Chapter 12 : ဆေးအညွှန်း အတည်ပြုခြင်း
"အဖေ၊ ကျွန်မ ဒါကို အမေ့အတွက် တကယ်လုပ်ထားတာပါ။ တကယ်လို့ အဖေ ကျွန်မရဲ့ဆေးညွှန်းကို မယုံဘူးဆိုရင် ကျွန်မတို့ ဒါကို ဆရာဝန်တစ်ယောက်ဆီ သွားပြကြည့်လို့ရတယ်လေ။ တကယ်လို့ သူတို့က ကျွန်မရဲ့နည်းလမ်းကို ငြင်းခဲ့ရင်တော့ ကျွန်မကို အဓိပ္ပာယ်မရှိလျှောက်ပြောနေတယ်လို့ ပြောဖို့ အရမ်းနောက်ကျသေးမှာမဟုတ်ပါဘူး။"
ကျင်းယွင်ကျောင်းက ပြောလိုက်သည်။
သူမသည် ယဲ့ချင်အပေါ်၌ သူမအား ကျွေးမွေးပြုစုခဲ့သည့် ကျေးဇူးကြွေးတင်နေသောကြောင့်သာ ကယ်တင်ချင်ခဲ့ခြင်းဖြစ်၏။ အကယ်၍ သူတို့သည် ယဲ့ချင်အား ကယ်တင်ရန် စီစဥ်ခဲ့လျှင်လည်း သူမသည် ယခင်အတိုင်းပင် ဆက်လက်ပြုမူနေဦးမည်ဖြစ်၏။ သူတို့ဆီမှ သူမရရှိခဲ့သည့် ဂရုစိုက်မှုဟုခေါ်ဆိုရမည့် နှစ်ကာလများအတွက်ကြောင့် ကျင်းယွင်ကျောင်းသည် အချိန်ကြာကြာ တွန့်ဆုတ်နေမည်မဟုတ်ပေ။၊
ချောင်ဝေ့မင်က သူမပြောသည်အား ကြားပြီးနောက် အထင်အမြင်သေးစွာ နှာခေါင်းရှုံ့လိုက်သည်။ သူသည် ဤစက်ဆုပ်ဖွယ်ရာကောင်းသော အမိုက်အမဲ၏ဆေးညွှန်းအား ယုံကြည်စိတ်ချရမှုကို လျစ်လျူရှုလိုက်ပြီး ယဲ့ချင်အား ကယ်တင်နိုင်မည့် တခြားရွေးချယ်မှု ရှိဦးမည်ဆိုလျှင်တောင်မှ သူ လုံးဝသဘောတူမည်မဟုတ်ပေ။
(T/N : ပြောချင်တာက ယဲ့ချင်ကိုကယ်ဖို့ ယွင်ကျောင်းဆီက ဆေးညွှန်းအပြင် အခြားနည်းလမ်းရှိသေးရင်တောင်မှ ထပ်ကုမပေးနိုင်ပါဘူးတဲ့ ။ ပိုက်ဆံကုန်လို့ :3 )
ယဲ့ချင် ရောဂါဖြစ်နေသည်မှာ အချိန်အတော်ကြာပြီဖြစ်၍ သူတို့သည် သူမအတွက် ယွမ်နှစ်သောင်းကျော် သုံးစွဲခဲ့ရပြီးဖြစ်၏။ အကယ်၍ ဆေးကုသမှုခံယူပြီးသည့်တိုင် သူမသည် သတိလစ်မေ့မြောနေပြီး သေမှန်း ရှင်မှန်းမသိနိုင်သည့် အခြေအနေတွင်သာ ဆက်ရှိနေဦးမည်ဆိုပါက အနာဂတ်တွင် ကုန်ကျမည့် သူမ၏ဆေးကုသစရိတ်များအား ထည့်သွင်းစဥ်းစားရပေဦးမည်။ ထိုစရိတ်များအား ဘယ်သူက လာပေးပါမည်နည်း။
