အပိုင်း ၈၀
Viewers 14k

အန်တီကျန်း သည် နွေဦးပွဲတော်အားလပ်ရက်အပြီးတွင် သူမ၏အလုပ်ကို ပြန်စလုပ်ရန် စစ်အိမ်တော်သို့ တစ်ဖန်ပြန်လာခဲ့သည်။
ဝမ်မင်ယီ နှင့်ဝမ်ဝေ့ အိမ်ပြန်ရောက်သောအခါ သူမက မီးဖိုချောင်တွင် ချက်ပြုတ်နေလေသည်။ ဝမ်ဝေ့
သူမဘာသာ ချက်ပြုတ်ရန် ပျင်းရိနေမိသဖြင့် စစ်အိမ်တော်မှာ ညစာစားဖို့ ဆုံးဖြတ်လိုက်၏။ဝမ်မင်ယီကတော့ စစ်ကျွင်းတောက်ကိုရှာဖို့ အပေါ်ထပ်ကို တန်းတန်းမတ်တတ်တက်သွားလေသည်။
စစ်ကျွင်းတောက်သည် စာကြည့်ခန်းထဲတွင် လုပ်ငန်းသဘောတူစာချုပ်ကိုဖတ်နေခြင်းဖြစ်ပြီး တစ်ဝက်လောက်အရောက်တွင် ဝမ်မင်ယီ တံခါးဖွင့်ပြီး ဝင်လာသည်ကို တွေ့လိုက်ရသည်။
"ကျွန်တော်ပြန်လာပြီ"
စစ်ကျွင်းတောက်က မျက်လုံးတွေကိုပင့်လိုက်ပြီး သူ့ကိုတစ်ချက်ကြည့်လာ၏။
ဝမ်မင်ယီ ခေါင်းညိတ်ပြလိုက်ပြီး သူဆီလျှောက်သွားကာ မေးလိုက်သည်။
"ကောမားကို ကျွန်တော်မဂ္ဂဇင်းသွားရိုက်တဲ့အကြောင်းပြောလိုက်တာလား"
"သူက မင်းနဲ့ ချန်လုကို ဓာတ်ပုံရိုက်ပြီး ချန်လု ကဘယ်သူလဲလို့လာမေးတာ... ငါသူ့ကို မဖြေလိုက်ပါဘူး... သူ့ဘာသာသူ စုံစမ်းကြည့်တာပဲနေမယ်...သူသိသွားတာနဲ့ ဒီနေ့ မင်းဘာတွေလုပ်နေလဲလို့ငါ့ကိုလာမေးရော... ငါလည်းအမှန်တိုင်းပြောလိုက်တယ်"
"ဒီလိုကိုး "
ဝမ်မင်ယီ သူ့ဘေးနားက ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်ပြီး
"ကော မသိဘူးနော် ...ဝိုး....သူက ဒီနေ့ ပွဲ အကြီးကြီးလုပ်ခဲ့တာ...ကျွန်တော် တို့သွားတုန်းက အယ်ဒီတာချုပ်က တစ်ခုခုဖြစ်နေလို့ အဲ့မှာရှိမနေဘူး...သူရောက်လာတာနဲ့ အယ်ဒီတာချုပ်က တန်းရောက်လာပြီး အကုန်လုံးကိုလိုက်လုပ်ပေးတော့တာပဲ...အစက ကျွန်တော်ရိုက်ရမှာက အတွင်းစာမျက်နှာအတွက်တင်... သူဓာတ်ပုံရိုက်ပေးပြီးတာနဲ့ တိုက်ရိုက်ကိုကာဗာထိအဆင့်မြင့်ပလိုက်တာ"
"အဲဒါ မကောင်းဘူးလား..."
"ကောင်းတော့ကောင်းတာပေါ့ ...နည်းနည်းတော့ရှက်စရာကောင်းတယ် ...စွမ်းအားကြီးသလိုဟန်ဆောင်နေတယ်လို့ခံစားရတယ်"
စစ်ကျွင်းတောက်က ပြုံးကာပြောလိုက်သည်။
"ကိစ္စမရှိပါဘူး...ဒါက မင်းအမေပဲလေ... သူ့ရဲ့ဩဇာကို ယူသုံးတာ ပုံမှန်ပါပဲ"
"ကျွန်တော်က အကျင့်ပါမသွားချင်ရုံပါ" ဝမ်မင်ယီက တိုးတိုးလေးပြောလာသည်။
စစ်ကျွင်းတောက် သူ့ခေါင်းလေးကို လှမ်းထိ လိုက်ပြီး
"အဆင်ပြေ ပါတယ်...နောင်မှာ ဒီလိုမျိုးတွေများလာတဲ့အခါ ဒါကိုကျင့်သားရသွားမှာပါ"
ဝမ်မင်ယီက မယုံခဲ့ချေ။
" ပိုပြီးများလာနိုင်တယ်... တစ်နှစ်မှာ ၃၆၅ ရက် ရှိတာ...အိမ်မှာ သူဘယ်နှစ်ရက် နေနိုင်လို့လဲ"
စစ်ကျွင်းတောက် : ...
