"ဘာဖြစ်တာလဲ...မင်မင်နိုးလာတာလား"
အန်တီကျန်း မီးချောင်ထဲက ထွက်လာမလို့ လုပ်ရင်းပြောလိုက်သည်။
ဝမ်မင်ယီ အလန့်တကြားဖြစ်သွားသည်။ အန်တီကျန်းရှိနေသည်ကို လုံးလုံးမေ့သွားခဲ့ခြင်းဖြစ်လေသည်။ သူ၏ခွေးနားရွက်များကို လက်နှစ်ဖက်နဲ့ အုပ်ပြီး တုန်တုန်ယင်ယင်ဖြင့် နောက်ပြန်ဆုတ်သွား၏။
စစ်ကျွင်းတောက် သူ၏ လုပ်ရပ်ကြောင့် အူတက်အောင်ရယ်မိနေပြီး အသံမထွက်နိုင်အောင်ဖြစ်သွား၏။ လှေကားပေါ်မှ ဝမ်မင်ယီ ပျောက်ကွယ်သွားသည်ကို ကြည့်နေပြီးမှ မီးဖိုခန်းထဲသို့ လှမ်းဝင်ကာ အန်တီကျန်းအား ပြန်သွားစေရန်ဖြောင့်ဖြလိုက်သည်။
"အန်တီကျန်း... မင်မင်အတွက် မနက်စာပူပူနွေးနွေးဖြစ်အောင်လုပ်ထားပေးပါဦး...ကျွန်တော်သူ့ကို့အဝတ်အစားလဲထားခိုင်းလိုက်မယ်"
"ကောင်းပါပြီ "
အန်တီကျန်းက ပြန်ဖြေ၏။
စစ်ကျွင်းတောက် မီးဖိုချောင်တံခါးကို ပိတ်ပြီး အပြင်ထွက်လာခဲ့သည်။
ဝမ်မင်ယီက အိပ်ခန်းထဲမှာ အဝတ်အစားလဲနေလေ၏။ စစ်ကျွင်းတောက် တံခါးဖွင့်၍ ဝင်လိုက်သည်နှင့် အဝတ်အစားချွတ်နေသည့် သူ၏ ကျောပြင်ဖွေးဖွေးကို မြင်လိုက်ရပြီး သူတံခါးကို ချက်ချင်းပိတ်လိုက်လေသည်။
ဝမ်မင်ယီ အသံကြားရသဖြင့် ခေါင်းကို လှည့်လိုက်ပြီး ဆွယ်တာပါးပါးတစ်ထည် ဝတ်နေရင်း “ဘယ်သူလဲ” ဟု မေးလိုက်၏။
"ငါ"
စစ်ကျွင်းတောက်က ပြန်ဖြေလိုက်သည်။
ဝမ်မင်ယီ ဆွယ်တာအင်္ကျီဝတ်ပြီး တံခါးကိုဖွင့်လိုက်သည်။ တံခါးအပြင်ဘက်ရှိ စစ်ကျွင်းတောက်ကိုကြည့်နေရင်း စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်ကာ
"ကောဝင်မှာဆိုဝင်လေ ...ဘာလို့ခိုးကြောင်ခိုးဝှက်လုပ်နေတာလဲ"
ဝမ်မင်ယီ သူ့ကိုအထဲဆွဲခေါ်လိုက်သည်။
စစ်ကျွင်းတောက်က သူ့ကိုရှင်းပြလာ၏။
"မင်းအဝတ်အစားလဲနေမယ်လို့... ငါမထင်ထားမိဘူး"
ဝမ်မင်ယီက ထိုဟာကို အလေးအနက်မထားချေ။
"ကောဒီလိုမျိုးတစ်ခါမှမမြင်ဖူးဘူးလား"
သူထိုသို့ပြောပြီးသည်နှင့် တစ်စုံတစ်ခုကို ချက်ခြင်းသဘောပေါက်သွားပြီး ပြောလိုက်သည်။
"အိုး" "ကော စိတ်ထဲမှာမရိုးသားလို့ မကြည့်ရဲတာမလား"
စိတ်ထဲတွင်မရိုးသားသည့် စစ်ကျွင်းတောက်: ...