သူသည် သူ၏အိပ်ရာကို နွေးထွေးစေရန်နှင့် သူ၏သားသမီးများကိုမွေးဖွားပေးရန် ဇနီးမယားတစ်ယောက်ကို လက်ထပ်ခဲ့ခြင်းဖြစ်သည်၊ ကျန်းမာရေးချူချာသည့် ဝန်ထုပ်ဝန်ပိုးတစ်ခုကို လက်ထပ်ခဲ့ခြင်းမဟုတ်ပေ။
"တော်လောက်ပြီ၊ နင်က အဓိပ္ပာယ်မရှိတာတွေကို ပိုပိုပြီး ပြောနေတော့တာပဲ၊ ထွက်သွားစမ်း။"
ချောင်ဝေ့မင်သည် ဆရာမကျင်၏မျက်နှာကိုလည်း မထောက်နိုင်တော့ဘဲ ဒေါသတကြီး ဟိန်းဟောက်ပစ်လိုက်သည်။
မူလက လူနာဆောင်သည် တိတ်ဆိတ်နေ၏။ သူ၏ဒေါသတကြီး ကြိမ်းမောင်းသံများက ပတ်ဝန်းကျင်ရှိ လူများအား ခေါင်းတယမ်းယမ်း ဖြစ်သွားစေသည်။
ကျင်းယွင်ကျောင်းသည် သက်ပြင်းတစ်ချက် ခပ်ပြင်းပြင်းချလိုက်ပြီး ဆက်နေရန် အကြောင်းပြချက်မရှိတော့မှန်း သဘောပေါက်သွားသဖြင့် ဆေးရုံလူနာဆောင်ထဲမှ ထွက်လာခဲ့တော့၏။
"ကျင်းယွင်ကျောင်း မင်းက အရမ်းငယ်သေးတယ်၊ ဒီတော့ ဆေးညွှန်းကို ဘယ်ကနေရလာတာလဲ၊ အခု မင်း လိမ်ပြောနေတာများလား။ "
ဆရာမကျင်က အနည်းငယ် ကသိကအောက်ဖြစ်နေဟန်ဖြင့် မေးလာသည်။
“ဒါဆို ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ ဆရာမ။ ဆရာဝန်တစ်ယောက်လောက် သွားရှာပြီး သူ့ရဲ့ထင်မြင်ချက်ကို နားထောင်ကြည့်ရအောင်၊ ဒါဆို ကျွန်မပြောတာ မှန်မမှန် ဆုံးဖြတ်နိုင်ပြီလေ။"
ကျင်းယွင်ကျောင်းသည် ဆရာမကျင်၏တုံ့ပြန်မှုကို မစောင့်တော့ဘဲ သူမအား အရှေ့တိုင်းသမားတော်များရှိရာ ဌာနသို့ ဆွဲခေါ်လာခဲ့သည်။
ယဲ့ချင်၏တာဝန်ခံဆရာဝန်သည် အနောက်တိုင်းဆရာဝန်တစ်ဦးဖြစ်သောကြောင့် သူမ၏ဆေးညွှန်းနောက်ကွယ်ရှိ အကျိုးသက်ရောက်မှုများကို နားမလည်နိုင်ပေ။ ထို့ကြောင့် ကျင်းယွင်ကျောင်းသည် သူ့ဆီသို့သွားရမည့်အစား ဆေးရုံ၏နာမည်အကြီးဆုံး အရှေ့တိုင်းသမားတော်ထံသို့သာ သွားရန် ဆုံးဖြတ်ခဲ့သည်။
ထိုအရှေ့တိုင်းသမားတော်ကြီးသည် အသက်ခြောက်ဆယ်ကျော်ခန့်ဖြစ်ပြီး အတော်လေး နာမည်ကြီး၏။ ကျင်းယွင်ကျောင်းသည် ယခင်က ယဲ့ချင်အား ဆေးရုံသို့ အဖော်လိုက်ပေးစဥ်က သူ့ကို မြင်ဖူးခဲ့သည်။