စစ်ကျွင်းတောက် သူဒါကို ပြန်မချေပနိုင်တော့
ဟု ခံစားလိုက်ရသည်။
နှစ်ယောက်သား စကားနည်းနည်းမှ မပြောဖြစ်ကြတော့ပေ ။
ဝမ်မင်ယီသည် ဓါတ်ပုံအကြာကြီးရိုက်ခဲ့ရသည် ။ ယခုအချိန်တွင် အတော်လေး ဗိုက်ဆာနေပြီဖြစ်၍ စစ်ကျွင်းတောက်အား အောက်ထပ်ကို ထမင်းစားရန်အတွက် အမြန်ဆွဲခေါ်သွားလိုက်၏။
စစ်မိသားစု၏ မိဘများသည် ယနေ့တွင် အိမ်၌မရှိကြပေ။ ဝမ်မင်ယီက သူစစ်ကျွင်းတောက်ကိုအဖော်ပြုရန် စစ်အိမ်တော်တွင် နေမည်ဟုပြောလိုက်သည်။
ဝမ်ဝေ့ ခဏလောက်စဉ်းစားပြီး "ဒါဆို မားလည်း ကျွင်းကျွင်းကိုအဖော်ပြုပေးမယ် "
"ကျွန်တော်နဲ့တင် လုံလောက်ပါပြီ... မားကို မလိုအပ်ဘူး"
ဝမ်မင်ယီက မညှာမတာ ပြောချလိုက်၏။
ဝမ်ဝေ့ သူ့နဖူးကို လှမ်းထုလိုက်သည်။
"မရဘူးလား "
ထိုသို့ အတိမ်းအစောင်းမခံသည့် အခိုက်အတန့်တွင် စစ်ကျွင်းတောက်က ထပြောလာသည်။ "ကိစ္စမရှိပါဘူး...မွေးစားအမေ နေချင်ရင် အိမ်မှာပဲနေပါ "
"ကြားလား ...ကျွင်းကျွင်း က ငါ့ကို သူနဲ့အတူအဖော်ပြုပေးစေချင်နေတယ်"
ဝမ်မင်ယီ ခေါင်းလှည့်ပြီး စစ်ကျွင်းတောက်ကို စိုက်ကြည့်လိုက်၏။
စစ်ကျွင်းတောက် : ...
စစ်ကျွင်းတောက် သူ့ကို ပြုံးပြ ပြီး ချော့ရုံသာရှိတော့သည်။
"လိမ္မာလေကွာ "
ထမင်းစားပြီးချိန်တွင် ဝမ်မင်ယီ ခဏလောက် အနားယူနေပြီးမှ ရေချိုးလိုက်သည်။ထို့နောက် ညဝတ်အကျီလဲကာ စစ်ကျွင်းတောက် ၏ အခန်းဆီသို့ သွားလိုက်၏။
စစ်ကျွင်းတောက်ကား အလုပ်ရှုပ်နေဆဲဖြစ်သည်။ ဝမ်မင်ယီ သူ့ကိုမနှောက်ယှက်ဘဲ သူ့ဖုန်းကို ကိုင်လျက် လုယွမ်ဖေး နှင့် လီယွမ်ချင်း တို့ဖြင့် စကားပြောနေ၏။
စစ်ကျွင်းတောက် ပြီးသွားချိန်၌ ဝမ်မင်ယီနှင့် စကားပြောမည်ကြံလိုက်စဉ်တွင် ကွန်ပြူတာမျက်နှာပြင်ထက် ရှိ 21:03ကိုတွေ့လိုက်ရသည်။ စစ်ကျွင်းတောက် ခေါင်းကို အမြန်မော့ပြီး ကုတင်ဘေးရှိသိပ်မဝေးသောနေရာကို ကြည့်လိုက်သည်။ သူ လိမ္မော်ရောင်ကြောင် သို့မဟုတ် ဟက်စကီးတစ်ကောင်အား မြင်လိုက်ရမည်ထင်သော်လည်း မဟုတ်ခဲ့ပေ။ ၎င်းသည် သူနှင့်ရင်းနှီးကျွမ်းဝင်သော လူသားပုံစံဝမ်မင်ယီ ဖြစ်နေဆဲပင်။
စစ်ကျွင်းတောက် အနည်းငယ် အံ့သြသွားခဲ့သည်။ ဖုန်းကို ကောက်ကိုင်ကြည့်လိုက်၏။အမှန်ပင် 21:03ဖြစ်လေသည်။ ဖုန်းကို စက္ကန့်ပိုင်းလောက် ကြည့်ရင်းပင် မျက်နှာပြင်ပေါ်ရှိ အချိန်သည် 21:04 သို့ ပြောင်းသွားခဲ့သည်။
စစ်ကျွင်းတောက် စိတ်ရှုပ်ထွေးစွာဖြင့် သူ့ဆီလျှောက်သွားလိုက်ရာတွင် ဝမ်မင်ယီက သူ့ကို မော့ကြည့်လာ၏။
"ပြီးပြီလား"
စစ်ကျွင်းတောက် ခေါင်းညိတ်ပြ လိုက်သည်။
"ဒီနေ့တော်တော်မြန်သားပဲ"
စစ်ကျွင်းတောက် သူ၏ခေါင်းကိုယမ်းပြလိုက်၏။
ဝမ်မင်ယီ: "ဟင်?"
