Chapter 11
Viewers 14k

Chapter 11 : အဓိပ္ပာယ်မရှိ ပြောဆိုခြင်း 


ကျင်းယွင်ကျောင်းက ဆရာမကျင်၏စကားကို ခေါင်းညိတ်ပြလိုက်သည်၊ သို့သော် သူမ ရုံးခန်းထဲမှ ထွက်မသွားမီမှာပင် ဆရာမကျင်၏စားပွဲပေါ်ရှိ ဖုန်းမြည်သံက သူမအား ရပ်တန့်သွားစေ၏။ 


တစ်ဖက်လူပြောသည်အား နားထောင်ရင်း ဆရာမကျင် မျက်နှာပျက်သွားသည်။ 


ခဏကြာပြီးနောက် သူမက ကျင်းယွင်ကျောင်းအား ပြောလာ၏။ 


"ကျင်းယွင်ကျောင်း၊ မင်း အခု စာမေးပွဲမဖြေတော့နဲ့။ မင်းရဲ့ညီမကို ခေါ်ပြီး ခရိုင်ဆေးရုံကို သွားလိုက်။ မင်းအမေ အခြေအနေမကောင်းဘူး။" 


ကျင်းယွင်ကျောင်း တုံ့ဆိုင်းသွားသည်။ ယဲ့ချင်၏အခြေအနေက ဤမျှ မြန်မြန် ဆိုးလာလိမ့်မည်ဟု သူမ မထင်ခဲ့ပေ။ 


အတိတ်ဘဝတွင် ယနေ့၌ ကျင်းယွင်ကျောင်းက ကျောင်းမတက်နိုင်သဖြင့် ချောင်ဟုန်ယဲ့တစ်ယောက်တည်းကိုသာ အကြောင်းကြားခဲ့သည်။ ထိုအချိန်တွင် ကျင်းယွင်ကျောင်းက ဖျား၍ အိပ်ယာထဲ လဲနေလေရာ ဘာတွေဖြစ်ပျက်သွားမှန်း လုံးဝသတိမပြုမိခဲ့ပေ။ ထို့ကြောင့် ဤနေ့ကို ယဲ့ချင် မကွယ်လွန်မီ တစ်ရက်ဟုသာ သူမ ထင်ထားခဲ့သော်လည်း ကြည့်ရသည်မှာ ယဲ့ချင်အား ဆေးရုံစောစောတင်ထားခြင်းဖြစ်ပြီး ချက်ချင်း အသက်မထွက်သေးသည့်ပုံပင်။ 


ယဲ့ချင်၏အကြောင်းကို တွေးလိုက်သည်နှင့် ကျင်းယွင်ကျောင်းသည် ခံစားချက်ပေါင်းစုံကို ခံစားလိုက်ရသည်။ 


ယဲ့ချင်က သူမအား အဘယ်ကြောင့် မွေးစားခဲ့သည်ပဲဖြစ်စေ သူမအား ယခုအရွယ်ထိ ကျွေးမွေးစောင့်ရှောက်ခဲ့သည်ကိုတော့ ငြင်းမရပေ။ ထို့အပြင် သူမသည် အတိတ်ဘဝတစ်လျှောက်လုံး ယဲ့ချင်အား သူမ၏အမေအရင်းဟု ယုံကြည်ခဲ့သည်ဖြစ်ရာ အမေနှင့်သားသမီးကြားရှိ ခံစားချက်များလည်း ရှိခဲ့သည်။ 


ယဲ့ချင်သည် ချောင်မိသားစုတစ်ခုလုံးတွင် သူမ စိတ်နာသော်လည်း မုန်းမရသည့်တစ်ဦးတည်းသောသူ ဖြစ်၏။ 


ကျင်းယွင်ကျောင်းသည် ရုံးခန်းထဲ၌ ကြာကြာမနေတော့ဘဲ ချောင်ဟုန်ယဲ့အား ရှာရန် အနားရှိ စာသင်ခန်းသို့ အမြန်ပြေးသွားလိုက်သည်။ 


ချောင်ဟုန်ယဲ့အား မြင်သောအခါ သူမသည် အတိတ်ဘဝက ဖြစ်ပျက်ခဲ့သည်များအား ပြန်မတွေးဘဲ မနေနိုင်ချေ။ ထိုစဥ်က ချောင်ဟုန်ယဲ့သည် ကျင်းယွင်ကျောင်း စာမေးပွဲလာမဖြေနိုင်သဖြင့် နောက်ဆုံးတွင် သူမသည် အမှတ်အများဆုံးရအောင် လုပ်နိုင်တော့မည်ဟု တွေးကာ စာမေးပွဲကို ပျော်ပျော်ကြီး သွားဖြေခဲ့သည်။ 