သူပြန်မချေပသည်ကိုမြင်ရာတွင် ဝမ်မင်ယီ အံ့အားသင့်သွားပြီး
"ကော ကျွန်တော်နဲ့ တစ်ခုခုလုပ်ဖို့ကြံနေတာလား"
စစ်ကျွင်းတောက် သူ့လက်ကို မြှောက်လိုက်ပြီး ဝမ်မင်ယီ၏ခေါင်းကို ခေါက်လိုက်ကာ
"ငါ့ကိုတစ်ခုခုလုပ်ဖို့ကြံနေတဲ့သူက မင်းလေ"
ဝမ်မင်ယီ က ဝန်မခံချေ။
"ကျွန်တော့်မှာ အဲ့လိုအတွေးမရှိပါဘူးနော်...အဓိပ္ပာယ်မရှိတာတွေပြောမနေနဲ့"
"ဒါဆို အဝတ်အစားဆက်လဲလေ.... ငါအောက်ထပ်ဆင်းပြီး မင်းကိုစောင့်နေမယ်"
"ခဏနေပါဦး"
ဝမ်မင်ယီ သူ့လက်ကို လှမ်းဆွဲလိုက်သည်။ "မနက်က ဘာလို့ မနှိုးတာလဲ"
စစ်ကျွင်းတောက် သူ၏ ဖြောင့်မတ်ပြီး စိတ်ကြီးဝင်နေသည့်ဟန်ကြောင့် သဘောတကျ ပြုံးရယ်မိသွား၏။
"သခင်လေးရေ ... ကျွန်တော် ခင်ဗျားလေး ကို အကြိမ်ပေါင်းများစွာ ခေါ်နှိုးခဲ့တယ်...ဒါပေမဲ့ ခင်ဗျားလေးက မထချင်ဘူးလေ...ကျွန်တော် ခင်ဗျားလေးကို အလုပ်ထိချီသွားရမှာလား"
ဒါဆို သူရဲ့အိပ်တစ်ဝက် နိုးတစ်ဝက်မှတ်ဉာဏ်တွေက အိပ်မက်မဟုတ်ဘဲ တကယ်ကြီးဖြစ်နေတာပေါ့ဟု ဝမ်မင်ယီ တွေးမိလိုက်၏။
သူ စစ်ကျွင်းတောက် ကို လွှတ်ပေး လိုက်ပြီး
"ဒါဆို နောက်တစ်ခါ ကျွန်တော်ကို နည်းနည်းပိုကြာအောင်နှိုးလေ....ကောကယောကျာ်းပဲကို မရရအောင် နှိုးရမှာမဟုတ်ဘူးလား"
စစ်ကျွင်းတောက် ပြောစရာစကားမရှိဖြစ်သွား၏။
"နောက်တစ်ခါ ငါမင်းကို အလုပ်ဆီ
တိုက်ရိုက်တန်းချီသွားမယ်"
ဝမ်မင်ယီက ခေါင်းညိတ်ပြပြီးဆိုလာသည်။
"ကောအဲ့လို လုပ်လို့ရတယ်...ဒါနဲ့ ကော တစ်ခုခုများ မေ့သွားပြီလား... မနေ့ညကကော ကျွန်တော့်ကို အကြွေးတင်နေတယ်"
ဝမ်မင်ယီက ခေါင်းမော့ပြီးသူ့ကိုကြည့်လိုက်ကာ
"လူတစ်ယောက်အနေနဲ့ ...ကော အကြွေးတွေကိုဆပ်ရမယ်..."
