အပိုင်း ၄၇ ( The Star 8 )
Viewers 10k

" အရင်က ဖြစ်ခဲ့တာတွေ အကုန်လုံး နားလည်မှုလွဲတာပါ။ အဖေ ကျွန်တော်တို့ အဆင်ပြေပါတယ်။ " ကျီချန်းရှိူ့က သူ့‌အဖေကို ပြောသည်။ သူ ယန်ကျင်းဇီ၏ ယခင်ရှင်းပြချက်ကို ယုံကြည်ရန် ဆန္ဒရှိသည်။ ယန်ကျင်းဇီ၏ရှင်းပြချက်က အဓိပ္ပာယ်မရှိပေမယ့်လည်းပေါ့။


" မင်းတို့ဆက်ဆံရေးက တကယ်ကောင်းရင် ဘာလို့ သူက မင်းမှာ ထုတ်မပြောနိုင်တဲ့ စည်းမျဥ်းတွေ ရှိတယ်လို့ သူ့အေးဂျင့် ပြောတာကို ခွင့်ပြုထားတာလဲ? " အဖေကျီက မေးသည်။


" ထုတ်‌မပြောနိုင်တဲ့ စည်းမျဉ်းတွေ? " ယန်ကျင်းဇီ အံ့အားသင့်သွားသည်။


" မင်းရဲ့အေးဂျင့်က ဒီနေ့ တစ်ယောက်ယောက်ကို လွန်ခဲ့တဲ့သုံးနှစ်က ကျီချန်းရှိူ့က မင်းကို သဘောကျပြီး ဖိအားပေးခဲ့လို့ မင်း ကုမ္ပဏီပြောင်းလိုက်ရတယ်၊ ပြီးတော့ 'Dream Back to the Ancient Times' မှာ မင်း အဲ့လိုမျိုးပြုမူခဲ့တာရဲ့ အကြောင်းအရင်းကလည်း အကြပ်ကိုင်ခံရလို့ ဆိုပြီး ထုတ်ပြောသွားတယ်လေ။ " အဖေကျီသည် အေးစက်သော မျက်နှာထားဖြင့် ပြောခဲ့သည်။


ယန်ကျင်းဇီသည် ဖုန်းကို ဖွင့်ထားပြီးပြီဖြစ်၍ သတင်းများကို တွေ့လိုက်ရသည် : " ကျွန်တော် ဒီအကြောင်းကို အရင်က မသိခဲ့ဘူး... " သူတော့ မှားပြီး စွပ်စွဲခံရပြီ! ဒီနေ့တစ်နေ့လုံး သူ ရိုက်ကူးနေခဲ့ရပြီး အင်တာနက်မှ သတင်းများကို ဖတ်ရန် အချိန်လုံးဝမရှိပေ။ အပြန်လမ်းတွင်လည်း သူ ကျီချန်းရှိူ့နှင့် ပြန်အဆင်ပြေအောင် လုပ်နေခဲ့ရသည်... အဟမ်း!


" ဒါဆို မင်း ချန်းရှိူ့ကို အွန်လိုင်းမှာ အပုပ်ချတာကရော ဘာလဲ? " အဖေကျီက မေးသည်။


" အဖေ... " ကျီချန်းရှိူ့က ယန်ကျင်းဇီ ရှင်းပြတာကို ကူညီပေးချင်ခဲ့ပြီး ယန်ကျင်းဇီက ပြောလာသည် : " ကျွန်တော်က ထွက်လာချင်ရုံလေးပါ! "


အဖေကျီ : " ... "


ယန်ကျင်းဇီသည် သူ ယခင်က မီဒီယာများနှင့် ရင်ဆိုင်နေရစဉ် သူသည် အနုပညာလောကမှ နှုတ်ထွက်လိုကြောင်း တိုက်ရိုက်ပြောခဲ့သည်မှာ အလွန်အမင်း ကံကောင်းသည်ဟု ခံစားနေရသည်။ မဟုတ်ရင် အခုလောက်ဆို ကျီချန်းရှိူ့က သူနဲ့ လမ်းခွဲနေလောက်ပြီ!