"ကြည့်ဦး ...ဘယ်အချိန်ရှိပြီလဲလို့"
ဝမ်မင်ယီ ထိုစကားကိုကြားရသောအခါ ဖုန်းကိုငုံ့ကြည့်လိုက်ပြီး နောက်တစ်စက္ကန့်တွင် တစ်ကိုယ်လုံး အေးခဲသွားခဲ့လေသည်။
"၉နာရီကျော်နေပြီ!!!"
"မှန်ပါ့"
"ဒါဆို ကျွန်တော် ဘာလို့မပြောင်းသွားတာလဲ!"
ဝမ်မင်ယီ ပဟေဋ္ဌိ ဖြစ်လျက်ရှိနေ သည်။
"ကျွန်တော်က ဘာလို့ကျွန်တော်ပဲဖြစ်နေသေးတာလဲ"
စစ်ကျွင်းတောက်လည်း နားမလည်ချေ။ သူ ဝမ်မင်ယီ၏ ခေါင်းကို ကြည့်လိုက်၏။
"နားရွက်တွေ လည်းမရှိဘူး"
ဝမ်မင်ယီ ခဏမျှစဉ်းစားနေပြီး
"မှော်စွမ်းအားက ပြယ်သွားတာများလား"
စစ်ကျွင်းတောက် ထိုသည်ကမရိုးရှင်းဟုတွေးမိလိုက်၏။
"အရင်က မင်း မနက် 8 နာရီကနေ 9 နာရီအထိ သားရဲနားရွက်နဲ့လူသားပုံစံဖြစ်လာတုန်းက မင်းပိုကောင်းလာတာကြောင့်လို့ ငါတို့ခန်းမှန်းခဲ့တာလေ.... ဆိုတော့ အခြေအနေကနည်းနည်းတိုးတက်လာတယ်ပေါ့...မင်းဒီအချိန်အတော မှာ ကြောင်တစ်ကောင် အပြည့်အဝကြီးဖြစ်သွားဖို့ မလိုဘူးလေ... အခု ကိုးနာရီနောက်ပိုင်းမှာ မင်းက လူပုံစံရှိနေ တုန်းပဲ...ဖြစ်နိုင်တာက
မင်းက ပိုကောင်းလာတဲ့အတွက် ဒီအချိန်အတွင်းမှာ ကြောင်ဖြစ်ဖို့ မလိုတာနေမယ်..."
"ဒါဆို ဘယ်အချိန်ကျ ကျွန်တော်က ကြောင်တစ်ကောင်ဖြစ်လာမှာလဲ..."