စစ်ကျွင်းတောက် ပြုံးလိုက်သည်။
သူက ဝမ်မင်ယီကိုကြည့်ပြီး "ဘယ်နေရာမှာ ငါမင်းကို အကြွေးတင်လို့လဲ...ဟက်စကီးဆီမှာ ပြန်ဆပ်ပြီးပြီမဟုတ်ဘူးလား" ဟု တမင်တကာ ပြောလိုက်၏။
ဝမ်မင်ယီ : ! ! ! အဲ့ဒါနဲ့တူမလား! ကောက ဟက်စကီးကို နမ်းတာလေ! ကျွန်တော်ဝမ်မင်ယီ နဲ့ ဘာများဆိုင်လို့လဲ!
သူစစ်ကျွင်းတောက်ကို မကျေနပ်ဖြစ်နေသော မျက်လုံးများဖြင့် ကြည့်နေလိုက်သည်။
စစ်ကျွင်းတောက် သူ့မျက်နှာလေးကို ဖျစ်ညှစ်လိုက်ပြီး မနက်စောစောရှိ သူ့ရဲ့ စိတ်ကောင်းဝင်နေမှုက ဝမ်မင်ယီကို စနောက်ခြင်းကနေ အစပြုသည်မှာ သေချာသလောက်ပင်ဟု ခံစားလာရ၏။
"အဝတ်အစားသွားလဲချေ....ငါ အောက်ထပ်ဆင်းတော့မယ်"
ဝမ်မင်ယီက “ဟွန့်”ခနဲလုပ်ပြီး ပွစိပွစိပြောနေလေသည်။
"ငါ အဝတ်အစားလဲတာတောင်ကြည့်ရဲတာမဟုတ်ဘူး...ငါ့ကို မနမ်းရဲတာ မဆန်းပါဘူး "
စစ်ကျွင်းတောက် : ...
"မင်းဘာပြောလိုက်တာလဲ..."
ဝမ်မင်ယီက သူ့ကို ပြန်လှည့်ကြည့်ကာ လျှာထုတ်ပြလာ၏။
စစ်ကျွင်းတောက် ခပ်တိုးတိုးဖြင့် တခွီခွီရယ်လိုက်လေသည်။
ဝမ်မင်ယီက မလေးမခန့်ဟန်ဖြင့်ပြောလိုက်၏။
"ကောက ရယ်ရမှာတောင် ရှက်တုန်းပဲ"
စစ်ကျွင်းတောက် သူ့ရှေ့ရှိလူအား ဆွဲလှည့်လိုက်ကာ သူနှင့်မျက်နှာချင်းဆိုင်စေသည်။
"ဘာလို့လဲ...ကျွန်တော်..... "
ဝမ်မင်ယီ၏စကားလုံးများက ဆက်ထွက်မလာတော့။ စစ်ကျွင်းတောက် ခေါင်းငုံ့ကာဖြင့် သူ့အား ညင်သာစွာ နမ်းလာသည့်အတွက်ပင်။
တဒင်္ဂသာဖြစ်ပြီး နှုးညံ့ ညင်သာနေခဲ့သည်။
ဝမ်မင်ယီ အနည်းငယ် ထိတ်လန့်သွားပြီး စစ်ကျွင်းတောက်ကို မယုံကြည်နိုင်စွာ တည့်တည့်ကြည့်နေမိသည်။
စစ်ကျွင်းတောက်က သူ့ပါးစပ်ဆီသို့မေးဆတ်ပြ ပြီး
"ငါ မင်းကို ပေးပြီးသွားပြီ"
ဝမ်မင်ယီ ခေါင်းညိတ်လိုက်ပြီး သူ့မျက်နှာက အနည်းငယ်နီရဲသွားလေ၏။
စစ်ကျွင်းတောက်က သူ့ကို လွှတ်ပေးလိုက်ကာ