ထို့အပြင် အဖေကျီကလည်း ကျီချန်းရှိူ့၏ ကိစ္စများကို သိနေသည်... ယန်ကျင်းဇီသည် မူလဇာတ်ကြောင်းထဲမှ မူလပိုင်ရှင်၏ ကံကြမ္မာကို အမှတ်ရသွားသည်။


ကျီချန်းရှိူ့ ကွယ်လွန်ပြီးနောက် မူလပိုင်ရှင်၏ အသက်မွေးဝမ်းကြောင်းအလုပ်မှာ ထိုးကျသွားပြီး နောက်ဆုံး၌ သူသည် သူ၏ညစ်ညမ်းဓာတ်ပုံများ ဖော်ထုတ်ခံရသောအခါ သူ၏နာမည်ဂုဏ်သတင်းကိုပါ ဆုံးရှုံးလိုက်ရသည်... အဖေကျီ၏လုပ်ရပ်မှတစ်ပါး အခြားမဖြစ်နိုင်ချေ။


တွေးကြည့်လျှင် အဖေကျီအတွက် သားဖြစ်သူ၏ မရှင်းလင်းသော သေဆုံးမှုကို လက်စားမချေရန်မှာ မဖြစ်နိုင်ပေ။


" ဘယ်သူက အဲ့လိုမျိုး ဗီရိုထဲက ထွက်လို့လဲ? " အဖေကျီက ဒေါသတကြီး ရယ်သွမ်းသွေးသည်။


" အဲ့တာက မတော်တဆ ဖြစ်တာပါ။ ကျွန်တော် ချောက်ချခံလိုက်ရတာ! " ယန်ကျင်းဇီ အဖေကျီကို ပြုံးပြလိုက်သည် : " ကျွန်တော် အဲ့ဒါကို ပြန်ပြင်ဖို့ နောက်နေ့တွေမှာ အစွမ်းကုန် ကြိုးစားနေတာကို တွေ့နိုင်ပါတယ်။ "


" မင်း လုပ်နေတာတွေက ရှေ့နောက်လည်းမညီဘူး။ မင်း ဘာလုပ်ဖို့ ကြိုးစားနေတာမှန်း ငါ မသိတော့ဘူး! " အဖေကျီသည် ထိုသို့ပြောသော်လည်း သူ ယန်ကျင်းဇီ၏ အတွေးများအတိုင်း လိုက်မတွေးဘဲ ‌မနေနိုင်။


ယန်ကျင်းဇီက လိင်တူစိတ်ဝင်စားကြောင်း ဗြောင်ဖွင့်ပြောဖို့ အရင်ဆုံး ဓာတ်ပုံတစ်ပုံကို ရိုက်ယူရင်း အေးဂျင့်က အဲ့ဒါကို တွေ့သွားပြီးတော့ အေးဂျင့်က သူ့လက်တွေခြေတွေကို ရွှေ့ပြီး သူ့သားကို မကောင်းပြောဖို့ အဲ့ဓာတ်ပုံကို အသုံးချခဲ့တာ ဖြစ်နိုင်မလား?


" တို‌တိုပြောရရင် ကျွန်တော် ချန်းရှိူ့အတွက် စိတ်ရင်းမှန်ပါတယ်။ " ယန်ကျင်းဇီက လေးနက်စွာပြောသည်။


ကျီချန်းရှိူ့လည်း ‌ဝင်ပြောသည် : " အဖေ ဒီအကြောင်း နောက်မှပြောရအောင်။ ကျင်းဇီကို အနားယူခွင့်ပြုလိုက်ပါဦး။ " မင်း ဒီကိစ္စကို ရှင်းမပြနိုင်ရင် အခုချိိန်မှာ မရှင်းပြနဲ့တော့လေ။


အဖေကျီက ဆိုသည် : " မင်းက သူ့ကို ကာကွယ်နေတုန်းပဲ... တော်ပြီ ငါ မင်းကိစ္စကို ဂရုမစိုက်တော့ဘူး! "


သူ ဂရုမစိုက်တော့ဘူး ဟု ပြောပြီးနောက် အဖေကျီသည် တကယ်ထွက်သွားသည်။


သူ့သားက အသက်သုံးဆယ်ကျော်ပြီဖြစ်ပြီး ကိုယ်ပိုင်စိတ်ကူးများလည်း ရှိသဖြင့် သူ အရာအားလုံးကို တာဝန်ယူဖို့ မလိုပေ။


အဖေကျီ ထွက်သွားပြီးနောက် ယန်ကျင်းဇီသည် သူ့သစ္စာစောင့်သိမှုကို ချက်ချင်းပြသခဲ့သည် : " ချန်းရှိူ့ ကျွန်တော် မင်းကို တကယ်ကြိုက်တာပါ။ "


" ငါ သိပါတယ်။ ငါလည်း မင်းကို တကယ်ကြိုက်တယ်။ " ကျီချန်းရှိူ့ မေးလိုက်သည် : " မင်း ဘာစားချင်လဲ? ငါ လုပ်ပေးမယ်။ " သူတို့ ဒီနေ့ ဘာမှမစားရသေးပေ။


" ကျွန်တော်... " ယန်ကျင်းဇီသည် 'ကျွန်တော် လုပ်လိုက်မယ်' ဟု ပြောချင်သော်လည်း စကားလုံးများက သူ့နှုတ်ခမ်းမှ ထွက်မသွားခဲ့ချေ။ သူသည် ထိုစကားလုံးများကို သူ့ဗိုက်ထဲ ပြန်မျိုချလိုက်သည်။


မူလပိုင်ရှင်က မချက်ပြုတ်နိုင်ပေ... ထို့ကြောင့် သူလည်း မချက်ပြုတ်တတ်။


သူ အနာဂတ်မှာ သင်ယူဖို့ အခွင့်အရေးတစ်ခု ရှာရမယ်!


