိုးတွင် သူ့ကိုယ်သူ ဖျက်ဆီးရန် ကြိုးစားခဲ့ပြီး ရေတပ်ကိုပင် သူ့ကိုယ်သူ အပုပ်ချခိုင်းထားသည်။
ယန်ကျင်းဇီက ဤအခါတွင် သူ့သားကို တစ်ကြိမ်တည်းနှင့် လုံးဝ ဖယ်ရှားပစ်ရန်အတွက် အခွင့်အရေးတစ်ခုအနေဖြင့် အသုံးပြုနေသည်ဟု သူ ထင်ထားခဲ့သော်လည်း အဆုံးသတ်မှာတော့ ယန်ကျင်းဇီက... အနုပညာလောကထဲကနေ နှုတ်ထွက်ချင်နေတာလား?
အဖေကျီသည် အတွေးများကြား ရုန်းကန်နေရပြီး ဤအချိန်တွင် ယန်ကျင်းဇီနှင့်ကျီချန်းရှိူ့တို့ ပြန်ရောက်လာကြသည်။
ဒါတင်မကသေးဘဲ သူတို့ ဝင်လာသောအခါ နှစ်ယောက်သားက လက်တွဲထားကြပြီး နက်ရှိုင်းသော ချစ်ခြင်းမေတ္တာများကို ပြသနေကြသည်။
" မင်းတို့နှစ်ယောက် ဘာဖြစ်နေကြတာလဲ? " အဖေကျီ မျက်မှောင်ကြုံ့သွားသည်။
ကျီချန်းရှိူ့က ပြောလာသည် : " အဖေ သူ့ကို မခြောက်ပါနဲ့။ "
အဖေကျီ : " ... "
____
Thanks for reading 💙
____