"အဝတ်အစားသွားလဲချေတော့"
ဝမ်မင်ယီ ရှက်ရဲရဲလေးဖြင့်ပင် ခေါင်းကိုညိတ်ကာ ဗီရိုဆီသို့ လှည့်ပြန် သွားလိုက်သည်။ ဤသည်ကိုမြင်တော့ စစ်ကျွင်းတောက်လည်း တံခါးဖွင့်ပြီး အပြင်ထွက်ဖို့ အဆင်သင့်ဖြစ်နေ သော်ငြား ပြန်လှည့်လိုက်ရာတွင် သူထပ်ပြီးလူမိခံလိုက်ရကြောင်း တွေ့လိုက်ရတော့သည်။
စစ်ကျွင်းတောက် ခေါင်းကို လှည့်ကြည့်လိုက်လျှင်ပင် သူ့နောက်မှာ ရပ်နေသည့် ဝမ်မင်ယီကို တွေ့လိုက်ရ၏။ သူ့မျက်နှာက နီနေသေးသော်လည်း သူ့မျက်လုံးတွေက တလက်လက်တောက်ပနေသည်။
"ထပ်နမ်းပေး"
ဝမ်မင်ယီက တိုးတိုးလေးပြောလိုက်၏။
"Morning kiss"
စစ်ကျွင်းတောက် သူ့ရဲ့တိတိလေးက ချစ်စရာကောင်းလွန်းလို့ သူပေါက်ကွဲထွက်မတတ်ဖြစ်နေပြီဟု တွေးမိလိုက်သည်။ ဒါကအရမ်း မရိုးမဖြောင့်ရာကျလွန်းတယ်! ဝမ်မင်ယီ ဒီလိုမျိူးဆက်လုပ်နေရင် သူဒီအခန်းထဲက ထွက်နိုင်မှာမဟုတ်တော့ဘူး!
ဝမ်မင်ယီက သူ့ကိုတိုက်တွန်းနေသလိုမျိူး စကားတစ်ခွန်းမှမပြောဘဲ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ပြ၏။
စစ်ကျွင်းတောက် သူ၏ နှလုံးခုန်နှုန်း မြန်လာသည်ကို ခံစားလိုက်ရပြီး တိတ်တဆိတ် ရှေ့သို့တစ်လှမ်းတိုးကာ တဒိန်းဒိန်းမြည်နေအောင်ပင်
အစီအစဉ်မကျစွာ ခုန်ပေါက်နေသည့် နှလုံးခုန်သံများကြားထဲတွင် သူ့ကို ထပ်နမ်းလိုက်လေ သည်။
သူသည် အလွန်တရာနှုးညံ့စွာပင် နမ်းလာခဲ့ပြီး ဝမ်မင်ယီ ထိုနေရာတွင်ပင် ရပ်နေမိကာ မသိစိတ်ဖြင့် သူ၏လက်များက စစ်ကျွင်းတောက်အား ဖက်တွယ်ထားမိလေတော့သည်။
အနမ်းပြီးဆုံးသွားသောအခါ၌ ဝမ်မင်ယီ နောက်ဆုံးတွင် စိတ်တည်ငြိမ်မှုရသွားခဲ့သည်။
စစ်ကျွင်းတောက်အား ရှက်ကိုးရှက်ကန်းဖြင့် တစ်ချက်ကြည့်ပြီးနောက် သူ၏ခေါင်းကို အမြန်ငုံ့ပစ်လိုက်လေ၏။
ထိုသည်ကိုမြင်တော့ စစ်ကျွင်းတောက် သူ့အား တမင်တကာ ကျီစယ်လိုက်သည်။
" ထပ်နမ်းချင်သေးလား..."