ကျီချန်းရှိူ့သည် အိမ်တွင် အနေမများသဖြင့် မိသားစုက အိမ်စေတစ်ယောက်ကို မငှားထားသော်လည်း သူ့လက်ထောက်က အခန်းသန့်ရှင်းရေးလုပ်ရန် လာပြီး ရေခဲသေတ္တာထဲတွင် ထားရန် ဟင်းချက်စရာ ပါဝင်ပစ္စည်းများကိုလည်း ဝယ်လာလိမ့်မည်ဖြစ်သည်။


ဟုတ်ပါတယ်၊ မူလပိုင်ရှင်စီက လာဘ်ထိုးခံရတဲ့ လက်ထောက် မဟုတ်ဘဲ အခြားနောက်တစ်ယောက်ပါ။


ယန်ကျင်းဇီသည် မီးဖိုချောင်ထဲအထိ ကျီချန်းရှိူ့နောက်သို့ လိုက်သွားသောအခါ သူသည် ကျီချန်းရှိူ့က ဟင်းချက်ရန် ပြင်ဆင်နေပြီဖြစ်ပြီး အလွန်ကျွမ်းကျင်သည်ကို တွေ့လိုက်ရသည်။


" ချန်းရှိူ့၊ မင်းက အရမ်းတော်တယ်။ မင်းက အကုန်လုံး လုပ်တတ်တယ်! ဟင်းသီးဟင်းရွက်တွေကို တကယ့်ကို အရမ်းကောင်းကောင်းမွန်မွန်နဲ့ လှီးထားတာပဲ! " ယန်ကျင်းဇီတွင် ချီးမွမ်းစရာ ဘာမှမရှိပါချေ။


ကျီချန်းရှိူ့ : " ... " သူ ဒီတိုင်း ရိုးရိုးလေး လှီးလိုက်တာပါ။


သူ့ကို သဘောကျသည်ဟု ယန်ကျင်းဇီက ပြောခဲ့သည်။ သူ ယုံချင်သော်လည်း အဲ့ဒါက မဖြစ်နိုင်ဘူးလို့ သူ့အသိဉာဏ်က သူ့ကို အမြဲပြောနေသည်... ကျီချန်းရှိူ့ ခဏလောက် စဉ်းစားပြီး သူ့အနားမှ ယန်ကျင်းဇီကို လှမ်းဆွဲကာ ထပ်နမ်းလိုက်သည်။


ထို့နောက် သူသည် ယန်ကျင်းဇီထံမှ အနမ်းခံလိုက်ရပြီး... သူ့ဒူးခေါင်းများ ပျော့ခွေသွားသည်။


ယန်ကျင်းဇီသည် ဤကဲ့သို့ ဖြစ်နေလေရာ သူ့ကို မကြိုက်သည့်ပုံ ပေါ်မနေပေ။


ကျီချန်းရှိူ့ ယန်ကျင်းဇီကို တွန်းထုတ်ရန် စိတ်ခွန်အားများစွာကို အသုံးပြုလိုက်ရသည် : " ငါ ဟင်းချက်တော့မယ်။ " ထိုစကားကို ပြောရင်းနှင့် သူ ယန်ကျင်းဇီကို မီးဖိုချောင်ထဲမှလည်း နှင်ထုတ်လိုက်သည်။


ယန်ကျင်းဇီ သူ့ကိုယ်သူ မထိန်းနိုင်မည်ကို စိုးရိမ်၍ မီးဖိုချောင်ထဲကို ထပ်မသွားတော့ပေ။


ပိုအရေးကြီးသည်မှာ သူ၏ အသံပိတ်ထားသော ဖုန်းက အဆက်မပြတ် တုန်ခါနေသည်...