သို့ရာတွင် ချောင်ဟုန်ယဲ့၏ကံဇာတာကလည်း ထိုအခြင်းအရာအား ခွင့်ပြုမထားသည်ဖြစ်ရာ အဆုံးအထိ သူမသည် စာမေးပွဲကို မဖြေဆိုနိုင်သေးပေ။ " ကျွန်ုပ်တို့၏ကိုယ်ပိုင်အကြံအစည်များက ဘုရားသခင် စီစဥ်ထားသည်များကို အစားမထိုးနိုင်ပေ" ဆိုသည့် ခံစားချက်က သူမအား အချိန်အတော်ကြာ မချင့်မရဲဖြစ်စေသည်။ 


ခရိုင်ဆေးရုံသည် ကျောင်းနှင့်နီးသည်။ ကျင်းယွင်ကျောင်းနှင့် ချောင်ဟုန်ယဲ့တို့ ရောက်သွားသောအခါ ယဲ့ချင်အား ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဖြူဖတ်ဖြူလျော် သွင်ပြင်နှင့် ကုတင်တစ်လုံးပေါ်တွင် လဲလျောင်းလျက်ရှိသည်ကို တွေ့လိုက်ရ၏။ သူမကို ကြည့်ရသည်မှာ အချိန်မရွေး အသက်ထွက်သွားနိုင်သည့်ပုံပင်။ 


ချောင်ဝေ့မင်၏အမူအယာများက လေးလံလှသည်။ သူ၏မျက်လုံးများက ကျင်းယွင်ကျောင်းဆီသို့ ရောက်လာသောအခိုက်တွင် မျက်လုံးများက တစ်ချက်လက်သွား၏။ 


"ဟုန်ယဲ့၊ မင်းအမေက ဒီတောင်ကို မကျော်နိုင်လောက်တော့ဘူး။" 

သူနူးနူးညံ့ညံ့ ပြောလိုက်သည်။ 


ကျင်းယွင်ကျောင်း၏နှလုံးသားထဲတွင် လှောင်ပြောင်ဟားတိုက်ခြင်းများနှင့် ပြည့်နှက်သွားသည်။ ယဲ့ချင်၏ရောဂါမှာ နာတာရှည်ရောဂါဖြစ်ပြီး ယခုအချိန်ထိ မိသားစုက ငွေကြေးများစွာ ကုန်ကျခဲ့၏။ သူမသည် အိမ်ရှိလူအားလုံးကိုလည်း အတော်လေး ဒုက္ခများစေခဲ့သည်။ မျှော်လင့်ချက်ကုန်ခဲ့သည်မှာ ကြာလှပြီဖြစ်၏။ ယဲ့ချင် ပထမဆုံးအကြိမ် ရောဂါခံစားရစဥ်က လအနည်းကြာအောင် စိတ်ထိခိုက်ခဲ့ကြသော်လည်း အချိန်ကြာလာသောအခါ စိတ်ထိခိုက် အားလျှော့ခြင်းများ မလွဲဧကန်ပင် ကွယ်ပျောက်သွားကြတော့သည်။ 


ထို့ကြောင့် ယခုအချိန်တွင် မိသားစုဝင်သုံးဦးစလုံးသည် ယဲ့ချင် သေဆုံးသွားပြီး သူတို့လည်း ဝန်ထုပ်ဝန်ပိုးကြီးမှ သက်သာဝဋ်ကျွတ်မည့် အရေးကိုသာ စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည် မဟုတ်ပါလား။ 


သေချာစဥ်းစားချင့်ချိန်ပြီးသည့်နောက် ကျင်းယွင်ကျောင်းက ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ 


"အဖေ ကျွန်မ ဆေးနည်းတစ်ခုသိထားတယ်။ ကျွန်မတို့ အမေ့ကို အဲဒီဆေးနဲ့စမ်းကြည့်လို့ရတယ်၊ အဲဒါက အမေ့ခန္ဓာကိုယ်အတွက် အထောက်အကူဖြစ်နိုင်မလားဆိုတာ ကြည့်ရအောင်။" 