ဝမ်မင်ယီက တမိန်းတမောဖြင့် ခေါင်းမော့လာပြီး "ကောကျွန်တော့ကို နမ်းချင်သေးတာလား" ဟု တိုးတိုးလေးပြောလေ၏။
စစ်ကျွင်းတောက် အစကထိုသို့မရည်ရွယ်
သော်လည်း သူဒီလိုပြောလာသည့်အခါတွင် သူထပ်ပြီး လူသားတစ်ယောက် မဖြစ်ချင်တော့ဟု ခံစားလိုက်ရသည်။
ဒီခေါင်းစဉ်ကို တကယ်ဖွင့်လို့မရဘူး! သူက ဝမ်မင်ယီနဲ့သာဆို ခံနိုင်ရည်ရှိဖို့အတွက် အားအင်များကင်းမဲ့လို့နေတတ်သည်ပင်။
သူ ဝမ်မင်ယီ လွှတ်ပေးလိုက်ပြီး "နောက်တစ်ခါကျမှ" ဟုဆိုကာ သူ့ကိုယ်သူ ချူပ်တည်းထား လိုက်သည်။
ဝမ်မင်ယီက နာခံစွာ ခေါင်းညိတ်ပြလာ၏။
"အိုး"
"ဒါဆို မင်းအဝတ်အစားလဲလို့ရပြီ... ငါမင်းကို အပြင်မှာစောင့်နေမယ်"
ဝမ်မင်ယီ "အာ"ဟုအသံထွက်လိုက်မိပြီး နမ်းပြီးသည်နှင့် သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက ကွဲပြားသွားသလို ခံစားလိုက်ရသည်။
ခုနလေးတင် အောက်ထပ်မှာ စောင့်နေမယ်လို့ ပြောပြီး အခုကျတော့ အပြင်မှာ စောင့်နေမယ်ဖြစ်သွားပြီ!
သူလည်း မတတ်သာပဲပြုံးပြီး လက်ကိုယမ်းကာ တံခါးရှိရာသို့ညွှန်ပြလိုက်ရသည်။
"ထွက်"
စစ်ကျွင်းတောက် အပြင်ထွက်သွားလေ၏။
ဝမ်မင်ယီ အဝတ်အစားလဲ၊မျက်နှာသစ် ပြီးနောက် ထွက်လာခဲ့လိုက်သည်။ ကိုးနာရီထိုးပြီးပြီဖြစ်ကာ သူ့ခွေးနားရွက်နဲ့ အမြီးတွေ ပျောက်သွားပြီဖြစ်၏။
စစ်ကျွင်းတောက် နံရံကို မှီ၍ ယခုလေးတင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကို ပြန်တွေးနေလေ သည်။ သူနှင့် ဝမ်မင်ယီက အဆင့်တက်တာ မြန်လွန်းသည်ဟု ခံစားနေရ၏။ ဒါက နမ်းတဲ့အဆင့်ကို ဘယ်လိုလုပ်ရောက်သွားရတာလဲ... ဒါက သိပ္ပံနည်းမကျဘူး!
သူတွေးနေစဉ်မှာပင် ဝမ်မင်ကျီ တံခါးဖွင့်ကာ ထွက်လာခဲ့လေ သည်။ သူ့ကိုမြင်သည်နှင့် မျက်လုံးများ ကွေးတတ်သွားသည်အထိ ပြုံးပြလာ၏။
စစ်ကျွင်းတောက် ချက်ချင်းပင် သိပ္ပံနည်းအတိုင်းမလိုက်နာချင်ဖြစ်သွား၏ ။ သိပ္ပံပညာလည်း လစ်လိုက်တော့! ခံစားချက်တွေနဲ့ ပတ်သတ်လာရင် သိပ္ပံနည်းကျစရာမလိုဘူး အိုခေ!
နှစ်ယောက်သား အတူတူ အောက်ထပ်ကို ဆင်းသွားကြသည်။ ဝမ်မင်ယီ မနက်စာစားပြီးနောက် သူနှင့်အတူ ကုမ္ပဏီကို လိုက်လာ၏။
လင်းမူက ဝမ်မင်ယီ စစ်ကုမ္ပဏီဆီသို့ ရောက်ရောက်လာခြင်းကို အလွန်ပင် ကျင့်သားရနေပြီဖြစ်သည်။ ဝမ်မင်ယီနှင်တွေ့သည့်အခါ သူမက သူ့ကို နှုတ်ဆက်ပြီး သူမဝယ်ထားသည့် နို့လက်ဖက်ရည်တစ်ခွက်ကို ပေးလိုက်၏။
"အစ်မ မင်း လာမယ်ထင်ထားလို့"
ဝမ်မင်ယီက အားနာမနေဘဲ ယူလိုက်ကာ စစ်ကျွင်းတောက်ကို ပြောလိုက်သည်။
"လင်းမူကျဲကို လစာတိုးပေးသင့်တယ်"
စစ်ကျွင်းတောက် ကမ္ဘာကြီးအကြောင်း ဘာမျှ
မသိနားမလည်သော သူ့တိတိလေးကို ကြည့်ပြီး ပြန်ပြောလိုက်၏။
"လင်မူက အခုလေးတင်ပဲ လစာတိုးပြီးသွားပြီ"
"လင်းမူကျဲက အလုပ်ကောင်းကောင်းလုပ်လို့လေ... သူနဲ့ထိုက်တန်တယ်!