ထို့အပြင် ထိုအချိန်က ယဲ့ချင်သည် ထိတ်လန့်ပျာယာနေသောအချိန်ဖြစ်ပြီး သူမသည် သူမ၏ရောဂါနှင့်ပတ်သက်ပြီး သူ့ဆီမှအကြံဉာဏ်ရယူရန် အလောတကြီးသွားခဲ့၏။ သမားတော်ကြီးက သူမအား ဆေးညွှန်းအနည်းငယ်ရေးပေးခဲ့သည်၊ ထို့နောက်သူမ၏ရောဂါသည် ကုသခြင်းနှင့်အနားယူခြင်း နှစ်မျိုးစလုံး လိုအပ်ပြီး အနားယူခြင်းမှာ အဓိကဦးစားပေးဖြစ်ကြောင်း ပြောခဲ့သည်။ ထို့အပြင် စိတ်မရှည်ဘဲ အလျင်လို၍ မရကြောင်းလည်း ပြောခဲ့၏။ သို့သော် ယဲ့ချင်က စိုးရိမ်ကြောက်ရွံ့နေခဲ့သည်။ သူမသည် သူ၏အကြံဉာဏ်ကို လိုက်နာနေလျှင် အချိန်ကြာနေလိမ့်မည်ဟု သံသယရှိလာခဲ့သည်၊ ထို့ကြောင့် ရက်အနည်းငယ်ကြာပြီးနောက် သူမသည် သူနှင့် ဆက်မပြတော့ဘဲ အနောက်တိုင်းဆရာဝန်တစ်ဦးဆီသို့ ပြောင်းပြခဲ့၏။
ထို့နောက် ယဲ့ချင်သည် အနောက်တိုင်းဆရာဝန်က သူမကို လုံးဝ ပျောက်ကင်းအောင် မကုသပေးနိုင်မှန်း သိသွား၍ အရှေ့တိုင်းသမားတော်ဆီသို့ ပြန်ပြရန် ကြိုးစားခဲ့သည်။ ကံဆိုးစွာဖြင့် သူမသည် ကုသမှု ခံယုနိုင်မည့် အခွင့်အရေးနှင့် လွဲချော်ခဲ့ရပြီဖြစ်၏။ သမားတော်ကြီးက ဆန္ဒရှိလျှင်တောင် သူမအား ထပ်မံ၍ မကုသပေးနိုင်တော့ချေ။
"ကောင်မလေး၊ မင်းကိုကြည့်ရတာ အရမ်းရင်းနှီးနေသလိုပဲ။"
သူမအား မြင်သောအခါ သမားတော်ကြီးက မှတ်ချက်ချလာသည်။
"သမားတော်ကန် ကျွန်မက ကျင်းယွင်ကျောင်းပါ။ ကျွန်မရဲ့အမေက ယဲ့ချင်ပါ။ သူ အရင်က ရှင့်ဆီကို လာပြဖူးပါတယ်။"
ကျင်းယွင်ကျောင်းက သူမ၏အိတ်ထဲမှ စာရွက်ပိုင်းလေးတစ်ခုအား ဆွဲထုတ်လိုက်ရင်း ရှင်းပြ၏။
"အခြေအနေက ဒီလိုပါရှင့်။ ကျွန်မရဲ့အမေက လက်ရှိအချိန်မှာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပြီးတော့ ကျွန်မက သူ့အတွက် ဆေးညွှန်းတစ်ခု ရှာတွေ့ခဲ့ပါတယ်။ အဲဒါက သူ့အတွက် အကူအညီ ဖြစ်လောက်မလားဆိုတာကို တစ်ချက်လောက်ကြည့်ပေးနိုင်မလားရှင့်။"
သမားတော်ကန်သည် သူမအား သေချာစိုက်ကြည့်လိုက်မိ၏။ နေ့စဉ်နှင့်အမျှ ထူးထူးဆန်းဆန်း ကြုံတွေ့နေရသော်လည်း ယခုတစ်ခါကမူ အထူးခြားဆုံးဖြစ်သည်။
များသောအားဖြင့် လူအများသည် သူ့ဆီသို့ ကုသမှု ခံယူရန်လာရောက်ကြ၏။ သို့သော် ဤတစ်ကြိမ်တွင်တော့ တစ်စုံတစ်ယောက်သည် သူ့အား ဆေးညွှန်းကြည့်ခိုင်းရန် ဤနေရာသို့ ရောက်ရှိနေသည်။