သူမသည် နေရာလွတ်နယ်မြေထဲတွင် အချိန်များစွာ အင်အားများစွာ အကုန်ခံ၍ ယဲ့ချင်၏ရောဂါအား ကုသနိုင်မည့်နည်းလမ်းကို ကြိုးစားရှာဖွေခဲ့သည်။ ကံဆိုးစွာပင် ပထမကျောက်စိမ်းအပိုင်းတွင် အပြည့်အဝကုသနိုင်မည့် နည်းလမ်းမပါရှိပေ။ အလွန်ဆုံး ရောဂါအကြောင်း မရေမရာနားလည်လိုက်ရုံသာဖြစ်၏။ ထိုနားလည်မှုကို အသုံးချ၍ ယဲ့ချင် အသက်ရှည်ရှည်နေထိုင်သွားနိုင်ရန် ရောဂါအခြေခံကို အနည်းငယ်ပြောင်းလဲလိုက်ခြင်းကိုသာ သူမ အကောင်းဆုံး လုပ်ပေးနိုင်သည်။ 


လက်ရှိအချိန်တွင် သူမသည် ယဲ့ချင်၏ရောဂါကို အမြစ်ပြတ်အောင် ကုသမပေးနိုင်သေးသော်လည်း ကျင်းယွင်ကျောင်း၏ အတော်လေး လျင်မြန်သော သင်ယူတတ်မြောက်မှုနှုန်းနှင့်ဆိုပါက အနည်းငယ်ပို၍ အားစိုက်ထုတ်လိုက်လျှင် ယဲ့ချင်၏ကျန်းမာရေးအပြည့်အဝကောင်းမွန်လာအောင် ကြိုးပမ်းနိုင်ဖို့ လုံလောက်၏။ 


အားလုံးထက် ဘိုးဘေးတွင် နှစ်သုံးရာမကသော ဆေးပညာအသိနှင့် အတွေ့အကြုံများရှိသည်။ ထို့အပြင် သူသိထားသမျှ အရာအားလုံးမှာလည်း တခြားကမ္ဘာမှပင် လာခြင်းဖြစ်သည်။ ဝိညာဥ်စွမ်းအားရှိသည့် ကျောက်စိမ်းမှ အချက်အလက်များအရ သူ၏ဆေးပညာနည်းလမ်းများသည် သာမန် အရှေ့တိုင်းသမားတော်တစ်ယောက်ထက် ပို၍ သာလွန်ကောင်းမွန် အံ့အားသင့်ဖွယ်ကောင်းကြောင်း သူမ ပြောနိုင်၏။ 


"နင်.. နင်က ဘာစောက်ကြောင်းကိုများ သိလို့လဲ။ နင်တော့ တစ်ချက်လောက် အရိုက်ခံချင်နေပြီထင်တယ်။" 


ချောင်ဝေ့မင်က ချက်ချင်းပင် သူ၏လက်ကို မြှောက်လိုက်သည်။ သူ ဘာလို့ စောက်ရေးမပါတာတွေကို ဆက်နားထောင်နေရမှာလဲ။ 


"ရပ်လိုက်။" 


ဆေးရုံ လူနာဆောင်ဝင်ပေါက်မှ ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာသည်၊ ဆရာမကျင်သည် ကျင်းယွင်ကျောင်းအား ချောင်ဝေ့မင်နှင့်ဝေးရာသို့ ကသုတ်ကရက် ဆွဲခေါ်လိုက်၏။ 


"ချောင်လူကြီးမင်း၊ ရှင်က လူကြီးတစ်ယောက်ပါ။ ဘာကြောင့်များ ဒီလောက်ကိစ္စလေးနဲ့ အမြန် လက်ပါရတာလဲ။" 


အစောပိုင်းက ကျင်းယွင်ကျောင်းပြောသောစကားများသည် အမှန်တကယ်ပင် ယုံရခက်သော်လည်း သူမ၏အမေက အပြင်းအထန်မကျန်းမမာဖြစ်နေ၏။ ထို့ကြောင့် ကျင်းယွင်ကျောင်းက အစိုးရိမ်လွန်ပြီး ဆရာဝန်တစ်ယောက်သဖွယ် ပြောဆိုလိုက်ခြင်း ဖြစ်နိုင်သည်။ သူမသည် အမှန်တကယ် လေးစားဖွယ်ကောင်းသည့် သားသမီးကောင်းပင်၊ အဘယ်ကြောင့် သူမက ထိုအတွက် အရိုက်ခံရမည်နည်း။ 


ချောင်ဝေ့မင်သည် သူ၏ဂုဏ်သိက္ခာကို အလွန်အလေးထားသည့်သူတစ်ယောက်ဖြစ်သည်။ သူက ဆရာမကျင်ကို တစ်ချက်ကြည့်လိုက်ပြီး လက်ကို ပြန်ရုတ်ကာ ပြောလာ၏။ 


"ဆရာမကျင်၊ ဒီအမိုက်မက အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောရတာကို သဘောကျနေတာ။ ကျွန်တော်သာ သူ့ကို မရိုက်ရင် သူ ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး။"