ဤအချိန်တွင် သူ့ကို ရှာနေသော လူများ အများကြီး ရှိပေလိမ့်မည်။


ယခုချိန်တွင် လူများစွာသည် ယန်ကျင်းဇီကို အမှန်တကယ် ရှာဖွေနေရုံသာမက အင်တာနက်ကလည်း ဆူညံသံများစွာအဖြစ်ကို ပြောင်းလဲနေပြီဖြစ်သည်။


နှစ်များတစ်လျှောက် အွန်လိုင်းတွင် ကြိမ်းမောင်းခံရသော ကြယ်ပွင့်များမှာ တစ်ယောက်၊နှစ်ယောက်မကသော်ငြား သူတို့က ကြိမ်းမောင်းခံနေရသည်ကိုပင် မမှုဘဲ ပုံမှန်အတိုင်း တက်ကြွပြီး ငွေရှာနေသေးသည်။


အချို့နာမည်ကြီးများဆိုလျှင် သူတို့ ပိုပြီး ကြိမ်းမောင်းခံရလေလေ ပိုပြီး နာမည်ကျော်ကြားလာကာ ငွေပိုရှာနိုင်လေလေ ဖြစ်သည်။


ယန်ကျင်းဇီ ယခုအကြိမ်တွင် မကောင်းပြောခံရသော်လည်း၊ ၎င်းသည် ပြင်းထန်ပုံပေါ်သော်လည်း ဖြေရှင်းရန် မခက်ခဲပေ။


ကျီချန်းရှိူ့ကို အပုပ်ချရန် မလိုအပ်။ ယန်ကျင်းဇီက ကျီချန်းရှိူ့ကို ရိုးရိုးသားသား လေးစားသဘောကျတယ်လို့ သူတို့ ပြောလိုက်ရုံပင်။ တိုက်ရိုက်ထုတ်လွှင့်နေစဉ် ဟာသတစ်ခု လုပ်သည်မှာ အဆင်ပြေပြီး နောက်မှ ရှိုးကို ဆက်သွယ်ကာ နောက်ပိုင်းတွင် ထုတ်လွှင့်မည့် တည်းဖြတ်ပြီးသားဗားရှင်းကို ဂရုစိုက်ခိုင်းရန်နှင့် နှစ်ယောက်သားကြားမှ အဓိပ္ပာယ်နှစ်ခွထွက်သော မရေမရာမှုများကို တည်းဖြတ်ခိုင်းနိုင်သည်။


ရလဒ်ကတော့... သူတို့ ယန်ကျင်းဇီ ဘာဖြစ်နေမှန်း မသိခဲ့ကြပေ။ ယန်ကျင်းဇီက သူ အနုပညာလောက ကနေ နှုတ်ထွက်တော့မယ်လို့ ရုတ်တရက်ကြီး ပြောသွားသည်။


အ‌ခကြေးငွေကို လက်ခံပြီး ယန်ကျင်းဇီကို ကြိမ်းမောင်းခဲ့သော ရေတပ်အဖွဲ့သားများလည်း ဆွံ့အသွားကြသည်— သူတို့သည် မကြာခဏ လူများကို ပွဲဆူအောင်နှင့် အပုပ်ချမကောင်းပြောရန် ကူညီပေးလေ့ရှိသော်လည်း သူတို့ တစ်ခါမှ လူတစ်ယောက်ကို အနုပညာလောကထဲမှ မောင်းမထုတ်ဖူးခဲ့ချေ... ဒါ ပထမဆုံးအကြိမ်ပဲ ဟုတ်တယ်မလား?


အမြဲတမ်း ယန်ကျင်းဇီကို သဘောမကျခဲ့သော ထိုသူများက တစ်စုံတစ်ယောက် ယန်ကျင်းဇီကို အပုပ်ချနေသည်ကို တွေ့ကြသည်။ သူ့ကို အပုပ်ချနေသည့် ရေစီးကြောင်းသတင်း‌နောက်လိုက်နေသော ထိုသူများလည်း ဆွံ့အသွားကြလေသည်—ယန်ကျင်းဇီက အနုပညာလောကထဲက တကယ်ထွက်ချင်တာလား? သူတို့ နာမည်ကျော်ကြယ်ပွင့်တစ်ယောက်ကို အနပညာလောကထဲကနေ မောင်းထုတ်မိလိုက်တာလား?


ယန်ကျင်းဇီ၏ပရိသတ်များအတွက် ဤကိစ္စကို လက်ခံရန် ပို၍ပင် ခက်ခဲလေသည်။


စိတ်ပျက်သွားသော ပရိသတ်အချို့က နှုတ်ထွက်သွားပြီး အချို့က သူတို့ နှုတ်ထွက်တော့မည်ဟု ပြောခဲ့မိသည်ကို နောင်တရကြသည်...