ထိုမိန်းကလေးအား သူမှတ်မိ၏။ သူမသည် အလွန်လေးစားဖွယ်ကောင်းသော သမီးတစ်ယောက်ဖြစ်၏။ သူမသည် သူမ၏မိခင်ဖြစ်သူ ဆေးရုံတက်စဥ်က ကြိုးစားပမ်းစား ပြုစုစောင့်ရှောက်ခဲ့သည်။ ထို့ကြောင့် ဆေးရုံရှိ ဆရာဝန်အားလုံးက သူမနှင့်ပတ်သက်၍ အထင်အမြင်ကောင်းရှိကြ၏။
အိုမင်းနေသော လက်တစ်စုံက စာရွက်ပိုင်းလေးကို လက်ခံယူလိုက်ပြီး ဖွင့်ဖတ်ကြည့်လိုက်သည်။
သို့သော် တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ၏အမူအရာက အေးစက်သွား၏။
"ကောင်မလေး။ မင်း ဒါကို ဘယ်ကရလာတာလဲ။"
"ကျွန်မရဲ့ ရှစ်ဖူး (T/N: ဆရာ)က ကျွန်မကို ဒါသင်ပေးခဲ့တာပါ။ ဒါပေမယ့် ရှစ်ဖူးက ကမ္ဘာပတ်ရတာကို သဘောကျလို့ သူကတော့ ထွက်သွားပါပြီ။ ဒါကြောင့် ကျွန်မလည်း ဒီအကြောင်းကို များများစားစား မသိပါဘူး။ ဒါက အမေ့ကို ပျောက်အောင် ကုမပေးနိုင်ရင်တောင်မှ သူ့အသက်ကို ဆွဲဆန့်ပေးနိုင်မယ်လို့တော့ ထင်ပါတယ်။"
ကျင်းယွင်ကျောင်းက အလောတကြီး ဖြေရှင်းချက်ပေးလိုက်၏။
ဤဟာသည် သူမ ဘိုးဘေးဆီမှ သင်ကြားခဲ့သည့် ဆေးညွှန်းတစ်ခုကို ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သည်။ သူမ ရှာတွေ့ခဲ့သည်က မှားလား မှန်လား သူမ မသိပေ။
"မင်း ပျောက်အောင်မကုနိုင်ရင် ငါကုနိုင်တယ်။ ဒီဆေးညွှန်းအတိုင်း ခုနစ်ရက်ဆက်တိုက် သောက်လိုက်ရင် သူရဲ့ အခြေအနေက သေချာပေါက်ပိုကောင်းလာလိမ့်မယ်။ အဲဒီအချိန်ကျ ငါ့ရဲ့ဆေးကို သုံးလိုက်မယ်ဆိုရင်…"
သမားတော်ကန်၏မျက်ဝန်းများတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေသည်။
သူသည် သူ့ကိုယ်သူ တကယ့်ငတုံးတစ်ယောက်ဟု ခံစားနေရ၏။ ဤဆေးအမျိုးအစားကိုသုံးဖို့ အဘယ့်ကြောင့် မစဉ်းစားခဲ့မိသနည်း။
သမားတော်ကန်၏ပြောစကားကြောင့် ဆရာမကျင် အံအားသင့်ဆွံအသွားရသည်။ သူမ ဘာပြောရတော့မှန်း မသိချေ။
"လာ၊ မင်းရဲ့အမေကို သွားကြည့်ကြစို့။"
သမားတော်ကန်က အလောတကြီးပြောလိုက်၏။