စစ်ကျွင်းတောက် ခေါင်းကိုညိတ်ပြီး
"ဒါပေါ့...ဒါပေါ့"
လင်းမူး မထိန်းနိုင်ဘဲ ခေါင်းငုံ့ကာ စကားမဆိုသော်လည်း ပြုံးလိုက်မိသည်။
ဝမ်မင်ယီ ရုံးခန်းထဲဝင်သွားသည်တွင် စားပွဲပေါ်ရှိ နှင်းဆီအဖြူကို တစ်ချက်ကြည့်လိုက်သည်။
နှင်းဆီက နည်းနည်းလေး ညှိုးနွမ်းသွားသည်ကို မြင်လျှင် သူက "ကျွန်တော် နောက်တစ်ပွင့် ထပ်မှာလိုက်မယ်... ဒီပန်းက သိပ်မလှဘူး " ဟု ဆိုလာသည်။
စစ်ကျွင်းတောက် သူ့စားပွဲပေါ်က နှင်းဆီပန်းကို ကြည့်ပြီး နှုးညံ့စွာပင်ပြောလိုက်၏။
"မင်းရဲ့ပန်းလေ... မင်းမှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်"
ဝမ်မင်ယီ အပြာရောင် နှင်းဆီ ၂၁ ပွင့်ကို အရောင်ပြောင်းပြီးကြည့်နိုင်ရန် ရည်မှန်းပြီး ထပ်မံ၍ မှာယူလိုက်သည်။
သူက စိတ်ကောင်းဝင်နေပြီး သူနှင့်စစ်ကျွင်းတောက်၏ အချစ်ရေးကို ကြွားချင်စိတ်အား ထိန်းမရနိုင်တော့သဖြင့် အော်ဒါတင်ပြီးသည့်နှင့်
လုယွင်ဖေးနှင့် လီယွမ်ချင်းတို့ပါသည့် သူ့၏Groupထဲကို မက်ဆေ့ခ်ျ တစ်စောင်ပို့လိုက်၏။-
ဝမ်မင်ယီ
@lushenovsky@qingမြန်မြန် ထွက်လာစမ်း ! !)
လုယွင်ဖေး: (ဘာဖြစ်နေတာလဲ... မနက်အစောကြီး အိပ်မက်တွေကို လာနှောက်ယှက်နေတယ်)
ဝမ်မင်ယီ (:@qing မင်းဘယ်မှာလဲ)
လုယွင်ဖေး : (သူ မနိုးသေးတာ ဖြစ်မယ်)
လီယွမ်ချင်း
ငါနိုးနေပြီ... စာပြန်မလို့ပဲ....ဘာကိစ္စရှိလို့လဲ... မင်းအိမ်ပြိုကျသွားလို့လား)
ဝမ်မင်ယီ : (မင်းအိမ်ကြီးပဲ ပြို!)
သူက ခဏလောက် တည်ငြိမ်နေပြီးမှ : (ကောင်းပြီ...ငါမင်းတို့ကို တစ်ခုလောက်ပြောပါရစေ)
လီယွမ်ချင်း : (မင်းတစ်ခုခု လက်ဆော့ထားရင် နောက်ဆုတ်လို့မရဘူးနော်)
ဝမ်မင်ယီ : (ငါ ရောင်းထွက်သွားပြီကွ...ဟားဟားဟားဟားဟားဟား!)