ဝမ်မင်ယီက သိလိုစိတ်ပြင်းပြနေ၏။
"၁၀ နာရီ၁၁ နာရီလား... ဒါမှမဟုတ် ၁၂ နာရီလား"
"အဲဒါတော့ မသိဘူး...စောင့်ကြည့်ကြတာပေါ့"
နှစ်ယောက်သား စိတ်ရှည်ရှည်ဖြင့် စောင့်နေကြသည်။
သို့သော်လည်း ၁၀ နာရီ ကျော်လွန်ပြီး ၁၁ နာရီရောက်ချိန်အထိ ဝမ်မင်ယီက ပြောင်းလဲသွားခြင်းမရှိပေ။
11:30တွင်မူ ဝမ်မင်ယီ နောက်ဆုံး၌ ဆက်မထိန်းထားနိုင်တော့။
"ဟင့်အင်း.... အိပ်တော့မယ်....အရမ်းအိပ်ချင်နေပြီ"
သူကြောင်လေးတစ်ကောင်ဖြစ်လာကတည်းက ပုံမှန်လိုလို ည ၁၀ နာရီဝန်းကျင်တွင် အိပ်ရာဝင်ဖြစ်ခဲ့သည်။ ဇီဝနာရီက ဒီအချိန်ကို ကျင့်သားရနေခဲ့သည်မှာ ကြာလှပြီဖြစ်ကာ ယခု သူသည်အလွန်ပင်အိပ်ချင်နေပုံရ၏။
"ဒါဆို အိပ်တော့လေ"
စစ်ကျွင်းတောက် သူ့ကို နွေးထွေးစွာ ကြည့်နေရင်း မျက်လုံးများလည်းလေးလာသည်။
ဝမ်မင်ယီက ခေါင်းညိတ်ပြပြီး စောင်ကိုဖွင့်ကာဝင်လဲလိုက်သည်။
"နှစ်နာရီကျော်နေပြီကို မပြောင်းသွားသေးဘူး...မှော်အစွမ်းကပြယ်သွားလောက်ပြီလို့ ကျွန်တော်တော့ထင်တာပဲ... ကျွန်တော် ကြောင်ပေါက်ရော ခွေးပေါက်ရော ထပ်ဖြစ်စရာ မလိုတော့ဘူး"
စစ်ကျွင်းတောက် ခဏလောက်စဉ်းစားပြီး
"ဒါလည်း ဖြစ်နိုင်တယ်... အရင်ကသားရဲ နားရွက်နဲ့လူသားဖြစ်လာတုန်းက တစ်နာရီပဲကြာတယ်...ဒီတစ်ကြိမ်ကျ နှစ်နာရီခွဲကြာတယ်"
"ဟုတ်တယ်...ဟုတ်တယ်....ကျွန်တော် ပြောပါတယ်... မှော်အစွမ်းကပျက်စီးသွားပြီလို့!"
"ထပ်ကြည့်ကြတာပေါ့ "
စစ်ကျွင်းတောက်က အနည်းငယ် စိုးရိမ်နေသေး၏။
"ဒါဆို မနက်ဖြန်အထိစောင့်ရအောင်...
အခုတော့အိပ်ရာပေါ်သွားကြမယ်...ကျွန်တော်တကယ် အိပ်ချင်နေပြီ"
"ကောင်းပြီ"
စစ်ကျွင်းတောက် ခေါင်းညိတ်လိုက်သည်။ သူ စောင်ကို မလိုက်မည်ကြံသော်လည်း ရုတ်တရတ် သူအကောင်ပုံစံဝမ်မင်ယီဖြင့်သာ အတူအိပ်နေကျဖြစ် ကြောင်း သတိထားမိလိုက်သည်။ အခု ဝမ်မင်ယီက လူသားတစ်ယောက်ဖြစ်လာနေပြီကို သူတို့ကအတူအိပ်ချင်နေကြတာလား။
ဝမ်မင်ယီက သူ့ကို ကြည့်လိုက်ရင်း ပဟေဠိဖြစ်စွာဖြင့်
"ဘာလို့ ဝင်မလာသေးတာလဲ"
စစ်ကျွင်းတောက် သူ့ကို ပုံမှန် မျက်နှာထားဖြင့် ကြည့်လိုက်၏။သူက ဒါကို သတိမထားမိသေး မှန်း သိသာနေသည်။ အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးသည့်တိုင် သူ့အသိစိတ်၏ အတားအဆီးမှမလွတ်မြောက်နိုင်သေးဘဲ မေးလိုက်သည်။
“မင်းကအခု လူပြန်ဖြစ်နေပြီ... မင်း ငါနဲ့ အိပ်ချင်သေးလား”
ဝမ်မင်ယီ : ...
ဟုတ်သားပဲ ! ဒီပြဿနာကို သူဘာလို့ မစဉ်းစားခဲ့မိတာလဲ။ အရင်က သူတို့အတူတူအိပ်တယ်ဆိုတာက အဲ့အချိန်တုန်းကသူကြောင်ပေါက်စလေး နဲ့ခွေးပေါက်စလေးမို့လို့ စစ်ကျွင်းတောက်ကသူတစ်ခုခုဖြစ်မှာစိုးလို့လေ... အခု သူကလူပြန်ဖြစ်နေပြီ! ငါတို့က အတူတူအိပ်လို့ရသေးလား?
အဲ့ဒါအပြင် သူက စစ်ကျွင်းတောက်ကိုလိုက်ပိုးမှာ မဟုတ်ဘူးလား? ဒါဆို ငါ အခုသူ့ရဲ့ အိပ်ရာပေါ်ကိုသွားတာက သင့်တော်ပါ့မလား?