သေချာတာပေါ့၊ ယန်ကျင်းဇီ အနုပညာလောကမှ အမှန်တကယ် နှုတ်ထွက်လိမ့်မည်ဟု လူအများက မယုံကြ။


" သူက ဒီအတိုင်း လျှောက်ပြောပြီး သနားစရာကောင်းအောင် သရုပ်ဆောင်နေတာမလား? "


" ယန်ကျင်းဇီက အနုပညာလောက ကနေ တကယ်ထွက်ချင်တယ်လို့ ငါတော့ မထင်ပါဘူး။ "


" သူ့ပရိသတ်တွေရဲ့တောင်းဆိုမှုကြောင့် သူ ရက်အနည်းငယ်အတွင်း သေချာပေါက် ပြန်ရောက်လာလိမ့်မယ်။ "



သတင်းမျိုးစုံ၊ ကိစ္စစုံ။


ယန်ကျင်းဇီသည် ၎င်းတို့အားလုံးကို လျစ်လျူရှူထားခဲ့သည်။


ဘာပဲဖြစ်ဖြစ် ကြိမ်း‌မောင်းခံနေရသူမှာ မူလပိုင်ရှင်ပင်။


သို့သော် သူ သူ့ပရိသတ်များအတွက် အနည်းငယ် စိတ်မကောင်းဖြစ်မိသည်။


ကျီချန်းရှိူ့ ချက်ပြုတ်နေစဉ် ယန်ကျင်းဇီသည် သူ့ပရိသတ်များစီသို့ တောင်းပန်စာတစ်စောင်ကို လက်ရေးဖြင့် ရေးသားပြီး ဓာတ်ပုံများ ရိုက်ကာ အွန်လိုင်းမှာ တင်ခဲ့သည်။ သူ အနုပညာလောကမှ ထွက်ချင်သည်မှာ ကိုယ်ရေးကိုယ်တာကိစ္စများကြောင့်သာ ဖြစ်ပြီး တခြားလူများနှင့် ဘာမှမဆိုင်ဘူးဟု ထည့်သွင်းရေးသားထားသည်။


သူ ဤပို့စ်ကို တင်လိုက်သည်နှင့် မှတ်ချက်များစွာ ချက်ချင်း တက်လာပြီး အများစုက အဆိုးဘက်မှ မှတ်ချက်များ ဖြစ်သည်။ ယန်ကျင်းဇီ စဉ်းစားလိုက်ပြီး သူ follow ထားသော လူများစီမှ မှတ်ချက်များကိုသာ ခွင့်ပြုရန် မှတ်ချက်ခွင့်ပြုချက်ကို ပြင်လိုက်သည်။


ထို့နောက် စားပွဲပေါ်တွင် အစားအစာများကို ကျီချန်းရှိူ့ တင်ပြီးသွားသောအခါ ယန်ကျင်းဇီသည် အစားအစာများ၏ ဓာတ်ပုံကို ရိုက်ယူပြီး ပို့စ်တင်ခဲ့သည် : "အနားယူခြင်းကို စတင်ပြီး အိမ်ချက်အစားအစာတွေကို ခံစားနေတယ်"


ပို့စ်တင်ပြီးသည်နှင့် သူ သူ့ဖုန်းကို ပိတ်လိုက်ပြီး စတင်စားသောက်တော့သည်။


အင်တာနက်ပေါ်မှ လူများ : "???" ငါတို့အားလုံးက အနုပညာလောကထဲက ထွက်တော့မယ့် မင်းအကြောင်း ဖရဲသီးကြီးတွေကို စားနေရလို့ ဟင်းချက်ဖို့တောင် မေ့သွားကြတယ်။ မင်းကတော့ အေးအေးဆေးဆေး‌ ညစာစားနေတယ်တဲ့လား?


ကျီချန်းရှိူ့၏ ချက်ပြုတ်မှုသည် ပျမ်းမျှသာဖြစ်သည်။ ဒါပေမယ့် ဒါက ကျီချန်းရှိူ့ရဲ့ ချက်ပြုတ်မှုလေ!


ယန်ကျင်းဇီကတော့ အားလုံးကို ဂုဏ်ယူစွာဖြင့် စားသောက်ခဲ့ပြီး ပန်းကန်များကို ဆေးကြောရန်လည်း ကမ်းလှမ်းခဲ့သည်။


ကျီချန်းရှိူ့က မငြင်းပေ။ သို့သော် သူသည် ယန်ကျင်းဇီနှင့်အတူ မီးဖိုချောင်ထဲ ဝင်သွားသည် : " အဲ့မှာ ပန်းကန်ဆေးစက် ရှိတယ်။ မင်း ပန်းကန်ထည့်လိုက်ရုံပဲ။ "


ယန်ကျင်းဇီ ပန်းကန်လုံးများကို ပန်းကန်ဆေးစက်ထဲ ထည့်နေစဉ် ကျီချန်းရှိူ့က ပြောသည် : " မင်း လိုအပ်ရင် တခြားကုမ္ပဏီနဲ့ လက်မှတ်ထိုးလို့ရတယ်။ "