ထိုအချိန်တွင် လုယွမ်ဖေး နှင့်လီယွင်ချင်းတို့ နှစ်ယောက်လုံး အံ့သြသွားကြကုန်၏။
လုယွင်ဖေး : (? ? ? ? ? ? ! ! ! ! ဘာဖြစ်သွားတာ! ! ! ! ဒီအစ်ကိုနဲ့ စကားကောင်းကောင်းပြောစမ်းပါ!!)
လီယွမ်ချင်း
သေစမ်း ! ! ! မင်းက မြန်လွန်းနေတာမဟုတ်ဘူးလား ! !)
လုယွင်ဖေး : (ဘယ်သူနဲ့လဲ?ငါတို့ အချင်းချင်း သိကြလား)
လုယွင်ဖေး: (ငါတို့သိတဲ့သူလား )
လုယွင်ဖေး အံ့သြသွားလေသည်-( စုန့်ရှုဟန်...)
ဝမ်မင်ယီ
မဟုတ်ဘူး...ငါဖန်တွေနဲ့မတွဲဘူး)
လုယွင်ဖေး:( တခြား ဘယ်သူရှိလို့လဲ)
လီယွမ်ချင်း : ...
လီယွမ်ချင်းက ကူကယ်ရာမဲ့ဖြစ်နေ၏( :စီနီယာ)
လုယွင်ဖေး : ! ! ! ! (လီယွမ်ချင်း မင်းဘာတွေပြောနေတာလဲ ! ဘယ်လို ကျားဝံပုလွေစကားမျိူးတွေ လဲ! !)
ဝမ်မင်ယီ : (ဟီးဟီး၊ အဲ့ဒါ သူပဲ~)
လုယွင်ဖေး
! ! !)
လုယွင်ဖေး - [ရှော့ရသွားJPG]
လုယွင်ဖေး - [မယုံနိုင်စရာကောင်းJPG ]
လုယွင်ဖေး - [ပမ်းပေါင်းပေါင်း ကို သေအောင်ကြောက်တယ်JPG]
ဝမ်မင်ယီ
ဒါပေမဲ့ ဒါက အမှန်တရားပဲ)
လီယွမ်ချင်း အံ့သြသွားခဲ့သည်-:(မင်းက အရမ်းမြန်လွန်းတယ်...အရင်က အိမ်နီးချင်းအစ်ကိုကြီးတစ်ယောက်အနေနဲ့လေးစားရုံပဲမဟုတ်ဘူးလား)
ဝမ်မင်ယီ : (နောက်တော့ ငါပြောင်းဖို့ကြိုးစားလိုက်တယ်... ပြောင်းလဲကြပါစို့...ငါတော့ အားလုံးပြေလည်သွားပြီထင်တယ်! စိတ်ရော ကိုယ်ပါ ရှင်းသွားပြီ! မားက ငါစိတ်ဓာတ်ကျနေမှာကို ထပ်ပြီး စိတ်ပူစရာ မလိုတော့ဘူး!)
လီယွမ်ချင်း -( မင်းရဲ့ အတွေးတွေက အပြောင်းအလဲမြန်လွန်းတယ်)
လုယွင်ဖေး
မင်းက စီနီယာအပေါ်အဲ့လိုခံစားချက်တွေရှိနေတယ်လို့ ပြန့်ပြန့် အရင်တုန်းက ပြောခဲ့တာမဆန်းတော့ဘူး)
ဝမ်မင်ယီ
ပြန့်ကျင်းယွမ်ကလည်း မင်းကို အဲ့လိုပြောဖူးတာလား)
လုယွင်ဖေး
သူကပြောသေး တယ်...နောက်တစ်ခါ မင်းနဲ့ စီနီယာကိုတွေ့တာနဲ့ ငါအကဲခတ်လို့ရတယ်ဆိုပြီး... အခုတော့ အကဲခတ်ကြည့်စရာမလိုတော့ဘူး.... မင်းက တကယ်ကို စီနီယာနဲ့ ပတ်သတ်ပြီး ဖုံးကွယ် ထားတဲ့အတွေးတွေ ရှိနေတာပဲ)
လုယွင်ဖေး - [လေးစားထိုက်သော JPG]
ဝမ်မင်ယီ - [အပြစ်ကင်းစွာဖြင့် ခေါင်းကိုထိ JPG]
ဝမ်မင်ယီ : (လာကြ ... ငါဒီနေ့ပျော်နေတယ်..