ဝမ်မင်ယီ တုံ့ဆိုင်းသွားပြီး ပြန်ထထိုင်လိုက်ကာ "ဟုတ်....ဒါမှမဟုတ် ကျွန်တော်ပြန်လိုက်ရမလား"
စစ်ကျွင်းတောက် : ...
စစ်ကျွင်းတောက် သူတာဝန်မမဲ့လွန်းသင့်ဟု ခံစားလိုက်ရ၏။
"မင်းပြန်ချင်ရင်ပေါ့"
ဝမ်မင်ယီက တကယ်တော့မပြန်ချင်ပါချေ။
သူပြန်သွားပြီးဘာလုပ်ရမှာလဲ?သူ့ကိုယ်ပိုင် အိပ်ရာမှာ မအိပ်တာဘယ်လောက်တောင်ကြာနေပြီလဲ?သူအိပ်နိုင်ဦးပါ့မလား?
"မဟုတ်လည်း ဒီညတော့ ထားလိုက်ပါ "
ဝမ်မင်ယီ စောင်ထဲကိုပြန်ဝင်လိုက်ပြီး
"ကျွန်တော် အိပ်ပျော်နေပြီ...မနှောက်ယှက်နဲ့တော့"
သူပြန်အိပ်နေသည်ကိုမြင်ရာတွင် စစ်ကျွင်းတောက်၏ ခံစားချက်တွေ ပြန်ကောင်းလာ၏။ သူ သူ့ရဲ့အသိစိတ်ကို ခေါက်ထားလိုက်ပြီး ဘေးဖယ်ထားကာ ဝန်လေးနေခြင်းမရှိဘဲပြောလိုက်သည်။
"အိုခေ"
ထိုစကားပြောပြီးနောက် မီးကိုပိတ်ပြီး စောင်ထဲတွင် ဝင်လှဲနေလိုက်သည်။
ဝမ်မင်ယီသည် အိပ်ရာပေါ်တွင် အပြားလိုက်လေးလဲနေရင်း သူကအခု လူပုံစံဖြစ်နေပြီး စစ်ကျွင်းတောက်က သူ့ဘေးတွင် အိပ်နေသည်ကို တွေးလိုက်ကာ သူ့ပန်းတိုင်သို့ ခြေတစ်လှမ်းပိုနီးနေပြီဟု ခံစားလိုက်ရသည်။
သူက အနည်းငယ်ရင်ဖိုစွာဖြင့် သတိထားပြီး
ဘယ်လက်ကို ဆန့်ကာ စစ်ကျွင်းတောက် ၏လက်ကို ဖြည်းဖြည်းချင်း ထိလိုက်ပြီးနောက် လှုပ်ကြည့်သည်။
စစ်ကျွင်းတောက်သည် သူ့တွင် ထိုကဲ့သို့ အမူအရာသေးသေးလေး ရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူက အမှန်ပင် ဖြူစင်ပြီး ချစ်စရာကောင်းသည်ဟုသာ တွေးမိလေတော့သည်။ သူ့မှာ တိတ်တိတ်လေး ခိုးမရယ်ဘဲမနေနိုင်ခဲ့။
စစ်ကျွင်းတောက်က ငြင်းပယ်လာခြင်း မရှိကြောင်းတွေ့သည်နှင့် ဝမ်မင်ယီ အတော်လေး ဝမ်းသာသွားပြီး သူ့ခန္ဓာကိုယ်ကို တိတ်တဆိတ်လှည့်ပြီး စစ်ကျွင်းတောက်ကို မျက်နှာမူလိုက်၏။
စစ်ကျွင်းတောက် သည် သူ၏အကြည့်ကို ခံစားမိပြီး သူ့ဘက်လှည့်ကာ သူ့အား နူးညံ့စွာ ကြည့်နေလိုက်သည်။
အမှောင်ထဲတွင် တစ်ယောက်နှင့်တစ်ယောက် ရှင်းရှင်းလင်းလင်းမမြင်ရသော်လည်း နှစ်ယောက်လုံး ရင်တွေဖိုကာ နှလုံးခုန်နှုန်းများမြန်နေကြ၏။
ဝမ်မင်ယီက သူ့လက်ကို ဆုပ်ကိုင်ပြီး လက်ချောင်းများကို ဖြည်းဖြည်းချင်း ယှက်သွယ်လိုက်ကာ လက်ဖဝါးနှစ်ခုကို အသာအယာပူးကပ်လိုက်သည်။
စစ်ကျွင်းတောက်သည် သူ့လက်အားပြန်လည်ဆုပ်ကိုင်ပေးလာပြီး ဘာတစ်ခုမှ ပြောမလာခဲ့။
သူ၏တုံ့ပြန်မှုကို ခံစားရလိုက်သည်တွင် ဝမ်မင်ယီက သူ့ကို မော့ကြည့်ပြီး "ကော"ဟု တိုးတိုးလေးခေါ်လိုက်၏။
စစ်ကျွင်းတောက်က ပြန်ထူးလိုက်သည်။
ဝမ်မင်ယီက သူ့အနားကိုတိုးကပ်လာပြီး ခေါင်းကို မော့ကာ သူ၏မေးစေ့ကို နမ်းလိုက်လေ သည်။