" မလိုပါဘူး။ ကျွန်တော် အနုပညာလောကထဲက တကယ်နှုတ်ထွက်ချင်တာပါ။ " ယန်ကျင်းဇီက ဆိုသည် : " ကျွန်တော် တခြားတစ်ခုခု လုပ်ချင်တယ်။ "


ကျီချန်းရှိူ့အတွက် ဤအကြောင်းကို ယုံကြည်ရန် ခက်ခဲပြီး အင်တာနက်ပေါ်မှ ဘယ်သူမှလည်း မယုံချင်ကြသော်လည်း ယန်ကျင်းဇီကတော့... သူသည် အနုပညာလောကမှ နှုတ်ထွက်ရန် အမှန်တကယ် စိတ်ဆုံးဖြတ်ပြီးပြီဖြစ်သည်။


နောက်ထပ်လဝက်လောက်အထိ သူသည် အိမ်ပြင်မထွက်ဘဲ နေ့တိုင်း weibo တွင် တစ်နေ့စာ ထမင်းသုံးနပ် ဆက်တိုက်တင်နေခဲ့သည်။


အဲ့ဒါတွေအကုန်လုံးကို ကျီချန်းရှိူ့ သူ့အတွက် လုပ်ပေးထားတာ! အင်း၊ နောက်ပိုင်းမှာ ဟင်းပွဲတချို့ကိုတော့ သူ လုပ်ထားတာပါ။


ဒေါသထွက်နေသော၊ ပဟေဠိဖြစ်နေသော၊ ပွဲကောင်းကောင်း ကြည့်ချင်နေသော ထိုအင်တာနက်အသုံးပြုသူများမှာ ယန်ကျင်းဇီကို စောင့်ကြည့်နေခဲ့ကြသည်။ သူတို့သည် ယန်ကျင်းဇီက အေးဆေးတည်ငြိမ်ယောင် ဟန်ဆောင်နေရုံသာဖြစ်သည်ဟု ခံစားမိကြသော်လည်း ယန်ကျင်းဇီက လတစ်ဝက်ကြာသည့်အထိ သူ့ထမင်းသုံးနပ်ကို အချိန်မှန်မှန် နေ့တိုင်း ပို့စ်တင်ခဲ့လေသည်။ မနက်စာတွေကို မနက် ၇ နာရီမှာ စားနေတုန်းပဲ...


အင်တာနက်အသုံးပြုသူများ : " ... "


ဒါဆို ယန်ကျင်းဇီက အနုပညာလောကမှာ ‌ပိုက်ဆံအလုံအလောက် ရှာပြီးသွားလို့ စားစရာပုံတွေ တင်ပြီး အွန်လိုင်းဆယ်လီဖြစ်လာဖို့ ဆုံးဖြတ်လိုက်တာလား?


ဒါမှမဟုတ် သူက အနုပညာလောကမှာ ပင်ပန်းလွန်းတယ်လို့ စဉ်းစားမိပြီး အိပ်ရာစောစောဝင်၊ အိပ်ရာစောစောထရတဲ့ ကျန်းကျန်းမာမာဘဝမှာ နေထိုင်ချင်လို့များလား?


ယန်ကျင်းဇီ၏ပရိသတ်များလည်း အံ့ဩနေကြသည်။


သူ အနုပညာလောကမှ အနားယူတော့မည်ဟု သူတို့ ပထမဆုံး သတင်းကြား‌ရသောအခါ သူတို့ စိတ်ဆိုးပြီး စိုးရိမ်ပူပန်ခဲ့ကြရသည်။ အနာဂတ်တွင် ယန်ကျင်းဇီနှင့်ပတ်သက်သော သတင်းများ မရှိတော့မည်ကို သူတို့ စိုးရွံ့ခဲ့ကြသည်။ ရလဒ်အနေဖြင့်...


ယန်ကျင်းဇီက ဆယ်လ်ဖီရိုက်တာကို ရပ်လိုက်ပြီး အစားအစာတွေကိုပဲ ပို့စ်တင်တော့တယ်?


အဓိကအချက်‌ကတော့ ဤအစားအစာများ ဖြစ်သည်။ သူတို့က အိမ်လုပ်ပုံပေါက်ပြီး မလှဘူး!


ဤပို့်စ်များတွင် သက်ဆိုင်ရာ မှတ်ချက်များ မရှိသော်ငြား တုံ့ပြန်မှုများစွာ ရှိနေဆဲဖြစ်သည်။


"ကိုကို ဆယ်လ်ဖီတစ်ပုံလောက် တင်ပါ!"


"အစ်ကို အဲ့ဒါတွေက အရသာရှိမယ့်ပုံ မပေါ်ဘူး!"


"အစ်ကို မင်း တကယ် အနုပညာလောကထဲက ထွက်ချင်တာလား?"