မင်းတို့ကို စာအိတ်အနီ ပေးမယ်)
ဝမ်မင်ယီ ထိုစကားပြီးသောအခါတွင် စာအိတ်အနီ ကိုးအိတ် ပို့ပေးလိုက်သည်။
လုယွင်ဖေး
ကျေးဇူးတင်ပါတယ် ဘော့စ်)
လီယွမ်ချင်း : (ဆုကြေးအတွက် ကျေးဇူးတင်ပါတယ် သခင်ကြီး)
ဝမ်မင်ယီ
ဟီးဟီး~)
လုယွင်ဖေး
ဒီအချက်အလက်အရ ငါတို့အဖွဲ့မှာရှိတဲ့ တစ်ဦးတည်းသောစင်ဂယ်ခွေးက လီယွမ်ချင်းပဲဖြစ်ပါတယ်! )
ဝမ်မင်ယီ : (အဖိုးတန် အဖြောင့် ယောက်ျား!)
ဝမ်မင်ယီ : (လီယွမ်ချင်း မင်းဘာကြိုက်လဲ၊ ငါမင်းကိုမိတ်ဆက်ပေးမယ်လေ)
လီယွမ်ချင်း : (ကိုယ့်ကိုကိုယ်သာ ဂရုစိုက်ပါ... ငါ့အတွက်ပူမနေပါနဲ့)
လုယွင်ဖေး
'ယွမ်ချင်းက ရှက်နေတယ်~)
ဝမ်မင်ယီ
ရှက်တယ် ရှက်တယ်~)
လီယွမ်ချင်း ဒီ **** ကောင်တွေနဲ့ စကားမပြောချင်တော့ဘူး!ဂေး **** က သူ့ရဲ့ ရိုးသားဖြောင့်မတ်မှုကို ထိခိုက်စေတယ်!
ဝမ်မင်ယီ စကားပြောနေစဉ်တွင် တံခါးခေါက်သံကြားလိုက်ရ၏။
ခဏအကြာ တွင် လင်းမူ ဝင်လာပြီး လက်ထဲတွင် ရင်းနှီးပြီးသား ပန်းလက်ဆောင်ဘူးကို ကိုင်ထားကာ စစ်ကျွင်းတောက်ကို ပြုံး၍ကြည့်လိုက်သည်။
"မစ္စတာစစ်...ရှင့်ရဲ့ပန်း"
စစ်ကျွင်းတောက်က တည်တည်ငြိမ်ငြိမ်ပင်ပြောလိုက်၏။
"စားပွဲပေါ်တင်ပြီး ထွက်သွား"
လင်းမူ သူမရဲ့အနာဂါတ်သူဌေးမက ပန်းပို့တဲ့နေရာမှာ အတော်လေး လုံ့လဝီရိယရှိတဲ့သူပဲဟု တွေးရင်း လျှောက်သွားကာ စားပွဲပေါ်သို့ တင်ထားလိုက်သည်။ဆိုတော့ သူမက ဩဇာပေးတဲ့နေရာမှာ ပိုင်စိုးပိုင်နင်းနိုင်ပုံရတယ်။
လင်းမူ ထွက်သွားပြီးနောက် အမှန်တကယ် ပိုင်စိုးပိုင်နင်းနိုင်သူ ဝမ်မင်ယီက လမ်းလျှောက်လာပြီး လက်ဆောင်ဘူးကို စစ်ကျွင်းတောက် ရှေ့မှာ ဖွင့်လိုက်လေသည်။
စစ်ကျွင်းတောက် မော့ကြည့်လိုက်သည်တွင် အထဲရှိ အပြာရောင်နှင်းဆီများကို တွေ့လိုက်ရ၏။