စစ်ကျွင်းတောက်၏ နှလုံးသားသည် တဆတ်ဆတ်တုန်ခါလာပြီး တစ်ကိုယ်လုံးပင် တုန်ရီလုနီးပါး ဖြစ်သွား၏။
ဝမ်မင်ယီက သူ့အနားကိုတိုးကပ်လာပြီး ညင်သာနှုးညံ့သည့် အသံတိုးဖျော့ဖျော့လေးဖြင့် ဆိုလာသည်။
"ကော ကျွန်တော့်ကို ခုထိGood nightလို့မပြောရ သေးဘူး"
စစ်ကျွင်းတောက် သူ့စကားကြောင့် လောင်ကျွမ်းလုနီးပါး ဖြစ်နေသည်။
ဝမ်မင်ယီ ကိုင်မထားသော အခြားလက်တစ်ဖက်ကို မသိစိတ်ဖြင့် မြှောက်လိုက်ပြီး သူ၏ပါးပြင်လေး ကို ထိလိုက်ကာ သူ့လက်ချောင်းများကြားရှိ နူးညံ့မှုလေးကို ခံစားရင်း "Good night " ဟု ပြောလိုက်၏။
"ကောကျွန်တော်ကို မနမ်းဘူးလား...Good night kissမပေးတော့ဘူးလား"
ဝမ်မင်ယီကသူ့ကို အသံတိုးဖျော့ဖျော့လေးဖြင့် မေးလာပြန်သည်။
လက်တစ်ဖက်က စစ်ကျွင်းတောက်ပွတ်သပ်နေသည့် သူ့ပါးပြင်ကို လက်ညိုးထိုးပြနေ၏။
သူ ဝမ်မင်ယီ ကိုကြည့်ပြီး နှလုံးခုန်နှုန်းများမြန်လာသည်။ သူ့လက်ချောင်းတွေက ကောင်ငယ်လေး၏မျက်နှာထက်ရှိ နွေးထွေးမှုကို ခံစားနေရဆဲပင်။ မထိန်းချူပ်နိုင်စွာဖြင့် ကောင်ငယ်လေး၏ မေးစေ့ကို ဆွဲယူလိုက်ကာ အနားကိုတိုးကပ်လိုက်ရင်း ဖြေးဖြေးချင်း အုပ်မိုးလိုက်၏။
သို့သော်လည်း သူဝမ်မင်ယီကို နမ်းတော့မည့်အချိန်တွင် သူ့လက်ထဲရှိမေးစေ့က ပြောင်းလဲသွားကာ အမွေးများဖွာလာသည်ကိုခံစားလိုက်ရပြီး သူ သူ့ပါးစပ်ပေါ်ရှိ အမွှေး များကို နမ်းမိသွားလေသည်။
စစ်ကျွင်းတောက် မီးကို ချက်ချင်းထဖွင့်လိုက်ပြီး ခုနက ဝမ်မင်ယီ အိပ်သည့်နေရာ၌ မီးခိုးဖြူရောင်ဟက်စကီးတစ်ကောင် လဲလျောင်းနေသည်ကို တွေ့လိုက်ရ၏။
စစ်ကျွင်းတောက် : ...
ဝမ်မင်ယီ : ...
ဝမ်မင်ယီ ရူးသွားလုမတတ်ပင်! မနက်တုန်းကလည်းမပြောင်းဘူး၊ ညနေတုန်းကလည်းမပြောင်း ဘူး ဘာလို့ ဒီချိန်ကျမှပြောင်းသွားတာလဲ ! ! သူ့ရဲ့Good night kissလေး!! ထို့ကြောင့် သူအခင်းဖြစ်နေရာသို့ ပြေးသွားကာ Good night kissနှစ်ဆပေးမည်ဟု သစ္စာပြုရင်း စစ်ကျွင်းတောက်အား နမ်းခြင်းလျက်ခြင်းများ ပြုလုပ်နေတော့သည်။
စစ်ကျွင်းတောက်သည် ဟက်စကီး ၏ စိတ်အားထက်သန်မှုကို ခံစားခဲ့ရပြီး အချိန်အတော်ကြာအောင် လျှာဖြင့်အလျက်ခံနေရသဖြင့် မရယ်မိပဲမနေနိုင်ခဲ့။
ဝမ်မင်ယီ မကျေမနပ်ဖြင့် "ဝု"ခနဲလုပ်လိုက်ရာတွင် စစ်ကျွင်းတောက်က ပိုလို့ပင် ရယ်နေတော့သည်။
ဝမ်မင်ယီ သူ့အားစိတ်ဆိုးလုနီးနီးဖြစ်နေ၏။
စစ်ကျွင်းတောက် သူ၏ခွေးခေါင်းကို ကိုင်ပြီး ချော့တော်မူလိုက်ရသည်။
"မင်းကို မရယ်ပါဘူး...ဒါပေမဲ့ အခုက နည်းနည်းရယ်စရာဖြစ်နေတယ်လို့ထင်လို့"
ဒါ ငါ့ကို ရယ်နေတာပဲ မဟုတ်ဘူးလား! ! ! မဟုတ်ရင် ဘာကရယ်စရာကောင်းမှာလဲ!