"ကိုကို အနာဂတ်မှာ ‌တွေ့လို့ရမလား?"



ယန်ကျင်းဇီ စိတ်ရွှင်နေသည်။ သူ သူတို့ကို တစ်ယောက်ချင်းစီ ရီပလိုင်းပြန်လိုက်သည် : "ငါ ဆယ်လ်ဖီအချို့ ရိုက်ပြီး ကြည့်ကောင်းရင် တင်လိုက်မယ်။"


"ဒါတွေက အရသာရှိတယ်! ငါ ကောင်းမွန်တဲ့ အစားအစာတွေကို မလုပ်နိုင်ဘူးလို့ မပြောနဲ့!"


"ငါ အနုပညာလောကထဲက တကယ်နှုတ်ထွက်ချင်ပြီး ရုပ်ရှင်ရိုက်တာကို ရပ်လိုက်ပါပြီ။"


"သေချာတာပေါ့ မင်း ငါ့ကို တွေ့နိုင်ပါတယ်။ ငါ ခဏနေရင် ဆယ်လ်ဖီရိုက်တင်လိုက်မယ်!"



ရီပလိုင်းပြန်ပြီးနောက် ယန်ကျင်းဇီသည် ဆယ်လ်ဖီတစ်ပုံကို တင်လိုက်သည်။


ပရိသတ်များ : ဓာတ်ပုံပညာက မကောင်းပေမယ့် ဘာပဲဖြစ်ဖြစ် အရမ်းချောနေတုန်းပဲ!


ယန်ကျင်းဇီက ဘယ်တော့မှ အပြင်မထွက်ဘဲ ကျီချန်းရှိူ့က အိမ်မှာနေသည်။


သူ ဇာတ်ကားတစ်ခုကို ဦးစီးရိုက်ကူးပြီးခါစဖြစ်ပြီး လက်ရှိအချိန်တွင် တခြားအလုပ် မရှိချေ။ သူ ဇာတ်ကားကို တည်းဖြတ်ရန်သာ လိုသည်။ အဘယ့်ကြောင့်ဆိုသော် ဇာတ်ကားကိုယ်တိုင်၏ အရင်းအနှီးမှာ မများသည့်အပြင် အများအားဖြင့် တည်းဖြတ်ခြင်းကို လုပ်ဆောင်သူမှာ သူကိုယ်တိုင် ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူ အိမ်မှ အလုပ်လုပ်နိုင်သည်။


သူတို့နှစ်ဦးသည် အမိုးတစ်မိုးတည်းအောက်တွင် အတူနေထိုင်ကြပြီး သူတို့၏နေထိုင်မှုဘဝသည် သက်တမ်းအိုစုံတွဲများ၏ နေထိုင်မှုဘဝနှင့် အတူတူပင်။ တစ်ခုတည်းသောပြဿနာမှာ သူတို့သည် သီးခြားအခန်းများတွင် အိပ်ကြခြင်းဖြစ်သည်။


ယခင်ဟိုးအချိန်များတုန်းက ကျီချန်းရှိူ့သည် အတူတူအိပ်မည့်အကြောင်း ပြောရန် အစပျိုးခဲ့ပြီး အကြိမ်ပေါင်းများစွာ အရိပ်အမြွက်ပြောခဲ့သော်လည်း ယန်ကျင်းဇီက တချိန်လုံး ငြင်းဆိုခဲ့လေရာ သူ ဘယ်တော့မှ နောက်တစ်ကြိမ် ထပ်‌မပြောတော့။


ယန်ကျင်းဇီအတွက်ကတော့...


သူသည် သူ ကူးပြောင်းလာသည်မှာ သိပ်မကြာသေးဘဲ 'အဲ့ဒါ'စီကို တည့်တည့်သွားခြင်းမှာ အနည်းငယ် မြန်လွန်းအားကြီးသည်ဟု သူ ခံစားရသည်။ သူက အရင်ဆုံး ချစ်ကျွမ်းဝင်ရတာကို သဘောကျသည်။


ဤသို့ဖြင့် ဤရက်များအတွင်း ကျီချန်းရှိူ့ တည်းဖြတ်မှု ပြုလုပ်နေသော အချိန်၌ ယန်ကျင်းဇီက သူနှင့် အတူရှိနေသည်။


မူလပိုင်ရှင်သည် တည်းဖြတ်ခြင်းကို နားမလည်သော်လည်း ယန်ကျင်းဇီသည် သူ သင်ယူသမျှကို အလွန်မြန်ဆန်စွာ သင်ယူနိုင်သည်။ ကျီချန်းရှိူ့ သူ့ကို သင်ပေးပြီးနောက် သူ တတ်မြောက်သွားသည်။ ပြီးတော့ တည်းဖြတ်မှုက အကောင်းဆုံးပဲ!