စစ်ကျွင်းတောက် ခေါင်းမွှေးဖွာဖွာလေးများကို ခဏလောက် ပွတ်သပ်နေပြီးမှ
ဖုန်းကို ကောက်ကိုင်လိုက်ပြီး ကြည့်ရာတွင် 12:02ဖြစ်၏။ "12 နာရီမှာ ပြောင်းသွားတာထင်တယ်...ဒါက တကယ်စင်ဒရဲလား ဖြစ်သွားတာပဲ"
စင်ဒရဲလား ဟက်စကီး: "ဟူး!"
စစ်ကျွင်းတောက် သူ့ကို ပွေ့ဖက်ပြီး ချော့နေရတော့သည်။ အချိန်အတော်ကြာအောင် သူ၏ ခွေးဘိုးဘေးလေးကို စိတ်ပျော်အောင် ချော့ပေးပြီးနောက် နှစ်ယောက်သား ပြန်အိပ်လိုက်ကြသည်။
အိပ်မပျော်ခင်တွင် စစ်ကျွင်းတောက်သည် ဒီအစီအစဉ်အတိုင်းသာ ဆက်ဖြစ်သွားမည်ဆိုပါက တစ်နေ့မှာ ဝမ်မင်ယီဟာ သူမူလကမျှော်လင့်ထားသည်ထက် အများကြီးပိုကောင်းသည့် သူ့ရဲ့လူသားပုံစံကို အပြည့်အဝပြန်ရလောက်မည် စဉ်းစားမိခဲ့သည်။
နှစ်သစ်မှာ ကောင်းမွန်သည့် လက္ခဏာ အသစ်တွေလည်း ရှိနေပါ၏။
စစ်ကျွင်းတောက် နောက်တစ်နေ့တွင် စောစောနိုးလာသည်။ ဝမ်မင်ယီအနေဖြင့် မနေ့ညက အပြောင်းအလဲအသစ်များကိုသာ ခံစားခဲ့ရသည်။ စစ်ကျွင်းတောက် သူ၏ မနက်ခင်းအသွင်ပြောင်းချိန်ကိုလည်း သက်ရောက်သွား မည်ကို စိုးရိမ်သဖြင့် ခြောက်နာရီထက်စော၍ အိပ်ရာက နိုးလာသည်။
ဖြစ်လာသည့်အခြေအနေများက
သူ၏ခန့်မှန်းမှု မှန်ကန်ကြောင်း သက်သေပြလာခဲ့သည်။ ခြောက်နာရီဝန်းကျင်လောက်မှာ ဝမ်မင်ယီ ဟာ ဟက်စကီးပုံစံနှင့်ဖြစ်သော်လည်း ခုနစ်နာရီထိုးသည့်အခါတွင် ခေါင်းပေါ်မှာ ခွေးနားရွက်လှလှလေးတွေနဲ့ ကောင်လေးတစ်ယောက်ဖြစ်လာတော့သည်။
စစ်ကျွင်းတောက် အံ့သြသွားသည်။ သူက သူ့လက်ကို ဆန့်ပြီး ဝမ်မင်ယီ၏ ခွေးနားရွက်ကိုပွတ်သပ်ဖိညစ်လိုက်သည်။ ဝမ်မင်ယီသည် အလွန်ပင် အိပ်မောကျနေပြီး လုံးလုံးလျားလျား သတိလက်လွတ်ဖြစ်နေ၏။
စစ်ကျွင်းတောက် အိပ်ရာမှထ၍မျက်နှာသစ်ပြီး စာအုပ်တစ်အုပ်ကို စဖတ်နေလိုက် သည်။
8 နာရီလောက်မှာ ဝမ်မင်ယီ လူသားပုံစံဖြစ်လာလိမ့်မည်ဟု သူထင်ခဲ့သော်လည်း ဖြစ်မလာခဲ့ချေ။ ခေါင်းပေါ်ရှိ ခွေးနားရွက်များသည် ခေါင်းမာမာဖြင့်ဆက်ရှိနေဆဲဖြစ်နေသည်။
စစ်ကျွင်းတောက် သူ့စာအုပ်ကိုချပြီး ဝမ်မင်ယီ ကိုနှိုးဖို့ လျှောက်သွားလိုက်၏။
ဝမ်မင်ယီ မနေ့ညက နောက်ကျမှအိပ်ရာဝင်ခဲ့ခြင်းဖြစ်သည် ။ ထို့ကြောင့် အိပ်ရေးမဝသေးသည့်အတွက် သူ့အား အိပ်ချင်မူးတူးဟန်ဖြင့် ကလေးတစ်ယောက်လိုမျိူး ချွဲနွဲ့နေလေသည်။
"နောက်ထပ်ဆယ်မိနစ်ပဲအိပ်မယ် ...ဆယ်မိနစ်လောက်ပဲနော်လို့"
စစ်ကျွင်းတောက် သူ့ကိုမေးလိုက်သည်။
"မင်း ငါ့ကို အလုပ်လိုက်မပို့ဘူးလား"
"ဆယ်မိနစ်ပြီးရင်ပို့ပေးမယ် "
ဝမ်မင်ယီက ဗလုံးပထွေး ရေရွတ်လိုက်သည်။
စစ်ကျွင်းတောက် သူ့အား ရယ်မိလုနီးပါးဖြစ်သွားပြီး ခေါင်းကိုငုံ့ကာ သူ၏မျက်နှာလေးကို နမ်းလိုက်လေ သည်။
ဝမ်မင်ယီ ပြန်မတုံ့ပြန်လာသည်ကိုမြင်ရာတွင် ခွေးနားရွက်လေး ကို နမ်းလိုက်ပြန်၏။ ဝမ်မင်ယီ ယားသွားသဖြင့် လက်ထုတ်ပြီး လှမ်းကုတ်လာသည်။
စစ်ကျွင်းတောက်လည်း ရယ်မိသွားပြီး
သူ့အား အချိန်အတော်ကြာအောင် ကြင်နာမှုအပြည့်ဖြင့် ငေးကြည့်နေမိတော့သည်။
ဆယ်မိနစ်လောက်စောင့်ပြီးမှ စစ်ကျွင်းတောက် သူ့ကိုထပ်နှိုးလိုက်၏။
ဝမ်မင်ယီက သူ့မျက်လုံးများကို ပွတ်သပ်ရင်းမကျေမနပ်ပြောလာသည်။
"ရှစ်နာရီထိုးပြီးမှ ထတော့မယ်"
စစ်ကျွင်းတောက် သူတကယ်မထချင်သည် ကိုတွေ့လိုက်ရာတွင် စိတ်မကောင်းဖြစ်သွားပြီး ညင်ညင်သာသာ ပြောလိုက်၏။
"ဒါဆို ငါအလုပ်အရင်သွားလိုက်မယ်... ခဏလောက်အိပ်နေလိုက်ဦး"
ဝမ်မင်ယီက ခေါင်းညိတ်ပြလာပြီး စစ်ကျွင်းတောက် သူ့ကို စောင်ခြုံပေးကာ မတ်တပ်ရပ်ပြီး ထွက်လာခဲ့လိုက်သည်။
ရလဒ်အနေဖြင့် သူကယခုလေးတင် ထမင်းစားပြီးပြီဖြစ်၍ အပြင်ထွက်တော့မည်ဖြစ်သည်။ ထိုအချိန်တွင် ညဝတ်အကျီဝတ်ထားဆဲဖြစ်သည့်ဝမ်မင်ယီက လှေကားအလယ်သို့ ခွေးနားရွက်များဖြင့်ပင် ပြေးထွက်လာသည်ကို မြင်လိုက်ရပြီး သူ့အား ဒေါသတကြီး အော်ဟစ်လာသည်။
"လိုက်မပို့ဘူးလို့ ဘယ်သူကပြောလို့လဲ...ကောဘာပြောပြောကျွန်တော်ကကောကိုလိုက်ပို့မှာ"
"ကောဘာသာကော မသွားရဘူး!"
စစ်ကျွင်းတောက် : ...
စစ်ကျွင်းတောက် တံခါးကိုဖွင့်ပြီး အပြင်ကိုတစ်ချက်ကြည့်ချင်မိသွားသည်။
အခု အပြင်မှာ နှင်းတွေလည်း ကျမနေပါဘူး၊ သူကတကယ်ကိုမတရားခံနေရတာပဲ!