ဒါတင်မကသေးဘဲ အခြားသော အသိပညာဆိုင်ရာ အခန်းကဏ္ဍများကိုလည်း သူက လျင်မြန်စွာ သင်ယူနိုင်ပြီး မှတ်မိနေသေးသည်။


ကျီချန်းရှိူ့ ရုတ်တရက် ခံစားလိုက်ရသည်မှာ ယန်ကျင်းဇီ သရုပ်ဆောင် ဖြစ်နေတာ အရည်အချင်းတွေ ဖြုန်းတီးနေတာပဲ!


ဒါပေမယ့် သူ့ကို တခြားအလုပ်တစ်ခု ပြောင်းလုပ်ခိုင်းလျှင် သူ့မျက်နှာကို တန်ဖိုးမထားတတ်သလိုပင်...


ယန်ကျင်းဇီသည် ကျီချန်းရှိူ့၏အတွေးများကို မသိ။ တည်းဖြတ်နည်းကို သင်ယူပြီးနောက် ယန်ကျင်းဇီသည် သူကိုယ်တိုင်နှင့် ကျီချန်းရှိူ့တို့၏ ဗီဒီယိုများကို တည်းဖြတ်ရန် အချိန်ကို စတင်ရှာ‌ဖွေခဲ့သည်။


ကျီချန်းရှိူ့ ရိုက်ကူးခဲ့သည့် ရုပ်ရှင်နှင့် တီဗီစီးရီးများစွာ ရှိနေဆဲဖြစ်သည်။ ၎င်းတို့ထဲမှ အချို့ဆိုလျှင် လွန်ခဲ့သောနှစ်များစွာက လူကြိုက်များခဲ့သော်လည်း သူသည် ဇာတ်ပို့နေရာများတွင်သာ သရုပ်ဆောင်ခဲ့လေသည်... ယန်ကျင်းဇီသည် ထိုဒရမ်မာများကို ထုတ်လာကာ သူ သရုပ်ဆောင်ခဲ့သည့် ရုပ်ရှင်များနှင့် တီဗီရှိုးများကို ရှာပြီး CP အတွဲဗီဒီယိုများကို စတင်တည်းဖြတ်တော့သည်။


တိုက်ရိုက်ထုတ်လွှင့်မှုပြီးကတည်းက အင်တာနက်ပေါ်တွင် သူနှင့်ကျီချန်းရှိူ့တို့၏ CP ပရိသတ်များ ရှိနေခဲ့သော်လည်း အရေအတွက်က မများပေ... ယခု သူသည် သူကိုယ်တိုင်နှင့် ကျီချန်းရှိူ့တို့၏ CP အလံကို ကိုင်ဆောင်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။


တစ်ဖက်တွင်မူ ယန်ကျင်းဇီသည် "ကျင်းရှိူ့လျန်ယွမ်" ဟူသော အကောင့်တစ်ခုကို ဖွင့်ခဲ့ပြီး ထိုနေ့တွင်ပင် အင်တာနက်ပေါ်၌ သူနှင့်ကျီချန်းရှိူ့တို့၏ ဝမ်းနည်းစရာကောင်းလှသော လှပသည့် ချစ်ခြင်း‌မေတ္တာကို တင်လိုက်သည်။


ဤအချိန်တွင် သူနှင့်ကျီချန်းရှိူ့တို့ ဧည့်သည်များအဖြစ် ပါဝင်ထားသော "Dream Back to the Ancient Times" ၏ တတိယမြောက်ထုတ်လွှင့်မှုကို တီဗီနှင့်အင်တာနက်ပေါ်တွင် တပြိုင်နက် ထုတ်လွှင့်ပြသခဲ့သည်။


တိုက်ရိုက်ထုတ်လွှင့်မှုအဆုံးတွင် ရေတပ်သည် အလုပ်ကို အဆုံးသတ်လိုက်ပြီဖြစ်ကာ သူ့ကို ဆက်လက်ပြီး အပုပ်မချတော့ပေ။ မကြာသေးမီက သူသည် တည်ငြိမ်လွန်းနေလေရာ သူ့ကို မကောင်းပြောသူ အနည်းငယ်‌တော့ ကျန်သေးသည်။


သို့သော် "Dream Back to the Ancient Times" ရှိုးမှာ လူသိများနေပြီးသားပင်။

____


*ကျင်းရှိူ့လျန်ယွမ် - ကျင်း (ဇီ)

(ချန်း) ရှိူ့

(ပျော်ရွှင်သော/သာယာနာပျော်ဖွယ်ကောင်းသော) လျန်

(လိုက်ဖက်ညီခြင်း/သဟဇာတဖြစ်ခြင်း) ယွမ်